← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-19

အပိုင်း ၁၉ ။ မိမိသဘောအတိုင်းမဖြစ်ခြင်း

"ဒီလောက်တောင် ပျော်နေတာလား"

နင်ချန်က မျက်ခုံးပင့်ကာပြောလိုက်သည်။

ယဲ့ယွင်က ပဲနီမုန့်တစ်ဖဲ့ကို လက်ဖြင့်ဖဲ့ယူကာ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"သေချာပေါက် ပျော်တာပေါ့၊ သူက ချန်းချဲ့ကို လာပြီးအနိုင်ကျင့်ချင်တာလေ ချန်းချဲ့က ပြန်အနိုင်ကျင့်ပြလိုက်တော့ ငိုပြီးထွက်ပြေးသွားတယ်လေ။ ဒီတိုက်ပွဲမှာချန်းချဲ့နိုင်သွားတာဆိုတော့ အရှင်မင်းကြီးက ချန်းချဲ့ကို ဆုချမှာလား?”

"မင်းကတော့ တကယ်ပါပဲ ဆုချရဦးမယ်

တဲ့။ သူများက ဘွဲ့အမည်ရထားတဲ့ကိုယ်လုပ်တော် မင်းနည်းနည်းလေးတော့ ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်"

ဧကရာဇ်၏ နှုတ်နှင့်စိတ်မှာ လုံးဝမတူညီပေ။ နှုတ်မှ ဤကဲ့သို့ပြောနေသော်လည်း လက်ကမူ ခါးကြားမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ဖြုတ်ယူကာ ကမ်းပေးလိုက်သည်။

"ဒီကျောက်စိမ်းက အရည်အသွေးကောင်းတယ်။ ပုံမဖော်ရသေးဘူး။ မင်းကို ဆုချလိုက်ပြီဆိုတော့ ကစားစရာလုပ်လုပ်၊ လက်ဝတ်ရတနာလုပ်လုပ်၊ အကုန် မင်းသဘောပဲ"

ယဲ့ယွင်က လက်ခံယူလိုက်သည်။ ထိုအရာမှာ အကောင်းစား ဆိတ်ဆီကျောက်စိမ်းဖြစ်ပြီး ဘဲဥပုံသဏ္ဌာန်ရှိရာ ခွဲခြမ်းပြုလုပ်လျှင် ပစ္စည်းအများအပြား ပြုလုပ်နိုင်သည်။ သူမသည် သဘာဝအတိုင်း အားမနာဘဲ လက်ခံလိုက်သည်။

နှစ်ဦးသား ခဏတာထိုင်ပြီးနောက် ရာသီဥတု ပူစပ်စပ်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ မိုးအုံ့နေသော်လည်း နွေရာသီဖြစ်ရာ အပြင်တွင် နေထိုင်တာကြာသည်နှင့်အမျှ မသက်မသာဖြစ်စေသည်။

နင်ချန်က ကျိုင်းရှင်းဆောင်မှာ သေးငယ်သည်ဟု ထင်သဖြင့် ယဲ့ယွင်ကို ကျိုချန်နန်းဆောင်သို့ ခေါ်ဆောင်သွားသည်။

သို့သော် ကံမကောင်းစွာဖြင့် ယဲ့ယွင် ထိုင်ခုံတွင် ကောင်းကောင်းမထိုင်ရသေးမီ အပြင်တွင် အမတ်တစ်ဦး တွေ့ဆုံခွင့်တောင်းလာသည်။

ထိုသူမှာ အခြားသူမဟုတ်၊ မယ်တော်ကြီး၏ မောင်၊ ချန်ပေါင်လင်၏ ဖခင်၊ ဧကရာဇ်၏ ဦးရီးတော်၊ အမတ်ကြီးချန်ဖြစ်သည်။

"အမတ်ကြီးချန်က အရာရှိစီမံခန့်ခွဲရေးဌာနကိစ္စအတွက် လာတာလို့ ပြောပါတယ်၊ အရှင်မင်းကြီး တွေ့ဆုံမလား။”

ယွမ်ကျိုက သတိထားကာ လျှောက်တင်လိုက်သည်။

နင်ချန်၏ မျက်ဝန်းများ အေးစက်သွားသည်။ အရာရှိစီမံခန့်ခွဲရေးဌာနတဲ့လား၊ ဒီတစ်ကြိမ်ရော ဘယ်သူ့အတွက် ရာထူးတစ်ခု ယူပေးဖို့ကြိုးစားနေပြန်ပြီလဲ။

နန်းတွင်းရေးရာကိစ္စများမှာ အနောက်

ဆောင်မှ အမျိုးသမီးများ ဝင်ရောက်

စွက်ဖက်ရန် မသင့်တော်သောကြောင့် ယဲ့ယွင်မှာ လိမ္မာစွာဖြင့် အလိုက်တသိနောက်ဆုတ်ထွက်ခွါသွားခဲ့သည်။

ထွက်လာသောအခါ ထိုအမတ်ကြီးချန်နှင့် တွေ့ဆုံမိပြီး နှစ်ဦးသား အပြန်အလှန်အရိုအသေပြုကာ မိမိတို့လမ်းအတိုင်း ထွက်ခွာသွားကြသည်။

"ကျွန်တော်မျိုးမကြည့်ရသလောက် ဒီအမတ်ကြီးချန်နဲ့ ချန်ပေါင်လင်က သိပ်မတူဘူးပဲ။ စာပေအရာရှိလို့ ကြားပေမဲ့ရုပ်ရည်က သူရဲကောင်းဆန်တယ်"

ဟွေယွဲ့က တိုးတိုးလေး ပြောသည်။

လုယန်လည်း လိုက်ပါလာပြီး ဝင်

ပြောခဲ့သည်။

"ကျွန်တော်မျိုးမအရင်က ချန်မိသားစုကို အဝေးကနေ မြင်ဖူးပါတယ်။ ဒီအမတ်ကြီးကတော့ မယ်တော်ကြီးနဲ့ ဆယ်ပုံမှာခြောက်ပုံလောက်တူတယ်။ ချန်ပေါင်

လင်ကတော့ သူ့မိခင်နဲ့ ပိုတူတယ်။"

"အိုး၊ ဒါဆိုရင် ချန်ပေါင်လင်ရဲ့အမေဖြစ်သူက တော်တော်လှတဲ့သူတစ်ယောက်ဖြစ်မှာပဲ။ သမီးဖြစ်တဲ့ချန်ပေါင်လင်ရဲ့ ရုပ်ရည်

က တော်တော်လေးချောတယ်ပြောရမယ်။”

ယဲ့ယွင်က ထိုနှစ်ယောက်ကိုကြည့်ကာပြုံးလိုက်ပြီး

"လုယန်၊ နင်ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ၊ နန်းတော်ထဲမှာ ဘယ်လောက်ကြာပြီလဲ"

"ဝမ်ရုန်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမ ဒီနှစ် နှစ်ဆယ့်လေးနှစ်ရှိပါပြီ။ ဆယ့်ခြောက်နှစ်အရွယ်မှာ နန်းတော်ထဲဝင်ခဲ့ပြီး နှောင်းဧကရာဇ်ရဲ့ ချင်ကျောင်းရုန်ကို အမြဲခစားခဲ့ပါတယ်။ မနှစ်က ချင်ကျောင်းရုန် ကွယ်လွန်သွားတော့ ကျွန်တော်မျိုးမ နန်းတွင်းအမှုထမ်းရုံးကို ပြန်ပြီး အမိန့်စောင့်ဆိုင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဝမ်ရုန်ဆီကို ရောက်လာတာပါ။ နန်းတော်ထဲဝင်တာ ရှစ်နှစ်ရှိပါပြီ"

လုယန်က အမှန်အတိုင်းဖြေကြားပြီး မျက်လုံးများတွင် အနည်းငယ် မလုံမလဲဖြစ်နေသည်။ ဤမေးခွန်းများကို လူရွေးချယ်စဉ်က တစ်ကြိမ်မေးမြန်းပြီးဖြစ်ရာ အဘယ့်ကြောင့် ထပ်မေးရသနည်း။

"နှစ်ဆယ့်လေးနှစ်ဆိုတော့ ဥပဒေအရ နှစ်ဆယ့်ငါးနှစ်ဆိုရင် နန်းတော်က ထွက်ပြီး ကိုယ့်ဘာသာ အိမ်ထောင်ပြုလို့ရပြီ"

ယဲ့ယွင်က ပြုံးကာ သူမကို ကြည့်သည်။

"မင်းကောင်းကောင်းခစားပါ။ လာမယ့်နှစ် နန်းတော်က ထွက်ရင် ငါမင်းအတွက် တင်တောင်းပစ္စည်းတစ်ခု ပြင်ဆင်ပေးမယ်။ ငါ့ဆီမှာ ခစားတဲ့ အစေခံမလေးတွေအားလုံး အတူတူပဲ။ နန်းတော်က ထွက်ရင် ငါအားလုံးကို တင်တောင်းပစ္စည်းလုံလုံလောက်လောက်ပေးမှာဖြစ်ပြီး မျက်နှာမငယ်စေရဘူး။”

ဤအချိန်တွင် ယဲ့ယွင်မှာ အမှန်တကယ် အခြားရည်ရွယ်ချက်မရှိဘဲ မေးမြန်းရုံသာဖြစ်သည်။ တင်တောင်းပစ္စည်းပြင်ဆင်ပေးသည့်ကိစ္စမှာလည်း အမှန်ပြောခြင်းဖြစ်ပြီး လက်ထဲတွင် ငွေမရှိသည်မဟုတ်ရာ ဤမျှလောက်ကို နှမြောတွန့်တိုနေမည်မဟုတ်ပေ။

သို့သော် သူမမှာမူ ဤသို့သော အမှတ်မထင်ပြောလိုက်သည့် စကားတစ်ခွန်းက အရေးကြီးသည့်အချိန်တွင် သူမအား ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးပေးလိမ့်မည်ဆိုသည်ကို မသိခဲ့ပေ။

ယခုအချိန်သို့ ပြန်ရောက်သောအခါ သခင်နှင့် အစေခံများ ကျိုင်းရှင်းဆောင်သို့ ပြန်ရောက်လာကြပြီး ယဲ့ယွင်သည် ဧကရာဇ်က လက်တလောအတွင်း မည်သူ့ကိုမျှ ခေါ်ယူမည်မဟုတ်ဟု ခန့်မှန်းကာ သာမန်ဝတ်စုံသို့ လဲလှယ်ပြီး ပန်းချီဆွဲနေလိုက်သည်။

ဆုလာဘ်အဖြစ် အရောင်ခြယ်ဆေးများ ရရှိထားသည်ဖြစ်ရာ အရောင်စုံပန်းချီကားတစ်ချပ်ကို ဆွဲရန်စဉ်းစားလိုက်သည်။ ယနေ့ ငါးစာကျွေးခဲ့သော ရွှေငါးများကို သတိရကာ ထိုငါးလေးများကို စဆွဲခဲ့သည်။

........

ထိုအချိန် ကျိုချန်နန်းဆောင်တွင် အမတ်ကြီးချန်မှာ ထွက်ခွာသွားပြီဖြစ်ပြီး နင်ချန်မှာ အမူအရာတည်ငြိမ်စွာဖြင့် ပြတင်းပေါက်ရှေ့တွင် လက်ပိုက်ရပ်နေကာ စကားတစ်ခွန်းမှ မဆိုခဲ့ပေ။

ယနေ့ ထိုဦးရီးတော်လာရောက်ခြင်းမှာ ချန်မိသားစုမှ ဆွေမျိုးတစ်ဦးကို ရာထူးမှ ဖယ်ရှားလို၍ဖြစ်သည်။ ထိုသူမှာ အမှန်တကယ် အရည်အချင်းရှိသူမဟုတ်ဘဲ အသက်လေးဆယ်ရှိသော်လည်း မည်သည့်စွမ်းဆောင်မှုမျှမရှိဘဲ တရားစီရင်ရေးဌာန၏ အရေးကြီးသော ရာထူးကို နေရာယူထားပြီး ဤနှစ်များအတွင်း မမှန်ကန်သော အမှုများကို မနည်းမနော စီရင်ခဲ့သည်။

ဤသို့သော အရေးကြီးသည့် ရာထူးကို ချန်မိသားစုက စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။

နင်ချန်မှာ အခြားအကြောင်းအရင်းမစဉ်းစားနိုင်ပေ။ အကြောင်းအရင်းမှာ ချန်မိသားစုက နောက်ဆုတ်၍ ရှေ့တိုးလိုခြင်းဖြစ်သည်။

သူ့ညီမတစ်ဝမ်းကွဲမှာ နန်းတော်ထဲဝင်စကတည်းက နေရာတကာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရ၍ ချန်မိသားစုက နန်းတွင်းတွင် တစ်လှမ်းဆုတ်ပေးပြီး အနောက်ဆောင်မှ သမီးဖြစ်သူ ကောင်းမွန်စွာနေထိုင်နိုင်ရန် လဲလှယ်လိုခြင်းဖြစ်မည်။ ယောင်မျိုးနွယ်မှာ ချိုက်ရန်ဖြစ်နေပြီဖြစ်ပြီး ဘွဲ့အမည်လည်း ရရှိထားရာ ချန်ပေါင်လင်ကဲ့သို့သော တရားဝင်ညီမတစ်ဝမ်းကွဲက ရာထူးမတိုးလျှင် အမှန်ပင် ကြည့်ရဆိုးပေသည်။

နင်ချန်က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းများမှာ အေးစက်နေသည်။ တရားစီရင်ရေးဌာန၏ လက်ထောက်မှာ အရေးကြီးသော ရာထူးဖြစ်သော်လည်း အထက်တွင် တရားစီရင်ရေးဌာနအမတ်ကြီး ရှိသေးသည်။ ထိုသူမှာ ချန်မိသားစုဝင်မဟုတ်သော်လည်း ချန်မိသားစု၏ တပည့်ဖြစ်ရာ ချန်မိသားစု၏ အဖွဲ့ဝင်ဟု ဆိုနိုင်သည်။

သူသည် တရားစီရင်ရေးဌာန၏လက်ထောက်ကို မိမိ၏လူဖြင့် လဲလှယ်နိုင်သော်လည်း တရားစီရင်ရေးဌာနကို အပြည့်အဝ ထိန်းချုပ်နိုင်ဦးမည်မဟုတ်ပေ။ သို့သော် ယခုအခါ သူ့တွင် ရွေးချယ်စရာမရှိပေ။ ဤသည်မှာအကျိုးအမြတ်အနည်းငယ်ဖြစ်သော်လည်း သူကောက်ယူရမည်သာဖြစ်သည်။

ဧကရာဇ်တစ်ပါးအနေဖြင့် အမတ်များ၏ လက်ထဲမှ အရုပ်ကဲ့သို့ သူတို့အားလိုက်လျောရခြင်းကို နင်ချန်မှာ သဘာဝအတိုင်း အရှက်ရပြီး ဒေါသထွက်သော်လည်း သူ့အုတ်မြစ်မှာ မခိုင်မာသေးရာ သည်းခံချုပ်တည်းထားရသည်။

မယ်တော်ကြီးချန်မိသားစု၊ မယ်တော်ကြီးယောင်မိသားစု၊ မိဖုရားကြီးရှဲ့မိသားစု၊ မည်သည့်မိသားစုကမျှ လွယ်လွယ်ကူကူ ရန်စနိုင်သူများ မဟုတ်ပေ။

သူ၏ကိုယ်ပိုင်အင်အားစုကို မပျိုးထောင်နိုင်မီ သူသည် ဤမိသားစုသုံးစုကို ခြေသုံးချောင်းထောက်ဟန်ဖြင့် ထိန်းထားရမည်ဖြစ်ပြီး သူတို့ကို တစ်ဦးတည်း အာဏာစက်မပြနိုင်စေရန် တားဆီးရမည်ဖြစ်သည်။

ဤသို့ဖြင့် နင်ချန်သည် ယဲ့ယွင်နှင့် ချူမိသားစုကို ပြန်လည်သတိရသွားသည်။

"ပျန့်ကျိုးကို စေလွှတ်လိုက်တဲ့လူ ဘယ်တော့ပြန်ရောက်မလဲ"

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ငါးရက်လောက်ဆိုရင် ပြန်ရောက်သင့်ပါပြီ"

ယွမ်ကျိုက လက်အုပ်ချီကာလျှောက်တင်လိုက်သည်။

နင်ချန်က မျက်လွှာချလိုက်သည်။

"ညီမတစ်ဝမ်းကွဲရဲ့ အကျယ်ချုပ်ကိုအခုချိန်မှာ ဖြေလျှော့လိုက်တော့။ ကျန်းလည်း သွားကြည့်သင့်ပြီ။ ဒီအတောအတွင်းကျန်း မိဖုရားခေါင်ကြီးကိုလည်း လျစ်လျူရှုထားမိတယ်။ ကျန်းကိုယ်တိုင်ဆွဲထားတဲ့ ကျန်းကျစ်လန်ပန်းချီကားကို ဝူထုံနန်းဆောင်ကို ပို့လိုက်၊ တခြားနေရာတွေကိုလည်း မင်းကြည့်ပြီး ပစ္စည်းတွေပို့လိုက်၊ စည်းကမ်းမကျော်လွန်ရင် ပြီးတာပဲ"

ယွမ်ကျိုက ဟုတ်ကဲ့ဟု ဖြေကာ နောက်ဆုတ်ထွက်ခွာသွားသည်။ ဤအရာများကို သူကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်ရာ ဟွိုင်အန်းကို ဧကရာဇ်နှင့်အတူ ချန်ပေါင်လင်ထံသို့ လိုက်ပါစေခဲ့သည်။

......

ကျိုင်းရှင်းဆောင်တွင် ပိုင်ကျူးက သတိထားကာ ဝင်ရောက်သတင်းပို့ပြီး ဧကရာဇ်၏ သွားရာနေရာကို ပြောကြားကာ သခင်မဖြစ်သူ မကျေမနပ်ဖြစ်မည်စိုးသဖြင့် ခေါင်းကို အမြဲငုံ့ထားသည်။

"မင်းလုပ်တာ ကောင်းတယ်၊ အပြင်က ကိစ္စတွေကို ကောင်းကောင်းစောင့်ကြည့်ထား"

ယဲ့ယွင်က နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်ပြီး ဟွေယွဲ့ကို လက်ပြလိုက်သည်။

"သူ့ကို ငွေစနည်းနည်း သွားပေးလိုက်။ အပြင်မှာ သတင်းစုံစမ်းရတာ နည်းနည်းတော့ စွန့်လွှတ်ရမှာပေါ့"

"ကျွန်တော်မျိုး ဝမ်ရုန်ကို ကျေးဇူးတင်ပါတယ်"

ပိုင်ကျူးက စိတ်အေးသွားပြီး အလွန်ကျေးဇူးတင်စွာဖြင့် နောက်ဆုတ်ထွက်ခွာသွားသည်။

အခန်းထဲတွင် အခြားသူများမရှိတော့မှ ဟွေယွဲ့က စကားစပြောသည်။

"ဝမ်ရုန် စိတ်မဆိုးပါနဲ့၊ အဲဒီတစ်ယောက်က အရှင်မင်းကြီးရဲ့ ညီမတစ်ဝမ်းကွဲပဲလေ။ အမတ်ကြီးချန် နန်းတော်ထဲဝင်ပြီး ဘာတွေပြောသွားလဲ မသိဘူး။ ဒီနေ့ အရှင်မင်းကြီးက သခင်မလေးနဲ့ တစ်မနက်လုံး အတူရှိနေတာ၊ အရှင်မင်းကြီးရဲ့စိတ်ထဲမှာ သခင်မလေးရှိပါတယ်"

"တော်ပြီ၊ နောင်ကို ဒီလိုစကားမျိုး မပြောမိစေနဲ့တော့"

ယဲ့ယွင်က ညင်သာစွာဖြင့် သူမကို တားဆီးလိုက်သည်။

"အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ နန်းတွင်းရေးရာနဲ့ တိုင်းပြည်ပဲ ရှိတယ်။ ငါက သူ့အတွက် အနောက်ဆောင်က အမျိုးသမီးတွေထဲကတစ်ယောက်ပဲ။ ကာကွယ်ခံရဖို့ထက် ကိုယ်ကိုကိုယ်ကာကွယ်ဖို့လုပ်တာပဲပိုကောင်းတယ်"

ယဲ့ယွင်က တံခါးအပြင်ဘက်ကိုမော့ကြည့်လိုက်ပြီး မျက်ဝန်းများမှာ အေးစက်နေသည်။

ဟွေယွဲ့မှာ ကြောင်တောင်တောင်ဖြစ်သွားပြီး ပျော်ရွှင်သလို ဝမ်းနည်းသလို ခံစားရသည်။ အကယ်၍ အိမ်တော်သခင်စစ်သူကြီးသာ မကွယ်လွန်ခဲ့လျှင် မိမိသခင်မလေးမှာလည်း ခင်ပွန်းကောင်းတစ်ဦးရွေးချယ်ပြီး တရားဝင်ဇနီးအဖြစ် အိမ်ထောင်ပြုကာ ခင်ပွန်းနှင့် သားသမီးများကို ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်သော ဘဝတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။

ယခုအခါ နန်းတော်ထဲဝင်လာပြီး ဧကရာဇ်၏ ကိုယ်လုပ်တော်ဖြစ်ခြင်းမှာ မြင့်မြတ်သော်လည်း မယားငယ်သာဖြစ်သည်။ ထို့အပြင် ဤအခြားသူများမြင်တွေ့နိုင်သော ဂုဏ်ကျက်သရေများမှာ သခင်မလေး ပင်ပန်းစွာ ကြံစည်ရယူထားခြင်းဖြစ်ပြီး ပန်းခင်းလမ်းလျှောက်ရသကဲ့သို့ မည်သို့ လွယ်ကူနိုင်မည်နည်း။

နန်းတော်ထဲတွင် အချစ်စိတ်ဝင်ခြင်းမှာ အကြီးမားဆုံး အမှားဖြစ်သည်။ စိတ်ဆုံးရှုံးလျှင် ရှုံးနိမ့်မည်ဖြစ်သော်လည်း အချစ်မရှိလျှင်လည်း လူကို နှမြောတသဖြစ်စေသည်။

ယဲ့ယွင်မှာ ဟွေယွဲ့၏စိတ်ထဲမှ ဤအရာများကို မသိသော်လည်း ဧကရာဇ်ကဲ့သို့ မြင့်မြတ်သူပင်လျှင် မိမိသဘောအတိုင်းမဖြစ်နိုင်သည်ကို သက်ပြင်းချမိသည်။

သူမနန်းတော်ထဲဝင်ခြင်းမှာ မိမိသဘောအတိုင်းမဟုတ်သည့်အပြင် မျက်နှာသာပေးမှုရရှိရန် ကြိုးစားရသည်။ အလားတူနင်

ချန်သည်လည်း အနောက်ဆောင်တွင် လှည့်ပတ်နေသော်လည်း မိမိအပေါ်စိတ်လိုလက်ရ ချစ်ခင်နှစ်သက်သူကိုရှာတွေ့နိုင်မည်လား။

ဤသို့တွေးလိုက်သောအခါ ယဲ့ယွင်မှာ ရယ်စရာကောင်းသည်ဟု ထင်မိသည်။ မိမိနှင့် နင်ချန်မှာ တူညီသော နေရာများတွင်

ရပ်နေခဲ့သည်။ နောင်တွင် သူမ ရာထူးမြင့်မားလိုလျှင် မိမိ၏ မိခင်မျိုးရိုးနှင့် မျက်နှာသာပေးမှုကို တစ်ပြိုင်တည်း ခိုင်မာအောင် ပြုလုပ်ရမည်ဖြစ်ပြီး ဤသို့မှသာ ရပ်တည်မှုခိုင်မာမည်ဖြစ်သည်။

နင်ချန်မှာ မျိုးရိုးမြင့်မားသော မိသားစုများ၏ ချုပ်ချယ်မှုမှ လွတ်မြောက်လိုလျှင် မိမိ၏ အင်အားစုကို ပျိုးထောင်ရမည်ဖြစ်သည်။ နှစ်ဦးသား ပူးပေါင်းဆောင်ရွက်လို့ရရင် ဘာကြောင့်ပျော်ပျော်ကြီးကြီးမလုပ်ရမှာလဲ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-20

အပိုင်း ၂၀ ။ ကောက်ရသည့်အရာ

နောက်ရက်များတွင် ယဲ့ယွင်မှာ ဧကရာဇ်နှင့် ထပ်မံမတွေ့ဆုံခဲ့ရပေ။ ကြာပန်းကြည့်ပွဲနေ့အထိ ချန်ပေါင်လင်က နှစ်ကြိမ်၊ ယိဝမ်ရုန်က တစ်ကြိမ် ခစားခဲ့ရသည်။

ခြုံငုံကြည့်လျှင် မျက်နှာသာပေးခံရသူအချို့မှာ အညီအမျှခွဲဝေရရှိသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ ပွဲတော်နေ့တွင် အားလုံးမှာ အစွမ်းကုန်ပြင်ဆင်ကြပြီး အလှချင်းပြိုင်ဆိုင်လိုစိတ်ဖြစ်ပွားစေသည်။

ယဲ့ယွင်မှာ အလွန်ထူးခြားနေရန် မကောင်းသောကြောင့် ဂရုတစိုက်ရွေးချယ်ကာ ပန်းသီးနီရောင် ဂါဝန်တစ်ထည်ကို ရွေးချယ်ပြီး ဆံပင်ကို ဓားနှစ်ချောင်းပုံထုံးကာ ပတ္တမြားဆံထိုးအစုံကို ဆင်ယင်လိုက်သည်။

ချူမိသားစုက အနောက်ဘက်ဒေသမှ ယူဆောင်လာပြီး သူမအား ပေးသနားခဲ့သော ရွှေချည်ကျောက်မျက်ရတနာ ပန်းသီးပန်းဆံထိုးမှာ နေရောင်အောက်တွင် လျှောက်လှမ်းစဉ် တလက်လက်တောက်ပနေပြီး လူ၏စိတ်ဝိညာဉ်ကို ဆွဲဆောင်နေသကသို့ တောက်ပနေသည်။

ယနေ့တွင် သူမကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်ထားပြီး မျက်ခုံးအမြီးကို အပေါ်သို့ ကွေးညွှတ်ဆွဲထားရာ လှပပြီး ဆွဲဆောင်မှုရှိကာ အနီရောင်ခြယ်ဆေးဖြင့် မျက်လုံးလိုင်းဆွဲထားပြီး နှုတ်ခမ်းနီကိုလည်း အလွန်တောက်ပသော အနီရောင်ကို ရွေးချယ်ထားရာ လှပပြီး စွဲမက်ဖွယ်

ကောင်းသော မာန်ကျူးရှားဟွားပန်းလေးနှင့် တူနေသည်။

ဤကဲ့သို့အလှတရားမှာ အမှန်တကယ် စိတ်ကို ဖမ်းစားနိုင်လောက်သည်။

ယဲ့ယွင် ရောက်ရှိလာသည်မှာ မစောမနှောင်းဖြစ်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုကာ ဘေးဘက်မှ နေရာတွင် ထိုင်လိုက်သည်။ တစ်ဖက်တွင် ဝမ်မိန်ရန်ရှိပြီး တစ်ဖက်တွင် အဆောင်၏ လက်ရန်းရှိသည်။ ဤသို့ထိုင်ခြင်းမှာ မည်သည့် "ညီအစ်မကောင်း" ကမျှ လာရောက်မပူးကပ်နိုင်ရန်ဖြစ်သည်။

"ယဲ့ဝမ်ရုန်ရဲ့ ဒီညဝတ်စုံက တကယ်လှတယ်"

ဝမ်မိန်ရန်က သူမ၏ အရိုအသေပြုမှုကို လက်ခံပြီး ချီးကျူးစကားဆိုသည်။

"ချန်းချဲ့က အမြဲတမ်း တောက်ပတဲ့အရောင်တွေကို ကြိုက်တယ်။ သူများတွေက ချန်းချဲ့ကို အလှအပမခံစားတတ်ဘူးလို့ ပြောကြတယ်။ အခုလို ဝမ်မိန်ရန်လိုလှပတဲ့သူတစ်ယောက်ဆီက ချီးကျူးစကားတစ်

ခွန်းရလိုက်တော့ တကယ်ပျော်သွားပါပြီ။"

ယဲ့ယွင်မှာ သူမနှင့် စကားပြောလိုစိတ်ရှိသည်။ အဓိကအားဖြင့် ဤဝမ်မျိုးနွယ်၏ မျက်ဝန်းများမှာ တည်ငြိမ်ပြီး ကြည်လင်နေကာ ထက်မြက်ပြီး စိတ်ယုတ်မာမရှိသူဟု ထင်ရသည်။

ကြားပြီးနောက် ဝမ်မိန်ရန်က ပြုံးသည်။

"ညီမလေးက ရုပ်ရည်လှပတယ်။ တစ်ကိုယ်လုံးက အရှိန်အဝါက ဒီမှာရှိနေတာ။ အဝတ်ကြမ်းဝတ်ရင်တောင် လှနေမှာပါပဲ။"

"အို၊ အစ်မတော် ထပ်ချီးကျူးရင် ကျွန်မရှက်မိတော့မှာပဲ။"

ယဲ့ယွင်က မျက်နှာတွင် ရှက်ရွံ့ဟန်ပြသည်။

ဝမ်မိန်ရန်မှာ နားလည်သူဖြစ်သဖြင့် ဆက်မပြောတော့ပေ။ ထပ်ပြောလျှင် ဟန်ဆောင်ရာကျသွားမည်ဖြစ်သည်။

မကြာမီ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီး အတူတကွ ရောက်ရှိလာကြပြီး ဇနီးမောင်နှံနှစ်ဦးမှာ မျက်နှာတွင် သင့်မြတ်ဟန်ရှိသည်။ အနည်းဆုံးတော့ မိဖုရားခေါင်ကြီး၏ မျက်လုံးများတွင် ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။

လူများအားလုံး ထရပ်၍ အရိုအသေပြုကြရာ နင်ချန်၏မျက်လုံးများမှာ ယဲ့ယွင်ကို ချက်ချင်းမြင်တွေ့သွားသည်။ အခြားကြောင့်မဟုတ်၊ ထိုတောက်ပသော အနီရောင်မှာ အလွန်ထင်ရှားပြီး ယဲ့ယွင် မော့ကြည့်သောအခါ အထူးပြင်ဆင်ထားသော မျက်လုံးမိတ်ကပ်မှာ နင်ချန်ကို သူငယ်စဉ်က မွေးမြူခဲ့သော မြေခွေးနီလေးကို သတိရသွားစေသည်။

ယဲဲ့ယွင်ကို မြင်လိုက်သည်အခိုက်အတန့်မည်သို့ကြောင့်မှန်းမသိ ထိုမြေခွေးနီလေးမှာ လူဝင်စားဖြစ်သွားပြီး သူ့ထံပြန်လည်ရှာဖွေလာသည့်အလား။

ယဲ့ယွင်သည် ဧကရာဇ်က မိမိကို ကြည့်နေသည်ကို သတိထားမိသဖြင့် ပွင့်လင်းစွာဖြင့် သူ့ကို ပြုံးပြလိုက်သည်။

ဤအရာအားလုံးမှာ ဖန်းချိုက်ရန်၏ မျက်စိထဲသို့ ရောက်ရှိသွားပြီး မျက်ဝန်းများမှာ မှောင်မိုက်သွားကာ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ မျက်လွှာချကာ ဘေးမှ အစေခံမလေးကို လက်ဟန်ပြလိုက်ရာ ထိုအစေခံမှာ နားလည်သဘောပေါက်ပြီး တိတ်တဆိတ် နောက်ဆုတ်ထွက်ခွာသွားသည်။

"ဒီနေ့ မိဖုရားခေါင်ကြီးက ပွဲတော်ကျင်းပတော့ အိုင်ထဲကကြာပန်းတွေက ပိုပြီးပွင့်လန်းလာတယ်။ မိဖုရားခေါင်ကြီးရဲ့ ဂုဏ်ကျက်သရေကြောင့်ပဲ ဖြစ်မယ်။"

နင်ချန်သည် ဤရက်ပိုင်းအတွင်း သတင်းကောင်းအချို့ရရှိထားသဖြင့် စိတ်ကြည်လင်နေပြီး ချီးကျူးစကားအနည်းငယ်ပိုပြောလိုက်သည်။

မိဖုရားခေါင်ကြီး၏မျက်နှာမှာ အနည်းငယ်နီရဲသွားပြီး ရှက်ရွံ့စွာ ဆိုသည်။

"ကြာပန်းက နေရောင်ကို ကြိုက်တယ်။ အရှင်မင်းကြီးရဲ့ နဂါးအရှိန်အဝါက ကာကွယ်ပေးပြီး ပန်းပွင့်အောင် လုပ်ဆောင်ပေးတာပဲ ဖြစ်မှာပါ"

"ဒီချန်းချဲ့ ကြည့်ရတာတော့ အဲဒီကြာပန်းနတ်သမီးက အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီး သာယာဝပြောတာကို မြင်ပြီး စိတ်ထဲမှာ ပျော်ရွှင်လို့ ဒီကန်ထဲက ကြာပန်းတွေအားလုံးကို လှပစွာ ပွင့်လန်းစေတာပါ။"

ကျောက်ကျယ်ယွီက အချိန်ကိုက်ဝင်ပြောရာ ထိုစကားများမှာ မိဖုရားခေါင်ကြီးကို အလွန်ကျေနပ်စေပြီး အမူအရာမှာ ပို၍ ဂုဏ်ယူဟန်ရှိသွားသည်။

နင်ချန် ကြားပြီးနောက် ပြုံးလိုက်ပြီး မျက်နှာသာပေးသည့်အနေဖြင့် မိမိရှေ့မှ မုန့်တစ်ပန်းကန်ကို ကျောက်ကျယ်ယွီအား ဆုချလိုက်သည်။

ရှေ့မှ လှပသော စကားများပြောပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များရောက်လာခဲ့သည်။ ပန်းကြည့်ရုံသာဆိုလျှင် ပျင်းစရာကောင်းသည် မဟုတ်လား။

အကမယ်များက ကပြဖျော်ဖြေကြပြီး အားလုံးမှာ အသစ်ရေးစပ်ထားသော တေးသီချင်းများဖြစ်ပြီး တူရိယာပညာရှင်များလည်း ပါဝင်ရာ မိဖုရားခေါင်ကြီး ဤပွဲကိုမည်မျှအားထုတ်ထားကြောင်း ထင်ရှားစေခဲ့သည်။

ဒုတိယအစီအစဉ်စတင်သောအခါ ယန်ချိုက်နွီသည် ဒေါင်းတောင်ဝတ်စုံဖြင့် အကမယ်များဝန်းရံလျက် ထွက်ပေါ်လာသည်။

ယန်မျိုးနွယ်မှာ အလွန်လှပသူဖြစ်ပြီး ယနေ့တွင်လည်း ဂရုတစိုက်ပြင်ဆင်ထားရာ သဘာဝအတိုင်း လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ အထူးသဖြင့် သူမဒေါင်းဝတ်စုံမှာ တောင်ပံကဲ့သို့ ပေါ့ပါးပြီး တိမ်တိုက်ကဲ့သို့ လှပကာ အရောင်အသွေးစုံလင်နေသဖြင့် ဝတ်ဆင်သူကို နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်စေသည်။

"ယန်ချိုက်နွီက အိမ်မှာနေကတည်းက အဆိုအကကောင်းတယ်။ အရှင်မင်းကြီးအတွက် ဒီအစီအစဉ်ကို အထူးပြင်ဆင်ထားတာပါ။ အစက လမုန့်ပွဲတော်မှာ ဖျော်ဖြေမလို့ပါ။ အခု ပန်ကုန်းက ကြာပန်းကြည့်ပွဲကျင်းပတော့ သူ့ကို အရင်ကခိုင်းလိုက်တာပါ"

မိဖုရားခေါင်ကြီးက နင်ချန်၏ အမူအရာကို တိတ်တဆိတ်အကဲခတ်နေပြီး သူလည်း ဆွဲဆောင်ခံရသည်ကို မြင်မှ ညင်သာစွာ ရှင်းပြသည်။ သူမမှာ လိမ်ညာပြောဆိုခြင်းမဟုတ်ပေ။ အကယ်၍ ယောင်မျိုးနွယ် ရာထူးတိုးခြင်းက သူမကို စိတ်မထိန်းနိုင်ဖြစ်မသွားစေခဲ့လျှင် ဤအကမှာ လမုန့်ပွဲတော်အတွက် အမှန်တကယ် ပြင်ဆင်ထားခြင်းဖြစ်သည်။

အောက်မှ ကိုယ်လုပ်တော်များမှာ ဒေါသထွက်လွန်း၍ အံကြိတ်နေကြပြီး သူတို့ကိုယ်တိုင် မည်သည့်အစီအစဉ်မျှ မပြင်ဆင်ခဲ့မိသည်ကို နောင်တရနေကြသည်။

ယောင်မျိုးနွယ်တစ်ဦးတည်းသာ တည်ငြိမ်နေပြီး မျက်လုံးများမှာ ယဲ့ယွင်ကို မသိမသာစိုက်ကြည့်နေကာ စင်ပေါ်မှ ဖျော်ဖြေမှုအပေါ် စိတ်ဝင်စားမှုမရှိသည့်အလား။

ထိုအချိန်တွင် စောင်းသံထွက်ပေါ်လာပြီး ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော "နွဲ့နှောင်းသောခါး" အကတေးသီချင်းဖြစ်နေသည်။

ယန်မျိုးနွယ်မှာ ရှဲ့မိသားစုက ဂရုတစိုက်ပျိုးထောင်ခဲ့သူပီပီ ကပြသောအခါ ခန္ဓာကိုယ်မှာ နူးညံ့ပျော့ပျောင်းပြီး အရိုးမရှိသည့် ငန်းမလေးကဲသို့ ခြေလှမ်းများမှာ ပေါ့ပါးလှပြီး လေပြေနှင့်အတူ လွင့်မျောနေသော မိုးမခနတ်သမီးလေးအလား အလှတရား၏ တန်ဖိုးကို ကြည့်ရှုနေခဲ့ကြသည်။

"ဟွေယွဲ့၊ ငါနောက်ဆုံးတော့ သိသွားပြီ။ ဘာလို့ အရင်က ဧကရာဇ်တွေ ညီလာခံမတက်ချင်ကြလဲဆိုတာ။”

ယဲ့ယွင်က ချီးကျူးဟန်ဖြင့် တိုးတိုးလေး ကျီစယ်စကားဆိုသည်။

အကယ်၍ သူမသာ ဧကရာဇ်ဖြစ်လျှင် မင်းဆိုးမင်းညစ်တစ်ပါးဖြစ်မည်မှာ သေချာသည်။ ဤသို့တွေးလိုက်သောအခါ နင်ချန်၏ ဤမျှလောက်သော ချုပ်တည်းနိုင်စွမ်းကို အမှန်တကယ် လေးစားမိသည်။

တေးသီချင်းတစ်ပုဒ်ပြီးဆုံးသောအခါ အဆိုတော်များ နောက်ဆုတ်သွားပြီး ယန်ချိုက်နွီက အရိုအသေပြုသည်။

"ချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ ဒီအကကို အရှင်မင်းကြီး ပျော်ရွှင်စေဖို့အတွက် ဖျော်ဖြေတာပါ။”

"ကောင်းတယ် ကောင်းတယ်။ ကျန်း တေးဂီတကို သိပ်မကျွမ်းကျင်ပေမဲ့ ဒီ'နွဲ့နှောင်းသောခါး'အကက လောကတခွင်မှာ အကောင်းဆုံးဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်

အတွင်း ဘယ်သူမှ မင်းထပ်ကောင်းအောင် မကနိုင်လောက်ဘူး။ ဒီနေ့ မင်းက ကျန်းကို အမြင်ပွင့်စေတာပဲ၊ ဆုချသင့်တယ်"

နင်ချန်က တစ်ဝက်အမှန်တစ်ဝက်အမှားဖြင့် ရယ်မောပြီး လက်တစ်ဖက်ဝှေ့ယမ်းကာ ဆုချရန် ပြင်လိုက်သည်။

ယန်ချိုက်နွီနှင့် မိဖုရားခေါင်ကြီးတို့၏မျက်လုံးများမှာ ချက်ချင်းတောက်ပလာပြီး ရာထူးတိုးဟူသော စကားနှစ်လုံး ဧကရာဇ်၏ နှုတ်မှ ထွက်လာမည်ကိုသာ စောင့်ဆိုင်းနေကြသည်။

"အရှင်မင်းကြီး"

ရုတ်တရက် စွန်းရှိုးရီ၏ အသံထွက်ပေါ်လာပြီး တစ်ဝက်ချွဲနွဲ့၊ တစ်ဝက်ရှက်ရွံ့စွာ ဆိုသည်။

"ချန်းချဲ့လည်း ဒီနေ့ အကတစ်ပုဒ် ပြင်ဆင်ထားပါတယ်။ အရှင်မင်းကြီးက အခု ညီမလေးယန်ကို အရင်ဆုချလိုက်တော့ ချန်းချဲမကရဲတော့ဘူး။ ဒါပေမဲ့ မကရင်လည်း အားထုတ်ထားတာ အလဟဿဖြစ်သွားမှာစိုးမိလို့ ချန်းချဲ့ နှမြောမိပါတယ်။ အရှင်မင်းကြီး ဒီချန်းချဲ့ရဲ့ ဒီအကကို ကြည့်ပြီးရင် ချန်းချဲ့ကိုလည်း ဆုချပေးပါလား။"

ဤသို့ပြောလိုက်သည်နှင့် မိဖုရားခေါင်ကြီးနှင့် ယန်မျိုးနွယ်တို့၏ မျက်နှာများ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

သို့သော် စွန်းရှိုးရီမှာ မျက်နှာသာပေးခံရသူဖြစ်ရာ နင်ချန်မှာ မျက်နှာသာပေးမည်မှာ သေချာသည်။ ပြုံးကာ အခါးရည်တစ်ငုံသောက်ပြီး မတတ်သာဟန်ဖြင့် ဆိုသည်။

"မင်းရဲ့စိတ်ထားသေးသိမ်တာကို ကြည့်စမ်း။ ကျန်းဘယ်တုန်းက မင်းရဲ့ဝေစုကို လျှော့ပေါ့ခဲ့ဖူးလို့လဲ။ ပြင်ဆင်ထားတယ်ဆိုရင်တော့ ကြည့်ရတာပါ။ ကျန်း မျှော်လင့်နေမယ်။”

စွန်းရှိုးရီက ရှက်ရွံ့စွာဖြင့် မျက်နှာကို ဖုံးကွယ်ပြီး အစေခံမလေး၏ အကူအညီဖြင့် အဝတ်အစားလဲရန် ထွက်ခွာသွားသည်။

မကြာမီ ကြာကန်ထဲမှ သာယာငြိမ့်ညောင်းသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပြီး မကြားတချက်ကြားတချက်၊ ကြည်လင်ပြတ်သားလှသည်။

ကြာကန်ထဲတွင် ဝါးဖောင်တစ်စင်းက ကန်အလယ်သို့ ဖြည်းညင်းစွာ ခုတ်မောင်းလာပြီး အစိမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးခြောက်ဦးက ဝါးဖောင်ပတ်လည်တွင် ဒူးထောက်ထိုင်ကာ လှော်တက်ငယ်များဖြင့် လှော်ခတ်နေကြသည်။ အလယ်မှ ပန်းရောင်ဖျော့ဖျော့ ဇာဘော်လီဝတ်စုံဝတ်ထားပြီး ခြေဗလာဖြင့် ရွှေခေါင်းလောင်းကိုင်ထားသူမှာ စွန်းရှိုးရီဖြစ်သည်။

(T/N ကျွန်မတောင် နင်ချန်ဖြစ်ချင်သွားပြီ။ အဲ့လိုအလှလေးတွေကိုကြည့်ချင်တယ်လို့)

သီချင်းသံမှာ ညင်သာရာမှ ပြင်းထန်လာပြီး ဝါးဖောင်ပေါ်မှ အမျိုးသမီးမှာ ကြာဖူးကဲ့သို့ တဖြည်းဖြည်း ခန္ဓာကိုယ်ကို ဖော်ပြလာသည်။ ဝါးဖောင် ကန်အလယ်သို့ရောက်သောအခါ အစိမ်းရောင်ဝတ်စုံဝတ်ထားသော အဆိုတော်များက ထရပ်၍ ကပြဖျော်ဖြေကြရာ စိမ်းလန်းသော အရွက်များနှင့် တူပြီး အလယ်မှ ပန်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးကို ပို၍ လှပစေသည်။

ရွှေခေါင်းလောင်းသံမှာ ကြည်လင်စွာ မြည်ဟည်းနေပြီး မိုးစက်များနှင့် တူကာ ကြာပန်းများကို ပို၍ တောက်ပစေသည်။

အကတစ်ပုဒ်ပြီးဆုံးသောအခါ ကကွက်မှာ ယန်မျိုးနွယ်နှင့် မတိမ်းမယိမ်းဖြစ်သော်လည်း ဆန်းသစ်ပြီး ထူးခြားမှုမှာ အများကြီး သာလွန်ပေသည်။

မိဖုရားခေါင်ကြီးနှင့် ယန်ချိုက်နွီတို့မှာ ဤသို့ဖြစ်ပွားလာမည်ဟု မထင်ထားခဲ့ကြပေ။ အကယ်၍ ယခင်က အနည်းငယ် မျှော်လင့်ချက်ရှိသေးလျှင် ယခုအခါ စိတ်ဓာတ်ကျသွားပြီဖြစ်သည်။ "နွဲ့နှောင်းသောခါး" အကမှာ လှပသော်လည်း စွန်းရှိုးရီ၏ ဤ "ကြာပန်းနတ်သမီး" အကနှင့် လုံးဝမယှဉ်နိုင်ပေ။

"အခုလိုလှပတဲ့သူကို ရထားတာက ကျန်းရဲ့ကံကောင်းခြင်းပဲ"

နင်ချန်မှာ သဘောကျနေသည်။ စွန်းရှိုးရီမှာ ထက်မြက်သူဖြစ်ပြီး အရည်အချင်းလည်း ရှိရာ လူကို ပို၍ ကျေနပ်စေသည်။

"ကျန်းအမိန့်တော်ကို ကြားစေ၊ စွန်းရှိုးရီမှာ ရုပ်ရည်လှပပြီး အမူအရာယဉ်ကျေးသဖြင့် 'ယန်' ဟူသော ဘွဲ့အမည်ကို ပေးသနားပြီး ယန်ချိုက်နွီကို ပေါင်လင်အဖြစ် ရာထူးတိုးပေးစေ"

( T/N ရာထူးတွေတိုးကုန်ကြတော့ ကျွန်မရဲ့ဇာတ်ကောင်ဇယားကိုလည်းပြန်ပြင်ရတော့မယ်။)

ဧကရာဇ် လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ယန်ရှိုးယီနှင့် ယန်ပေါင်လင်အသစ်တစ်ဦး ထပ်မံပေါ်ပေါက်လာသည်။

သို့သော် မိဖုရားခေါင်ကြီးနှင့် ယန်မျိုးနွယ်မှာ မည်သို့မျှ မပျော်ရွှင်နိုင်ပေ။ ယနေ့တွင် စွန်းမျိုးနွယ်၏ လက်ချက်ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့ရာ ဤရာထူးမှာ ကောက်ရသည့်အရာကဲ့သို့ ဖြစ်နေ၍ အဓိပ္ပာယ်မရှိတော့ပေ။

***

All Chapters