← Chapters

ကျောင်းယွဲ့၏တည်နေရာ

Vol. 4 Ch. 57

ကျောင်းယွဲ့၏တည်နေရာ

Vol. 4 Ch. 57

အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ

ကျောင်းယွဲ့သည် လုကျိုး သူမကို နောက်ဆုံးအခေါက်က ပေးအပ်ခဲ့သည့် တာဝန်ပြီးဆုံးချိန်မှစပြီး ပြန်မလာခဲ့ပေ။ သူက အကြောင်းအရင်းကို ဖော်ထုတ်နိုင်ခြင်းမရှိ။ သူမထွက်ခွာသွားရသည့် အကြောင်းအရင်းက ယဲ့ထျန်းရှင်း၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့နှင့်ကွဲပြားလောက်ပေ၏။ ယင်းက သိပ်ရှုပ်ထွေးမှာ မဟုတ်ပေ။

“ရှစ်ကျဲက ယွီခရိုင်မှာ ရှိနေပါတယ်”

ရှောင်ယွမ်အာက ခုံတစ်လုံးတွင် ထိုင်လိုက်၏။ သူမအတွက် ရေတစ်ခွက်ငှဲ့ကာ တစ်ငုံသောက်ပြီး သက်ပြင်းချကာဆက်ပြော၏။

“စခန်းထဲကလူက တောက်ပခြင်းကျောက်စိမ်းကျင့်စဉ်အကြောင်း ပြောတဲ့အချိန် တပည့် ခန့်မှန်းမိသွားတာ”

လုကျိုးက ယင်းကို နားမလည်နိုင်ပေ။ သမာသမတ်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများသည် အမြဲတမ်း အချင်းများနေကြသည်။ သူတို့သည် ယခုအချိန်၌ အဘယ်ကြောင့်ရောနှောနေရသနည်း။ တစ်ယောက်နှင့်တစ်ယောက် သူတို့ ရင်ဆိုင်စစ်ဖြစ်နေပြီလား။

သူ၏အထွတ်အထိပ်အသွင်ကတ် အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်သည်။ နောက်ထပ်ထောင်ချောက်တစ်ခုထဲ ကျသွားလျှင် သူအဆုံးသတ်သွားမှာ သေချာနေပေ၏။

သူက စနစ်ဇယားကွက်ကို ဖွင့်ပြီးနောက် တာဝန်များကို တချက်ကြည့်လိုက်သည်။ ထိုနေရာ၌ ကျောင်းယွဲ့ကိုပြန်ခေါ်ရန်ဟူသော တာဝန်အသစ်တစ်ခု ရှိနေသည်။

“မင်းဘာထပ်ကြားသေးလဲ”

“ရှစ်ကျဲ လက်ထပ်တော့မယ်လို့ တချို့ကပြောတယ်။ သူက သူတော်စင်သမီးတော်ဖြစ်လာမှာတဲ့”

ယင်းက လုကျိုးကို ရပ်တန့်သွားစေ၏။

ကျောင်းယွဲ့၏ ကျင့်ကြံဆင့်သည် တောက်ပခြင်းကျောက်စိမ်းကျင့်စဉ်မှ  ရလာတာပဲဖြစ်သည်။ ၎င်း၏ အမည်နာမထဲတွင် ပါရှိသည့် ကျောက်စိမ်းက ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို ရည်ညွှန်းပြီး မိခင်သဘာဝ၏ ထုတ်ကုန်ဖြစ်သည်။ သူမက အမြင့်ဆုံးအထိရောက်အောင် ကျင့်ကြံနိုင်လျှင် သူမ၌ ချစ်ရေးချစ်ရာကိစ္စများ၊ သို့တည်းမဟုတ် အတွေးများဖြင့် နှောင့်ယှက်ခံ၍ မရပေ။

“အကြောင်းပြချက်က ဘာလဲ”  လုကျိုးက မေးလိုက်၏။

ရှောင်ယွမ်အာက ခေါင်းခါပြီးနောက် ဇဝေဇဝါ အကြည့်ဖြင့်မေးသည်။ “ယွီခရိုင်ထဲက အထွတ်အမြတ်ယဇ်ပလ္လင်မှာ ခမ်းနားတဲ့ပွဲတော်တစ်ခု ကျင်းပမယ်လို့ တပည့်ကြားခဲ့ရုံပဲ”

“အခမ်းအနားတစ်ခုလား”

“ဒါနဲ့ မိစ္ဆာဘုရားကျောင်းကလည်း အခမ်းအနားကို လူတစ်ယောက်ပို့မှာ” ရှောင်ယွမ်အာက ထပ်ပြော၏။ ထိုအမည်ကို ထည့်ပြောချိန်၌ သူမက လုကျိုး၏အမူအရာကို ဂရုတစိုက်ကြည့်လိုက်သည်။

“ရှစ်စွမ်း တပည့်ကိုယ်တိုင် သွားရင်ရော ရှစ်ကျဲကို ပြန်ခေါ်လာခဲ့မယ်။ မိစ္ဆာဘုရားကျောင်းက လူတွေကို တွေ့တဲ့အချိန် သူတို့အားလုံးကို ရှစ်စွမ်းအတွက် သတ်ပေးမယ်”

လုကျိုးက သူမ၏ခေါင်းကို လက်ဖြင့်ခေါက်လိုက်ပြီးနောက် ပြောလိုက်သည်။

“ပြဿနာမရှာနဲ့၊ မိစ္ဆာဘုရားကျောင်းကို ငါဂရုမစိုက်ပေမဲ့ သူတို့ရဲ့ခေါင်းဆောင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ရောက်နေပြီး ပွင့်ချပ် ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုရှိနေတယ်။ မင်းက နတ်ဒေဝါနယ်ပယ် ကျင့်ကြံသူတစ်ယောက်သာသာပဲ ရှိနေတာ၊ သူတို့ကို မြင်တဲ့အချိန် မင်းဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ”

“အား”ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။

လုကျိုးသည် သူ၏မှတ်ဥာဏ်များကို ရှာဖွေပြီး ခဏတာတွေးတောကာ မေးလိုက်တော့သည်။

“မိစ္ဆာဘုရားကျောင်းအပြင် ဘယ်အင်အားစုတွေ တက်ရောက်သေးလဲ”

“သမာသမတ်ဂိုဏ်းနဲ့ ကျင့်မင်တာအိုဂိုဏ်းတို့လည်း သွားမဲ့ပုံပဲ”

“ဖန်ကျုံးကို ငါ့ဆီခေါ်လာခဲ့။ သူ့ကို မေးစရာတစ်ခုရှိတယ်”

“ရှစ်စွမ်း တပည့်ကို မေးလို့ရပါတယ်” ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိပြော၏။

“အခုသွား” လုကျိုးက သူ့အသံကို အနည်းငယ်မြှင့်လိုက်ပြီး

“ဟုတ်” သူမက နှုတ်ခမ်းစေ့လျက် ထွက်ပြေးသွားတော့သည်။ သိပ်မကြာမီ၌ မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေသည့် ဖန်ကျုံးကို ခေါ်ပြီးပြန်ရောက်လာ၏။

“နှုတ်ဆက်ပါတယ် အရှင်” ဖန်ကျုံးက လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်၏။

လုကျိုးက သူ့ကို တချက်ကြည့်ပြီးမေးလိုက်တော့သည်။ “မင်းရဲ့မျက်နှာက ဘာဖြစ်တာလဲ”

“ရွှေနန်းဥယျာဉ်တောင်မှာ မတ်စောက်တဲ့နေရာတွေ များလွန်းတယ်။ ဒါကြောင့် ကျွန်တော် မတော်တဆ ချော်လဲသွားတာ” ဖန်ကျုံးက အမြန်ရှင်းပြသည်။

လုကျိုးက သူမည်သို့မည်ပုံ ထိခိုက်ဒဏ်ရာရကြောင်း ဂရုမစိုက်ပေ။

“မင်းက ကျင့်မင်တာအိုဂိုဏ်းကပဲ။ အထွတ်အမြတ်ယဇ်ပလ္လင်က ကြီးမြတ်သောအခမ်းအနား အကြောင်းသိလား”

ဖန်ကျုံးက ခေါင်းညတ်ပြီးနောက် ပြောလိုက်သည်။ “သိပါတယ်။ အဲဒါက ပြောရရင် အရှည်ကြီးပဲ”

“ဒါဆို တိုတိုနဲ့မြန်မြန်ဆန်ဆန်ပြောလေ” ရှောင်ယွမ်အာက ပြောလိုက်၏။

“...”

ဖန်ကျုံးက သူအကြမ်းပတမ်းရိုက်ခံခဲ့ရသည်ကို တွေးမိပြီး တုန်ယင်သွားကာ အမြန်ပြောလိုက်တော့၏။

“လူသားမျိုးနွယ်စုက ဂြိုဟ်သားမျိုးနွယ်စုကို ရုန်ပေ့နဲ့ ရုန်ရှီးဆီ မောင်းထုတ်ပြီးချိန်ကစပြီး ကျင့်ကြံခြင်းလောကထဲက သမာသမတ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေက တိုက်ခိုက်ဖို့ အသင့်ဖြစ်ကုန်တာ၊ နှစ်စဉ်နှစ်တိုင်း ဂိုဏ်းအချင်းချင်းကြားမှာ အငြင်းပွားစရာတွေဖြစ်ပြီး မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့ကြတယ်။ အငြင်းပွားမှုတွေကို လျှော့ချဖို့ ဂိုဏ်းငယ်လေးတချို့က အခမ်းအနားတွေ ကျင်းပဖို့ တွေးလိုက်မိတယ်။ တစ်ဖက်မှာတော့ ဂိုဏ်းအချင်းချင်းကြားက အငြင်းပွားမှုတွေကို လျှော့ချနိုင်ပြီး တစ်ဖက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုပြသဖို့ အခွင့်အရေးရှိတယ်။ ဒီတော့ အချင်းများကြတော့မှာ မဟုတ်ဘူး”

လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ယွီခရိုင်ထဲက အခမ်းအနားကို ကျင့်မင်တာအိုဂိုဏ်း သွားမယ်ဆိုတာကို မင်းသိလား”

ယင်းက ဖန်ကျုံးကို အံ့ဩသွားစေသည်။

“ဒါက ကျွန်တော်... အဲဒီအကြောင်းဘာမှမသိပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်ကပဲ ဂိုဏ်းထဲကနေ ထွက်လာခဲ့တာ။ ကျင့်မင်တာအိုဂိုဏ်းက သမာသမတ်ဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ မိစ္ဆာဂိုဏ်းတွေနဲ့ သူတို့ရဲ့ အငြင်းပွားမှုက အခမ်းအနားနဲ့ရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး”

လုကျိုးက ယခုအချိန်တွင် အားလုံးကို အကြမ်းဖျင်းတွေးနိုင်မည်ဖြစ်သည်။

“သူတော်စင်သမီးတော်က နှစ်ဖက်ကြားထဲက အငြင်းပွားမှုကို ဖျန်ဖြေပေးမဲ့ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်လိမ့်မယ်လို့ ပြောတယ် အဲ့လို ကိစ္စရှိလား"

“ဟုတ်ကဲ့ မှန်ပါတယ်။ သူတော်စင်သမီးတော်က ပေါင်းကူးတံတားကို မင်္ဂလာပွဲနဲ့ပဲ အားဖြည့်ရမှာ”

ရှောင်ယွမ်အာသည် မည်မျှအတွေးနှေးသည် ဆိုကာမူ သူမ ယခုတော့နားလည်သွားပြီဖြစ်၏။ သူမ မျက်လုံးများက ပြူးကျယ်သွားကာ ဒေါသတကြီးပြောလိုက်၏။

“ သစ္စာဖောက် သူမ ဒါမျိုးကို ဘယ်လိုလုပ် လုပ်နိုင်တာလဲ”

နောက်ထပ်မေးစရာ မေးခွန်းမရှိတော့ပေ။ လုကျိုးက လက်ကာပြကာ ပြောလိုက်၏။

“မင်း အခုထွက်သွားလို့ရပြီ”

“ဆရာကြီး” ဖန်ကျုံးက တစ်စုံတစ်ခုပြောချင်သော်ငြား တွေဝေနေပေသည်။

“မင်း ဘာလိုချင်လဲ”

“ကျေးဇူးပြုပြီး ယင်ခြောက်ပါးသိုင်းကို သင်ပေးပါ” ဖန်ကျုံးက ဒူးထောက်ပြီးကန်တော့လိုက်၏။

လုကျိုးက မဖြေရသေးခင် ရှောင်ယွမ်အာက စိတ်မရှည် လက်မရှည်ပြောလိုက်၏။ “

ဒီလို အသေးအမွှား ကိစ္စနဲ့ ငါ့ရဲ့ ရှစ်စွမ်းကို ရာရာစစ အနှောင့်အယှက်ပေးရဲတယ်ပေါ့”

“အနောက်ပိုင်းမျှော်စင်ထဲက စာကြည့်တိုက်ထဲမှာ နင်ကိုယ်တိုင် အဲဒီ အသုံးမကျတဲ့ ကျင့်စဉ်ကိုရှာလိုက်”

ရှောင်ယွမ်အာက ပြော၏။

ဖန်ကျုံးက ရှက်သွားသည်။ သူတို့သည် ထိုအရေးကြီးသည့် ကျင့်စဉ်ကို သာမန်ကာလျှံကာတွေးတော နေတာကို သူအံ့ဩနေမိ၏။

လုကျိုးက မငြင်းခဲ့ပဲ လက်ကာပြလိုက်သည်။

ကျိထျန်းတောက်သည် ဤလောကထဲရှိ သမာသမတ်ဂိုဏ်းများမှ ကျင့်စဉ်များစွာကို ရယူခဲ့သည်။ သူတို့အားလုံးကို သူနှင့်အတူ သိမ်းထားနိုင်ရန် နည်းလမ်းမရှိချေ။

ဖန်းကျုံးထွက်သွားပြီးနောက် သူက ကျောင်းယွဲ့ကို ပြန်ခေါ်ရမည့် နည်းအား စဉ်းစားလိုက်သည်။ သူ ယခု သိရှိထားပုံအရ သူမသည် သူတော်စင်သမီးတော်တစ်ပါးဖြစ်ရန် ဖိအားပေးခံရတာဖြစ်နိုင်ပြီး အခမ်းအနား၏ နစ်နာသူတစ်ဦး ဖြစ်လာပေသည်။

ဒီတော့ သူနောက်ထပ် ဘာလုပ်သင့်လဲ။

ပြီးတော့ မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ ရောက်လာပြီး လုကျိုး၏ မျက်နှာထားက အတွေးနက်နေသည့်ပုံဖြစ်နေတာကို မြင်လိုက်ရသည်။

“ရှစ်စွမ်း တပည့် တစ်ခုတင်ပြစရာရှိပါတယ်”

“ဘာလဲ”

“သစ္စာဖောက်စီး၀ူယာ့က ရှစ်စွမ်းကို စာတစ်စောင်ပို့ခဲ့ပါတယ်” မင်ရှစ်ရင်က လက်နှစ်ဖက်ဖြင့် စာကို တရိုတသေကိုင်လိုက်၏။

လောင်ချီလား။ သူက ရွှေနန်းဥယျာဉ်တောင်ထဲက ထွက်သွားတဲ့ အချိန်ကစပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ တစ်ခါမှ အဆက်အသွယ်မလုပ်ခဲ့ဘူး။ သူ အခု ဘာကြောင့် ရဲတင်းနေတာလဲ။ ပြောရရင် သူက သစ္စာဖောက်တစ်ယောက်ပဲလေ။ လုကျိုးက သူ့ဖာသာသူ တွေးလိုက်ပြီးနောက် စာကိုယူပြီး တချက်ကြည့်လိုက်၏။

တိုက်ဆိုင်လိုက်တာ။

ထိုစာသည် ကျောင်းယွဲ့အကြောင်းရေးထားတာဖြစ်သည်။

“ရှစ်စွမ်း စာထဲမှာ ဘာပြောထားတာလဲ" ရှောင်ယွမ်အာက စိတ်မရှည်လက်မရှည်မေးလိုက်တော့သည်။

စာကို ဖတ်ပြီးနောက် လုကျိုးက လက်မြှောက်ကာ စားပွဲပေါ်သို့ စာကို ပစ်တင်လိုက်၏။ ပြီးနောက် မျက်မှောင်ကျုံ့လိုက်တော့သည်။ မင်ရှစ်ရင်က စာရွက်ကို ဂရုတစိုက် ကောက်ယူပြီးကြည့်လိုက်၏။ ဖတ်ပြီးနောက် သူက အံ့ဩသွားကာ မျက်မှောင်ကျုံ့သွားပေတော့သည်။

“လောင်ချီက ငါတို့ကို သတင်းမှားပေးဖို့ လှုပ်ရှားမှာ မဟုတ်ဘူး” သူက ဝေဖန်ပိုင်းခြားလိုက်၏။ “ရှစ်စွမ်း သတင်းက မှန်ရင် ရှစ်မေ့ကျောင်းယွဲ့က သူမရဲ့ကံကြမ္မာကနေ မလွတ်မြောက်နိုင်တော့မှာကို စိုးရိမ်ရတယ်”

လုကျိုးကမူ မင်ရှစ်ရင်ကို ထူးမခြားနား တချက်ကြည့်ပြီးနောက် ပြောလိုက်၏။

“ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ” မင်ရှစ်ရင်၏ အတွေးများက ထူးဆန်းသော်ငြား သူသည် ရံဖန်ရံခါ၌ အကြံကောင်းအချို့ ထွက်ပေါ်လာတတ်သည်။ သူက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။

“သိုးထိန်းခွေးတွေက စကားများရင် ဝံပုလွေက အနိုင်ရမှာပဲ။ သူတို့က ပြန်သင့်မြတ်ချင်တယ် ဆိုမှတော့ ကျွန်တော်တို့လည်း သူတို့နဲ့အတူ လိုက်ပါပေးသင့်တာပေါ့။ သူတို့တွေက အမြဲတမ်း ဓားဆွဲတိုက်ခိုက်နေကြတယ်ဆိုတော့ လွယ်ကူတဲ့ အလုပ်ပါပဲ”

ပြောပြီးချိန်၌ မင်ရှစ်ရင်က အရိုအသေပေးကာ ပြောလိုက်သည်။

“ရှစ်စွမ်း ဒီကိစ္စကို ရှစ်စွမ်းကိုယ်တိုင်လုပ်စရာ မလိုဘူး။ အသေးအမွှားလေးပါပဲ။ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားလိုစိတ်ရှိပါတယ်။ ရှစ်မေ့ကျောင်းယွဲ့ကို ပြန်ခေါ်လာမယ်လို့ ကတိပေးတယ်”

ရှစ်စွမ်းက ငါ့ကို ဒီတစ်ခေါက် လွှတ်မှာသေချာတယ်။ သူက တွေးပြီးခေါင်းငုံံ့ကာ သူ့ဆရာ၏ အတည်ပြုမှုကို စောင့်ဆိုင်းနေသည်။

လုကျိုးက လက်ကာပြကာ ပြောလိုက်၏။

“မင်း ပြန်လည်သုံးသပ်ရေးဂူထဲမှာ သုံးရက်လောက်နေပြီး သုံးသပ်ရမယ်”

“...”

“တင်း”

“သင်က မင်ရှစ်ရင်ကို ပဲ့ပြင်ဆုံးမခဲ့ပြီး ကုသိုလ်မှတ်တစ်ရာ ချီးမြှင့်ခံရပါတယ်”

All Chapters