← Chapters

ဝေဖန်မှုပညာ အခြေခံအဆင့်

Vol. 6 Ch. 76

ဝေဖန်မှုပညာ အခြေခံအဆင့်

Vol. 6 Ch. 76

ချန်ရှောင်ယန်က စားပွဲထံသို့ ယိုင်တိုင်တိုင် လျှောက်သွားလိုက်သည်။

စာရွက်ပေါ်မှ အကြောင်းအရာများက သူမနှင့် အလွန် ရင်းနှီးလွန်းနေသည်။ ညာဘက်တွင် တေးဂီတ သင်္ကေတများကို ရေးသားထားပြီး ဘယ်ဘက်တွင် သီချင်းစာသားကို ရေးသားထားသည်။

ဂီတနှင့် ပတ်သက်လာသောအခါ သူမ လန်းလန်းဆန်းဆန်း ဖြစ်သွားလေသည်။

“အလင်းအား ဖွေရှာသူတဲ့လား”

သူမ စာရွက်ကို ကောက်ကိုင်လိုက်ပြီး တစ်လုံးချင်း ဖတ်ကြည့်လိုက်သည်။ သူမကိုယ်တိုင် သတိမထား လိုက်မိခင်မှာပဲ ဂီတသင်္ကေတကို နှုတ်ခမ်းစေ့ရုံမျှ လိုက်ညည်းနေမိသည်။

မရည်ရွယ်ပါဘဲ သူမမျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။

ဤသည်က ကိုယ်ပိုင် ဖန်တီးမှုတစ်ခုပင်။ ထို့အပြင် သေချာပေါက် နာမည်ကျော်မည့် ကိုယ်တိုင် ဖန်တီးမှုတစ်ခု ဖြစ်သည်။

*အလင်းအား ဖွေရှာသူတဲ့လား၊ တင်စားလိုက်တဲ့ နာမည်ပဲ၊ ငါ့အတွက်တော့ ဒီဂီတကိုက အလင်းပဲ*

*ဒါကို မနေ့ကလူက ထားခဲ့တာလား*

သူမ အောက်ဆုံးစာကြောင်းကို မြင်သောအခါ အရင်ဆုံး ပြုံးလိုက်မိသည်။ ထို့နောက် မျက်ရည်များက ထိန်းချုပ်မရနိုင်ဘဲ လွတ်လပ်စွာ စီးကျလာသည်။

*စိတ်ဓာတ်မကျပါနဲ့၊ ဘဝက နှလုံးခုန်နှုန်းကို တိုင်းတဲ့စက်လိုပဲ၊ ချောမွေ့နေတဲ့အချိန်ဆိုလို့ … သေတဲ့အချိန် တစ်ချိန်ပဲ ရှိတယ်*

“ကျေးဇူးတင်ပါတယ် … ကျေးဇူးတင်ပါတယ် …”

သူမ ပါးစပ်ကို လက်ဖြင့်အုပ်ပြီး အတတ်နိုင်ဆုံး အသံကျယ်ကျယ်ဖြင့် မငိုမိအောင် ကြိုးစားနေသည်။

အနုပညာနယ်ပယ်အတွင်း၌ အခက်အခဲမျိုးစုံ သူမ ကြုံရသည့်အခါတိုင်း၊ အခြားသူများက ကျိုးကြောင်း မသင့်တော်သော တောင်းဆိုမှုများ ပြုလုပ်လာတိုင်း၊ မဖြစ်နိုင်သော အရာများနှင့် ဆူးငြောင့်ခလုတ်များ ရင်ဆိုင်ရချိန်မှာတောင်မှ သူမ တစ်ခါမှ မငိုခဲ့ပါ။ ယခု သူမ ငိုမိနေသည်။ သူမ ထိန်းချုပ်မရနိုင်အောင် ရှိုက်ငိုနေ၏။

သူမ လက်ထဲမှ စာရွက်ကို လက်ထိပ်များ ဖြူရော်သွားသည်အထိ ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။

“ဝိုင် ရှင် ဘာလို့ ထွက်ပြေးသွားခဲ့တာလဲ၊ ရှင် တာဝန်မယူချင်ဘူးလား၊ သေချာစဉ်းစားခဲ့သင့်တယ်”

…

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် အဆောင်သို့ ပြန်ရောက်နေ၏။

“ရှောင်ရဲ့ မင်း ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူးပဲ”

ရှန်းက အားပါးတရ ရယ်၍ အာလူးလေးနှင့် ရှောင်ကမ်းတို့အား လက်ဖြန့်ပြသည်။

“မင်းတို့ လောင်းချင်စိတ် ရှိတယ်ဆိုရင် အရှုံးကိုလည်း ရင်ဆိုင်ရမှာပေါ့၊ မြန်မြန်လုပ် ငါ့ကို ပိုက်ဆံပေး”

အာလူးလေးနှင့် ရှောင်ကမ်းက ရဲ့လင်းချန်ကို စူးစိုက်ကြည့်ပြီးမှ ပိုက်ဆံကို ထုတ်ပေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ သူတို့နဲ့ လောင်းကစား လုပ်ထားတာ၊ လဝက်အတွင်း မင်း အဆောင်အပြင်မှာ ညအိပ်မယ်လို့ ငါ လောင်းထားတာ၊ အာလူးလေးက တစ်လ၊ ရှောင်ကမ်းကတော့ နှစ်ဝက်တဲ့လေ၊ ဟားဟားဟား အခုတော့ ငါ နိုင်ပြီလေ”

ရှန်းက ထပ်ရယ်ပြီး ရဲ့လင်းချန်အား လက်မထောင်ပြသည်။

“ရှောင်ရဲ့ တော်တယ်ကွာ”

*မင်းတို့က ဒါကိုလည်း လောင်းကြတာပဲလား၊ မင်းတို့ ဘယ်လိုတောင် ပျင်းနေကြတာလဲ*

တစ်ခဏမျှ နောက်ပြောင်ပြောဆိုနေကြပြီးနောက် သုံးယောက်လုံး တည်ငြိမ်သွားကြသည်။

ရဲ့လင်းချန်က ဝံပုလွေပေါက်လေး နှစ်ကောင်ကို အစာကျွေးလိုက်သည်။ သူတို့က အရင်လို သေးကွေး မနေတော့ချေ။ ထို့အပြင် သူတို့၏ အမဲလိုက်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပြေးလွှားခြင်း စွမ်းရည်များ တိုးတက်လာစေရန် ရဲ့လင်းချန်က သူတို့အတွက် အထူး လေ့ကျင့်ရေး အစီအစဉ် ပြင်ဆင်ထားသည်။

“ဪ ဟုတ်သားပဲ ရှောင်ကမ်း မင်း ကျောင်းရဲ့ ဘက်စကတ်ဘော ပြိုင်ပွဲကို ဝင်ထားတာ မဟုတ်လား၊ မင်း ဘာလို့ မလေ့ကျင့်တာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“ချီးပဲ၊ အဲ့အကြောင်း ပြောမိရင် ငါ ဒေါသထွက်လာတယ်၊ လေ့ကျင့်ရေးအချိန်တုန်းက ခွေးမသား ဟဲယွမ်က ငါတို့ စာပေဌာနကို ပြဿနာရှာတယ်၊ ကျောင်းသား သမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌဆိုတဲ့ ရာထူးကို သုံးပြီး ငါတို့ကို လေ့ကျင့်ဖို့ နေရာ မပေးဘူး”

“လေ့ကျင့်ဖို့ နေရာတောင် မပေးဘူးလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

*ဒါ တမင်သက်သက် ဘက်လိုက်တာပဲ*

“ဟုတ်တယ် လေ့ကျင့်ရေးမြေနေရာ မလောက်လို့လို့ ဆင်ခြေပေးပြီး ငါတို့ဌာနကို ဖယ်ထုတ်တယ်လေ၊ ငါတို့က သူများတွေ နားတဲ့အချိန်ကိုစောင့်ပြီး လေ့ကျင့်ရတယ်၊ တစ်ခါတလေ တစ်ခြားကျောင်းကိုသွားပြီး သူတို့ခန်းမတွေကို သွားငှားရတယ်”

ရှောင်ကမ်းက ခေါင်းညိတ်၍ သုန်မှုန်စွာ ပြောပြသည်။

“ယီးပဲ အဲ့ခွေးမသားက သူ့နေရာကို အသုံးချပြီး ပုဂ္ဂိုလ်ရေး မကျေနပ်တာကို လက်စားချေတာ”

အာလူးလေးက စိတ်ဆိုးမာန်ဆိုး ကျိန်ဆဲလေသည်။

“သူက ငါတို့နဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ”

ရဲ့လင်းချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အသာပြောလိုက်သည်။ ရဲ့လင်းချန် သွေးပူပြီး ဟဲယွမ်အား ရန်လုပ်မည်ကို ရှောင်ကမ်း စိုးရိမ်သွားသည်။ ထို့ကြောင် သူ တည်ငြိမ်စွာ ပြောလိုက်လေသည်။

“ရှောင်ရဲ့ ဘာမှမဖြစ်ပါဘူး၊ သူက ကျောင်းသား သမဂ္ဂရဲ့ ဥက္ကဋ္ဌလေ၊ ငါတို့ နည်းနည်းလောက် ဒုက္ခခံလို့ ရပါတယ်၊ ငါတို့ လေ့ကျင့်ဖို့ နေရာမရှိလည်း ဒီပြိုင်ပွဲကို နိုင်ပါတယ်ကွ”

“ဟုတ်တယ် ရှောင်ကမ်း ငါ မင်းကို အားပေးနေမယ်”

ရှန်းကလည်း ပြောလာသည်။

“သောက်ကျိုးနည်း အဲ့မြေယိုး ဟဲယွမ်က သူ့ကိုယ်သူ ဘက်စကတ်ဘော မင်းသားလေးလို့ ခေါ်နေတာ၊ အဲ့ဒါက ငါ့ကို အန်တောင် အန်စေချင်တယ်၊ မင်း သူ့ကို ဒီပြိုင်ပွဲမှာ နင်းချေပစ်မှရမယ်”

ဟဲယွမ်က အားကစားတွင် ထူးချွန်ပြီး ကျောင်းဘက်စကတ်ဘော အသင်း၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သည်။ သူ့ကို အနိုင်ယူရန် မလွယ်လောက်ချေ။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောတော့ပါ။

…

နောက်တစ်နေ့တွင် ရဲ့လင်းချန်က သူ၏ ရေပန်းစားမှု အမှတ်ကို စစ်ဆေးလိုက်ချိန်တွင် ကျေနပ်စရာကောင်းသော အံ့ဩစရာတစ်ခုကို ရရှိလိုက်သည်။

မူလက အမှတ် ရှစ်သောင်းသာ ရှိခဲ့ပြီး ယခု တစ်သိန်းငါးထောင့်ခုနစ်ရာ ရှစ်ဆယ့်သုံးမှတ်အထိ မြင့်တက်သွားသည်။

ဝေ့ပေါ်ကို ကြည့်လိုက်သောအခါ သူသည် ရေပန်းစားနေသော စာမျက်နှာသို့ ထပ်ရောက်နေသည်ကို တွေ့လိုက် ရသည်။

ရေပန်းစားနေသော ရှာဖွေမှုမှာ ဝိုင်၏ တစ်စုံတစ်ယောက်အား ပြောဆိုခြင်းကို မှတ်တမ်းတင်ထားခြင်း

တစ်စုံတစ်ယောက်က လူအများ ဒုက္ခတွေ့ခြင်းမှ အဆင်ပြေစေရန် ရဲ့လင်းချန်၏ ပုတ်ခတ်ပြောဆိုသော စကားအချို့ကို ရွေးချယ်ကောက်နုတ်ထားသည်။

တစ် မင်းအမေက သူ့သားကို စွန့်ပစ်ပြီး အချင်းကို မွေးမိတာလား။

နှစ် ခင်ဗျားက အသက်ရှင်နေတုန်းမှာ လေထုကို ညစ်ညမ်းစေတယ်၊ သေသွားတဲ့အခါလည်း မြေကြီးကို ညစ်ညမ်းစေတယ်၊ အိမ်မှာ နေနေလည်း ပိုက်ဆံကုန် စေတယ်။

သုံး မင်းအဖေက အောင့်ထားသင့်တာ၊ သူက ဘာလို့ မင်းကို နံရံဘက် လွှတ်မထုတ်ခဲ့တာလဲ။

လေး မိုက်မဲတဲ့ လူတွေက ကိုယ့်ဉာဏ်ရည်ဉာဏ်သွေးကို သူတို့အဆင့်ကို ရောက်အောင် ဆွဲချပြီးရင် သူတို့ အတွေ့အကြုံကို အသုံးချပြီး ကိုယ့်ကို ရိုက်ချမှာ။

…

ဤပုတ်ခတ်ပြောဆိုသော စကားများက လက်ရှိ အင်တာနက်တွင် ရေပန်းစားနေသော စကားများ ဖြစ်ပြီး လူအတော်များများ၏ အာရုံကို ဆွဲဆောင်နေသည်။

မီဒီယာအတော်များများကလည်း ဤစကားများကို အသုံးချ၍ ဆောင်းပါးများ ရေးသားနေ၏။ အောက်ဘက်တွင်လည်း မှတ်ချက်များ ဖောင်းပွနေကာ အကောင်းရော အဆိုးပါ ရောနေလေသည်။

[ဝိုင်က ဒီလို စရိုက်မျိုုးလား အာ  အာ …]

[သူ့မှာ ဒီလို ပြောတတ်တဲ့ စတိုင်လည်း ရှိတာလား၊ ငါ ဝိုင်ကို ပိုချစ်သွားပြီ]

[ဝိုင် ငါ မင်းကို မျောက်တစ်ကောင် ပေးမယ် …]

[အနာဂတ်မှာ ဘယ်သူမှ ပုတ်ခတ် ပြောဆိုရဲတဲ့သူတွေကို အထင်သေးရဲမှာ မဟုတ်ဘူး၊ အဲ့ဒါကလည်း ပညာ လိုသေးတာကိုး]

…

ရေပန်းစားမှုအမှတ်က တစ်ထောင်ကျော်သွားပါပြီ၊ စွမ်းရည်ကို မြှင့်တင်ချင်ပါသလား။

ဤသည်က အရေးမပါသော မေးခွန်းပင်။ ရဲ့လင်းချန်က ချက်ချင်း စနစ်ကို ဖွင့်လိုက်သည်။

လက်ရှိတွင် စွမ်းရည် တစ်ရာရာခိုင်နှုန်း ပြည့်နေသော သူ့ပညာများက တစ်ခုမကပေ။

ရှစ်ဆပြင်းထန် လက်သီး၊ သိုင်းလက်သီး၊ ဒိုတာ၊ အင်္ဂလိပ်စာနှင့် ပုတ်ခတ်ပြောဆိုခြင်း ပညာ။

သူ၏ ပုတ်ခတ်ပြောဆိုခြင်း ပညာကို ကြည့်ပြီး ရဲ့လင်းချန် ဘာလုပ်ရမလဲမသိ ဖြစ်သွားသည်။

*ဒါကလည်း အဆင့်မြှင့်ပြီးရင် ပုံပြောင်းလို့လား*

*ဘာပဲဖြစ်ဖြစ်လေ စမ်းကြည့်တာပေါ့*

“စတင်ခြင်း”

အဝါရောင် အလင်းလေးက လျင်မြန်စွာ သွားလာနေသလို ရဲ့လင်းချန်သည်လည်း ရင်တဒိန်းဒိန်း ခုန်နေ၏။ ဘာကြောင့်မှန်း မသိသော်လည်း ဤစွမ်းရည်မြှင့်တင်ခြင်းက အံ့ဩစရာ‌ ကောင်းလှသည်။

ဒိုတာ၊ အင်္ဂလိပ်စာနှင့် ပုတ်ခတ်ခြင်းတို့က တကယ် မလွယ်သော အရာပင်။

*ဒီသုံးခုထဲက မဖြစ်ပါစေနဲ့ ပုတ်ခတ်ခြင်းကို ပိုပြီးတော့ မကျပါစေနဲ့*

ကောင်းကင်ဘုံက ရဲ့လင်းချန်၏ ဆုတောင်းကို နားထောင်ပုံရသည်။ အဝါရောင်အလင်းတန်းလေးက ပုတ်ခတ်ခြင်း ပညာဟူသော အကန့်၌ သေသေချာချာကို ကျသွားလေသည်။

*စောက်ကျိုးနည်း*

ရဲ့လင်းချန် မျက်လုံးကို ပွတ်နေပြီး အဖြစ်မှန်ကို လက်သင့်မခံနိုင် ဖြစ်နေသည်။

*ရေပန်းစားမှု အမှတ်တစ်သိန်းကတော့ အလကား ဖြစ်သွားပြီ*

ရွှေရောင် အလင်းတန်း ကျပြီးနောက် ပုတ်ခတ်ခြင်းပညာဟူသော စကားလုံး ပျောက်ကွယ်သွားပြီး ဝေဖန်မှုပညာ အခြေခံအဆင့်ဟု အစားထိုး ပေါ်ပေါက်လာ၏။

*ဝေဖန်ခြင်း*

*ဒီနာမည်မျိုးက …*

*ဒါ ဇာတ်လိုက်တစ်ယောက် ရှိသင့်တဲ့ ပညာမျိုးပဲ*

*ချီးပဲ ဒီပညာက အထင်ကြီးစရာပဲ*

ရဲ့လင်းချန်တစ်ယောက် ငရဲမှ ကောင်းကင်ဘုံကို တက်နိုင်သွားသလို ခံစားလိုက်ရသည်။

ဝေဖန်ခြင်းနှင့် ပုတ်ခတ်စော်ကား ပြောဆိုခြင်းသည် သိပ်မခြားနားသောအရာပင်။ သို့သော် ဝေဖန်ခြင်းက ပုတ်ခတ် စော်ကားခြင်းထက် တစ်ဆင့်မြင့်သည်။ ၎င်းက တစ်ဖက်လူအား နောင်တရအောင်၊ အရှက်ရအောင်နှင့် ဗလာဖြစ်အောင် ခံစားသွားစေရန် လုပ်နိုင်၏။ အမြင့်ဆုံးအနေဖြင့် တစ်ဖက်လူအား သေကြောင်းကြံရန်ပင် တွန်းအား ပေးနိုင်၏။

*နတ်ဘုရား ပညာ၊ ဒါက တကယ်ကို နတ်ဘုရား ပညာပဲ*

တစ်စုံတစ်ယောက်ကို ပုတ်ခတ်စော်ကားခြင်းက ဤအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မထားမိပေ။ ဤသို့ဆိုလျင် အခြားပညာများကလည်း မည်သို့ ဖြစ်လာမည်နည်း။ သူ အခြားပညာများကို အထင်မသေးရဲတော့ချေ။ အံ့ဩစရာများ ရလာနိုင်လေမလားကို မည်သူမှ မသိနိုင်ပေ။

ရဲ့လင်းချန် စိတ်ကြည်နေပြီး မနက်ခင်း အပြေးလေ့ကျင့်ရန် အသင့်ပြင်လိုက်သည်။

“ကလင် ကလင် ကလင်”

ထိုစဉ် သူ့ဖုန်း မြည်လာ၏။ ဖုန်းခေါ်သူကို ကြည့်လိုက်သောအခါ ရဲ့လင်းချန် အံ့ဩသွားသည်။

*ကျန်းယွင်ရှီပါလား*

*ဒီကောင်မလေး ငါ့ကို ဘာလို့ ဒီအချိန်ကြီး ဖုန်းခေါ်တာလဲ*

ယခုအချိန်က မနက် ငါးနာရီသာ ရှိသေးပြီး ပုံမှန်အားဖြင့် လူအများ အိပ်စက်နေဆဲ အချိန် ဖြစ်သည်။ အလွန် အရေးကြီးသော ကိစ္စမဟုတ်လျင် ကျန်းယွင်ရှီက သူ့ကို ဒီအချိန် ဖုန်းခေါ်မည်မဟုတ်ပါ။

All Chapters