အခန်း (၂၇-၂၈)
Vol. 2 Ch. 27-28
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-27
အခန်း ၂၇ ။ လမုန့်ပွဲတော်
လမုန့်ပွဲတော် အချိန်အခါသည် မိသားစုဝင်များပြန်လည်ဆုံဆည်းကြသည့် နေ့တစ်နေ့ ဖြစ်၏။
ထိုနေ့ နံနက်စောစောတွင် နန်းတော်ထဲမှ မယ်တော်ကြီး ဦးဆောင်သော မြင်းလှည်းအချို့သည် လင်ရှီးဥယျာဉ်ထဲသို့ ဝင်ရောက်လာကြသည်။ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးသည် ကိုယ်လုပ်တော်အများအပြားကို ဦးဆောင်လျက် သားသမီးဝတ္တရားကျေပွန်မှုကို ပြသသည့်အနေဖြင့် အပြင်ဘက်တွင် ကြိုဆိုနေကြသည်။
"သားတော်က မယ်တော့်ကို ဂါရဝပြုပါတယ်။" သူ့စိတ်ထဲတွင် မည်သို့ပင် ရှိစေကာမူ နင်ချန်၏ မျက်နှာထက်တွင်မူ အပြုံးတစ်ပွင့် ရှိနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သွေးသားရင်းချာ သားအမိများ ဖြစ်ကြရာ မယ်တော်ကြီးသည် မိမိမွေးဖွားထားသူကို အနည်းငယ်တော့ ချစ်ခင်သဖြင့် အလျင်အမြန်ပင် သူ့အား ထူမပေးလိုက်သည်။
"အရှင်မင်းကြီး၊ ဒီအချိန်အတောအတွင်း ဘယ်လိုဖြစ်လို့ ပိန်သွားရတာလဲ။ နန်းတွင်းရေးတွေ ဘယ်လောက်ပဲ အလုပ်များများ၊ ကိုယ်ခန္ဓာကိုလည်း ဂရုစိုက်ရဦးမှာပေါ့။ အိုက်ကျား ကြည့်ရတာ မင်းရဲ့မေးစေ့တောင် နည်းနည်း ချွန်လာသလိုပဲ။"
ဤစကားကို ကြားသည်နှင့် မိဖုရားခေါင်ကြီး၏ နှလုံးသားသည် တစ်ချက် တုန်လှုပ်သွားသည်။ ခင်ပွန်းသည်၏ ကျန်းမာရေး မကောင်းမွန်ပါက ဇနီးသည်က ကောင်းမွန်စွာ မစောင့်ရှောက်၍ ဖြစ်လေသည်။
ထို့ကြောင့် အလျင်အမြန် အပြစ်လွှတ်ပေးရန် တောင်းပန်လိုက်သည်၊ "ဒါက ချွေးမတော်က ဂရုစိုက်မှု လစ်ဟင်းသွားတာပါ။ မယ်တော်ကြီး အပြစ်မယူဖို့ တောင်းပန်ပါတယ်။"
"မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးကို အပြစ်မတင်ပါနဲ့။ ဒါက ကျန်း ဒီရက်ပိုင်း ပူတော့ ခံတွင်းပျက်နေလို့ စားတာ နည်းသွားလို့ပါ။ ဘာမှမဖြစ်ပါဘူး။ နေ့တိုင်း သမားတော်ကြီးက ကျန်းမာရေးစစ်ဆေးပေးနေတာပဲ။" နင်ချန်သည် ပြုံးလျက် ပြောလိုက်သည်။
မယ်တော်ကြီးသည် သဘာဝအတိုင်းပင် ဤအခွင့်အရေးကို အသုံးချ၍ မိဖုရားခေါင်ကြီးအား ဆုံးမရန် ပြင်ဆင်ထားခဲ့သည်။ အရင်က မိဖုရားခေါင်ကြီးကြောင့် ချန်ပေါင်လင် အကျယ်ချုပ်ကျခဲ့ရသည့် ကိစ္စကို ရှင်းတမ်းမဝင်ရသေးပေ။
သို့သော် ဤအချိန်တွင် နင်ချန်က သူမကို ကာကွယ်ပေးနေသဖြင့် မယ်တော်ကြီးသည် ဤသားအမိကြားမှ အနည်းငယ် ပြေလျော့စ ပြုနေသော ဆက်ဆံရေးကို တင်းမာသွားစေမည်ကို ကြောက်ရွံ့သဖြင့် လက်လျှော့လိုက်ရတော့သည်။
မိသားစုစားသောက်ပွဲမှာ ညနေပိုင်းမှ ဖြစ်သဖြင့် ဤအချိန်တွင် မယ်တော်ကြီးနှင့် အခြားသူများကို နေထိုင်မည့်နေရာသို့ သွားရောက်အနားယူစေသည်။
နင်ချန်မှာမူ ဝမ်ဖေးနှင့်အတူ သူမ၏ နေထိုင်ရာသို့ လိုက်ပါသွားလေသည်။
ဤသည်မှာ ယဲ့ယွင်၏ ဝမ်ဖေး ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပြီး၊ 'ဝမ်' (နူးညံ့သိမ်မွေ့သော) ဟူသော ဘွဲ့အမည်သည် ဤအလှလေးနှင့် အလွန်ပင် လိုက်ဖက်လှသည်ဟု စိတ်ထဲမှ မထိန်းနိုင်ဘဲ ချီးကျူးလိုက်မိသည်။
နွေဦးသုံးရာသီ၏ မက်မွန်ပန်းကဲ့သို့ လှပတက်ကြွပြီး ကိုးလပိုင်းလ၏ ဂန္ဓမာပန်းကဲ့သို့ သန့်စင်လှ၏။ မျက်ခုံးထောင့်နှင့် မျက်ဝန်းထောင့်များတွင် အပြုံးအရိပ်အယောင်များ ပုန်းကွယ်နေပြီး၊ မျက်ဝန်းတစ်စုံသည်လည်း ချစ်ခင်ကြင်နာမှုနှင့် နူးညံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤ ဝမ်ဖေးသည် သူမ၏အရိုးထဲမှပင် နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ အမှန်တကယ်ပင် စစ်မှန်သော ကျန်းနန်အလှလေးတစ်ဦး ဖြစ်လေသည်။
ကိုယ်ဝန်ဆောင်ထားရသော်လည်း ၎င်းက သူမ၏ ကိုယ်ရည်ကိုယ်သွေးကို အနည်းငယ်မျှ မထိခိုက်စေသည့်အပြင် မိခင်တစ်ဦး၏ နူးညံ့မှုကိုပင် ပိုမိုဖြည့်စွက်ပေးသဖြင့် ပို၍ပင် ဆွဲဆောင်မှုရှိလာစေသည်။
ဤသို့သော အမျိုးသမီးမျိုးကို နင်ချန်က သဘောကျသည်မှာ မဆိုထားနှင့် သူမ (ယဲ့ယွင်) ကိုယ်တိုင်ပင် သဘောကျမိလေသည်။
နင်ချန်က ဝမ်ဖေးနှင့်အတူ လိုက်ပါသွားသည်ကို မြင်သောအခါ မိဖုရားခေါင်ကြီးသည် သဘာဝအတိုင်း စိတ်မသက်မသာ ဖြစ်သွားသည်။ သို့သော် သူမထက် ပို၍ စိတ်မသက်မသာ ဖြစ်သွားသူမှာ ရှူးဖေး ပင် ဖြစ်သည်။
သူတို့နှစ်ယောက်သည် နန်းတော်ထဲမှ အတူတူ လာခဲ့ကြပြီး၊ သူမထံတွင် မင်းသမီးကြီးလည်း ပါလာသေးသည်။ မွေးဖွားပြီးသား (ကလေး) က ထိုဗိုက်ထဲတွင် လွယ်ထားရသော (ကလေး) လောက် အဖိုးမတန် ဖြစ်နေရလား။
တကယ်တော့ ၎င်းမှာ ရှူးဖေးက အစွန်းရောက် တွေးခေါ်နေခြင်းသာ ဖြစ်သည်။ ခုနက မြင်းလှည်းပေါ်မှ ဆင်းသည့်အချိန်တွင် နင်ချန်သည် ကလေးကို ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
မင်းသမီးကြီးသည် ငယ်ရွယ်သေးပြီး နံနက်စောစော ထခဲ့ရသဖြင့် ဤအချိန်တွင် အိပ်ပျော်နေသေးရာ ဘာကြောင့် အနှောင့်အယှက် ပေးနေမှာလဲ။
သို့သော်လူသည် တစ်ခါတစ်ရံ စိတ်စောစောဖြင့် တွေးမိသွားပါက ပိုတွေးလေ ပို၍ ဒေါသထွက်လေ၊ ပို၍ အစွန်းရောက်လေ ဖြစ်ကာ၊ မဖြစ်သေးသော အရာများကို ကြိုတင်စိုးရိမ်ပူပန် တတ်လေသည်။
မမွေးဖွားရသေးခင်မှာပင် ဤမျှ အဖိုးတန်နေလျှင် မွေးဖွားပြီးပါက ပို၍ ဆိုးရွားမည် ဖြစ်သည်။ ထိုအခါ သားအမိနှစ်ယောက်လုံး သူမ၏ခေါင်းပေါ်သို့ တက်နင်းသွားကြမည် မဟုတ်လား။
သို့သော် စိတ်ထဲတွင် တစ်ခုခု လုပ်ချင်စိတ် ရှိနေသော်လည်း ၎င်းမှာ ခဏတာအတွင်း စီစဉ်၍ ရနိုင်သော အရာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ကြံစည်ရဦးမည် ဖြစ်သည်။
......
မယ်တော်ကြီးသည် နေထိုင်ရာသို့ ရောက်သည်နှင့် ပထမဆုံး ပြုလုပ်သည့်အရာမှာ ချန်ပေါင်လင်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
ဝူထုံနန်းဆောင်ထဲတွင် ဤအကြောင်းကို သိရှိပြီး မိဖုရားခေါင်ကြီးသည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
"သူက ပန်းကုန်းကို အခုချက်ချင်း ဖြုတ်ချချင်နေပြီး သူ့ရဲ့ တူမကို ဒီဇာမဏီထိုင်ခုံမှာ လာထိုင်စေချင်နေတာ!"
မိဖုရားခေါင်ကြီးသည် ဤမျှနှစ်များအတွင်း မယ်တော်ကြီးကို အနည်းငယ်မျှ မျက်နှာသာရအောင် မကြိုးစားခဲ့ဟု သူမကတော့ မထင်ပေ။ ထို ရာသီအလိုက် ပွဲတော်လေးခုတိုင်းတွင် အားဖြည့်ဆေးများ မပြတ်စေရဘဲ မကြာခဏဆိုသလို ကိုယ်တိုင် မုန့်များ ပြုလုပ်ပေးခဲ့သည်။ မယ်တော်ကြီးက အနည်းငယ်မျှ အသိအမှတ်မပြုသည်ကို တွေ့ရသောအခါ သူမ ဝမ်းမနည်း၊ ဒေါသမထွက်ဟု ဆိုပါက ၎င်းမှာ လိမ်ညာခြင်းသာ ဖြစ်ပေမည်။
တင်းမားမားသည်လည်း သနားနေမိသလို ဒေါသလည်း ထွက်မိသဖြင့် နှစ်သိမ့်စကားသာ ဆိုနိုင်တော့သည်။
"မယ်မယ်၊ စိတ်ကိုလျှော့လိုက်ပါ။ မယ်တော်ကြီးက သူ့မိသားစုဘက်ကိုပဲ စဉ်းစားနေတာ။ ဒါပေမဲ့ အရှင်မင်းကြီးကသာ သူတို့ကို စိတ်ထဲမထားဘူးဆိုရင် ရပြီ မဟုတ်လား။ မယ်မယ်ကသာ အမှားအယွင်း မလုပ်သရွေ့ တည်တည်ငြိမ်ငြိမ်သာ ထိုင်နေလိုက်ပါ။ မယ်တော်ကြီးက သူ့မိသားစုဝင်ကို နေရာပေးချင်ရင်တောင် အရှင်မင်းကြီး ခေါင်းညိတ်မှ ဖြစ်မှာ။ ကျွန်တော်မျိုးမ ကြည့်ရတာတော့ မယ်မယ်က အပေါ်ယံ ဟန်ဆောင်မှုတွေ ကောင်းကောင်း လုပ်ထားရင် အရှင်မင်းကြီးက ဒါတွေအားလုံးကို မြင်မှာပါပဲ။ အဲ့ဒီအခါကျရင် မယ်တော်ကြီးက အသိအမှတ်မပြုတာ မယ်မယ်က ခံလိုက်ရတာ ဖြစ်သွားပြီး ဒီလို ခံလိုက်ရတဲ့အခါ အရှင်မင်းကြီးကလည်း မယ်မယ့်အကြောင်းကို ပိုပြီး စဉ်းစားပေးမှာ မဟုတ်လား?"
"မားမား ပြောတာကို ကျွန်မလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ထဲမှာ ဆူးစူးနေသလိုပဲ။ တော်ပြီ တော်ပြီ၊ ဘာပဲဖြစ်ဖြစ် ကလေးတစ်ယောက် ရှိမှပဲ ဖြစ်မှာ။ ကိုယ်ဝန်ဆောင်နိုင်တဲ့ဆေး မြန်မြန် ယူလာခဲ့တော့ ပန်ကုန်း သောက်လိုက်ဦးမယ်။"
မိဖုရားခေါင်ကြီးသည် လက်မြှောက်ကာ သူမ၏နားထင်ကို နှိပ်နယ်လိုက်ပြီး ယနေ့ လမုန့်ပွဲတော် ပွဲတော်ဖြစ်သဖြင့် ဧကရာဇ်သည် အလယ်နန်းဆောင် (သူမ၏ နန်းဆောင်) သို့ သေချာပေါက် လာမည်ကို တွေးမိကာ ပြင်ဆင်မှုများ ပြုလုပ်ရန် စဉ်းစားလိုက်သည်။
အခြားတစ်နေရာ ယွီလန်ဥယျာဉ်ထဲတွင်မူ၊ ဝမ်ဖေး နှင့် ဧကရာဇ်တို့သည် အတူတကွ စားသောက်နေကြသည်။
"အရှင်မင်းကြီးအတွက်ရယ်စရာ ဖြစ်သွားပါပြီ။ ဒီချန်းချဲ့က ကလေးလွယ်ထားရတော့ အမြဲတမ်း ဗိုက်ဆာသလို ခံစားရတယ်။ ဒီနေ့ စောစောထပြီး နည်းနည်းလေးပဲ စားလိုက်ရလို့ အခု စားချင်စိတ် ဖြစ်လာပြန်ပြီ။"
"ကိစ္စမရှိပါဘူး။ မင်းက အခု ကိုယ်ဝန်နဲ့ဆိုတော့ များများ စားသင့်တာပေါ့။" နင်ချန်သည် ပြုံးလျက် ချယ်ရီဝက်သားတစ်ဖက်ကို ညှပ်ယူပေးလိုက်သည်။ "ဒါ အရသာကောင်းတယ်။ မင်း မြည်းကြည့်။"
ဘေးတွင် ရပ်နေသော ပိုင်ရွှမ်သည် တစ်ခုခု ပြောချင်နေသော်လည်း ဝမ်ဖေး သည် ပန်းကန်ကို ဆမ်းကာ လက်ခံလိုက်ပြီး ဖြစ်သဖြင့် သူမသည် မျိုသိပ်ထားလိုက်ရသည်။
ဤနောက်ကျသော နံနက်စာကို သုံးဆောင်ပြီးနောက် နင်ချန်သည် ဝမ်ဖေး၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် သမားတော်ကြီးကို ခေါ်လိုက်သည်။
သွေးခုန်နှုန်းမှာ ပုံမှန်ဖြစ်ပြီး သန္ဓေသားမှာ ကျန်းမာကြောင်း အတည်ပြုပြီးမှသာ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
"ကျန်းမှာ မစစ်ဆေးရသေးတဲ့ လျှောက်တင်လွှာတချို့ ရှိသေးတယ်။ မင်းကို အဖော်မပြုပေးတော့ဘူး။ မင်း ကောင်းကောင်း အနားယူ၊ ညစာစားပွဲ ကျရင် ကျန်း လူလွှတ်ပြီး ဝေါယာဉ်နဲ့ လာကြိုခိုင်းမယ်။"
"အရှင်မင်းကြီး အမြန်သွားပါတော့။ တိုင်းပြည်ရေးရာက အရေးကြီးပါတယ်။ ဝေါယာဉ်ပျော့ကတော့ မလိုပါဘူး။ သမားတော်ကြီးက ဒီချန်းချဲ့ကို လမ်းများများ လျှောက်ခိုင်းထားတယ်။ ဒါမှ မွေးဖွားတဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်မှာတဲ့။" ဝမ်ဖေး သည် ပြုံးလျက် သူ့ကို တံခါးဝအထိ လိုက်ပို့ပေးသည်။
သူမက ဤသို့ ပြောလာမှတော့ နင်ချန်သည်လည်း အတင်းမတိုက်တွန်းတော့ဘဲ သူမ၏ လက်ကို ပုတ်လိုက်ပြီး ထွက်ခွာသွားသည်။
ပိုင်ရွှမ်သည် အလျင်အမြန် တိုးကပ်လာသည်၊ "မယ်မယ်၊ နေလို့ မကောင်းဘူးလား?"
ဤအချိန်အတောအတွင်း ဝမ်ဖေးသည် ရုတ်တရက် ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းများ စတင်လာခဲ့သည်။ အခြားသူများထက် နောက်ကျမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာ လက္ခဏာများမှာ ပြင်းထန်ခြင်း မရှိဘဲ အဆီအအိမ့်များသာ မစားနိုင်ခြင်း ဖြစ်သည်။ ထို ချယ်ရီဝက်သားမှာ မူလက ဧကရာဇ်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး။ တစ်ဖက်တည်း စားလိုက်ရုံပါပဲ။ စပျစ်သီးနည်းနည်းလောက် ယူလာခဲ့။ ငါ အဆီပြေအောင် စားလိုက်ဦးမယ်။"
ဧကရာဇ်က ထည့်ပေးသည့်အစားအစာကို သေချာပေါက် လက်ခံရမည် ဖြစ်သည်။ ဝမ်ဖေးသည် အမြဲတစေ စည်းကမ်းလိုက်နာပြီး အလွန် သတိထားတတ်သူ ဖြစ်သည်။
............
နေ့လယ်ခင်းအချိန်တွင် တော်ဝင်မိသားစုဝင်များအားလုံး ဥယျာဉ်တော်ထဲသို့ ရောက်ရှိလာကြပြီး စားသောက်ပွဲကို ထိုက်ဟယ်ခန်းမတွင် ခင်းကျင်းထားသည်။ နန်ချီမင်းဆက်၏ ဧကရာဇ်များသည် ဥယျာဉ်တော်ထဲတွင် စားသောက်ပွဲများ ကျင်းပပါက ဤနေရာတွင်သာ ပြုလုပ်လေ့ရှိသည်။
မယ်တော်ကြီးကို ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့က တစ်ဖက်တစ်ချက်စီမှ ယောင်ယောင်လေး ထိန်းကိုင်လျက် နေရာတွင် ထိုင်စေပြီး သူမ၏ဘေးတွင် ထိုက်ကွေ့ဖေး ရှိသည်။
အောက်ဘက်တွင် ဘယ်ဘက်ခြမ်း၌ တော်ဝင်မိသားစုဝင်များ ထိုင်ကြပြီး ညာဘက်ခြမ်းတွင် မောင်းမဆောင်မှ မိသားစုဝင်များ ထိုင်ကြရာ လူဦးရေမှာ အတော်ပင် တူညီလှသည်။
"ဒီနေ့ လမုန့်ပွဲတော်နေ့မှာ ကျန်းက အားလုံးနဲ့အတူ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲပါတယ်။" နင်ချန်သည် အရက်ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။
အောက်မှ လူများအားလုံးသည်လည်း ခွက်များကို မြှောက်ကာ သဘောတူလိုက်ကြသည်။
"အိုက်ကျား ကြည့်ရတာ၊ မင်းသားခန်က သိပ် စိတ်အခြေအနေမကောင်းသလိုပဲ။ နေလို့ မကောင်းဘူးလား။" မယ်တော်ကြီးက နူးညံ့သော အသံဖြင့် မေးလိုက်သည်။
လူအားလုံးက လှမ်းကြည့်လိုက်ကြရာ (၁၅) နှစ်၊ (၁၆) နှစ်အရွယ် လူငယ်လေး၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။ ခုနက အရက်သောက်လိုက်၍ ဖြစ်နိုင်သည်။ သဘာဝမကျစွာ နီရောင်သန်းနေပြီး သူ့မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးထားကာ သူ၏ မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းများမှာ တစ်ဝက်တစ်ပျက် ပိတ်ထားလျက်၊ ကြွေရုပ်လေးတစ်ရုပ်နှင့် တူနေသည်။
'မင်းသားခန်' နင်ရွေ့သည် ယခင်ဧကရာဇ်၏ စတုတ္ထမြောက်သားတော် ဖြစ်ပြီး ယခုနှစ်တွင် (၁၆) နှစ် ပြည့်ပြီ ဖြစ်သည်။ ထိုစဉ်က ဖုန်ကျောင်းယီ သည် ချော်လဲ၍ လမစေ့ဘဲ မွေးဖွားခဲ့ပြီး နာမကျန်းရှိသော သူ့ကို ထားခဲ့ကာ ကွယ်လွန်သွားခဲ့သည်။
မူလက လူတိုင်းသည် ဤ စတုတ္ထမင်းသားလေး အသက်ရှည်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ ဤမျှနှစ်များစွာ နာမကျန်းဖြစ်ပြီးနောက် (၁၆) နှစ်အရွယ်အထိ ကြီးပြင်းလာခဲ့သည်ကို မည်သူမျှ မထင်ထားခဲ့ပေ။
"မယ်တော်ကြီး စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ သားတော် ဒီရက်ပိုင်း အအေးမိသွားလို့ပါ။ အခု သက်သာနေပါပြီ။ ကြီးကြီးမားမား ဖြစ်တာ မဟုတ်ပါဘူး။" နင်ရွေ့သည် ထရပ်ကာ လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်ပြီး သူ့အသံသည်လည်း အားအင်မရှိသော အရိပ်အယောင် အနည်းငယ် ပေါ်နေသည်။
မိဖုရားခေါင်ကြီးသည် အလျင်အမြန် စကားဆက်လိုက်သည်။ "လာကြစမ်း၊ မင်းသားခန်ရဲ့ စားပွဲပေါ်က သေရည်ကို လက်ဖက်ရည်နဲ့ မြန်မြန် သွားလဲလိုက်ကြ။ ဒါက ပန်ကုန်းက လစ်ဟင်းသွားတာပဲ။"
"မရီးတော်ကို ကျေးဇူးတင်ပါတယ်။" ထိုလူငယ်လေးသည် ပြုံးလိုက်ရာ မိန်းကလေးတစ်ဦးထက်ပင် ပို၍ လှပသွားသယောင် ရှိသည်။
ယဲ့ယွင်သည် လက်ဖက်ရည်ကို တစ်ငုံမျှ သောက်လိုက်ပြီး၊ ဤ 'မင်းသားခန်' အရှင့်သားကို ခိုး၍ ကြည့်လိုက်သည်။ စိတ်ထဲမှ ဆိုသည်မှာ ဤလူသည် ရုပ်ရည်ရူပကာကိုသာ သီးသန့် ယှဉ်မည်ဆိုလျှင် နင်ချန်ထက်ပင် အနည်းငယ် သာလွန်သေးသော်လည်း ကံမကောင်းစွာပင် ကျန်းမာရေး မကောင်းမွန်သဖြင့် ယောက်ျားပီသသော အငွေ့အသက် အနည်းငယ် လျော့နည်းနေသည်။
လူအားလုံးက မင်းသားခန် ကို အာရုံစိုက်နေကြစဉ် ရုတ်တရက် ထိုက်ကွေ့ဖေး၏ နူးညံ့သော အသံကို ကြားလိုက်ရသည်။
" မင်းသားခန်က အခု (၁၆) နှစ်တောင် ရှိနေပြီပဲ။ အေးတူပူမျှ နေထိုင်ပြီး ကျန်းမာရေးကို စောင့်ရှောက်ပေးမယ့် လူတစ်ယောက်ကို ရွေးချယ်သင့်နေပြီ။"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-28
အခန်း ၂၈ ။ မျိုးဆက်
နင်ရွေ့သည် ခေတ္တမျှ ကြောင်ငေးသွားပြီး၊ အလျင်အမြန် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်၊
"ကွေ့ဖေးကို စိတ်ပူပန်စေမိပါပြီ။ သားတော်ရဲ့ ကျန်းမာရေးက မကောင်းဘူး။ ဇနီးတော်ကောက်လိုက်ရင် တခြားမိန်းကလေးတစ်ယောက်ကို နစ်နာသလိုဖြစ်မှာ စိုးရွှံ့မိပါတယ်။ သားတော်က အသက်လည်း ငယ်ပါသေးတဲ့အတွက်ကြောင့် နောက်ထပ် နှစ်အနည်းငယ်ကြာမှ လက်ဆက်ဖို့ စဉ်းစားတာလည်း နောက်မကျပါဘူး။"
"မင်းကတော့ကွယ်၊ ဘေးနားမှာ အေးတူပူမျှဂရုတစိုက် စောင့်ရှောက်ပေးမယ့်သူ မရှိလို့ပဲ ကျန်းမာရေးက အမြဲတမ်း ကောင်းမလာတာ။" ထိုက်ကွေ့ဖေးသည် သူ့စကားကို ဖြတ်ပြောလိုက်သည်။
"မင်းရဲ့ ခမည်းတော် မရှိတော့ဘူး ဆိုပေမဲ့ နောင်တော်နဲ့ မရီးတော်တို့ ရှိသေးတယ်လေ။ ဒီလက်ထပ်ပွဲကိုလည်း မင်းအတွက် မိန်းမကောင်းလေး ရွေးပေးမှာပေါ့။ မင်း အခု (၁၆) နှစ်တောင် ဖြစ်နေပြီ။ မင်းရဲ့ မရီးတော် (မိဖုရားခေါင်ကြီး) က မင်းအတွက် မိန်းကလေးတွေ ကြည့်နေလောက်ရောပေါ့။ ဟုတ်တယ်မလား မိဖုရားခေါင်ကြီး?"
ဤစကားကို ပြောပြီးနောက် ထိုက်ကွေ့ဖေးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမထံ လှမ်းကြည့်လိုက်သည်။
မိဖုရားခေါင်ကြီး၏ မျက်နှာအမူအရာသည် အနည်းငယ် တောင့်တင်းသွားသည်။ သူမသည် အမှန်တကယ်ပင် ဤအချက်ကို မတွေးထားမိခဲ့ပေ။
အသက် (၂၀) အရွယ် အမျိုးသမီးတစ်ယောက် ကလေးပင် မရှိသေးဘဲ မောင်တော် (ခင်ပွန်း၏ညီ) အတွက် ဇနီးရွေးချယ်ပေးရန် ဘယ်လိုများစဉ်းစားမိမှာလဲ။ သို့သော် ထိုက်ကွေ့ဖေး က စကားကို ဤနေရာအထိ ရောက်အောင် ပြောလာသဖြင့် သူမကို မီးမောင်းထိုးသလို ဖြစ်သွားသည်။
အကယ်၍ သူမက အကြောင်းရင်း တစ်ခုခုကို မပြောနိုင်ပါက သူမသည် မောင်တော်ကို နှိပ်စက်သည်ဟု အပြောခံရမည် မဟုတ်လော။
မိဖုရားခေါင်ကြီး၏အမူအရာကို မြင်သည်နှင့် နင်ချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး မိဖုရားခေါင်ကြီး ပြင်ဆင်မထားသည်ကို စိတ်ထဲမှ ခန့်မှန်းမိကာ သူ့မျက်ဝန်းများ နက်မှောင်သွားပြီး၊ အခြေအနေကို ဝင်ထိန်းရန် စကားစလိုက်သည်။
"အိမ်ထောင်ရေးကိစ္စဆိုတာ နောက်ဆုံးတော့ မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တော်ရဲ့ စကားအရပဲ ဖြစ်သင့်တာ။ ခမည်းတော် နတ်ရွာစံသွားပေမဲ့ မယ်တော်ကြီး ရှိနေသေးတယ်။ မိဖုရားခေါင်ကြီးကလည်း ဒီအချိန်တွေမှာ ဒီကိစ္စကို စီစဉ်နေတာပါ။ ဒါပေမဲ့ မိဖုရားခေါင်ကြီးက ငယ်သေးတယ်လေ၊ ပထမဆုံးအကြိမ် ဒီလိုကိစ္စမျိုးကို စီစဉ်ရတာဆိုတော့ အစ ဘယ်ကရှာရမှန်း မသိသေးဘူး။ မယ်တော်ကြီးကို ဥယျာဉ်တော်ထဲ ခေါ်လာတာကလည်း ဒီအခွင့်အရေးကို အသုံးချပြီး မယ်တော်ကြီးဆီက သင်ယူချင်လို့ပါ။"
မယ်တော်ကြီးသည် ယခင်က ကိုယ်လုပ်တော်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါတွင် မိဖုရားခေါင်နေရာသို့တက်လှမ်းကာ မယ်တော်ကြီးဖြစ်လာပြီး၊ တရားဝင်မယားကြီး ဖြစ်ရာ သဘာဝအတိုင်းပင် နင်ရွေ့၏တရားဝင်မိခင်အဖြစ် စကားပြောနိုင်ခွင့်၊ ဆုံးဖြတ်ခွင့် ရှိသည်။
ဤအချက်ကို ထည့်သွင်းပြောလိုက်သည်နှင့် ထိုက်ကွေ့ဖေး၏မျက်နှာသည် မကောင်းမွန်တော့ပေ။ ယခင်က သူမသည် ကွေ့ဖေး ဖြစ်သဖြင့် သူမက ပို၍ ဂုဏ်မြင့်မားသင့်သည် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ မယ်တော်ကြီး၏ အောက်သို့ ရောက်သွားရသဖြင့် မကျေမနပ် ဖြစ်မိသည်။
သို့သော် မယ်တော်ကြီးမှာမူ ကျေနပ်သွားသည်။
"ဟွမ်အာ (မိဖုရားခေါင်ကြီး) က အမြဲတမ်း နားလည်တတ်တဲ့ ကလေးပါ။ နားမလည်တာ ရှိသမျှ အိုက်ကျားကို လာမေးတယ်။ မင်းသား ၄ (နင်ရွေ့) ရဲ့ လက်ထပ်ပွဲကိုလည်း အိုက်ကျားက ကူညီပြီး ကြည့်ရှုပေးမှာပါ။ နောက်ပြီး လင်အာဆိုတဲ့ ကလေး၊ ဒီနှစ် ဆယ်လပိုင်းဆို ဆယ့်ငါးနှစ် ပြည့်တော့မယ်မလား။ သူ့အတွက်လည်း စပြီး ကြည့်ရှုရတော့မယ်။"
ဤ 'လင်အာ' မှာ ယခင်ဧကရာဇ်၏ ဒုတိယမင်းသမီး နင်လင် ဖြစ်ပြီး၊ သယ်ထိုက်ဖေး၏ သမီးငယ် ဖြစ်သည်။
ယခင်ဧကရာဇ် ကွယ်လွန်ပြီးကတည်းက သယ်ထိုက်ဖေးသည် စိတ်ရောကိုယ်ပါ ဗုဒ္ဓတရားကို လိုက်စားနေပြီး မည်သည့် ပွဲတော်၊ စားသောက်ပွဲများကိုမျှ မတက်ရောက်တော့ပေ။ ဒုတိယမင်းသမီးသည်လည်း မယ်တော်ကို ပြုစုစောင့်ရှောက်ရင်း အပြင်သို့ သိပ်မထွက်တော့ပေ။
ယနေ့ ရောက်လာသူမှာမူ သယ်ထိုက်ဖေး၏ သမီးကြီး၊ ယခင်ဧကရာဇ်၏ မင်းသမီးကြီး နင်ကျင်း ဖြစ်သည်။
မင်းသမီးကြီးသည် အိမ်ထောင်ကျပြီး ဖြစ်ပြီး၊ ယနေ့တွင် ခင်ပွန်းဖြစ်သူ ဟယ်ရှင်းယန့်နှင့်အတူ လာရောက်ခဲ့ကာ၊ (၇) နှစ်အရွယ် အမြွှာ သားနှင့်သမီးလည်း ပါလာသည်။
ညီမတော်အကြောင်းကို ထည့်သွင်းပြောလာသဖြင့် နင်ကျင်းသည် သဘာဝအတိုင်း စကားအနည်းငယ် ဆိုရမည် ဖြစ်ရာ ထရပ်လိုက်သည်။ "မယ်တော်ကြီး စိတ်ပူပန်ပေးတာကို ကျေးဇူးတင်ပါတယ်။ ညီမတော်က စိတ်ဓာတ် တည်ငြိမ်တဲ့သူဆိုတော့ စိတ်နေသဘောထားချင်း တိုက်ဆိုင်တဲ့သူကို ပိုပြီး ရှာဖွေသင့်ပါတယ်။ ဖြည်းဖြည်းချင်း ကြည့်တာလည်း အလျင်မလိုပါဘူး။"
မယ်တော်ကြီးက ခေါင်းညိတ်လိုက်ရာ ဤစကားဝိုင်းအပိုင်းသည် ပြီးဆုံးသွားသကဲ့သို့ ဖြစ်သွားသည်။
သူမသည် မိဖုရားခေါင်ကြီးကို ထိုမျှလောက် မနှစ်သက်သော်လည်း မည်သို့ပင်ဖြစ်စေ မိမိ၏ချွေးမတော် ဖြစ်ရာ အခြားသူများကို အပုပ်ချ ပြောဆိုခွင့် မပြုနိုင်ပေ။
သို့သော် ယောင်ထိုက်ကွေ့ဖေးသည်လည်း အလွယ်တကူ လက်စသတ်မည့်သူ မဟုတ်ရာ စကားလမ်းကြောင်းကို ကလေးများထံသို့ ပြန်လှည့်သွားသည်။
မင်းသားဖိန် (နင်ဟောက်) ၏ လက်အောက်တွင် သားနှစ်ယောက်၊ သမီးတစ်ယောက် ရှိသည်။ ကြင်ရာတော်မင်းသမီး ဖန်းရှီက သမီးတစ်ယောက် မွေးဖွားထားပြီး၊ ကိုယ်လုပ်တော် ကျောက်ရှီက သားတစ်ယောက် မွေးဖွားထားကာ၊ ဗိုက်ထဲတွင်လည်း ငါးလအရွယ် ကလေးတစ်ယောက် ရှိနေပြီ ဖြစ်သည်။ နောက်တစ်ယောက်မှာမူ အိမ်တော်ထဲမှ အစေခံမတစ်ဦးက မွေးဖွားထားခြင်း ဖြစ်သည်။
မင်းသမီးကြီးတွင်လည်း အမြွှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိနေပြီ ဖြစ်သည်။
ဤသို့ ကြည့်လိုက်လျှင် အိမ်ထောင်ကျပြီးသား လူများထဲတွင် နင်ချန်သည် မျိုးဆက် အနည်းဆုံး ဖြစ်နေသည်။ မိဖုရားခေါင်ကြီးသည် လက်ဆက်လာသည်မှာ လေးနှစ် ရှိပြီ ဖြစ်သော်လည်း ကိုယ်ဝန် မဆောင်နိုင်သေးပေ။
မျိုးဆက်ကိစ္စသည် အမှန်ပင် နင်ချန်၏အားနည်းချက် ဖြစ်သည်။
သို့သော် ဤသို့ ဖြစ်နေသည့်တိုင် ယောင်ထိုက်ကွေ့ဖေး၏ ဤသို့ ပြောဆိုခြင်းကို လက်ခံနိုင်စရာ အကြောင်း မရှိပေ။
"ကျန်း နန်းတက်တာ မကြာသေးဘူး။ တိုင်းပြည်ကလည်း မတည်ငြိမ်သေးတော့ မောင်းမဆောင်ကို စိတ်မဝင်စားအားသေးဘူး။ ဒါပေမဲ့ ဒီနေ့ ထိုက်ကွေ့ဖေးက အစပျိုးလာမှတော့ ကျန်းလည်း မောင်းမဆောင်က အမျိုးသမီးတွေကို ရာထူးတိုးပေးရင်း မင်္ဂလာရှိတဲ့ အငွေ့အသက်လေး ယူရတာပေါ့။"
နင်ချန်သည် အပြုံးမမည်ဘဲ ပြုံးနေသဖြင့် အနည်းငယ် ဒေါသထွက်နေသည်မှာ ထင်ရှားသည်။ အရက်တစ်ငုံကို မော့သောက်လိုက်ပြီး ဆက်လက် ပြောဆိုသည်။
"ကျင်းကျောင်းရီကို 'ဖေး' အဆင့် (ဒုတိယအဆင့်) ကို ရာထူးတိုးပေးမယ်။ ဝမ်မိန်ရန်ကို 'ကျယ်ယွီ' အဆင့်ကို ရာထူးတိုးပေးမယ်။ လီချိုက်ရန်ကို 'ဝမ်ရုန်' အဆင့်ကို ရာထူးတိုးပေးမယ်။ ချန်ပေါင်လင်ကို 'ချိုက်ရန်' အဆင့်ကို ရာထူးတိုးပေးပြီး 'မိန်' ဆိုတဲ့ ဘွဲ့အမည်ကို ချီးမြှင့်မယ်။"
( T/N - တို့မမလည်း မပါဘူးအစုတ်ပလုတ်ဧကရာဇ်)
အမည်ခေါ်ခံရသူ အများစုမှာ နန်းမဆောင်မီကတည်းက အမှုထမ်းခဲ့သော လူဟောင်းများ၊ မျက်နှာသာ အနည်းငယ်သာ ရရှိထားသူများ ဖြစ်သဖြင့် အလျင်အမြန် ထရပ်ကာ ကျေးဇူးတင်စကား ဆိုကြသည်။
ကျင်းကျောင်းရီ၊ ယခု ကျင်းဖေး ဖြစ်လာသူမှာမူ အလွန်ပင် အံ့အားသင့်သွားသည်။ သူမသည် ထိုစဉ်က ထိုကလေးကို မမွေးဖွားနိုင်ခဲ့သဖြင့် ကိုယ်လုပ်တော်ကိုးဆင့်၏ ထိပ်ဆုံးနေရာတွင် ထိုင်နေရခြင်းသည်ပင် အဆုံးသတ်ဟု ထင်မှတ်ထားခဲ့ရာ 'ဖေး' အဆင့်ကို ရရှိဦးမည်ဟု မထင်ထားခဲ့ပေ။
အခြား ရာထူးတက်သွားသူ မိန်ချိုက်ရန် မှာမူ အမှန်ပင် စိတ်သက်သာရာ ရသွားသည်။ အကယ်၍ သူမသာ ရာထူးမတက်ခဲ့ပါက မျက်နှာပူစရာ အလွန်ကောင်းနေမည် ဖြစ်သည်။
အမည်ခေါ်ခံရသူများမှာ သဘာဝအတိုင်း ဝမ်းမြောက်နေကြသော်လည်း အမည်မခေါ်ခံရသူများမှာမူ အနည်းငယ် စိတ်မကောင်း ဖြစ်နေကြသည်။
အထူးသဖြင့် ရှူးဖေး ဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက်၊ ကလေးမမွေးဘဲနှင့်ပင် 'ဖေး' (ဒုတိယအဆင့်) ကို ချီးမြှင့်ခံနေရသည်။ ကျင်းဖေးက တော်သေးသည်၊ ဝမ်ဖေးသာ ကလေးမွေးပြီးပါက ပထမအဆင့်အထိ တက်သွားမည်ကို စိုးရိမ်ရသည်။
ယခု ပထမအဆင့် နေရာများတွင်၊ 'ကွေ့'၊ 'ရှန်'၊ 'သယ့်' နေရာသုံးခု လစ်လပ်နေပြီး သူမက ရှူးဖေး နေရာတစ်ခုကို ယူထားသည်။ လူသစ်များ ထပ်ရောက်လာပါက သူမကို တိုက်ရိုက် ကျော်တက်သွားကြမည် ဖြစ်သည်။
သူမ၏လက်ထဲမှ ပဝါစကို လိမ်ကျစ်လျက် ရှူးဖေးသည် ပို၍ပို၍ မကျေမနပ် ဖြစ်လာသည်။
သို့သော် မည်သူမျှ သူမကို သတိပြုမိမည် မဟုတ်ပေ။ အထက်ဘက်တွင် နတ်ဘုရားများ တိုက်ခိုက်နေကြသည် မဟုတ်ပါလား။
နင်ချန်၏ ဤ ဒေါသအနည်းငယ်ပါသော ရာထူးတိုးမြှင့်မှုကြောင့် ထိုက်ကွေ့ဖေး သည်လည်း နောက်ထပ် စကားများများ မဆိုတော့ဘဲ ထို တည်ငြိမ်အေးချမ်းသော အမူအရာမှာ ခုနက အပြစ်ရှာခဲ့သူမှာ သူမ မဟုတ်သည့်အတိုင်းပင် ဖြစ်သည်။
အောက်ဘက်မှ ယောင်ချိုက်ရန်သည် အရက်သောက်ဟန်ပြုကာ မျက်လွှာချထားရင်း သူမ၏အဒေါ်သည် အဘယ်ကြောင့် ဤသို့ ပြုမူနေသည်ကို စိတ်ထဲမှ တွေးတောနေသည်။
ယခင်က ထိုက်ကွေ့ဖေးသည် အမြဲတစေ သတိကြီးစွာ ထားတတ်ပြီး ဤသို့ အပြစ်ရှာသည့် ကိစ္စမျိုးကို ပြုလုပ်လေ့ မရှိပေ။ ယနေ့ ဤသို့ ထူးခြားစွာ ပြုမူခြင်းမှာ တစ်စုံတစ်ခုကို စမ်းသပ်လို၍ ဖြစ်တန်ရာသည်။
အတွင်းထဲတွင် မည်သို့ပင် လှိုင်းတံပိုးများ ထနေစေကာမူ အပေါ်ယံတွင်မူ ဤ လမုန့်ပွဲတော် ညစာစားပွဲသည် သဟဇာတဖြစ်စွာ ဆက်လက်ကျင်းပနေခဲ့သည်။
မင်းသားခန်သည် အရက်မသောက်နိုင်သဖြင့် မင်းသားဖိန် (နင်ဟောက်)က ဦးဆောင်ကာ တော်ဝင်မိသားစုဝင် အချို့နှင့်အတူ၊ နင်ချန်နှင့် အရက်လိုက်သောက်ကြသည်။
မင်းသားဖိန်မှာမူ၊ အတိတ်က ရည်မှန်းချက် ရှိခဲ့သူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ့မယ်တော်မှာ ကွေ့ဖေး ဖြစ်ပြီး မွေးဖွားမှုအဆင့်အတန်း မြင့်မားသည် မဟုတ်ပါလား။
သို့သော် သူသည် ငယ်စဉ်ကတည်းက စာပေရော၊ စစ်ရေးပါ ညီအစ်ကိုများလောက် မတော်ခဲ့ဘဲ အရည်အချင်း နိမ့်ကျခဲ့သည်။ နောက်ပိုင်းတွင် ယောင်မိသားစုဝင်များကပင် သူ့အပေါ် မျှော်လင့်ချက် မရှိတော့ဘဲ ကွေ့ဖေးကို နောက်တစ်ယောက် ထပ်မွေးရန်သာ မျှော်လင့်ခဲ့ကြရာ ၎င်းကပင် မင်းသားဖိန်၏ ရည်မှန်းချက်များကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေခဲ့သည်။
ယခုအချိန်အထိ သူသည် လုံးဝ အပူအပင်မရှိသော မင်းသားတစ်ပါး ဖြစ်လာခဲ့ပြီး သူ တော်ကောက်ထားသော တရားဝင်ဇနီး ဖန်းရှီသည်လည်း တည်ငြိမ်အေးချမ်းသောသူ ဖြစ်ရာ ဇနီးမောင်နှံနှစ်ဦးမှာ ပို၍ပင် အေးချမ်းစွာ နေထိုင်နေကြသည်။
နင်ချန်သည် သူ့ညီတော်နှစ်ယောက်အကြောင်းကို ကောင်းစွာ သိရှိပြီး နှစ်ဦးလုံးတွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိကြပေ။
အကယ်၍သာ ထိုသို့ မဟုတ်ခဲ့ပါက သူ နန်းတက်စ အချိန်တွင် မင်းသားဖိန်ကသာ မကျေနပ်၍ တစ်ခုခု လုပ်ချင်ခဲ့မည်ဆိုလျှင် ယောင်မိသားစုကို အားကိုးလျက် အတော်ပင် လွယ်ကူနိုင်ခဲ့မည် ဖြစ်သည်။
ညစာစားပွဲတစ်လျှောက်လုံး ဒုတိယပိုင်းတွင် မည်သည့် ပြဿနာမျှ မပေါ်ပေါက်ဘဲ အတော်ပင် ကျေနပ်စရာ ကောင်းခဲ့သည်။
မင်းသားဖိန်သည် အရက်မူးသွားသဖြင့် ဥယျာဉ်တော်ထဲတွင်ပင် အနားယူလိုက်သည်။ သူ့ကြင်ရာတော်မင်းသမီးက အနားတွင် ပြုစုစောင့်ရှောက်ကျန်ရစ်ခဲ့ပြီး ကိုယ်ဝန်ဆောင်နေသော ကိုယ်လုပ်တော် ကျောက်ရှီကိုမူ အိမ်တော်သို့ ပြန်လွှတ်လိုက်သည်။ မင်းသားခန်သည် ကျန်းမာရေး မကောင်းသဖြင့် ပွဲမပြီးခင်ကတည်းက ကြိုတင် ခွင့်တောင်းထွက်ခွာသွားခဲ့သည်။
နင်ချန်သည်လည်း အနည်းငယ် မူးနေခဲ့ပြီး ယနေ့မှာ (၁၅) ရက် (လပြည့်) နေ့ ဖြစ်သဖြင့် မိဖုရားခေါင်ကြီးထံသို့ သွားရောက်ခဲ့သည်။
ဝူထုံနန်းဆောင်ထဲတွင်၊ နှစ်ယောက်သား သီးသန့်စီ ရေမိုးချိုး ပြင်ဆင်ကြသည်။ မိဖုရားခေါင်ကြီးသည် ရေချိုးခန်းမှ ထွက်လာသည့်အခါ ခုတင်ပေါ်မှ လူမှာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲမှ မထိန်းနိုင်ဘဲ ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာသည်။
"မယ်မယ်..."
စုချင်သည် တစ်ခုခု ပြောချင်နေသော်လည်း မိဖုရားခေါင်ကြီးက လက်ကာပြကာ တိတ်ဆိတ်ရန် အချက်ပြလိုက်သဖြင့် သူမသည် ကုလားကာကိုသာ ချပေးပြီး အပြင်သို့ ဆုတ်ခွာသွားရသည်။
ခုတင်ပေါ်တွင် နှစ်ယောက်သား လဲလျောင်းနေကြပြီး မိဖုရားခေါင်ကြီးသည် ခင်ပွန်းသည်ကို ကြည့်ရှုရန် အနည်းငယ် စောင်းငဲ့လိုက်စဉ် နင်ချန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်သို့ လှည့်သွားသဖြင့် သူမကို ကျောပေးလျက်သား ဖြစ်သွားသည်။ နာကျင်သော ခံစားချက်သည် သူမ၏ နှလုံးသားထဲမှ ထွက်ပေါ်လာပြီး သူမ၏မျက်ဝန်းများတွင် မျက်ရည်များ ရုတ်တရက် ဝဲတက်လာသည်။
(၁၆) နှစ်အရွယ်တွင် လက်ဆက်ခဲ့ပြီး လေးနှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း သူမသည် ကလေး မရနိုင်ခဲ့ပေ။ ထိုကိုယ်ဝန်ဆောင်နိုင်သည့်ဆေးများကို တစ်ခွက်ပြီး တစ်ခွက် သောက်ခဲ့ရသည်။ ဆေးခါးသည်မှာ အရေးမကြီးသော်လည်း၊ စိတ်ခါးသည်ကသာ အမှန်တကယ် ခါးသီးလှသည်။
ယနေ့ စားသောက်ပွဲတွင်၊ ထိုက်ကွေ့ဖေးသည် မျိုးဆက်ကိစ္စကို အကြောင်းပြု၍ သူမကို ခေါင်းမဖော်နိုင်အောင် အလွယ်တကူ ဖိနှိပ်သွားခဲ့သည်။
သူမ မျက်နှာပျက်ရခြင်းသည် ဧကရာဇ်နှင့် မယ်တော်ကြီးတို့၏မျက်နှာကိုပါ ထိခိုက်စေသည်။ ဘယ်သူကများ သူမ၏ နာကျင်ဝမ်းနည်းမှုကို နားလည်ပေးမှာလဲ။ သူမကို အသုံးမကျသူဟုသာ ပို၍ ထင်မှတ်သွားကြမည် ဖြစ်သည်။
မျိုးဆက်သည် အမှန်တကယ်ပင် အလွန် အရေးကြီးလှသည်။ ကလေးတစ်ယောက်ကို မွေးစားရလျှင်ပင် ဘာမှ မရှိခြင်းထက်စာလျှင် တော်သေးသည်။
ထိုတစ်ညလုံး မိဖုရားခေါင်ကြီးသည် အိပ်မပျော်နိုင်ခဲ့သလို ယောင်ချိုက်ရန်သည်လည်း အိပ်မပျော်ခဲ့ပေ။ ထိုအချိန်တွင် သူမသည် မိန်းမစိုးအဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး သူမ၏ သွားလာမှုများကို ဖုံးကွယ်ကာ ထိုက်ကွေ့ဖေး၏နေထိုင်ရာသို့ သွားရောက်ခဲ့သည်။
***