အခန်း (၇-၈)
Vol. 1 Ch. 7-8
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -7
အခန်း ၇ ။ နွေရာသီ အပန်းဖြေခရီး
"အရှင်မင်းကြီး၊ စိတ်လျှော့တော်မူပါ" ယွမ်ကျိုသည် အခြေအနေကြည့်၍ အလျင်အမြန်ဒူးထောက်လိုက်သည်။
အထက်တန်း အစေခံတစ်ဦးအနေဖြင့် သူသည် မပြောဘဲသိရမည့် စည်းကမ်းများကို နားလည်သော်လည်း ၎င်းတို့ကို ထုတ်ဖော်ပြောဆို၍မရပေ။
နင်ချန်သည် သူ၏လက်များကို နောက်ကျောသို့ပစ်ကာ လက်သီးဆုပ်ထားပြီးနောက် ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။ သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ပုံမှန်အေးစက်သော အမူအရာသို့ အလျင်အမြန်ပြန်လည်ရောက်ရှိသွားသည်။
"ဝမ်ဖေးကို သတင်းပို့လိုက်။ ကျန်း သူ့ကို နောက်တစ်နေ့မှ သွားတွေ့မယ်။ ပြီးတော့ ချင်းယွီထိုက်ဖိန်ရုပ်တုတစ်စုံကို ချူးရှို့နန်းဆောင်ကို ပို့လိုက်။ ဒီညအတွက် ခစားဖို့ ယိဝမ်ရုန်ကို ဆင့်ခေါ်လိုက်။"
ယွမ်ကျိုသည် နာခံပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်၊ ဧကရာဇ်သည် မယ်တော်ကြီးနှင့် အလေးအနက်ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း သတိပြုမိလိုက်သည်။
ချူးရှို့နန်းဆောင်တွင် ဝမ်ဖေးသည် သတင်းကို တည်ငြိမ်စွာလက်ခံလိုက်ပြီး သူမ၏ဆုလာဘ်များကို ကျေးဇူးတင်စွာလက်ခံကာ သတင်းပို့သူကို ယဉ်ကျေးစွာ လွှတ်လိုက်သည်။
ပိုင်လုက အလျင်အမြန် နှစ်သိမ့်စကားပြောလိုက်သည်။
"စိတ်ထဲမထားပါနဲ့ ဝမ်ဖေး။ ဧကရာဇ်က ကိုယ်လုပ်တော်အသစ်တွေကို ရက်နည်းနည်းလောက်ပိုပြီးမျက်နှာသာပေးတာကပုံမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ဖေးက အခု ကိုယ်ဝန်နဲ့ဆိုတော့ ဘယ်သူမှ ဧကရာဇ်
နှလုံးသားထဲက ဝမ်ဖေးရဲ့နေရာကို မကျော်လွှားနိုင်ပါဘူး။"
ဝမ်ဖေးသည် အနည်းငယ်ပြုံးရင်း မျက်လုံးများကို မှေးချလိုက်သည်။
“ဒါက ပန်းကုန်းနဲ့ ဘာဆိုင်လို့လဲ။ အနောက်ဆောင်မှာ မျက်နှာသာပေးခံရတာက မိသားစုနောက်ခံကြောင့်ရတဲ့ ချစ်ခင်မှုသက်သက်ပဲ။ ဧကရာဇ်က အခု အထက်တန်းလွှာမျိုးနွယ်စုတွေနဲ့ ယှဉ်ပြိုင်ဖို့ ဝူမိသားစုကို လိုအပ်နေတယ်။ သူတို့အသုံးမဝင်တော့တဲ့အခါ သူတို့ရဲ့ဂုဏ်ကျက်သရေက မှေးမှိန်သွားမှာပဲ။"
ပိုင်ရွှမ်ကဝင်ကာ ထောက်ခံလေသည်။ "ဝမ်ဖေး ပြောတာ လုံးဝမှန်တယ်။ နူးဘီတို့ကလေးတစ်ယောက်ရှိဖို့က အရေးကြီးတယ်၊ ဒါကမှ တကယ်အရေးပါတာ။"
(T/N - နူးဘီ=ဒီအစေခံ)
ဝမ်ဖေးသည် မငြင်းဆိုသော်လည်း ထိုအကြောင်းအရာကို ဆက်မပြောရန် ရွေးချယ်လိုက်သည်။
သူမ၏မိသားစုသည် နန်းတွင်းကိစ္စများတွင် ဩဇာလွှမ်းမိုးမှုမရှိကြောင်း ကောင်းစွာသိသည်။ သူမ၏ဖခင်သည် ပဉ္စမတန်းစား ဒေသခံအရာရှိတစ်ဦးသာဖြစ်ပြီး ထူးခြားသောအရည်အချင်းရော နောက်ခံရောမရှိပေ။ မိသားစုသည် မကြာသေးမီမျိုးဆက်မှသာ ရာထူးများစတင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမသည် မိမိကိုယ်ပိုင်နည်းလမ်းများဖြင့် မျက်နှာသာရရှိရန် အာရုံစိုက်ခဲ့ပြီး သူမ၏မိခင်ဘက်မိသားစုက အနည်းငယ်သာ ထောက်ပံ့ပေးခဲ့သည်။
ယခုလောလောဆယ်တွင် သူမသည် သူမ၏ကလေးကို ဘေးကင်းစွာမွေးဖွားလိုပြီး နောက်ပိုင်းတွင် မျက်နှာသာဆုံးရှုံးသွားလျှင်ပင် သူမ၏ ဖေးအဆင့်နေရာတွင် တည်ငြိမ်နိုင်မည်ဖြစ်သည်။
......
ထိုညနေတွင် ယိဝမ်ရုန်က ဧကရာဇ်ထံ ခစားခဲ့သော်လည်း ယဲ့ယွင့်၏ မုန့်ပို့ပေးခြင်းဖြင့်နှောက်ယှက်သည်ဟူသော ကောလဟာလများထွက်လာခဲ့သည်။
နန်းတော်ထဲတွင် အချို့သတင်းများကို ဖုံးကွယ်ထား၍မရပေ။ ယဲ့ယွင်သည် ၎င်းကို ဖုံးကွယ်ရန် မရည်ရွယ်သလို ထိုမုန့်သေးသေးလေးကြောင့် ဧကရာဇ်ရဲ့စိတ်ကိုမဆွဲဆောင်နိုင်မှန်း သိသဖြင့် မည်သို့ပင်ပြောကြပါစေ ဂရုမစိုက်ပေ။
သူမက ဂရုမစိုက်သော်လည်း အခြားသူများက အခွင့်ကောင်းယူရန် စိတ်အားထက်သန်နေကြသည်။ နောက်တစ်နေ့နံနက်တွင် လီမိန်ရန်သည် ယဲ့ယွင်ကို ခနဲ့လာခဲ့ပြန်သည်။
လီမိန်ရန်က မထီမဲ့မြင်အပြုံးဖြင့် ပြောလိုက်သည်။
"ဝိုး၊ မင်းတကယ်ပဲ ဒီကိုလာရဲတဲ့သတ္တိရှိတာပဲ။ တို့သာဆိုရင် မျက်နှာပြဖို့တောင် ရှက်နေမှာ။ ကြည့်ပါအုံး မင်းကသာတက်ကြွနေတာ ဧကရာဇ်က မင်းလို ဝမ်ရုန်ငယ်လေးကိုအဖက်တောင်မလုပ်ဘူးလေ။”
ယဲ့ယွင်သည် ခွေ့ရွှေမှ တစ်လမ်းလုံး လမ်းလျှောက်ရသောကြောင့် အတော်လေး ပင်ပန်းကာစိတ်အနှောင့်အယှက်ဖြစ်
နေပြီး လီမိန်ရန်၏ စကားများက သူမ၏စိတ်အခြေအနေကို ပို၍ပင်ဆိုးရွားစေခဲ့သည်။
သူမသည် ဟန်ဆောင်ရန်ပင်မကြိုးစားတော့ပဲ
"ချန်းချဲ့က နန်းတော်ကို အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို အမှုတော်ထမ်းဖို့ လာတာ။ ဒါက ဘယ်လိုလုပ် ရှက်စရာဖြစ်ရမှာလဲ။ ဖြစ်နိုင်တာက လီမိန်ရန်က နန်းတော်ထဲကို မျက်နှာသာရဖို့နဲ့ စည်းစိမ်ဥစ္စာအတွက်ပဲ ဝင်လာပြီး အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို အမှုတော်ထမ်းရမယ့် တာဝန်ကို မေ့နေတာလား။"
"ငါ့ကို မစွပ်စွဲနဲ့။ အရှင်မင်းကြီးကို အမှုတော်ထမ်းရတာက နင့်ကံပေါ်မှာ မူတည်တယ်။ အရှင်မင်းကြီးက နင့်ကို မကြိုက်မှန်း ဒီလောက်ရှင်းနေတာကို နင်က ရှေ့ဆက်တိုးနေတုန်းပဲ။ အရှင်မင်းကြီးကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်နဲ့။"
လီမိန်ရန်သည် ယခင်တစ်ခေါက်က သူမ၏အစေခံမတစ်ဦး ယဲ့ယွင်၏ အပြစ်ပေးခြင်းခံရသည့်ကိစ္စကို ဒေါသထွက်နေဆဲဖြစ်သည်။ ယဲ့ယွင်၏ လက်ရှိမျက်နှာသာရမှုကင်းမဲ့နေခြင်းကို မြင်ရသောအခါ သူမသည် ပို၍ပင်စိတ်အခြေအနေကောင်းလာပြီးထို ယဲ့ဝမ်ရုန်အား ပညာပြချင်နေသည်။
သို့သော် ယဲ့ယွင်သည် ပင်ပန်းကာနေမကောင်းဖြစ်နေပြီး ငြင်းခုံရန်မလိုလားပေ။ သူမသည် လီမိန်ရန်ကို စိတ်အနှောင့်အယှက်ဖြစ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ချန်းချဲ့က နန်းတော်ထဲကို နတ်ရွာစံဧကရာဇ်ရဲ့ အမိန့်တော်နဲ့ အရှင်မင်းကြီးကို အမှုတော်ထမ်းဖို့ ဝင်လာတာ။ ချန်းချဲ့မှာ ကံကောင်းခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အဲ့လောက်သိချင်နေရင် လီမိန်ရန် နတ်ရွာစံဧကရာဇ်ကိုပဲ သွားမေးကြည့်သင့်တယ်။"
ထိုသို့ပြောပြီးနောက် ယဲ့ယွင်သည် နောက်လှည့်ကာ နန်းဆောင်ထဲသို့ဝင်သွားလေသည်။
လီမိန်ရန်သည် ဒေါသကြောင့် မျက်နှာနီရဲကာ ဒေါသထွက်ကျန်ရစ်ခဲ့သော်လည်း ပြန်မဖြေနိုင်တော့ပေ။
နတ်ရွာစံဧကရာဇ်က ဆုံးဖြတ်ချက်ချရာတွင် အမှားလုပ်ခဲ့တာဖြစ်ပါ့မလား။
"လီမိန်ရန်က သင်ခန်းစာမယူသေးဘူးထင်တယ်။ အရင်တစ်ခေါက် မျက်နှာပျက်ပြီးတာတောင် သူများကိုရန်စဖို့ ကြိုးစားနေတုန်းပဲလား။ ဖြစ်နိုင်ရင် မင်းရဲ့ဦးနှောက်ကိုသေချာသုံးသင့်တယ်။"
စွန်းရှိုးရီသည် ထိုမြင်ကွင်းကို ပျော်ပျော်ကြီးကြည့်နေပြီးနောက် လီမိန်
ရန်အနားမှ ဖြတ်သွားစဉ် မည်မျှတုံးသည်ကို မှတ်ချက်ပေးခဲ့သည်။
လီမိန်ရန်သည် အားနည်းသူများကိုသာ
ရန်စရဲသူဖြစ်ပြီး ယခုမူခေါင်းငုံ့ကာ ပြန်မဖြေခဲ့ပေ။
လူတိုင်းဝင်ရောက်သွားပြီးနောက် ဝါးစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်ကိုင်ထားသော အမျိုးသမီးတစ်ဦးသည် ဝါးရုံတုနောက်မှ ထွက်ပေါ်လာသည်။ သူမသည် လှပကျော့ရှင်းနေသည်။
"ပေါင်လင်၊ ကျွန်မတို့လည်း ဝင်ကြရအောင်။ လူတိုင်းနီးနီးရောက်နေပြီ။" သူမ၏အစေခံ ချီဝမ်က ညင်သာစွာ သတိပေးလိုက်သည်။
ယောင်ရှန်းသည် သူမ၏အကြည့်ကို ပြန်ရုပ်လိုက်ပြီး ခေါင်းညိတ်ကာ ဖုန်းရှီးနန်းဆောင်သို့ ဝင်သွားသည်။
နေရာများပြည့်သွားပြီးနောက် မိဖုရားခေါင်ကြီးသည် နောက်ဆုံးတွင် အတွင်းခန်းဆောင်မှ ထွက်ပေါ်လာသည်။
သူမသည် သူမ၏ပုံမှန် မာနကြီးသောအမူအရာကို ထိန်းသိမ်းထားပြီး တော်ဝင်ကြင်ယာတော်များပြည့်နေသော အခန်းကို တစ်ချက်သာဝေ့ကြည့်၍ သူမ၏
မိဖုရားခေါင်ဆိုသော ရာထူးကသူမကိုကျေနပ်စေသည်။
"မကြာသေးခင်ကစပြီး အပူချိန်ပြင်းလာတာမလို့ ညီမတို့ သတိထားသင့်တယ်။ အလွန်အကျွံအအေးမခံကြနဲ့။ နေမကောင်းဖြစ်သွားရင် အခက်တွေ့နိုင်တယ်။ ဝမ်ဖေးက ကိုယ်ဝန်နဲ့ဆိုတော့ အထူးသတိထားရမယ်။ ဘုရင့်သားတော်ကို လျစ်လျူရှုလို့မဖြစ်ဘူး။"
မိဖုရားခေါင်ကြီးသည် ဝမ်ဖေးကို ဝေဖန်ရန် အခွင့်အရေးကို အမြဲယူလေ့ရှိပြီး လူတိုင်းသည် ၎င်းကို ကျင့်သားရနေပြီဖြစ်ကာ နာခံစွာတုံ့ပြန်ကြသည်။
မည်သူမျှ ပြဿနာမရှာသည်ကိုမြင်သောအခါ မိဖုရားခေါင်ကြီးက ကြေညာသည်။
"နန်ချီမှာ အပူဒဏ်ကနေလွတ်မြောက်ဖို့ နန်းတော်ကနေ ထွက်ခွာတဲ့ ဓလေ့တစ်ခု အမြဲရှိခဲ့တယ်။ ဒီနှစ်မှာ ကိုယ်လုပ်တော်အသစ်တွေနဲ့အတူ အရှင်မင်းကြီးက ဇူလိုင်လ ၁၅ ရက်နေ့မှာ လင်ရှီးဥယျာဉ်ကို သွားဖို့ ရည်ရွယ်ထားတယ်။ ဒါက အရှင်မင်းကြီးနန်းတက်ပြီးကတည်းက ပထမဆုံးအကြိမ်သွားတာပဲ။ လိုက်ပါမယ့်သူတွေရဲ့ စာရင်းကို အရှင်မင်းကြီးက ပြင်ဆင်ပြီးပြီ၊ အခု ပန်းကုန်း ဒီတစ်ခေါက်ခရီးမှာ လိုက်ပါရမဲ့သူတွေကို ကြေညာပေးမယ်။"
ကိုယ်လုပ်တော်များသည် စိတ်အားထက်သန်စွာ နားထောင်ပြီး မိဖုရားခေါင်ကြီး၏လက်ထဲမှ စာရင်းကို စိတ်
လှုပ်ရှားစွာကြည့်နေကာ သူတို့၏နာမည်များပါလာရန် မျှော်လင့်နေကြသည်။
တည်ငြိမ်စွာနေသော ယဲ့ယွင်နှင့် ကြိုသိထားသကဲ့သို့ စိတ်မဝင်စားပုံရသော ယောင်ပေါင်လင်မှလွဲ၍ လူတိုင်းသည် စိုးရိမ်ပူပန်နေကြသည်။
"ကျင်းကျောင်းရီ၊ စွန်းရှိုးရီ၊ ကျောက်ကျယ်ယွီ၊ လီမိန်ရန်၊ ယိဝမ်ရုန်၊ ဝမ်မေ့ရန်၊ လီချိုက်ရန်၊ ချန်ပေါင်လင်၊ ယောင်ပေါင်လင်၊ ရှပေါင်လင်၊ ယန်ချိုက်နွီ။"
( T/N - မီတို့မမက “ယဲ့ဝမ်ရုန်” ဆိုတော့
မပါဘူးပေါ့နော် :( အရူးဧကရာဇ်)
ရှူးဖေးသည် သူမ၏အမည်မပါဝင်သည်ကို တွေ့ရှိပြီး အံ့အားသင့်ကာ စကားပြောမည်အပြုတွင် မိဖုရားခေါင်ကြီး၏အသံကို ကြားလိုက်ရသည်။
"မူလက ဧကရာဇ်က ရှူးဖေးကို လိုက်စေချင်ပါတယ်၊ ဒါပေမဲ့ ပန်းကုန်းက အကြီးဆုံးမင်းသမီးလေးက ငယ်သေးပြီး ခရီးဒဏ်မခံနိုင်လောက်ဘူးထင်လို့လေ ပြီးတော့ မင်းသမီးလေးကအမေနဲ့ ခွဲနိုင်မှာမဟုတ်ဘူးလို့ သေချာပြောခဲ့တော့ မင်းသမီးလေးရဲ့အခြေအနေကို စဉ်းစားပြီးတဲ့နောက်မှာ ဧကရာဇ်က ရှူးဖေးကို နန်းတော်ထဲမှာပဲ မင်းသမီးလေးကို စောင့်လျှောက်ဖို့နေခဲ့သင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆိုရင် ရှူးဖေးက အကြီးဆုံးမင်းသမီးလေးကို စောင့်ရှောက်ဖို့ အာရုံစိုက်နိုင်မှာပေါ့။"
ရှူးဖေးသည် ဒေါသထွက်နေသော်လည်း အံကြိတ်ပြီး လက်ခံရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ပေ။
မိဖုရားခေါင်ကြီးက ဆက်ပြောခဲ့သည်။
"ပန်းကုန်းလည်း လင်ရှီးဥယျာဉ်ကို လိုက်ပါသွားမှာဖြစ်လို့ မောင်းမဆောင်ထဲမှာ အဆင့်အမြင့်ဆုံးကြင်ယာတော်က မင်းပဲ။ ဝမ်ဖေးက ကိုယ်ဝန်သုံးလပဲရှိသေးပြီး သူလည်း သွားမှာမဟုတ်ဘူး။ ဒါကြောင့် ရှူးဖေး၊ မင်းက နန်းတော်ကို စောင့်ရှောက်ရမယ်။ ဧကရာဇ်နဲ့ ပန်းကုန်းနှစ်ယောက်လုံးက မင်းကို ယုံကြည်တယ်၊ ဒါကြောင့် မင်းကြိုးစားရမယ်နော်။"
*****
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့
IC -8
အခန်း ၈ ။ ငုစေ့
"မိဖုရားခေါင်ကြီး၊ ချန်းချဲ့က တာဝန်တွေကို ရှောင်လွှဲချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမမင်းသမီးလေးကို စောင့်ရှောက်ရတာနဲ့တင် ချန်းချဲ့ရဲ့ အားအင်တွေအားလုံး ကုန်ဆုံးနေပါပြီ၊ အနောက်ဆောင်ကိစ္စတွေကို သေချာမစီမံခန့်ခွဲနိုင်မှာ စိုးမိပါတယ်။ ဝမ်ဖေးက ဧကရာဇ်ရဲ့ဘေးနားမှာအချိန်အကြာကြီးအတူရှိလာခဲ့တာ ဝမ်ဖေးကချန်းချဲ့ထက်ပိုပြီး သင့်တော်မယ်လို့ထင်ပါတယ်”
ရှူးဖေးသည် ဤဒုက္ခများသော တာဝန်ကို လက်မခံလိုပေ။
ဝမ်ဖေးသည် အနောက်ဆောင်ထဲတွင်
မျက်နှာသာပေးခံရဆုံးသူဖြစ်ပြီး နန်းတော်ထဲမှ လူများစွာသည် သူမ ကိုယ်ဝန်အား ဆုံးရှုံးသည်ကို မြင်လိုကြသည်။ အကယ်၍ သူမ၏စောင့်ကြည့်မှုအောက်တွင် ဝမ်ဖေး တစ်ခုခုဖြစ်သွားပါက ပထမဆုံး အပြစ်တင်ခံရမည်မှာ သေချာပေါက် သူမ ဖြစ်လာလိမ့်မည်။
သို့သော်လည်း မိဖုရားခေါင်ကြီးသည်
ထိုဝန်ထုပ်ဝန်ပိုးကို သူမအပေါ်တင်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ ပြင်းထန်သော ငြင်းခုံမှုတစ်ခုအပြီးတွင် ရှူးဖေးသည် နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သည်။
၎င်းသည် တရားဝင်ဇနီးဖြစ်သော တိုင်းပြည်၏ မိခင်မိဖုရားခေါင်ကြီး၏ အာဏာနှင့်လုပ်ပိုင်ခွင့်သာဖြစ်သည်။ ကြင်ယာတော်များအတွက် မည်သည့်အစီအစဉ်များ ချမှတ်သည်ဖြစ်စေ ဧကရာဇ်က ဝင်မပြောသရွေ့ ကြင်ယာတော်များသည် သူမစကားကို နာခံရမည်ဖြစ်သည်။
ညီလာခံပြီးနောက် လူတိုင်း ကိုယ်ပိုင်နန်းဆောင်များသို့ ပြန်သွားကြသည်။
ယဲ့ယွင်သည် နေမကောင်းဖြစ်နေသောကြောင့် သူမ၏ အစေခံမလေးက သူမကို ဖြည်းညှင်းစွာ လမ်းလျှောက်ရန် ကူညီပေးခဲ့သည်။ မကြာမီပင် သူတို့ကို ယောင်ပေါင်လင်က မှီလာခဲ့သည်။
"ညီမလေးယဲ့၊ နေမကောင်းဘူးထင်တယ်။ ဟုတ်လား။" ယောင်ပေါင်လင်က သူမကို နှုတ်ဆက်ပြီးနောက် စိုးရိမ်တကြီး မေးလိုက်သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ချန်းချဲ့ ဓမ္မတာလာနေလို့ နည်းနည်းမသက်မသာဖြစ်နေတာပါ၊ အရေးကြီးတာတော့ မဟုတ်ပါဘူး။"
ဝမ်းဗိုက်မှနာကျင်မှုကြောင့် ယဲ့ယွင်သည် အားနည်းစွာပြောဆိုလိုက်ရာ အလွန်သနားစရာကောင်းနေသည်။
ယောင်ပေါင်လင်သည် သူမကို ဂရုတစိုက်လေ့လာပြီးနောက် ပြောလိုက်
သည်၊ "သြော်၊ ဒီလိုကိုး။ မင်းကို ထပ်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး။ မင်းသေချာလေးအနားယူပြီး နန်းတွင်းသမားတော်တစ်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်သင့်တယ်။"
ယဲ့ယွင်သည် ခေါင်းညိတ်လိုက်ပြီး များများစားစားမပြောတော့ပေ။
သူမ၏ ကိုယ်ခန္ဓာမသက်မသာဖြစ်မှုသည် ယခုတစ်ခေါက် လင်ရှီးအပန်းဖြေခရီးကိုလိုက်ပါခွင့်မရသောကြောင့်လည်းဖြစ်သည်။ သူမ၏ အနောက်ဆောင်ခရီးကတော့ ထင်ထားသည်ထက်ပိုခက်ခဲနေတော့မှာအသေအချာပင်ဖြစ်သည်။
ယဲ့ယွင်ထွက်ခွာသွားပြီးနောက် နောက်ကျောမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
"ယောင်မိသားစုက မြှောက်ပင့်စရာလူကုန်သွားပြီလား။ ခွေးပေါက်လေးတစ်ကောင်လို တခြားသူတွေကို မျက်နှာလုပ်ဖို့ တကူးတကဒီကိုတောင် လာရသေးတယ်။"
ယောင်ပေါင်လင် လှည့်ကြည့်လိုက်သောအခါ မယ်တော်ကြီး၏တူမတော် ချန်စုယွင် (ခေါ်) ချန်ပေါင်လင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ယဲ့ဝမ်ရုန်က နင်နဲ့ငါ့ထက် ရာထူးပိုမြင့်
တယ်။ သူ့ကို့ ဒီလိုနှုတ်ဆက်တာက နန်းတွင်း စည်းမျဉ်းအရပဲ။ နင်သာ ဒီလောက်
သူများကိစ္စတွေကိုလိုက်စိတ်ဝင်စားဖို့အားနေရင် ဧကရာဇ်ရဲ့ မျက်လုံးထဲဘယ်လိုဝင်အောင်လုပ်မလဲဆိုတာ ပိုစဉ်းစားသင့်တယ်။ မယ်တော်ကြီးကိုပဲ အမြဲအားမကိုးနဲ့။ အတင်းအကျပ်ခူးထားတဲ့အသီးက ဘယ်တော့မှမချိုဘူး ဆိုတာနားလည်သင့်တယ်။”
ယောင်ပေါင်လင်သည် ထပ်မံတုံ့ပြန်လိုစိတ်မရှိတော့ဘဲ လှည့်ထွက်သွားတော့သည်။
......
သူတို့နှစ်ဦးသည် အတွင်းနန်းဆောင်တွင် နေစဉ်ကတည်းက တစ်ခါမျှ အဆင်မပြေခဲ့ကြဘဲ ယခုအခါတွင်လည်း ပြောစရာမရှိတော့ပေ။
သူမ၏နန်းဆောင်သို့ ပြန်ရောက်သောအခါ ချီဝမ်ကလည်း မေးခွန်းထုတ်သည်၊ "ဘာလို့ ယဲ့ဝမ်ရုန်ကို ယဉ်ကျေးပြနေရတာလဲ။ သူ့ရာထူးက ပိုမြင့်တာမှန်ပေမယ့် သူက ဧကရာဇ်ရဲ့ မျက်နှာသာပေးခြင်း မခံရတဲ့ဝမ်ရုန်လေးပါပဲ၊ မယ်တော်ကြီးရဲ့ မျက်နှာသာပေးမှုနဲ့ဆိုရင် ယဲ့မိသားစုက ယှဉ်လို့ကိုမရဘူး။ သခင်မလေးက ချန်
ပေါင်လင်ရှေ့မှာ ယဲ့ဝမ်ရုန်ကို နှုတ်ဆက်တာက ဟားတိုက်ခွင့်ပေးတာနဲ့ပဲတူတူပဲ။"
"သူက ငါ့အပေါ် အမြဲမကျေမနပ်ဖြစ်နေတာ၊ အကြောင်းမရှိဘဲနဲ့တောင် ပြဿနာရှာမှာပဲ။ သူ့ကို လျစ်လျူရှုလိုက်။ နင်လည်း နင့်စကားကို သတိထားသင့်တယ်။ နန်းတော်ထဲမှာ အချိန်တိုင်းသတိထားရမယ်။ ဘယ်အမှားမဆို အသုံးချခံရနိုင်
တယ်။ စကားတစ်ခွန်းနဲ့ တစ်ဘဝလုံးပျက်အောင်မလုပ်စမ်းနဲ့။”
ယောင်ပေါင်လင်၏ ဂရုဏာဆူပူကြိမ်းမောင်းမှုကို ချီဝမ်က မမှုခဲ့ပေ။
ထိုအချိန် ယောင်ပေါင်လင်ကတော့ နက်နက်ရှိုင်းရှိိုင်း သူမ၏ယခင်အတိတ်ဘဝသို့ပြန်စဉ်းစားနေမိသည်။
ဤဘဝတွင် အရာအားလုံးသည် ယခင်ကအတိုင်း ပုံစံတူထပ်ခါဖြစ်ပွားနေပုံရသော်လည်း ယဲ့မိသားစုက တစ်ယောက်
သည် သူမ၏အရင်ဘဝကကဲ့သို့ မောက်မာခြင်းမပြုတော့ဘဲ စရိုက်လက္ခဏာများပြောင်းလဲသွားပုံရသည်။
ထိုသို့သော သိမ်မွေ့သောပြောင်းလဲမှုသည် သူမကို မသက်မသာဖြစ်စေသည်။ သူမသည် အသစ်တစ်ဖန်ပြန်လည်စတင်ရန် ယခုလိုအခွင့်အရေးကို ရရှိခဲ့ပြီး ဒီဘဝတွင်တော့ အပြင်းအထန်ကြိုးစားကာ မည်သည့်အနှောင့်အယှက်ကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။
.......
ထိုအချိန်တွင် ယွီရှို့အဆောင်၌ ယဲ့ယွင်သည်သမားတော်ကို စစ်ဆေးခိုင်းပြီးနောက် သူမ၏လက်ဖက်ရည်ထဲတွင် သံသယဝင်ဖို့ကောင်းသောအရာတစ်ခုကို တွေ့ရှိခဲ့သည်။
"သမားတော်၊ ကျေးဇူးပြုပြီး ဒါကို သေချာစစ်ဆေးပေးပါ။ ကျွန်မတို့ဝမ်ရုန်က သရက်ရွက်နဲ့အစာအိမ်အားနည်းတော့ အစာကြေဖို့အတွက် မုယောစပါးလက်ဖက်ရည်ကို မကြာခဏဖျော်ပေးရတယ်။ ဒီထဲကို ငုစေ့တွေ ဘယ်လိုရောက်သွားတာလဲ။"
နန်ကျစ်၏မျက်နှာသည် အရောင်အမျိုးမျိုးပြောင်းသွားပြီး သူမ၏ တစ်ချိန်က နီထွေးသောနှုတ်ခမ်းများသည် ယခုအခါ ဖြူဖျော့နေသည်။
"ငုစေ့ကိုပြုတ်ရင် မုယောစပါးလက်ဖက်ရည်နဲ့ အနံ့ဆင်တူတော့ ရောထည့်ထားရင် သိဖို့ခက်တယ်။ ငုစေ့က အလွန်အေးတဲ့သဘာဝရှိပြီး ဝမ်ရုန်ရဲ့ အားနည်းတဲ့ခန္ဓာကိုယ်နဲ့ဆိုရင် ပုံမှန်သောက်သုံးရင် သူ့ကိုထိခိုက်စေနိုင်တယ်။ ဒါကြောင့် သူက မရပ်မနားဝမ်းဗိုက်နာကျင်မှုကို ခံစားနေရတာပါ။"
သမားတော်သည် ငယ်ရွယ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုရာ သူသည် နန်းတော်သို့ ရောက်လာသည်မှာ မကြာသေးကြောင်း ညွှန်ပြနေသည်။
ဤသည်မှာ ယဲ့ယွင်က ငယ်ရွယ်သောသမားတော်ကို အထူးတလည် တောင်းဆိုရခြင်းအကြောင်းရင်းဖြစ်သည်။ အသက်ကြီးသောသူများသည် ပိုမိုပါးနပ်ပြီး ထိုသို့သောကိစ္စများကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ။
နန်ကျစ်သည် ထပ်မံပြောဆိုလိုသော်လည်း ယဲ့ယွင်က ဖြတ်ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမားတော်။ အစေခံတစ်ယောက်ယောက်က မှားသွားတာဖြစ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ အိုက်ဖေးက နန်းတော်ကို အသစ်ရောက်လာတာဖြစ်ပြီး ဘာပြဿနာမှ မဖြစ်စေချင်ဘူး။"
ယဲ့ယွင်သည် ဟွေယွဲ့ကို အချက်ပြလိုက်ရာ သူမသည် နားလည်ပြီး အိတ်တစ်လုံးကို သမားတော်ထံသို့ အလျင်အမြန်ပေးအပ်လိုက်သည်။
သမားတော်သည် ထိုအိတ်ကိုရှောင်ရှားပြီး လေးစားစွာဦးညွှတ်လိုက်သည်။ "ဝမ်ရုန် စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်မျိုး ဒီနေရာကထွက်သွားတာနဲ့ အရာအားလုံးကို မေ့ပစ်လိုက်ပါ့မယ်။ ကျွန်တော်မျိုးနာမည်က ရှန်ဖိန်ကျစ်ပါ။ ကျွန်တော်မျိုးရဲ့အဖေက ပျန်ကျိုးက ချူမိသားစုက လူကြီးမင်းချူရှို့ဝမ်နဲ့ အဆက်အသွယ်အနည်းငယ်ရှိပါတယ်။ ကျွန်တော်မျိုးတစ်ခါက လူကြီးမင်းချူရဲ့ အကူအညီရခဲ့ဖူးတော့ ဒါကို ကျေးဇူးဆပ်တယ်လို့ သတ်မှတ်ပါတယ်။ အနာဂတ်မှာ ယဲ့ဝမ်ရုန် တစ်ခုခုလိုအပ်ရင် အချိန်မရွေးခေါ်နိုင်ပါတယ်။"
ပျန်ကျိုးမှ ချူမိသားစုသည် ယဲ့ယွင်၏ မိခင်ဘက်မိသားစုဖြစ်ပြီး ချူရှို့ဝမ်သည် သူမ၏ မိခင်ဘက်ဦးလေးဖြစ်သည်။
"သြော်၊ ဒီလိုကိုး။ ကျေးဇူးတင်ပါတယ် သမားတော်ရှန်။" ယဲ့ယွင်ပြုံးလိုက်သည်။ "ဒီအိတ်က အိုက်ဖေးရဲ့ ကျေးဇူးတင်ခြင်းအထိမ်းအမှတ်ပါ။ ရှင်ငြင်းလိုက်ရင် အိုက်ဖေးကို မသက်မသာဖြစ်စေမှာပါ။"
ရှန်ဖိန်ကျစ်သည် မျက်လုံးများကို နှိမ့်ချကာ ထိုအိတ်ကို လက်ခံလိုက်ပြီး ဟွေယွဲ့က သူ့ကို ယွီရှို့အဆောင်အပြင်ဘက်သို့ လိုက်ပို့ခွင့်ပြုလိုက်သည်။
သူတို့ထွက်သွားပြီးနောက် နန်ကျစ်သည် ယဲ့ယွင်ရှေ့တွင် ဒူးထောက်ကာ တောင်းပန်လိုက်သည်။ သူမသည် ယဲ့ယွင်၏ ကိုယ်ရေးကိုယ်တာလိုအပ်ချက်များကို စီမံခန့်ခွဲသောကြောင့် မည်သည့်ပြဿနာမဆို သူမ၏တာဝန်ဖြစ်သည်။
"ကျွန်တော်မျိုးမရဲ့ ပေါ့ဆမှုကြောင့် တစ်စုံတစ်ယောက်က ဒီအခွင့်အရေးကို အသုံးချသွားတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို အပြစ်ပေးပါ။"
"နန်းတော်ကို အသစ်ရောက်လာတော့ အမှားတွေက ရှောင်လွှဲလို့မရပါဘူး။ ဒီတစ်ခေါက် ငါ့ရဲ့ဓမ္မတာကြောင့် အဆိပ်ရဲ့အာနိသင်ကို ပိုပြင်းထန်စေခဲ့တာ။ ဒါကြောင့် နောင်မှာ ငါတို့ ပိုသတိထားရမယ်။ ဒီလိုမျိုးတွေ ထပ်မဖြစ်စေနဲ့။ မင်းကို သတိပေးတဲ့အနေနဲ့ လစာတစ်လစာဖြတ်မယ်။"
အပြစ်ပေးမှုသည် မပြင်းထန်သော်လည်း တစ်လစာလစာသည် နန်ကျစ်အတွက် မသေးငယ်ပေ။
သူမသည် ယဲ့ယွင်၏ ကိုယ်ပိုင်အစေခံအဖြစ် အမြဲတမ်းရှိနေခဲ့သောကြောင့် သူမအတွက် ကြီးမားသောပြဿနာမဟုတ်ပေ။
ဟွေယွဲ့ပြန်လာသောအခါ ယဲ့ယွင်က သူမ၏မိသားစုထံသို့ ပေးပို့ရန်ရေးထားသော စာတစ်စောင်ကို ယူဆောင်လာခဲ့သည်။
ရှန်ဖိန်ကျစ်၏ စကားများကို အပြည့်အဝယုံကြည်၍မရသော်လည်း အကယ်၍ သူသည် မိခင်ဘက်မိသားစုနှင့် အမှန်တကယ်အဆက်အသွယ်ရှိပါက သိသာထင်ရှားသောအကူအညီဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤအဆက်အသွယ်ကို အတည်ပြုရန် အရေးကြီးသည်။
ငုစေ့များ မည်သို့ရောနှောသွားသည့်ကိစ္စကိုလည်း စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
ဤအစေ့များကို စောစီးစွာတွေ့ရှိခဲ့သော်လည်း အချိန်ကြာမြင့်စွာ သောက်သုံးပါက ပြင်းထန်သော ထိခိုက်မှုကို ဖြစ်စေနိုင်သည်။ အကယ်၍ သူတို့သည် သူမအားမြုံစေရန် ကြိုးစားနေပါက ၎င်းသည် သေချာကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး သူမအတွက်ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
သူမကို ကြံစည်ရဲကတည်းက နောက်ကွယ်ကသူသည် ရိုးရှင်းနေမည်
မဟုတ်ပေ၊ သေချာအကွက်ချ၍ သူမအားလုပ်ကြံထားခြင်းကြောင့်သာ မဟုတ်ပါက သူတို့ကိုအဆတစ်ရာပြန်လည်ပေးဆပ်ရအောင်လက်စားချေမှာ သေချာသည်။
ထိုကိစ္စကို နန်ကျစ်အား စုံစမ်းစစ်ဆေးရန် လွှဲအပ်ပြီးနောက် ခန္ဓာကိုယ်နွေးစေသော ဆေးဖက်ဝင်ဟင်းချိုအချို့သောက်ပြီးနောက် ယဲ့ယွင်သည် အနားယူရန် လဲလျောင်းလိုက်သည်။
သို့သော် သူမသည် အိပ်မပျော်ဘဲ မျက်လုံးများကိုမှိတ်ကာ အနားယူရင်း နန်းတော်အပြင်သို့ မည်သို့ထွက်သွားနိုင်မည်ကို စဉ်းစားနေသည်။ ဤတစ်ကြိမ်တွင် သူမ လိုက်ပါသွားနိုင်ခြင်းမရှိပါက ဧကရာဇ်သည် သူမကို လုံးဝမေ့သွားနိုင်ဖွယ်ရှိသည်။
နေ့လယ်ပိုင်းတွင် ယဲ့ယွင်သည် ထုံးစံအတိုင်း စားဖိုဆောင်ငယ်သို့ သွားကာ မုန့်နှစ်မျိုးပြုလုပ်ခဲ့သည်။ နို့နှစ်နှစ်လွှာစမ်းထားသည့် စပျစ်သီးတစ်ပန်းကန်နှင့် ဖရဲသီး ရေခဲခြစ်တစ်ပန်းကန်။
ဤတစ်ကြိမ်တွင် သူမသည် ၎င်းတို့ကို ကိုယ်တိုင်သယ်ဆောင်ကာ ကျိုချန်နန်းဆောင်သို့ သွားခဲ့သည်။
ထိုအချိန်တွင် ယိဝမ်ရုန်သည် အတွင်း၌ မှင်သွေးရင်း အမှုတော်ထမ်းနေပြီး ယွမ်ကျိုသည် သူမရောက်ရှိကြောင်း လျှောက်တင်ရန်လာသောအခါ အထူးသတိထားနေသည်။
"မုန့်တွေကို ဒီမှာထားခဲ့ပြီး သူ့ကို အရင်ပြန်ခိုင်းလိုက်။"
မုန့်များသည် အရသာရှိသော်လည်း ဧကရာဇ်သည် ၎င်းတို့ကိုပြုလုပ်သူအပေါ် စိတ်ဝင်စားမှုအနည်းငယ်သာရှိပြီး အထူးသဖြင့် ယိဝမ်ရုန်က သူ့ကို အမှုတော်ထမ်းနေပြီးသားဖြစ်သည်။ နင်ချန်သည် သူ့အနားတွင် အမျိုးသမီးများစွာရှိခြင်းကို မကြိုက်ပေ။
"အရှင်မင်းကြီး၊ ညီမလေးယဲ့က အပူကိုအံတုပြီး လာခဲ့တာပါ၊ ဒါက သစ္စာတရားကိုပြသနေပါတယ်။ သူ့ကိုမတွေ့လိုက်ရရင် နှမြောစရာကောင်းမှာပေါ့။"
ယိဝမ်ရုန်သည် ညင်သာစွာပြောဆိုပြီး ကျက်သရေရှိပြီး ရက်ရောသောအမူအရာကို ဆောင်ယူလိုက်သည်။
နင်ချန်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ်တွန့်လိုက်သော်လည်း နောက်ဆုံးတွင် သူသည် လက်လျှော့လိုက်သည်။
ယဲ့ယွင်ဝင်လာသောအခါ သူမသည် ယိဝမ်ရုန် နင်ချန်၏ဘေးနားတွင် အမှုတော်ထမ်းနေသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့ ဂါရဝပြုပါတယ်။" ယဲ့ယွင်သည် တည်ငြိမ်စွာ ဦးညွှတ်ပြီး အစားအသောက်သေတ္တာကို စားပွဲပေါ်တင်ကာ အတွင်းမှ ဖန်ပန်းကန်နှစ်လုံးကို စီစဉ်လိုက်သည်။ "ချန်းချဲ့က ဒီမုန့်တွေကို အရှင်မင်းကြီးကို ဆက်သဖို့ ကိုယ်တိုင်လုပ်ခဲ့တာပါ။"
"မင်း တော်တော်လေး စိတ်ကူးကောင်းတာပဲ။" နင်ချန်က ပြန်ဖြေပြီး သူ၏လက်များကို သုတ်ပြီးနောက် လှည့်လိုက်သည်။
သူ အသာမော့ကြည့်လိုက်သောအခါ ပျားရည်ရောင် ပိုးသားဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးကို တွေ့လိုက်ရပြီး လက်စများကိုမတင်ထားရာ လမင်းကဲ့သို့သော လက်ကောက်ဝတ်များနှင့် ကျောက်စိမ်းကဲ့သို့သော လက်ချောင်းများက ဖန်ပန်းကန်များကို ကိုင်ထားသည်။ အလွန်လှပသောမြင်ကွင်းပင်။
သူမ၏ အနက်ရောင်ဆံပင်ကို နံနက်ခင်းတိမ်တိုက်ပုံစံထုံးဖွဲ့ထားပြီး ကွင်းနှစ်ကွင်းပါသော ပုလဲဆံထိုးနှင့် ကြိုးကြာဖြူများနှင့်တူသော ဆံထိုးတိုအနည်းငယ်ဖြင့် အလှဆင်ထားရာ လှပပြီး နှစ်လိုဖွယ်ကောင်းနေသည်။
နင်ချန်သည် ဤအမျိုးသမီးသည် အမှန်တကယ်ဝတ်စားဆင်ယင်တတ်ပြီး အမှန်တကယ်လှပကြောင်း ဝန်ခံရမည်ဖြစ်သည်။
သူမကို ပထမဆုံးအကြိမ် အမှုတော်ထမ်းခိုင်းခဲ့စဉ်က ယဲ့ယွင်သည် ဆွဲဆောင်မှုရှိသော နတ်သမီးငယ်လေးတစ်ပါးအဖြစ် ပေါ်လာသော်လည်း ယနေ့တွင်မူ သူမသည် လူ့ပြည်သို့ အသစ်ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူမ၏ ပေါ်ထွက်လာမှုတိုင်းသည် ဆွဲဆောင်မှုရှိသည်။
ယိဝမ်ရုန်သည် နင်ချန် အနည်းငယ်စိတ်ပျံ့လွင့်နေသည်ကိုမြင်သောအခါ ဤဆွဲဆောင်မှုရှိသော အမျိုးသမီး ဧကရာဇ်နှင့နီးကပ်သွားစေရန် ပြောလိုက်မိသည့်အတွက် နောင်တရမိသည်။
"ညီမယဲ့ရဲ့လက်ရာက တကယ်ကို ထူးခြားတာပဲ။ ဒီလိုမုန့်မျိုးတွေကို ချန်းချဲ့တော့ တစ်ခါမှမမြင်ဖူးဘူး။ ချန်းချဲ့က တော်တော်ပျင်းပြီး အိမ်မှာနေတုန်းက ချက်ပြုတ်တာကို ဘယ်တော့မှမသင်ခဲ့ဘူး။ ညီမလေးယဲ့ ဒီလောက်ကျွမ်းကျင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။"
အိမ်ကြီးအိမ်ကောင်းများတွင် အမျိုးသမီးငယ်များသည် အိမ်မှုကိစ္စစီမံခန့်ခွဲခြင်းနှင့် အပ်ချုပ်ပညာကိုသာ သင်ယူလေ့ရှိပြီး ချက်ပြုတ်ခြင်းကို အစေခံများထံသို့ ထားခဲ့သောကြောင့် ကျွမ်းကျင်သူအနည်းငယ်သာရှိသည်။
ယိဝမ်ရုန်၏ မှတ်ချက်သည် ဤမုန့်များကို ယဲ့ယွင်ကိုယ်တိုင် ပြုလုပ်ခြင်းမဖြစ်နိုင်ကြောင်း သွယ်ဝိုက်ပြောဆိုနေသည်။
နင်ချန်သည် ထိုသွယ်ဝိုက်ပြောဆိုမှုကို နားလည်သော်လည်း ဂရုမစိုက်ပေ။
မုန့်များသည် အသေးအဖွဲကိစ္စဖြစ်ပြီး နန်းတော်ထဲမှ အမျိုးသမီးများအတွက် နွေရာသီတွင် စားဖိုဆောင်ကို ကြီးကြပ်ရခြင်းသည် အတော်လေးပင်ပန်းသော အလုပ်ဖြစ်သည်။
"ဒီချန်းချဲ့က အားလပ်ချိန်တွေမှာ အစားအသောက်မျိုးစုံစမ်းသပ်ရတာကို ကြိုက်ပါတယ်။ ယီဝမ်ရုန်ကြိုက်ရင် နန်းတော်ရဲ့ စားဖိုဆောင်ငယ်ကိုသုံးပြီး ထပ်လုပ်ပေးနိုင်ပါတယ်။ အချိန်အများကြီးမယူပါဘူး။" ယဲ့ယွင်ပြုံးကာ ကမ်းလှမ်းလိုက်သည်။
ယိဝမ်ရုန်သည် သူမ အမှန်တကယ်လုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ သူမ၏မျက်လုံးများ အနည်းငယ်ရှက်ရွံ့မှုဖြင့် လျှပ်ပြက်သွားသည်။ "ညီမက အရမ်းကျိုးနွံနေတာပဲ။ ဒီချန်းချဲ့ အချိုတွေမကြိုက်ဘူး။"
နင်ချန်သည် သူတို့၏စကားပြောဆိုမှုကို ကြားသောအခါ စိတ်မရှည်တော့ပေ။
သူသည် ယိဝမ်ရုန်ကို ထူးထူးခြားခြားမကြိုက်သော်လည်း ယခုအချိန်တွင် ဝူမိသားစုကို လိုအပ်သည်။ သူမနှင့် ရက်အနည်းငယ်အတူနေပြီးနောက် သူသည် သူမကို အတော်လေး ဟန်ဆောင်ကောင်းသူဟု တွေ့ရှိခဲ့သည်။
( T/N - ဧကရာဇ်တွေများ မိန်းမကြောကျေချက်)
နန်းတော်ထဲမှ အမျိုးသမီးများအားလုံး ဟန်ဆောင်တတ်ကြသော်လည်း သူတို့မည်မျှကောင်းမွန်စွာ ဟန်ဆောင်နိုင်သည့်အပေါ်တွင် ကွာခြားမှုရှိပြီး သူတို့၏အမူအရာသည် သူ့အားမသက်မသာဖြစ်စေသည်။
"ယိဝမ်ရုန်က နေ့လယ်ကတည်းက အမှုတော်ထမ်းနေရတော့ ပင်ပန်းနေမှာပဲ။ မင်းအရင်ပြန်သင့်တယ်။ ယဲ့ယွင်၊ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်တယ်။ မုန့်တွေကို ကျန်းသုံးဆောင်လိုက်မယ်။ မင်းလည်း ပြန်သင့်ပြီ။" နင်ချန်က ထွက်သွားရန်အမိန့်ပေးလိုက်သည်။
မလိုလားသော်လည်း ယိဝမ်ရုန်သည် ထွက်ခွာသွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိဘဲ ယဲ့ယွင်အပေါ် ပြင်းထန်သော မကျေနပ်မှုကို ခံစားလိုက်ရသည်။
သို့သော် ယဲ့ယွင်သည် မထွက်ခွာနိုင်သေးပေ၊ သူမတွင် ဆွေးနွေးရန် အရေးကြီးသောကိစ္စများ ရှိနေသေးတာကြောင့် ဦးညွှတ်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့ လျှောက်တင်စရာရှိလို့ အရှင်မင်းကြီး ခဏလောက်ဆက်နေခွင့်ပြုဖို့ တောင်းဆိုပါတယ်။"
****