ပိအန်း
Vol. 4 Ch. 58
အခန်း (၅၈) ပိအန်း
မင်ရှစ်ရင်က အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။ သူက အဘယ်ကြောင့် အပြစ်ပေးခံရမှန်း နားမလည်သေးပေ။ လတ်တလောအတွင်း သူက ပြောသည့်အတိုင်းသာ လုပ်ဆောင်ခဲ့ပြီး သေသေသပ်သပ် လုပ်ခဲ့သည်။ သူက တောင်ကို ကာကွယ်ကာ ရန်သူများကို တိုက်ခိုက်ခဲ့ပြီး ရှစ်စွင်းကိုလည်း ချီးကျူးမြှောက်ပင့်ခဲ့သည်။ သူက ကောင်းကောင်း လုပ်ဆောင်ခဲ့ကြောင်း တွေးထားမိ၏။
သို့သော်လည်း သူက ရှစ်စွင်း၏ အမိန့်ကို မနာခံဘဲ မနေရဲသောကြောင့် ဦးညွတ်ကာ “ တပည့် အပြစ်ပေးခံရသင့်ပါတယ် ”
ထို့နောက် သူက ပြန်လည်သုံးသပ်ရေးဂူဆီ နာခံတတ်သည့် ကလေးတစ်ယောက်သဖွယ် လိမ်လိမ်မာမာ သွားလိုက်သည်။
လုကျိုးက သူ့ကို ဘာလို့ အပြစ်ပေးလိုက်တာလဲ။ အကြောင်းမှာ သူက မင်ရှစ်ရင်၏ သစ္စာရှိမှု လျော့ကျသွားသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။ လျော့ကျမှုက သိပ်မများဘဲ သစ္စာရှိမှုက ၇၀ ဝန်းကျင် ကျန်ရှိနေသေး၏။ သို့သော်လည်း ၈၀ အထက် မဟုတ်ပါက သူ့အား သစ္စာဖောက်နိုင်မည့် အခွင့်အရေးရှိနေဆဲ ဖြစ်၏။
ရှောင်ယွမ်အာလည်း အနည်းငယ် နားမလည်ဖြစ်သွားကာ စာကို ကောက်ဖတ်ကြည့်လိုက်သည်။ စာကို ဖတ်ပြီးနောက် အကြောင်းအရာကို နားမလည်သည့်အလား ခေါင်းကုတ်လိုက်မိသည်။
“ ဒါက ထောင်ချောက် မဟုတ်ဘူးလား။ လူတချို့က ဒေါသပုံချလို့ ဝူရှစ်ကျဲက အတင်းကျပ် ဖိအားပေးခံရတာလား ”
လုကျိုးက အဖြေမပေးလိုက်သော်လည်း အေးတိအေးစက် ပြောလိုက်သည်။
“ အထွတ်အမြတ်ပလ္လင်ဆီ လိုက်ခဲ့ ”
သူတို့ အပြင်ထွက်မည့်အကြောင်း ကြားသောအခါ ရှောင်ယွမ်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်သည်။
“ ရှစ်စွင်း ရှစ်စွင်း … တပည့်တို့ တကယ်ကြီး အပြင်သွားကြမှာလား ”
“ဘာတွေဒီလောက် စိတ်လှုပ်ရှားနေတာလဲ ”
လုကျိုးက အပြင်ထွက်လာရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ နေ့လယ်ရောက်နေပြီ ဖြစ်ရာ ရာသီဥတုက အတော်သာယာလှသည်။ သူတို့ နေမဝင်ခင် ယွီစီရင်စုဆီ ရောက်နိုင်ပေသည်။
သူက ယူနန်မြို့သို့ ရောက်သွားလျှင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ လိုအပ်သည်။ အထွတ်အထိပ် သဏ္ဌာန်ကတ်မပါရှိဘဲ သူက ကျောင်းယွဲ့ကို ပြန်ခေါ်ချင်လိုလျှင် ဦးနှောက်ကို အသုံးချရမည်။
သူက သတင်းအချက်အလက် သွားစုဆောင်းစဉ်က ဝတ်ဆင်ထားသော ရှောင်ယွမ်အာ၏ ဝတ်စုံကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအရာက ထင်းထွက်မနေသည်မှာ ကံကောင်းသွားလေသည်။
“ ရှစ်စွင်း … တပည့်တို့ ရှစ်ရှိုးတို့ကို ပြောခဲ့ဦးမလား ” ရှောင်ယွမ်အာက မေးလိုက်သည်။
“ မလိုဘူး ”
သူတို့ကို ပြောနေရန် မလိုပေ။ ရွှေနန်းဥယျာဉ်တောင်သည် အကာအရံအောက်တွင် ဘေးကင်းလုံခြုံမည် ဖြစ်ကာ ကျန်ရှိနေသော တပည့်များကလည်း သူတို့ဘာသာ ကာကွယ်ဖို့အတွက် ကျွမ်းကျင်တတ်မြောက်ထားကြသည်။
သူက စီးတော်သားရဲအသစ် ပိအန်းကို တွေးမိသွားသည်။ ယခု ထုတ်ကြည့်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူက နတ်ခြင်္သေ့ကို ကောင်းကောင်း သိသွားပြီ ဖြစ်သော်လည်း ပိအန်းကိုတော့ တစ်ခါမှ မစီးဖူးသေးပေ။ ထို့ကြောင့် သူက လက်တစ်ချက် ဝေ့လိုက်သည်။
သိပ်မကြာခင် ကြည်လင်ပြာလဲ့နေသော ကောင်းကင်ယံအောက်တွင် ထူးဆန်းဖွယ် စွမ်းအားတစ်ခုက ပေါ်ပေါက်လာသည်။
“ နတ်ခြင်္သေ့လား ” ရှောင်ယွမ်အာက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမက စွမ်းအားကို အာရုံခံမိသည်နှင့် ဒဏ္ဍာရီလာ သားရဲဖြစ်ကြောင်း တန်းသိလိုက်သည်။
ဤကျယ်ပြောလှသော လောကကြီးထဲ၌ လူသားများ မစူးစမ်းဖူးသည့်နေရာ များများစားစား မကျန်ပေ။ ထိုနေရာများက ကြောက်မက်ဖွယ် သားရဲများ အုပ်စိုးကြသော်လည်း တချို့မှာ အဖမ်းစီးခံရပြီး စီးတော်သားရဲအဖြစ် အသုံးပြုခံရသည်။
သိပ်မကြာခင် စွမ်းပကား ပုံရိပ်တစ်ခု ပျံသန်းလာသည်။ ထိုအရာက ကျားတစ်ကောင်နှင့်တူပြီး ခြိမ်းခြောက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည်။
ဝေါင်း
ရှောင်ယွမ်အာက ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိသည်။ လုကျိုးဘေးတွင် ရပ်လိုက်ရင်း တီးတိုးပြောလိုက်သည်။
“ နတ်ခြင်္သေ့က အခုကွဲပြားနေသလိုပဲ ”
နတ်ခြင်္သေ့က ဒရယ်နှင့် ဆင်ကာ ပိအန်းကား ကျားတစ်ကောင်နှင့် ပိုတူပေသည်။ တစ်ကောင်မှာ ညင်သာ၍ တစ်ကောင်မှာ ခက်ထန်ပေသည်။ သူမ မမှားပေ။
စီးတော်သားရဲ ဆင်းသက်လာသည်နှင့် ခက်ထန်ကြမ်းကြုတ်သည့် သွင်ပြင်ကို သိမ်းကာ သခင်ထံ သစ္စာရှိမှု ပြသနေသည်။
လုကျိုးလည်း နည်းနည်း အံ့ဩသွားမိသည်။ ဤပိအန်းက စိတ်ကြီးသော သတ္တဝါဖြစ်သည်မှာ သိသာလှသည်။ သူ့အနေနှင့် ကျင့်ကြံဆင့်ဘယ်လောက်ကို ယှဉ်နိုင်မလဲဟု တွေးလိုက်မိ၏။
“ သွားကြစို့ ” သူက လက်ဟန်ပြလိုက်သည်။
ရှောင်ယွမ်အာက နှေးတိနှေးတုံ့ ချဉ်းကပ်လာကာ “ ရှစ်စွင်း … တပည့် ဒါကို မစီးလို့ မဖြစ်ဘူးလား။ ကြည့်ရတာ ကြောက်စရာကြီး ”
“မင်းလောက် ကြောက်စရာ မကောင်းဘူး ”
“…”
“ ကြောက်မနေနဲ့ ”
လုကျိုးက လျှောက်လှမ်းသွားလိုက်သည့်အခါ သားရဲက ဝမ်းဗိုက် မြေကြီးနှင့် ထိသည့်အထိ ခန္ဓာကိုယ်ကို နှိမ့်ပေးလေသည်။ ထိုမြင်ကွင်းကြောင့် ရှောင်ယွမ်အာ သတ္တိစုစည်းကာ ချဉ်းကပ်လာလိုက်သည်။
ဝေါင်း
ပိအန်းက ရုတ်ခြည်းဆိုသလို ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း ရှောင်ယွမ်အာက ကြောက်လန့်တကြား နောက်ဆုတ်သွားရမည့်အစား ကျောပေါ် ခုန်တက်လိုက်လေသည်။
“ ရှစ်စွင်းရယ် လန့်သွားတာပဲ ”
လုကျိုးက လက်ဝှေ့ပြလိုက်သည့်အခါ ပိအန်းက ကောင်းကင်ယံ ခုန်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းကြား ပျောက်ကွယ်သွားတော့သည်။
လုကျိုးကို အံ့အားသင့်သွားစေသည်က ပိအန်းသည်လည်း နတ်ခြင်္သေ့လောက် မြန်ဆန်ပေသည်။ သို့သော်လည်း သူတို့ကြားမှ ကွာခြားချက်မှာ ပိအန်းကား ခက်ထန်ကြမ်းကြုတ်သော်လည်း လူသားတွေလောက် မတော်ပေ။ သူ မည်မျှ အားကောင်းသည်ကိုတော့ မစစ်ဆေးရသေးပေ။ နတ်ခြင်္သေ့ကား တည်ငြိမ်အေးဆေးပြီး စီးရသည်မှာ သက်သောင့်သက်သာ ဖြစ်လှသည်။ ဒရယ်နှင့်တူသည့် စီးတော်သားရဲများတွင် ရှိနေတတ်သည့် အခြားသော စွမ်းရည်များအား မသိရသေးပေ။
နေ့တစ်ဝက်ကြာမြင့်ပြီးနောက် ပိအန်းက ယူနန်မြို့အနား ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ ရှောင်ယွမ်အာက အနီးအနားတွင် မည်သူမှ မရှိကြောင်း သိပြီးနောက် ရယ်ကာ ပြောလိုက်သည်။
“ ရှစ်စွင်း လုပ်ချင်တာကို သိသွားပြီ … တပည့်တို့က အာရုံစိုက်စရာ မလုပ်ရဘူးမလား ”
လုကျိုးက ခေါင်းညိတ်ကာ “ ယူနန်က ကမ္ဘာကြီးရဲ့ စွမ်းပကား ကျင့်ကြံသူတွေ စုဝေးနေတဲ့ အံ့ဖွယ်မြို့တော်နဲ့ သိပ်မဝေးဘူး။ ငါတို့တွေ သိုသိုသိပ်သိပ်နေရမယ် ”
“ တပည့် နားလည်ပါပြီ” ရှောင်ယွမ်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း “ ရှစ်စွင်း ဒါပြီးသွားရင် တပည့်တို့ အံ့ဖွယ်မြို့တော်ဆီ သွားကြမှာလား ”
လုကျိုးက သူမခေါင်းကို အသာခေါက်ကာ မုတ်ဆိတ်မွေးသပ်လိုက်ပြီးနောက် “ မသွားဘူး ”
“ အိုး ”
မြို့တော်ထဲ ဝင်ရောက်ပြီးနောက် ရှောင်ယွမ်အာက စိတ်လှုပ်ရှားမှုကို မနည်းထိန်းနေရလေသည်။ ကံကော်းစွာဖြင့် လုကျိုးက ဘေးကနေ ဆက်တိုက် သတိပေးလာသည့်အတွက် လမ်းတစ်လျှောက် ဘာမှတော့ မဖြစ်ခဲ့ပေ။
“ ဘိုးဘိုး ရှေ့မှာတည်းခိုဆောင် ရှိတယ်။ သမီးတို့ အခန်းငှားလိုက်ကြမလား ”
“ ကောင်းပြီလေ ”
သူတို့ တည်းခိုဆောင်ထဲ ဝင်ဝင်ချင်း ကောင်းကင်ယံကို ဖြတ်ကာ ကျင့်ကြံသူအုပ်စု ပျံသန်းသွားကြသည်။ လမ်းမအထက်ရှိ သာမန်လူများက မော့ကြည့်လိုက်ပြီးနောက် တအံ့တဩ ရေရွတ်လိုက်ကြသည်။ လုကျိုးလည်း မော့ကြည့်လိုက်သည့်အခါ ဧရာမရထားလုံးပျံကြီးကို ဝန်းရံလာသည့် ကျင့်ကြံသူအုပ်စုကို မြင်လိုက်ရသည်။
“ ဒါက မိစ္ဆာဂိုဏ်းရဲ့ ရထားလုံးပျံပဲ။ အဲဒီအလံတံဆိပ်က မိစ္ဆာဘုရားကျောင်းပဲ ဖြစ်လိမ့်မယ် … ”
“ စိတ်မပူနဲ့ … ကျင့်ကြံရေးလောကရဲ့ အငြင်းပွားမှုတွေက သာမန်သေမျိုးတွေအပေါ် သက်ရောက်မှု မရှိပါဘူးကွာ ”
“ ငါလည်း အားကောင်းတဲ့ ကျင့်ကြံသူ ဖြစ်လာရင် ဒီလိုရထားလုံးပျံမျိုး ပိုင်မှာလား ”
ရှောင်ယွမ်အာက စကားများကို နားထောင်ပြီး မကျေမနပ်ဖြင့်
“ ဒါက ဘာများကြီးကျယ်နေလို့လဲ။ ငါ့အဘိုးဆီမှာ စီးတော်သားရဲထဲ ဆိတ်တောင်ရှိသေး ”
လူလတ်အရွယ်အမျိုးသားက ထိုစကားကို ကြားကာ “ ကလေးမလေး .. မင်းရဲ့ဆိတ်က မင်းကိုရော သယ်နိုင်လို့လား ”
“ ဟမ် ကျွန်မကို သယ်နိုင်ရုံတင် မကဘူး။ တာ့ယန်အထိ နေ့တစ်ဝက်တည်းနဲ့ ရောက်တယ်”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“ မင်းတော့ အပိုတွေလျှောက်ပြောနေတာပဲ ”
“ မယုံဘူးလား ” ရှောင်ယွမ်အာက မျက်မှောင်ကြုတ်လိုက်သည်။
အမျိုးသားက ပုံမှန်အတိုင်း ပြောလိုက်သည်။
“ မင်းကို ယုံမယ်လို့ ထင်နေတာလား ”
“ ယုံရမှာပေါ့ ” သူမက လက်ချောင်းများကို အညောင်းအညာဖြေကာ တဂျွတ်ဂျွတ် ချိုးလိုက်သည်။
ရထားလုံးပျံ ပျံသန်းသွားပြီးနောက် လမ်းမကား ပြန်လည် တိတ်ဆိတ်သွားလေသည်။ ယခု လုကျိုးက နည်းနည်း အံ့အားသင့်သွားသည်။ သူက စွမ်းပကား ကျင့်ကြံသူတစ်ဦးဦးက ယူနန်သို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျို့ရှင်းချန်ကြောင့် မိစ္ဆာဘုရားကျောင်းက သူ့အပေါ် အငြိုးထားနေသည်လား ….
ကျင့်ကြံသူအရေအတွက်နှင့် ရထားလုံးအရွယ်အစားအရ အထဲရှိ လူမှာ အနည်းဆုံး နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်သာ ဖြစ်ရပေမည်။ သူတို့မိစ္ဆာဂိုဏ်းချုပ်မှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။
‘ အခုတွေးနေတာ အကျိုးမရှိဘူး ’
လုကျိုးက သူ့ဘာသာ တွေးးလိုက်မိပြီးနောက် ရှောင်ယွမ်အာအား လှည့်ခေါ်လိုက်သည်။
“ ယွမ်အာ ”
“လာပြီ ဘိုးဘိုး ” ရှောင်ယွမ်အာက လက်အညောင်းအညာဖြေရင်း ပြေးလာလေသည်။
“ ဘိုးဘိုးကို ကူပေးမယ် အဟီး .. ”
သူမက တည်းခိုဆောင်ထဲ ပြေးဝင်သွားပြီးနောက် တည်းခိုဆောင်ပိုင်ရှင်ဆီ ပြောလိုက်သည်။
“ ဟေး အကောင်းဆုံးအခန်းပေး ”
ဆိုင်ပိုင်ရှင်က ယဉ်ယဉ်ကျေးကျေး ပြောဆိုလိုက်သည်။
“ ဧည့်သည်တော်ကို အားနာပါတယ် … အခုတည်းခိုဆောင်က ပြည့်နေပါပြီ။ အထွတ်အမြတ်ယဇ်ပလ္လင် အခမ်းအနားက စတော့မှာဆိုတော့ ဧည့်သည်အရမ်းကျလာလို့ပါ။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျ … ”
“ အခန်းအပို မရှိတော့ဘူးလား ” ရှောင်ယွမ်အာက ခေါင်းကုတ်ကာ ထပ်မေးလိုက်သည်။
“ အားနာပါတယ် … တခြားတစ်နေရာကို သွားရှာရင်တော့ တွေ့နိုင်ပါသေးတယ် ”
“ ကောင်းပြီလေ ”
ရှောင်ယွမ်အာက လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင် တည်းခိုဆောင်အတွင်း စွမ်းအားလှိုင်းတစ်ခု ဝင်ရောက်လာလေသည်။
ဆိုင်ပိုင်ရှင်၊ ရှောင်ယွမ်အာနှင့် လုကျိုးတို့က ထိုစွမ်းအား အရင်းအမြစ်အား ကြည့်လိုက်ကြသည်။ ထိုလူ၏ လက်ထဲတွင် ဓားကောင်းနှစ်လက် ကိုင်ဆောင်ထားရင်း ခပ်တည်တည်ဖြင့် ဝင်လာလေ၏။
သူ့ကို မြင်ကာ ဆိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် “ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် … သခင်ကြီး … ”
အမျိုးသား၏ မျက်လုံးမှာ အနည်းငယ် ပိတ်ထားပြီး သူ့မျက်နှာအထက်၌ တော်ဝင်ဆန်သော မာနမျိုး တွေ့နိုင်သည်။ သူက ညင်ညင်သာသာ ပြောလိုက်သည် “ ဆိုင်ရှင် … ကျုပ် ဒီမှာနေမယ်”
“ သခင်ကြီးကို ကြိုဆိုပါတယ်။ ခစားခွင့်ရတာ ကျွန်တော်အတွက် ဆုလာဘ်ပါပဲ … ကောင်းကင်အဆင့် အခန်းနှစ်ခန်းပဲ ရှိပါတော့တယ်။ သခင်ကြီး စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်ခင်ဗျ ” ဆိုင်ရှင်၏ အသံမှာ ကျယ်လွန်းနေသောကြောင့် ဆိုင်အပြင်ဘက်ကနေပါ ကြားရနိုင်သည်။
ထိုအမျိုးသားက အသာပြောလိုက်သည်။
“ အကောင်းဆုံး နှစ်ခန်းယူမယ် ”
“ ရပါတယ် ” ဆိုင်ပိုင်ရှင်က စိတ်တက်ကြွစွာ ပြောလိုက်သည်။
ထိုအခါ အစေခံနှစ်ယောက်က အပြေးအလွှား ရောက်လာကြသည်။
ရှောင်ယွမ်အာက ဒေါသထွက်သွားကာ “ လူအိုကြီး … ခင်ဗျားရဲ့ တည်းခိုဆောင်က ပြည့်သွားပြီဆို။ ဘာလို့ သူ့အတွက် အခန်းနှစ်ခန်း ကျန်နေသေးတာတုန်း ”
“မရိုင်းပါနဲ့ … ဒါက နတ်ဒေဝါဦးတည် နယ်ပယ်အဆင့် ရောက်နေတဲ့ ကျင့်ကြံသူလေ။ တခြားဧည့်သည်တွေက သူ့အတွက် ဖယ်ပေးရမှာပေါ့ ”
တခြားအချိန်ဆိုပါက ရှောင်ယွမ်အာက လက်သီးတစ်ချက်လောက် ကျွေးလိုက်မည် ဖြစ်သော်လည်း သူတို့က ယခုယူနန်မြို့ထဲ ရောက်နေပြီး ရှစ်စွင်းက ပြဿနာမရှာရန် ခဏတိုင်း သတိပေးထားလေသည်။
“ တစ်ယောက်တည်းကို ဘာလို့ နှစ်ခန်းလိုတာလဲ ” သူမက အမျိုးသားအား လက်ညှိုးထိုးကာ မေးလိုက်သည်။
“ ကောင်မလေး … မင်း … ”
အမျိုးသားက လက်မြှောက်ကာ ဆိုင်ရှင်အား တားလိုက်သည်။ ထို့နောက် သူက မနှေးမမြန် ညင်ညင်သာသာ ပြောလိုက်သည်
“ မင်း မေးခွန်းကို ဖြေပေးမယ်။ ငါ့အိတ်ထဲမှာ သေသွားတဲ့ မိတ်ဆွေရဲ့ ပြာတွေရှိတယ်။ သူက တိုက်ပွဲအတွင်း သေဆုံးသွားပေမဲ့ သူရဲ့ စိတ်ဓာတ်ကို လေးစားမိလွန်းလို့ ငါ့စိတ်ထဲမှာ အခုထိ အသက်ရှင်နေတုန်းပဲ … သူ့ကို အသက်ရှင်နေသူအဖြစ် ဆက်ဆံခံရသင့်တယ်လို့ ယုံကြည်တယ် … ”