← Chapters

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 1 Ch. 13-14

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -13

အပိုင်း ၁၃ ။ ရန်ဖြစ်ခြင်း

နောက်တစ်နေ့တွင် ဝူထုံနန်းဆောင်သို့ ဂါရဝပြုရန် သွားရမည့်နေ့နှင့် တိုက်ဆိုင်နေခဲ့သည်။ တစ်ညလုံး ပင်ပန်းခဲ့သော်လည်း ယဲ့ယွင်သည် အားတင်း၍ စောစောထရသည်။ သူမနေထိုင်ရာနေရာမှာ မိဖုရားခေါင်ကြီး၏ နန်းဆောင်နှင့် အနည်းငယ်ဝေးသောကြောင့် ရောက်သည့်အချိန်မှာ မနောက်ကျသော်လည်း စောမနေခဲ့ပေ။ သူမမှလွဲ၍ စွန်းရှိုးရီတစ်ယောက်သာ မရောက်သေးသောသူဖြစ်သည်။

ယနေ့တွင် ကိုယ်လုပ်တော်များနည်းပါးနေသည်။ နန်းတော်အပြင်သို့ ခေါ်ဆောင်လာသူမှာ နဂိုကတည်းက မများလှသည့်အပြင် လီမိန်ရန်နှင့် ချန်ပေါင်လင်တို့မှာ အကျယ်ချုပ်ကျနေသဖြင့် လူအနည်းငယ်သာ ရှိတော့သည်။

"ယဲ့ဝမ်ရုန်ကတော့ တကယ်ကို နောက်ကျလိုက်တာနော်၊ အရှင်မင်းကြီးကို ခစားရလို့ ပင်ပန်းနေလို့လား၊ ဒီလိုဆိုရင်တော့ အရှင်မင်းကြီးဆီမှာ ခွင့်တိုင်လိုက်ပါလား၊ မိဖုရားခေါင်ကြီးကို ဂါရဝပြုရတာကို စိတ်မပါ့တပါနဲ့ မလုပ်နဲ့လေ"

ဤတစ်ကြိမ်တွင် ပထမဆုံး စကားစသူမှာ ယိဝမ်ရုန်ဖြစ်နေသည်။ သူမ၏ မျက်ဝန်းများမှာ အဆိပ်လူးထားသကဲ့သို့ဖြစ်ပြီး နှုတ်ဖျားမှထွက်လာသော စကားများသည် မကျေနပ်မှုများ အပြည့်ဖြစ်နေသည်။

ယဲ့ယွင် နားမလည်နိုင်ဖြစ်သွားသည်။ ဒီအမျိုးသမီးက အမြဲတစေ သည်းခံခွင့်လွှတ်တတ်ဟန် ဆောင်နေသည်မဟုတ်လား။ ဘာလို့ ဒီနေ့မှ ပုံမှန်နဲ့မတူနေရတာလဲ။

ဟွေယွဲ့က အနားကပ်ကာ သူ့သခင်မအား တိုးတိုးလေး ပြောလိုက်သည်။

"ဝမ်ရုန်၊ အမှန်တော့ မနေ့က အရှင်မင်ကြီးအတွက် ကျွန်တော်မျိုးမတို့ မီးဖိုဆောင်ကို သွားပြီး ဇီးချဉ်ရည်တစ်ဘူး တောင်းခဲ့တယ်၊ ညပိုင်းလည်းဖြစ် နောက်လည်းကျနေပြီဆိုတော့ တစ်ဘူးပဲ ကျန်တော့တယ်၊ မူလက အဲ့ဘူးက ယိဝမ်ရုန်အတွက် ပေးမလို့သိမ်းထားတာတဲ့၊ ဒါပေမဲ့ အရှင်မင်းကြီးက ကျွန်မတို့ ကျိုင်းရှင်းဆောင်မှာ ရှိနေတော့ ကျွန်တော်မျိုးမတို့ဆီကို ပို့လိုက်တာ၊ ဒီကိစ္စကြောင့် ဖြစ်မယ်ထင်တယ်"

မနေ့ညက နင်ချန်သည် ယဲ့ယွင်ကို နှစ်ကြိမ်တိုင်တိုင် နှိပ်စက်ခဲ့သည်။ ဒုတိယအကြိမ်ပြီးသောအခါ ပူလောင်သည်ဟု ခံစားရသဖြင့် ဇီးချဉ်ရည်ကို တောင်းဆိုခဲ့ရာမှ ဤသို့သော ကိစ္စဖြစ်ပွားလာမည်ဟု မထင်ထားခဲ့ပေ။

ထိုဇီးချဉ်ရည်ကို သူမ တကယ်ပင် တစ်ငုံတောင် မသောက်ခဲ့ရပေ။ သောက်တဲ့သူကတစ်ယောက်လေ ဘာလို့သူမက ဒီလိုအပြောခံရမှာလဲ?

"အရှင်မင်းကြီးကို ခစားရတာက ဒီချန်းချဲ့ရဲ့ တာဝန်ပါ၊ ဘယ်လိုလုပ် ပင်ပန်းတယ်လို့ ပြောနိုင်မှာလဲ၊ ပြီးတော့ ချန်းချဲ့က ဂါရဝပြုဖို့ နောက်ကျတာလည်း မဟုတ်ဘူး၊ အစောကြီးရောက်တဲ့သူက စေတနာပိုရှိတယ်ဆိုရင် ယိဝမ်ရုန်က ဒီလောက်စေတနာရှိတာ၊ မိဖုရားခေါင်ကြီးကို တစ်ဖဝါးမှမခွာ စောင့်ရှောက်မလို့လား"

ယဲ့ယွင်သည် မိမိအမှားမလုပ်ပဲနဲ့စွပ်စွဲခံရသည့်အတွက် လုံးဝအားမနာနိုင်ပေ။ သူမသည် မူလကတည်းက ဒေါသကြီးသော ငရုတ်သီးစိမ်း လမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီးသားဖြစ်ပြီး သူမကိုတုတ်နဲ့လာထိုးသူမှန်သမျှ တစ်ယောက်ပြီးတစ်ယောက် ရန်တွေ့မည်သာဖြစ်သည်။

"အို၊ ဒါက ဘယ်လိုဖြစ်ကြတာလဲ၊ မနက်စောစောစီးစီး ရန်ဖြစ်နေကြတာလား"

စွန်းရှိုးရီက အစေခံမလေး၏ လက်ကိုတွဲကာ ဝင်လာရင်း မီးမွှေးပေးသည့် စကားတစ်ခွန်း ဝင်ပြောသည်။

ယဲ့ယွင်က မေးလေးပင့်ကာ လှပသော မျက်ဝန်းများကို စူးရှစေလျက် မထီမဲ့မြင်ပြုဟန်ပြသည်။

"ရှိုးယီ မသိလို့ပါ၊ မနေ့ညက အရှင်မင်းကြီးက မီးဖိုဆောင်က ဇီးချဉ်ရည်တစ်ခွက် သောက်ချင်လို့ ချန်းချဲ့တို့ကို စားဖိုဆောင်မှာ သွားတောင်းခိုင်းတာ၊ မထင်မှတ်ဘဲ အဲဒါက နောက်ဆုံးတစ်ခွက်ဖြစ်နေပြီး ယိဝမ်ရုန်က အရင်တောင်းထားတာဆိုပဲ၊ ဒါပေမဲ့ ချန်းချဲ့တို့ကအရှင်မင်းကြီးကိုပဲ ဦးစားပေးရမှာပေါ့ မဟုတ်ဘူးလား၊ အဲ့ဒါကို ယိဝမ်ရုန်က ဒီချန်းချဲ့က သူ့ဆီက တမင်လုတယ်လို့ ထင်ပြီး မနက်စောစောစီးစီး ချန်းချဲ့ကို ရန်ရှာနေတာလေ”

ထိုစကားများကြောင့် ယိဝမ်ရုန်၏ မျက်နှာမှာ ရှက်ရွံ့ပြီး အနေရခက်သွားသည်။ သူမလည်း ခဏတာ ဒေါသထွက်သွားခြင်းကြောင့် ပြောမိသွားခြင်းဖြစ်သည်။ အရင်အခေါက်နန်းဆောင်ထဲတွင် ယဲ့ယွင်က သူမရှေ့တွင်ပင် ပေါ်တင်ဧကရာဇ်ကိုလုသွားခဲ့ပြီး ယခု ဇီးချဉ်ရည်တစ်ခွက်ကိုပင် အလုခံရရာ ဘယ်လိုလုပ် စိတ်မဆိုးဘဲနေမှာလဲ။ သို့သော် ဤသို့သော ကိစ္စမှာ ပြောထွက်လျှင်လည်း ရှက်စရာကောင်းလှသည်။ စားစရာတစ်ခုအတွက်နှင့် သူမကို စိတ်ထားသေးသိမ်သူဟု ထင်စေနိုင်သည်။

ထို့အပြင် ထိုဇီးချဉ်ရည်မှာ တကယ်လည်း ဧကရာဇ်တောင်းဆိုခဲ့ခြင်းဖြစ်ရာ သူမအနေဖြင့် အလျှော့ပေးသင့်သည်။ ယဲ့ယွင်က လူအများရှေ့တွင်ပွင့်လင်းစွာပြောလိုက်သဖြင့် သူမတွင်လည်း ချေပစရာ စကားများမရှိသောကြောင့် အောင့်သက်သက်ဖြင့်သာ လက်ခံရတော့သည်။

ထင်သည့်အတိုင်းပင် စွန်းရှိုးရီက လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ရယ်မောသည်။

"ဘာများလဲလို့၊ ဇီးချဉ်ရည်တစ်ခွက်အတွက်နဲ့ ဒီလို ရန်ရှာနေစရာ လိုလို့လား၊ ယိဝမ်ရုန်လည်း နားလည်မှုရှိပေးလေ၊ ဒါက မင်းအိမ်မှာနေတုန်းကလို လိုချင်တာအကုန်ရတဲ့အချိန် မဟုတ်တော့ဘူး"

ဆက်တိုက် အနှိမ်ခံနေရသော်လည်း စွန်းရှိုးရီ၏ ရာထူးက မြင့်သောကြောင့် သူမ ပြန်မပြောဝံ့ဘဲ မျက်နှာမှာ နီရဲလာသည်။ ရှက်၍လော ဒေါသထွက်၍လော မသိနိုင်ခဲ့ပေ။

ယောင်ပေါင်လင်ကလည်း မပြင်းမပျော့သော ဓားတစ်ချက် ထပ်ထိုးလိုက်သည်။

"ဒီချန်းချဲ့ကလည်း ဒါက နားလည်မှုလွဲတာပဲ ဖြစ်မှာပါလို့ တွေးနေတာ၊ ယဲ့ဝမ်ရုန်က အကျင့်စာရိတ္တကောင်းမွန်သူပါ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို တမင်လုပ်မှာလဲ"

သူမသည် ဤရက်ပိုင်းအတွင်း ယဲ့ယွင်နှင့် အဆက်အသွယ်များနေပြီး ယခုအခါ ယဲ့ယွင်ဘက်မှ စကားပြောပေးသောကြောင့် ယိဝမ်ရုန်က သူတို့နှစ်ဦးကို တစ်လှေတည်းစီးသူများဟု ထင်မြင်သွားခဲ့သည်။

ဤယဲ့ယွင်မှာ သူမနှင့် ရာထူးတူသဖြင့် များများမပြောသာသော်လည်း ယောင်မျိုးနွယ် ပေါင်လင်အဆင့်မျှဖြင့် မိမိကို လာရောက်လှောင်ပြောင်ရဲတယ်တဲ့လား။

"ငါတို့စကားပြောနေတာကို နင်ဝင်ပြောစရာလား၊ မယ်တော်ကြီးရဲ့ ထောက်ခံမှုကို ရထားတယ်ဆိုတိုင်း ဇောင်းကြွမနေသင့်ဘူး၊ ယောင်ပေါင်လင် နည်းနည်းထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်၊ မဆိုင်တာတွေ ဝင်ဝင်ပါပြီး မယ်တော်ကြီးကို ဒုက္ခမပေးစမ်းနဲ့"

ယိဝမ်ရုန်က ဒေါသတကြီးဖြင့် ပြောဆိုကာ ဒေါသအားလုံးကို ယောင်ပေါင်လင်အပေါ် ပုံချလိုက်သည်။

"ဒါ ဘာဖြစ်နေကြတာလဲ၊ မနက်စောစောစီးစီး ဆူဆူညံညံနဲ့၊ ဘယ်လိုပုံစံလဲ"

မိဖုရားခေါင်ကြီးသည် လုံလောက်အောင် နားထောင်ပြီးမှ ထွက်လာရာ အားလုံးမှာ အလျင်အမြန် ထရပ်၍ အရိုအသေပြုကြသည်။

"မလိုဘူး၊ အားလုံးထိုင်ကြ"

မိဖုရားခေါင်ကြီးက လက်ကာပြကာ အောက်ကို တစ်ချက်ကြည့်လိုက်သည်။

"ပန်းကုန်းကြည့်ရတာ ယိဝမ်ရုန်ရဲ့ မျက်နှာမကောင်းဘူး၊ နေမကောင်းဘူးလား"

"ဒီချန်းချဲ့လည်း ယိဝမ်ရုန်က ဖျားပြီး အတွေးမှားနေတယ်လို့ ထင်မိတယ်၊ မနက်စောစော ယဲ့ဝမ်ရုန်နဲ့ ရန်ဖြစ်တယ်၊ ခုနကလည်း ဒီချန်းချဲ့ကို ရန်ရှာတယ်၊ ပြီးတော့ မယ်တော်ကြီးကိုပါ ဆွဲထည့်ပြီး ဘာဒုက္ခပေးတယ် မပေးဘူးနဲ့၊ မယ်တော်ကြီးက အကြီးအကဲတစ်ယောက်ပါ၊ ယိဝမ်ရုန်က ဒီလို ကွယ်ရာမှာ မတရားပြောဆိုနေတာ မသင့်လျော်ဘူးလားလို့လေ။”

ယောင်ပေါင်လင်သည် ပြောရင်းဆိုရင်း မျက်ရည်များ ဝဲလာကာ အလွန်ဝမ်းနည်းနေဟန်ပြသည်။ "အကြီးအကဲ" ဆိုသည့် စကားလုံးဖြင့် ဖိလိုက်ရာ ယိဝမ်ရုန်မှာ ချေပနိုင်ခြင်းမရှိတော့ပေ။

မိဖုရားခေါင်ကြီးက ယောင်မျိုးနွယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဤအမျိုးသမီးမှာလည်း စကားပြောကောင်းသူဖြစ်သည်ဟု စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။ မျိုးရိုးမြင့်မှ ဆင်းသက်လာသူပီပီ စကားအနည်းငယ်ဖြင့် ယိဝမ်ရုန်ကို ချေပနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်ခဲ့သည်။

သို့သော် ဧကရာဇ်သည် ယခုနောက်ပိုင်း ဝူမိသားစုကို အားကိုးနေသည်မှာ မိဖုရားခေါင်ကြီး မမြင်လိုသည့်အရာဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် ယောင်ပေါင်လင်မှာ မယ်တော်ကြီး၏ တူမဖြစ်ပြီး မယ်တော်ကြီး အသက်ရှင်နေသမျှ ခေါင်းဖော်နိုင်ရာ ကြောက်စရာမလိုပေ။

"တော်ပြီ၊ ယောင်ပေါင်လင်ရဲ့ ရိုသေမှုကို ပန်းကုံးသိတယ်၊ ယိဝမ်ရုန်လည်း နောင်ကို စကားပြောဆင်ခြင်ရမယ်၊ သူများအပြောအဆိုခံရအောင် မလုပ်နဲ့၊ အရှင်မင်းကြီးက မိဘကို ရိုသေသူဖြစ်လို့ ပန်ကုံးတို့လည်း ကြီးသူကိုရိုသေရမယ်"

မည်သို့ပင်ဖြစ်စေ ယိဝမ်ရုန်မှာ ယနေ့တွင် မိဘကို မရိုသေသူဟူသော အမည်တွင်သွားခဲ့သည်။ မိဖုရားခေါင်ကြီးက အခြားအပြစ်ဒဏ်မပေးသော်လည်း သူမကို အတော်အတန် ဒေါသထွက်စေရန် လုံလောက်သည်။

.........

ဝူထုံနန်းဆောင်မှ ထွက်လာသောအခါ ယောင်ပေါင်လင်က စကားပြောရန် ချဉ်းကပ်လာဟန်ရှိသောကြောင့် ယဲ့ယွင်က ခြေလှမ်းသွက်သွက်ဖြင့် သူမနှင့် လွဲသွားအောင် လုပ်လိုက်သည်။

လိုက်သွားရန် မကောင်းသောကြောင့် ယောင်ရှန်းသည် မျက်လွှာချကာ ထိုအေးစက်သော အလင်းရောင်တစ်ချက်ကို ဖုံးကွယ်လိုက်ပြီး လက်လျှော့လိုက်ရသည်။

ဤဘက်တွင်မူ ကံကောင်းသည်လော ကံဆိုးသည်လောမသိ၊ ယဲ့ယွင်နှင့် ယိဝမ်ရုန်တို့ လမ်းတစ်လမ်းတည်းဖြစ်နေပြီး ရှေ့ဆင့်နောက်ဆင့် လျှောက်နေကြသည်။

ယိဝမ်ရုန် အရင်ရောက်သော်လည်း အထဲမဝင်ဘဲ ခြံဝင်းတံခါးဝတွင် ယဲ့ယွင်ရောက်အလာကို စောင့်နေသည်။

ယိဝမ်ရုန်မှဦးစွာ စကားစလိုက်သည်။

"မယ်တော်ကြီးကို အားကိုးရုံနဲ့ နင့်ကိုနင်

သိပ်ဟုတ်နေပြီလို့မထင်နဲ့၊ အဆင့်ခြောက် ဝမ်ရုန်တစ်ယောက်ဖြစ်ပြီးတော့ ပေါင်

လင်အဆင့်လောက်ကို သွားပြီး မြှောက်ပင့်မိတ်ဆွေဖွဲ့နေတာ ရှက်ဖို့တောင် ကောင်းတယ်၊ တိုင်းပြည်ကိုစောင့်ရှောက်တဲ့နင့်အဖေစစ်သူကြီးရဲ့ နာမည်ကို မညှိုးနွမ်းစေနဲ့"

"ဝူမျိုးရိုး၊ နင်နဲ့ငါက ဝမ်ရုန်အဆင့်အတူတူပဲ၊ ငါနင့်ကို မရိုက်ရဲဘူးလို့များ နင်ထင်နေလား"

ယဲ့ယွင်က ပြုံးတစ်ဝက်ရယ်တစ်ဝက်ဖြင့် သူမကို ကြည့်နေပြီး စူးရှသော အကြည့်များက လူကို စိတ်ထဲတွင် ချမ်းစိမ့်သွားစေသည်။

"နင်လုပ်ရဲလို့လား၊ ငါက ဘွဲ့အမည်ရထားတဲ့ဝမ်ရုန်ပဲ၊ တွက်ကြည့်ရင် နင့်ထက် ငါကပိုပြီးအဆင့်မြင့်တယ်၊ ပြီးတော့ငါ့အဖေက အဆင့်နှစ် အမတ်ကြီး၊ အရှင်မင်းကြီးကခုချိန်မှာ ဝူမိသားစုကို အရေးပေးထားတာ နင့်ကို ရိုင်းစိုင်းခွင့်ပြုမယ်ထင်နေလား?"

ယိဝမ်ရုန်သည် လက်ကိုင်ပဝါကို ဆုပ်ကိုင်ထားသော လက်ကို တင်းကြပ်လိုက်ပြီး အားနည်းနေသော်လည်း အလျှော့မပေးလိုပေ။

"အင်း... ငါပြောရရင်တော့ နင်လည်း တကယ်ဦးနှောက်မရှိတာပဲ၊ အဆင့်နှစ်

အမတ်အဆင့်လောက်ကိုများ ငါနဲ့မျိုးရိုးလာပြိုင်နေတာလား"

ယဲ့ယွင်က ယပ်တောင်ကို ဖြည်းညင်းစွာ ခတ်ရင်း မျက်ဝန်းများမှာ အေးစက်သွားသည်။

"ငါ့အဖေနဲ့ ဦးလေးတွေက တိုင်းပြည်ရဲ့စစ်စေနာပတိချုပ်တွေ၊ စစ်ပွဲတိုင်းအောင်ပွဲတွေရခဲ့ပြီး အသက်ပေါင်းများစွာကိုကယ်တင်ခဲ့တာ၊ အရင်ဧကရာဇ်

ကိုယ်တိုင်ကလည်း ငါတို့မိသားစုကိုချီးမြှင့်ခဲ့ပြီးသား၊ အရှင်မင်းကြီးက အခုချိန်မှာ ဝူမိသားစုကို အလေးပေးထားတယ်ဆိုပေမဲ့ အတိတ်ကစွမ်းဆောင်ခဲ့တဲ့သူရဲ့မျိုးဆက်ကို မျက်ကွယ်ပြုထားမယ်ထင်လို့လား? နန်းတွင်းအမတ်တွေကကော ဒီအတိုင်း ရပ်ကြည့်နေမယ်ထင်လို့လား?

နင်တို့ဝူမိသားစုကသာ တောင့်ခံထားနိုင်ဖို့သေချာလေး ဆုတောင်းအုံး!

ထိုမိန်းကလေးက တစ်လှမ်းချင်း တိုးကပ်လာပြီး စကားတစ်ခွန်းချင်းစီတိုင်းမှာ ကျိုးကြောင်းဆီလျော်မှုရှိတဲ့အပြင် မိဘနှင့်လူကြီးသူမများကို ရိုသေခြင်းတရားများဖြင့် ပြည့်နှက်နေသဖြင့် ယိဝမ်ရုန်က စကားတစ်ခွန်းမှ မပြောနိုင်အောင် ဖြစ်နေခဲ့သည်။

သူမ နောက်ဆုံးတွင် ငြိမ်သက်သွားသည်ကို မြင်မှ ယဲ့ယွင်က နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်သည်။

"ယိဝမ်ရုန် ချန်းချဲ့ရဲ့စကားတွေကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်၊ ဒီချန်းချဲ့က မိဘကို ရိုသေတတ်သူပါ၊ သူများတွေပါးစပ်ကကိုယ့်မိသားစုအကြီးအကဲတွေအကြောင်း နှိမ်ပြောတာကို သည်းမခံနိုင်ဘူးလေ၊ ပြီးတော့ ချန်းချဲ့က အလိုလိုက်ခံပြီးကြီးလာတာဆိုတော့ နည်းနည်းဒေါသကြီးတဲ့ စရိုက်ရှိတယ်၊ လီမိန်ရန်ရဲ့ အစေခံကိုတောင် ရိုက်ခဲ့တာ၊ တကယ်ဒေါသထွက်လာရင် ယိဝမ်ရုန်ကိုလည်း အားနာနေမှာ မဟုတ်ဘူးနော်"

စကားဆုံးသည်နှင့် ဟွေယွဲ့၏ လက်ကိုတွဲကာ လှည့်ထွက်သွားသည်။

ယိဝမ်ရုန် ဒေါသထွက်လွန်း၍ မူးလဲမတတ်ဖြစ်သွားသည်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးအနေဖြင့် ယဲ့ယွင်ကဲ့သို့သော စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးနှင့် မယှဉ်နိုင်ပေ။ နေ့စဉ်နေ့တိုင်း မည်မျှပင် ဟန်ဆောင်ကောင်းနေစေကာမူ ဤအချိန်တွင်မူ သည်းမခံနိုင်တော့ပေ။

ခြံထဲသို့ပင် မဝင်တော့ဘဲ ချက်ချင်း ကျိုချန်နန်းဆောင်သို့ ထွက်ခွာသွားသည်။

( ကျိုချန်နန်းဆောင်က မီတို့ရဲ့မျက်နှာများတဲ့ ဧကရာဇ်ရဲ့အဆောင်ပါ )

.......

"ဝမ်ရုန်၊ အရှင်မင်းကြီးက ဝမ်ရုန့်ကို အပြစ်တင်ရင် နူးဘီတို့ဘယ်လိုလုပ်ကြမလဲ"

ဟွေယွဲ့က အလွန်စိုးရိမ်နေသည်။

ယဲ့ယွင်ကမူ ဂရုမစိုက်ဘဲ အခါးရည်ကြမ်းသောက်ရင်း အေးဆေးတည်ငြိမ်နေသည်။

"အပြစ်တင်ချင်တယ်ဆိုရင်လည်း တင်ပေါ့၊ အလွန်ဆုံးမှ ဆူပူကြိမ်းမောင်းရုံပဲ၊ ငါ့ကိုဧကရာဇ်က နာကျင်အောင်လုပ်မှာ မဟုတ်ဘူး၊ ဒီအနောက်ဆောင်မှာ လူတိုင်းကိုသည်းခံပေးနေရင် သူတို့ရောင့်တတ်ကြလိမ့်မယ်၊ အနောက်ဆောင်မှာ မျက်လုံးတွေက ဒီလောက်များတာ သေချာပေါက် ငါ့စရိုက်ကို လူတိုင်းသိသွားလေကောင်းလေပဲ”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -14

အပိုင်း ၁၄ ။ ကိုယ်ဝန်ရှိခြင်း

ယဲ့ယွင် ထင်ထားသည့်အတိုင်းပင်၊ တစ်နာရီမပြည့်မီ ကျိုချန်နန်းဆောင်ဘက်မှ အစေခံတစ်ဦး အမိန့်တော်ပါးရန် ရောက်လာသည်။

ဧကရာဇ်၏ နှုတ်မိန့်တော်အရ ယဲ့ဝမ်ရုန်အား ပါးစပ်မစောင့်စည်းသည့်အတွက်

နန်းတွင်းစည်းကမ်း သုံးကြိမ်ကူးရန် အပြစ်ပေးလိုက်သည်။ နောက်တွင် စည်းကမ်းနှင့် ဓလေ့ထုံးစံများကို လိုက်နာရန်ပါ သတိပေးခဲ့သည်။

ဤသည်မှာ အမှန်တကယ် နာကျင်စေခြင်းမရှိသော အပြစ်ဒဏ်ဖြစ်သည်။ အကျယ်ချုပ်လည်းမချ၊ ကြမ်းတမ်းစွာ ဆူပူကြိမ်းမောင်းခြင်းလည်းမရှိ၊ နန်းတွင်းစည်းကမ်းကူးခိုင်းရုံသာဖြစ်သည်။ လီမိန်ရန်၏ မပြီးမချင်း အပြင်မထွက်ရဟူသော အပြစ်ဒဏ်နှင့် နှိုင်းယှဉ်လျှင် ဤသည်ကဘာမှမဟုတ်ပေ။

ယိဝမ်ရုန်မှာ ဤရလဒ်ကို ကျေနပ်ခြင်းမရှိသော်လည်း အပြင်တွင် မပြသနိုင်ပဲ နှုတ်ခမ်းကိုက်၍ သည်းခံရုံသာတတ်နိုင်သည်။ ကံကောင်းသည်မှာ နင်ချန်က ယဲ့ယွင်ကို အပြစ်ပေးပြီး သူမကို ဆုလာဘ်များ ပေးသနားသဖြင့် သူမ၏ မျက်နှာကို ထောက်ထားရာရောက်သည်။

( ယိဝမ်ရုန်ကို ဆုလာဘ်ပေးသနားတာပါ)

.....

မထင်မှတ်ဘဲ မိဖုရားခေါင်ကြီးက ဤအကြောင်းကို ကြားသိပြီးနောက် အနည်းငယ်စဉ်းစားကာ ဧကရာဇ်၏ ခြေလှမ်းအတိုင်း ကျိုင်းရှင်းဆောင်သို့ လူလွှတ်၍ ဆူပူကြိမ်းမောင်းစေခဲ့သည်။

ဤအချက်က ယဲ့ယွင်ကို အလွန်ရွံရှာသွားစေခဲ့သည်။

လူတစ်ယောက်အနေဖြင့် ဤမျှ သိသာထင်ရှားစွာ နှစ်ဖက်ချွန် မလုပ်သင့်ပေ။ ယနေ့ ဝူထုံနန်းဆောင်တွင် မိဖုရားခေါင်ကြီးသည် ယိဝမ်ရုန်ဘက်မှ တစ်စက်ကလေးမျှ မျက်နှာမလိုက်သည့်အပြင် အနည်းငယ် ဆူပူကြိမ်းမောင်းခဲ့သေးသည်။ ယခုအခါ ဧကရာဇ်နောက်လိုက်ကာ သူမကို လာရောက်ဆူပူကြိမ်းမောင်းပြန်သည်။

ဧကရာဇ်တစ်ဦးတည်း အပြစ်ပေးလျှင် တော်သေးသည်။ မိဖုရားခေါင်ကြီးက ထပ်ဆင့် ဧကရာဇ်တိုင်း အာဏာပြတာက

သူမအား အထင်သေးသည့် သဘောလား?

......

မော့လန်ဆောင်တွင် ကျင်းကျောင်းရီသည် အစေခံမလေး၏ နှိပ်နယ်ပေးခြင်းကို ခံယူနေသည်။ အပြင်မှ သတင်းကို ကြားသောအခါ အပြုံးရိပ်များ ပေါ်လာသည်။

"ငါက မိဖုရားခေါင်ကြီးကို တော်တော်

ဉာဏ်ကောင်းလာပြီ ထင်နေတာ၊ ဒီလောက်နှစ်တွေကြာတာတောင် ဒီအတိုင်းပဲ၊ ယဲ့မျိုးရိုးက စစ်သေနာပတိချုပ်ရဲ့မျိုးဆက်၊ အရှင်မင်းကြီး နန်းတက်တာ ဘယ်လောက်ကြာသေးလို့လဲ၊ ယဲ့မျိုးရိုးကို လွယ်လွယ်နဲ့ဖယ်ရှားလို့ မရတဲ့အပြင်

အပြစ်ကြီးကြီးပေးလိုက်ရင် သေချာပေါက် အမတ်တွေက ငြိမ်နေကြမှာမဟုတ်ဘူး။အဲ့တာကြောင့် အရှင်မင်းကြီးက သက်သက်သာသာနဲ့သူမကို စကားနှစ်ခွန်းနဲ့သတိပေးယုံပဲလုပ်ခဲ့တာ၊ ဒါပေမဲ့ မိဖုရားခေါင်ကြီးကတော့ သဘောမပေါက်ဘူးနဲ့တူပါတယ်၊ သူက လိုက်ပါလုပ်လိုက်သေးတယ်၊ ဒါက အရှင်မင်းကြီးကို မီးကင်သလို ဖြစ်မနေဘူးလား"

"မိဖုရားခေါင်ကြီးက အမြဲဒီလိုပဲ၊ ဘယ်သူကောင်းစားတာကိုမှ မမြင်နိုင်ဘူး၊ အခွင့်အရေးရရင် ဘယ်နေရာမဆို ရိုက်ချင်တာပဲ၊ အဲဒီ ယန်ချိုက်နွီကို ကြည့်ပါလား၊ တစ်နေ့လုံး မိဖုရားခေါင်ကြီးရဲ့ အစေခံမလိုပဲ၊ ဆံပင်ဖြီးတာ၊ မျက်နှာသစ်တာတွေ သွားခစားနေရတယ်လို့ ကြားတယ်"

နျန့်ကျူးက ရွံရှာစွာ ပြောသည်။

ကျင်းကျောင်းရီက မျက်လွှာချကာ တိုးတိုးလေး ရေရွတ်သည်။

"ဟုတ်တယ်၊ ရှဲ့မျိုးနွယ်က တကယ်ကို သုံးတဲ့နည်းလမ်းတွေ သိပ်မကောင်းဘူး"

သို့သော် ဤသို့သော သိပ်မတော်သည့် လူတစ်ယောက်ကပင် ထိုစဉ်က သူမ၏ ခြောက်လအရွယ် ကိုယ်ဝန်ကို ပျက်ကျစေခဲ့သည်။ ထိုကိုယ်ဝန်မှာ ယောက်ျားလေးကိုယ်ဝန်ဖြစ်သည်။ ထိုအချိန်မှစ၍ သူမ၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး နောက်ထပ်ကိုယ်ဝန်မဆောင်နိုင်တော့ဘဲ ဧကရာဇ်ကလည်း တဖြည်းဖြည်း သူမကို အဆောင်တော်မခေါ်တော့ပေ။

ကံကောင်းသည်မှာ ဧကရာဇ်သည် အရင်ကဆက်ဆံရေးကို တန်ဖိုးထားသူဖြစ်ပြီး နန်းတော်ထဲဝင်သည်နှင့် သူမကို တော်ဝင်ကိုယ်လုပ်တော်ကိုးပါးထဲတွင် အမြင့်ဆုံးဖြစ်သော ကျောင်းယီရာထူးကို ပေးခဲ့သည်။

နောင်တွင် ဤနန်းတော်ထဲတွင် လူများ ပိုများလာမည်ဖြစ်ပြီး မိဖုရားခေါင်ကြီးက အမြဲတမ်း တစ်ဦးတည်း အာဏာစက်ပြနိုင်မည်မဟုတ်ပေ။ တစ်နေ့နေ့တွင် သူမသည် ထိုကလေးအတွက် လက်စားချေမည်ဖြစ်သည်။

သူမ၏ ဝမ်းနည်းပြီး မကျေမနပ်ဖြစ်နေသော အမူအရာကို ကြည့်ရင်း နျန့်ကျူးသည် သခင်မဖြစ်သူ ထိုကလေးကို ပြန်လည်သတိရနေမှန်း သိသဖြင့် စိတ်ထဲတွင် ဝမ်းနည်းသွားသည်။ သို့သော် မသိဟန်ဆောင်ကာ ကျင်းကျောင်းရီကို မိမိဘာသာ ဖြေဆည်စေရန်သာ ထားလိုက်ရသည်။

......

ညစာစားချိန်တွင် ဧကရာဇ်က ကျောက်ကျယ်ယွီကို ခစားရန် ခေါ်ယူခဲ့သည်။

စည်းကမ်းအရ ညစာခစားပြီးလျှင် တိုက်ရိုက်အဆောင်တော်ဝင်ရမည်ဖြစ်သော်လည်း မထင်မှတ်ဘဲ ကျောက်ကျယ်ယွီသည် ညစာခစားရုံသာ ခစားခဲ့ရသည်။ ထိုညတွင် ဧကရာဇ်က ဝမ်မိန်ရန်ကို အဆောင်တော်ဝင်ရန် ရွေးချယ်ခဲ့သည်။

ကျောက်ကျယ်ယွီသည် ကျိုချန်နန်းဆောင်မှ ထွက်လာသောအခါ မျက်နှာမှာ မဲမှောင်နေပြီး ပြန်ရောက်သည်နှင့် အခါးရည်အိုးတစ်စုံကို ရိုက်ခွဲပစ်ခဲ့သည်ဟု ကြားရသည်။

မိဖုရားခေါင်ကြီးဘက်တွင်လည်း အခြေအနေမကောင်းလှဘဲ ကျောက်ကျယ်ယွီထက်ပင် ပို၍ ထိတ်လန့်နေသည်။ သူမလည်း ယခုမှ နောက်ကျစွာ သိမြင်လာပြီး ယနေ့ ယဲ့ယွင်ကို လိုက်ပြီး အပြစ်မပေးသင့်မှန်းနားလည်လာခဲ့သည်။ သို့သော် နောင်တရနေလို့လဲ အသုံးမဝင်တော့သည့်အတွက် ဖြေရှင်းရန် နည်းလမ်းက်ိုသာရှာရမည်ဖြစ်သည်။

ယခုအခါ ဧကရာဇ်သည် ကျောက်ကျယ်ယွီကို မျက်နှာမသာမယာ ပြုလုပ်ခဲ့သော်လည်း ကျောက်ကျယ်ယွီသည် နန်းတော်တစ်ခုလုံးသိသော မိဖုရားခေါင်ကြီး၏ လူဖြစ်ရာ ဤသည်မှာ မိဖုရားခေါင်ကြီး၏ မျက်နှာကို ဖြတ်ရိုက်ခြင်းပင်ဖြစ်သည်။

ယဲ့ယွင်နှင့် ယိဝမ်ရုန်တို့၏ ရန်ပွဲသည် နန်းတွင်းဆောင်၏ အခြေအနေကို အကြိမ်ကြိမ် ပြောင်းလဲစေခဲ့သည်ဟု ဆိုရမည်။

ကံကောင်းသည်မှာ ယခုအခါ သုံးရက်တစ်ကြိမ်သာ ဂါရဝပြုရသဖြင့် မိဖုရားခေါင်ကြီးအနေဖြင့် လူအများနှင့် တွေ့ဆုံရမည့် အနေရခက်သည့် အခြေအနေမှ လွတ်မြောက်ခဲ့သည်။

ယဲ့ယွင်မှာမူ ဤသုံးရက်အတွင်း နန်းတွင်းစည်းကမ်းများကို ကောင်းစွာ ကူးရေးခဲ့သည်။

ဤသို့ မငြိမ်မသက်ဖြစ်နေစဉ်အတွင်း ရှပေါင်လင်က မိမိတွင် နှစ်လခွဲအရွယ် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ရုတ်တရက် ထုတ်ဖော်ပြောကြားလိုက်သည်။

သတင်းထွက်ပေါ်လာသည်နှင့် ကျောက်တစ်လုံးဖြင့် လှိုင်းထောင်ပေါင်းများစွာ ထစေသကဲ့သို့ လင်ရှီးဥယျာဉ်တစ်ခုလုံး အာရုံစိုက်လာကြသည်။

........

"ဝမ်ရုန်၊ ကျွန်တော်မျိုးမ ကြည့်ရတာ တခြားသူတွေအားလုံး သွားကြပြီ"

လုမေ့က သတိထားကာ ဝင်ရောက်လျှောက်တင်သည်။

ယဲ့ယွင်က စိတ်ရှုပ်စွာဖြင့် နှာခေါင်းကို ပွတ်သပ်ကာ လက်ထဲမှ စုတ်တံကို ပစ်ချလိုက်သည်။

"တခြားသူတွေအားလုံး သွားရဲ့သားနဲ့ ဝမ်ရုန် မသွားရင် မကောင်းဘူးလေ၊ သွားပြီး မျက်နှာပြရုံပါပဲ၊ ပြန်လာရင် ကျွန်တော်မျိုးမ ဝမ်ရုန်အတွက် ဗာဒံစေ့နို့ပူတင်း လုပ်ပေးမယ်လေ မကောင်းဘူးလား"

ဟွေယွဲ့က စိတ်ရှည်စွာဖြင့် ချော့မော့ပြောဆိုသည်။ မိမိသခင်မသည် ယခုအချိန်တွင် နန်းတွင်းစည်းကမ်းကူးရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေမှန်း သူမသိသည်။

"ဒါဆိုလည်း သွားကြတာပေါ့၊ အဝတ်အစားလဲစရာ မလိုတော့ဘူး"

ယဲ့ယွင်က မတတ်သာစွာဖြင့် ထရပ်လိုက်သည်။ မူလကတည်းက သွားချင်စိတ်မရှိရာ ပြင်ဆင်ချင်စိတ်လည်း မရှိပေ။

လုယန်က အလျင်အမြန် ထီးသွားယူလာသည်။ ယခုအချိန်တွင် အပြင်မှာ အလွန်ပူနေသည်။

သူမရောက်သွားသောအခါ ရှပေါင်လင်၏ ယန်ယွီဆောင်တွင် လူအများအပြား ရောက်နှင့်နေပြီဖြစ်ပြီး သူမသည် နောက်ဆုံးရောက်သူဖြစ်နေသည်။

ယဲ့ယွင်သည် တိတ်ဆိတ်စွာဖြင့် ထောင့်တစ်နေရာတွင် နောက်ခံပန်းချီကားကဲ့သို့ ရပ်နေသည်။ မည်သူမျှ သူမကို သတိထားမိမည်မဟုတ်ဟု ထင်ခဲ့သော်လည်း နင်ချန်ကမူ သူမကို မြင်တွေ့သွားသည်။

အခြားကြောင့်မဟုတ်၊ သူမ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ရိုးစင်းသောကြောင့်ဖြစ်သည်။ မြူခိုးပြာရောင် ဝတ်စုံဖြင့် ဆံပင်ကို အသုံးအများဆုံးပုံစံဖြင့် ထုံးထားပြီး ဆံထိုးအတိုနှစ်ချောင်းနှင့် အရှည်တစ်ချောင်းကိုသာ ထိုးထားကာ မျက်နှာတွင်လည်း အလှပြင်ပစ္စည်းများ လိမ်းကျံထားခြင်းမရှိပေ။

အချိန်တွက်ကြည့်လျှင် ဤအချိန်သည် နေ့လယ်အိပ်ချိန်ဖြစ်ရာ ဤအမျိုးသမီးမှာ အိပ်ရာမှ နှိုးခံရခြင်းဖြစ်မည်။

မည်သို့ပင်ဖြစ်စေ အနည်းငယ်ပြင်ဆင်ထားသော အခြားကိုယ်လုပ်တော်များနှင့် နှိုင်းယှဉ်လျှင် ယခုအချိန်တွင် နင်ချန်သည် ယဲ့ယွင်ကို ကြည့်ရတာ အအေးချမ်းဆုံးဟု ခံစားမိသည်။

"အရှင်မင်းကြီး"

မိဖုရားခေါင်ကြီးက စုချင်၏ လက်ကိုတွဲကာ အတွင်းခန်းမှ ထွက်လာပြီး မျက်နှာတွင် အပြုံးများဖြင့် ဆိုသည်။

"သမားတော်က ပြောပါတယ်၊ ရှပေါင်လင်ရဲ့ ကိုယ်ဝန်က တည်ငြိမ်ပြီး ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်၊ နောက်ပိုင်း အစားအသောက်ကိုသာ ဂရုစိုက်ဖို့ လိုပါတယ်"

နင်ချန်က အတွေးများကို ပြန်စုစည်းလိုက်ပြီး မျက်ဝန်းထဲတွင်လည်း အပျော်ရိပ်များ သန်းကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ လင်ရှီးဥယျာဉ်မှာလည်း အချိန်အတော်ကြာ နေရဦးမှာဆိုတော့ နန်းတော်ပြန်တဲ့အချိန်ကျရင် ရှပေါင်လင်ရဲ့ ကိုယ်ဝန်ကလည်း သုံးလပြည့်သွားပြီ၊ ခရီးဒဏ်ကို မစိုးရိမ်ရတော့ဘူး"

ရှမျိုးရိုးသည် မယ်တော်ကြီး အကြံပြုခဲ့သော လူဖြစ်သော်လည်း ကိုယ်ဝန်မှာ သူ့ကလေးဖြစ်ရာ နင်ချန် ပျော်ရွှင်မိသည်။

"အခု ဝမ်ဖေးလည်း ကိုယ်ဝန်ရှိတယ်၊ ရှပေါင်လင်လည်း ကိုယ်ဝန်ရှိတယ်၊ လာမယ့်နှစ်ဆိုရင် နန်းတော်ထဲမှာ မင်းသမီးကြီးတစ်ယောက်တည်း မဟုတ်တော့ဘူး၊ စည်ကားတော့မှာပဲ"

ကျင်းကျောင်းရီက ပြုံးကာ ပြောသည်။ သူမသည် အမြဲတစေ တိတ်ဆိတ်ပြီး စကားနည်းသူဖြစ်သည်။ ယခုအခါ မျက်နှာတွင် ပြုံးနေသော်လည်း မျက်ဝန်းအောက်ခြေတွင်မူ မနာလိုမှုများ ပို၍များနေသည်။

နင်ချန်သည် ထိုစဉ်က အကြောင်းအရာများကို အနည်းငယ် ပြန်လည်သတိရသွားပြီး နှစ်သိမ့်စကားအနည်းငယ် ပြောဆိုလိုက်ရာ စိတ်ထဲတွင် မိဖုရားခေါင်ကြီးအပေါ် မကျေနပ်မှုများ ထပ်မံတိုးပွားလာသည်။ ထိုစဉ်က သူငယ်ရွယ်သေးသဖြင့် စုန့်မျိုးရိုးသည် မိမိဘာသာ ချော်လဲ၍ ကိုယ်ဝန်ပျက်ကျသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါ စေ့စေ့စပ်စပ် ပြန်စဉ်းစားကြည့်လျှင် အစေခံများစွာ ကာကွယ်ပေးထားလျက်နှင့် ပြဿနာဖြစ်ပွားခဲ့ရာ တစ်စုံတစ်ယောက်က လက်ချက်ဖြစ်မည်မှာ သေချာသည်။ ထိုသူမှာ မိဖုရားခေါင်ကြီးဖြစ်နိုင်ခြေများသည်။

မိဖုရားခေါင်ကြီးသည် ယခုအခါ ကျင်းကျောင်းရီ၏ စကားကြောင့် အနေရခက်သွားသည်။ နန်းတွင်းဆောင်တွင် မျိုးဆက်နည်းပါးခြင်းမှာ သူမကဲ့သို့သော တရားဝင်ဇနီးသည်၏ တာဝန်မကျေပွန်မှုဖြစ်ရာ ဧကရာဇ်၏ မုန်းတီးခြင်းကို ခံရမည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် သူမကပင် အစပြုကာ ပြောဆိုလိုက်သည်။

"ရှပေါင်လင်က အရှင်မင်းကြီးကို ခစားလာတာ တစ်နှစ်ကျော်ပြီ၊ အမြဲတစေ နားလည်မှုရှိတယ်၊ အခု ကိုယ်ဝန်ရှိပြီဆိုတော့ သူ့ကို ရာထူးတိုးပေးလိုက်ပါလား"

"အင်း၊ ဒါဆိုရင် မင်းသဘောအတိုင်းပဲ၊ ရှပေါင်လင်ကို ရှချိုက်ရန်အဖြစ် ရာထူးတိုးပေးလိုက်"

နင်ချန်က ဤမျှလောက်ကို နှမြောတွန့်တိုနေမည်မဟုတ်။

နောက်ဆုံးတွင် ထပ်ပြောလိုက်သေးသည်။

"ဝမ်ဖေးရဲ့ ကိုယ်ဝန်က ငါးလရှိပြီ၊ တည်ငြိမ်သွားပြီဆိုပေမဲ့ ပေါ့ဆလို့မဖြစ်ဘူး၊ မိဖုရားခေါင်ကြီးလည်း ဂရုစိုက်ပေးရမယ်၊ ရှူးဖေးက စိတ်မတည်ငြိမ်ဘူး၊ သူ့တစ်ယောက်တည်းကို အားကိုးလို့မဖြစ်ဘူး"

"အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်"

မိဖုရားခေါင်ကြီးက စိတ်ထဲမှ နာကျင်မှုကို မြိုသိပ်ကာ သည်းခံခွင့်လွှတ်ဟန်ဆောင်လိုက်ရသည်။

ဝမ်ဖေး၏ကိုယ်ဝန်ကို မိဖုရားခေါင်ကြီးက ကိုယ်တိုင် ကိုယ်ဝန်ဖျက်ဆေးတစ်ခွက် တိုက်၍ ဖျက်ချချင်နေသူဖြစ်သည်။ ရှူးဖေးကို စောင့်ရှောက်ခိုင်းခြင်းမှာလည်း ဝမ်ဖေးကို ပြဿနာဖြစ်စေလိုသော စိတ်ဖြင့်ဖြစ်သည်။ သို့သော် ယခုအခါ ဧကရာဇ်သည် ဝမ်ဖေး၏ ဤကိုယ်ဝန်ကို ကာကွယ်လိုကြောင်း ထင်ရှားနေရာ မိဖုရားခေါင်ကြီး မည်မျှပင် မလိုလားစေကာမူ ကာကွယ်ပေးရမည်သာဖြစ်သည်။

ရှချိုက်ရန်ကို ကြည့်ရှုပြီးနောက် လူများအားလုံး ပြန်သွားကြသည်။

မပြန်ခင်တွင် ယဲ့ယွင်ကိုမူ ဧကရာဇ်က ကျိုချန်နန်းဆောင်သို့ မှင်သွေးပေးရန်အမိန့်အဖြစ် ခေါ်ဆောင်သွားခဲ့သည်။

***

All Chapters