အခန်း (၅၁-၅၂)
Vol. 4 Ch. 51-52
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-51
အခန်း ၅၁ ။ နာမကျန်းဖြစ်ခြင်း
ဆယ့်တစ်လပိုင်း အစောပိုင်းတွင် သုံး
ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီး မိုးလေများမှာလည်း မရပ်တန့်ခဲ့ပေ။ ဤသို့ဖြင့် နန်းတော်ထဲတွင် လူအတော်များများ နာမကျန်း ဖြစ်ကုန်ကြ၏။ နံနက်ခင်း ဖုန်းရှီးနန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်သည့်အခါ၊ မိဖုရားခေါင်ကြီးသည် မယ်တော်ကြီး အအေးမိကာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး၊ ယဲ့ယွင်ကိုယ်တိုင် ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ သူမလည်း ခေါင်းမူးနောက်လာခဲ့လေသည်။
အစပိုင်းတွင် ဂရုမစိုက်ဘဲ၊ ဂျင်းပြုတ်ရည်တစ်ခွက် သောက်သုံးပြီးနောက် အခန်းထဲသို့ ဝင်ရောက် လဲလျောင်းလိုက်ကာ အိပ်ရေးမဝသည့် အကြောင်းကြောင့်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဤသို့ အိပ်စက်လိုက်သည်နှင့် ပို၍ပင် နေထိုင်မကောင်း ဖြစ်လာခဲ့ပြီး၊ နောက်ဆုံး နိုးလာသည့်အခါ၊ ဟွေယွဲ့က သူမ၏နဖူးပေါ်တွင် ရေအေးပတ်တင်ပေးနေသည်ကို တွေ့မြင်လိုက်ရသည်။
" မိန်ရန် နိုးလာပြီလား။ မိန်ရန် ဖျားနေတာကြာပြီ၊ သမားတော်ရှန် ခုနကပဲ မိန်ရန်ကို စမ်းသပ်ပေးသွားတယ်။ ဆေးလည်း ကျိုပြီးသွားပြီ။ ထပြီး နည်းနည်း သောက်လိုက်ပါဦး။"
ယဲ့ယွင်သည် စကားပြောလိုသော်လည်း ပါးစပ် ဖွင့်လိုက်သည်နှင့် လည်ချောင်းထဲမှ အလွန်နာကျင်သည်ဟု ခံစားလိုက်ရပြီး၊ အလိုအလျောက်ပင် လက်မြှောက်ကာ သူမ၏လည်ပင်းကို ပွတ်သပ်လိုက်မိသည်။ နန်ကျစ်သည် အလျင်အမြန်ပင် ရေနွေးနွေးတစ်ခွက်ကို ယူဆောင်လာ၍ သူမအား သောက်စေကာမှ အနည်းငယ် သက်သာသွားပေသည်။
" သမားတော်ရှန်က ဘယ်လို ပြောသွားလဲ။" ယဲ့ယွင်သည် အသံအက်ကွဲကွဲဖြင့် မေးလိုက်သည်။
"သမားတော်ကြီးက ပြောတယ်။ မိန်ရန်က ဒီရက်ပိုင်း အအေးမိသွားတာကြောင့်တဲ့။" ဟွေယွဲ့သည် သူမ၏သခင်မဖြစ်သူ မိန်ရန်အတွက် အလွန်သနားနေမိသည်။ သူမတို့၏ မိန်ရန်သည် ပုံမှန်အားဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး၊ ငယ်စဉ်ကတည်းက အကြိမ်အနည်းငယ်မျှသာ နာမကျန်း ဖြစ်ဖူးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မထိန်းနိုင်ဘဲ ညည်းညူလိုက်မိသည်။
"ဒီလို ရာသီဥတုမျိုးမှာ၊ မနက်ခင်း ဂါရဝပြုတာတောင် ဘယ်လိုဖြစ်လို့ ဖိနပ်နဲ့ စကတ်အနားစတွေ စိုရွှဲရတာလဲ။ မိဖုရားခေါင်ကြီးကလည်း တကယ်ပဲ လူကို မညှာတာဘူး။"
ယဲ့ယွင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး "တကယ်လို့ မိုးမရွာဘူးဆိုရင်၊ ဟိုကိုယ်ဝန်ဆောင်နေတဲ့သူတွေလည်း နေ့တိုင်း ဂါရဝပြု လာရမှာပဲလေ။ ဝမ်ဖေးက ဘယ်လောက်တောင် ဗိုက်ကြီးနေပြီလဲ။ အရှင်မင်းကြီးသာ မပြောခဲ့ရင် မိဖုရားခေါင်ကြီးက သူ့ကို ဂါရဝပြုတာကနေ ကင်းလွတ်ခွင့် ပေးဦးမှာ မဟုတ်ဘူး။"
ရာသီဥတု ကောင်းမွန်သမျှ ဝမ်ကျယ်ယွီနှင့် ရှချိုက်ရန်တို့သည်လည်း ပုံမှန်အတိုင်း သွားရောက်နေကြရဆဲ ဖြစ်၏။
"ကျစ်... ဒါကြောင့် အပေါ်ကို တက်ရဦးမှာပဲ။ အနည်းဆုံးတော့ ကျယ်ယွီ (အဆင့် ၅) ဖြစ်သွားရင် ဝေါယာဉ်ရနိုင်ပြီ မဟုတ်လား။" ယဲ့ယွင်သည် နှုတ်ခမ်းသပ်လိုက်သည်။
နန်ကျစ်သည် ပြုံးလျက် စကားဆက်လိုက်သည်၊ "အရှင်မင်းကြီးက မိန်ရန်ကို သတိရနေပါတယ်။ မိန်ရန် နေမကောင်းဘူး ကြားတော့ လူလွှတ်ပြီး ဆေးဖက်ဝင်အပင်တွေ အများကြီး ပို့ပေးလိုက်တယ်။ ဒါပေမဲ့ ဒီနှစ်ကုန်ပိုင်း တိုင်းပြည်ရေးရာတွေက အရမ်း များနေလို့ ဒီနေ့ မိန်ရန်ကို လာကြည့်နိုင်မှာ မဟုတ်ဘူး ထင်တယ်။"
ယဲ့ယွင်က ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ နင်ချန်၏သဘောထား ရောက်ရှိလာလျှင် အခြေအနေကောင်းနေပြီဖြစ်သည်။ လုံးဝ ဂရုမစိုက်ဘဲ နေမှသာလျှင် ကြိုးစားထားသမျှ အချည်းနှီးပင်။ လုကျီသည် ဆေးကို ယူကာဝင်လာပြီး ယဲ့ယွင် သောက်ပြီးသည်နှင့် ပြောလိုက်၏၊
" ဖုန်းရှီးနန်းဆောင်က လူလွှတ်ပြီး စကားပါးလိုက်ပါတယ်။ မိန်ရန် နေမကောင်း ဖြစ်နေတော့၊ ဒီရက်ပိုင်း ဂါရဝပြု သွားစရာ မလိုတော့ဘူးတဲ့။ နေကောင်းမှပဲ သွားပါတဲ့။"
"သိပြီ၊ ငါ့ကိုယ်စား ပြန်ပြောလိုက်။ မယ်မယ့်ရဲ့ ညှာတာမှုအတွက် ကျေးဇူးတင်ပါတယ်လို့။"
ယဲ့ယွင်တွင် မည်သည့် အမူအရာမျှ မရှိခဲ့ပေ။ ဟွေယွဲ့သည် ပိုက်ဆံအိတ်တစ်လုံးကို ထုတ်ယူ၍ လုကျီထံသို့ ပေးလိုက်ရာ၊ လုကျီသည် ယူဆောင်ပြီးနောက် အလုပ်လုပ်ရန် ထွက်ခွာသွား၏။
" လုယန်က မရှိတော့ဘူး။ ကျန်တဲ့သုံးယောက်ကို မင်းတို့ ဘယ်လို မြင်ကြလဲ။" ယဲ့ယွင်သည် ရုတ်တရက် မေးလိုက်သည်။
အစေခံမလေး နှစ်ဦးသည် ခေတ္တမျှ စဉ်းစားပြီး၊ နန်ကျစ်က ဦးစွာ ပြောလာခဲ့သည်။
"ကျွန်တော်မျိုးမ ဒီအချိန်တွေမှာ ကြည့်ရသလောက် အားလုံး မဆိုးပါဘူး။ လုဟယ်က ပသေးစိတ်တယ်။ ဒါပေမဲ့ သူက ရှေးရိုးစွဲရှိပြီး ရှက်တတ်တဲ့သူ။ လုမေ့က ရိုးသားပြီး သစ္စာရှိတယ်။ စိတ်ထားကောင်းပေမဲ့ တကယ်ပဲ တာဝန်ကျေပွန်တယ်။ လုကျီက တက်ကြွတယ်။ သတင်းတွေ စုံစမ်းထောက်လှမ်းတာ တော်တော် တော်တယ်။"
"အင်း၊ မင်းတို့ ဆက်ပြီး စောင့်ကြည့်ထား။ သုံးလို့ရရင် သုံးလိုက်၊ ငါက နောင်ကျရင် အမြင့်ကို တက်လှမ်းရမှာ။ ဘေးနားမှာ မင်းတို့ နှစ်ယောက်တည်းဆိုရင် သေချာပေါက် မလုံလောက်ဘူး။ ဒါပေမဲ့ မင်းတို့ နှစ်
ယောက်ကတော့ ထာဝရ ငါ အယုံကြည်ရဆုံးသူတွေပဲ။" ယဲ့ယွင်သည် လေးနက်စွာဆိုပြီး၊ အစေခံမလေး နှစ်ဦး၏လက်ကို ဆွဲယူကာ ပုတ်လိုက်လေသည်။
နန်ကျစ်နှင့် ဟွေယွဲ့တို့သည်လည်း သဘာဝအတိုင်း သဘောတရားကို နားလည်ကြသဖြင့်၊ မကျေမနပ် ဖြစ်ခြင်း မရှိကြပေ။
ဆေးသောက်ပြီးနောက်၊ နာရီဝက်ကျော်ခန့် ထပ်မံအိပ်စက်လိုက်ပြီး၊ နောက်ဆုံးတွင် ဗိုက်ဆာ၍ နိုးထလာခဲ့၏။ နေ့လယ်စာပင် မစားရသေးပေ။
နေ့လယ်ခင်းတွင် မိုးစဲသွားသဖြင့်၊ ယဲ့ယွင်နိုးလာသည်နှင့် ပိုင်ရှုသည် ငွေကိုယူ၍ စားဖိုဆောင်သို့ သွားကာ ဟင်းလျာအချို့ကို သွားရောက် ယူဆောင်လာခဲ့သည်။
ယဲ့ယွင်သည် မျက်နှာသာရရှိသူဟု သတ်မှတ်နိုင်ရာ စားဖိုဆောင်သည် နေ့လယ်က ယွီရှို့အဆောင်မှ လူ မလာသည်ကို တွေ့သော်လည်း အမြဲတမ်း အဆင်သင့် ပြင်ဆင်ထားလျက်ရှိပေသည်။ထိုကြောင့် ပိုင်ရှုလာသည်နှင့် အလျင်သင့်စွာ တိုက်ရိုက်ပင်ယူဆောင်သွားပေသည်။ စားဖိုဆောင်သည် အစကတည်းက ကြိုးစားလုပ်ဆောင်သော်လည်း၊ ဤအတွက်ကြောင့် ဆုငွေလျှော့ပေးခြင်း မရှိသဖြင့်စားဖိုဆောင်မှ လူများကို ပို၍ပင် စေတနာထားကာ အမှုထမ်းလိုစိတ်များဖြစ်ပေါ်စေသည်။
ယဲ့ယွင်သည် နေမကောင်းဖြစ်နေသဖြင့် အမှန်ပင် စားချင်သောက်ချင်စိတ် မရှိဘဲ၊ တူဖြင့် အနည်းငယ်သာ ထိုးဆွစားသုံးပြီးနောက် ချထားလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ မားမားတစ်ဦး ရောက်ရှိလာပြီး ပစ္စည်း လာပို့ကြောင်း ဆိုကာ အတော်ပင် ကြိုးစားလုပ်ဆောင်နေ၏။
ယဲ့ယွင်သည် ဟွေယွဲ့၏လက်ကို ထိန်းကိုင်လျက် ထွက်ကြည့်ရာ၊ မားမား၏ လက်ထဲတွင် အလွန် လှပသော သစ်ခွပန်းတစ်အိုးကို ပိုက်ထားသည်ကို တွေ့လိုက်
ရသည်။
"ကျွန်တော်မျိုးမ မိန်ရန်ကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးမက ပန်းဥယျာဉ်ကပါ။ မိန်ရန် နေမကောင်းဘူး ကြားလို့၊ ဒီ 'ဝမ်ရှင်းလန်' ပန်းအိုးကို အထူးတလည် လာပို့တာပါ။ ဝမ်ရှင်းလန်ကို 'ကျိရှန်းလန်' (ကံကောင်းသော သစ်ခွ) လို့လည်း ခေါ်ပါတယ်။ ကျွန်တော်မျိုးမက မိန်ရန်ကို ကံကောင်းခြင်းတွေ ရရှိပြီး၊ အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။"
မားမား၏ပါးစပ်မှာ အလွန်ပင် စကားပြောကောင်းပြီး၊ ဖြူဖြူဖွေးဖွေး မျက်နှာဝိုင်းဝိုင်းဖြင့် မွေးဖွားလာရာ ကြည့်ရသည်မှာ အတော်ပင် မင်္ဂလာရှိ၏။
"မင်းမှာ စေတနာ ရှိသားပဲ။ ဒီသစ်ခွပန်းက အရမ်း ကောင်းတယ်။ နန်ကျစ်၊ မားမားကို ကျေးဇူးတင်တဲ့အနေနဲ့အခါးရည်ဖိုး နည်းနည်း ထည့်ပေးလိုက်။” ယဲ့ယွင်သည် ပြုံးလျက် ဆိုလိုက်၏။
လူကို ပို့ဆောင်ပြီးနောက်၊ နန်ကျစ်သည် ပြုံး၍ "အခု နေရာတိုင်းက လာပြီး ကပ်ဖားနေကြပြီ၊ ကြည့်ရတာ မိန်ရန်က နန်းတော်ထဲမှာ နေရာတစ်နေရာ ရနေပြီပဲ။"
"ဘာပဲဖြစ်ဖြစ် အားစိုက်ထုတ်ရတာ လုံးဝ အလဟဿ မဖြစ်သွားဘူးပေါ့။ အဲ့ဒီပန်းကို ကောင်းကောင်း ကြည့်ထားလိုက်။” ယဲ့ယွင်သည်လည်း ပြုံးလိုက်သည်။
နေမကောင်း ဖြစ်နေသဖြင့် အားအင် မရှိသေးဘဲ၊ အစေခံမလေးများနှင့် စကား ခဏမျှ ပြောဆိုပြီးနောက် ခုတင်ပေါ်တက်ကာ ပြန်လည်လဲလျောင်းနေလိုက်၏။
.....
အခြားတစ်ဖက်တွင်မူ၊ ယန်ရှိုးရီ သည် စိတ်ပိုင်းဖြတ်လိုက်ပြီး၊ နောက်ဆုံးတွင် ကျိုချန်နန်းဆောင် သို့ သွားရောက်ခဲ့၏။ နင်ချန်သည် အနားယူနေခြင်းဖြစ်ပြီး၊ လျှောက်တင်လွှာတစ်ပုံကို စစ်ဆေးပြီးခါစ ထိုင်၍ အခါးရည် သောက်သုံးနေ၏။ ယန်ရှိုးရီ တွေ့ဆုံခွင့် တောင်းသည်ဟု ကြားသောအခါ ဝင်လာစေလိုက်သည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။" ယန်ရှိုးရီသည် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။
"အရိုအသေပေးစရာ မလိုဘူး၊ လာ ထိုင်ပါ။" နင်ချန်သည် လက်ကာပြလိုက်သည်။ "ဒီတလော မင်းကို လျစ်လျူရှုထားမိပြီ။"
ယန်ရှိုးရီသည် ဤစကားကို ကြားသော်လည်း မလှုပ်ရှားဘဲ၊ 'ဖုန်း' ဟူသော အသံနှင့်အတူ ဒူးထောက်ချလိုက်၏။
"အရှင်မင်းကြီး၊ ချန်းချဲ့ ဒီတစ်ခေါက် ရောက်လာတာကတောင်းဆိုစရာ ကိစ္စတစ်ခု ရှိလို့ပါ။ အရှင်မင်းကြီး ဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ်။"
နင်ချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး၊ အခါးရည်ခွက်ကို ကိုင်ဆောင်ထားလျက် စကားမဆိုဘဲ နေလိုက်၏။ ဤအချိန်အတောအတွင်း၊ မောင်းမဆောင်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူ သေချာပေါက် သိလေသည်။ ရှချိုက်ရန်သည် အဆင့်နိမ့်ချိုက်ရန်လေးသာဖြစ်သောကြောင့် ကလေးကို ကိုယ်တိုင်မွေးမြူရန်အရည်အချင်း မရှိပေ။ တစ်စုံတစ်ယောက်ထံသို့ အပ်နှံရမည်သာ ဖြစ်ပြီး၊ ကျင်းဖေးနှင့် ယန်ရှိုးရီတို့၏ လှုပ်ရှားမှုများကိုလည်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
နေရာပေါ်မှ လူက တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ၊ ယန်ရှိုးရီသည် သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်လိုက်ပြီး၊ ဦးခေါင်းဖြင့် တစ်ချက်တိုက်ကာ အရိုအသေပေးလျက်၊ မြေပြင်ပေါ်တွင် မှောက်လျက် မထဘဲ နေလိုက်၏။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့က နန်းမတက်ခင်ကတည်းက အရှင်မင်းကြီးကို အမှုထမ်းခဲ့တာပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကိုယ်ဝန် မရရှိခဲ့ဘူး။ မျိုးဆက် သံယောဇဉ်က တော်တော်လေး နည်းပါးနေတယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီချန်းချဲ့က တကယ်ပဲ ကလေးတစ်ယောက် လိုချင်ပါတယ်။ ချန်းချဲ့ မွေးတာ မဟုတ်ရင်တောင်၊ အရှင်မင်းကြီးရဲ့ သွေးသားဖြစ်နေသမျှ ဒီချန်းချဲ့က အရှင်မင်းကြီးကိုယ်စား ပြုစုပျိုးထောင်ပေးရရင်ပဲ စိတ်ကျေနပ်လှပါပြီ။ တကယ်လို့ ဒီချန်းချဲ့က ရှချိုက်ရန် ရဲ့ ကလေးကို မွေးမြူခွင့်ရခဲ့မယ်ဆိုရင်၊ ချန်းချဲ့ သေချာပေါက် ကိုယ့်ရင်သွေးလို သဘောထားပြီး၊ နည်းနည်းလေးတောင် လျစ်လျူရှုမှာ မဟုတ်ပါဘူး။ ဘေးနားမှာ ကလေးတစ်ယောက် အဖော်ပြုဖို့ပဲ တောင်းဆိုတာပါ။ တစ်နေ့နေ့မှာ၊ အရှင်မင်းကြီးကို မကြာခဏ မတွေ့မြင်ရတော့ရင်တောင် အရှင်မင်းကြီးရဲ့ သွေးသားကို ကြည့်ပြီး၊ ဒီချန်းချဲ့လည်း နှစ်သိမ့်မှု ရနိုင်မှာပါ။"
ယန်ရှိုးရီသည် ငိုသံပါလျက်၊ အသံမှာ အနည်းငယ် တုန်ယင်နေပြီး၊ အမှန်ပင် စစ်မှန်သော ခံစားချက် အနည်းငယ် ပါဝင်နေ၏။ ငယ်ရွယ်သော ဧကရာဇ်သည် ချောမောခန့်ညားပြီး ပြိုင်ဘက်ကင်းလှရာ၊ သူမ ဘယ်လိုများစိတ်မလှုပ်ရှားဘဲနေခဲ့ပါ့မလဲ။ ယနေ့ အချိန်အခါသို့ ရောက်ရှိလာသောအခါ၊ မိမိကိုယ်မိမိ သနားစဖွယ်၊ ဝမ်းနည်းစဖွယ် ကောင်းလှသည်ဟု ပို၍ ခံစားလိုက်ရသည်။ မသေချာ မရေရာသော မျက်နှာသာပေးမှုအတွက်၊ ချစ်မြတ်နိုးရသူနှင့် အခြားသူတို့၏ ကလေးကို မွေးမြူရန် တောင်းဆိုရသည်အထိ ဖြစ်၏။
"တော်ပြီ၊ မင်း ထတော့။" နင်ချန်သည် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး နောက်ဆုံးတွင်မူ စိတ်ပျော့သွားခဲ့၏။
ယန်ရှိုးရီသည် သူ့နောက်သို့ လိုက်ပါလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ ယခုအချိန်အထိ လက်များ သန့်ရှင်းနေဆဲဖြစ်သော အမျိုးသမီး အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်၏၊ သူ့ရှေ့မှောက်သို့ တောင်းဆိုလာမှတော့ သဘောမတူဘဲ နေရန်လည်း စိတ်မမာနိုင်ပေ။
" ယန်ရှိုးရီ၊ ကျန်းက ရှချိုက်ရန်ရဲ့ ကလေးကို မင်းကို ပေးမယ်။ ဒါပေမဲ့ မင်းကို မမွေးဖွားရဘူးလို့တော့ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နောင်ကျရင် မင်းမှာ ကိုယ်ပိုင်ကလေး ရှိလာခဲ့ရင် ရှချိုက်ရန် ရဲ့ကလေးအပေါ်မှာ လုံးဝ မကောင်းလို့ မဖြစ်ဘူး။ တကယ်လို့ အဲ့ဒီလို နေ့တစ်နေ့ ရှိလာပြီး ကျန်း ကို စိတ်ပျက်စေခဲ့ရင်၊ ကျင်းရှီရဲ့ အဆုံးသတ်ကို မင်း သိသင့်တယ်။"
နင်ချန်သည် ထရပ်လိုက်ပြီး၊ ကိုယ်ကို ကိုင်းညွှတ်ကာ ယန်ရှိုးရီ၏ လက်မောင်းကို ဆွဲညှစ်လျက်၊ လူကို မြေပြင်ပေါ်မှ ထူမပေးလိုက်ရာ၊ လေသံထဲတွင် ပြင်းထန်သော သတိပေးချက်များ ပါဝင်နေ၏။
"ဒီချန်းချဲ့၊ အရှင်မင်းကြီးကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ သေချာပေါက် အဲ့ဒီကလေးကို ချန်းချဲ့ရဲ့ရင်သွေးလို သဘောထားမှာပါ။" ယန်ရှိုးရီသည် မျက်ဝန်းများ နီရဲလျက်၊ ပျော်ရွှင်သလိုလို နာကျင်သလိုလို ဖြစ်နေခဲ့၏။
သူမ ကျိုချန်နန်းဆောင်မှ ထွက်ခွာသွားပြီးနောက်၊ နင်ချန်သည် နှုတ်မိန့်တော်
တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
ရှချိုက်ရန်ကလေး မွေးဖွားပြီးလျှင်ယောက်ျားလေး ဖြစ်စေ မိန်းကလေး ဖြစ်စေ ယန်ရှိုးရီကသာ ပြုစုပျိုးထောင်ရမည် ဟူ၍ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-52
အခန်း ၅၂ ။ ကိစ္စပေါ်ပေါက်ခဲ့ပြီ
သတင်း ပျံ့နှံ့သွားသည်နှင့် နေရာအသီးသီးတွင် တုံ့ပြန်မှုများ အသီးသီးဖြစ်လာခဲ့ကြသည်။ ထိုကိစ္စကြောင့် ဒေါသအထွက်ဆုံးမှာ မိဖုရားခေါင်ကြီးပင်။
သူမ၏အမြင်တွင် ယန်ရှိုးရီသည် ယခင်ကမျက်နှာသာ အတော်ရှိရထားသာကြောင့် ယခုမှသာလျှင် ခက်ခက်ခဲခဲ သူမကို ဖိနှိပ်ထားရုံ ရှိသေးသည်။ ဧကရာဇ်၏နှုတ်မိန့်ကြောင့် ယခုအခါ အလကားသက်သက် ကလေးတစ်ယောက် တိုးလာရာ၊ ယခင်ကဲ့သို့ပင် ပစားခံရတော့မည်မဟုတ်ပါလား။
သူမအပြင် ပို၍ ခံစားရခက်သူမှာ ကျင်းဖေးပင်ဖြစ်သည်။ မူလကတွေးသည်မှာဧကရာဇ်က သူမအား ရာထူးတိုးမြှင့်ပေးထားသောကြောင့် သူမအား ကလေးတစ်ယောက်ပေး၍ မွေးမြူစေမည်ဟု ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ နောက်ဆုံးတွင် အခွင့်အရေးက ယန်ရှိုးရီလက်ထဲသို့ ရောက်ရှိသွားခဲ့၏။
တကယ်တမ်း နင်ချန်သည် အစပိုင်းတွင် ရှချိုက်ရန်၏ကလေးကို ကျင်းဖေးအား ပေးအပ်၍ ပြုစုပျိုးထောင်စေရန် ပြင်ဆင်ထားခဲ့သော်လည်း ယန်ရှိုးရီက သူ့ရှေ့မှောက်သို့ ကိုယ်တိုင်တောင်းဆိုလာခဲ့ပြီး ကိစ္စမှာလည်း သေချာမဆုံးဖြတ်ရသေးသဖြင့် ယန်ရှိုးရီ၏ တောင်းဆိုမှုကို လိုက်လျောလိုက်ခြင်းဖြစ်သည်။
"မယ်မယ်၊ အရမ်းကြီး ခံစားရမခက်ပါနဲ့..." နျန့်ကျူးသည် သူမ၏သခင်မကို နှစ်သိမ့်လိုသော်လည်း မည်သို့ ပြောဆိုရမည်ကို မသိတော့ပေ။
ကျင်းဖေးသည် မှန်တင်ခုံရှေ့တွင် ထိုင်
လျက် မှန်ထဲမှ မိမိကိုယ့်ကို ငေးကြောင် စိုက်ကြည့်နေပြီး၊ အနည်းငယ် တွေဝေလျက်ရှိ၏။
" နျန့်ကျူး ပန်ကုန်းက နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ။ ဘယ်လိုဖြစ်လို့ ဒီမျက်လုံးတစ်စုံက အသက်လေးဆယ်ကျော် လူတစ်ယောက်လို ဖြစ်နေရတာလဲ။"
ကျင်းဖေးသည် တိုးတိုး ရေရွတ်လိုက်ပြီး၊ နျန့်ကျူး၏တုံ့ပြန်စကားကို မစောင့်ဘဲ၊ ရုတ်တရက် ရယ်မောလိုက်သည်။
"ပန်းကုန်း အိမ်တော်ကို စဝင်တုန်းက ပထမဆုံး အရှင်မင်ကြီးနဲ့အတူတကွ ညအိပ်ခွင့် ရခဲ့တယ်။ အဲ့တုန်းကအရှင်မင်းကြီးက ပန်းကုန်းရဲ့မျက်ဝန်းတွေက မက်မွန်ပန်းလေးလိုပဲတဲ့၊ ဟက်ဟက်.……”
မှန်ထဲမှ အမျိုးသမီးသည် အားအင်များ ဆုတ်ယုတ်သွားသကဲ့သို့ မှန်တင်ခုံပေါ်တွင် မှောက်ချလိုက်ပြီး တစ်ဖက်မှ ရယ်မောရင်း တစ်ဖက်မှ မျက်ရည်များ ကျဆင်းလာ၏။
"အရှင်မင်းကြီးက နောက်ဆုံးအချိန်ထိ ပန်းကုန်းကို မယုံကြည်ခဲ့သလို တော်ဝင်
သွေးသားကိုစောင့်ရှောက်ခွင့်ပေးဖို့ စိတ်မချဘူးပဲ။"
ကျင်းဖေးသည် သူမ၏လက်နှစ်ဖက်ကို ဝမ်းဗိုက်အောက်ပိုင်းတွင် တင်ထားလျက်
မျက်ဝန်းတစ်စုံမှာ အသက်မဲ့ကာဟာလာဟင်းလင်း ဖြစ်နေ၏။
"အဲ့တုန်းက ပန်းကုန်းရဲ့ကိုယ်ဝန်ကိုကြည့်ပြီး သွက်လက်ကျန်းမာတဲ့သန္ဓေသားလေးဖြစ်ပြီး ယောက်ျားလေးလို့ ပြောကြတယ်။ ဒါပေမဲ့ သူ့ကို ပန်းကုန်းတစ်ချက်လေးတောင် မမြင်တွေ့လိုက်ရဘူး။ တကယ်လို့… တကယ်လို့ နောက်ထပ် တစ်လလောက်သာနောက်ကျခဲ့ရင် အနည်းဆုံးတော့ ပန်းကုန်းရဲ့သွေးသားကို အသက်ရှင်အောင် လုပ်နိုင်
မယ့် အခွင့်အရေး ရှိခဲ့မှာ။ ရှဲ့ဟွမ် (မိဖုရားခေါင်ကြီး) ရဲ့ စိတ်ဓာတ်နဲ့အကျင့်စရိုက်က အထင်သေးစရာကောင်းသလို ရက်စက်ပြီးရွံစရာလည်းကောင်းတယ်။"
"မယ်မယ်၊ စကားကို သတိထားပါ။ နံရံတွေမှာ နားတွေ ရှိနေနိုင်ပါတယ်။"
နျန့်ကျူး နှင့် ထန်ရှန်း တို့သည်မိမိတို့၏သခင်မဖြစ်သူမှာ မိဖုရားခေါင်ကြီး၏အမည်ကို တိုက်ရိုက်ခေါ်ဝေါ်လိုက်သည်ကို ကြားသောအခါကြောက်လန့်တကြား မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြ၏။
ကျင်းဖေးသည် မြေပြင်ပေါ်မှ အစေခံမလေး နှစ်ဦးကို ကြည့်ရင်း စိတ်ထဲတွင် ပို၍ ဝမ်းနည်းကြေကွဲသွားခဲ့သည်။
မိမိနန်းဆောင် မိမိပိုင်နက်ထဲတွင် ရှိနေပါလျက် စကားကိုပင် နေရာတိုင်းသတိထား၍ ချုပ်နှောင်ပြောဆိုရပြီး နေရာတိုင်းတွင်မိမိ၏လွတ်လပ်မှုအား ပိတ်လှောင်ထားသကဲ့သို့ပင်။
(T/N - ကျင်ဖေးက ဘယ်သူလဲဆိုတာမသိကြမှာဆိုးလို့ ပြန်နွှေးပေးမယ်နော်။ “ဖေး” အဆင့်မဖြစ်ခင်တုန်းက “ကျောင်းကျယ်ယီ” ပါ။ နင်ချန်က သူ့ကို လမုန့်ပွဲတော်နေ့တုန်းက “ဖေး” ရာထူးတိုးပေးထားတာပါ။
အပိုင်း (၁၄) တုန်းက ကျင်ဖေးရဲ့ ခြောက်လရှိနေပြီဖြစ်တဲ့ကိုယ်ဝန်က မိဖုရားခေါင်ကြီးကြောင့် ပျက်ကြခဲ့ရတယ်လို့လည်းပြောထားပါတယ်။ သူလည်းအရေးပါတဲ့ဇာတ်ကောင်ဖြစ်လာမှာမို့ မှတ်ထားကြနော်။)
အတန်ကြာမှ နျန့်ကျူးနှင့် ထန်ရှန်းတို့၏ခြေထောက်များ ထုံကျဉ်စပြုလာမှ ကျင်းဖေးသည် နောက်ဆုံးတွင် သူတို့အား ထရန် ခွင့်ပြုလိုက်၏။ နှစ်ဦးသားသည်မိမိသခင်မ၏မျက်လုံးများကို မကြည့်ရဲကြပေ။ ကျင်းဖေးသည် ယခင်အတိုင်းပင် နူးညံ့သိမ်မွေ့သော်လည်း၊ နှစ်ပေါင်းများစွာခစားလာသော အစေခံများအနေဖြင့်မိမိသခင်မ၏နှလုံးသားသည် အရင်ကနှင့်မတူစွာ ခက်ထန်လာကြောင်း ခံစားမိကြပေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ မိမိတို့သည် ဧကရာဇ်၏ အမိန့်ကိုမလွန်ဆန်နိုင်ပေ။ ဤသို့ဖြင့်ကိစ္စသည် အဆုံးအဖြတ် ကျသွားခဲ့ပြီ ဖြစ်၏။
......
နောက်တစ်နေ့ ဂါရဝပြုချိန်တွင် ကလေးမွေးစားသည့် ကိစ္စကြောင့် ယမန်ညက အတူတကွ ညအိပ်ခွင့်ရရှိခဲ့သော ဖန်းချိုက်ရန်ပင်လျှင် ပစ်မှတ် ထားမခံရဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ယန်ရှိုးရီသည် နောက်တစ်ကြိမ် ပစ်မှတ်ဖြစ်လာခဲ့၏။
သို့သော် ဧကရာဇ်က ပြသလိုက်သော အလေးထားမှုကြောင့် လူအများသည် အလွန်အကျွံ ပြောဆိုခြင်း မပြုရဲကြဘဲ၊ အပေါ်ဘက်မှ အဆင့်မြင့်သူ အနည်းငယ်ကသာ စနောက်စကား အနည်းငယ် ဆိုကြရုံမျှသာ ဖြစ်သည်။
အဆုံးစွန်ထိပြောရလျှင် အသနားစရာ အကောင်းဆုံးမှာ ရှချိုက်ရန်ပင် ဖြစ်သည်။ မိမိ၏ကလေး မွေးဖွားလာသည်နှင့် တစ်စုံတစ်ယောက်ထံသို့ မ်ိမိကိုယ်တိုင်ပွေ့ချီအပ်နှံရမည်ကို သိရှိရခြင်းထက် ပို၍ နာကျင်ဖွယ်ရာမရှိတော့ပေ။ ယခင်က ဧကရာဇ်က ပွင့်ပွင့်လင်းလင်း မပြောကြားသေးသည့်အတွက် သူမသည် မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ထားခဲ့သည်။ အကယ်၍ ကလေးကို တော်ဝင်မျိုးဆက်များ သီးသန့် ပြုစုပျိုးထောင်ရာ ရူရိအဆောင်သို့ပို့ဆောင်ခဲ့ပါက သူမသည် မကြာခဏသူမ၏ရင်သွေးကို သွားရောက် ကြည့်ရှုနိုင်သေး၏။ သို့သော် ယခု ယန်ရှိုးရီထံသို့ပေးအပ်လိုက်ပြီဖြစ်ရာ ထပ်မံ တွေ့ဆုံရန် မလွယ်ကူတော့မည်ကို စိုးရိမ်ရပေသည်။
ယဲ့ယွင်သည် သတင်းသိရှိပြီးနောက် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချမိသော်လည်း၊ သူမသည်လည်း အနောက်ဆောင်တွင်အခြေမခိုင်သေးသည့်ပြဇာတ်ကြည့်သူမျှသာ ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ပန်းကန်လုံးထဲမှ ခါးသက်သော ဆေးများကိုနေ့တိုင်းသောက်သုံးရင်း၊ အအေးမိရောဂါမည်သည့်အချိန်မှ ကောင်းမွန်မည်ကို အမှန်ပင် မခန့်မှန်းနိုင်တော့ပေ။
နေ့လယ်ခင်း အချိန်တွင် ယဲ့ယွင်သည် ခုတင်ပေါ်တွင် ခွေလျောင်းနေဆဲ ဖြစ်စဉ် ရုတ်တရက် နန်ကျစ်သည် အတွင်းအဆောင်ထဲသို့ မျက်နှာထား အလွန် မကောင်းမွန်စွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရပေသည်။
" မိန်ရန် တစ်ခုခုဖြစ်သွားပြီ။ ယိဝမ်ရုန် ကိုယ်ဝန်ပျက်ကျသွားလို့ မိဖုရားခေါင်ကြီးက မိန်ရန်ကို ဖုန်းရှီးနန်းဆောင်ကို ကြွလာဖို့ ဆင့်ခေါ်နေပါတယ်။"
ယဲ့ယွင်သည် ဤအချိန်တွင် ဖျားနေဆဲ ဖြစ်ပြီး ခေါင်းမှာ အလွန်မူးနောက်နေသော်လည်း နန်ကျစ်၏ တစ်ခုခုဖြစ်သွားပြီဟူသော စိုးရိမ်နေသည့်အသံကိုကြားသောအခါ အလျင်အမြန် ကိုယ်ကိုထောက်၍ ထရပ်လိုက်၏။
"ယိဝမ်ရုန် က ဘယ်တုန်းက ကိုယ်ဝန် ရှိသွားတာလဲ။ သူ ကိုယ်ဝန်ပျက်ကျတာက ငါနဲ့ ဘာဆိုင်လို့လဲ၊"
ယဲ့ယွင်သည် စိတ်ထဲမှ မကောင်းသောခံစားချက်များဝင်လာ၏၊
“အရင်တစ်ခါ မင်းတို့ကို စစ်ဆေးခိုင်းထားသေးတယ်မလား။ ငါတို့ ယွီရှို့အဆောင်မှာ မသင်္ကာစရာ တစ်ခုခုတွေ့သေးလား။"
ယဲ့ယွင်သည် ခုတင်ပေါ်မှ ဆင်းသက်လာပြီး တစ်ဖက်မှ အပေါ်ဝတ်ရုံကို ဝတ်ဆင်ရင်း တစ်ဖက်မှ အပြင်သို့ လျှောက်သွားကာ ထပ်မံမေးမြန်းလိုက်၏။
နန်ကျစ်သည် မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားပြီးနောက်၊ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်မျိုးမ အတွင်းအပြင် အားလုံးစစ်ဆေးပြီးပါပြီ။ မသင်္ကာစရာ ဘာတစ်ခုမှ မရှိပါဘူး။"
ယဲ့ယွင်၏မျက်ဝန်းအိမ်များ အနည်းငယ် အေးစက်သွားပြီး၊ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ကြည့်ရတာ ပြဿနာကို ကာကွယ်လို့ မနိုင်တော့ဘူးပဲ၊ သွားကြစို့။"
ဖုန်းရှီးနန်းဆောင်ထဲတွင် အခန်းပြည့် လူများစွာထိုင်နေကြပြီး ဖြစ်သည်။
ကိုယ်ဝန်လ အလွန်ကြီးမားသော ဝမ်ဖေး၊ အနီးကပ် ပြုစုစောင့်ရှောက်နေရသော ချန်ဝမ်ရုန် (မိန်ဝမ်ရုန်) နှင့် ကိုယ်ဝန် ပျက်ကျသွားသော ယိဝမ်ရုန်တို့မှလွဲ၍ လူတိုင်း ရောက်ရှိနေကြပေသည်။
" ယဲ့ယွင် နင် တော်တော် သတ္တိကောင်းနေပါလား၊ တော်ဝင်မျိုးဆက်ကိုတောင် ကြံစည်ရဲတယ်။" ရှူးဖေးသည် သူမကိုမြင်သည်နှင့် စိတ်မရှည်စွာ အော်ဟစ်လိုက်၏။
ယဲ့ယွင်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး၊ တည်ငြိမ်အေးဆေးစွာဖြင့် ဦးစွာ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးအား အရိုအသေပေးလိုက်၏။ လျစ်လျူရှုခြင်း ခံလိုက်ရသော ရှူးဖေး၏မျက်နှာသည် တစ်ချက်ကသိကအောက် ဖြစ်သွားပြီး၊ ဒေါသထွက်လွန်း၍ မျက်နှာမှာ သံကဲ့သို့ မည်းနက်သွား၏။ သို့သော် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးကပင် သူမ၏စကားကို ဝင်မပြောသဖြင့် ရှူးဖေး သည် မည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ မျိုသိပ်ထားရုံသာ ရှိတော့သည်။
"ယဲ့မိန်ရန်၊ ယိဝမ်ရုန် ကိုယ်ဝန် ပျက်ကျတဲ့ကိစ္စကို စစ်ဆေးတွေ့ရှိတဲ့ သဲလွန်စတချို့က မင်းနဲ့ ပတ်သက်နေတယ်၊ မင်း ဘာပြောစရာ ရှိလဲ။" မိဖုရားခေါင်ကြီးသည် အေးစက်စွာ ပြောလိုက်၏။
သူမက စိတ်မစောခြင်း မဟုတ်ဘဲ၊ နင်ချန် ဤနေရာတွင် ထိုင်နေသဖြင့် သူမသည် မည်သို့ပင်ဖြစ်စေ တရားဝင်ဇနီးတစ်ဦး၏ တည်ငြိမ်လေးနက်မှုကို ပြသရမည် ဖြစ်ပြီး၊ ရှူးဖေးကဲ့သို့ ခုန်ပေါက်နေ၍ မဖြစ်ပေ။
"မိဖုရားခေါင်ကြီးကို ပြန်လျှောက်ပါတယ်။ ဒီချန်းချဲ့က ယိဝမ်ရုန်အပေါ်မှာ ဘယ်လို မကောင်းတဲ့ အရာမျိုးကိုမှ လုံးဝ မလုပ်ခဲ့ပါဘူး။ 'သဲလွန်စ' လို့ ခေါ်တဲ့အရာ ရှိနေမှတော့ ဒီချန်းချဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ ဆန္ဒ ရှိပါတယ်။" ယဲ့ယွင်သည် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။
မျက်နှာထက်တွင် မည်သည့်တုန်လှုပ်မှုမှ မရှိသော်လည်း၊ စိတ်ထဲတွင်အနည်းငယ်တော့ ချွေးပြန်နေခဲ့သည်။
နင်ချန်၏မျက်ဝန်းအိမ်များမှာ မှောင်မိုက်ပြီး မရှင်းလင်းဘဲ ယဲ့ယွင်ကိုသာ စိုက်ကြည့်နေ၏။ သူတို့နှစ်ဦးအကြည့်များ ဆုံမိရာ ယဲ့ယွင်၏ရှေ့တွင်ယှက်ထားသော လက်နှစ်ဖက်သည် အနည်းငယ် တင်းကျပ်သွားပြီး၊ သူမ၏မေးကို အနည်းငယ် မော့ထားလျက် သူ့အား စူးစမ်း ကြည့်ရှုခွင့် ပေးလိုက်၏။
အတန်ကြာသောအခါ အဓိကနေရာမှ ထိုယောက်ျားသည် လေးလံသော အသံဖြင့် ဆိုလိုက်၏။
"အဲ့ဒီ အစေခံနဲ့ သက်သေခံပစ္စည်းတွေကို ကျန်းရှေ့ကို ယူလာခဲ့။”
မကြာမီတွင် တင်းကျပ်စွာ တုပ်နှောင်ခံထားရသော အဘွားကြီးတစ်ဦးကို မိန်းမစိုး နှစ်ဦးက ဆွဲထုတ်လာခဲ့ပြီး၊ နောက်ဘက်တွင် ဗန်းကြီးတစ်ချပ်လည်း ပါဝင်ကာ အပေါ်တွင် ပန်းအိုး နှစ်အိုး ရှိနေ၏။
"ဒီပန်းကို 'ချိုးဟိုင်ထန်' လို့ ခေါ်တယ်။ ဆယ့်တစ်လပိုင်းမှာ အိမ်ထဲမှာ ထားပြီး စောင့်ရှောက်ဖို့ အသင့်တော်ဆုံးပဲ။ ဒီအဘွားကြီးက ယိဝမ်ရုန်အတွက် ပန်းအိုး တစ်အိုး နှစ်အိုးအထူးတလည် ပို့ပေးခဲ့တယ်တဲ့။ မထင်မှတ်ဘဲ နှစ်ရက်တည်းနဲ့ ယိဝမ်ရုန် ကိုယ်ဝန် ပျက်ကျသွားစေခဲ့တယ်။ သမားတော်ကြီးကိုယ်တိုင် စစ်ဆေးပြီးတဲ့နောက် ပန်းအိုးပေါ်မှာ 'ကတိုး' ရေ လိမ်းကျံထားတာကို တွေ့တယ်လို့ ပန်းကုန်းကိုပြောတယ်။ ပမာဏက မများဘူးဆိုပေမဲ့ ကိုယ်ဝန်ဆောင်စ လူက မကြာခဏ ထိတွေ့မိရင် ကိုယ်ဝန် ပျက်ကျစေနိုင်တယ်လို့ ဖော်ထုတ်ခဲ့တယ်။ ဒီအဘွားကြီးရဲ့ နှုတ်စကားအရဆို မင်းက သူ့ကို လာဘ်ထိုးပြီး ခိုင်းခဲ့တာလို့ ပြောတယ်။ သူ့ကိုယ်ပေါ်မှာ မင်း ပေးထားတဲ့ ငွေအိတ်နဲ့ ငွေစတွေကိုလည်း ရှာတွေ့ခဲ့တယ်။ ယဲ့မိန်ရန် ဒီကိစ္စကိုမင်း ဘယ်လို ရှင်းပြဖို့စီစဉ်ထားလဲ။”
မိဖုရားခေါင်ကြီးသည် ကိစ္စအကြောင်းအရာများကို အကျဉ်းချုပ် ပြန်လည်ပြောကြားပြီးနောက် ယဲ့ယွင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအဘွားကြီး၏ ပါးစပ်သည် အဝတ်စများ ဆို့ထားခံရပြီး 'အူ...အူ...' ဟူ၍ မရှင်းမလင်းအသံဖြင့်သာအော်ဟစ်နေ၏။ သူမကို ထိန်းချုပ်ထားသော မိန်းမစိုးသည် သူမ၏ဆံပင်ကို နောက်သို့ ဆောင့်ဆွဲလိုက်ပြီး၊ သူမအား မော့ကြည့်စေရန် အတင်းအကျပ်ပြုလုပ်လိုက်၏။ ယဲ့ယွင်သည် လှည့်၍ ကြည့်လိုက်ရာ ထိုအဘွားကြီးနှင့် သူမ၏အကြည့်များ ဆုံမိသည့်အချိန် အဘွားကြီးသည်တစ်ခဏမှာပင် ပို၍ စိတ်လှုပ်ရှားလာခဲ့ပြီး၊ ပါးစပ် ပိတ်ခံထားရသော်လည်း မျက်နှာထက်တွင်မူ မျက်ရည် နှာရည်များ ယိုစီးကျနေခဲ့၏။
"ဒီအစေခံက ယဲ့မိန်ရန်ကို မြင်တာနဲ့ ဒီလောက် စိတ်လှုပ်ရှားနေတာ ပြဿနာကရှိနေပြီဆိုတာ သေချာတယ်။" ယန်ရှိုးရီက တမင်တကာ ဆိုလိုက်၏။
" ရှိုးယီ (ယန်ရှိုးရီ) မယ်မယ့်ရဲ့ စကားကိုယ်တိုင်ကိုယ်ကပြဿနာ ရှိနေပြီ။ တကယ်လို့ ဒီချန်းချဲ့က မယ်မယ့်ကို တွေ့လို့ အတိုင်းမသိ စိတ်လှုပ်ရှားနေတယ်ဆိုရင်၊ အဲ့ဒါက မယ်မယ်က ဒီချန်းချဲ့ကို မကောင်းမှု လုပ်ဖို့ ခိုင်းစေခဲ့တာလို့ ဆိုလိုတာလား။" ယဲ့ယွင်သည် သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး၊ စိတ်မသက်မသာဖြင့် ဆိုလိုက်၏။
ကျောက်ကျယ်ယွီသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ " ယဲ့မိန်ရန်က တကယ်ပဲ စကားကို လှည့်ပတ်ပြောတာပဲ။ ဒီစိတ်လှုပ်ရှားတာနဲ့ ဟိုစိတ်လှုပ်ရှားတာက ဘယ်မှာ တူလို့လဲ။ မကောင်းမှု မလုပ်ထားရင် ဘာလို့ ထိတ်လန့်နေရမှာလဲ။"
"ဟုတ်တယ်၊ မကောင်းမှု မလုပ်ထားရင် ရှူဖေးမယ်မယ်ပြောသလိုပဲ ဘာကိုထိတ်လန့်ရမှာလဲ။ ကျောက်ကျယ်ယွီ က ဘယ်မျက်လုံးနဲ့ ဒီချန်းချဲ့ ထိတ်လန့်နေတာကို တွေ့လိုက်လို့လဲ။"
ယဲ့ယွင်သည် အားနာခြင်းမရှိဘဲ ပြန်လည် ချေပလိုက်ပြီး၊ သူတို့နှင့် ထပ်မံ ပြိုင်ငြင်းမနေတော့ဘဲ အပေါ်ဘက်မှ ဧကရာဇ်နှင့် မိဖုရားခေါင် နှစ်ဦးအား ကိုယ်ကိုညွှတ်ကာ အရိုအသေပေးလိုက်သည်။
"ဒီချန်းချဲ့မှာ အစေခံကို မေးချင်တဲ့ စကားအနည်းငယ် ရှိပါတယ်။ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီး ခွင့်ပြုပေးပါဦး။"
နင်ချန်က လက်ကာပြလိုက်ပြီး လူကို ထိန်းချုပ်ထားသော မိန်းမစိုးအား အဘွားကြီး၏ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်ရန် အချက်ပြလိုက်၏။
" ယဲ့မိန်ရန် အဟွတ်...အဟွတ်... ယဲ့မိန်ရန် ကျွန်တော်မျိုးမကို ကယ်ပါဦး။ မိန်ရန် ပြောခဲ့တယ်လေ။ ကျွန်တော်မျိုးမက အဲ့ဒီပန်းကို ယိဝမ်ရုန်ဆီ ပို့ပေးလိုက်ရုံနဲ့ မိန်ရန်က ကျွန်တော်မျိုးမရဲ့ မိသားစု အားလုံးကို မသတ်တဲ့အပြင် ကျွန်တော်မျိုးမကို နန်းတော်ကနေထွက်ပြီး အနားယူခွင့် ပေးမယ်ဆို။ မိန်ရန် စကား မတည်လို့ မဖြစ်ဘူးနော်။ အခု ကိစ္စပေါ်သွားပြီ။ အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး... ကျွန်တော်မျိုးမ အတင်းအကျပ် ခိုင်းစေခံရတာပါ။ ကျွန်တော်မျိုးမက ခဏတာ မကောင်းစိတ် ဝင်သွားလို့ပါ။ အားလုံးက သူ... သူက ကျွန်တော်မျိုးမကို ခိုင်းစေခဲ့တာပါ။"
ထိုအဘွားကြီးသည် ရူးသွပ်သွားသကဲ့သို့၊ ကန့်သတ်မှု မရှိတော့သည့်အတိုင်း အော်ကြီးဟစ်ကျယ် ငိုယိုလိုက်လေသည်။
***