← Chapters

အထက်ဆုံးဓား

Vol. 4 Ch. 59

အထက်ဆုံးဓား

Vol. 4 Ch. 59

အခန်း (၅၉) အထက်ဆုံးဓား

“ငါ့ရဲ့ဓားက ငါနဲ့နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ရန်သူတွေကို သတ်ခဲ့တာ သူ့ရဲ့ ကိုယ်ပိုင်အခန်း ရှိသင့်တယ်။ ဒါပေမဲ့ ငါ့ရဲ့ဓားနဲ့ တစ်ခါမှ မခွဲဖူးဘူး။ နှစ်ခန်းက အစ်ကို့အတွက် လုံလောက်ပြီ”

လုကျိုးက တည်ငြိမ်နေပုံပေါ်၏။ သို့သော် သူ့ရင်ထဲတွင်မူ ငိုရမည်လား၊ ရယ်ရမည်လားမသိတော့ပေ။ ဤလောကထဲတွင် ထိုကဲ့သို့  ကြောင်တောင်တောင်လူရှိသည်ဆိုတာ သူမယုံနိုင်ပေ။ သို့သော် သူ့အဖို့ အံ့ဩသွားရသည်က ရှောင်ယွမ်အာသည် တွေးတွေးဆဆဖြင့် သူမ၏မေးစေ့ကို ထိလိုက်သည်။ ပြီးနောက် လက်ခံသည့်အနေဖြင့်ခေါင်းငြိမ့်ကာ ပြောလိုက်တော့သည်။

“ရှင်တို့နှစ်ခန်း လိုအပ်တယ်ဆိုတာ ကျွန်မသဘောတူတယ်”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ လေးစားရတဲ့ ဧည့်သည်တော်” ဆိုင်ရှင်သည် နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူ ဒေါသမထွက်တာကို မြင်သည့် အချိန်၌ သူ၏စိတ်သဘောထားက ပိုမိုဖော်ရွေလာပြီး ပိုယဉ်ကျေးလာတော့၏။

“ခဏလေး” လုကျိုးက ရုတ်တရက်ပြောလိုက်သည်။

ယင်းက လူရွယ်နှင့်ဆိုင်ရှင်တို့ကို ရပ်တန့်သွားစေကာ သူတို့နှစ်ဦးလုံးက မြေကြီးပေါ်အလွယ်တကူ တွန်းချနိုင်အောင် အားနည်းပုံပေါ်သည့် အဘိုးအိုကို လှည့်ကြည့်လိုက်ကြသည်။

“ဘာများဖြစ်လို့လဲ လူကြီးမင်း” ဆိုင်ရှင်က မေးလိုက်၏။

“ငါ ကောင်းကင်အဆင့် အခန်းလိုချင်တယ်”

“ဒါပေမဲ့”

လုကျိုးက လက်တစ်ဖက်ကာလိုက်ပြီးနောက် ပြောလိုက်သည်။ “ယွမ်အာ” သူ့အသံ ထွက်လာသည်နှင့် ရှောင်ယွမ်အာက သူ၏လက်ဟန်ကို နားလည်သည်။ သူမကိုယ်ထဲ၌ စွမ်းအင်လှိုင်းများ ပေါက်ကွဲလာပြီးနောက် ရစ်ဝဲသွားတော့သည်။ ပြီးနောက် စွမ်းအင်လှိုင်းက သူမဆီ ပြန်ရောက်လာကာ ရုတ်တရက်တွင် အရပ်မျက်နှာအနှံ့ လှိုင်းဂယက်တစ်ခုသဖွယ် ပြန့်ကားသွားတော့သည်။

တည်းခိုခန်းထဲရှိ အရာအားလုံး စားပွဲများ၊ ကုလားထိုင်များနှင့် အပေါ်ထပ်ရှိ ပစ္စည်းများတောင် တပြိုင်နက်တည်း လှုပ်ခါသွားသည်။ စွမ်းအင်လှိုင်းက အနည်းငယ်ပိုသန်မာလျှင် ဤတည်းခိုဆောင်က မြေကြီးပေါ်ပြိုလဲသွားနိုင်၏။

“နတ်ဒေဝါ နတ်ဒေဝါဦးတည်နယ်ပယ်လား” ဆိုင်ရှင်က တုန်ယင်သွားပြီး သူ့နှလုံးခုန်နှုန်းများမြန်လာသည်။

ယနေ့တွင် သူ၏တည်းခိုဆောင်သို့ အံ့မခန်းပုဂ္ဂိုလ်များ လာလွန်းနေပုံပေါ်၏။ ဆိုင်ရှင်က တွေးလိုက်မိသည်။ သူကဘာပြောရမည်မှန်းမသိ။ ပညာရှင်တစ်ဦးကို ရန်စခဲ့မိသည့်အတွက် သူငိုချင်လာတော့၏။

လူရွယ်၏ မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင်များပြည့်နေသည်။

“ငါ့ရဲ့ ညီအစ်ကိုက သက်ရှိထင်ရှားရှိစဉ်တုန်းက ပညာရှင်တွေကို လေးစားတယ်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်လာဖို့ စိတ်အားထက်သန်နေခဲ့တာ” သူက တည်ငြိမ်စွာ ပြောလိုက်၏။

“သူလေးစားတဲ့ အရာတွေကို ငါလေးစားတယ်။ ငါ့ရဲ့ညီလေးနဲ့ တစ်ခန်းနေပေမဲ့ ဆိုင်ရှင် ကျန်တဲ့တစ်ခန်းကို ဒီလူကြီးမင်းဆီပေးလိုက်ပါ”

ဆိုင်ရှင်က ထိုစကားကိုကြားသည့်အခါ အပျော်လွန်သွားသည်။ “သိပ်ကောင်းတယ်။ ကောင်းလိုက်တာ” သူသည် အပေါ်ထပ်ရှိ အခန်းများကိုရှင်းလင်းရန်အတွက် အလုပ်သမားများကို အမြန်ခိုင်းလိုက်တော့၏။

သို့သော် လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။ “မလုံလောက်သေးဘူး”

“ဘာများလဲ”

“ငါက နှစ်ခန်းလိုချင်တာ”

“ဒါ ဒါက ပြဿနာမဟုတ်ပါဘူး” ဆိုင်ရှင်က မျက်ရည်ကျလုနီးပါးဖြစ်သွားသည်။

လုကျိုးသည် အခန်းနှစ်ခန်းလိုချင်ရသည့် အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ ရှောင်ယွမ်အာက ရိုးရှင်းပြီး အပြစ်ကင်းသော မိန်းကလေးဖြစ်သော်ငြား အသက် ၁၆နှစ် ပြည့်ခါနီးပြီ။ ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူတို့နှစ်ဦး တစ်ခန်းထဲတွင် နေထိုင်ရန် မသင့်တော်ချေ။

လုကျိုးက လှေကားကို ဖြည်းဖြည်းချင်းတက်သွားစဉ် ရှောင်ယွမ်အာက ပျော်ရွှင်နေသည့်အကြည့်ဖြင့် နောက်မှလိုက်သွားတော့၏။ သူသည် ထိုလူရွယ်လေးကို ကျော်ဖြတ်သွားစဉ် သူ့လက်မောင်းထဲရှိ ဓားနှစ်လက်ကို ဖျတ်ခနဲ ကြည့်လိုက်၏။

“မောင်နှံဓားလား”

လူရွယ်က အနည်းငယ်အံ့ဩသွားပြီး ဇဝေဇဝါဖြစ်သွား၏။

“ဆရာကြီးမှာ အမြင်ကောင်းရှိတာပဲ”

“သူတို့ထဲက တစ်လက်က ရှည်ပြီး နဂါးပုံ ထွင်းထုထားပြီး နောက်တစ်လက်က တိုတယ်။ ဖီးနစ်ပုံထွင်းထုထားတာ၊ နှစ်ခုလုံးက အထွတ်အထိပ်မြေကမ္ဘာအဆင့်လက်နက်တွေပဲ။ ကောင်းကင်အဆင့်တောင် ရောက်တော့မှာ” လုကျိုးက မုတ်ဆိတ်ကို သပ်လိုက်ကာပြောလိုက်၏။

“ခင်ဗျား ဒီဓားတွေကို သိတယ်ဆိုရင် ကျုပ်ကို စကားပြောတဲ့ပုံ ဂရုစိုက်သင့်တယ်။ တခြားအချိန်မှာသာဆိုရင် သူတို့ကို စော်ကားရဲတဲ့သူကို ဒီဓားတွေသုံးပြီး သင်ခန်းစာပေးမှာသေချာတယ်” မျက်နှာထိမျက်နှာထားဖြင့် ရှောင်ယွမ်အာကို ကြည့်နေစဉ် သူက ခေါင်းခါပြီးပြောလိုက်၏။

“ဒီဓားက မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့ပြီး ၁၂နှစ်ကျော်လောက်အထိရှိလာခဲ့တာ ကောင်းကင်အဆင့်လက်နက်ဖြစ်ခဲ့တာ ကြာသွားပြီ။ သူတို့က ခင်ဗျားပြောသလို မြေကမ္ဘာအဆင့်လက်နက် မဟုတ်တော့ဘူး”

လုကျိုးက သူ၏မုတ်ဆိတ်ကို သပ်လျက် ပြန်မပြောပေ။

ထိုလူက ဆက်ပြောလိုက်၏။ “ကျုပ်ရဲ့အမြင်မှာ မောင်နှံဓားထက်ပိုထက်တဲ့ လက်နက်ဒီလောကထဲမှာ မရှိဘူး”

ထိုစဉ် ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် ဘေးကနေ မေးလိုက်သည်။

“ဓားနှစ်လက်ကို ရှင်ကိုယ်တိုင်သုံးတာလား”

လူရွယ်က ခေါင်းခါလိုက်၏။ “ကျုပ်က ဓားရှည်သုံးပြီး ကျုပ်ရဲ့ ညီအစ်ကိုက ဓားတိုသုံးတယ်”

ဪ ဒီတော့ မင်းနဲ့မင်းရဲ့ ညီအစ်ကိုက အင်း တစ်စုံ။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်ရောက်အောင် မင်းလို ကြောင်တောင်တောင်လူက ဘယ်လိုများလုပ်ခဲ့လဲ။

လုကျိုးက တွေးပြီးနောက် မုတ်ဆိတ်ကိုသပ်လိုက်၏။ သူက တည်ငြိမ်သည့် မျက်နှာထားရှိနေသေးဆဲ ဖြစ်သောကြောင့် သူ၏ ခံစားချက်ကို မည်သူမှမပြောနိုင်ပေ။

“ဓားက ထက်တယ်လား” လုကျိုးက သံသယဖြင့် မေးလိုက်တော့သည်။

ဓားတိုကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့် အချိန်၌ အေးတိအေးစက်အလင်းတန်းတစ်ခုက ဓားအသွား၌ ရောင်ပြန်ဟပ်နေသည်။ ပြီးနောက် ညာလက်ဖြင့် ကိုင်ဆောင်ထားလျက် သူ၏ဘယ်လက်ဖြင့် ဆံပင်တစ်မျှင် နုတ်ကာ ခပ်သာသာမှုတ်ထုတ်လိုက်သည်။ ဆံခြည်မျှင်က ဓားအစွန်းပေါ်သို့ ပြုတ်ကျသွားပြီးနောက် နှစ်ပိုင်းပြတ်သွားတော့၏။

ဓားသည် အလွန်ထက်မြိမှုကို သက်သေပြပြီး ဖြစ်သည်။

ထိုလူက ဂုဏ်ယူဝင့်ကြွားပုံဖြင့် ပြောလိုက်သည်။

“ကျုပ်ပြောသလိုပဲ မောင်နှံဓားထက် ပိုထက်တဲ့လက်နက် ဒီလောကထဲမှာမရှိဘူး။ ခင်ဗျား တခြားမေးစရာ ရှိသေးလား လူကြီးမင်း”

လုကျိုးက သူ၏အမည်မသိ လက်နက်ကို ရုတ်တရက် တွေးမိပြီး စမ်းကြည့်သင့်သည်ဟု တွေးလိုက်သည်။ သူ၏လက်နက်ကို စမ်းကြည့်ရန်အတွက် သူ့အဖို့ ကောင်းကင်အဆင့်လက်နက် အသင့်ရှိတာမျိုးက ရှားပါးလွန်းသည်။ ပျက်စီးသွားခဲ့လျှင် ထိုအမည်မဲ့လက်နက်သည် အမှိုက်တစ်စဖြစ်သည်ဟု အဓိပ္ပာယ်ရပြီးပြီး လွှတ်ပစ်လိုက်ရလည်း သူမနှမြောမှာမဟုတ်ပေ။

ထိုသို့ တွေးမိပြီး လုကျိုးက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း သေးသွယ်သည့် ဓားတစ်လက်ကို သူက ကိုင်ဆောင်ပြီးဖြစ်နေ၏။ တစ်ခွန်းမှ မပြောဘဲ ဓားတိုဆီ ပိုင်းဖြတ်ချလိုက်ချိန် ထိုလူက အလျင်စလိုပြောလိုက်၏။

“မလုပ်နဲ့ လူကြီးမင်း”

“ဘာကြောင့်လဲ"

“ခင်ဗျားမှာ ဓားကောင်းတစ်လက်ရှိတယ်ဆိုတာ ကျုပ်ပြောနိုင်တယ်။ အဲဒါကို ဖျက်ဆီးမိရင် ကျုပ်စိတ်ထဲ မကောင်းဘဲ ဖြစ်လိမ့်မယ်” ထိုလူက ပြောသည်။ “ကိစ္စမရှိပါဘူး” ထိုသို့ ပြောပြီးနောက် လုကျိုးသည် လူရွယ်၏ ဓားတိုကို အမည်မဲ့ဖြင့် ပိုင်းဖြတ်ချလိုက်သည်။

သတ္တုချင်းထိခိုက်သည့် အသံတစ်သံကို ကြားလိုက်ရပြီး မီးပွင့်များက အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။ လုကျိုးက အမည်မဲ့ကို ကြည့်လိုက်သည်။ ယင်းက ထိခိုက်မှုမရှိ။ ခြစ်ရာတစ်ရာတောင် ရှိမနေပေ။ ပြီးနောက် မောင်နှံဓား၏ ဓားတိုကို ကြည့်လိုက်ချိန်၌ အကောင်းပကတိ ရှိနေသေးကြောင်းတွေ့လိုက်ရသည်။

ယင်းကား သူ့ကို ဇဝေဇဝါဖြစ်သွားစေ၏။ ဆိုလိုသည်မှာ အမည်မဲ့သည် အနဲဆုံးတော့ မောင်နှံဓားနှင့် အဆင့်တူလောက်ပေသည်။ ပြဿနာက လျှို့ဝှက်ခန်းထဲတွင် ယင်းက သတ္တုအပိုင်းအစကိုတောင် မဖျတ်ဆီးနိုင်ခြင်းဖြစ်သည်။ ယင်းက မည်သည့်လက်နက်မဆို အသွင်ပြောင်းနိုင်သည် ဖြစ်သောကြောင့် ဒိုင်း၏ ပုံစံအတိုင်းယူလျှင် ပိုသင့်တော်သည်လော။

ထိုလူက အမည်မဲ့ကို တချက်ကြည့်ပြီးနောက် ပြောလိုက်၏။ “မောင်နှံဓားရဲ့ ထက်မြိမှုကို ခုခံနိုင်စွမ်းရှိတဲ့ လက်နက် ဒီလောကထဲမှာ ရှိတယ်ဆိုတာ မယုံနိုင်ဘူး”

ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။

“ဒါက ရှင်က အကျိုးအကြောင်းမသိလို့လေ။ ကျွန်မရဲ့အဖိုးက ရှင့်ရဲ့လက်နက်ကို လက်ဗလာနဲ့တောင် နှစ်ပိုင်းဖြတ်နိုင်တယ်ဆိုတာရှင်ယုံလား”

အချို့သော အကြောင်းပြချက်ကြောင့် လုကျိုး၏ ယခင်ဘဝတွင်ရှိသော မြင်ကွင်းတစ်ခုက သူ့စိတ်ထဲဝင်လာသည်။ ယင်းက သူတို့အစ်ကိုကြီးများကို တစ်ယောက်နှင့်တစ်ယောက် ကြွားလုံးထုတ်နေသည့် မိန်းကလေးနှစ်ဦး၏ ဗီဒီယိုကလစ်ဖြစ်သည့် မည်သူက ချေးစားနိုင်သည်လဲ ဆိုတာမျိုးကို ယှဉ်ပြိုင်နေကြတာပဲဖြစ်၏။ ရှောင်ယွမ်အာသည်လည်း တူညီသည့်လမ်းကြောင်းအတွင်း သက်ဆင်းနေသည့် လက္ခဏာပြနေတာကို သူသိလိုက်ရ၏။ ထို့ကြောင့်သူက သူမကို အမြန်ပြောလိုက်သည်။

“တိတ်တိတ်နေစမ်း”

ထိုသို့ ပြောပြီးနောက်သူက လှည့်ထွက်သွားပြီး ကောင်းကင်အဆင့်အခန်းထဲသို့ သွားလိုက်၏။ နောက်လှည့်ကြည့်လိုက်ချိန် လူရွယ်က ပေါ့ပေါ့ပါးပါးပြောလိုက်တော့သည်။ “ကျုပ်နာမည်က ကျို့ဖင်း၊ ထပ်တွေ့ဖို့မျှော်လင့်ပါတယ် ဆရာကြီး”

ပြောပုံက အတော်ထူးဆန်းနေသော်ငြား လုကျိုးက လျစ်လျူရှုထားပြီး သူ့အခန်းထဲသို့ ဝင်သွားလိုက်သည်။

သူ့လက်ထဲရှိ မောင်နှံဓားဖြင့် ကျို့ဖင်းက ကိုယ်ပိုင်အခန်းထဲသို့ ဝင်လိုက်သည်။ အထဲသို့ရောက်သည်နှင့် ဓားကိုချလိုက်သောအခါ ကြည်လင်သည့်သတ္တုသံကို ကြားလိုက်ရ၏။ ပြီးနောက် အက်ကွဲသည့် အသံတစ်သံကို ကြားလိုက်ရသည်။ သူက ဇဝေဇဝါဖြစ်သွားပြီး ဓားအိမ်ထဲမှနေ သူ၏ ဓားတိုကို ဆွဲထုတ်လိုက်တော့သည်။

သူ့အဖို့ ကြောက်လန့်သွားရသည်က ဓားသွား၏ အလယ်၌ တိတိရိရိပြတ်တောက်နေသည်။ ဓားက တိုဖူးနှယ် နှစ်ပိုင်းပြတ်နေတာကို တွေ့လိုက်ရတာပဲဖြစ်သည်။

“ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက ထိတ်လန့်သွားကာ သူ့ရင်နာသွားတော့သည်။ ဓားကို သူ့ဘဝအဖြစ် သတ်မှတ်ထားခဲ့၏။ သို့သော်ယခု ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

“အဲဒီ အဖိုးကြီးလုပ်လိုက်တာလား”

ဓားသမားတစ်ဦးသည် သူ၏ ဓားကို တန်ဖိုးအထားဆုံးဖြစ်၏။ သူချစ်မြတ်နိုးရသောဓား ဖျက်ဆီးခံလိုက်ရသည့်အချိန်၌ သူလက်စားချေရန် အရာအားလုံးဆောင်ရွက်မှာပဲဖြစ်သည်။

ကျို့ဖင်းက ဒေါသတကြီးထရပ်ပြီးနောက် ဓားရှည်ကို ဆွဲယူကာ အခန်းတံခါးကို ဆွဲဖွင့်ပြီး ဒေါသတကြီးထွက်သွား၏။

သူက ပထမအကွေ့သို့ ရောက်သည့်အချိန်၌ ဝတ်ရုံပြာဖြင့်လူတစ်ယောက်က သူ့လမ်းကို ပိတ်ဆို့ထားသည်။ ထိုလူက လက်ပိုက်လျက်ပြုံးနေ၏။ သူ၏ အရှိန်အဝါက သာမန်သာဖြစ်သည်။ သူနှင့်ပတ်သက်ပြီး မူမမှန်တာ မတွေ့ရပေ။

“ကျေးဇူးပြုပြီး ကျုပ်ကို လမ်းဖယ်ပေးပါ” ကျို့ဖင်းက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

ဝတ်ရုံပြာဖြင့်လူက ဆက်လက်ပြုံးနေပြီး ပြောလိုက်၏။

“ကျုပ်တောင်းပန်ပါတယ်”

“လမ်းဖယ်ပေး”

ထိုသို့ပြောပြီး မကြာမီ၌ ထိုလူက ညာလက်ကိုမြှောက်ပြီး သူ့နောက်ကျောမှ ဓားကိုဆွဲထုတ်ကာ လျင်မြန်သည့် အရှိန်ဖြင့် လွှဲယမ်းလိုက်၏။ တချက်လွှဲလိုက်ပြီးနောက် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ၏ လှုပ်ရှားမှုက သေသပ်ပြီး သဘာဝဆန်ကာ မျက်တောင်တခတ်အတွင်း ပြီးစီးသွားသည်။ သူက အကြိမ်ရေထောင်သောင်းချီ လေ့ကျင့်ဖူးသည့်နှယ်ဖြစ်နေ၏။

ပြီးနောက် ကောင်းကင်အဆင့်အခန်းကို တချက်တောင်မကြည့်ဘဲ ထွက်သွားတော့သည်။ ကျို့ဖင်းက ထိတ်လန့်နေသောအကြည့်ဖြင့် ဓားရှည်ကို ကိုင်နေ၏။ သူထိုနေရာတွင် မလှုပ်မယှက်ရပ်နေပြီး ကျောက်တုံးတစ်တုံး ပြောင်းလဲသွားသည့်အလား မလှုပ်မယှက်ရပ်နေ၏။ စက္ကန့်ပိုင်းအကြာ၌ ဓားရှည်က အက်ကွဲပြီးကျိုးသွားကာ မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။

ဖုတ်

ပြီးနောက် ကျို့ဖင်းက မြေကြီးပေါ် လဲကျသွားကာ သူ့လည်ပင်းမှ သွေးများထွက်လာတော့၏။

အခန်းထဲတွင် ဝတ်ရုံပြာဖြင့် ဓားသမားက စားပွဲဘေး၌ မျက်နှာသေဖြင့်ထိုင်နေလိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုရှိကာ သူ့ကိုယ်သူ ပြောလိုက်၏။

“ရှစ်စွမ်း ခင်ဗျားဘယ်မှာလဲ”

All Chapters