အခန်း (၁၅-၁၆)
Vol. 1 Ch. 15-16
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -15
အပိုင်း ၁၅ ။ ဘယ်လိုစိတ်ဓာတ်မျိုးလဲ
"အရှင်မင်းကြီးကတော့ တကယ်ကို ချန်းချဲ့ကို အနောက်ဆောင်ထဲရန်ငြိုးတွေ ဖန်တီးပေးနေတာပဲ၊ ဒီလိုမျိုး ချန်းချဲ့ကို ခေါ်သွားလိုက်တော့ အရှင်မင်းကြီးရဲ့ကျိုချန်နန်းဆောင်ကနေ ချန်းချဲ့ထွက်သွားလိုက်တာနဲ့ သူတို့တွေက ချန်းချဲ့ကို ဆွဲဖြဲပစ်တော့မှာပဲ"
ယဲ့ယွင်၏ စိတ်ထဲတွင် တကယ်ကို ခစားချင်စိတ်လည်းမရှိသလို လိုက်လာချင်
စိတ်လည်းမရှိပေ။ အလွန်ပင်ပန်းလှသည်။ နန်းတွင်းစည်းကမ်းများမှာလည်း ကူးရေးရန် ကျန်သေးကာ တစ်ပိုဒ်တောင် မပြီးသေးပေ။
သို့သော် မလိုလားသော်လည်း ပေါ်ပေါ်တင်တင် မပြောနိုင်ရာ ဤသို့သော မကျေမနပ်နှင့် ချွဲနွဲ့ဟန်ပါသော စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။
နင်ချန်က နှာမှုတ်လိုက်ပြီး မျက်နှာတွင် အေးစက်တည်ငြိမ်ဟန်ဆောင်သည်။
"ယဲ့ဝမ်ရုန်က မလိုလားဘူးဆိုရင်တော့ ကျန်း တခြားလူတစ်ယောက်ကို လဲလိုက်မယ်၊ မင်းပြန်တော့"
"ချန်းချဲ့ မပြန်ပါဘူးနော်"
ယဲ့ယွင်က ခြေလှမ်းစိတ်စိတ်လေးဖြင့် ရှေ့သို့တိုးကာ နင်ချန်၏အင်္ကျီလက်စကို ဆွဲကိုင်လိုက်သည်။
"အရှင်မင်းကြီးက ချန်းချဲ့ကို ခေါ်ပြီးမှတော့ ပြန်ပို့တဲ့ ထုံးစံဘယ်မှာရှိလို့လဲ၊ ချန်းချဲ့က အရှင်မင်းကြီးကို ချွဲနွဲ့ကြည့်တာပါ၊ အရှင်မင်းကြီးက ချန်းချဲ့ကို ကာကွယ်ပေးမယ်လို့ ပြောလိုက်ရုံပဲ မဟုတ်ဘူးလား ဟွန့်"
နင်ချန်မှာ အမှန်တကယ် အသစ်အဆန်းဖြစ်သွားသည်။ မည်သည့်အမျိုးသမီးကမျှ ကိုယ့်ကိုယ်ကိုချွဲနွဲ့နေသည်ဟု မပြောဖူးသလို ဤမျှ ပွင့်လင်းစွာ ပြောဆိုခြင်းလည်း မရှိဖူးပေ။
သူသည် အမျိုးသမီးများ၏ ပွစိပွစိပြောဆိုခြင်းကို မနှစ်သက်ဟု မိမိကိုယ်ကို ထင်ခဲ့သော်လည်း ယနေ့တွင်မူ အလွန် သဘောကျနေမိသည်။
မလုံမလဲဖြင့် ချောင်းဟန့်လိုက်ပြီး မာနကြီးစွာ ဆိုသည်။
"မင်းကတော့ စကားတတ်တဲ့နေရာမှာ အတော်ဆုံးပဲ၊ မြန်မြန် မှင်သွေးတော့”
ယဲ့ယွင်က နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်ပြီး လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ချွတ်ကာ အစေခံမလေး၏အကူအညီဖြင့် လက်ဆေးပြီးနောက် နင်ချန်၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
ယွမ်ကျိုမှာမူ ဤနေရာတွင် ဆက်ရပ်မနေဘဲ ဟွိုင်အန်းကို မျက်ရိပ်ပြလိုက်ရာ ဆရာတပည့်နှစ်ဦးသား အပြင်သို့ ထွက်သွားကြသည်။
"ဆရာ၊ ကျွန်တော်တော့ တော်တော်ကြောက်နေရတယ်။ ဒီယဲ့ဝမ်ရုန်ကလည်း တကယ်ကို မပြောရဲတဲ့စကားမရှိဘူး၊ အရှင်မင်းကြီးကိုတောင် မကျေမနပ်ပြောရဲတယ်"
ဟွိုင်အန်းက စိုးရိမ်တကြီးဖြင့် ပြောသည်။
"ကောင်လေး မင်းဘာသိလို့လဲ"
ယွမ်ကျိုက သူ့ခေါင်းကို မပြင်းမပျော့ ခေါက်လိုက်ပြီး ခပ်ပြုံးပြုံးပြောလေသည်။
"ဒီယဲ့ဝမ်ရုန်က ရဲတင်းပုံပေါ်ပေမဲ့ တကယ်တော့ ဉာဏ်ကောင်းတဲ့သူပဲ၊ အရှင်မင်းကြီး သဘောကျနေတာကို မမြင်ဘူးလား၊ နောင်ကို ယဲ့ဝမ်ရုန်ဘက်ကို ဂရုစိုက်ရတော့မယ်"
ဟွိုင်အန်းက အကြိမ်ကြိမ် ဟုတ်ကဲ့ဟု ဖြေသည်။ မိမိဆရာပြောချင်သည်ကို သိပ်နားမလည်သော်လည်း ပြောသည့်အတိုင်း လုပ်လျှင် မှန်မည်မှန်း သူသိသည်။ ထို့နောက် အရင်တစ်ခေါက်က ယဲ့ဝမ်ရုန်ကို မုန့်ပို့ပေးခဲ့ပြီး အပြစ်မလုပ်မိခဲ့သည်ကို ပြန်လည်သတိရကာ ပို၍ စိတ်အေးသွားသည်။
......
အနောက်ဆောင်တွင်မူ အားလုံးမှာ ဒေါသထွက်နေကြသည်။
သို့သော် ရှချိုက်ရန်ကိုယ်တိုင်မှာမူ အတော်အတန် တည်ငြိမ်နေသည်။ သူမသည် မျိုးရိုးနိမ့်ကျသူဖြစ်ပြီး ထိုနှစ်က မယ်တော်ကြီးအတွက် အင်္ကျီချည်ထိုးပေးရာမှ မျက်နှာသာပေးခံရပြီး ဧကရာဇ်ထံ ပေးသနားခြင်းမခံခဲ့ရလျှင် ယခုအချိန်တွင် အပ်ချုပ်တန်း၌ ဒုက္ခရောက်နေဦးမည်ဖြစ်သည်။
ထို့ကြောင့် ယခုအခါ အနည်းငယ် မျက်နှာသာပေးခံရပြီး စားဝတ်နေရေး မပူပန်ရသည့်အပြင် နဂါးမျိုးဆက်ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့ရာ သူမသည်စိတ်ထဲတွင် အမှန်တကယ် ကျေနပ်နေခဲ့သည်။
သူမ၏ ဤသို့သော အမှန်တကယ် ကျေနပ်မှုကြောင့်ပင် သူမသည် မယ်တော်ကြီး၏ လူဖြစ်ကြောင်း ပေါ်ပေါ်တင်တင် သိနေသော်လည်း နင်ချန်က သူမကို မမုန်းတီးပေ။
ရှမျိုးရိုး ကိုယ်ဝန်ရှိသည့်သတင်းမှာ နန်းတော်ထဲရှိ မယ်တော်ကြီးထံသို့ ပြန်လည်လျှောက်တင်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားသတင်းများလည်း အတူတကွ ပါသွားခဲ့သည်။
ချန်ပေါင်လင် အကျယ်ချုပ်ကျသည့်ကိစ္စမှာ ဖုံးကွယ်ထား၍မရတော့ပေ။
မယ်တော်ကြီး ဒေါသထွက်လွန်း၍ အသည်းပင် နာသွားသည်။
"ဘာလို့ စုယွီက သိုးငယ်လေး ဒူးထောက်ပြီး နို့စို့နေတဲ့ ပုံဆွဲရုံနဲ့ အကျယ်ချုပ်ကျရတာလဲ၊ ဧကရာဇ်ကလည်း အိုက်ကျားကို တော်တော်မလေးမစားလုပ်နေတာပဲ၊ ဧကရာဇ်ဖြစ်လာတော့ အိုက်ကျားလိုမွေးသမိခင်ကိုတောင် ခြေထောက်အောက်ကရွှံ့လို သဘောထားနေပြီ"
ဖူမားမားမှာလည်း စိုးရိမ်ပူပန်နေပြီး မယ်တော်ကြီးအားကောင်းစွာ နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။ သူမသည် ယခုအခါ ဘေးမှ ကြည့်နေသူဖြစ်ရာ အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်သူဖြစ်သည်။ အကယ်၍ ယခုမယ်တော်ကြီးက တကယ် ပြဿနာရှာလိုက်လျှင် ဧကရာဇ်နှင့် ပို၍ စိတ်ဝေးသွားမည်သာဖြစ်သည်။
တော်ဝင်မိသားစုတွင် ချစ်ခင်ရင်းနှီးမှုမှာ အမြဲတစေ ပါးလွှာခဲ့သည်။ ထို့အပြင် မယ်တော်ကြီးကိုယ်တိုင်ကလည်း ယခင်က ဧကရာဇ်အပေါ် သိပ်မကောင်းခဲ့ပေ။
ထိုစဉ်က မိဖုရားခေါင်ကြီး၏ မိသားစုမှာ အင်အားကြီးမားပြီး မင်းသားကြီးမှာလည်း အရည်အချင်းရှိသူဖြစ်သည်။ ထိုအချိန်က မယ်တော်ကြီးသည် ရာထူးတည်မြဲရန်အတွက်သာ ကလေးမွေးခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ယောက်နှင့် မလုံလောက်ဟု ထင်ကာ နောက်တစ်ယောက် ထပ်မွေးလိုသဖြင့် မျက်နှာသာပေးမှုရရှိရန်အတွက်သာ အာရုံစိုက်ခဲ့ပြီး ကလေးများကိုမူ နို့ထိန်းများကိုသာ စောင့်ရှောက်စေခဲ့သည်။
နောက်ပိုင်း နင်ချန် ဆယ်နှစ်အရွယ်ရောက်သောအခါ မယ်တော်ကြီး၏ အသက်မှာလည်း မငယ်တော့ဘဲ နောက်တစ်ယောက် ထပ်မမွေးနိုင်တော့မှန်း သိသောအခါမှ ကလေးနှင့် ရင်းနှီးရန် သတိရလာသည်။
သို့သော် ထိုအချိန်တွင် နင်ချန်သည် နို့ထိန်းနှင့် ပို၍ ရင်းနှီးနေပြီဖြစ်သည်။ သူမ ဒေါသထွက်ကာ ကလေး မည်သို့ထင်သည်ကို ဂရုမစိုက်ဘဲ အမှားရှာကာ ထိုနို့ထိန်းကို နန်းတော်မှ နှင်ထုတ်ခဲ့သည်။ နောက်ပိုင်း ထိုနို့ထိန်းမှာ ဖျားနာ၍ သေဆုံးသွားခဲ့သည်။ အခြားသူများ မသိသော်လည်း ဖူမားမားမှာမူ ထိုကိစ္စမှာ မယ်တော်ကြီး၏လက်ချက်ဖြစ်ကြောင်း သိသည်။
တော်ဝင်မိသားစုမှ ကလေးများမှာ ဆယ်နှစ်အရွယ်တွင်ပင် အသိတရားဝင်နေပြီဖြစ်ရာ စိတ်ထဲတွင် မယ်တော်ကြီးအပေါ် မကျေနပ်မှုများ ရှိခဲ့ပြီး ဤမျှနှစ်များကြာသည့်တိုင် သားအမိနှစ်ဦးမှာ သိပ်မရင်းနှီးခဲ့ပေ။
ယခုအခါ မယ်တော်ကြီးက မိမိ၏ ဆွေမျိုးများကို မြှောက်စားလိုစိတ်ပြင်းပြနေပြီး ဧကရာဇ်၏ စိတ်ကို ဂရုမစိုက်ရာ နှစ်ဦးသား ပို၍ ဝေးကွာသွားကြသည်။
ဖူမားမားသည် အချိန်အတော်ကြာ အားထုတ်နှစ်သိမ့်ပြီးနောက် နောက်ဆုံးတွင် မယ်တော်ကြီးကို အေးဆေးတည်ငြိမ်သွားအောင် ပြုလုပ်နိုင်ခဲ့ပြီး မယ်တော်ကြီးကို ဘာမှမလုပ်မိစေရန် တားဆီးနိုင်ခဲ့သည်။
.....
ထိုအချိန် ကျိုချန်နန်းဆောင်တွင် နင်ချန်သည် စာချွန်လွှာများ စစ်ဆေးပြီးနောက် အခါးရည်ကြမ်းခွက်ကို ကိုင်ကာ တစ်စုံတစ်ခုကို အာရုံစိုက်၍ကြည့်နေခဲ့သည်။
သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ လက်ဆေးနေသော ယဲ့ယွင်ကို တွေ့ရသည်။
နင်ချန်သည် အမှန်တကယ် လက်ကို အထူးနှစ်သက်သူဖြစ်သည်မှာ သေချာသည်။ ထိုနှင်းကဲ့သို့ ဖြူဖွေးသော သွယ်လျသည့် လက်ချောင်းများ၊ လက်သည်းများပေါ်တွင် ဆိုးထားသော နီညိုရောင် ဆိုးဆေးများမှာ အပြစ်အနာအဆာကင်းသော အနုပညာလက်ရာတစ်ခုနှင့် တူနေသည်။
အနောက်ဆောင်မှ အမျိုးသမီးများအားလုံးမှာ အသားအရေဖြူဖွေးကြသော်လည်း ယဲ့ယွင်ကဲ့သို့ အသားအရေကောင်းသူမရှိသလို သူမကဲ့သို့သော ညီညာသွယ်လျပြီး ရှည်လျားသော လက်ချောင်းများလည်း မရှိပေ။
ယဲ့ယွင်သည် ဧကရာဇ်က သူမ၏လက်ကို ကြည့်နေသည်ကို စောစောကတည်းက သတိထားမိသဖြင့် တမင် အချိန်အနည်းငယ်ကြာအောင် ဆေးကြောနေခဲ့သည်။ နောက်ဆုံးတွင် တိုက်ရိုက်လျှောက်လာပြီး မဝတ်ရသေးသော ကျောက်စိမ်းလက်ကောက်ကို တမင် လျစ်လျူရှုလိုက်သည်။
အစေခံမလေးက လက်ဝတ်ရတနာထည့်ထားသော ဗန်းကို ယူလာသောအခါ ယဲ့ယွင်က ပြုံးကာ လက်နှစ်ဖက်ကို နင်ချန်ရှေ့သို့ ဆန့်တန်းလိုက်သည်။
"ချန်းချဲ့က အရှင်မင်းကြီးအတွက် မှင်သွေးပေးခဲ့တယ်ဆိုတော့ အရှင်မင်းကြီးကရော ချန်းချဲ့အတွက် လက်ကောက်ဝတ်ပေးနိုင်မလား"
နင်ချန်က မျက်ခုံးပင့်လိုက်ပြီး ဤအချိန်တွင်မူ ကိုယ်လုပ်တော်လေးနှင့် ကျီစယ်ရန် စိတ်ရှိနေသဖြင့် ကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သည်။
ထိတွေ့မှုမှာ ထင်ထားသည်ထက် ပို၍ နူးညံ့နေသဖြင့် မနေနိုင်ဘဲ ဖျစ်ညှစ်ကြည့်လိုက်မိသည်။
"မင်းရဲ့လက်တွေက တကယ် စစ်သူကြီးရဲ့ သမီးနဲ့ မတူဘူးပဲ။”
"အရှင်မင်းကြီးကလည်း"
ယဲ့ယွင်က နှာမှုတ်လိုက်ပြီး လက်ကို ဆွဲထုတ်လိုက်သည်။
"စစ်သူကြီးရဲ့ သမီးဆိုတိုင်း လက်မှာ အသားမာတွေ ပြည့်နေရမှာလား၊ ချန်းချဲ့က မိဘတွေရဲ့ ချစ်ခင်မှုကို ရရှိပြီး ငယ်ငယ်ကတည်းက သေသေချာချာ ပြုစုပျိုးထောင်ခြင်းခံခဲ့ရတာပါနော်။”
လက်ထဲမှ နွေးထွေးနူးညံ့မှု ပျောက်ကွယ်သွားရာ နင်ချန်မှာ ထိုလက်သေးသေးလေးကို ပြန်ဆွဲယူချင်စိတ်ပေါက်သွားသော်လည်း ထိန်းချုပ်လိုက်ရပြီး စိတ်ထဲတွင်မူ မကျေမနပ်ဖြစ်နေဆဲပင်။
မိမိရှေ့မှ မာနကြီးသော အမျိုးသမီးကို ကြည့်ရင်း မကျေနပ်ဟန်ဖြင့် မျက်လုံးမှေးလိုက်ကာ
"ဒါ ဘယ်လိုစိတ်ဓာတ်လဲ၊ ကျန်းက တစ်ခွန်းလေးတောင် မင်းကို မပြောရတော့ဘူးလား?”
ဤစကားပြောလိုက်သည်နှင့် တကယ် မကျေနပ်ခြင်းမဟုတ်သည်မှာ သေချာသည်။ တကယ်မကျေနပ်လျှင် လူကို စောစောကတည်းက နှင်ထုတ်ခဲ့ပြီးပြီဖြစ်သည်။
ယဲ့ယွင်က နှာမှုတ်သံနှစ်ချက် ထပ်ပြုလုပ်ပြီး အတိုင်းအဆသိစွာဖြင့် ဆက်မလုပ်တော့ပေ။
အစေခံများက အခါးရည်ကြမ်းနှင့် မုန့်များ ချပေးပြီးနောက် နှစ်ဦးသား ထိုင်၍ စကားပြောကြသည်။
အများစုမှာ နင်ချန်က မေးမြန်းခြင်းဖြစ်ပြီး ချူမိသားစုအကြောင်းကို မေးမြန်းကာ အချို့မှာ အတော်အတန် အသေးစိတ်ကျသည်။
ယဲ့ယွင်ကဲ့သို့သော ထက်မြက်သူတစ်ဦးအနေဖြင့် အတွင်းတွင် ကိစ္စတစ်ခုခုရှိနေမှန်း သိသော်လည်း အားလုံးကို အမှန်အတိုင်း အသေးစိတ်ဖြေကြားခဲ့သည်။ စိတ်ထဲတွင် အနည်းငယ်စဉ်းစားကြည့်လိုက်ရာ နန်းတွင်းတွင် မျိုးရိုးမြင့်မားသော မိသားစုများက လက်ဝါးကြီးအုပ်ထားသည့် အခြေအနေကို သိရှိပြီး အခြေအနေကို ခုနစ်ပုံ ရှစ်ပုံခန့် နားလည်သွားသည်။
ချူမိသားစုသည် ကုန်သည်မျိုးရိုးဖြစ်ပြီး နှစ်ပေါင်းများစွာ လူပေါင်းများစွာနှင့် အဆက်အသွယ်များ စုဆောင်းထားသည်။ ငွေကြေးအရ သူဌေးမျိုးရိုးဖြစ်သော်လည်း ရာထူးအရ နိမ့်ကျသူများဟု သတ်မှတ်ခံရသည်။ အကယ်၍ ဤသို့သော အဆက်အသွယ်ကျယ်ပြန့်သည့် "နိမ့်ကျသူများ" ကို ဧကရာဇ်က အသုံးချနိုင်လျှင် အမှန်တကယ် နိမ့်ကျသူများထက် လေ့ကျင့်ပျိုးထောင်ရသည်မှာ အချိန်ကုန်သက်သာပြီး အားစိုက်ရသက်သာမည်ဖြစ်သည်။
ဤအချက်ကို နားလည်သွားသောအခါ ယဲ့ယွင်သည် ဧကရာဇ် ယနေ့ သူမကို ခေါ်ယူခဲ့ခြင်းမှာ သူမကို သိပ်ချစ်လွန်းနေ၍ မဟုတ်ဘဲ သူမမှတစ်ဆင့် ချူမိသားစုနှင့် ဆက်သွယ်လိုခြင်းဖြစ်နိုင်သည်ကို သိရှိသွားသည်။
အကယ်၍ ဤသို့ဖြစ်လျှင် ကြီးမားသော အခွင့်အရေးကြီးတစ်ခုပင်ဖြစ်သည်။
အဘိုးက အမေ့ကို ယဲ့မိသားစုနှင့် လက်ထပ်ပေးခဲ့ပြီး ဦးလေးက မောင်နှမဝမ်းကွဲနှစ်ယောက်ကို အားထုတ်ပျိုးထောင်ကာ စာပေပညာရှင်များနှင့် ခင်မင်ရင်းနှီးခဲ့ခြင်းမှာ အရာရှိလုပ်လို၍ဖြစ်သည်မှာ သေချာသည်။
ဤခေတ်တွင် ကုန်သည်လုပ်ငန်းမှာ လူအများ၏ အထင်သေးခြင်းကို ခံရသည်။
ယခုအခါ ဧကရာဇ်က ပျိုးထောင်လိုစိတ်ရှိနေပြီး ချူမိသားစုက နားလည်မှုရှိကာ ဧကရာဇ်ကို မျိုးရိုးမြင့်မားသော မိသားစုများနှင့် ရင်ဆိုင်ရာတွင် ကူညီလိုလျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။
ထို့အပြင် သူမသည် အနောက်ဆောင်တွင် ရှိနေပြီး မိမိကိုယ်ကို အားကိုး၍ မျက်နှာသာပေးမှုရရှိနိုင်သော်လည်း ခိုင်မာသော မိခင်မျိုးရိုးရှိမှသာ ပို၍ တည်ငြိမ်စွာ ရပ်တည်နိုင်မည်ဖြစ်သည်။
အနောက်ဆောင်တွင် ဧကရာဇ်၏ချစ်ခင်
နှစ်သက်မှုမှာ မတည်မြဲပေ၊ မိခင်သို့မဟုတ် ဖခင်မျိုးရိုး၏ အထောက်အပံ့ရှိမှသာ ခိုင်မာသော အားကိုးရာဖြစ်လာမည်ဖြစ်သည်။ အစ်ကိုမှာ ငယ်ရွယ်သေးသဖြင့် သူတစ်ယောက်တည်းကို အားကိုး၍မဖြစ်ပေ။ အကယ်၍ ဦးလေးမိသားစု အောင်မြင်လာလျှင် သူမအတွက်လည်း အားကိုးရာဖြစ်လာမည်ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -16
အပိုင်း ၁၆ ။ မျက်လုံးထဲဝင်သွားပြီ
လင်ရှီးဥယျာဉ်တွင် နေထိုင်စဉ် နန်းတွင်းအစည်းအဝေးတက်ရန်မလိုပေ။ အမတ်များမှာ အရေးကြီးကိစ္စရှိမှသာ မျက်နှာပြရန် လာရောက်ကြပြီး သာမန်ကိစ္စများအတွက်မူ စာချွန်လွှာသာ တင်သွင်းကြသည်။
ယဲ့ယွင်လည်း ဝူထုံနန်းဆောင်သို့ ဂါရဝပြုရန် သွားစရာမလိုပေ။
ထို့ကြောင့် နောက်တစ်နေ့တွင် နှစ်ဦးသား အိပ်ရာထနောက်ကျပြီး မနက်မိုးလင်းမှသာ နိုးထကြသည်။ အဓိကအားဖြင့် ယမန်ညက အလွန်အကျွံ လွန်ကျူးခဲ့ကြသောကြောင့်ပင်။
နင်ချန်သည် ယခုအခါ ယဲ့ယွင်ကို မျက်စိထဲတွင် အနည်းငယ်မြင်လာပြီဖြစ်ပြီး ယဲ့ယွင်မှာလည်း မြှူဆွယ်တတ်သူဖြစ်ရာ နှစ်ဦးစလုံးမှာ လူငယ်များဖြစ်သောကြောင့် ချုပ်တည်းနိုင်စွမ်းမရှိပေ။
ကျိုချန်နန်းဆောင်တွင် နေ့လယ်စာသုံးဆောင်ပြီးနောက် ကွမ်ကျိုးဘေးအန္တရာယ်ကယ်ဆယ်ရေးကိစ္စကို လာရောက်လျှောက်တင်သူရှိသောကြောင့် ယဲ့ယွင်မှာ လိမ္မာစွာဖြင့် မိမိနန်းဆောင်သို့ပြန်လာခဲ့သည်။
နေ့လယ်ပိုင်းတွင် ကျိုင်းရှင်းဆောင်သို့ ပန်းချီဆွဲရန် အရောင်ခြယ်ဆေးတစ်ဘူး ရောက်လာသည်။ အရောင်များမှာ အနီ၊ အဝါ၊ အစိမ်း၊ ပန်းရောင်၊ အပြာရောင် အနည်းငယ်သာ ပါဝင်သော်လည်း ယခုခေတ်တွင်မူ အလွန်ရှားပါးသည်။
"ကြည့်ရတာ အရှင်မင်းကြီးက ဝမ်ရုန်ကို သတိရနေတဲ့ပုံပဲ။”
ဟွေယွဲ့က ပြုံးကာ ပစ္စည်းများကို စင်ပေါ်သို့ တင်လိုက်သည်။
ယဲ့ယွင်က မျက်ခုံးပင့်လိုက်သည်။ အရင်တစ်ခေါက်က မပြီးသေးသော ပန်းချီကားကို ဧကရာဇ်က မှတ်မိနေသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် ဟွေယွဲ့ကို ပန်းချီစက္ကူခင်းခိုင်းပြီး ထို "အားကြီးသောကျား နှင်းဆီနမ်းရှိုက်ခြင်း" ပန်းချီကားကို အပြီးသတ်ဆွဲလိုက်သည်။
မှင်အခြောက်ခံပြီးနောက် နေ့လယ်ပိုင်းတွင် လူလွှတ်၍ ကျိုချန်နန်းဆောင်သို့ ပို့လိုက်သည်။
....
နင်ချန်သည် ပန်းချီကားကို လက်ခံရရှိပြီး ကြည့်ကာ ပြုံးလိုက်သည်။ အခြားကြောင့်မဟုတ်၊ ပန်းချီကားအောက်တွင် "ဝါးနတ်သမီး" ဟု ရေးထိုးထားသောကြောင့် ဖြစ်သည်။ "ယွင်" ဆိုသည်မှာ ဝါးပင်ကို ဆိုလိုရာ ယဲ့ယွင်က မိမိကိုယ်ကို "ဝါးနတ်သမီး" ဟု ခေါ်ဆိုခြင်းမှာ အလွန်အထက်စီးဆန်ရာကျသည်။
"ကြည့်ရတာ ယဲ့ဝမ်ရုန်က အရှင်မင်းကြီးရဲ့ ဆုလာဘ်ကို အရမ်းကြိုက်နှစ်သက်တယ်ထင်တယ်၊ နေ့လယ်ရောက်တာနဲ့ ပန်းချီကားကို ပို့လာတယ်"
ယွမ်ကျိုက ပြုံးကာ ပြောသည်။
နင်ချန်က ခပ်ဖွဖွပြုံးလိုက်သည်။
"အဲ့မိန်းကလေးက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူပဲ၊ ဒါကိုသိမ်းထားလိုက်"
နောက်ဆုံးတွင် စားပွဲပေါ်မှ မယ်တော်ကြီးပို့လာသော အားဖြည့်ဆေးများကို တွေ့မြင်ပြီး ခဏတာစဉ်းစားကာ ယောင်ပေါင်လင်၏ တင်းလန်ဆောင်သို့ ထသွားလိုက်သည်။
ရောက်သည့်အချိန်တွင် စောင်းသံကြားနေရပြီး အတွင်းသို့ဝင်သွားသောအခါ ယောင်ပေါင်လင်သည် စင်္ကြံတွင်ထိုင်ကာ စောင်းတီးနေသည်ကို တွေ့ရသည်။ တီးခတ်နေသည်မှာ နန်ချီ၏ နာမည်ကြီးတေးသီချင်းဖြစ်ပြီး သာယာငြိမ့်ညောင်းလှသည်။
"ပေါင်လင်၊ အရှင်မင်းကြီး ရောက်လာတယ်"
ချီဝမ်က အလျင်အမြန် တိုးတိုးလေး သတိပေးလိုက်သည်။
ယောင်မျိုးနွယ်က ချက်ချင်းရပ်တန့်ကာ ထရပ်၍ အရိုအသေပြုသည်။
"ချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"ထတော့"
နင်ချန်က လက်မြှောက်ကာ သူမကို ထူပေးဟန်ပြုလိုက်သည်။
"မင်းရဲ့စောင်းပညာက မဆိုးဘူး၊ ကျန်းဆီမှာ ရှေးဟောင်းစောင်းတစ်လက်ရှိသေးတယ်၊ မင်းကိုပဲ ပေးလိုက်မယ်"
ယောင်ပေါင်လင်က နှုတ်ခမ်းအသာကွေးကာ ပြုံးလိုက်သည်။
"ဒါဆိုရင် ချန်းချဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အရှင်မင်းကြီးက ချန်းချဲ့ကို ရှေးဟောင်းစောင်းပေးပြီးရင် နောင်ကို ဒီချန်းချဲ့ရဲ့ စောင်းတီးတာကို လာနားထောင်ရမယ်နော်"
မျက်နှာသာပေးမှု တောင်းဆိုဟန်မှာ သဘာဝကျသဖြင့် နင်ချန်မှာ မနှစ်မြို့ခြင်းမရှိဘဲ သဘောတူလိုက်သည်။
ယခုအချိန်မှာ ညစာစားချိန်မရောက်သေးရာ ယောင်ပေါင်လင်က စစ်တုရင်ကစားရန် အစပြုဖိတ်ခေါ်သည်။
( T/N - မင်အပေါ်မှာ Reborn က ယောင်ပေါင်လင်ရဲ့ အစေခံလို့ရေးခဲ့တာဟုတ်၊ အဲ့တာဒီအပိုင်းမှာမှ ယောင်ပေါင်လေးအကြောင်းကို အကျယ်တဝင့်ရှင်းပြထားတော့မှ အစေခံမဟုတ်ပဲ ယောင်ပေါင်လင်က Reborn ဖြစ်နေတာသိလိုက်ရတာ၊ ဆော်ရီးပါရှင် E Tran မှာ အကုန်လုံးကို “she” နဲ့သုံးထားတော့ မင်မှားပြီး စာစစ်မိထားတယ်။ မင်ရှေ့ပိုင်းတွေပြန်ပြင်ပေးမယ်နော်။ အခုတော့ ယောင်ပေါင်လင်က Reborn ဆိုတာသေချာသွားပြီ၊ အဲ့တာကြောင့် ယဲ့ယွင်နားအမြဲတမ်းလိုက်ကပ်နေတာ နောက်ဆုံးတော့အဖြေပေါ်သွားပြီပေါ့ရှင်။ ယောင်ပေါင်လင်က ရာထူးနာမည်ဖြစ်ပြီး နာမည်အရင်းကတော့ ယောင်ရှန်းပါ)
အရင်ဘဝက မှတ်ဉာဏ်များရှိနေသဖြင့် ဧကရာဇ်သည် စစ်တုရင်ကစားခြင်းကို နှစ်သက်ကြောင်း သူမမှာ သဘာဝအတိုင်း သိနေပေသည်။
ထင်သည့်အတိုင်းပင် နင်ချန်က မငြင်းဆန်သည့်အပြင် စိတ်ဝင်တစားဖြင့် သူအမြဲသုံးလေ့ရှိသော ဝမ်းလန်ကျောက်စိမ်းစစ်တုရင်ခုံကို ယူခိုင်းလိုက်သည်။
ယောင်မျိုးနွယ်သည် သူ့ကို ချော့မြှူလိုစိတ်ရှိပြီး နင်ချန်၏ စစ်တုရင်ကစားနည်းကိုလည်း နားလည်သဖြင့် နှစ်ပွဲသုံးပွဲကစားပြီးနောက် ရှုံးနိမ့်ခဲ့သော်လည်း ထိုရှုံးနိမ့်မှုမှာ ဟန်ဆောင်ခြင်းမရှိပေ။
"အရှင်မင်းကြီးရဲ့ စစ်တုရင်ပညာက ထူးချွန်လွန်းပါတယ်၊ ချန်းချဲ့ တစ်စက်ကလေးမှ မမီပါဘူး"
"မင်းလည်း မဆိုးပါဘူး၊ ဒီလိုစစ်တုရင်ပညာက အမျိုးသမီးတွေထဲမှာ ထိပ်တန်းလို့ ဆိုနိုင်တယ်"
နင်ချန်သည် ပျော်ရွှင်စွာ ကစားခဲ့ရသဖြင့် စိတ်ကြည်လင်နေပြီး ကိုယ်လုပ်တော်လေးနှင့် စကားအနည်းငယ်ပိုပြောရန် ဝန်မလေးပေ။
ယောင်ပေါင်လင်က လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ရယ်မောသည်။
"ချန်းချဲ့က ဒီနေ့ အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို နှစ်ခါတောင် ရလိုက်တယ်၊ စောင်းနဲ့ စစ်တုရင်ကို ချန်းချဲ့က နေရာယူလိုက်ရင် စာပေနဲ့ ပန်းချီမှာတော့ ညီမတော်ယဲ့ကအတော်ဆုံးဖြစ်မှာပဲ၊ အရှင်မင်းကြီးက ညီမတော်ယဲ့ကို အရောင်ခြယ်ဆေးတစ်စုံ ပေးသနားတယ်လို့တောင် ကြားမိပါသေးတယ်"
"ယဲ့ဝမ်ရုန်ရဲ့ ပန်းချီပညာကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ စရိုက်က နည်းနည်းကြမ်းတဲ့အပြင် ဇွတ်တရွတ်နိုင်ပြီး ပါးစပ်စည်းမစောင့်ဘူး"
နင်ချန်က အမှတ်မထင် ပြောထွက်သွားသည်။ ထိုသဘာဝကျသော အမူအရာမှာ ယဲ့ယွင်နှင့် အလွန်ရင်းနှီးနေသည့်အလား။
ယောင်ရှန်းသည် မျက်လွှာချကာ ခပ်ဖွဖွရယ်မောပြီး စကားဆက်မပြောတော့ဘဲ စိတ်ထဲတွင်မူ အတွေးပေါင်းများစွာ လည်ပတ်နေသည်။
ဧကရာဇ်၏အမူအရာကို ကြည့်ရသည်မှာ ယဲ့ယွင်အား အနည်းငယ်မျက်နှာသာပေးနေသည်ဟုဆိုနိုင်ပြီး ဤသည်မှာ အရင်ဘဝနှင့် လုံးဝမတူညီသည့်အပြောင်းအလဲဖြစ်သည်။ ဤအပြောင်းအလဲကို အမြန်ဆုံး ဖယ်ရှားရန် နည်းလမ်းရှာရမည်ဟုဆုံးဖြတ်လိုက်သည်။
ဤသို့သော အတွေးများကို အခြားသူများအား မမြင်စေဘဲ မျက်လုံးတစ်ချက်
လှည့်ကာ အခြားအကြောင်းအရာများကိုဟန်ဆောင်ကာဆက်၍ပြောဆိုနေခဲ့သည်။
......
ညစာစားချိန်ရောက်သောအခါ ယောင်မျိုးနွယ် စီစဉ်ထားသော အစားအစာများမှာ နင်ချန်ကြိုက်နှစ်သက်သည့်အရာများသာဖြစ်ပြီး ဟင်းခပ်ပေးရာတွင်လည်း နင်ချန်ကြိုက်နှစ်သက်သည့် ဟင်းများကိုသာ ရွေးချယ်ပေးခဲ့သည်။
ဤအချက်က နင်ချန်ကို အနည်းငယ် မသက်မသာဖြစ်စေသည်။
သူနှင့် ယောင်မျိုးနွယ် အတူတကွ ညစာစားသည်မှာ ဒုတိယအကြိမ်သာ ရှိသေးသော်လည်း ယောင်မျိုးနွယ်က သူ၏အကြိုက်များကို စေ့စေ့စပ်စပ် သိရှိနေသည်မှာ ယောင်မျိုးနွယ်က နည်းလမ်းရှာ၍ စုံစမ်းထားခြင်းဖြစ်မည်မှာ သေချာသည်။
ဧကရာဇ်တစ်ပါး၏ အစားအသောက်အကြိုက်များကို အခြားသူက သိရှိထားခြင်းမှာ အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။
နင်ချန်သည် မျက်နှာတွင် အမူအရာမပြောင်းဘဲ ညစာသုံးဆောင်နေသော်လည်း စိတ်ထဲတွင်မူ သတိကြီးစွာထားနေပြီး မိမိအနီးအနားတွင် မရိုးသားသူများ ရှိနေသေးသည်ဟု ခန့်မှန်းလိုက်သည်။
ယောင်ရှန်းမှာလည်း မိမိကိုယ်ကို အလွန်အကျွံယုံကြည်မှုရှိသဖြင့် ဤသို့သော အသေးစိတ်အချက်အလက်များကို လျစ်လျူရှုမိကာ ဧကရာဇ်၏ မကျေနပ်မှုကို ဖြစ်ပွားစေခဲ့သည်။
သို့သော် ရောက်လာပြီးဖြစ်ရာ နင်ချန်က မျက်နှာမသာမယာ မပြုဘဲ တစ်ညအိပ်စက် နေထိုင်ခဲ့သည်။
ယောင်ပေါင်လင် စိတ်ထဲတွင် သိသည်။ ဧကရာဇ်က သူမကို မျက်နှာသာပေးခြင်းမှာ မယ်တော်ကြီးအပေါ် ဆန့်ကျင်လိုစိတ်ကြောင့်သာဖြစ်ရာ အလွန်စည်းကမ်းရှိပြီး နားလည်မှုရှိကာ စကားများများမပြောပေ။
.....
နောက်တစ်နေ့တွင် နင်ချန်သည် တင်းလန်ဆောင်မှ ထွက်ခွာပြီးနောက် အမိန့်တော်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယောင်ပေါင်လင်အား ချိုက်ရန်အဖြစ် ရာထူးတိုးပေးပြီး "ဖန်း" ဟူသော ဘွဲ့အမည်ကို ပေးသနားခဲ့သည်။
ဝူထုံနန်းဆောင်တွင် မိဖုရားခေါင်ကြီးသည် သတင်းကြားပြီးနောက် နောက်မှ မိမိအတွက် ဆံပင်ဖြီးပေးနေသော ယန်ချိုက်နွီကို ကြည့်ကာ ဒေါသထွက်လာသည်။
"တော်ပြီ တော်ပြီ၊ မလုပ်နဲ့တော့"
မိဖုရားခေါင်ကြီးက လက်ကာပြလိုက်သည်။
ယန်ချိုက်နွီက နှုတ်ခမ်းကိုက်ကာ ချက်ချင်းရပ်တန့်ပြီး စည်းကမ်းတကျဖြင့် အောက်သို့ ဆင်းရပ်နေသည်။
တင်းမားမားက နှစ်ဦးသားကို မျက်လုံးမသိမသာဖြင့် အကဲခတ်ကြည့်ပြီးနောက် အခါးရည်ကြမ်းယူလာကာ မိဖုရားခေါင်ကြီးကို အနည်းငယ်သောက်စေပြီး စိတ်ဖြေပေးနေခဲ့သည်။
"ထိုင်"
မိဖုရားခေါင်ကြီးက လက်မြှောက်ကာ နားထင်ကို နှိပ်နယ်လိုက်သည်။
"ပန်ကုန်း မင်းကို မပြောချင်လဲပြောရဦးမယ်၊ ရုပ်ရည်အလှအပအရဆိုရင် မင်းက အခု အနောက်ဆောင်တစ်ခုလုံးမှာ အလှဆုံးပဲ၊ ဘာလို့ အရှင်မင်းကြီးရဲ့ နှစ်သက်မှုကို မရတာလဲ၊ အဲဒီယောင်မျိုးနွယ်ကို ကြည့်စမ်း၊ အခု ဖန်းချိုက်ရန်အဖြစ် ရာထူးတိုးသွားပြီ၊ သူက ဘယ်သူလဲ၊ မယ်တော်ကြီးရဲ့ တူမ၊ ဒီလိုမျိုး ဧကရာဇ်နဲ့ သဘာဝအတိုင်း မသင့်မြတ်တဲ့ မျိုးရိုးကတောင် ရာထူးတိုးနိုင်သေးတယ်၊ မင်းက ဘာလို့ မတိုးနိုင်ရတာလဲ"
"ချန်းချဲ့ အရည်အချင်းမရှိလို့ မိဖုရားခေါင်ကြီးရဲ့ စိတ်ပူပန်မှုကို မဖြေလျော့ပေးနိုင်ခဲ့ပါဘူး"
ယန်ချိုက်နွီ စကားစပြောသည်နှင့် တင်းမားမားက ဖြတ်ပြောလိုက်သည်။
"ချိုက်နွီ ဒီလိုလွယ်လွယ်နဲ့လက်လျော့မဲ့စကားမျိုး မပြောပါနဲ့၊ မျိုးနွယ်က ယန်ချိုက်နွီကို နန်းတော်ထဲပို့တာက သခင်မလေးက မိဖုရားခေါင်ကြီးအတွက် စိတ်ပူပန်မှုဖြေရှင်းပေးဖို့ မဟုတ်လား၊ ယန်ချိုက်နွီ တကယ်မလုပ်နိုင်ဘူးဆိုရင် မျိုးနွယ်ထဲမှာ တခြားမိန်းကလေးတွေ မရှိတာမဟုတ်ဘူး၊ ဒါပေမဲ့ ချိုက်နွီ စဉ်းစားကြည့်ပါ၊ ချိုက်နွီမှာ မောင်တွေရှိသေးတယ်၊ ချိုက်နွီ အောင်မြင်လာရင် သူတို့လည်း နောင်ကို အနာဂတ်ကောင်းတစ်ခု ရနိုင်မှာအသေအချာပဲ၊ အခု မိဖုရားခေါင်ကြီးက ချိုက်နွီကို ထောက်ပံ့နေတဲ့အတွက်ကြောင့် ချိုက်နွီ ကြိုးစားရမယ်လေ"
မိမိ၏ မောင်များအကြောင်း ပြောသောအခါ ယန်ချိုက်နွီ၏မျက်ဝန်းများမှာ နီရဲလာသည်။
သူမသည် မယားငယ်မှ မွေးဖွားသူဖြစ်ပြီး ရုပ်ရည်လှပသောကြောင့် မိထွေးက တွန်းပို့ကာ မျိုးနွယ်က ရွေးချယ်ပြီး နန်းတော်ထဲသို့ ပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမမှာ ဤသို့သော လူကို အရှင်လတ်လတ်စားသုံးသည့် နေရာသို့ မလာချင်ခဲ့ပေ။
သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် မိမိကိုယ်ကို ကောင်းစွာရှင်နိုင်ရန်နှင့် မိခင်နှင့် မောင်များအတွက် သူမသည် အမြန်ဆုံး နဂါးမျိုးဆက်ကို ကိုယ်ဝန်ဆောင်ပြီး မိဖုရားခေါင်ကြီးကို ကျေနပ်စေရမည်ဖြစ်သည်။
ယန်မျိုးနွယ်၏ မျက်လုံးအမူအရာပြောင်းလဲသွားသည်ကို တွေ့မြင်သောအခါ တင်းမားမားသည် ဤစကားများ အကျိုးသက်ရောက်ကြောင်း သိရှိပြီး မိဖုရားခေါင်ကြီးကို မျက်ရိပ်ပြလိုက်သည်။
မိဖုရားခေါင်ကြီးက နူးညံ့သော မျက်နှာအမူအရာသို့ ပြောင်းလဲကာ ညင်သာစွာ ဆိုသည်။
"မင်းစိတ်ချပါ၊ မင်းက ပန်ကုန်းရဲ့ညီမတစ်ဝမ်းကွဲ၊ မိသားစုဆိုတာ အတူတကွ စည်းလုံးရမယ်၊ ပန်ကုန်း မင်းကို အလုံးစုံကာကွယ်ပေးမှာပါ၊ နောက်တစ်နေ့ ပန်ကုန်း ကြာပန်းကြည့်ပွဲတစ်ခု ကျင်းပမယ်၊ မင်းကောင်းကောင်းပြင်ဆင်ထား၊ အရှင်မင်းကြီးကို မင်းရဲ့ကောင်းကွက်တွေကို မြင်စေရမယ်"
"ချန်းချဲ့ နားလည်ပါပြီ၊ မိဖုရားခေါင်ကြီး စိတ်ချပါ"
ယန်ချိုက်နွီက ကိုယ်ကိုင်းအရိုအသေပြု၍အလွန်လိမ္မာယဉ်ကျေးစွာ ပြုမူခဲ့သည်။
.....
မိမိ၏ နေထိုင်ရာသို့ ပြန်ရောက်သောအခါ သူမကို ခစားနေသော အစေခံက ကြာပန်းကြည့်ပွဲအကြောင်းကို ပွစိပွစိပြောဆိုနေရာ ယန်မျိုးနွယ်မှာ နားငြီးလာသဖြင့် သူမကို ထွက်သွားခိုင်းပြီး တစ်ယောက်တည်း နေလိုက်သည်။
ဤနန်းတွင်းသူမှာ မိဖုရားခေါင်ကြီးက သူမအား ပေးထားသော လူဖြစ်ပြီး ဂရုစိုက်ခြင်းဟူသော အမည်ဖြင့် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း၊ မိဖုရားခေါင်ကြီးက သူမကို သိပ်မယုံကြည်ကြောင်း သူမစိတ်ထဲတွင် သိသည်။
ယခုအခါ မိမိကိုယ်ကို အမြန်ဆုံး နဂါးမျိုးဆက်ကို ကိုယ်ဝန်ဆောင်နိုင်ရန်သာ မျှော်လင့်ပြီး မွေးဖွားပြီးလျှင် မိဖုရားခေါင်ကြီးထံ ပေးအပ်မွေးမြူစေကာ သူမကတော့ တစ်ကိုယ်တည်း အေးချမ်းစွာ နေနိုင်ဖို့ မျှော်လင့်သည်။
***