အခန်း (၂၃-၂၄)
Vol. 2 Ch. 23-24
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-23
အပိုင်း ၂၃ ။ ငြိမ်သက်ခြင်း
လုယန်တစ်ယောက်မရှိတော့သည်နှင့် လိုက်ပါလာသော လုမေ့မှာ သေမလောက်ကြောက်ရွံ့ကာ အလျင်အမြန် သစ္စာခံယူလိုက်သည်။ ဤကိစ္စကို သူမ အမှန်တကယ် မသိရှိခဲ့ပေ။
ယဲ့ယွင်မှာ သူမကို ယုံကြည်ဆဲဖြစ်သည်။ အဓိကအားဖြင့် လုမေ့သည် မနှစ်က ဆောင်းဦးရာသီတွင်မှ နန်းတော်ထဲသို့ ရွေးချယ်ခံခဲ့ရပြီး နန်းတွင်းအမှုထမ်းရုံးတွင် အမြဲလေ့ကျင့်သင်ကြားခံခဲ့ရကာ နွေဦးရာသီတွင် ပန်းဥယျာဉ်သို့ ခွဲဝေခံရပြီးနောက် သူမထံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယဲ့ယွင်မှာ လုမေ့၏ ပထမဆုံးသခင်မဖြစ်ပြီး ဤအစေခံမလေး၏ နောက်ခံမှာ ရှင်းလင်းသည်။
ဟွေယွဲ့က ထိုသူကို ကောင်းစွာနှစ်သိမ့်ပြီးနောက် သတိပေးစကားဆိုကာ ကျေးဇူးနှင့် အာဏာကို တစ်ပြိုင်တည်းအသုံးပြုလိုက်ရာ လုမေ့ကို စိတ်အေးသွားစေသည်။
အတွင်းခန်းသို့ ဝင်ရောက်သောအခါ ယဲ့ယွင်သည် ဆံပင်ဖားလျားချကာ ပြတင်းပေါက်နံဘေးတွင် မှီ၍ ငေးငိုင်နေသည်ကို တွေ့မြင်ရပြီး ဟွေယွဲ့စိတ်ထဲတွင် သက်ပြင်းချမိသည်။
"မိန်ရန်ကတော့ ခေါင်းလျှော်ပြီးတော့ ရေခြောက်အောင်မသုတ်ဘူး။ နွေရာသီဆိုပေမဲ့ ဥယျာဉ်ထဲမှာ အေးတော့ လေတိုက်မိရင် ခေါင်းကိုက်မှာ စိုးရတယ်။"
စကားဆုံးသည်နှင့် ဘေးမှ ပုဝါတစ်ထည်ယူကာ ကိုယ်တိုင်သုတ်ပေးလိုက်သည်။
ရုတ်တရက် "မိန်ရန်" ဟု အခေါ်ခံလိုက်ရသဖြင့် ယဲ့ယွင်မှာ အနည်းငယ်မကျင့်သားဖြစ်သေးပေ။ ဤ "ဝမ်ရုန်" ဟူသော အခေါ်အဝေါ်ကို တစ်လကျော်ကြာ ခေါ်ဝေါ်ခဲ့ပြီး ယခု ရာထူးတိုးမြှင့်ခံရသဖြင့် အသစ်ပြန်လည်ကျင့်သားရအောင် ပြုလုပ်ရဦးမည်ဖြစ်သည်။
"တုတ်နဲ့ရိုက်သတ်ခံရတဲ့ လုယန်၊ ရာထူးချခံရတဲ့ လီမိန်ရန် ပြီးတော့ ငါကတော့ ရာထူးတိုးသွားတယ်၊ တကယ်ကို လောကကြီးက ဆန်းကြယ်တာပဲ။"
ယဲ့ယွင်၏ မျက်နှာမှာ ညင်သာနေသော်လည်း မျက်ဝန်းထဲတွင်မူ အေးစက်မှုများဖြင့် နက်ရှိုင်းနေသည်။
ဟွေယွဲ့၏လက်များ ခဏတာရပ်တန့်သွားပြီး ထိုသွေးသံရဲရဲမြင်ကွင်းကို ပြန်လည်သတိရသွားရာ အလွန်ရွံရှာဖွယ်ကောင်းလှသည်။
မိဖုရားကြီးသည် အစေခံများကို သတိပေးရန်အတွက် ထိုနန်းတွင်းသူများကို စီရင်သောအခါ အစေခံအားလုံးကို အုပ်စုခွဲ၍ ကြည့်ရှုခိုင်းခဲ့သည်။ ဟွေယွဲ့သွားသည့်အချိန်တွင် လူများမှာ ရိုက်နှက်ခံထားရသဖြင့် ကြေမွနေပြီး ခါးမှစ၍ သွေးသားတစ်ပုံကြီးဖြစ်နေသည်။ သူမမှာ တောင့်ခံနိုင်သူဖြစ်သော်လည်း အချို့သော သတ္တိနည်းသူများမှာ ထိုနေရာတွင်ပင် ကြောက်လန့်၍ မေ့လဲသွားကြသည်။
"မိန်ရန်က ဘာလို့အဲဒီလူတွေကို တွေးနေရတာလဲ။ အားလုံးက ကိုယ့်ကြမ္မာကိုယ်ဖန်တီးတာတွေပါ။ ကံကောင်းတာက လုယန်က နည်းနည်းတော့ စိတ်ကောင်းရှိသေးတယ်။ မဟုတ်ရင်..."
"သူမက တကယ်စိတ်ကောင်းရှိရင် တစ်စက်ကလေးမှ မကျူးလွန်သင့်ဘူး"
ယဲ့ယွင်က ဟွေယွဲ့၏ စကားကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
"အဖေ့ရဲ့ စွမ်းဆောင်မှုတွေသာ မရှိရင် အရှင်မင်းကြီးက ငါ့ကို ချေပခွင့်ပေးမှာလား။ သူခုနကဘယ်လောက်တောင် ရက်စက်နေလဲ မတွေ့ဘူးလား။ စေ့စေ့စပ်စပ် စစ်ဆေးမယ်လို့ မင်းထင်နေလား။ သမားတော်လီက ဘာလို့စကားတွေကို တစ်ခွန်းချင်းရှင်းရှင်းလင်းလင်းပြောတာလဲ။ အဲဒါက အရှင်မင်းကြီးက စစ်ဆေးချင်တယ်ဆိုတာကို ပေါ်ပေါ်တင်တင်ပြနေလို့ပဲ။ ဒါပေမဲ့ ငါ့မှာ နောက်ခံအင်အားတစ်
စက်မှမရှိခဲ့ရင် တုတ်နဲ့ရိုက်သတ်ခံရမယ့်သူက ငါဖြစ်နိုင်တယ်။"
"ဟွေယွဲ့၊ မင်းမှတ်ထားရမယ်။ တစ်ယောက်ယောက်က မင်းကို ကြံစည်ခဲ့ရင် အဲဒါက ကြံစည်တာပဲ။ သူက မင်းကို သေအောင်မလုပ်ရက်လို့ဆိုပြီးသဘောထားကြီးလို့မဖြစ်ဘူး။ ဒါက နန်းတော်၊ တခြားနေရာတွေနဲ့ မတူဘူး။ မင်းတစ်ခါ ကံကောင်းသွားပေမယ့် ဒုတိယအကြိမ်ရှိမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။ ဒါကြောင့် စိတ်မပျော့ရဘူး။ ဒီနေရာမှာရှိနေသရွေ့……."
ယဲ့ယွင်မှာ အေးဆေးတည်ငြိမ်ပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်သူဖြစ်သည်။
အကယ်၍ လုယန်က သူမကို အမှန်တကယ် မထိခိုက်စေလိုလျှင် တစ်စက်ကလေးမျှပင် မလုပ်ဆောင်သင့်ပေ။ သတင်းကို သူမအား ပြောပြလျှင် သူမက လုယန်ကို ကာကွယ်ပေးဖို့ကြိုးစားမည်ဖြစ်သည်။
အခြားသူများက ငွေကြေးဖြင့် လာဘ်ထိုးပြီး ဆွေမျိုးသားချင်းများဖြင့် ခြိမ်းခြောက်သောအခါ လုယန်က အခြားသူများကို ထိခိုက်စေခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က မြေခွေးသားရေအတွက် ငွေအများကြီးပေးပြီး ကမ်းလှမ်းရာ မုဆိုးက မြေခွေးမကို သတ်လိုက်သော်လည်း စိတ်မကောင်းဖြစ်ပြီး သားငယ်လေးကိုတော့ အသက်ချမ်းသာပေးလိုက်သည်နှင့် တူသည်။
သက်ညှာခဲ့သော်လည်း သားငယ်လေးမှာ ထိခိုက်မှုမရှိခဲ့ဘူးလား။ ကျေးဇူးတင်ပြီး မမုန်းတီးဘဲ နေရမှာလား။
ယဲ့ယွင်မှာ မိမိကိုယ်ကို စိတ်မာသူဟု ထင်သည်။ အကယ်၍ မျက်စိမရှိသူတစ်ဦးဦးက သူမကို ရန်စခဲ့လျှင် သူမမှာ သနားညှာတာမည်မဟုတ်ပေ။
"ကျွန်တော်မျိုးမ အတွေးမှားသွားတာပါ၊ ကျွန်တော်မျိုးမ နားလည်ပါပြီ"
ဟွေယွဲ့က ခေါင်းညိတ်ပြီး စိတ်ထဲတွင်လည်း ပို၍ သတိထားလာသည်။ အမှန်ပင် အခြားသူများ၏ ထိခိုက်မှုတွင် အခွင့်အရေးပေးခဲ့ရုံဖြင့် ခွင့်လွှတ်ကျေးဇူးတင်၍မဖြစ်ပေ။
"တော်ပြီ၊ မင်းစားဖိုဆောင်ကို သွားပြီး ဝက်သားကြွပ်ကြော်တစ်ပွဲနဲ့ ပုစွန်ပေါင်းတစ်ပွဲ မှာလိုက်။ ငါဗိုက်ဆာပြီ၊ ဒီနေ့ စောစောညစာခင်းကျင်းလိုက်တော့"
ယဲ့ယွင်က လက်ကာပြလိုက်သည်။
ဟွေယွဲ့မှာ ကိုယ်တိုင်သွားပြီး ပိုင်ကျူးနှင့်အတူ လိုက်ပါသွားသည်။ ဟင်းနှစ်မျိုးတည်းသာ မှာ၍မဖြစ်ရာ သဘာဝအတိုင်း အခြားဟင်းများလည်း ပါဝင်မည်ဖြစ်ပြီး သူမတစ်ယောက်တည်း သယ်ဆောင်နိုင်မည်မဟုတ်ပေ။
သို့သော် မထင်မှတ်ဘဲ ဟွေယွဲ့ပြန်လာသောအခါ ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်ခွက်သာ ပါလာသည်။ ဟင်းနှစ်မျိုးမှာ အသားဟင်း၊ နှစ်မျိုးမှာ အရွက်ဟင်းဖြစ်ပြီး ကြာစွယ်ဟင်းချိုတစ်ခွက်ဖြစ်သည်။ ဝက်သားကြွပ်ကြော်မှာ ပါဝင်သော်လည်း ပုစွန်ပေါင်းမှာ မပါဝင်ဘဲ မှိုနှင့်ကြက်သားပေါင်း၊ ကျောက်စိမ်းမျှစ်ကြော်နှင့် မြေသုံးမျိုးကြော်တို့ဖြင့် အစားထိုးထားသည်။
"ဘယ်လိုဖြစ်တာလဲ၊ အခုနွေရာသီ၊ ငါးနဲ့ ပုစွန်တွေ ပေါများနေတာ၊ မရှိဘူးလား"
ယဲ့ယွင်က မျက်မှောင်ကြုတ်သည်။
ဟွေယွဲ့၏ မျက်နှာမှာ မကောင်းပေ။
"စားဖိုဆောင်က ပြောတယ်။ ငါးနဲ့ ပုစွန်လို ရေထွက်ပစ္စည်းတွေက လတ်ဆတ်မှ စားလို့ကောင်းတာ။ အများကြီးဖမ်းထားရင် စားမကုန်ဘဲ သေသွားရင် ဖြုန်းတီးရာကျတယ်။ ကျွန်မတို့က အစောကြီးသွားပြောမှ စားဖိုဆောင်က ကြိုပြင်ဆင်နိုင်မှာပါတဲ့။ အခုရုတ်တရက်ပြောတော့... မရှိပါဘူးတဲ့"
မည်သူကြားသည်ဖြစ်စေ ဤသည်မှာ ငြင်းဆန်သည့် အကြောင်းပြချက်သာဖြစ်သည်။ နန်းတော်ထဲတွင်ဆိုလျှင် အနည်းငယ်ယုံနိုင်သေးသော်လည်း လင်ရှီးဥယျာဉ်တွင် အအမျိုးမျိုးသော ကန်များရှိပြီး ငါးနှင့် ပုစွန်မွေးမြူရန် သီးသန့်ကန်များပင် ရှိရာ ယခုပင်ဖမ်းလျှင်ပင် အချိန်မီသည်။ ဤသို့ပြောခြင်းမှာ သူမအတွက် မလုပ်ပေးလိုခြင်းသာဖြစ်သည်။
"ကြည့်ရတာ ငါရာထူးတိုးတာက အရင်ကထက်တောင် ပိုဆိုးသွားသေးတယ်"
ယဲ့ယွင်က အေးစက်စွာရယ်မောပြီးနောက် တူကိုကိုင်ကာ အနည်းငယ်စားလိုက်သည်။ မိမိကိုယ်ကို အငတ်မထားနိုင်ပေ။
စားဖိုဆောင်မှ လူများမှာ အကြောင်းမဲ့သက်သက် ဤသို့ပြုလုပ်မည်မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ ညွှန်ကြားချက်ကို ခံယူထားခြင်းဖြစ်မည်မှာ သေချာသည်။ မဟုတ်လျှင် သူမရာထူးတိုးစတွင် ဖော်ရွေစွာခစားသင့်သည်ဖြစ်ရာ အဘယ့်ကြောင့် တမင်အခက်တွေ့အောင် လုပ်မည်နည်း။
ရာထူးမြင့်မားသူများထဲတွင် မိဖုရားကြီးမှာ လုပ်မည်မဟုတ်ပေ။ ကျင်းကျောင်းရီမှာ အမြဲတစေ မိမိဘာသာနေထိုင်သူဖြစ်သည်။ ယန်ရှိုးယီမှာ ဖြစ်နိုင်ခြေရှိသည်။ ထိုသူမှာ မျက်နှာသာပေးခံရပြီး သူမရာထူးတိုးသည်ကို မြင်လျှင် မသက်မသာဖြစ်လိမ့်မည်။
သို့သော် အောက်မှလူများလည်း ရှင်းလင်းသည်မဟုတ်ပေ။ ဤနန်းတော်ထဲတွင် မည်သူက နောက်ကွယ်မှဓားဖြင့်ထိုးသည်ဖြစ်စေ အံ့ဩစရာမဟုတ်ပေ။
သို့သော် ယခုအခါ သူမအား အရင်က မည်သူက ကြံစည်ရန်ကြိုးစားခဲ့သည်ကို မသိရှိသေးရာ စိတ်မဝင်စားလိုသေးပေ။ ထို့အပြင် သူမတစ်လှမ်းဆုတ်ပေးလိုက်လျှင် တစ်ဖက်လူက အတင့်ရဲလာပါက နောင်တွင် အတိုးရော အရင်းရော ပြန်လည်အပြစ်ပေးလိုက်လျှင် ပို၍ ကျေနပ်စရာကောင်းသည်။
ထိုအချိန် ထောင်ဟွားဆောင်တွင် ယိဝမ်ရုန်သည် အစေခံမလေး၏ နှိပ်နယ်ပေးခြင်းကို ခံယူနေသည်။
နန်းတွင်းသူလေးတစ်ဦးဝင်လာပြီး အပြုံးဖြင့် မိမိသခင််မအားလျှောက်တင်ခဲ့သည်။
"ဝမ်ရုန်၊ ဒီနေ့အဲဒီယဲ့မိန်ရန်ကစားဖိုဆောင်ကို ပုစွန်ပေါင်းသွားတောင်းစားတယ်၊ ဒါပေမဲ့ ဒီပစ္စည်းက လိုချင်တိုင်းရတာမှမဟုတ်တာ။ ကျွန်မတို့ကြီးကြပ်သူက သူ့ကို မပေးလိုက်ဘူး။ သူ့အစေခံကတော့ လိမ္မာသားပဲ၊ ရန်မရှာဘူး"
"သူမ ရန်မရှာရဲပါဘူး"
ယိဝမ်ရုန်က အေးစက်စွာနှာမှုတ်သည်။
"အရှင်မင်းကြီးက သူ့အဖေဖြစ်သူအမတ်ဟောင်းကို ထောက်ထားလို့သာပဲ။ ရာရာစစ ငါ့ထက်အပေါ်ကို တက်ရဲတယ်။ သူ့ကိုယ်သူ ငါ့ကို အမြဲဖိထားနိုင်မယ်ထင်နေလား။"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒါက သဘာဝပဲ၊ ဝမ်ရုန်ကသာ အရှင်မင်းကြီးရဲ့ နှလုံးသားထဲကလူပါ"
နန်းတွင်းသူလေးမှာ ပါးစပ်ချိုလှသည်။
"နင်စကားပြောတတ်သားပဲ။ အလုပ်လုပ်တာလည်း ကောင်းတယ်။ အောက်ဆင်းပြီး ဆုသွားယူလိုက်တော့"
ယိဝမ်ရုန်မှာ စိတ်ကြည်လင်နေသည်။ ယဲ့မျိုးရိုးကဲ့သို့သောသူက သူမအပေါ်သို့ တက်လာသည်ကို သူမမည်သို့ သည်းခံနိုင်မည်နည်း။ ယဲ့မိသားစုမှာ စွမ်းဆောင်မှုရှိသည်မှာ မှန်သော်လည်း ဂုဏ်ပြုခံအရာရှိမှာ သေဆုံးသွားပြီဖြစ်ပြီး အမည်သာကျန်တော့ရာ မိမိတို့ဝူမိသားစုကဲ့သို့ အမှန်တကယ်အလုပ်လုပ်နိုင်သူများနှင့် ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။
အခုပဲကြည့်လေ ယဲ့မျိုးရိုးရာထူးမှာ မိမိထက်မြင့်မားသော်လည်း သူမက အခုချိန်ထိ တိတ်တဆိတ်ဖိနှိပ်ထားနိုင်သည် မဟုတ်လား။
ဤတစ်ကြိမ် ယဲ့ယွင်က ပြန်လည်မတုံ့ပြန်သောကြောင့် ဝူမျိုးနွယ်မှာ ဂုဏ်ယူသွားပြီး စားဖိုဆောင်အား ပို၍ ဂရုမစိုက်ဘဲခစားရန် ညွှန်ကြားလိုက်သည်။
အဓိကအားဖြင့် ယဲ့ယွင်ရာထူးတိုးပြီးနောက် ခြောက်ရက်ခုနစ်ရက်ဆက်တိုက် ဧကရာဇ်နှင့် မတွေ့ဆုံခဲ့ရပေ။ အရင်က ရှချိုက်ရန်၏ ကိစ္စမှာလည်း ထူးဆန်းလှသဖြင့် လူတိုင်းမှာ ဧကရာဇ်က ယဲ့မျိုးရိုးကို အနည်းငယ်
သံသယဝင်သွားပြီး အစကတည်းက သိပ်
မျက်နှာသာမပေးရာ ဤသို့ လျစ်လျူရှုခံရခြင်းမှာ မထူးဆန်းဟု ထင်ကြေးပေးကြသည်။
.......
ဝူထုံနန်းဆောင်တွင် စုအာက စားဖိုဆောင်၏ ကိစ္စကို ပြောပြသော်လည်း မိဖုရားကြီးမှာ ဂရုမစိုက်ပေ။
"ဒီနန်းတော်ထဲမှာ အနိမ့်ကိုနင်းပြီး အမြင့်ကိုမြှောက်ပင့်တဲ့ကိစ္စတွေ ရှားလို့လား။ ဘယ်သူက တိတ်တဆိတ်ကြံစည်ပါစေ ငါ့ကို ရန်မစရင်ပြီးတာပဲ။ ဒါပေမဲ့ နည်းနည်းတော့ ကြည့်ထားဦး။ ယဲ့မျိုးရိုးကို အရမ်းအနိုင်ကျင့်မခံရစေနဲ့။ ဘာပဲပြောပြော သူမက စစ်စေနာပတိချုပ်ရဲ့ မျိုးဆက်ပဲလေ။"
အရင်တစ်ခေါက်က ဧကရာဇ်နောက်လိုက်၍ ယဲ့ယွင်ကို ဆူပူကြိမ်းမောင်းခဲ့သည့်ကိစ္စကို မိဖုရားကြီးမှာ အနည်းငယ်သဘောပေါက်လာသည်။ ဧကရာဇ်သည် စစ်သေနာပတိချုပ်၏ မျိုးဆက်ကို နှိပ်စက်သည်ဟူသော အမည်ဆိုးမရယူလိုရာ သူမလည်း ဧကရာဇ်နှင့် တစ်သဘောတည်းဖြစ်ရမည်။
.......
ယဲ့ယွင်မှာ မူလကတည်းက ဒေါသကြီးသော စရိုက်ရှိပြီး တစ်ချိန်ကအကြီးအကျယ်သောင်းကျန်းခဲ့သူဖြစ်သည်။ ယခုအခါ သုံးလေးရက်ဆက်တိုက် အနိုင်ကျင့်ခံရသော်လည်း အသံမထွက်သောကြောင့် လူတိုင်းမှာ သူမကို အနိုင်ကျင့်လွယ်၍ ငြိမ်ကုပ်နေသည်ဟုထင်ကြသည်။
ဟုတ်သည်၊ မျိုးရိုးနောက်ခံသာရှိပြီး အနှစ်သာရမရှိသော အမျိုးသမီးတစ်ဦး၊ နန်းတော်ထဲမဝင်မီကပင် ဧကရာဇ်၏ မနှစ်သက်ခြင်းကို ခံခဲ့ရပြီး ယခုအခါ နဂါးမျိုးဆက်ကို ကြံစည်သည့်ကိစ္စတွင် ပါဝင်ပတ်သက်နေပြီး ရှင်းလင်းမှုမရှိရာ မျက်နှာသာပေးမှုဆုံးရှုံးပြီး ငြိမ်ကုတ်သွားရမည်မှာ သေချာသည်။
ထိုသို့သော ရက်များ လေးရက်ကြာပြီးနောက် ယိဝမ်ရုန်၏ အစေခံမလေးက စားဖိုဆောင်တွင် ယဲ့ယွင်မှာထားသော ကြာပန်းငါးဟင်းကို ပေါ်ပေါ်တင်တင် လုယူသွားသောအခါ ယဲ့ယွင်သည် နောက်ဆုံးတွင် အေးစက်သော အငွေ့အသက်များဖြင့် ဓားကိုကိုင်ဆောင်ကာ ထောင်ဟွားဆောင်သို့ ထွက်ခွာသွားခဲ့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-24
အပိုင်း ၂၄ ။ ငါးသတ်၍ မျောက်ခြောက်ခြင်း
ထောင်ဟွားဆောင်တွင် တံခါးစောင့်မိန်းမစိုးငယ်က အဝေးမှ ယဲ့ယွင်တို့အဖွဲ့ကို မြင်တွေ့သောအခါ စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားသည်။ အဓိကအားဖြင့် ယဲ့ယွင်လက်ထဲမှ ဓားမှာ အလွန်
ထင်ရှားနေခဲ့သည်။
အလျင်အမြန် အတွင်းသို့ ဝင်ရောက်သတင်းပို့ရန် ပြင်လိုက်စဉ် ပိုင်ကျူးက မျက်စိလျှင်စွာဖြင့် ခြေလှမ်းကျဲများဖြင့် သွားရောက်ကာ ထိုသူကို ဆွဲဖမ်းထားလိုက်သည်။ ထို့နောက်ပိုင်ကျူးက ပြုံးတစ်ဝက်ရယ်တစ်ဝက်ဖြင့် ဆိုသည်။
"ကျွန်တော်တို့မိန်ရန်နဲ့ ယိဝမ်ရုန်က တစ်ချိန်တည်းနန်းတော်ထဲဝင်ခဲ့တာဆိုတော့ ရင်းနှီးကြတယ်။ သတင်းပို့စရာမလိုတော့ပါဘူး။"
နောက်မှ လိုက်ပါလာသော မိန်းမစိုးငယ်အချို့က ချက်ချင်း တံခါးကို ဖွင့်ပေးလိုက်သည်။
ယဲ့ယွင်မှာ ကုန်းကုန်းများ၏ အပြုအမူကိုသဘာဝအတိုင်း ကျေနပ်နေခဲ့သည်။ ရန်ရှာမည်ဆိုလျှင် ရန်ရှာသည့် အရှိန်အဝါရှိရမည်။
ခြံဝင်းထဲမှ လှုပ်ရှားမှုကို ကြားသောအခါ ယိဝမ်ရုန်က မျက်မှောင်ကြုတ်ကာ အစေခံမလေးကို ဦးဆောင်၍ အလျင်အမြန်ထွက်လာသည်။
"ယဲ့မျိုးရိုး၊ နင်ဘာလုပ်ချင်တာလဲ။"
"ယိဝမ်ရုန်၊ ကျွန်တော်မျိုးမတို့မိန်ရန်က ရာထူးအရ ဝမ်ရုန်ထက်မြင့်ပါတယ်။ ဝမ်ရုန်က အရိုအသေမပြုတဲ့အပြင် နာမည်တပ်ခေါ်တာက အလွန်မလေးမစားပြုရာကျပါတယ်။"
ဟွေယွဲ့က မျက်မှောင်ကြုတ်ကာ မကျေနပ်မှုများကို သည်းခံနေရသည်။ သူမလည်း ဒေါသထွက်တတ်သည်။
ဝူမျိုးနွယ်မှာ စကားတစ်ခွန်းဖြင့် ပိတ်ဆို့ခံလိုက်ရပြီး မလိုလားစွာဖြင့်ဖြစ်ကတတ်ဆန်းအရိုအသေပြုကာ ယဲ့ယွင်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။
"ယဲ့မိန်ရန်က ဘာလို့ ဒီချန်းချဲ့ရဲ့ နေရာကို လူကိုယ်တိုင် ရောက်လာရတာလဲ။ ဓားပါကိုင်လာသေးတယ်။ အခြေအမြစ်မရှိလူသတ်မလို့လား။”
"ညီမလေးယိ စကားပြောတာကိုထိန်းပါအုံး။ တို့ရဲ့စရိုက်က ကြမ်းတယ်ဆိုပေမဲ့ ဒီနေရာမှာတော့ လူမသတ်ပါဘူး။"
ယဲ့ယွင်က အေးစက်စွာရယ်မော၍ ခြေလှမ်းအနည်းငယ်တိုးကာ ဓားကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။
ယဲ့မိသားစုမှာ စစ်သူကြီးမျိုးနွယ်ဖြစ်ရာ ဤသို့သော အဖိုးတန်ဓားများ မရှားပါးပေ။ သူမလက်ထဲမှ ဓားမှာ ဖခင်ကိုယ်တိုင် သူမအတွက် ပြုလုပ်ပေးထားခြင်းဖြစ်ပြီး သံကိုရွှံ့ကဲ့သို့ ခုတ်ဖြတ်နိုင်သည်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။
ဝူမျိုးနွယ်မှာ ဓားအကြောင်းမသိသော်လည်း ထိုဓားမှာ နေရောင်အောက်တွင် အေးစက်သော အလင်းရောင်များဖြင့် တလက်လက်တောက်ပနေသည်ကို ကြည့်ရုံဖြင့် မနေနိုင်ဘဲ ကျုံ့သွားသည်။
"ပိုင်ကျူး၊ ငါ ယိဝမ်ရုန်အတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ယူလာခဲ့။”
"ဟုတ်ကဲ့"
ပိုင်ကျူးက အဖြေပေးပြီးနောက် နောက်မှ လူများကို လက်ပြလိုက်ရာ လိုက်ပါလာသော မိန်းမစိုးငယ်နှစ်ဦးက ဝါးတောင်းနှစ်လုံးကို ချက်ချင်း သယ်ဆောင်လာကြသည်။ အနက်ရောင်အဝတ်စကို ဖယ်ရှားလိုက်ရာ အတွင်းတွင် ငါးအပြည့်ပါသော တောင်းနှစ်လုံးဖြစ်ပြီး အကောင်နှစ်ဆယ်ကျော်ခန့်ရှိသည်။
ယဲ့ယွင်က နှုတ်ခမ်းကိုကွေးညွတ်ပြုံးလိုက်ပြီး အပြစ်ကင်းစင်သော အမူအရာဖြင့် ဆိုသည်။
"ဒီနေ့ ညီမလေးက တို့ရဲ့ကြာပန်းငါးဟင်းကို အလစ်ယူသွားတော့ ညီမလေးဝူငါးအရမ်းကြိုက်တယ်ထင်လို့ မိန်ရန်ဖြစ်တဲ့တို့ကပဲ နားလည်ပေးရမှာပေါ့။ အဲ့တာကြောင့် ဒီနေ့လူလွှတ်ပြီး ဒါတွေကို ဖမ်းခိုင်းလိုက်တာ။
ဝူဝမ်ရုန်ကြိုက်တဲ့ ငါးတွေလေ။”
"ယဲ့မိန်ရန်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ပစ္စည်းတွေလည်းရောက်ပြီဆိုတော့ ပြန်ပါတော့။"
ဝူမျိုးနွယ်က အစေခံမလေး၏ လက်ကို တွဲထားပြီး ခြေထောက်များ တုန်ယင်နေခဲ့သည်။
"မဖြစ်ဘူး မဖြစ်ဘူး။ ညီမလေးက အသင့်စားရတာကြိုက်တဲ့သူဆိုတော့ တို့က
စေတနာအပြည့်နဲ့ အဆုံးထိလုပ်ပေးရမှာပေါ့။”
ယဲ့ယွင်၏ မျက်နှာမှာ ပြုံးနေဆဲဖြစ်သော်လည်း မျက်ဝန်းများမှာ ရုတ်တရက်အေးစက်သွားပြီး လက်တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဓားသွားက ကျဆင်းသွားပြီး ငါးတစ်ကောင်၏ ခေါင်းမှာ ပြတ်ထွက်သွားသည်။ ထက်ရှသော ဓားသွားက ငါး၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားရာ အူများထွက်ကျလာသော ငါးကို ဓားဖြင့်ထိုး၍ ပစ်လွှတ်လိုက်သည်။ မသေသေးဘဲ မြေပေါ်တွင် အားကုန်
ရုန်းကန်လိုက်ရာ သွေးများ လွင့်စင်သွားပြီး မြေပေါ်မှ ကျောက်ပြားစိမ်းများမှာအရောင်စိုးထားသကဲ့သို့ နီရဲနေခဲ့သည်။
"အား"
ယိဝမ်ရုန်မှာ အိမ်တွင်းပုန်းအမျိုးသမီးတစ်ဦးဖြစ်ရာ ဤသို့သော မြင်ကွင်းကို မည်သို့ မြင်ဖူးမည်နည်း။ ချက်ချင်းပင် မျက်နှာဖြူဖျော့သွားပြီး အော်သံတစ်ချက်ဖြင့် အစေခံမလေး၏ ကိုယ်ပေါ်သို့ ပျော့ခွေကျသွားသည်။
"အို၊ တို့လက်ချော်သွားတယ်။ ဒီတစ်ကောင်ကို ကောင်းကောင်းမသတ်မိဘူး။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ငါးတွေအများကြီးရှိသေးတယ်။ ညီမလေး အလျင်မလိုဘူးမလား။”
ယဲ့ယွင်က ပြုံးတစ်ဝက်ရယ်တစ်ဝက်ဖြင့် တောင်းထဲမှ ငါးများအားလုံးကို တစ်ကောင်ပြီးတစ်ကောင် ဗိုက်ခွဲကာ ခြံဝင်းတစ်ခုလုံး ပစ်လွှတ်လိုက်သည်။ သွေးများ၊ အူများ၊ ငါးအကြေးခွံများ၊ ငါးခေါင်းများ၊ စုတ်ပြတ်နေသော ငါးအသားများ၊ ထောင်ဟွားဆောင်တစ်ခုလုံးမှာ မနှစ်မြို့ဖွယ်ကောင်းသော ငါးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
ဝူမျိုးနွယ်မှာ ကြောက်လန့်လွန်း၍ စကားမပြောနိုင်တော့ဘဲ ယဲ့ယွင်ခေါ်ဆောင်လာသော လူများ၏ ဖမ်းချုပ်ခြင်းကို ခံထားရပြီး အတင်းအကျပ်ကြည့်ရှုနေရသည်။
နောက်ဆုံးငါးတစ်ကောင်ကို သတ်ပြီးမှသာ ယဲ့ယွင်ရပ်လိုက်သည်။
ပိုင်ကျူးက အလျင်အမြန် ဓားကို လက်ခံယူကာ အဝတ်ဖြင့် ပတ်လိုက်ပြီး ဟွေယွဲ့က သူမအား လက်သုတ်ပေးသည်။
"ဒီငါးတွေကို ယိဝမ်ရုန် ရက်အနည်းငယ်စားဖို့ လုံလောက်မှာပါ။ နောင်ကို ငါးစားချင်သေးရင် လူလွှတ်ပြီး တို့ကို လာပြောလို့ရတယ်နော်။ အားမနာပါနဲ့ညီမလေး။”
ထိုမိန်းကလေးမှာ ခပ်ပြုံးပြုံးဖြင့် ရှိနေဆဲဖြစ်ပြီး လှပသော မျက်ဝန်းတစ်စုံမှာ တောက်ပနေကာ အလွန်အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးနှင့် တူနေသည်။
သို့သော် ထိုအချိန်တွင် သူမမှာ ဝူမျိုးနွယ်၏မျက်လုံးထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယဲ့ယွင်ထွက်ခွာသွားသည်နှင့် သူမမှာ မြေပေါ်တွင် ပျော့ခွေကျကာ အန်ချလိုက်သည်။
အစေခံမလေးများက သူမကို အလျင်အမြန် အခန်းထဲသို့ သယ်ဆောင်သွားပြီး ဆေးကြောသန့်စင်ကာ အဝတ်အစားလဲလှယ်ပေးကြသည်။ အပြင်မှ အစေခံများက အပျက်အစီးများကို ရှင်းလင်းကြသော်လည်း နွေရာသီတွင် ရာသီဥတုပူပြင်းသောကြောင့် ငါးညှီနံ့မှာ အလွန်ပြင်းထန်နေပြီး သုံးကြိမ်တိုင်တိုင် ဆေးကြောသော်လည်း အနံ့မပျောက်ဘဲ နောက်ဆုံးတွင် အမွှေးနံ့သာများဖြင့် အနံ့ဖယ်ရှားရသည်။
.........
ဤသို့သော ကိစ္စဖြစ်ပွားခဲ့ရာ အပြင်လူများ မသိဘဲနေမည်မဟုတ်ပေ။ ယဲ့ယွင်မှာ ပေါ်ပေါ်တင်တင် စားဖိုဆောင်သို့ သွားရောက်၍ ငါးအရှင်များတောင်းယူပြီး ဓားကိုကိုင်ဆောင်ကာ ထောင်ဟွားဆောင်သို့ သွားခဲ့ရာ မြင်တွေ့သူများ မနည်းပေ။
ဝူထုံနန်းဆောင်တွင် မိဖုရားကြီး သိရှိသောအခါ ကြောင်တောင်တောင်ဖြစ်သွားသည်။
"ဒီယဲ့မျိုးရိုးကတော့ တကယ်ကို အရမ်းရိုင်းစိုင်းတာပဲ"
"မိဖုရားကြီး စိတ်လျှော့ပါ၊ ဒါက မိဖုရားကြီးနဲ့ မဆိုင်ပါဘူး။”
တင်းမားမားက အလျင်အမြန် နှစ်သိမ့်
ပေးသည်။
"ယဲ့မျိုးရိုးက ရိုင်းစိုင်းတယ်။ ဒီလိုစိတ်ဓာတ်နဲ့ ဘယ်သူက နန်းတော်ထဲမှာ ကြာကြာအသက်ရှင်နိုင်မှာလဲ။ ယဲ့မိန်ရန်ကို ကြောက်စရာမလိုပါဘူး။ ဒါပေမဲ့ ယိဝမ်ရုန်ရဲ့ နောက်ကွယ်မှာ ဝူမိသားစုရှိတယ်။ သူမကသာ မိဖုရားကြီး ဖိနှိပ်ရမယ့်သူပါ။ အခုဝူမိသားစုက အသုံးဝင်နေတော့ ရှဲ့မိသားစုရဲ့လုပ်ပိုင်ခွင့်တွေကို သူတို့ခွဲဝေယူသွားတာမနည်းဘူး။”
မိဖုရားကြီးမှာ မူလက ယဲ့ယွင်ကို အပြစ်ပေးရန် အခွင့်အရေးယူလိုသော်လည်း ဤစကားကို ကြားပြီးနောက် လက်လျှော့လိုက်သည်။
ဟောင်သောခွေးက မကိုက်တတ်ပေ။ ယဲ့မျိုးရိုး ယခုကဲ့သို့ သောင်းကျန်းနေသည်မှာ သူမအပြစ်ပေးစရာမလိုဘဲ မကြာမီ မိမိကိုယ်ကို ဖျက်ဆီးသွားမည်ဖြစ်သည်။ ဤသို့တွေးလိုက်သောအခါ ယိဝမ်ရုန်ကို နှိမ်နင်းရန်မှာ ပို၍ အရေးကြီးသည်မှာ သေချာသည်။
.......
ထိုအချိန် တင်းလန်ဆောင်တွင် ယောင်ရှန်းသည် ဤကိစ္စကို ကြားသိသောအခါ အံ့ဩသွားသည်။ အခြားသူများမဆိုထားနှင့်၊ သူမနှစ်ဘဝနေထိုင်ခဲ့သော်လည်း ဤသို့သော လုပ်ရပ်မျိုးကို မမြင်ဖူးခဲ့ပေ။
"ချိုက်ရန် ဒီတစ်ခါတော့ စိတ်အေးနိုင်ပါပြီ၊ ယဲ့မျိုးရိုးက ဒီလို မဆင်မခြင်လုပ်ကတည်းက ဦးနှောက်မရှိဘူးဆိုတာ ထင်ရှားတယ်။"
ချီဝမ်က မထီမဲ့မြင်ဖြင့် ဆိုသည်။
ယောင်မျိုးနွယ်က အေးစက်စွာနှာမှုတ်သည်။
"လုယန် အဲ့ဒီအစေခံမက ဒီလိုတုံးအတဲ့သူတစ်ယောက်အတွက်နဲ့ ငါ့ကိုသစ္စာဖောက်
တယ်။ သေရတာ နည်းတောင်နည်းသေးတယ်။ သခင်နဲ့ အစေခံနှစ်ယောက်စလုံး မကြာခင်မှာ ငရဲကို အတူတူသွားကြရတော့မှာပဲ။"
အရင်တစ်ခေါက်က အမှားအယွင်းဖြစ်ပွားခဲ့ပြီး လုယန်က မရက်စက်ခဲ့သောကြောင့် ယဲ့ယွင်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ သူမ၏ တုံ့ပြန်မှုမှာ အလွန်အကျွံဖြစ်နေပြီး ဤသို့ ရိုင်းစိုင်းစွာပြုမူရဲလျှင် နောင်တွင် မည်သို့သေဆုံးမည်ကိုပင် သိမည်မဟုတ်ပေ။
သို့သော် နောင်သည် နောင်ဖြစ်ပြီး ကိုယ်လုပ်တော်များအားလုံးမှာ ယဲ့ယွင်၏ ဤငါးသတ်၍ မျောက်ခြောက်သည့် နည်းလမ်းကို အနည်းငယ်ကြောက်ရွံ့နေကြသည်။ ခြံဝင်းအပြည့် သေဆုံးနေသော ငါးများ၊ စဉ်းစားကြည့်ရုံဖြင့်ပင် ချမ်းစိမ့်သွားသည်။
ဤနည်းလမ်းမှာ မည်သည့်နေရာတွင် အထိရောက်ဆုံးဖြစ်သနည်းဟုဆိုလျှင် သဘာဝအတိုင်း ယိဝမ်ရုန်နှင့် စားဖိုဆောင်ပင်ဖြစ်သည်။
........
ယဲ့ယွင်ထွက်ခွာသွားပြီး တစ်နာရီမပြည့်မီ ထောင်ဟွားဆောင်တွင် သမားတော်ခေါ်ယူခဲ့ပြီး ယိဝမ်ရုန်မှာ မေ့လဲသွားသည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင် စားဖိုဆောင်မှာ အလျင်အမြန် မုန့်နှစ်မျိုးပြုလုပ်ပြီး ရေခဲစိမ်ထားသော သစ်သီးအချို့ကို ပို့ဆောင်လာသည်။ ဤသည်မှာ ခြွင်းချက်ဖြစ်ပြီး စားဖိုဆောင်မှာ ကြောက်လန့်နေကြောင်း ထင်ရှားစေသည်။
ယဲ့ယွင်မှာ ယိဝမ်ရုန်ကို အမှန်တကယ် မည်သို့မျှမလုပ်နိုင်သော်လည်း မိန်ရန်တစ်ဦးက ဒေါသထွက်၍ အစေခံတစ်ဦးကို စီရင်လိုလျှင် အလွန်လွယ်ကူသည်။ သူတို့မှာ ငါးကဲ့သို့ ခုတ်ဖြတ်မခံလိုကြပေ။
"မိန်ရန်၊ ကျွန်မတို့လုပ်တာ နည်းနည်းလွန်သွားမလား။ အရှင်မင်းကြီးက စုံစမ်းစစ်ဆေးလာရင် ဘယ်လိုလုပ်မလဲ။"
ဟွေယွဲ့မှာ အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။
ယဲ့ယွင်မှာမူ ဂရုမစိုက်ဘဲ ခြေထောက်ချိတ်ထိုင်ကာ ခေါင်းအုံးကို မှီ၍ စားဖိုဆောင်မှ ပို့ဆောင်လာသော စပျစ်သီးများကို စားသုံးနေသည်။
"ဟွေယွဲ့ရယ် နင်တို့မမလေးက အခုမိန်ရန်ဖြစ်နေပြီ။ ရာထူးတစ်ဆင့်ကြီးရင် လူကို သေအောင်ဖိနိုင်တယ်ဆိုတာ နင်သိလား။ ငါကိုယ်တိုင် သူ့ကို ငါးသွားပို့ပြီး သတ်ပေးတာက သူ့ကို မြင်စေချင်လို့ပဲ။ ပြီးတော့ ငါသတ်တာက ငါး၊ သူ့ကို တစ်စက်ကလေးမှ မထိခိုက်ခဲ့ဘူး။ ငါးသတ်တာကို ကြည့်ရုံနဲ့ ဖျားသွားတာက သူကိုယ်တိုင် အသုံးမကျလို့လေ ငါနဲ့ ဘာဆိုင်လို့လဲ။"
"တကယ်လို့ ဧကရာဇ်ကစုံစမ်းစစ်ဆေးလာခဲ့ရင်လည်း ဟိုရက်တွေတုန်းက ဝူဝမ်ရုန်စားဖိုဆောင်ကို လာဘ်ထိုးပြီး ငါ့ရဲ့အစားအစာတွေကို လုယူတာ ရာထူးမြင့်သူကို မလေးမစားပြုတာ၊ အောက်ကလူက ရာထူးမြင့်တဲ့သူကို မထိလေးစားလုပ်တာ အဲ့ဒါတွေအကုန် ပြစ်မှုတွေချည်းပဲ။ ငါကသူ့ကို အပြစ်မပေးတဲ့အပြင် ငါးအကောင်
နှစ်ဆယ်လောက်ိုပါဆုချသေးလိုက်တယ်။ ဧကရာဇ်က ငါ့ကို စိတ်ထားကြီးမြတ်တယ်လို့တောင် ချီးကျူးသင့်တာ"
"မင်းရဲ့စကားအတိုင်းဆိုရင် ကျန်းက မင်းကို ဘာဆုချရမှာလဲ။ မင်းကိုလည်း ငါးနှစ်တောင်းလောက် ဆုချလိုက်ရမလား။"
ရုတ်တရက် နင်ချန်၏ အသံထွက်ပေါ်လာပြီး သခင်နှင့် အစေခံနှစ်ဦးသား လှည့်ကြည့်လိုက်ရာ တောက်ပသော အဝါရောင်နဂါးဝတ်စုံဝတ်ဆင်ထားသော ခန့်ညားသည့် အမျိုးသားတစ်ဦးက အေးစက်သော မျက်နှာဖြင့် အတွင်းခန်းသို့ ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။
"ယဲ့မျိုးရိုး၊ မင်းတကယ်ကို ရဲတင်းလွန်းတယ်"
***