အခန်း (၁၂၁-၁၂၂)
Vol. 8 Ch. 121-122
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-121
အခန်း ၁၂၁ ။ တရားဝင်ဇနီး
လက်ဖက်ရည်တစ်အိုးခန့် ကြာပြီးနောက် သမားတော်လျို အထဲမှ ထွက်လာခဲ့သည်။
"သမားတော်... မင်းသမီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ" နင်ချန်ကဦးအောင်မေးလိုက်သည်။
ကျားယွီလေးမှာ မိမိ၏သွေးသားအရင်းအချာ၊ ပထမဆုံး ရင်သွေးဖြစ်သဖြင့် မချစ်ဘဲမနေနိုင်ပေ။
သမားတော်လျိုသည် နဖူးမှချွေးများကို သုတ်လိုက်ပြီး လက်ကိုယှက်ကာ၊ "အရှင်မင်းကြီး စိတ်ချပါ၊ မင်းသမီးလေးကပလိပ်ရောဂါ ကူးစက်ခံရတာ မဟုတ်ပါဘူး၊ အပူကန်တဲ့လက္ခဏာပဲ ရှိတာပါ"
"အပူကန်တာ" မိဖုရားခေါင်ကြီးက သံသယဖြင့် ဝင်မေးလိုက်သည်။
သမားတော်လျိုက ရှင်းပြလေသည်။ "အအေးမိတာရော အပူမိတာရော ရှိပါတယ်။ ဒါပေမဲ့ အပူမိတာက ဖြစ်ခဲပါတယ်၊သဘောတရားချင်းကတော့ အအေးမိတာနဲ့ အတူတူပါပဲ၊ရှင်းရှင်းပြောရရင် မင်းသမီးလေးက အပူလျှပ်သွားတာပါ၊အတွင်းပူရော အပြင်ပူရော ပေါင်းပြီး ဖြစ်သွားတာပါ၊ ကလေးတွေက အစာအိမ် အားနည်းတတ်တော့ အန်လည်းအန်ပါတယ်။ခုနက နို့ထိန်းတွေကို ကျွန်တော်မျိုး မေးကြည့်ပြီးပါပြီ၊ မင်းသမီးလေးက ရေသောက်တာ အရမ်းနည်းတယ်တဲ့။ ဒီလို ပူပြင်းတဲ့နွေရာသီမှာ ဘယ်လိုလုပ် ဖြစ်မှာလဲ"
"နို့ထိန်းတွေက ဘယ်လို ပြုစုစောင့်ရှောက်ကြတာလဲ၊ ဒီလောက်လေးတောင် နားမလည်ကြဘူးလား" နင်ချန် စားပွဲကိုရိုက်လိုက်သည်။
ဒေါသထွက်သွားသည်မှာ ထင်ရှားလှသည်။
မူလက ညကြီးမင်းကြီး အိပ်ရာမှ အနှိုးခံရသဖြင့်နေမထိထိုင်မသာ ဖြစ်နေရသည့်အထဲ သမီးတော် နေမကောင်းဖြစ်သည်ကလည်း ဂရုစိုက်မှု ညံ့ဖျင်းခြင်းကြောင့် ဆိုသည့်အခါဒေါသအပေါ် ဒေါသဆင့်သွားခြင်း ဖြစ်သည်။
ထိုသို့ အော်ဟစ်လိုက်သံကြောင့် နို့ထိန်းသည် ကြမ်းပြင်ပေါ်သို့ဒူးထောက်ကျသွားပြီး တုန်ရီသော အသံဖြင့်၊ "အရှင်မင်းကြီးကိုလျှောက်တင်ပါရစေ... မင်းသမီးလေးက ရေမသောက်ချင်ဘူး... နွားနို့ပဲ... နွားနို့ပဲ ကြိုက်တာပါ၊ ကျွန်တော်မျိုးမတို့က မပေးရင်မင်းသမီးလေးက ငိုယိုပြီး..."
"ပေါက်ကရတွေ" နင်ချန် ဒေါသတကြီး အော်လိုက်ပြန်သည်။
"မင်းသမီးလေးက နားမလည်ဘူးထား၊ မင်းတို့ ပြုစုတဲ့လူတွေကရော ဘာမှ နားမလည်ကြဘူးလား၊ ပြုစုရကောင်းမှန်း မသိရင်လည်း နန်းတွင်းရေးရာဌာနကို ပြန်လိုက်ကြတော့၊ ပြုစုတတ်တဲ့လူတွေကို လဲခိုင်းလိုက်မယ်"
"အရှင်မင်းကြီး စိတ်လျှော့ပါ၊ ဒီချန်းချဲ့ အထင်တော့ ဒီနို့ထိန်းတွေက အကုန်နားလည်ကြပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကရွှေလိုအဖိုးတန်တော့ သူတို့က ဘယ်လိုလုပ် သူတို့သဘောအတိုင်း ပြုစုရဲပါ့မလဲ" မိဖုရားခေါင်ကြီးက ကြားမှ ဝင်ဖြန်ဖြေပေးလိုက်ရင်း ရှူးဖေးကို တစ်ချက်ကြည့်ကာ၊ "မင်းသမီးလေးကအစေခံတွေရဲ့ စကားကို နားမထောင်ပေမဲ့ ရှူးဖေးရဲ့ စကားကိုတော့ နားထောင်မှာပါ၊ ဒီကိစ္စကို ရှူးဖေးအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်၊ ဒါမှမဟုတ်ရင် နောက်ထပ် ဘယ်သူ့ကိုပဲ လဲလိုက်လဲလိုက် မင်းသမီးလေးရဲ့ အလိုကို လွန်ဆန်ရဲမှာ မဟုတ်ပါဘူး"
ထိုစကားသည် ကြားဝင် အသနားခံပေးသယောင် ရှိသော်လည်းရှူးဖေးသည် မင်းသမီးကို အလိုလိုက်လွန်းကြောင်း သွယ်ဝိုက်၍ပြောလိုက်ခြင်းဖြစ်သည်။
အစေခံများ မထိန်းနိုင်ခြင်းမှာ ရှူးဖေးက ထိန်းခွင့်မပေးသောကြောင့်ဖြစ်သည်ဟု ဆိုလိုရင်းပင်။
နင်ချန်သည် မိဖုရားခေါင်ကြီး၏ ဆိုလိုရင်းကို နားမလည်ဘဲ မနေပေ။ သို့သော် ယခုတစ်ကြိမ်တွင် မိဖုရားခေါင်ကြီး ပြောသည်မှာ မှန်ကန်နေသည်။ ရှူးဖေးသည် မင်းသမီးကြီးကို အမှန်တကယ်ပင် အလိုလိုက်လွန်းနေသည်။
ထိုမျှသာမက မင်းသမီးကြီးကို သတ္တိနည်းအောင် ပျိုးထောင်ထားသဖြင့် ခမည်းတော်ဖြစ်သူနှင့် တွေ့သည့်အခါတိုင်း အလွန်ကြောက်ရွံ့နေတတ်ပြီး စကားပင် ကောင်းကောင်း မပြောရဲပေ။
ယခု ကလေး နေမကောင်းဖြစ်သည့်ကိစ္စနှင့် အကြောင်းအရာတစ်ခုချင်းစီကို ဆက်စပ် တွေးကြည့်လိုက်သည့်အခါ နင်ချန်သည် သံယောဇဉ်ထောက်ထားသော်လည်း စိတ်ထဲတွင် ရှူးဖေးအပေါ် မကျေမနပ် ဖြစ်လာလေသည်။
"သမားတော်လျို... မင်း ရှူးဖေးနဲ့ ဒီနို့ထိန်းတွေကို သေချာ ရှင်းပြလိုက်စမ်းပါ။ ဘာတွေကို သတိထားရမယ် ဆိုတာကို၊ ပြီးတော့မင်းသမီးလေးအတွက် ဆေးမြန်မြန်ကျိုပေးလိုက်၊ အဖျားကျမှဖြစ်မယ်" နင်ချန်၏ အသံထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် အေးစက်မှုများ ပါဝင်နေသည်။
လက်ကိုမြှောက်၍ နဖူးစွန်းကို နှိပ်လိုက်ပုံမှာ စိတ်ရှုပ်ထွေးနေကြောင်း သိသာလှသည်။
ရှူးဖေးက တစ်ခုခုပြောချင်နေသော်လည်း နင်ချန် ထရပ်လိုက်လေသည်။
"အချိန်လည်း မစောတော့ဘူး၊ ဒီလောက် လူအများကြီး ဆူညံနေရင် ကျားယွီလည်း ကောင်းကောင်း နားရမှာ မဟုတ်ဘူး၊ မိဖုရားခေါင်ကြီးလည်း ပြန်တော့၊ ကျန်း ကျိုချန်နန်းဆောင်ကို ပြန်တော့မယ်၊ မင်းသမီးကြီး အဖျားကျရင် ချက်ချင်း လူလွှတ်ပြီးကျန်းဆီ လာပြောခိုင်း"
"အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ဒီချန်းချဲ့ နှုတ်ဆက်ပါတယ်" ရှူးဖေးသည် မည်သို့မျှ ဆွဲမထားရဲတော့ဘဲ ရိုသေစွာဖြင့်သူတို့နှစ်ဦးကို လိုက်ပို့လေသည်။
ချန်ချွမ်းနန်းဆောင် အပြင်ဘက်တွင် မိုးလင်းစပြုနေပြီဖြစ်သည်။
အစေခံများက မီးအိမ်များကို ကိုင်ဆောင်လျက် ပေါက်ချွန်းယာဉ်ကို ထမ်းထားကြသည်။ မိဖုရားခေါင်ကြီးသည် ယာဉ်ပေါ်တွင် ထိုင်လျက် သူမနှင့် ဆယ်ပေကျော် ကွာဝေးသော နေရာရှိဧကရာဇ်၏ ယာဉ်တော်နှင့် နင်ချန်၏ ကျောပြင်ကို ကြည့်ရင်းရင်ထဲတွင် ဖော်ပြမတတ် ခံစားလိုက်ရသည်။
စောစောက အရှင်မင်းကြီး မည်မျှ ဒေါသထွက်သွားသည်ကိုသူမ မြင်တွေ့ခဲ့ရသော်လည်း အဆုံးတွင် ရှူးဖေး အဆူခံရသည်ကို မကြားလိုက်ရပေ။
ဘာကြောင့်လဲ ဆိုတော့ ရှူးဖေးမှာ ကလေးရှိနေလို့ပင်။
ကလေးမျက်နှာကို ထောက်ပြီး အရှင်မင်းကြီးက အမြဲတမ်း တစ်စိပ်တစ်ပိုင်း ခွင့်လွှတ်ပေးလေ့ရှိသည်။ ရှူးဖေးကဲ့သို့ တုံးအသော၊နှစ်ပေါင်းများစွာ အချစ်တော် မဟုတ်ခဲ့သော သူပင်လျှင် သမီးဦးကို မွေးဖွားပေးခဲ့သည့်အတွက် ဘေးလူများထက် သာလွန်နေခြင်းဖြစ်သည်။
"ပန်ကုန်းနဲ့ အရှင်မင်းကြီးက ငယ်လင်ငယ်မယားတွေပါ၊ အတူလက်တွဲလာတာ ခြောက်နှစ်နီးပါး ရှိပြီ၊ ဘယ်တုန်းကမှအပြန်အလှန် လေးစားမှုထက်မပိုခဲ့ဘူး" မိဖုရားခေါင်ကြီးက တီးတိုး ရေရွတ်လိုက်သည်။
စုချင်က နှာခေါင်းရှုံ့လိုက်ပြီး၊ "မယ်မယ်ရယ်... ဘယ်တရားဝင်ဇနီးမယားက ဒီလိုမဟုတ်လို့လဲ၊ မယ်မယ်က မိဖုရားခေါင်ကြီးလေ"
"ဒါပေမဲ့ ပန်ကုန်းက အခုမှ မဟုတ်တာ၊ အရင်တုန်းကလည်းအရှင်မင်ကြီးဆီကကြင်နာယုယမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး" မိဖုရားခေါင်ကြီးမျက်လွှာချလိုက်ပြီး ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်သည်။
ယခင်က မင်းသား၏ ဇနီး၊ ထိုမှတစ်ဆင့် ကြင်ယာတော်၊ အိမ်ရှေ့စံမိဖုရား၊ ယခု လက်ရှိ မိဖုရားခေါင်ကြီး ဖြစ်လာသည်အထိသူမနှင့် နင်ချန်တို့သည် တစ်ခါမျှ ထူးထူးခြားခြား ရင်းနှီးခဲ့ဖူးခြင်း မရှိပေ။
နင်ချန်သည် သူမကို လေးစားပြီး လုံလောက်သော မျက်နှာသာကိုပေးသော်လည်း ထိုမျှသာ ဖြစ်သည်။
ယနေ့ည နင်ချန်သည် ယွီရှို့အဆောင်မှလာကြောင်း သူမ သိသည်။ ယဲ့မျိုးနွယ် ဒဏ်ရာရထားသည်တိုင်အောင် ညအိပ်ခဲ့သည် ဆိုသည့်အချက်က သူမကို မနာလို မဖြစ်စေဘဲ နေပါ့မလား။
သို့သော် စုချင် ပြောသကဲ့သို့ပင် မည်သည့် တရားဝင် ဇနီးမယားကရော ဤကဲ့သို့ မဟုတ်ဘဲ နေမှာလဲ။
သို့သော်လည်း ဤကဲ့သို့ ဖြစ်နေသည်က အဆိုးထဲမှ အကောင်းပင်။ အနည်းဆုံးတော့ သူမ၏နေရာက မည်သည့်အခါမျှ စိုးရိမ်စရာ မရှိတော့ပေ။
သူမသာ သားတော်တစ်ပါး မွေးဖွားပြီး ထီးနန်းဆက်ခံနိုင်ခဲ့လျှင်နောင်တစ်ချိန်တွင် သူမသည် တန်ခိုးအာဏာကြီးမားသောမယ်တော်ကြီး ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျမှ ဧကရာဇ်မရှိတော့သည့် ယခုလက်ရှိ ကိုယ်လုပ်တော်များကို သူမ၏ လက်ခုပ်ထဲတွင် ထည့်၍ ကစားရုံသာ ရှိတော့သည်။
မိဖုရားခေါင်ကြီး မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
ချစ်ခြင်းမေတ္တာကို တောင်းဆို၍ မရနိုင်မှတော့ အာဏာကို လက်ဝယ်ပိုင်ဆိုင်အောင် အရင်လုပ်ရမည်။
…..
မင်းသမီးကြီး အဖျားတက်ခြင်းသည် အဆုံးတွင် အလကားထိတ်လန့်ခဲ့ရခြင်း ဖြစ်သည်။ ပလိပ်ရောဂါ မဟုတ်သည့်အတွက်လူမည်မျှ စိတ်ပျက်သွားသည်ကို မသိရချေ။
သို့သော် ဤပလိပ်ရောဂါ ကပ်ဘေးသည် ဆက်လက်ဖြစ်ပွားခြင်း မရှိတော့ပေ။
ဇူလိုင်လ ကုန်ခါနီးတွင် တိုင်းရင်းဆေးပညာဌာနမှ နာမည်မကြီးသော ရှန်ဖိန်ကျစ် ဆိုသည့် သမားတော် ရှန် သည်ပလိပ်ရောဂါ ကုသဆေးနည်းကို ဖော်စပ်နိုင်ခဲ့သည်။
တစ်လကျော် ကြာမြင့်ခဲ့သော ပလိပ်ရောဂါသည် နောက်ဆုံးတွင်ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နင်ချန် နန်းတက်ပြီး ပထမဆုံးကြုံတွေ့ရသည့် ပလိပ်ရောဂါသည် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ပေ။
ရှန်ဖိန်ကျစ်သည် ပလိပ်ရောဂါ ကုသဆေးနည်းကို ဖော်စပ်နိုင်ခဲ့သဖြင့် ဒုက္ခများမှ လွတ်မြောက်ကာ တိုင်းရင်းဆေးပညာဌာနတွင် နာမည်ရသော လူငယ်သမားတော်တစ်ဦး ဖြစ်လာခဲ့သည်။
နောင်တွင် တိုင်းရင်းဆေးပညာဌာန အကြီးအကဲ သမားတော်ကျန်း နှင့်အတူ တရားဝင် တွဲဖက် လုပ်ကိုင်ရတော့မည်ဖြစ်သည်။
ထို့ပြင် ယခုအသုတ်တွင် ပလိပ်ရောဂါ ကုသရန် စေလွှတ်လိုက်သော အရာရှိများကိုလည်း ထိုက်တန်သလို ဆုချီးမြှင့်လိုက်သည်။
ထေ့ငေါ့စရာ ကောင်းသည်မှာ ချန်၊ ယောင်၊ ရှဲ့၊ ဝူ စသည့်မိသားစုများထဲမှ ထူးချွန်သူမှာ တစ်ဝက်ခန့်သာ ရှိသည်။
ဝူမိသားစုမှ ယိဝမ်ရုန်၏ ဝမ်းကွဲအစ်ကို ဖြစ်သူသည် ထင်ပေါ်ကျော်ကြားမှု အချို့ ရရှိခဲ့သည်။ ထို့နောက် ချန်မိသားစုမှ နယ်စားမင်း၏ မယားငယ်မှ မွေးသောသား ချန်ရှန်ရိ ဖြစ်သည်။
သူသည် ယခုနှစ် ညီလာခံ စာမေးပွဲတွင် ဒုတိယအဆင့်မှ ပထမရရှိသူဖြစ်ပြီး တတိယရသူ၏နောက်တွင် ပထမဆုံး ဖြစ်သဖြင့်အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်သည်။
ဝူမိသားစုမှ ထိုသူမှာ ရာထူးရပြီးသားဖြစ်ပြီး မိသားစုအရှိန်အဝါကြောင့် ရာထူးမနိမ့်သဖြင့် အခြားအရာများကိုသာ ဆုချလိုက်သည်။ သို့သော် အခုမှ လူရာဝင်လာသည့် ချန်ရှန်ရိကိုမူ အဆင့်ခြောက် အရာရှိအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်သည်။
အဆင့်ခြောက် ရာထူးသည် မြို့တော်တွင် သိပ်အရာမဝင်သော်လည်း လူပေါင်းများစွာသည် တစ်သက်လုံး ကြိုးစားမှအဆင့်ခြောက် ရာထူးသာ ရနိုင်ကြသည် မဟုတ်လား။ နယ်စားမင်း အိမ်တော်ကို အမှီပြု၍ ချန်မိသားစု၏ မယားငယ်မှ မွေးသော သားဖြစ်သည့် ဤသခင်လေး၏ ရှေ့ရေးသည်အတိုင်းအဆမဲ့ ကောင်းမွန်လာတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အထက်မှ တရားဝင်ဇနီးမွေးသောသားကြီးသည် သိပ်ပြီး အရည်အချင်း မရှိလှဘဲ ယခုအချိန်ထိအဆင့်လေး ရာထူးဖြင့်သာ အချိန်ဖြုန်းနေသောကြောင့်ဖြစ်သည်။
မယ်တော်ကြီး သတင်းရသောအခါ ဝမ်းသာသွားသည်။ မည်သို့ပင်ဆိုစေကာမူ တရားဝင်ဇနီးမွေးသည်ဖြစ်စေ၊ မယားငယ်မွေးသည်ဖြစ်စေ အားလုံးသည် သူမ၏ တူများသာ ဖြစ်သည်။ချန်မိသားစုဝင်များ ကောင်းစားလျှင် ချန်မိသားစုအတွက်ကောင်းသည်သာ။
ချန်ရှန်ရိ ထိပ်ဆုံးရောက်လာသည်ကို အမှန်တကယ် သဘောမကျသူမှာ နယ်စားမင်း၏ တရားဝင်ဇနီး၊ ချန်ဝမ်ရုန်၏ မိခင်ဖြစ်သူ ဝမ်ကတော် သာလျှင် ရှိသည်။
အခြားတစ်ဖက်တွင်မူ ယခု ပလိပ်ရောဂါ ကိစ္စ၌ များစွာအားထုတ်ခဲ့သော ယဲ့မိသားစုနှင့် ချူမိသားစုကိုလည်း ဆုချီးမြှင့်သင့်ပေသည်။
နင်ချန်သည် ယဲ့ယွင်ကို ရာထူးတိုးပေးလိုသော်လည်း သူမ နန်းတွင်းသို့ ဝင်ရောက်လာသည့် အချိန် မကြာသေးခြင်း၊ဆက်တိုက် ရာထူးတိုးထားခြင်းနှင့် ဘွဲ့ထူး ရရှိထားခြင်းတို့ကြောင့် ယခုထပ်မံ ရာထူးတိုးပေးရန် မသင့်တော်သေးပေ။
ယဲ့မိသားစုမှာလည်း ထပ်မံ ချီးမြှင့်စရာ မရှိတော့ပေ။ ချူရှို့ဝမ်သည် အဆင့်တစ်ကတော်ဖြစ်ပြီး ယဲ့ကျယ်သည်လည်း နယ်စားမင်း ဖြစ်နေပြီဖြစ်ရာ ချူမိသားစုဝင်များကိုသာ ဆုချီးမြှင့်ရန် ရှိတော့သည်။
ထိုအချိန်တွင် တော်ဝင်ကုန်သည် ကိစ္စကို ပြန်လည်တင်ပြလာကြသည်။
ချူမိသားစုသည် ကြီးမားသော ကုသိုလ်ကိုပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများကို အစိုးရထက်ပင် ပိုမိုထောက်ပံ့ပေးခဲ့သည်။ ဤကဲ့သို့ ဆောင်ရွက်ခဲ့မှုကြောင့် ယခင်က ကန့်ကွက်ခဲ့သူများ၏ ပါးစပ်ကို ပိတ်နိုင်ခဲ့ပြီ ဖြစ်သည်။
မည်သည့်အရာမျှ ချက်ချင်း ဖြစ်မလာနိုင်ပေ။ လာမည့်ဆောင်းဦးရာသီ ပွဲတော်သည် အသင့်တော်ဆုံး အချိန်ဖြစ်လိမ့်မည်ဟု နင်ချန် တွေးတောလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-122
အခန်း ၁၂၂ ။ တညီတညွတ်တည်း တိုက်ခိုက်ခြင်း
ပလိပ်ရောဂါ ပြီးဆုံးသွားသဖြင့် နန်းတွင်းလေထုမှာ နောက်ဆုံးတော့ ပေါ့ပါးသွားလေသည်။
ကံဆိုးမိုးမှောင်ကျမှုများကို ဖယ်ရှားသည့်အနေဖြင့် မိဖုရားခေါင်ကြီးက ယခုနှစ် ဆောင်းဦးရာသီပွဲတော်ကို ကြီးကြီးကျယ်ကျယ်ကျင်းပမည်ဖြစ်ကြောင်း အထူးတလည် ပြောကြားထား၏။
မနှစ်ကအချိန်ကို ပြန်တွေးကြည့်လျှင် လင်ရှီးဥယျာဉ်တွင် ရှိနေခဲ့ကြသည်။ ယခုနှစ်တွင်မူ ပလိပ်ရောဂါကြောင့် မသွားဖြစ်ခဲ့ပေ။
မနှစ်က ဆောင်းဦးရာသီပွဲတော်သည် နန်းတွင်းမိသားစု စားပွဲဝိုင်းသာ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ပြင်ပမှ အမတ်ကတော်များလည်း နန်းတွင်းသို့ ဝင်ရောက်ခွင့် ရကြတော့မည့်ပုံပေါ်သည်။
ဤသည်မှာ ကောင်းသောကိစ္စပင်။ မိသားစု မြို့တော်တွင်ရှိသောကိုယ်လုပ်တော်များအနေဖြင့် ယဲ့ယွင်ကဲ့သို့ပင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရကြပေတော့မည်။
စားပွဲဝိုင်းတွင် စကားပြောခွင့် မရနိုင်လျှင်တောင်မှ တွေ့ခွင့်ရသည်ကပင် တော်သေးသည် မဟုတ်လား။
ပလိပ်ရောဂါ ပြီးဆုံးပြီးနောက် ပထမဆုံး အိပ်ဆောင်ဝင်အခစားဝင်သူမှာ မိဖုရားခေါင်ကြီးပင် ဖြစ်သည်။
နင်ချန်သည် သူမကို အမြဲတမ်း မျက်နှာသာ ပေးလေ့ရှိသည်။
နောက်တစ်ယောက်မှာ ဝမ်သယ့်ဖေး ဖြစ်သည်။ သူမသည်အမြဲတမ်း အချစ်တော်ပုံရိပ်ဖြင့် လူရှေ့ထွက်လေ့ရှိသဖြင့်ထူးဆန်းသည်တော့ မဟုတ်ပေ။
တတိယမြောက်လူမှာမူ စူးဝမ်ရုန် ဖြစ်နေသည်။
နန်းတွင်းသို့ ဝင်ရောက်လာသည်မှာ လေးလနီးပါး ရှိနေပြီဖြစ်သော မြက်ခင်းပြင်မှ ဤမင်းသမီးသည် နောက်ဆုံးတော့တရားဝင် အသိအမှတ်ပြုခြင်း ခံလိုက်ရပြီ ဖြစ်သည်။
……
နောက်တစ်နေ့တွင် ယဲ့ယွင်သည် စောစောစီးစီး ထလိုက်လေသည်။
"ကျယ်ယွီ... ဒီနေ့ မနက်ခင်း ဂါရဝပြုဖို့ သွားမှာလား" ဟွေယွဲ့ကမျက်နှာသစ်ရန် ပြင်ဆင်ပေးရင်း မေးလိုက်သည်။
ဒဏ်ရာကို အကြောင်းပြပြီး သူမ၏သခင်မသည် ယခုအချိန်ထိဂါရဝပြုရန် သွားရောက်ခြင်း မရှိသေးဘဲ တံခါးပိတ်၍သာ နေခဲ့သည်။
ယဲ့ယွင်က ပြုံးလိုက်ပြီး၊ "ညီမလေး အသစ်တွေကို တွေ့ရမယ့် ဒီလိုနေ့ကောင်းရက်မြတ်မျိုးမှာ ငါမပါလို့ ဘယ်ဖြစ်မလဲ၊ ဟိုင်ထန်ပန်းပွင့်ပုံ ရွှေချည်ထိုး စကတ်ကို ထုတ်ပေး။ အရှင်မင်းကြီးက ဒီရက်ပိုင်း ငါ့ကို အလိုလိုက်ထားတော့ ငါလည်း မာနလေးဘာလေး ထုတ်ပြရတာပေါ့"
ဤ စူးဝမ်ရုန် နန်းတွင်းသို့ ရောက်ကာစက သူမရှေ့သို့ ပထမဆုံးရောက်လာပြီး ပြာပြာသလဲ လုပ်ခဲ့ဖူးသည်။ ယဲ့ယွင်သည် မူလကတည်းက သူမကို မကြိုက်ပေ။ ထိုကိစ္စ ရှိပြီးသည့်နောက်တွင်ပို၍ပင် မကြိုက်တော့ချေ။
စဉ်းစားကြည့်လျှင် သူမ မောက်မာဝင့်ကြွားခြင်း မပြုသည်မှာကြာခဲ့လေပြီ။ ဒီနေ့တော့ အရိုးအဆစ်များကို လှုပ်ရှားပေးသင့်သည်။
အရှင်မင်းကြီးက သူမကို အလိုလိုက်ထားသဖြင့် သူမတွင်ယုံကြည်မှု အပြည့်ရှိသည်။ ထို့ပြင် 'အချစ်တော်မို့ ဘဝင်မြင့်နေသည်' ဆိုသော ပုံစံမျိုးကို ဘေးလူများကို မြင်စေချင်သေးသည်။
….
ဖုန်းရှီးနန်းဆောင်။
လူတိုင်း၏ အတွေးများ တူညီနေကြသလား၊ သို့တည်းမဟုတ်အောင်းနေရသည်မှာ ကြာပြီဖြစ်၍လား မသိ၊ ယနေ့တွင် အခန်းပြည့် ရောက်နေကြသော ကိုယ်လုပ်တော်များသည် တောက်ပစွာဝတ်ဆင်ထားကြသည်။
ဟန်ဆောင်ကောင်းသော ကြာပန်းဖြူလေးလမ်းစဉ်ကို လိုက်သည့် ကျန်းပေါင်လင် ပင်လျှင် အရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်လာခဲ့သည်။
"မင်ကျယ်ယွီနဲ့ မတွေ့ရတာ ကြာပြီပဲ၊ ဒဏ်ရာရော သက်သာသွားပြီလား" ဝမ်ရှို့ယွမ်က ဦးစွာ နှုတ်ဆက်လိုက်သည်။ "အနားယူနေတာကို မနှောင့်ယှက်ရဲလို့ ကိုယ်တိုင်လာပြီး မကြည့်ဖြစ်ခဲ့ဘူး"
"ရှို့ယွမ်မယ်မယ် စိတ်ဒုက္ခပေးမိပြီ၊ ဒီချန်းချဲ့ တော်တော်လေးသက်သာနေပါပြီ" ယဲ့ယွင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
ကျောက်ကျယ်ယွီသည် နောက်ဆုံးတွင် အောင့်အီးမထားနိုင်တော့ဘဲ မဲ့ပြုံးပြုံးကာ ထေ့ငေါ့ပြောဆိုလိုက်သည်။ "အရင်တုန်းကတော့ မင်ကျယ်ယွီ မိဖုရားခေါင်ကြီးဆီ ဂါရဝပြုဖို့လာတာ မတွေ့ရပါဘူး၊ ဒီနေ့ လူသစ်ရှိတော့မှ တကူးတက လာတယ်ဆိုတော့ စိတ်ပူနေလို့များလား"
"ကျွန်မ ဒဏ်ရာက သက်သာခါစမို့ သဘာဝကျကျ မယ်မယ့်ဆီလာပြီး ဂါရဝပြုရတာပေါ့၊ လူသစ်ကို တွေ့ချင်လို့ လာတယ်ဆိုရင်တော့ မဟုတ်သေးဘူး၊ ကျွန်မနဲ့ စူးဝမ်ရုန်နဲ့က အစကတည်းက သိပြီးသားပဲလေ၊ ဪ... မေ့လို့၊ ကျောက်ကျယ်ယွီက ကျားစခ် ခရီးစဉ်မှာ အရှင်မင်းကြီးနဲ့အတူ မလိုက်ပါရတော့ဘယ်သိပါ့မလဲ"
ယဲ့ယွင်သည် တည်ငြိမ်စွာပင် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်ပြီး မျက်လွှာချလျက် ပြုံးလိုက်သည်။
"ကျောက်ကျယ်ယွီ ပြောတဲ့ စိတ်ပူတယ်ဆိုတာ ဘာကို စိတ်ပူမှန်းတော့ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျောက်ကျယ်ယွီကတော့စိတ်ပူစရာတောင် မလိုပါဘူး၊ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့အရာအတွက် တမ်းတနေစရာမှ မလိုတာ"
ထိုစကားကြောင့် ကျောက်မျိုးရိုး၏ မျက်နှာ နီရဲတက်သွားသည်။
သို့သော် ယခင်နှင့် ယခု မတူတော့ပေ။ ယခုအခါ ယဲ့ယွင်၏ရာထူးက သူမထက် တစ်ဝက်ခန့် ပိုမြင့်နေပြီး အချစ်တော်လည်းခံနေရချိန်ဖြစ်သည်။ သူမတွင် စကားစရန် သတ္တိရှိသော်လည်းစကားဆက်ရန် သတ္တိမရှိပေ။
"ညီမတော်ကျောက် ဒီနေ့ကျမှ ဘာလို့ ဘူးသီးကြောင် အသံတိတ်နေတာလဲ၊ ကျွန်မစကားကိုတောင် ပြန်မပြောပါလား၊ အရင်တုန်းက ဒီလိုမှ မဟုတ်တာ"
ရန်စရဲလျှင် နောက်ဆက်တွဲကိုလည်း ခံနိုင်ရည်ရှိရမည်။
ယဲ့ယွင်သည် အသာမထားတတ်သူ ဖြစ်သည်။ 'ညီမတော်ကျောက်' ဟူသော ခေါ်ဝေါ်မှု တစ်ခွန်းသည် ကျောက်ကျယ်ယွီကိုဒေါသဖြင့် ရင်ကွဲသေလုနီးပါး ဖြစ်သွားစေသည်။
သို့သော် မတတ်သာဘဲ ပြန်မပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ယဲ့ယွင်သည် ဘွဲ့နာမည်ရ ကျယ်ယွီဖြစ်ပြီး ကျောက်မျိုးရိုးထက် ပို၍ ဂုဏ်ရှိသောကြောင့် ဖြစ်သည်။ထို့ကြောင့် အသက်အရွယ်အားဖြင့် ကျောက်မျိုးရိုးထက် ငယ်သော်လည်း ဤကဲ့သို့ ညီမလေးဟု ခေါ်ပိုင်ခွင့် ရှိနေခြင်းဖြစ်သည်။
ကျောက်ကျယ်ယွီသည် လက်ထဲမှ လက်ကိုင်ပုဝါကို ဆွဲဖျစ်ရင်းယဲ့ယွင်၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ကာ ကုတ်ဖဲ့ပစ်ချင်စိတ် ပေါက်နေသည်။
သို့သော် နောက်ဆုံးတွင် ဒေါသကို မြိုသိပ်ကာ၊ "ဒီချန်းချဲ့ ပြောတာ မှားသွားပါတယ်" ဟုသာ ပြောလိုက်ရသည်။
သူမ ခေါင်းငုံ့သွားသည်ကို မြင်မှ ယဲ့ယွင်သည် အကြည့်လွှဲလိုက်ပြီး ဝမ်ရှို့ယွမ် ဘက်သို့လှည့်ကာ စကားပြောလိုက်လေသည်။
…..
လက်ဖက်ရည် နှစ်အိုးခန့် ကုန်လွန်ပြီးနောက် ရာထူးကြီးသူအချို့တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသော်လည်း စူးမျိုးရိုး၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။
မိဖုရားခေါင်ကြီး အတွင်းဆောင်မှ ထွက်လာသည်အထိ စူးမျိုးရိုး ရောက်မလာသေးပေ။ နောက်ဆုံးတွင် သူမသည်အလောတကြီး ပြေးဝင်လာလေသည်။
တစ်လမ်းလုံး အပြေးလာခဲ့ရပုံပေါ်ပြီး နဖူးတွင် ချွေးစို့နေသည်။
"ဒီချန်းချဲ့... ဒီချန်းချဲ့ နောက်ကျသွားပါတယ်၊ မိဖုရားခေါင်ကြီးခွင့်လွှတ်ပေးတော်မူပါ" စူးမျိုးရိုးသည် ခန်းမထဲသို့ ဝင်လာသည်နှင့် ချက်ချင်း ဂါရဝပြုလိုက်သည်။
မိဖုရားခေါင်ကြီးက သူမပုံစံကို ကြည့်ပြီး အလျင်အမြန် လာခဲ့ရသည်မှာ မှန်ကန်ကြောင်း သိလိုက်သည်။ သို့သော်... တကယ်ဟုတ်နေလျှင်ရော ဘာဖြစ်သလဲ။
"ဒီမနက်ပဲ အရှင်မင်းကြီးက မင်းကို 'မိန်ရန်' ရာထူး တိုးပေးလိုက်တယ်၊ ကြည့်ရတာ ပြုစုရတာ ကောင်းလို့ နေမှာပေါ့၊ ပင်ပန်းပြီးနောက်ကျတာ ကိစ္စမရှိပါဘူး"
"မိဖုရားခေါင်ကြီး သဘောထားကြီးလွန်း နေပါပြီ၊ ဒီ စူးမိန်ရန်ကနန်းတွင်း ရောက်ကာစရှိသေးတာကို ဂါရဝပြုဖို့တောင် မလေးစားရင် နောက်ဆို မိဖုရားခေါင်ကြီးကိုတောင် စိတ်ထဲထားပါ့မလား" ဝမ်သယ့်ဖေးက လေသံအေးအေးဖြင့် ဝင်ပြောလိုက်သည်။
သူမသည် အချစ်ခံနေရသော်လည်း လူများကို ဆက်ဆံရာတွင်နူးညံ့သိမ်မွေ့လေ့ရှိပြီး ယနေ့ကဲ့သို့ ရောက်ရောက်ချင်း ရန်ရှာသည်မှာ ရှားပါးလှသည်။
သို့သော် သဘာဝကျပါသည်။
နယ်စားမင်းသမီး နောက်ခံရှိပြီး ရုပ်ရည်လည်း မဆိုးသည့်မိန်းကလေးတစ်ယောက်ကို ရိုးရိုးရှင်းရှင်း ကြည့်မယ်ဆိုလျှင်ပြိုင်ဘက်ကောင်း တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
အရှင်မင်းကြီးက သူမကို သိပ်မကြိုက်သလို ပြနေသော်လည်းမိသားစု နောက်ခံက ရှိနေသည်ဖြစ်ရာ မည်သူကမှ သူမကိုကြိုက်ကြမည် မဟုတ်ပေ။
ထို့ပြင် ဒီရက်ပိုင်း အရှင်မင်းကြီး ချူးရှို့နန်းဆောင်သို့ လာရောက်သည့်အကြိမ်အရေအတွက် နည်းပါးသွားကြောင်း ဝမ်သယ့်ဖေး သတိထားမိသည်။ ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသော ကိစ္စပင်။
ယခု စူးဒီယာ အိပ်ဆောင်ဝင်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဤစိတ်အနှောင့်အယှက်များသည် သူမအပေါ်သို့ ပုံကျလာခြင်းဖြစ်သည်။
"ဝမ်သယ့်ဖေး အထင်လွဲနေပါပြီ၊ ဒီချန်းချဲ့ နေတဲ့နေရာက ကျိုချန်နန်းဆောင်နဲ့ ဝေးလွန်းလို့ အစေခံတွေက လဲစရာအဝတ်အစား သွားယူနေတုန်း နောက်ကျသွားရတာပါ၊ ဂါရဝပြုဖို့ နောက်ကျတာက မိဖုရားခေါင်ကြီးကို မလေးစားလို့ မဟုတ်ရပါဘူး"
စူးဒီယာသည် မျက်နှာပျက်ကာ ကပျာကယာ ရှင်းပြလေသည်။
မည်သို့ပင်ဆိုစေကာမူ အသက်ငယ်သေးသူ ဖြစ်ပြီး ယခင်ကအိမ်တွင် အလိုလိုက်ခံခဲ့ရသူ ဖြစ်သည်။ နန်းတွင်းသို့ ရောက်ပြီးလပိုင်းအတွင်း လျစ်လျူရှုခံရခြင်း၊ အစေခံများ၏ အနိုင်ကျင့်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရသဖြင့် မကြောက်ဘဲ မနေနိုင်ပေ။
ယခုလည်း တစ်ယောက်ယောက်ကို ပြစ်မှားမိပြီး အပြစ်ပေးခံရမည်ကို စိုးရိမ်နေသဖြင့် နန်းတော်ထဲ စရောက်တုန်းက မာနများလုံးဝ ပျောက်ဆုံးနေပြီ ဖြစ်သည်။
"ဒါဆို စူးမိန်ရန် ဆိုလိုတာက ဖေးဟုန်နန်းဆောင်က ဝေးတယ်ဆိုပြီး မိဖုရားခေါင်ကြီးရဲ့ စီစဉ်မှုကို မကျေနပ်ဘူးပေါ့လေ" ယဲ့ယွင်က မချိုမချဉ်ဖြင့် ဝင်ထောက်လိုက်သည်။
ကျင်းဖေးက ပြုံးလိုက်ပြီး ဝင်ပြောပြန်သည်။ "စေတနာမှန်ရင်အကွာအဝေးဆိုတာ အခက်အခဲ မဖြစ်နိုင်ပါဘူး"
ရုတ်တရက် အခန်းထဲရှိ လူများသည် တစ်ဖက်လူကိုတညီတညွတ်တည်း ဝိုင်းတိုက်လိုက်ကြသည်။
စူးမျိုးရိုးသည် ပထမဆုံးအကြိမ် ဝိုင်းပယ်ခံလိုက်ရသဖြင့်အရှက်ရကာ ကြောက်လန့်သွားပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။
အခန်းထဲတွင် အကြည့်များဖြင့် ဟိုဒီလျှောက်ရှာလိုက်ရာ ယောင်ရှန်းကို တွေ့သွားပြီး ချက်ချင်းပင် အကူအညီတောင်းသည့်အကြည့်များ ပေးပို့လိုက်သည်။
ယောင်ရှန်း စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်ပြီး ဤစူးမျိုးရိုး၏ဦးနှောက်မှာ ဤမျှသာရှိသည်ဟု တွေးလိုက်သည်။
ကြည့်ရတာ ထိုစဉ်က အောင်မြင်ခဲ့သည်မှာ သူမ၏မိခင် ဟန်ရှီ၏ ပြတ်သားသော လုပ်နည်းလုပ်ဟန်များကြောင့်သာ ဖြစ်ပုံရသည်။
သို့သော် ယခု လူက သူမထံ ခိုလှုံလာပြီဖြစ်ရာ မကာကွယ်ပေး၍မဖြစ်ပေ။ သို့မဟုတ်လျှင် လူများကို စိတ်ပျက်စေလိမ့်မည်။
လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ မလောမတုန် ဝင်ရောက် ဖြေရှင်းပေးလိုက်သည်။
"စူးမိန်ရန် တစ်ခေါင်းလုံး ချွေးတွေ ရွှဲနေတာ ကြည့်ရင်အလျင်စလို ပြေးလာမှန်း သိသာပါတယ်၊ တကယ်လို့ မိဖုရားခေါင်ကြီးကို ဂါရဝပြုဖို့ စေတနာမရှိရင် လုံးဝ မလာဘဲ နေလိုက်တာက ပိုကောင်းပါလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက်ပင်ပန်းခံနေဦးမှာလဲ၊ ပြီးတော့ အရှင်မင်းကြီးက ကျားစခ် ကိုအလေးထားတယ်၊ စူးမိန်ရန်က ကျားစခ် က လာတာဆိုတော့သေချာပေါက် အလေးပေးမှာပေါ့၊ မနက်ခင်းမှာ နည်းနည်း ပိုကြာသွားလို့ အချိန်နောက်ကျသွားတာ နေမှာပါ၊ မိဖုရားခေါင်ကြီးက အမြဲတမ်း သဘောထားကြီးပြီး ခွင့်လွှတ်တတ်တာပဲဟာ၊ညီအစ်မတို့အားလုံး မိဖုရားခေါင်ကြီးကို စံနမူနာယူသင့်ပါတယ်၊လူသစ်ကို ဘာလို့ ခြောက်လှန့်နေကြတာလဲ"
ဝမ်သယ့်ဖေး၏ မျက်ဝန်းများ မှောင်မိုက်သွားပြီး အသံအေးစက်စက်ဖြင့်၊ "ဖန်းရှို့ရီက အခုဆို စကားတွေတောင်တော်တော် များလာပါလား"
"ဒီချန်းချဲ့က ဖင်အဆင့် ရာထူးတိုးပေးခံရမှတော့ သဘာဝကျကျ ဘာမှမပြောဘဲ နေလို့မဖြစ်တော့ဘူးလေ၊ တကယ်လို့ဘေးလူတွေက ကျွန်မတို့က ကျားစခ် က မင်းသမီးကို တမင်သက်သက် အနိုင်ကျင့်နေတယ်လို့ အထင်လွဲသွားရင် မကောင်းဘူးလေ၊ ဟုတ်တယ်မလား မိဖုရားခေါင်ကြီး" ယောင်ရှန်းက ပြုံးလျက် ပြောလိုက်သည်။
***