← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

၄၇ - နဂါးဖြူမြို့တော်

(မင်းသားနင်ကို ဘုရင်ခံနင်လို့ ပြောင်းထားပါတယ်)

ပိတ်ဆို့ထားမှုက သုံးရက်တိတိ ကြာမြင့်ခဲ့သည်။

သုံးရက်ပတ်လုံး ချင်းယာကောင်တီမှာ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ပြီး စစ်သားများသည် ဓားပြများကို ရှာဖွေရန် နေ့စဉ် လာရောက်စစ်ဆေးကြသည်။

တတိယမြောက်နေ့ နေဝင်ရီတရောအချိန် တောင်ကြားထဲမှ အမိန့်တစ်ခု ရောက်လာတော့မှသာ ချင်းယာကောင်တီ၏ ပိတ်ဆို့မှုမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့၏။

၎င်းက သတ္တုတွင်း လိုဏ်ခေါင်းထဲရှိ အရေးကြီးပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်းကိုလည်း ချန်လော့ကို သိရှိသွားစေသည်။

တတိယမင်းသား

ယခင်က ဘုရင်ခံနင် သည် ဤသတင်းကို ဖုံးကွယ်ရန် မင်းသားတစ်ပါးကို တိတ်တဆိတ်သတ်ဖြတ်ခဲ့သော်လည်း ထာဝရဖုံးကွယ်ထားနိုင်သော လျှို့ဝှက်ချက်ဟူသည် မရှိပေ။

ဘုရင်ခံနင်သည် အခွင့်အရေးကို ဦးစွာအရယူရန် လူလွှတ်ခဲ့ပြီးနောက် သက်ဆိုင်ရာ သတင်းအချက်အလက်များကို တတိယမင်းသားထံ ရောင်းချခဲ့ကာ ထိုမှတစ်ဆင့် အင်ပါယာနန်းတော်၏ ထောက်ခံမှုကို ရယူခဲ့၏။

ပုန်ကန်လိုသော ဘုရင်ခံတစ်ပါးနှင့် မင်းသားတစ်ပါး ပူးပေါင်းဆောင်ရွက်ခြင်း... ဤသည်မှာ နောက်ထပ် ပူးပေါင်းကြံစည်မှုများနှင့် အစီအစဉ်များစွာ ပါဝင်နေသော်လည်း ကောင်တီငယ်လေးတစ်ခုမှ အလောင်းမြှုပ်နှံသူမျှသာဖြစ်သည့် ချန်လော့အတွက်မူ ဝင်ရောက်ပတ်သက်နိုင်သည့် ကိစ္စများမဟုတ်ပေ။

အထက်လူကြီးများ၏ အာဏာလုပွဲမှာလည်း သူ နားလည်နိုင်သော အရာမဟုတ်ပေ။

တတိယမင်းသား ပေါ်လာခြင်းက တစ်မြို့လုံး၏ အာရုံစိုက်မှုကို ပြောင်းလဲသွားစေ၏။

အုပ်ချုပ်ရေးမှူးကျိုး သည်လည်း တရားခံကို လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ အင်အားအားလုံးကို တတိယမင်းသားကို ပြုစုဧည့်ခံရန်အတွက်သာ အသုံးပြုတော့သည်။

နောက်တစ်ရက်အကြာတွင် ဘုရင်ခံနင်၏ အမိန့်လည်း ရောက်လာခဲ့၏။ သားတော်တစ်ဦး သေဆုံးခြင်းက သူတို့နှစ်ဦးကြားတွင် ပေါ့ပေါ့ပါးပါးပင် ပြီးဆုံးသွားခဲ့ပြီး တိကျသော အကြောင်းပြချက်ကို မည်သူမျှ မသိရှိကြသော်လည်း အောက်ခြေလူများမှာမူ ထိုကိစ္စကို ပညာရှိစွာပင် ဆက်လက်မပြောဆိုကြတော့ပေ။

ကျန်းတာ့နျူ တစ်ယောက် ပြည့်တန်ဆာအိမ်များတွင် ပြန်လည်သောက်စားနေပြီဖြစ်သည်။ သခင်လေး ဆယ့်ကိုး ဆိုသည်မှာ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ချင်းယာကောင်တီ၏ အတိတ်ဟောင်းတစ်ခု ဖြစ်သွားခဲ့လေပြီ။

နောက်ထပ် ရက်ဝက်ခန့် ကြာပြီးနောက် ချင်းယာကောင်တီ၏ ပိတ်ဆို့မှု လုံးဝ ပြီးဆုံးသွား၏။ ချန်လော့၏တွင်းအောင်းနေမှုမှာလည်း တရားဝင် ပြီးဆုံးသွားပြီဖြစ်သည်။

"ငါ သွားရတော့မယ်။"

ချန်လော့သည် ခြံဝင်းထဲမှ ထွက်လာပြီး တံခါးကို သော့ခတ်လိုက်၏။ အုပ်ချုပ်ရေးမှူးကျိုးနှင့် အခြားသူများ သူ၏နောက်သို့ လိုက်မလာကြောင်း သေချာစေရန် မြို့ထဲတွင် ရက်အနည်းငယ် စောင့်ကြည့်ပြီးမှသာ သူ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

သူ၏ အမှားကြောင့် ဆရာမာချွယ်ကျိ နှင့် ဦးလေးစန်းတို့ကို မထိခိုက်စေချင်ပေ။

အမှန်စင်စစ် အကယ်၍ ဤအုပ်ချုပ်ရေးမှူးသာ သေချာစွာ စုံစမ်းစစ်ဆေးခဲ့ပါက ချန်လော့ကို ခြေရာခံမိရန်မှာ လွယ်ကူလှသည်။

အဘယ်ကြောင့်ဆိုသော် ချန်လော့သည် ထိုညက စားသောက်ပွဲတွင် ရှိနေခဲ့ပြီး သခင်လေး ဆယ့်ကိုးထံမှ အကျိုးကျေးဇူးများလည်း ရရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

အမှုဖြေရှင်းခြင်း ရှုထောင့်မှ ကြည့်လျှင် သူ့တွင် ပြစ်မှုကျူးလွန်ရန် လုံလောက်သော အကြောင်းပြချက် ရှိနေ၏။

သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသောလှည့်ကွက်လေးများမှာ သာမန်လူများကို လှည့်စားနိုင်သော်လည်း အမှုစစ်ဆေးရာတွင် ကျွမ်းကျင်သော ကျွမ်းကျင်သူတစ်ဦးဆိုလျှင်မူ အလွယ်တကူ မြင်နိုင်မည်။

သို့သော် နှမြောစရာကောင်းသည်မှာ ဤအုပ်ချုပ်ရေးမှူးကျိုး၏ အာရုံစိုက်မှုက ဤနေရာတွင် မရှိခြင်းပင်။ တရားခံကို ဖမ်းဆီးမည်ဟု အော်ဟစ်နေခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်သည်။

နောက်ပိုင်းတွင် ကျန်းတာ့နျုက ဤအုပ်ချုပ်ရေးမှူးကျိုး၏ နောက်ခံမှာ ဘုရင်ခံနင် နန်းတော်မှ အကြီးဆုံးသခင်လေးဖြစ်ကြောင်း ပြောပြခဲ့တော့မှသာ ချန်လော့သည် အတွင်းရေးကို နားလည်သွားခဲ့၏။

ချန်လော့သည် မာချွယ်ကျိ၏ အိမ်ရှေ့သို့ ရောက်လာသည်။

မူလက လာရောက်နှုတ်ဆက်ရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲအိမ်၏ ပင်မတံခါးမှာ သော့ခတ်ထားပြီး ဂျူနီယာညီမလေး ဟယ် ၏ အိမ်မှာလည်း ထိုနည်းတူပင်။

ရှဟူဂိုဏ်း၏ ကင်းစခန်းတွင် မေးမြန်းကြည့်မှသာ မာချွယ်ကျိမှာ လွန်ခဲ့သော နှစ်ရက်ကတည်းက ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ချင်းယာကောင်တီ၏ ပုန်ကန်မှုအဖြစ်အပျက်မှာ ချန်လော့၏ ဘဝကိုသာမက ဆရာမာချွယ်ကျိ၏ အတွေးအမြင်အချို့ကိုလည်း ပြောင်းလဲစေခဲ့သည်။

သူသည် အသက်ရှင်နေစဉ်အတွင်း အပြင်ထွက်ပြီး ကောင်းမွန်စွာ သွားလာလှုပ်ရှားရန် ဆုံးဖြတ်ခဲ့ပုံရ၏။

ချန်လော့အနေဖြင့် ဤအတွက် အနည်းငယ် နှမြောမိရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ ထို့နောက် သူသည် ရွာသို့ပြန်ကာ သူ၏မိဘများ၊ ဦးလေးစန်းနှင့် ဖေဖေ မေမေဟု စတင်ခေါ်တတ်နေပြီဖြစ်သော ညီမလေးကို သွားရောက်ကြည့်ရှုခဲ့သည်။

အသေးအဖွဲ ကိစ္စများအားလုံးကို ကိုင်တွယ်ပြီးချိန်တွင် ရက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။

ရှန်းရွှေမြို့ မှာ ချင်းယာကောင်တီ၏ အထက်စီရင်စုဖြစ်လေ၏။ ချင်းယာကောင်တီနှင့် ယန်ဟိုင်ကောင်တီ နှစ်ခုစလုံးမှာ ရှန်းရွှေမြို့၏ လက်အောက်ခံ ကောင်တီများ ဖြစ်ကြ၏။

ဤကောင်တီငယ်များတွင် အောင်မြင်လာသော လူငယ်များသည် ပိုမိုကောင်းမွန်သော အခွင့်အရေးများအတွက် ရှန်းရွှေမြို့သို့ သွားလေ့ရှိကြသည်။

ဥပမာ လမ်းကြားထိပ်တွင် ခေါက်ဆွဲရောင်းသော အဘိုးကြီးလျိုတို့ ဇနီးမောင်နှံ၏ သားသမီးများမှာ ရှန်းရွှေမြို့တွင် အလုပ်လုပ်နေကြ၏။

သို့သော် ချန်လော့၏ ယခုတစ်ခေါက် ဦးတည်ရာမှာ ရှန်းရွှေမြို့မဟုတ်ဘဲ အိမ်နီးချင်းစီရင်စု၏ မြို့တော်ဖြစ်သော နဂါးဖြူမြို့တော် ပင်ဖြစ်သည်။

သခင်လေး ဆယ့်ကိုး မသေဆုံးမီက ပြောခဲ့သော ပုရှန်းဂူမှာ နဂါးဖြူမြို့တော်၏ အနီးတွင် ရှိသည်။ ဤသတင်းအချက်အလက်အတွက် ချန်လော့မှာ ကြီးမားသော တန်ဖိုးတစ်ခု ပေးခဲ့ရ၏။

၎င်းမှာ သခင်လေး ဆယ့်ကိုး ကြွားဝါခဲ့သကဲ့သို့ အလွယ်တကူ စုံစမ်း၍ရသော အရာမဟုတ်ပေ။

နေဝင်ရီတရော အချိန် ဖုန်တောထဲတွင် မြည်းလှည်းအစုတ်လေးတစ်စီးပေါ်မှာ ကောက်ရိုးများကို တင်ဆောင်ထား၏။ ချန်လော့သည် သူတောင်းစားတစ်ဦးကဲ့သို့ ထိုကောက်ရိုးပုံကြားတွင် အိပ်စက်နေပြီး လယ်သမားတစ်ဦးထံမှ ဝယ်ယူလာသော မြည်းလှည်းမှာ ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားနေသည်။

သတ်ဖြတ်မှုနှင့် မီးရှို့မှုတို့မှာ ချမ်းသာကြွယ်ဝမှုကို ဖြစ်စေသည်ဆိုသကဲ့သို့ သခင်လေး ဆယ့်ကိုးကဲ့သို့သောချမ်းသာသည့် သခင်လေးကို သတ်ခဲ့သဖြင့် ချန်လော့တွင် ငွေကြေးပြတ်လပ်မှု မရှိပေ။

ဤမြည်းလှည်းကို သခင်လေး ဆယ့်ကိုး၏ စုဆောင်းငွေများဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သူ၏ ပါရမီ နှင့် ငွေကြေးများကို ထောက်ပံ့ပေးခဲ့သော သခင်လေးဆယ့်ကိုးကို သူ အလွန်ပင် ကျေးဇူးတင်မိသည်။

နောင်တစ်ချိန်တွင် သူ တာအိုသိမြင်ကာ မသေမျိုးအဖြစ်တက်လှမ်းခြင်း အောင်မြင်သောအခါ သခင်လေး ဆယ့်ကိုး၏ သင်္ချိုင်းတွင် စက္ကူငွေများစွာ မီးရှို့ပေးရန် သူ ဆုံးဖြတ်ထား၏။

မြည်းလှည်းသည် ရှေ့သို့ တရွေ့ရွေ့သွားနေသည်။ စီရင်စုနယ်နိမိတ်ကို ဖြတ်ကျော်ပြီးနောက် လူအသွားအလာများ တဖြည်းဖြည်း များလာသည်။

လမ်းဘေးတွင် စျေးရောင်းနေသော လှည့်လည်ကုန်သည်အချို့မှာ ချန်လော့ကို မြင်သောအခါ အဝေးမှ ရှောင်ရှားသွားကြ၏။ ဤခေတ်ကာလတွင် တစ်ယောက်တည်း ခရီးဝေးသွားရဲသူမှာ သာမန်လူ မဟုတ်နိုင်ကြောင်း သူတို့ သိကြသည်။

နှစ်နာရီခန့်အကြာ ညနေစောင်းတွင် ချန်လော့သည် သူ၏ ပန်းတိုင်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့၏။

နဂါးဖြူမြို့တော်

ဒဏ္ဍာရီအရ ဤမြို့တော်ကို နဂါးဖြူတစ်ကောင် မသေမျိုးအဖြစ် တက်လှမ်းသွားသည်ကို အစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်ပြီး ယွဲ့နိုင်ငံကို တည်ထောင်သူ ဘုရင်ကြီးသည်လည်း ဤနေရာမှပင် စတင်ထမြောက်ခဲ့ခြင်း ဖြစ်သည်။

"စီရင်စုမြို့တော်က တကယ်ကို ခမ်းနားတာပဲ။"

ချန်လော့သည် မြည်းလှည်းပေါ်မှ ထထိုင်ကာ အဝေးရှိ မြင့်မားသော မြို့ရိုးများကို ကြည့်ရင်း မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ ချင်းယာကောင်တီ၏ မြို့ရိုးမှာ ဤမြို့နှင့် နှိုင်းယှဉ်ပါက ကလေးကစားစရာကဲ့သို့ပင်။

ချင်းယာကောင်တီ မြို့ရိုးကို သိုင်းပညာ အနည်းငယ်ရှိသူတိုင်း အလွယ်တကူ ကျော်တက်နိုင်သော်လည်း နဂါးဖြူမြို့တော်မှာမူ မတူညီပေ။

၎င်း၏ မြို့ရိုးမှာ ဆယ်ကျန်း ခန့် မြင့်မားပြီး အပေါ်တွင် လက်နက်စုံ ဝတ်ဆင်ထားသော စစ်သားများစွာ ကင်းလှည့်နေကြ၏။

ဤသည်မှာ ဤကမ္ဘာတွင် ချန်လော့ ပထမဆုံးအကြိမ် တွေ့ဖူးသော မြို့ကြီးပြကြီး ဖြစ်သည်။

သူ၏ မှတ်ဉာဏ်များအရ သူ၏ ယခင်ဘဝမှ ကျင်းလင်မြို့ပင် ဤမြို့၏ အမြင့် တစ်ဝက်ခန့်သာ ရှိမည်ဖြစ်သည်။ အထူးစွမ်းအားများ ရှိသော ကမ္ဘာဖြစ်သည်နှင့်အညီ သာမန် ရှေးဟောင်းလူ့အဖွဲ့အစည်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

မြို့ထဲသို့ ဝင်ရန် လူတန်းရှည်ကြီးမှာ ပေတစ်ရာခန့် ရှည်လျားနေ၏။ ချန်လော့သည် မြည်းလှည်းကို

မောင်းနှင်ရင်း အစီအစဉ်အတိုင်း တန်းစီခဲ့သည်။

ညရောက်လာသည်နှင့်အညီ မြို့တံခါးတစ်ဝိုက်တွင် မီးတူးတိုင်များ လင်းထိန်လာသည်။

နဂါးဖြူမြို့တော်ကဲ့သို့ စီရင်စုမြို့တော်များတွင် ညမထွက်ရအမိန့် မရှိပေ။ ချင်းယာကောင်တီကဲ့သို့ အကာအကွယ်မဲ့သော ကောင်တီငယ်များသာ ညမထွက်ရအမိန့်ကို ကျင့်သုံးကြခြင်း ဖြစ်သည်။

ဤသည်မှာ မြို့ကြီးနှင့် နယ်မြို့များ၏ ကွာခြားချက်ပင်။

နာရီဝက်ခန့်အကြာတွင် ချန်လော့၏ အလှည့် ရောက်လာ၏။ ကင်းစောင့်စစ်သားများသည် အလွန် သေချာစွာ စစ်ဆေးကြသည်။

ချန်လော့၏ မြည်းလှည်းပေါ်ရှိ ကောက်ရိုးများကိုပင် လှန်လှောစစ်ဆေးကြပြီး လူကိုပါ စစ်ဆေးရန် ပြင်ဆင်လာကြသည်။ အတွေ့အကြုံရှိသူဖြစ်သည့် ချန်လော့မှာ တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို ချက်ချင်း သိလိုက်၏။

မည်သူမျှသတိမပြုမိသော အချိန်တွင် သူ၏ လက်အင်္ကျီထဲမှ ငွေအိတ်ငယ်တစ်ခုကို အမြန်ထုတ်ပေးလိုက်သည်။

"ဖြတ်သွားတော့။"

စစ်သားမှာ ငွေအိတ်ကို အသာအယာသိမ်းလိုက်ပြီး ချန်လော့ကို တစ်ချက်နှစ်ချက် ပုတ်ကာ ဖြတ်သွားခွင့် ပေးလိုက်၏။

"ဒါမှ ငါသိတဲ့ ကမ္ဘာကြီးပေါ့။"

ယွဲ့နိုင်ငံမှာ ယွဲ့နိုင်ငံပင်။ စီရင်စုမြို့တော်သို့ ရောက်သွားရုံဖြင့် ပြောင်းလဲသွားမည် မဟုတ်ပေ။ ချန်လော့သည် ပြုံးလိုက်ရင်း မြည်းလှည်းကို မြို့ထဲသို့ မောင်းဝင်ခဲ့သည်။

မြို့ထဲသို့ ရောက်သည်နှင့် မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွား၏။ စည်ကားပြီး သာယာဝပြောသောစျေးကွက်ကြီးနှင့် နေရာအနှံ့ လင်းထိန်နေသော မီးရောင်များကို မြင်တွေ့ရသည်။

လမ်းမများမှာ သန့်ရှင်းနေပြီး ရံဖန်ရံခါတွင် ဝတ်စုံနက်ဝတ်အစေခံလေးများက လမ်းများ သန့်ရှင်းရေး လုပ်နေကြ၏။ လမ်းလျှောက်နေရင်း ပန်းရနံ့များ သင်းပျံ့နေသဖြင့် စိတ်ကို လန်းဆန်းစေသည်။

လမ်းဘေးရှိ စျေးသည်များမှာလည်း လူတိုင်းကို အလွန်ပင်ဖော်ရွေစွာ ဆက်ဆံကြ၏။ ချန်လော့မှာ မြည်းလှည်းအစုတ်နှင့် ဖြစ်သော်လည်း သူတို့က ခွဲခြားဆက်ဆံခြင်း မရှိပေ။

စျေးသည်တစ်ဦးအတွက် ငွေရမည်ဆိုလျှင် တောင်းစားသူကိုပင် ပြုံးပြနှုတ်ဆက်ရန် အဆင်သင့် ရှိနေကြသည် မဟုတ်ပါလား။

၄၈ - လာအုံး လက်ရည်စမ်းမယ်

ချန်လော့သည် သူ၏ မြည်းလှည်းကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းဌာန တစ်ခု၏ အဝင်ဝသို့ မောင်းနှင်လာခဲ့၏။

ကျားမာန်ဟုန်အစောင့်အရှောက်လုပ်ငန်း အဝင်ဝမှာ အလွန်ပင် ခန့်ညားလှပြီး ညဘက်ဖြစ်သော်လည်း ကုန်သည်များ ကုန်ပစ္စည်းများ အဆက်မပြတ် သယ်ဆောင်လာကြသဖြင့် အလွန်စည်ကားနေ၏။

နှစ်မီတာကျော် ကျယ်သော သေတ္တာကြီးများမှာ ခြံဝင်းတစ်ခုလုံးတွင် ပြည့်နှက်နေသည်။

ဤအစောင့်အရှောက်လုပ်ငန်းကို မာချွယ်ကျိ၏ စီနီယာအစ်ကို က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သူ ကျားနက်လက်သီးကို စတင်သင်ယူကတည်းက မာချွယ်ကျိသည် သူ၏ စီနီယာအစ်ကိုအကြောင်းကို ပြောပြဖူး၏။

ချန်လော့သည် နဂါးဖြူမြို့သို့ လာရန် ပထမဆုံး စဉ်းစားစဉ်ကတည်းက အဆက်အသွယ်များ ရှာဖွေရန် စီစဉ်ထားခဲ့၏။ ထို့ကြောင့်ပင် သူ မထွက်ခွာမီ သူ၏ဆရာ မာချွယ်ကျိထံ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သူ့ကို မတွေ့ခဲ့ရသည်မှာ နှမြောစရာပင်။ မဟုတ်လျှင် မိတ်ဆက်စာတစ်စောင် ပါလာပါက ဤမျှ ဒုက္ခများနေမည် မဟုတ်ပေ။

"မင်း ဘယ်သူ့ကို ရှာတာလဲ"

အဝင်ဝရှိ အစောင့်မှာ ရပ်ထားသော ချန်လော့၏ မြည်းလှည်းကို မြင်သောအခါ ကုန်ပစ္စည်း ပို့ဆောင်သူဟု ထင်မှတ်ပြီး မေးလိုက်၏။

"ချင်းယာကောင်တီက မိတ်ဆွေဟောင်းတစ်ယောက်ရဲ့တပည့်က ဆရာသခင် ရွမ်ကျန်းလုံကို လာရောက်ဂါရဝပြုတယ်လို့ အကြောင်းကြားပေးပါ ခင်ဗျာ။"

လှည်းပေါ်မှ ဆင်းပြီးနောက် ချန်လော့သည် အဝင်ဝရှိ အစောင့်တပည့်ကို ရိုသေစွာ ဂါရဝပြုလိုက်ပြီးနောက် မာချွယ်ကျိ ပေးခဲ့သော တိုကင်ကို သူ၏ လက်အင်္ကျီထဲမှ ထုတ်ပေးလိုက်၏။

မိတ်ဆက်စာ မရှိသဖြင့် ယခုလောလောဆယ်တွင် ဤအရာကိုသာ အသုံးပြုရမည်ဖြစ်ပြီး သူ၏ သိုင်းစီနီယာဦးလေးတော်စပ်သူ က ဤအဆက်အသွယ်ကို မှတ်မိနေရန်သာ မျှော်လင့်ရသည်။ မဟုတ်လျှင် အခက်တွေ့ပေလိမ့်မည်။

ပုရှန်း ဂူ အကြောင်းကို ကိုယ့်ဘာသာ စုံစမ်းရန် ကြိုးစားခြင်းမှာ အဆိုးရွားဆုံး ချဉ်းကပ်မှုပင်။ သခင်လေးဆယ့်ကိုးက ပုရှန်းဂူ၏ တည်နေရာကို အလွယ်တကူ ရှာတွေ့နိုင်သည်ဟု ပြောခဲ့သော်လည်း ၎င်းမှာ မင်းသားတစ်ပါး၏ အဆင့်အတန်းကြောင့်သာ ဖြစ်သည်။

သာမန်လူများအတွက်မူ ပုရှန်းဂူ၏ တည်နေရာကို ရှာဖွေရန်မှာ လုံးဝ မလွယ်ကူလှဘဲ ပိုက်ဆံသုံးလျှင်ပင် အချက်အလက် မရနိုင်ပေ။ သူ ချင်းယာကောင်တီတွင် ဝယ်ယူခဲ့သော တစ်ခုတည်းသော အချက်အလက်မှာ နဂါးဖြူမြို့၏ ခန့်မှန်းခြေ တည်နေရာသာ ဖြစ်သည်။

အချက်အလက်ဟူသည် အမြဲတမ်း လူမှုအသိုင်းအဝိုင်း၏ အဆင့်အတန်းတစ်ခုအတွင်း၌သာ လည်ပတ်နေပြီး အောက်ခြေလူတန်းစားများထံသို့ လုံးဝ ပိတ်ဆို့ထားလေ့ရှိ၏။ ပုရှန်းဂူနှင့် ပတ်သက်သော အချက်အလက်မှာလည်း ချွင်းချက်မဟုတ်ပေ။

"ချင်းယာကောင်တီက မိတ်ဆွေဟောင်း ဟုတ်လား"

အမှတ်အသားကို ယူလိုက်သော အစောင့်မှာ သူ့ကို သံသယဖြင့် ကြည့်ကာ အမှတ်အသားကို သိမ်းလိုက်ပြီး ချန်လော့ကို ပြောလိုက်၏။

"ဒါဆိုရင် ဘေးဘက် ခန်းမဆောင်မှာ သွားစောင့်နေလိုက်။ အဲဒါက ဧည့်သည်တွေကို ဧည့်ခံတဲ့ နေရာပဲ။"

စကားပြောပြီးနောက် သူသည် လက်ဝေ့ယမ်းလိုက်ရာမကြာမီမှာပင် တပည့်တစ်ဦး ရောက်လာပြီး ချန်လော့၏ မြည်းလှည်းကို ကူညီသိမ်းဆည်းပေးသည်။

ချန်လော့သည် သူ၏ မြည်းလှည်း ပျောက်ဆုံးသွားမည်ကို မစိုးရိမ်ဘဲ တပည့်နောက်သို့ လိုက်၍ ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်း အတွင်းသို့ ဝင်လာခဲ့၏။ ဧည့်ခန်းဆောင်တွင် နေရာချပေးပြီးနောက် ထိုတပည့်မှာ တိုကင်ကို ကိုင်ဆောင်ကာ အနောက်ဘက် ခြံဝင်းဆီသို့ အမြန်သွားတော့သည်။

အထွေထွေမန်နေဂျာ ရွမ် ထံသို့ သတင်းပို့ရန် ဖြစ်ပုံရသည်။

ချန်လော့ ထိုင်ခုံတစ်ခုတွင် နေရာယူလိုက်၏။

သူ့အပြင် ဧည့်ခန်းထဲတွင် အခြား ဧည့်သည်နှစ်ဦး ရှိနေသော်လည်း သူတို့၏ ဝတ်စုံကို ကြည့်ရသည်မှာ ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းနှင့် စီးပွားရေးဆွေးနွေးရန် လာရောက်သော ဖောက်သည်အစစ်အမှန်များ ဖြစ်ပုံရသည်။

ချန်လော့သည် သူတို့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ထပ်မံ အာရုံမစိုက်တော့ပေ။

သူ၏ အကြည့်များမှာ အခန်း၏ အခြားအစိတ်အပိုင်းများဆီသို့ ဝေ့ဝဲသွား၏။

ဧည့်သည်လက်ခံရန် ထားရှိသော စားပွဲနှင့် ကုလားထိုင်များအပြင် အခန်းထောင့်တွင် စိမ်းလန်းစိုပြည်သော အပင်တစ်ပင်ပါသည့် ပန်းအိုးကြီးတစ်လုံး ရှိသည်။ ချန်လော့သည် ၎င်းမှာ မည်သည့်အပင်မျိုးဖြစ်သည်ကို မသိသော်လည်း ၎င်း၏ အရွက်များမှာ သစ္စာပန်းပင် နှင့် ဆင်တူသော်လည်း သေချာပေါက်တော့ မဟုတ်ပေ။

၎င်းမှာ ဤကမ္ဘာ၏ ထူးခြားသော လာဘ်ခေါ်အပင်တစ်ပင် ဖြစ်ဟန်တူသည်။

စီးပွားရေးသမားများသည် ဤကဲ့သို့သော အရာများကို ယုံကြည်ကြ၏။

အပင်အပြင် အခန်း၏ အခြားနေရာများတွင်လည်း နာမည်ကျော် ပန်းချီဆရာများ၏ တံဆိပ်တုံးများပါသော စာလုံးအလှများနှင့် ပန်းချီကားအချို့ ချိတ်ဆွဲထားသည်။

ချန်လော့သည် ဤကမ္ဘာမှ နာမည်ကျော်များကို မသိသဖြင့် သေချာမကြည့်သော်လည်း ပန်းချီကားတစ်ချပ်ကို အကြည့်ရောက်သွားချိန်တွင် အလိုအလျောက် ရပ်တန့်သွား၏။

အဘယ်ကြောင့်ဆိုသော် ရင်းနှီးနေသော နာမည်တစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ဝမ်ချန်းကွမ်

ချန်လော့သည် ဤနာမည်ကို အထူးတလည် မှတ်မိနေသည်။

ထိုနေ့က ချင်းယာကောင်တီတွင် စစ်ဘေးဒဏ်ကြောင့် နေရာအနှံ့မီးလောင်ကျွမ်းခဲ့သော်လည်း အိမ်တော်တစ်ခုသာ မီးမခဘဲ ကျန်ရစ်ခဲ့၏။

ထိုအချိန်က ချန်လော့သည် အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့စဉ် စားပွဲပေါ်၌ ‌လက်ရေးလှတစ်ခုကို မြင်ခဲ့ရသည်။ ထိုအပေါ်တွင် ရေးထားသော နာမည်မှာ ဝမ်ချန်းကွမ် ပင်။

"ညီလေးကလည်း ဆရာကြီးဝမ် အကြောင်း ကြားဖူးတာလား"

ချန်လော့ဘေးတွင် ထိုင်နေသော ကုန်သည်မှာ ဤမြင်ကွင်းကို မြင်ပြီးနောက် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

ချန်လော့ ဝင်လာကတည်းက ရှန်းကျို သည် သူ့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ ယခု သူသည်လည်း ထိုလက်ရေးအလှနှင့် ပန်းချီကားကို သတိထားမိသည်ကို မြင်သောအခါ ဝါသနာတူတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

"ဆရာကြီးဝမ် ဟုတ်လား"

ချန်လော့လည်း မှင်တက်သွားသည်။ ဝမ်ချန်းကွမ်တွင် ဤကဲ့သို့သော နောက်ခံမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူ အသေးစိတ် မမေးမြန်းနိုင်မီ အမှတ်အသားကို သွားရောက်ပို့ဆောင်ပေးသော အစောင့်မှာ ပြန်ရောက်လာပြီး သူ့ကို မြင်သည်နှင့် ချက်ချင်း စကားပြောသည်။

"မန်နေဂျာရွမ်က မင်းကို ဝင်လာခဲ့ဖို့ ပြောတယ်။"

ထိုသို့ပြောပြီးနောက် အစောင့်မှာ သူဌေးရှန်းနှင့် အခြား ဧည့်သည်တစ်ဦးကိုလည်း တောင်းပန်စကား ဆို၏။

"ခင်ဗျားတို့ နှစ်ယောက်လည်း ခဏလောက် စောင့်ပေးပါဦး။ ခင်ဗျားတို့ သတ်မှတ်ထားတဲ့ အစောင့်တွေကို မန်နေဂျာရွမ်ဆီ သတင်းပို့ထားပြီးပါပြီ၊ သူတို့ အခု လာနေကြပါပြီ။"

ဤနှစ်ဦးမှာ သူတို့ ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်း၏ ဖောက်သည်ဟောင်းများဖြစ်ပြီး သူတို့ သတ်မှတ်ထားသော အစောင့်များကို စောင့်နေကြခြင်း ဖြစ်သည်။

"အလျှင်မလိုပါဘူး မလိုပါ။"

သူတို့နှစ်ဦးလုံး လျင်မြန်စွာ ထရပ်ပြီး အစောင့်ကို ပြန်လည် ဂါရဝပြုလိုက်ကြ၏။

စီရင်စုမြို့တော်တွင် အခိုင်အမာ ရပ်တည်နိုင်သော အစောင့်အရှောက်လုပ်ငန်းကြီးတစ်ခုမှာ ကြီးမားသော အဆက်အသွယ်များကို ကိုယ်စားပြုသည်။

သူတို့တွင် ပိုက်ဆံရှိသော်လည်း နောက်ကွယ်က အကျိုးစီးပွားများကို နားလည်ကြသဖြင့် မာန်မာန မပြရဲကြပေ။

ချန်လော့သည် ရှေ့မှ ဦးဆောင်သူ အစောင့်နောက်သို့ လိုက်ကာ ဧည့်ခန်းဆောင်ကို ဖြတ်၍ နောက်ဘက် ခြံဝင်းဆီသို့ လျှောက်သွား၏။

ဤကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းမှာ တော်တော်လေး ကျယ်ဝန်းလှ၏။

ဧည့်ခန်းဆောင်မှ ထွက်လာပြီးနောက် မန်နေဂျာရွမ် နေထိုင်ရာသို့ မရောက်မီ ခြံဝင်း နှစ်ခုကို ထပ်မံ ဖြတ်ကျော်ခဲ့ရသည်။

ရောက်ရှိသောအခါ ဦးဆောင်လာသူ အစောင့်မှာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်၍ ပြန်လှည့်ထွက်သွားသည်။

ချန်လော့သည် တံခါးမှတစ်ဆင့် ခြံဝင်းအတွင်းသို့ ကြည့်လိုက်ရာ လူနှစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရ၏။

တစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ကြွက်သားများဖြင့် ဗလတောင့်တင်းသော ကတုံးနှင့် လူတစ်ယောက် ဖြစ်သည်။ သူ၏ အနက်ရောင် လက်တိုအင်္ကျီမှာ သူ၏ ပြင်းထန်သော အရှိန်အဝါကို လုံးဝ မဖုံးကွယ်နိုင်ပေ။

ထိုင်နေရုံဖြင့်ပင် သားရဲကျားတစ်ကောင်နှင့် တူနေပြီး ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။

အခြားတစ်ဦးမှာမူကား ချန်လော့၏ဆရာ မာချွယ်ကျိ ပင်။

"ဆရာ"

ချန်လော့လည်း အံ့အားသင့်သွား၏။

မာချွယ်ကျိ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ အစောပိုင်းက သူ သွားရောက်တွေ့ဆုံစဉ်က ဘာကြောင့် မတွေ့ခဲ့ရသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"ဟာဟား မင်း အချိန်ကိုက် ရောက်လာတာပဲ။ ငါ မိတ်ဆက်ပေးမယ်။"

ချန်လော့၏ အံ့သြနေသော မျက်နှာပေးကို မြင်သောအခါ မာချွယ်ကျိမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

သူသည်လည်း ချန်လော့နှင့် ဤနေရာတွင် ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် တစ်လခွဲခန့်သာ သင်ကြားပေးခဲ့ရသော ဤတပည့်အပေါ် အထူးတလည် သဘောကျမိသည်။

သူ၏ ယခုခရီးစဉ်မှာလည်း ချန်လော့ကြောင့် ဖြစ်နိုင်ခြေ အလွန်များသည်။

"ဒါက မင်းရဲ့ သိုင်းဦးလေးတော်စပ်သူ ဆရာသခင် ရွမ်ကျန်းလုံ ပဲ။ ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းရဲ့အထွေထွေမန်နေဂျာ ဖြစ်သလို၊ ငါတို့ ကျားနက်လက်သီး ဂိုဏ်းဝင်တွေရဲ့ စီနီယာအစ်ကိုလည်း ဖြစ်တယ်။ ကျားနက်လက်သီးကို ကြီးမားသောအောင်မြင်မှုထိ ကျင့်ကြံထားနိုင်တဲ့ ဆရာသခင် တစ်ယောက်ပေါ့။" ဤသို့ပြောချိန်တွင် မာချွယ်ကျိ၏ မျက်နှာမှာ ဂုဏ်ယူသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

သိုင်းပညာတစ်ခုတွင် ဂိုဏ်းကို စောင့်ရှောက်နိုင်သည့် အဆင့်မြင့်ပညာရှင်တစ်ဦး ရှိနေခြင်းမှာ တကယ်ပင် ဂုဏ်ယူစရာ ကောင်းလှ၏။

အမှန်တကယ်တော့ သူကိုယ်တိုင်လည်း ဆရာသခင် ရွမ်ကျန်းလုံကို ပထမဆုံး မြင်စဉ်က အလွန် ထိတ်လန့်သွားခဲ့သည်။

ဆရာသခင် အဆင့် ပညာရှင် သူ ယခင်က ကြားပင် မကြားဖူးခဲ့သလို ကျားနက်ဂိုဏ်းတွင် မည်သူမျှ ဤအဆင့်အထိ မကျင့်ကြံနိုင်ခဲ့ကြပေ။

ကြီးမားသောအောင်မြင်မှုသို့ ရောက်ရှိသော ကျားနက်လက်သီးသည် အလွန်ဆုံး အရိုးသန့်စင်ခြင်း အဆင့်၏ အစောပိုင်း အဆင့်သို့သာ ရောက်ရှိနိုင်သည်။

သို့သော် စီနီယာအစ်ကိုမှာမူ ဤသိုင်းပညာကို ဆရာသခင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သဖြင့် သူ၏ အမြင်များကို အလွန်ပင်ကျယ်ပြန့်သွားစေခဲ့ပြီး အရိုးသန့်စင်ခြင်း အဆင့်၏ အထက်က နယ်ပယ်ကို တရားဝင် သိရှိသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် မာချွယ်ကျိသည်လည်း ဆရာသခင် ရွမ်ကျန်းလုံတွင် သူ၏ ကိုယ်ပိုင် ထူးခြားသော ကံကောင်းမှုများ ရှိရမည်ဖြစ်ကြောင်း သိသည်။ မဟုတ်လျှင် ကျားနက်လက်သီးကို ဤအဆင့်ထိ ရောက်ရန် မဖြစ်နိုင်ပေ။

ဂိုဏ်းတူ တစ်ဦးဖြစ်သော်လည်း ဤအဆင့်သို့ ရောက်ရှိသွားခြင်းမှာ အခြားသော ဂိုဏ်းသားများနှင့် ကွာဟချက်ကို အလွန် ကြီးမားသွားစေခဲ့ပြီ ဖြစ်သည်။

သို့သော် လူတိုင်းတွင် ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြသည်။ မာချွယ်ကျိသည် ငယ်စဉ်က အရိုးသန့်စင်ခြင်း အဆင့်သို့ အလွန်စောစွာ ရောက်ရှိခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်ခဲ့သည်။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုသာ မဖြစ်ခဲ့လျှင် သူသည်လည်း ယခုအချိန်တွင် ဆရာသခင် တစ်ဦး ဖြစ်နေနိုင်ပေသည်။

"တူလေး ချန်လော့က သိုင်းဦးလေးရွမ်ကို ဂါရဝပြုပါတယ်။"

ချန်လော့သည် ဆရာသခင် ရွမ်ကျန်းလုံကို ဂျူနီယာတစ်ဦးကဲ့သို့ ရိုသေစွာ ဂါရဝပြုလိုက်သည်။

"ဒါ မင်းပြောတဲ့ ပါရမီရှင် လား ကြည့်ရတာတော့ သိပ်ပြီး မထူးခြားလှပါလား။"

ဆရာသခင် ရွမ်ကျန်းလုံသည် ချန်လော့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ သံသယများ ပြည့်နှက်နေ၏။

မာချွယ်ကျိ ချန်လော့ကို ပထမဆုံး ဆုံတွေ့စဉ်ကကဲ့သို့ပင် ချန်လော့၏ ပါရမီမှာ ချို့တဲ့နေသည်ကို သူ တစ်ချက်တည်းနှင့် သိလိုက်သည်။

တစ်စုံတစ်ယောက်က ဤလူမှာ အသုံးမကျသူဟု ပြောလျှင် သူ ယုံပေလိမ့်မည်။ ပါရမီရှင်ဟု ပြောလျှင်မူကား သူက ပထမဆုံး မယုံကြည်သူ ဖြစ်ပေလိမ့်မည်။

"ငါ့တပည့်က တခြားသူတွေနဲ့ မတူဘူး။ ငါတောင် အဲဒီတုန်းက သူ့ကို အကဲဖြတ် မှားခဲ့တာ။" မာချွယ်ကျိမှာ သူ၏ စီနီယာအစ်ကို ဘာစဉ်းစားနေသည်ကို သိသဖြင့် သတိပေးလိုက်သည်။

"သူက ပါရမီရှင် အစစ် ဟုတ်မဟုတ်ဆိုတာ စမ်းသပ်ကြည့်ရင် သိရမှာပေါ့။ လာစမ်း၊ မင်းရဲ့ ခွန်အားကို ငါ့ကိုပြစမ်း။"

ဆရာသခင် ရွမ်ကျန်းလုံမှာ ယုံကြည်မှု မရှိသေးသဖြင့် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ချန်လော့၏ ခွန်အားကို တိုင်းတာရန် ပြင်ဆင်လိုက်တော့သည်။

All Chapters