← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

၄၅ - ငါက ငါ့ကိုယ်ငါကာကွယ်ရုံသက်သက်ပါ

ပြတင်းပေါက်ကွဲထွက်သွားသည့် ခဏတွင် သခင်လေး ဆယ့်ကိုးသည် လျင်မြန်စွာ လက်လှမ်းကာ လူလတ်ပိုင်းကွန်ဖြူးရှပ် ပညာရှင်ကို ဆွဲယူပြီး ပုန်းကွယ်နေသောလက်နက်များဖြင့် အတိုက်ခိုက်မခံရစေရန် ပျက်စီးသွားသောနေရာနှင့် ဝေးရာသို့ ဆွဲထုတ်လိုက်သည်။

ဤသည်မှာ သခင်လေးဆယ့်ကိုး၏ ဗီဇပင်။မင်းသားနင် ကဲ့သို့သော ဆိုးသွမ်းသည့် မင်းသားတစ်ပါး၏ သားတော်ဖြစ်သည့်အလျောက် သူသည် ယခင်က ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ဖူးသဖြင့် သူ၏ တုံ့ပြန်မှုအရှိန်မှာ သာမန်လူတစ်ယောက်၏ ဆရာဖြစ်သူနှင့် နှိုင်းယှဉ်၍ မရနိုင်အောင် မြန်ဆန်လှသည်။

"မင်းလား ဘယ်လိုတောင် ရဲတင်းလိုက်တာလဲ"

ကျူးကျော်ဝင်ရောက်လာသော ချန်လော့ကို ကြည့်ရင်း သခင်လေးဆယ့်ကိုး၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွား၏။ သူ လူအကဲခတ် မှားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အသောပိုင်းက ခြံဝင်းထဲတွင် သူခံစားခဲ့ရသော ခံစားချက်မှာ မှန်ကန်နေခဲ့သည်။ ဤကောင်မှာ တကယ်ပင်မကောင်းသော ရည်ရွယ်ချက်ရှိနေပြီး မင်းသားတစ်ပါး၏ အမွေဆက်ခံသူကိုပင် ချုံခိုတိုက်ခိုက်ရဲသည်။

သူသည် သဘာဝအတိုင်းပင် ဥပဒေမဲ့သူတစ်ဦး ဖြစ်ရမည်။ ဤကဲ့သို့သော လူမျိုးကို ဖမ်းမိပါက၊ ဤသာမန်လူတန်းစားများအား အဆင့်အတန်း ခွဲခြားမှုကို နားလည်စေရန် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် ကွပ်မျက်ရမည်။

"သခင်လေး သတိထားပါ၊ ဒီလူက ပြဿနာရှိတယ်။"

လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်က သတိပေးလိုက်ပြီး ထောင့်တစ်နေရာသို့ အမြန် ဆုတ်ခွာသွား၏။

သူ ထွက်ပြေးရန် မကြိုးစားပေ။ ချန်လော့ ပြတင်းပေါက်ကို ဖောက်ထွင်းဝင်ရောက်လာချိန်ကတည်းက သူ၏ ခွန်အားကို ပြသပြီးသား ဖြစ်သည်။

"သခင်လေးက ကျွန်တော့်ရဲ့မေးခွန်းကို မဖြေရသေးဘူးနော်။"

ချန်လော့က ပညာလိုလားသူတစ်ဦးကဲ့သို့ နှိမ့်ချသော အမူအရာဖြင့် ပြုံးကာ ပြောလိုက်၏။

"နိမ့်ကျတဲ့ လူတန်းစားတစ်ယောက်က မသေမျိုး တာအိုကို မက်မောရဲတယ် ဟုတ်လား၊ ဘယ်သူက မင်းကို ဒီလို သတ္တိမျိုးပေးလိုက်တာလဲ"

စကားပြောနေစဉ်မှာပင် သခင်လေးဆယ့်ကိုး၏ ခန္ဓာကိုယ်မှာ ရုတ်တရက်လှုပ်ရှားသွား၏။

သူသည် သေစေနိုင်သော ဟာကွက်ကို တိုက်ခိုက်လိုက်သည်။

သူ၏ လက်ချောင်းငါးချောင်းမှာ လက်သည်းကဲ့သို့ ဖြစ်သွားပြီး ကိုယ်တွင်းချီများက လက်သီးစွမ်းအင်အဖြစ် စုစည်းကာ ချန်လော့၏ မျက်ခုံးအလယ်တည့်တည့်သို့ ထိုးနှက်လိုက်၏။

အကယ်၍ ဤတိုက်ခိုက်မှု ထိမှန်သွားပါက ချန်လော့၏ ဦးခေါင်းမှာ သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။ သခင်လေးဆယ့်ကိုး သည်လည်း သိုင်းပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

သူ၏ ကိုယ်တွင်းချီအရှိန်အဝါအရ ဆိုလျှင် သူသည် အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်နိုင်သည်။

ချန်လော့သည် သူ၏ ညာလက်ကို မြှောက်လိုက်ရာ ကိုယ်တွင်းချီများ ပေါက်ကွဲထွက်လာ၏။ သူသည် ကျားနက်လက်သီး၏ ကိုယ်တွင်းချီကို သူ၏ လက်ဝါးဆီသို့ ပို့လွှတ်ကာ သခင်လေးဆယ့်ကိုး၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဝုန်း

တိုးညှင်းသော ထိခိုက်သံတစ်ခု ထွက်ပေါ်လာ၏။

အင်အားနှစ်ခုမှာ ပြင်းထန်စွာ ထိတွေ့သွားသော်လည်း၊ နောက်တစ်စက္ကန့်တွင် ချန်လော့၏ နောက်ကျော၌ ကျားနက်ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး သခင်လေးဆယ့်ကိုး၏ စွမ်းအားကို ပိုမိုပြင်းထန်သော အရှိန်ဖြင့် ပြန်လည် တွန်းထုတ်လိုက်သည်။

ဖိနှိပ်ခြင်းခံလိုက်ရသဖြင့် သခင်လေးဆယ့်ကိုး၏ လည်ချောင်းထဲတွင် သွေးနံ့များ လှိုင်တက်လာပြီး သူ၏ နောက်ဘက်ရှိ နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားကာ လတ်ဆတ်သော သွေးတစ်လုတ်ကို မအောင့်နိုင်ဘဲ အန်ထုတ်လိုက်ရတော့သည်။

"အဟွတ်... အဟွတ်..."

သခင်လေး ဆယ့်ကိုး၏ အကြည့်မှာ ချန်လော့ကို ကျော်ဖြတ်ကာ အပြင်ဘက်ရှိခြံဝင်းဆီသို့ တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ လှမ်းကြည့်လိုက်၏။

"သခင်လေးက ဆူညံအောင်လုပ်ပြီး အပြင်က အဘိုးကြီးကို အကူအညီ လာတောင်းခိုင်းမလို့လား အဲဒါဆိုရင်တော့ သခင်လေးစိတ်ပျက်ရလိမ့်မယ် ထင်တယ်။"

တစ်လက်သီးတည်းဖြင့် သခင်လေးဆယ့်ကိုးကို အနိုင်ယူပြီးနောက် ချန်လော့သည် လျှောက်သွားကာ သူ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းပြီး ပြုံးကာ ပြောလိုက်သည်။

"မင်း လူအိုကြီးကျန်း ကို ဘာလုပ်လိုက်တာလဲ"

စကားမဆုံးသေးခင်မှာပင် သခင်လေးဆယ့်ကိုးထံမှ ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

သူလှုပ်ရှားလိုက်ပြီ ဖြစ်ရာ ချန်လော့တွင် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ပေ။

သူသည် သခင်လေးဆယ့်ကိုး၏ ရင်ဘတ်ကို နင်းထားရင်း ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ ကွဲအက်သံ အချို့နှင့်အတူ တစ်ဖက်လူ၏ လက်မောင်းနှင့် ခြေထောက်များကို အဆစ်ဖြုတ်ပစ်လိုက်၏။

ဤရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြောင့် ဘေးရှိ လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်သွားတော့သည်။

ရက်စက်လိုက်တဲ့လူ

ဒီလူကတော့ သေချာပေါက် စိတ်ဓာတ်ပြတ်သားပြီး ရက်စက်တဲ့လူသတ်သမားပဲ။ မင်းသားတစ်ပါးရဲ့ သားတော်ကိုတောင် နောက်ဆက်တွဲ လိုက်လံဖမ်းဆီးခံရမှာကို လုံးဝ ဂရုမစိုက်ဘဲ လက်ရဲဇက်ရဲ လုပ်ရဲတယ်။

ဤကဲ့သို့သော လူမျိုးများသည် သူတို့၏ ကိုယ်ပိုင်ပန်းတိုင်ကလွဲ၍ ကျန်ရှိသမျှကို လျစ်လျူရှုထားနိုင်သဖြင့် အန္တရာယ်အရှိဆုံး ဖြစ်သည်။

"ဘာမှ မဟုတ်ပါဘူး။ အဲဒီ အဘိုးကြီးက အရမ်း အိုနေပြီဖြစ်ပြီး သစ်ပင်ပေါ်မှာရပ်နေတုန်းပဲမို့ ကျွန်တော်က သူ့ကို အောက်ဆင်းပြီး အနားယူဖို့ ဖိတ်ခေါ်လိုက်တာပါ။"

အဆစ်များကို ဖြုတ်ပြီးနောက် ချန်လော့သည် တစ်ဖက်လူ၏ မေးခွန်းကို ကြင်နာစွာဖြင့် ပြန်ဖြေရင်း လက်ခုပ်တီးလိုက်၏။ သူ အတွင်းသို့ မဝင်မီက ခြံဝင်းအတွင်းရှိ အစောင့်အားလုံးကို တမင်တကာ သတိမေ့အောင် လုပ်ခဲ့သည်။

ဆရာသခင် အဆင့်နီးပါး ရှိသော သူ၏ ခွန်အားဖြင့် ခြံဝင်းထဲက အစောင့်များမှာ သူ့အတွက် ပြိုင်ဘက် မဟုတ်ကြပေ။ တစ်ခုတည်းသော အခက်အခဲမှာ လူအိုကြီးကျန်း ဖြစ်သော်လည်း ချန်လော့အတွက်မူ ၎င်းမှာ ဖြေရှင်း၍ မရသော ကိစ္စမဟုတ်ပေ။

ခွန်အားနှင့် မရလျှင် အဆိပ်ကို သုံးရုံသာ ရှိ၏။

သခင်လေးဆယ့်ကိုးကို တိတ်တဆိတ် စောင့်ရှောက်နေသော လူအိုကြီးကျန်းမှာ တုံ့ပြန်ရန်ပင်အချိန်မရလိုက်ဘဲ ချန်လော့၏ အဆိပ်ဖြင့် လဲကျသွားခဲ့ရသည်။

ဤရက်ပိုင်းအတွင်း သူ ဖော်စပ်ထားသည့် ဆေးများက အလကား မဟုတ်ပေ။

အခွင့်အရေးက ရုတ်တရက် ပေါ်လာခဲ့ပြီဖြစ်၏။

"ညီအစ်ကို၊ စိတ်အေးအေးထားပါ"

ဘေးရှိ လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်မှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဝင်ပြောလိုက်၏။ သူ ဆက်လက် ပုန်းကွယ်နေပါက အကျိုးဆက်မှာ ထိန်းချုပ်၍ မရနိုင်တော့ကြောင်း သူ သိသည်။

စားပွဲပေါ်ရှိ မသေမျိုး ရတနာနှစ်ခုကို မဆိုထားနှင့်၊ အကယ်၍ သခင်လေးဆယ့်ကိုးသာ ဤနေရာတွင် သေဆုံးသွားပါက သူလည်း သေချာပေါက် လွတ်မြောက်လိမ့်မည် မဟုတ်ပေ။

မင်းသားနင်၏ ကိုယ်ကျင့်တရားကို အထင်မကြီးပါနှင့်၊ သူသည် သေချာပေါက် အငြိုးအတေးဖြင့် လက်စားချေလိမ့်မည်။

"တကယ်လို့ မင်း သခင်လေးကို သတ်လိုက်ရင် ကိစ္စတွေက တကယ်ကို ကြီးထွားသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းလိုချင်တဲ့ မသေမျိုး အခွင့်အရေးကို ရနိုင်မရနိုင် မပြောခင်မှာတောင်၊ အင်ပါယာခုံရုံးရဲ့ဝရမ်းထုတ်ခံရတာနဲ့တင် မင်းအတွက် အခက်အခဲတွေ အများကြီး ဖြစ်လာလိမ့်မယ်။"

ချန်လော့၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်ကို မြင်သောအခါ သူသည် အလိုအလျောက် ထိတ်လန့်သွား၏။

သူသည် စာပေပညာရှင် တစ်ဦးသာ ဖြစ်သည်။ ဤကဲ့သို့သော ရက်စက်သည့် လူမျိုးနှင့် မည်သည့်အခါက ဆုံတွေ့ဖူးပါမည်နည်း။

သို့သော် ယခုအချိန်တွင် ကြောက်ရွံ့နေသော်လည်း သူ စကားပြောရမည်။ အဘယ်ကြောင့်ဆိုသော် သူ အသက်ရှင်ချင်သောကြောင့်ပင်။

"ဒါ့အပြင် မင်းမှာလည်း ဆွေမျိုးသားချင်းတွေနဲ့ ညီအစ်ကိုတွေ ရှိမှာပဲ မဟုတ်လား၊ မင်း ကံကောင်းလို့ ထွက်ပြေးနိုင်ခဲ့ရင်တောင် သူတို့ကရော မင်းကြောင့်နဲ့ သူတို့တွေ သေသွားတာကို မင်း ကြည့်နေရက်မှာလား"

လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင် စကားပြောနေစဉ်တွင် မြေပြင်ပေါ်၌ အဖမ်းခံထားရသော သခင်လေးသည်လည်း ညှိနှိုင်းရန် စောင့်ဆိုင်းနေသကဲ့သို့ တည်ငြိမ်သွား၏။

"ဆရာ ပြောတာ အချက်ကျပါတယ်။ တကယ်တော့ ကျွန်တော်က စာပေဝါသနာပါရုံသက်သက်ပါ၊ ပုရှန်းဂူ ရဲ့ တည်နေရာကိုပဲ သိချင်တာ။ သခင်လေးက စောစောက စိတ်လှုပ်ရှားလွန်းနေလို့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ အနေနဲ့ လုပ်လိုက်ရတာပါ။ ဆရာကတော့ ဒါကို နားလည်နိုင်မှာပါနော်၊ ဟုတ်တယ်မလား"

ချန်လော့သည် ရိုးသားသော မျက်နှာပေးဖြင့် လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်ကို ပြောလိုက်သော်လည်း သူ၏ ခြေထောက်မှာ သခင်လေးဆယ့်ကိုး ၏ ရင်ဘတ်ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ။

လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်မှာ ခဏတာ မှင်တက်သွား၏။ သူသည် မြေပြင်ပေါ်တွင် ခြေလက်များ ကျိုးနေသော သခင်လေးဆယ့်ကိုး ကို အလိုအလျောက် လှမ်းကြည့်လိုက်ပြီးနောက် တစ်ချက်မျှပင်ဒဏ်ရာမရထားသော ချန်လော့ကို ပြန်ကြည့်လိုက်သည်။

သူ ဘာမှ မပြောရဲတော့ပေ။

"ပုရှန်း ဂူ ရဲ့ တည်နေရာက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ မင်း ကောင်တီထဲကို သွားပြီး ဘယ်သူ့ကိုမဆို မေးကြည့်ရင် သိနိုင်ပါတယ်။" သခင်လေးဆယ့်ကိုးက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

သူ စကားပြောလိုက်သည့် ခဏတွင် ချန်လော့သည် ရုတ်တရက် မူးဝေမှုကိုခံစားလိုက်ရ၏။

'လေထုထဲက ပါဝင်ပစ္စည်းတွေ မှားနေပြီ၊ ဖယောင်းတိုင် မီးက ပြဿနာရှိတယ်။'

အဆိပ်များကို ကျွမ်းကျင်သော သူ၏ ဦးနှောက်က သတင်းအချက်အလက် တစ်ခုကို ချက်ချင်း ပြန်ပို့ပေးလိုက်၏။ သူသည် အမြန်မော့ကြည့်လိုက်ရာ လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ ပဝါတစ်ခုဖြင့် သူ၏ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက်အောက်ရှိ သခင်လေးဆယ့်ကိုး၏ မျက်နှာတွင်လည်း ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။

"နဂါးနှလုံးသား ကြွေပန်း... ဒါနဲ့တောင် မင်း သေမလားရှင်မလား ကြည့်ရသေးတာပေါ့"

'နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်လိုက်၊ အဆိပ်တွေကို အပြာရောင်စွမ်းအင် နေရာထဲကို ပို့လွှတ်လိုက်။'

သခင်လေးဆယ့်ကိုးမှာ အောင်နိုင်သူအဖြစ် ဝမ်းသာမဆုံးသေးမီမှာပင် ချန်လော့၏ စိတ်ထဲရှိ ပြင်ပဦးနှောက်က ဖြေရှင်းချက်တစ်ခု ပေးလိုက်သည်။

သာမန် အဆိပ်များကို ပိုမိုမြင့်မားသော စွမ်းအင်ဖြင့် ချေဖျက်နိုင်၏။

သူ့ခန္ဓာကိုယ်ထဲတွင် အခြားအရာများစွာ မရှိသော်လည်း အဆင့်မြင့် စွမ်းအင်များစွာ ရှိနေသည်။

"ဆရာ... ဆရာ့ဘေးက ဗီရိုထဲမှာ ဓားတစ်ချောင်း ရှိတယ်။ သူ့ရဲ့အရွတ်တွေနဲ့ သွေးကြောတွေကို အရင်ဖြတ်ပစ်လိုက်။ သူ့ကို သေတာထက် ပိုဆိုးတဲ့ ဝေဒနာကို ခံစားစေချင်တယ်.."

စကားမဆုံးသေးမီမှာပင် အဆိပ်မိ၍ မလှုပ်ရှားနိုင်တော့ဟု ထင်ရသော ချန်လော့သည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်ကို သူ တွေ့လိုက်ရ၏။

ကျားနက်လက်သီး၏ အင်အားများမှာ တစ်စုတည်းသို့ စုစည်းသွားပြီး အပေါ်တည့်တည့်မှ ရိုက်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကွဲအက်သံ တစ်ခုထွက်ပေါ်လာပြီး သခင်လေး ဆယ့်ကိုး၏ ကျောရိုးမှာ ထိုနေရာတွင်ပင် တိုက်ရိုက် ကျိုးသွားတော့သည်။

သူ၏ လေပြွန်မှာလည်း ကြေမွသွားကာ သွေးအိုင်ထဲတွင် အလွန် ရက်စက်လှသော မြင်ကွင်းတစ်ခု ဖြစ်သွား၏။

အော်ဟစ်နေသော သခင်လေးဆယ့်ကိုးမှာ ချက်ချင်း သေဆုံးသွားတော့သည်။

လူသတ်ပြီးနောက် ချန်လော့၏ စိတ်နှလုံးမှာ ပြတ်သားသွားပြီး သူ၏အကြည့်မှာ နှာခေါင်းကို အုပ်ထားသော လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်ထံသို့ ရောက်သွားသည်။

အစောပိုင်းက သူ့ကို အဆိပ်ခတ်သူမှာ ဤလူပင်။

"လွှတ်.."

စကားတစ်လုံးမျှ အပိုမပြောဘဲ ချန်လော့သည် သူ၏လက်သီးဖြင့် ထိုသူ၏ နဖူးတည့်တည့်ကို ရိုက်ချလိုက်၏။ ဦးခေါင်းနောက်ဘက်မှ သွေးများ ပွင့်ထွက်သွားပြီးနံရံပေါ်တွင် အနီရောင်နှင့် အဖြူရောင်များဖြင့် ဆေးခြယ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

လူနှစ်ယောက်ကို ရှင်းလင်းပြီးနောက် ချန်လော့သည် သခင်လေးဆယ်ကိုး၏ အလောင်းဆီသို့ အမြန် ပြန်သွားပြီး တစ်ဖက်လူ၏ ဦးခေါင်းပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။

"ဒါကိုတော့ အလဟဿအဖြစ်မခံနိုင်ဘူး။"

အစောပိုင်စက သူ၏ ဦးခေါင်းကို မရိုက်ခဲ့ခြင်းမှာ သခင်လေးဆယ့်ကိုး ယခင်က ပြောခဲ့သော စကားကို သတိရသောကြောင့် ဖြစ်သည်။

သူ့မှာ ပါရမီ ရှိတယ်။

'သေဆုံးနေသော ဦးနှောက်အတွေးများနှင့် ထိတွေ့မှု၊ ပျက်စီးမှု ၂ ရာခိုင်နှုန်း၊ အချက်အလက်များကို ဖတ်ရှုမည်လား'

ရင်းနှီးပြီးသား သတင်းစကား ပေါ်လာသဖြင့် ချန်လော့၏ စိတ်ဓာတ်များ တက်ကြွသွား၏။ သခင်လေးဆယ့်ကိုး၏ ဦးနှောက်မှာ ယခုအချိန်အထိ သူ စုဆောင်းခဲ့သမျှထဲတွင် အပြည့်စုံဆုံး ဦးနှောက်ဖြစ်ပြီး သူ၏ ယခင်က ထိန်းချုပ်မှုမှာ အချည်းနှီး မဖြစ်ခဲ့ပေ။

"ဖတ်မယ်"

ရင်းနှီးပြီးသား ချီအရှိန်အဝါတစ်ခုမှာ သူ၏ လက်ဝါးမှတစ်ဆင့် ချက်ချင်း စီးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။

၄၆ - သေရကျိုးနပ်သွားပြီ

ပါရမီ

ချန်လော့သည် အလွန်ပင် စိတ်လှုပ်ရှားသွား၏။ သခင်လေး ဆယ့်ကိုး၏ ဦးနှောက်ကို သိမ်းဆည်းလိုက်သည်နှင့် တပြိုင်နက် သိသိသာသာ ထူးခြားမှုကို သူ ခံစားလိုက်ရသည်။

၎င်းသည် ယခင်က တော်ဝင်မျိုးနွယ်ဦးနှောက်ထံမှ ရရှိခဲ့သော ခံစားချက်မျိုးနှင့် ဆင်တူသည်။

ဦးနှောက်၏ပြည့်စုံမှု အဆင့်အတန်း ပိုမြင့်မားသောကြောင့် ဖြစ်နိုင်သည်၊ သခင်လေး ဆယ့်ကိုး၏ ဦးနှောက်သည် သူ ပထမဆုံးရရှိခဲ့သော တော်ဝင်မျိုးနွယ်ဦးနှောက်ထက် ပိုမိုမြန်ဆန်စွာအလုပ်လုပ်ပြီး ယခင်က သူတစ်ခါမှ သတိမထားမိခဲ့ဖူးသော စွမ်းအင်တစ်ခုကိုပင် မှိန်ဖျော့ဖျော့ အာရုံခံမိနေပုံရသည်။

"ကောင်းတယ် ဒီလောက်အန္တရာယ်ကြီးတာကို စွန့်စားခဲ့ရတာ တကယ်ပဲ တန်ပါတယ်"

ချန်လော့သည် အလွန်ပင် စိတ်အားတက်ကြွသွားသည်။

ရက်ပေါင်းများစွာ အခက်တွေ့နေပြီးနောက် နောက်ဆုံးတွင် သူသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

အမှန်ပင်၊ အခွင့်အရေးဆိုသည်မှာ အမြဲတမ်း ပြင်ဆင်ထားသူများဘက်မှာ ရှိနေတတ်ပေ၏။ ဤသခင်လေး ဆယ့်ကိုးသည် သူ၏ အခွင့်အရေးပင် ဖြစ်တော့သည်။

အခင်းဖြစ်ပွားရာနေရာကို အမြန်ရှင်းလင်းပြီးနောက် ချန်လော့သည် သခင်လေး ဆယ့်ကိုး၏ ကျောက်စိမ်းဆွဲပြားနှင့် ကျောက်စိမ်းစာလိပ်တို့ကို သူ၏ ရင်ဘက်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။

ကျောက်စိမ်းစာလိပ်ပေါ်တွင် သူ ချန်ထားခဲ့သော အမှတ်အသားများမှာ ဖျက်ဆီးခံရခြင်း မရှိသေးပေ။ ၎င်းက သခင်လေး ဆယ့်ကိုး၏ ပါရမီမှာ သူ ကြွားဝါခဲ့သလောက် မမြင့်မားကြောင်း ညွှန်ပြနေသည်။

အနာဂတ်တွင် မသေမျိုးအဖြစ် တက်လှမ်းမည် ဟု သူပြောခဲ့သည်မှာ လေလုံးထွားနေခြင်းသာ ဖြစ်နိုင်သည်။

သို့သော်လည်း နားလည်ပေး၍ ရပါသည်၊ သခင်လေး ဆယ့်ကိုးတွင် လက်ရှိအချိန်၌ ဘာမှမရှိသဖြင့် ထိုလူလတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ပညာရှင်ကို စည်းရုံးနိုင်ရန်အတွက် ကြီးကျယ်ခမ်းနားသော အနာဂတ်တစ်ခုကို ကတိပေးရန်သာ တတ်နိုင်ရှာသည်။

ချန်လော့သည် ထိုကဲ့သို့သော နည်းပရိယာယ်များကို အကြိမ်ကြိမ်မြင်ဖူးထားသဖြင့် သဘာဝကျကျပင် အလေးအနက် မထားပေ။

အခြေအနေကို ကိုင်တွယ်ပြီးနောက် ချန်လော့သည် အခန်းထဲရှိ ဖယောင်းတိုင်များကို မှုတ်ထုတ်လိုက်၏။

သူသည် ကျိုးပဲ့နေသော ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ထွက်လာခဲ့ပြီး လမ်းကြုံတွင် သခင်လေး ဆယ့်ကိုးကို စောင့်ကြပ်နေခဲ့သည့် လူအိုကြီးကျန်း၏ ဦးနှောက်ကိုလည်း အမှတ်မထင် သိမ်းဆည်းလိုက်သေးသည်။

မည်သို့ပင်ဖြစ်စေ ထားခဲ့ရင်လည်း အလကားဖြစ်သွားမှာဆိုတော့ သူ့ကိုယ်သူအတွက် အကျိုးရှိအောင် အသုံးချလိုက်တာက ပိုကောင်း။

ဤနည်းဖြင့် ချန်လော့သည် သူ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီဖြစ်၏။

မသေမျိုးကျင့်ကြံခြင်း ပါရမီ ရှိသော ပါရမီရှင် သခင်လေး ဆယ့်ကိုးအပြင်၊ သူသည် ဆရာသခင်အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦး၏ ဦးနှောက်ကိုလည်း ရရှိခဲ့သည်။

၎င်းမှာ သူ ပထမဆုံး ရရှိဖူးသော ဆရာသခင် ဦးနှောက်ပင်။

တောင်ကြားထဲတွင် သူ တွေ့ခဲ့ရသော ဓားပြားရှည်ကြီးထားသည့် လူသန်ကြီးနှင့် တာအိုအဘိုးကြီး လီချန် တို့၏ ဦးနှောက်များကို အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် မရရှိခဲ့သော်လည်း ယခုအခါ ထိုနောင်တမှာ ပြည့်စုံသွားခဲ့ပြီဖြစ်သည်။

သူ ထွက်သွားပြီးနောက် အတော်ကြာမှသာ ဘေးခြံဝင်းမှ ဆူညံသံများ ထွက်ပေါ်လာတော့သည်။

သို့သော် ထိုအချိန်တွင် ချန်လော့မှာ ချင်းယာကောင်တီမှ ထွက်ခွာခဲ့ပြီး သူ၏ နေအိမ်သို့ ပြန်ရောက်နေပြီဖြစ်ပေ၏။

စစ်သူကြီးဖန်း သေဆုံးပြီးနောက် မိန်းမစိုးဝေ၏ အဆက်အသွယ်မှာလည်း ပြတ်တောက်သွားပြီဖြစ်ရာ သူသည် သူ၏ ဦးလေးစန်း၏ ခြံဝင်းထဲသို့ ပြန်သွားပြီး သန့်ရှင်းရေး လုပ်ခဲ့သည်။

မီးလောင်ခဲ့သော အစိတ်အပိုင်းများကို လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူ ငှားရမ်းထားသောသူများက ပြုပြင်ပေးခဲ့ကြ၏။ ယခုရက်ပိုင်းတွင် ချင်းယာကောင်တီ၌ လူများဖြင့် ပြည့်နှက်နေပြီး ငွေပေးနိုင်သရွေ့ အိမ်တစ်လုံး ပြုပြင်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။

အိမ်ထဲသို့ ဝင်သောအခါ ချန်လော့သည် ဇွတ်မဝင်ဘဲတံခါးဝတွင် ခဏစောင့်ကြည့်ကာ မည်သူမျှ နောက်ယောင်ခံ လိုက်မလာကြောင်း သေချာမှသာ တံခါးပိတ်ပြီး အထဲဝင်ခဲ့သည်။

သူ၏ အခန်းထဲရောက်သောအခါ ဗီရိုဆီသို့ အမြန်သွားပြီး သွေးစွန်းနေသော ဝတ်ရုံများကို လဲလှယ်လိုက်သည်။

"ဒီအဝတ်အစားတွေကို ဖျက်ဆီးပစ်ရမယ်။"

ချန်လော့သည် အခန်းကို ဝေ့ကြည့်လိုက်ရာ အနက်ရောင်မီးဖို တစ်ခုကို တွေ့လိုက်ရသည်။

ပြီးခဲ့သည့်တစ်ခေါက် မိန်းမစိုးဝေနှင့် အဖွဲ့ လာခဲ့စဉ်က ဦးလေးစန်းသည် ဤမီးဖိုကို အသုံးပြု၍ ရှင်းလင်းရေး လုပ်ခဲ့၏။

ယခု ရှင်းလင်းရေးလုပ်ရန် အချိန်ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် မီးသွေးအချို့ယူကာ မီးစွဲအောင် လုပ်လိုက်သည်။

မီးတောက်လာသည်နှင့် ချန်လော့သည် ဆေးရည်များစိုရွှဲနေသော ဝတ်ရုံကို မီးဖိုထဲသို့ အမြန်ပစ်ထည့်လိုက်၏။

မီးခိုးမည်းများ ထွက်ပေါ်လာသည်။

မကြာမီ သွေးစွန်းနေသော ဝတ်ရုံမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မီးခိုးများမှာ ညမှောင်မှောင်ထဲသို့ လွင့်ပျံ့ပျောက်ကွယ်သွားခဲ့၏။

ပျက်စီးယိုယွင်းနေသော ချင်းယာကောင်တီထဲတွင် ဤလှုပ်ရှားမှုလေးက မည်သူ့ကိုမျှ သတိမပြုမိစေခဲ့ပေ။

စစ်ပွဲအပြီးတွင် လူများစွာ၏ အိမ်များ ဖျက်ဆီးခံခဲ့ရသည်။

ယခုအချိန်တွင် အပြင်ဘက်၌ လူများစွာသည် ညလုံးပေါက်အိမ်များကို ပြုပြင်နေကြဆဲဖြစ်ရာ ချန်လော့၏ ဘက်မှ အသံထက် ပို၍ ဆူညံနေကြ၏။

မီးရှို့ပြီးနောက် ချန်လော့သည် အိတ်တစ်အိတ်ရှာကာမီးဖိုထဲမှ ပြာနက်များကို သိမ်းဆည်းပြီး နောက်ဖေးခြံထဲသို့ ဆွဲယူသွားသည်။

မိန်းမစိုးဝေနှင့် အခြားသူများမှာ ဤနေရာတွင် အနားယူနေကြခြင်း ဖြစ်သည်။

ချန်လော့သည် ဂေါ်ပြားတစ်ချောင်းယူကာ မိန်းမစိုးဝေကို မြှုပ်နှံထားသော နေရာဘေးတွင် ကျွမ်းကျင်စွာဖြင့် ကျင်းနောက်တစ်ခု တူးလိုက်၏။

ပြာအားလုံးကို ကျင်းထဲတွင် မြှုပ်ပြီးမှသာ သူသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

ထိုလုပ်ငန်းစဉ်အတွင်း သူသည် ဦးလေးစန်း၏ လျှို့ဝှက်အလောင်းမြှုပ်ဆေးဖြင့်လည်း စီမံထားလိုက်သဖြင့် ခွေးတစ်ကောင် ဝင်လာလျှင်ပင် မည်သည့်အနံ့မျှ ရမည်မဟုတ်ကြောင်း သေချာစေခဲ့သည်။

"အဘိုးကြီးဝေရေ၊ ကျုပ် ခင်ဗျားကို မြေသြဇာထပ်ကျွေးဖို့ လာပြန်ပြီ။"

အရာအားလုံး ပြီးစီးသွားချိန်တွင် နာရီဝက်ခန့် ကြာသွားပြီဖြစ်သည်။

ချန်လော့သည် မိန်းမစိုးဝေ၏ ပြာများနှင့် ခဏမျှ စကားပြောပြီးနောက် အထဲသို့ ပြန်ဝင်ရန် လှည့်လာခဲ့၏။

တံခါးပိတ်လိုက်သည်။

ချန်လော့သည် ယနေ့ညတွင် သူရရှိခဲ့သော ပစ္စည်းနှစ်ခုကို ထုတ်လိုက်၏။

စားပွဲပေါ်ရှိ ဆီမီးခွက်၏ အလင်းရောင်ဖြင့် ပစ္စည်းနှစ်ခုစလုံး၏ မျက်နှာပြင်ပေါ်ရှိ ထူးခြားမှုများကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

သခင်လေး ဆယ့်ကိုး၏ ကျောက်စိမ်းဆွဲပြားနှင့် ကျောက်စိမ်းစာလိပ်တို့သည် မီးအလင်းအောက်တွင် မှိန်ဖျော့ဖျော့ အပြာရောင်အလင်းများကို ထုတ်လွှတ်နေသည်။

ယခင်က မည်သည့်နည်းနှင့်မျှ သူ အသက်မသွင်းနိုင်ခဲ့သော ကျောက်စိမ်းစာလိပ်မှာ ယခုအခါ ကျောက်စိမ်းဆွဲပြား၏ လမ်းညွှန်မှုအောက်တွင် အသက်ဝင်လာခဲ့သည်။

ခဏအကြာတွင် အပြင်ဘက်၌ ရုန်းရင်းဆန်ခတ်မှုများ စတင်လာတော့သည်။

သခင်လေးတစ်ဦး အသတ်ခံရခြင်းမှာ ကမ္ဘာကြီးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင်။

မီးတုတ်များ ကိုင်ဆောင်ထားသော စစ်သားအမြောက်အမြားသည် တစ်မြို့လုံးကို တစ်ညလုံး ရှာဖွေနေကြပြီး တံခါးထုသံများနှင့် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်နေပေ၏။

ဆူညံသံကို ကြားလိုက်ရသဖြင့် ချန်လော့သည် ဆီမီးခွက်ကို အမြန်ငြှိမ်းသတ်လိုက်ပြီး ပစ္စည်းနှစ်ခုကို သူ၏ကိုယ်ပေါ်တွင် ဝှက်ထားလိုက်၏။

ယခုအချိန်တွင် ၎င်းတို့ကို ကိုယ်ပေါ်မှာ သိမ်းထားခြင်းက ချန်လော့အတွက် အလုံခြုံဆုံး ရွေးချယ်မှုပင်ဖြစ်သည်။

သူ၏ ခွန်အားနှင့်ဆိုလျှင် မမျှော်လင့်ထားသော ကိစ္စတစ်ခုဖြစ်လာလျှင်ပင် သူ ချက်ချင်း ထွက်ပြေးနိုင်ပေလိမ့်မည်။

မကြာမီ ရှာဖွေသံမှာ သူ၏ တံခါးဝသို့ ရောက်လာ၏။

"တံခါးဖွင့်စမ်း တံခါးဖွင့်"

ဒုန်း ဒုန်း ဒုန်း

အရေးတကြီး တံခါးထုသံများ ထွက်ပေါ်လာပြီး မီးတုတ်များ၏ တောက်ပသော အလင်းရောင်မှာ တံခါးကြားမှတစ်ဆင့် အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။

"ဘယ်သူလဲ"

ချန်လော့သည် သူ၏ အနေအထားကို ပြုပြင်လိုက်ပြီး အိပ်ရာမှ အခုမှနိုးလာသကဲ့သို့ ဟန်ဆောင်ကာ အိပ်ချင်မူးတူးဖြင့် ပင်မတံခါးကို သွားဖွင့်ပေးလိုက်၏။

တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် မီးတုတ်များ၏ အလင်းရောင်မှာ ချက်ချင်းထိုးဝင်လာ၏။

လက်နက်ကိုင်ထားသော စစ်သားအမြောက်အမြားသည် အဝင်ဝကို ဝိုင်းရံထားကြပြီး အချို့မှာ ချန်လော့ကို တွန်းဖယ်ကာ ခြံဝင်းကို စတင်ရှာဖွေတော့သည်။

"ချန်လော့လား ကောင်တီရဲ့အလောင်းမြှုပ်နှံသူပေါ့။"

တပ်မှူးတစ်ဦးက ပုံတူပန်းချီပါသော စက္ကူလိပ်ကို ထုတ်ကြည့်ကာ ချန်လော့ကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်မျိုးပါခင်ဗျာ။"

ချန်လော့သည်လည်း လန့်သွားပုံဖမ်းကာ အခုမှ နိုးလာသည့်ပုံစံဖြင့် မေးမြန်းမှုကို ချက်ချင်း ခေါင်းငြိမ့်ဖြေကြားလိုက်သည်။

ခေါင်းဆောင်လာသော တပ်မှူးက ခဏမျှ ကြည့်ရှုကာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် ပုံတူပန်းချီကို ပြန်သိမ်းလိုက်၏။

"အရာရှိမင်း... ဘာများဖြစ်လို့လဲခင်ဗျာ"

"မမေးသင့်တာကို မမေးနဲ့။"

ခေါင်းဆောင်တပ်မှူးက သူ့ကို တစ်ချက်ကြည့်ကာ စိတ်မရှည်စွာဖြင့် ငေါက်လိုက်၏။

"ငါ မင်းကို မေးမယ်၊ ဒီည သံသယဖြစ်စရာ လူတစ်ယောက်ယောက်ကို မြင်မိလား"

"သံသယဖြစ်စရာ လူလား မမြင်မိပါဘူးခင်ဗျာ၊ ကျွန်တော် အလုပ်ဆင်းကတည်းက အိမ်မှာပဲ အနားယူနေတာပါ၊ အိမ်နီးနားချင်းတွေလည်း သက်သေခံပေးနိုင်ပါတယ်။"

ချန်လော့က နားမလည်သည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။

ဤသည်မှာ ဒေသခံဖြစ်ခြင်း၏ အားသာချက်ပင်ဖြစ်သည်။ ကိစ္စတစ်ခုခု ဖြစ်လာပါက ဘေးဘယ်ညာရှိ အိမ်နီးနားချင်းများက ကူညီဖုံးကွယ်ပေးကြမည်ဖြစ်ရာ ကြီးလေးသောကိစ္စပင် မရှိသကဲ့သို့ ဖြစ်သွားနိုင်သည်။

အကယ်၍ အပြင်လူသာဆိုလျှင် ထိုကဲ့သို့သော ဆက်ဆံမှုကို ရရှိလိမ့်မည် မဟုတ်ပေ။

သူ၏ အိမ်ထောင်စု မှတ်တမ်းဖိုင်တွင်လည်း ပြဿနာမရှိပေ။

သူသည် မည်သူမည်ဝါဖြစ်ကြောင်း မှတ်တမ်းရှိသော ချင်းယာကောင်တီသား စစ်စစ်ဖြစ်ရာ ထိုကဲ့သို့သော မေးမြန်းစုံစမ်းမှုများကို ကြောက်စရာမလိုသူပင် ဖြစ်သည်။

တစ်ဖက်မှ စစ်သားများကလည်း ထိုအတိုင်းပင် တွေးတောပုံရသဖြင့် သူတို့၏ မေးမြန်းမှုများမှာ အနည်းငယ် ပြီးစလွယ်သာ ရှိတော့သည်။

"အတွင်းထဲမှာ ဘယ်သူမှမရှိဘူး၊ သံသယဖြစ်စရာ နေရာလည်း မတွေ့ဘူး။"

မကြာမီ ရှာဖွေရေးစစ်သားများ ပြန်လာကြ၏။

"သွားမယ်၊ နောက်တစ်အိမ်"

စစ်သားများသည် သူတို့၏ ပုံမှန်တာဝန်ကို ထမ်းဆောင်ပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားကြပြီး နောက်ထပ် စကားတစ်ခွန်းမျှပင် ချန်လော့ကို ထပ်မပြောတော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သားအုပ်စုမှာ ပျောက်ကွယ်သွားခဲ့သည်။

ဒုန်း ဒုန်း ဒုန်း တံခါးထုသံများမှာ ဝေးရာသို့ ရောက်သွားပြီး စစ်သားများ၏ ပုံမှန်ရှာဖွေမှုကြောင့် တစ်မြို့လုံး နိုးကြားနေတော့သည်။

ယနေ့ညမှာတော့ အိပ်စက်ခြင်းသည် ဝေးကွာနေဦးမည်မှာ သေချာ၏။

ချန်လော့သည် သူတို့ထွက်သွားရာဘက်ကို ကြည့်ပြီးနောက် တံခါးကို အသာအယာ ပြန်ပိတ်လိုက်သည်။

သခင်လေးတစ်ဦး သေဆုံးခြင်းမှာ ဤကိစ္စ၏ အစပျိုးမှုမျှသာ ရှိသေးသည်။

ချန်လော့သည် သူတို့ကို မသတ်မီကတည်းက ဤအရာများကို တွေးတောထားပြီးဖြစ်သည်။

အကယ်၍ ပြန်လည်စတင်ရန် အခွင့်အရေး ရဦးမည်ဆိုလျှင်လည်း သူသည် ထိုနှစ်ယောက်ကို သတ်နေဦးမည်သာ ဖြစ်သည်။

အချို့သောအရာများကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး တစ်ခါထုတ်ဖော်မိသည်နှင့် ၎င်းသည် အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းဆိုင်ရာ ကိစ္စဖြစ်လာတော့သည်။

ချန်လော့ မသေချင်ပါ၊ ထို့ကြောင့် မင်းသားနင် ၏ သခင်လေးကိုသာ သူ၏အစား အရင်သွားခိုင်းလိုက်ရခြင်း ဖြစ်သည်။

ရုန်းရင်းဆန်ခတ်မှုများမှာ မိုးလင်းသည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့၏။

အလွန်ပင်ဖရိုဖရဲဖြစ်နေပြီး လက်နက်ချင်း ထိခိုက်သံများကိုပင် ကြားနေရရာ စစ်သားများ ရှာဖွေရင်း ဘာများတွေ့သွားသည်ကို သူ မသိပေ။

သို့သော် ဤအရာများမှာ ချန်လော့နှင့် ဘာမျှမဆိုင်တော့ပေ။

အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း ခြံဝင်းထဲရှိ သူသည် ဘာမှမဖြစ်သကဲ့သို့ပင်။

နံနက်စောစောတွင် သခင်လေး ဆယ့်ကိုး၏ ဦးနှောက်ကို အသုံးပြု၍ နံနက်ခင်း ချီတစ်စိတ်တစ်ပိုင်းကိုပင် သူ ဝါးမျိုလိုက်သေးရာ သူ၏ ကျင့်ကြံခြင်းအရှိန်မှာ အမှန်တကယ်ပင် ပိုမိုမြန်ဆန်လာခဲ့သည်။

ထိုမျှမက ယခင်က သူ၏ သွေးကြောများကို ပိတ်ဆို့ထားသော စွမ်းအင်များမှာ ဖြည်းဖြည်းချင်း လျော့ရဲလာပြီး အပြာရောင်စွမ်းအင်များကို သူ ချေဖျက်စုပ်ယူနိုင်ခဲ့သည်။

ဤမြင်ကွင်းကြောင့် ချန်လော့သည် အလွန်ပင် စိတ်အားတက်ကြွသွားပြီး သခင်လေး ဆယ့်ကိုး၏ သေဆုံးမှုက ပိုလို့တောင် တန်သွားပြီ ဟု သူ ချက်ချင်း ခံစားလိုက်ရတော့သည်။

All Chapters