အခု အရည်အချင်းပြည့်မီပြီလား
Vol. 4 Ch. 52
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
ကျိန်ဆဲသံများက ရုတ်တရက် ထွက်ပေါ်လာလေ၏။ တွမ့်မူရှန်းက လိမ္မာပါးနပ်သူ တစ်ဦး ဖြစ်သော်လည်း ထပ်သည်းမခံနိုင်တော့ပေ။ သူတို့ ရွှေနန်းဥယျာဉ်တောင်ကို မည်သူမှ စိန်မခေါ်ရဲပေ။
ကျို့ရှင်းချန်၏ ပြောစကားအရ သူ့အနေနှင့် ရွှေနန်းဥယျာဉ်တောင်ပေါ် လေးစားမှုစိုးစဉ်းမျှ မရှိကြောင်း အားလုံး သိမြင်နိုင်ပေသည်။
“ ခင်ဗျားတို့ မိစ္ဆာဘုရားကျောင်းလိုမျိုး နိမ့်ကျတဲ့ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ စကားပြောဆိုဖို့ အရည်အချင်းမမှီဘူး ” တွမ့်မူရှန်းက ဒေါသတကြီး ကြည့်လိုက်သည်။
လက်ရှိ လူအားလုံးက တွမ့်မူရှန်းအား ကြောင်ကြည့်နေကြစဉ် လုကျိုးက တည်တည်ငြိမ်ငြိမ်ဖြင့် အတွေးများကို ဖုံးကွယ်ထားလေသည်။
ကျို့ရှင်းချန်က ဒေါသထွက်ရမည့်အစား ပြောလိုက်သည်။
“ တတိယ သခင်လေး .. ကျုပ်စကားတွေက စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့ရင် ခွင့်လွတ်ပါ ”
တွမ့်မူရှန်းက စကားပြော မကောင်းပေ။ သူ့အနေနှင့် မပြတ်မသား စကား ပြောတတ်သူများကြောင့် အမြဲဒေါသထွက်ရ၏။ သူက ပေါက်ကွဲတော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။
“ ကျို့ရှင်းချန် … ခင်ဗျားကို တစ်ခု ပြောရဦးမယ် ”
“ ပြောပါ ”
“ အရင်ဆုံး လရောင်ဆွတ်နန်းဆောင်က ယဲ့ထျန်းရှင်း အပိုင်ပဲ။ ခွေးမရိုက်ခင် သခင်မျက်နှာ ကြည့်ရတယ်ဆိုတာ သိတယ်မလား ” မင်ရှစ်ရင်က မေးလိုက်သည်။
“ ဟုတ်တာပေါ့ ”
“ ဒုတိယအနေနဲ့ ဖန်ကျုံးက ရွှေနန်းဥယျာဉ်တောင်ကို ဝင်ပြီးပြီဆိုတော့ ကျုပ်တို့ထဲက တစ်ယောက် ဖြစ်နေပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက သူ့အတိတ်အကြောင်း ပြန်မေးခွန်းထုတ်နေမှာ မဟုတ်ဘူး။ တကယ်လို့ သူ့ကို ပြဿနာရှာချင်ရင် မိစ္ဆာဝေဟင်မျှော်နန်းကို ပြဿနာရှာတာနဲ့ အတူတူပဲ ”
“ အဲဒါလည်း အဓိပ္ပာယ်ရှိတယ် ”
“ နောက်ဆုံး ဆိုပေမဲ့ နောက်ဆုံး မဟုတ်သေးဘူး … ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ လက်တွဲဖို့ အရည်အချင်း မပြည့်မီသေးဘူး။ အားနာပါတယ် ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားစဉ် လုကျိုးက တည်ငြိမ်အေးအေးဆေးဆေး ကျန်ရှိနေလေသည်။ သူက ခေါင်းမညိတ်သလို ခေါင်းလည်း မခါဘဲ တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။
ကျို့ရှင်းချန်က ရုတ်ခြည်းဆိုသလို ခေါင်းတခါခါဖြင့် ထရယ်လိုက်ရင်း “ နောက်ဆုံးအချက်ကိုတော့ သဘောမတူဘူး”
“ ဘာလို့လဲ ”
“ မိစ္ဆာဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ လက်တွဲဖို့ အရည်အချင်း မပြည့်မှီပေမဲ့ အဲဒါက ခင်ဗျားတို့ အထွတ်အထိပ်ရောက်နေတုန်းကပဲ … အခု အချိန်တွေ ပြောင်းသွားပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အားနည်းလာပြီ။ ကျိချန်ပေ့ရဲ့ ကျွမ်းကျင်နက်နဲလှတဲ့ ကျင့်ကြံဆင့်နဲ့တောင် ဒီကျဆင်းလာမှုကို ပြောင်းပြန်မလှန်နိုင်ဘူး။ တစ်ဖက်မှာကျ မိစ္ဆာဘုရားကျောင်းက နေ့စဉ်နဲ့အမျှ အားကောင်းလာနေတာ ကျင့်ကြံရေးလောကတစ်ခုလုံး အသိပဲ … ပြီးတော့ မိတ်ဆွေတစ်ယောက် ရှိထားတာက ရန်သူရှိတာထက် ပိုကောင်းပါတယ် ”
သူ့စကားအဆုံးတွင် ကျို့ရှင်းချန်က အဖြေကို စောင့်နေသည့်အလား လုကျိုးကို မော့ကြည့်လိုက်သည်။ သူက အခြားလူများ၏ အမြင်များကို လျစ်လျူရှုထားပြီး စိတ်ရှုပ်မခံသည်မှာ ထင်ရှားလှသည်။ သူက လုကျိုး၏ သဘောထားကိုသာ ဂရုစိုက်၏။
လုကျိုးက ပုံမှန်အတိုင်း နေနေကာ မည်သည့်ခံစားချက်မှ ထုတ်မပြပေ။ ထို့နောက် သူက လက်တစ်ဖက်မြှောက်ကာ မုတ်ဆိတ်မွေးကို အသာသပ်လိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“ မင်း ပြောတာ မှန်တယ် ”
ထိုအရာက ရှောင်ယွမ်အာအား တုံ့ဆိုင်းသွားစေသည်။ သူမ ရှစ်စွင်းက အိုမင်းလာသောကြောင့် စိတ်ရှုပ်ထွေးသွားတာလားဟု တွေးမိသွားသည်။
ဒီလိုနိမ့်ကျတဲ့ ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဒီလိုပြောရဲတာကို ဒေါသမထွက်သင့်ဘူးလား …
ကျို့ရှင်းချန်က ခေါင်းညိတ်ကာ အားရတက်ကြွစွာ ပြောလိုက်သည်။
“ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချန်ပေ့ ”
လုကျိုးက ရုတ်တရက် ထပ်ပြောလိုက်သည် “ မင်းကို ဒီနေရာလာဖို့ ဘာလို့ ပြောလိုက်လဲ သိလား ”
ကျို့ရှင်းချန်က နားမလည်နိုင်စွာဖြင့် “ အဲဒါ ချန်ပေ့က ကျုပ် ရွှေနန်းဥယျာဉ်တောင်ဆီ လာတဲ့ ရည်ရွယ်ချက်ကို မှန်းဆမိလို့မလား ”
လုကျိုးက ခေါင်းခါကာ “ မင်းက မိစ္ဆာဇင်ကျင့်စဉ်ကို ကျင့်ကြံတာမလား ”
“ ဟုတ်ပါတယ် ”
“ ဗောဓိပင် မတည်ရှိသလို ကြေးမုံလည်း မရှိနေဘူး။ မိစ္ဆာဇင်ကို ဒီလောကမှာ ကျင့်ကြံတဲ့သူ ရှားတယ်။ မင်းက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ရတဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူလို့ ကြားထားတယ်” လုကျိုးက ဆက်မေးလိုက်သည်။
“ စီနီယာက ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ ဒါက အမှန်ပါပဲ ” ကျို့ရှင်းချန်က သူ့အကောင်းဆုံး အောင်မြင်မှုအကြောင်း ပြောသည့်အခါ ဂုဏ်မယူမိဘဲ မနေနိုင်ပေ။
“ကျုပ်က မိစ္ဆာဇင်ကျင့်စဉ်ကို ကျင့်ကြံလာတာ နှစ်တစ်ရာကျော်ပါပြီ။ ဒီမိစ္ဆာဇင် လက်သိုင်းကွက်ကြောင့် ပေနက်လွှာရဲ့ တတိယအဆင့်ကို ရခဲ့တာပါ”
“ ကောင်းတယ် အရမ်းကောင်းတယ် ” လုကျိုးက ခေါင်းညိတ်ကာ ချီးကျူးလိုက်သောကြောင့် သူ့တပည့်များပင် ကြောင်အမ်းသွားလေသည်။ ကျို့ရှင်းချန် စကားများက မိစ္ဆာဝေဟင်မျှော်နန်းကို သတိပေးချက်အဖြစ် စောင်းမြောင်းပြောနေသလို ဖြစ်နေကာ သူတို့ ရှစ်စွင်းက မည်သို့နားမလည်ဘဲ နေမည်နည်း။ အဘယ်ကြောင့်များ ထိုလူ့ကို ချီးကျူးနေရသနည်း။
ဒါကရော ဘယ်လိုဇာတ်ကွက်တုံး ….
ထိုအခါ တွမ့်မူရှန်းက ခုန်ဝင်လာကာ လက်ဟန်ပြလိုက်ပြီး “ ခင်ဗျား ဘာလုပ်နိုင်လဲ ကြည့်ရအောင် ”
ရုတ်ခြည်း အပြောင်းအလဲက အားလုံးကို အံ့ဩသွားစေသည်။ သူတို့က ထိုမြင်ကွင်းကို တအံ့တဩဖြင့်သာ ကြည့်နေကြ၏။ ထိုစဉ် ကျို့ရှင်းချန်၏ မျက်ဝန်းများ တောက်ပလာကာ “ ဒါက ကျုပ်ရည်ရွယ်ထားသလိုပါပဲ ”
ဤသည်မှာ မိစ္ဆာဘုရားကျောင်း၏ အင်အားကို ပြသရမည့် အခွင့်အရေးကောင်း ဖြစ်၏။
နှစ်ဖက်လုံးမှ စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ ခန်းမအတွင်း စတင်တိုက်ခိုက်ကြတော့သည်။
“ ရှစ်စွင်း … သူတို့ ….” ရှောင်ယွမ်အာက သူတို့ အဆောက်အဦ ဖျက်ဆီးပစ်မည်ကို စိုးရိမ်လာလေသည်။
“ ကိစ္စမရှိဘူး … သူတို့ကို တိုက်ခိုင်းလိုက် ” လုကျိုးက အေးအေးဆေးဆေး ကြည့်နေလိုက်သည်။
နှစ်ဖက်လုံးက စွမ်းအားကို အတိအကျ ထိန်းချုပ်ထားကြသည်။ စွမ်းအားလှိုင်းလုံး အဆောက်အဦဆီ ရောက်တော့မည့်အချိန်တိုင်း အလိုလို ပျောက်ကွယ်သွားလေ့ ရှိသည်။ ဤသည်မှာ ပညာရှင်များ တစ်ယောက်နှင့် တစ်ယောက် မည်သို့တိုက်ခိုက်လဲဆိုသည့် အချက် ဖြစ်၏။
“ဒဏ်ရာရထားတာတောင် တတိယ သခင်လေးက အားကောင်းနေတုန်းပဲ၊ တကယ် လေးစားမိပါတယ်ဗျာ”
ကျို့ရှင်းချန်က နောက်ဆုတ်ကာ ချီးကျူးလိုက်သည်။
သို့သော်လည်း တွမ့်မူရှန်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်သို့ မရောက်သေးပေ။ ဤနှစ်များအတွင်း သူက အဆင့်တက်ဖို့ ကျရှုံးခဲ့သည်။ အကြောင်းမှာ ကျိထျန်းတောက်က သူ့အား ဖိနှိပ်ထားခဲ့၍ ဖြစ်၏။ ရလဒ်အနေနှင့် သူ ကျို့ရှင်းချန်နှင့် အမှန်တကယ် တိုက်ခိုက်သည့်အခါ သူ့အားနည်းချက်များက စတင် ထွက်ပေါ်လာသည်။
တစ်ဖက်တွင် ကျို့ရှင်းချန်က အလွန်စိတ်အေးလက်အေးနိုင်လှ၏။
“ လက်သိုင်းကွက် ” ရှောင်ယွမ်အာက ကျို့ရှင်းချန် ထုတ်ဖော်လိုက်သည့် လက်သိုင်းကွက်အား လက်ညှိုးထိုးကာ စိုးရိမ်တကြီး ပြောလိုက်သည်။
လက်သိုင်းကွက် ဖော်ထုတ်လိုက်သည်နှင့် တွမ့်မူရှန်း၏ စွမ်းအားတို့က အားပျော့သွားသည့်အလား သိသိသာသာ လျော့ကျသွားသည်။ ထိုမြင်ကွင်းကို မြင်ကာ ကျိုးကျစ်ဖုန်းက ခေါင်းခါကာ “ ဘာဖြစ်ဖြစ် သူက နယ်ပယ်အဆင့်တစ်ခု နိမ့်နေတာဆိုတော့ … ”
တကယ်တော့ ထိုမျှမကပေ။ တွမ့်မူရှန်းက စမတိုက်ခင်ကတည်းက ဒဏ်ရာရထားသူ ဖြစ်ပြီး သံကြိုးများလည်း ရှိနေသေးသည်။
“ စန်းရှစ်ရှိုး … သူ့ကို ရိုက်ပစ် … နာနာရိုက်ပစ် ” ရှောင်ယွမ်အာက အော်ပြောလိုက်သည်။
“…”
ဝုန်း
လက်သိုင်းကွက်က သံကြိုးများနှင့် ထိမှန်သွားကာ နေရာအနှံ့ မီးပွင့်ထွက်သွားပြီး တွမ့်မူရှန်းအား နောက်ဆုတ်လိုက်စေသည်။ ထို့နောက် လက်သိုင်းကွက်များ ထပ်မံကျရောက်လာပြီး တစ်ခုချင်းစီက တကယ့်လက်ဝါးနှင့် တူကာ မှိန်ဖျဖျ တောက်ပနေသေး၏။
လုကျိုးက ခေါင်းခါလိုက်သည်။ တွမ့်မူရှန်းက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အောက်တွင် ပြိုင်ဖက်ကင်းသည်ဟု သတ်မှတ်နိုင်၏။ သူက မာကြောရုံသာမက ကြမ်းတမ်းမှုလည်း ရှိသည်။ တစ်ဖက်လူထက် နယ်ပယ်အဆင့်တစ်ခု နိမ့်ကျနေသည်မှာ နှမြောစရာကောင်းလှသည်။
သို့သော်လည်း လုကျိုးက သူ့တပည့်များ၏ ကျင့်ကြံဆင့်ကို ကျိထျန်းတောက်လိုမျိုး ဖိနှိပ်ထားဖို့ ရည်ရွယ်ချက် မရှိသည့်အတွက် ကိစ္စမရှိပေ။ ကျင့်ကြံရေးလမ်းစဉ်မှာ ရှည်လျားလွန်းပေသည်။ သူ့တပည့်အားလုံးက ထူးထူးခြားခြား ပါရမီကောင်းကြပြီး သူတို့ ပြိုင်ဖက်ကင်း ပညာရှင်ဖြစ်လာဖို့အတွက် အချိန်တစ်ခုသာ လိုအပ်ကြောင်း သိထားသည်။
“ ငါ စမ်းကြည့်ရအောင် ” မင်ရှစ်ရင်က အဆုံးမဲ့စွမ်းအားတွေ ထုတ်လွှင့်ရင်း လက်သိုင်းကွက်ကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုကာ လျှပ်စီးအလား ခုန်ဝင်လိုက်သည်။
“ အိုး စတုတ္တသခင်လေးက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ရောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး ” ကျို့ရှင်းချန်က တိုက်ပွဲဆက်တိုက်ရင်း ပိုအားကောင်းလာဟန်ပေါ်သည်။
သူနှင့်အတူ ပါလာသော အမျိုးသားလေးယောက်က လှံများသဖွယ် မတ်မတ်ရပ်လိုက်ကြသည်။ သူတို့က သူတို့ခေါင်းဆောင်အပေါ် ယုံကြည်ချက် အပြည့်အဝ ရှိဟန် ပေါ်သည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က အခြေအနေကို ထိန်းညှိလိုက်သည်။ သူသည်လည်း နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူ မဟုတ်ပါလော။
တိုက်ပွဲပြင်းထန်လာသည်နှင့် စွမ်းအားလှိုင်းများက သူတို့ မည်မျှထိန်းချုပ်ထားစေကာမူ အဆောက်အဦကို မထိဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ တိုင်လုံးများက ဖြည်းဖြည်းချင်း အက်လာလေသည်။
“ ဒါက …” ဖန်ကျုံးနှင့်အခြားလူများက လုကျိုးကို ကြည့်လိုက်ကြသော်လည်း သူကမူ သူနှင့် မသက်ဆိုင်သည့်အလား တိတ်တဆိတ်သာ ဆက်ကြည့်နေသည်။
မင်ရှစ်ရင်၏ သစ်သားပြာကျင့်စဉ်က စွမ်းအားကောင်းကောင်း ထုတ်ပြနိုင်လေသည်။ ထိုအရာဖြင့် သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သလို အသာစီးရခဲ့သည်။ ထိုအခိုက်အတန့်၌ ခန်းမတစ်ခုလုံး၌ စွမ်းအားလှိုင်းများနှင့် လက်သိုင်းကွက်များ ပြည့်နှက်သွားစေပြီး အားလုံးကို မျက်စိစူးသွားစေသည်။
ကျို့ရှင်းချန်က ရုတ်ခြည်းဆိုသလို အသံဩဩဖြင့် ပြောလိုက်သည် “ ငါလည်း စွမ်းအားကို ချန်မထားတော့ဘူး ”
ဝုန်း
ထိုအခါ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာသည်။
နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူ၏ စွမ်းအားအရင်းအမြစ်မှာ သူ့စိတ်ဝိညာဉ်သဏ္ဌာန်တွင် ဖြစ်၏။
ပေငါးဆယ်မြင့်မားကာ မိစ္ဆာဝေဟင်မျှော်နန်းကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် မင်နက်ရောင် စိတ်ဝိညာဉ်သဏ္ဌာန်က ဘာကိုမှ မဖျက်ဆီးဘဲ အဆောက်အဦအတွင်း အရိပ်တစ်ခုလို ရပ်နေသည်။
ထိုမြင်ကွင်းကြောင့် ဖန်ကျုံးက ကြောက်ရွံ့ကာ ကြောင်သွားလေသည်။ သူက ကျို့ရှင်းချန်၏ ယုံကြည်ချက်တို့က မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း သတိထားမိလိုက်သည် “ ဒီလူက တော်တော် အားကောင်းတာပဲ ”
စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာသည်နှင့် အခြေအနေတို့က ပြောင်းသွားကာ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြည့်ပြည့်စုံစုံ သရုပ်ဖော်ပြသွားလေပြီ။ မျက်စိတစ်မှိတ်အတွင်း လက်သိုင်းကွက်များက ပိုမိုကြီးမားလာကာ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်ဆီ ဝင်ရောက်လာသည်။
မင်ရှစ်ရင်က သူ၏ ပေနှစ်ဆယ်အမြင့်ရှိသော စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ကာ လက်သိုင်းကွက်များကို တားဆီးလိုက်သော်လည်း သက်ရောက်အားကြောင့် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ သူက သူ့ဘာသာ ထိန်းနိုင်သည့်အချိန်တွင် သူ့ချီနှင့်သွေးတို့က ချောက်ချားသွားကာ လက်မောင်းလည်း ထုံကျင်သွားလေသည်။
ကျို့ရှင်းချန်က အသာစီးရပြီးနောက် ပြောလိုက်သည်။
“ မိစ္ဆာဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ စကားပြောဖို့ အရည်အချင်းပြည့်မီပြီလား ”