အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
၄၉ - အင်အား ဆယ်ပုံ ခုနစ်ပုံ
"ထပ်ပြီး လက်ရည်စမ်းရဦးမှာလား"
ဤရင်းနှီးနေသော စကားစုကို ကြားလိုက်ရချိန်တွင် ချန်လော့သည် သူ၏ဆရာကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
နောက်ဆုံးအကြိမ် လက်ရည်စမ်းခဲ့စဉ်က သူ၏ ဂျူနီယာညီမလေးမှာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ယခုတစ်ကြိမ် လက်ရည်စမ်းဟု ထပ်မံကြားရချိန်တွင် သူသည် မသိစိတ်ဖြင့် တွန့်ဆုတ်သွားမိခြင်း ဖြစ်သည်။
"မင်းရဲ့အစွမ်းကုန်သာ ထုတ်သုံးလိုက်စမ်းပါ။ မင်းရဲ့ သိုင်းဦးလေးရဲ့သိုင်းပညာက မင်းရဲ့ ဂျူနီယာညီမလေးနဲ့ နှိုင်းယှဉ်လို့ရတာ မဟုတ်ဘူး။" မာချွယ်ကျိက ချန်လော့၏ အတွေးကို ရိပ်မိသဖြင့် ပြုံးကာ ပြောလိုက်၏။
သူသည် ဆရာသခင်အဆင့်ရှိသော သူ၏ စီနီယာအစ်ကိုအပေါ် အလွန် ယုံကြည်မှုရှိသည်။
တစ်ဖက်တွင်လည်း သူ၏ ပါရမီရှင်တပည့် ချန်လော့၏ မာန်မာနကို အနည်းငယ် နှိမ်ပေးရန် အချိန်တန်ပြီဟု သူ ခံစားရ၏။
လူငယ်ဘဝတွင် လမ်းကြောင်းက အလွန် ချောမွေ့နေပါက ဆုတ်ယုတ်မှုများကို အလွယ်တကူ ကြုံတွေ့ရတတ်သည်။ သူကိုယ်တိုင်မှာပင် အကောင်းဆုံး သာဓကတစ်ခု မဟုတ်ပါလား။
"အစွမ်းကုန်သာ သုံးစမ်း။ ငါ ဒီနေရာမှာ မလှုပ်မယှက် ထိုင်နေမယ်။ အကယ်၍ မင်း ငါ့ကို တစ်လက်မလောက်ရွေ့အောင် လုပ်နိုင်ရင် မင်းကို ပါရမီရှင်တစ်ယောက်အဖြစ် ငါ အသိအမှတ်ပြုမယ်။"
ဆရာသခင် ရွမ်ကျန်းလုံသည်လည်း ချန်လော့၏ စိုးရိမ်မှုကို မြင်သဖြင့် လိုက်၍ ပြုံးလိုက်၏။
ပါရမီကို ခဏထား၊ ဤသိုင်းတူလေး၏ စိတ်နေသဘောထားမှာ အတော်လေး ကောင်းမွန်လှသည်။ နေရာသေးသေးလေးမှာ အကြာကြီး နေခဲ့ရသဖြင့် လောကအကြောင်း သိပ်မသိဘဲ ဆရာသခင်ဟူသော စကားလုံး၏ အလေးချိန်ကို လုံးဝ နားမလည်ခြင်းကတော့ နှမြောစရာပင်။
နဂါးဖြူမြို့ကဲ့သို့သော စီရင်စုမြို့တော်ကြီးတွင် ဤမျှကြီးမားသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ခြင်းမှာ ဆရာသခင်တစ်ဦး၏ ခွန်အားကို အခြေခံထားသောကြောင့် ဖြစ်သည်။
"တကယ်ပဲ လက်ရည်စမ်းဖို့ လိုတာလား"
"စိတ်မပူပါနဲ့၊ ဆရာသခင်တစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ မင်း အရင်က တွေ့ဖူးခဲ့တဲ့ သိုင်းသမားတွေနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး။"
ဆရာရော၊ သိုင်းဦးလေးဖြစ်သူပါ အာမခံနေသည်ကို မြင်သောအခါ ချန်လော့ နောက်ဆုံးတွင် စိတ်လျှော့လိုက်တော့သည်။
သူ၏ ဂျူနီယာညီမလေးနှင့် သူ၏ကြားမှ ကွာဟချက်မှာ ပိုမိုကြီးမားလာသဖြင့် သူမအနေဖြင့် သူ၏ ခွန်အားကို တိကျစွာ တိုင်းတာနိုင်မည် မဟုတ်ပေ။
သို့သော် သူ၏ သိုင်းဦးလေးမှာမူ အကောင်းဆုံးပင် ဖြစ်သည်။ ဆရာသခင်အဆင့် ပညာရှင်ဖြစ်ရုံသာမက ကျားနက်လက်သီးကို ကျင့်ကြံထားသူဖြစ်သဖြင့် သူ၏အရှိန်အဝါမှာ အလွန် အားကောင်းလှသည်။
ယခင်က သူ့နောက်ကို လိုက်လံဖမ်းဆီးခဲ့သော တာအိုအဘိုးကြီး လီချန်း ပင်လျှင် သူ၏ သိုင်းဦးလေးကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဤသည်ကို သဘောပေါက်သွားပြီးနောက် ချန်လော့သည် ချက်ချင်း မတ်မတ်ရပ်လိုက်ပြီး ကျားနက်လက်သီး၏ အရှိန်အဝါကို လှည့်ပတ်လိုက်၏။ သူ၏ လက်နှစ်ဖက်မှာ ကျားလက်သည်းပုံစံ ဖြစ်သွားပြီး ခြေထောက်များကို ကွေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းချီများမှာ မြစ်ရေကဲ့သို့ တဟုန်ထိုး စီးဆင်းလာ၏။
အမြဲတမ်း သာမန်ကာလျှံကာသာ ရှိတတ်သော သူ၏ အရှိန်အဝါမှာလည်း ဆရာသခင် ရွမ်ကျန်းလုံကဲ့သို့ပင် ပေါ်ထွက်လာသည်။
ဤအရှိန်အဝါမှာ ကျားတစ်ကောင်၏ အရှိန်အဝါကဲ့သို့ စုစည်းသွားသဖြင့် ရှေ့တွင် ရှိနေသော လူနှစ်ဦးမှာ ၎င်းကို ချက်ချင်း အာရုံခံမိသွားကြ၏။
"ကောင်းတယ်"
ဆရာသခင် ရွမ်ကျန်းလုံမှာလည်း အံ့အားသင့်သော မျက်နှာပေး ပေါ်လာသည်။
သူ၏ လက်သီးကွက်များ ကျွမ်းကျင်မှုအဆင့်ကို ခဏထားဦး၊ ဤကျားတစ်ကောင်ကဲ့သို့ အရှိန်အဝါကတင် သူသည် ကျားနက်လက်သီး၏ အနှစ်သာရကို ဆုပ်ကိုင်ထားနိုင်ကြောင်း ပြသနေသည်။
ကိုယ်တွင်းချီများကို လှုံ့ဆော်လိုက်သည့်အခါ ချန်လော့၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများမှာ မိုးရွာပြီးစ ဝါးပင်များကဲ့သို့ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာသည်။
မူလက အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိသော သူ၏ နယ်ပယ်မှာ အစွမ်းကုန် လှုံ့ဆော်လိုက်ချိန်တွင် အပြာရောင် စွမ်းအင် အစအနတစ်ခုကို ဆွဲထုတ်လိုက်သဖြင့် သူ၏ အရှိန်အဝါမှာ ဆရာသခင်အဆင့်သို့ ချက်ချင်း မြင့်တက်သွားတော့သည်။
ထို့နောက် ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွား၏။
"ဟမ်"
ယုံကြည်ချက်အပြည့်ဖြင့် ထိုင်နေသော ဆရာသခင် ရွမ်ကျန်းလုံ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်လိုက်၏။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ဂျူနီယာညီဖြစ်သူ မာချွယ်ကျိကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝပ်နေသော ကျားနက်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
သူ၏ လက်သီးအရှိန်အဝါကို ဖွင့်ထုတ်ကာ ချန်လော့၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ရာ အင်အားနှစ်ခုမှာ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ဝုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ အနက်ရောင် ချီလှိုင်းများမှာ ဖုန်မှုန့်များကို လွင့်စင်စေကာ လှိမ့်တက်လာ၏။
အမြန်တုံ့ပြန်ခဲ့သော ဆရာသခင် ရွမ်ကျန်းလုံမှာ ဤသိုင်းတူလေးက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
အကျိုးဆက်အနေဖြင့် သူ၏ ခဏတာ ဖွင့်ထုတ်လိုက်သော လက်သီးအရှိန်အဝါမှာ တစ်ချက်တည်းနှင့် ကြေမွသွားရသည်။ ဝပ်နေသော ကျားနက်ပုံရိပ်မှာ အသက်တစ်ရှိုက်စာမျှသာ ခံပြီးနောက် ဆုတ်ဖြဲခံလိုက်ရကာ ချီစွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး လက်သီးမှာ သူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။
သူသည် မီးခိုးရောင် ကျားနက်သားရဲ လက်သီးအရှိန်အဝါ၏ တွန်းထုတ်မှုကြောင့် လေထဲသို့ လွင့်စင်သွားပြီး နောက်ဘက် ခြံဝင်းနံရံကို ဆောင့်မိမှသာ ရပ်တန့်သွားတော့သည်။
ဘုန်း
တိုးညှင်းသော ဆောင့်မိသံနှင့်အတူ မြင်ကွင်းမှာ ချက်ချင်း တိတ်ဆိတ်သွား၏။ ဆရာသခင် ရွမ်ကျန်းလုံနှင့် မာချွယ်ကျိတို့ ထိုင်နေခဲ့သော စားပွဲနှင့် ကုလားထိုင်များမှာ လန်ထွက်သွားသည်။
ယခင်က ပြောခဲ့သော ခြေတစ်လှမ်းမျှ မရွေ့စေရ ဟူသော ကတိကို မဆိုထားနှင့်၊ သူတို့ ခြေထောက်အောက်က မြေကြီးပင်လျှင် ထိုလက်သီးချက်ကြောင့် အက်ကွဲသွားခဲ့ရသည်။
"ဆရာ... ကျွန်တော် ဒီတစ်ခါတော့ လျှော့သုံးထားပါတယ်။ အင်အား ဆယ်ပုံ ခုနစ်ပုံ ပဲ သုံးခဲ့တာပါ။"
ဆရာသခင် ရွမ်ကျန်းလုံမှာ ပြင်းထန်သော ဒဏ်ရာ မရရှိကြောင်း သိလိုက်ရပြီးနောက် ချန်လော့သည် မြေပြင်ပေါ်မှာ ဖင်ထိုင်လျက် ဖြစ်နေဆဲဖြစ်သော မာချွယ်ကျိကို လှည့်၍ ပြောလိုက်၏။
ယခုတစ်ကြိမ်တွင် သူသည် ယခင်က သူ၏ ဂျူနီယာညီမလေးနှင့် လက်ရည်စိမ်းခဲ့စဉ်က သင်ခန်းစာကို ယူ၍ အင်အား ဆယ်ပုံ ခုနစ်ပုံသာ သုံးခဲ့ခြင်း ဖြစ်သည်။
"ဒီကလေးကတော့... အား"
သူ၏ သိုင်းဦးလေးဟူသော မျက်နှာကို ထိန်းသိမ်းရန် ကြိုးစားနေသော ဆရာသခင် ရွမ်ကျန်းလုံမှာ ဤစကားကို ကြားပြီးနောက်တွင်တော့ မအောင့်နိုင်တော့ဘဲ သွေးတစ်လုတ်ကို ချက်ချင်း အန်ထုတ်လိုက်ရတော့သည်။
သူ ချန်လော့ကို ပြန်ကြည့်လိုက်ချိန်တွင်တော့ လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ မဟုတ်ဘဲ မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
ဒါက ဘာပါရမီရှင်လဲ ဒါကတော့ တကယ့်ကို ထူးချွန်ထက်မြက်လွန်းတဲ့ မွန်းစတားကြီး ပဲ။
"မင်း... မင်း... မင်း မင်းက ဆရာသခင်အဆင့်ကို ဖောက်ထွက် သွားပြီလား" မာချွယ်ကျိမှာ လုံးဝ ဆွံ့အသွားပြီး ဘေးကို လွင့်သွားသော သူ၏ စီနီယာအစ်ကိုကို ထူပေးရန်ပင် မေ့လျော့နေတော့သည်။
"လွန်ခဲ့တဲ့ ခဏကမှ ဖောက်ထွက်သွားတာပါ။"
ချန်လော့မှာ ရိုးသားဖြူစင်သော မျက်နှာပေးလေး ဖြစ်နေသည်။
အတိအကျ ပြောရလျှင် သူ့ကို ဆရာသခင်တစ်ဦးဟု သတ်မှတ်၍ မရပေ။
ထိုအပြာရောင် စွမ်းအင်မှာ ကျင့်ကြံသူများ၏ စွမ်းအင်ဖြစ်သော်လည်း သူက အသေးစိတ်ကို ရှင်းမပြနိုင်သဖြင့် သူ့ကိုယ်သူ ဆရာသခင်တစ်ဦးဟုသာ သဘောထားလိုက်ခြင်း ဖြစ်သည်။
"ထားလိုက်ပါတော့၊ မင်း အရင်သွားနားလိုက်ဦး။"
မာချွယ်ကျိသည် စကားလုံးများစွာကို အချိန်အတော်ကြာအောင် မြိုသိပ်ထားခဲ့ရပြီး ခဏတာ မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်နေသည်။ ဤရင်းနှီးနေသော ခံစားချက်ကြီးက သူ့ကို အိပ်မက်မက်နေသကဲ့သို့ ဖြစ်စေ၏။
'မင်းရဲ့ သိုင်းဦးလေးကို အဲဒီလို ရိုက်လို့မရဘူးလေ' ဟု ပြောရန်မှာလည်း မသင့်တော်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ကပင် အစွမ်းကုန်သုံးရန် ပြောခဲ့ခြင်း ဖြစ်သလို ဆရာသခင် ရွမ်ကျန်းလုံ ကိုယ်တိုင်ကလည်း လက်ရည်စမ်းရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
ကလေးက အင်အား ဆယ်ပုံတွင် သုံးပုံပင် လျှော့သုံးခဲ့သေးသည်၊ ၎င်းမှာ မျက်နှာတော်တော် ပေးထားခြင်းပင် မဟုတ်ပါလား။
သို့သော် သိုင်းတာအိုက မည်သည့်အချိန်ကစပြီး ထိုးဖောက်ရခြင်း ဤမျှထိ လွယ်ကူသွားရသနည်း။
အကယ်၍ ရက်ပိုင်းလောက် ကျင့်ရုံဖြင့် ဆရာသခင် ဖြစ်နိုင်သည်ဆိုလျှင်၊ သူ တစ်သက်လုံး ကျင့်ခဲ့သည့်အရာများက အလကား ဖြစ်ကုန်ပြီမဟုတ်လော။
"ဟုတ်ကဲ့ပါ။"
ချန်လော့မှာ မိုက်မဲသူ မဟုတ်ပေ။ သူသည် လက်ရှိ အခြေအနေကို နားလည်သကဲ့သို့ သူ၏ သိုင်းဦးလေးကိုလည်း မျက်နှာသာပြန်ပေးရမည်ကို သိသည်။
ထို့ကြောင့် သူသည် အပြင်သို့ ထွက်သွားပြီး ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းမှ အစောင့်တစ်ဦးကို ဧည့်ခန်းတည်နေရာ မေးမြန်းကာ ထိုသူနှင့်အတူ ထွက်ခွာသွားတော့သည်။
"ညီလေး ငါ့ကို အမှန်အတိုင်း ပြောစမ်း၊ ဒီကလေးက တကယ်ပဲ တစ်လကျော်လောက်ပဲ သိုင်းကျင့်ခဲ့တာလား"
အပြင်လူများ မရှိတော့ချိန်တွင် ဆရာသခင် ရွမ်ကျန်းလုံသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်၏။ သူသည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ ထစ်ငေါ့နေသော သူ၏ အသက်ရှူမှုကို ပြန်လည် တည်ငြိမ်အောင်လုပ်လိုက်ရာ သူ၏ အခြေအနေမှာ နောက်ဆုံးတွင် သက်သာသွားတော့သည်။
ချန်လော့မှာ တကယ်ပင် လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ နောက်ဆုံး အခိုက်အတန့်တွင် သူသည် အင်အားကို လျှော့ချခဲ့သည်။ မဟုတ်လျှင် ဆရယသခင် ရွမ်ကျန်းလုံ၏ ဒဏ်ရာမှာ သွေးအန်ရုံနှင့် ပြီးမည်မဟုတ်ပေ။
"တကယ်ပဲ တစ်လကျော်လောက်ပဲ ကျင့်ခဲ့တာပါ။ ငါ သူ့ကို နာရီဝက် ပဲ သင်ပေးခဲ့ရတာ၊ အဲဒီနောက်ပိုင်း ပထမ ရက်အနည်းငယ်ကလွဲရင် သူ ကိုယ့်ဘာသာကိုယ်ပဲ ကျင့်ခဲ့တာ။"
မာချွယ်ကျိက ခါးသီးစွာ ပြုံးလိုက်၏။ သူ၏ စီနီယာအစ်ကို စိတ်ထဲတွင် ရှိနေသော မေးခွန်းကို သူ သိသည်။
၎င်းမှာ သူကိုယ်တိုင်လည်း အဖြေမရှာနိုင်သေးသော မေးခွန်းပင်။
"ဒါဆိုရင်တော့... မင်းရဲ့ တပည့်မှာ အဲဒီလို ပါရမီမျိုးရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်" ဟု ဆရာသခင် ရွမ်ကျန်းလုံ၏ မျက်လုံးများက တလက်လက် တောက်ပလာပြီး သူ၏ အတွေးများမှာ လှုပ်ရှားလာတော့သည်။
သူ ကျားနက်လက်သီးကို ဆရာသခင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ထူးခြားသောကံကြမ္မာမှုတစ်ခု ရှိခဲ့သောကြောင့် ဖြစ်သည်။
ထိုအချိန်ကပင် ကမ္ဘာကြီးမှာ သူတို့ မြင်တွေ့နေရသည့်အတိုင်း မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ထို မသေမျိုး အကြီးအကဲ၏ သြဇာကို အမှီပြု၍ နဂါးဖြူမြို့ကဲ့သို့သော စီရင်စုမြို့တော်ကြီးတွင် အခြေစိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စီရင်စုမြို့တော်ရှိ အာဏာရှိသူများပင်လျှင် သူ့ကို မထိပါးရဲကြပေ။
ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းမှာ ဤမျှအထိ တိုးတက်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ သူသည် ထို မသေမျိုး အကြီးအကဲထံမှ လမ်းညွှန်မှုများကို ရရှိခဲ့ပြီး ၎င်းနှင့် အဆက်အသွယ် ရှိနေသောကြောင့် ဖြစ်သည်။
"စီနီယာအစ်ကို ဆိုလိုတာက..."
မာချွယ်ကျိ၏ မျက်နှာထား ပြောင်းလဲသွား၏။ ချန်လော့ မရောက်လာမီကပင် သူနှင့် သူ၏ စီနီယာအစ်ကိုမှာ ဤကိစ္စကိုပင် ခြံဝင်းထဲတွင် ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်။
"ဒါမှပဲ ရှင်းပြလို့ ရမှာပေါ့။ ဒီလောကမှာ တချို့လူတွေက ငါတို့နဲ့ မတူဘဲ မွေးဖွားလာကြတာ။"
ဆရာသခင် ရွမ်ကျန်းလုံသည် နောင်တွင် ဤသိုင်းတူလေးနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် စတင် စဉ်းစားနေပြီ ဖြစ်သည်။
သူ၏ ဂျူနီယာညီလေး မာချွယ်ကျိနှင့် မတူသည်မှာ၊ သူသည် ငယ်စဉ်ကတည်းက သြဇာအာဏာကို အသုံးချတတ်သူ ဖြစ်သည်။ အပြင်ပန်းတွင် သူသည် ရိုးအပြီး ဗလတောင့်တင်းသူဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူသည် ယွဲ့နိုင်ငံ၏ စည်းမျဉ်းများကို မည်သူ့ထက်မဆို ပို၍ နားလည်၏။
ထို အထက်က လူများမှာသာ တကယ့် အခြေခံအုတ်မြစ် ဖြစ်သည်။
"ဒီလိုဆိုရင်တော့ ညီလေး... မင်းမှာ ကံကောင်းမှုတွေ ရှိနေတုန်းပဲ။"
ဤနေရာသို့ ရောက်သောအခါ ဆရာသခင် ရွမ်ကျန်းလုံ၏ မျက်နှာတွင် မနာလိုမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
အဘယ်ကြောင့် သူက ဤကဲ့သို့သော တပည့်မျိုးနှင့် မဆုံတွေ့ခဲ့ရသနည်း။
"ငါ့မှာ ဘာကံကောင်းမှု ရှိလို့လဲ ငါက ဒုက္ခိတတစ်ယောက် ဖြစ်နေပြီလေ" ဟု မာချွယ်ကျိက သူ၏ ခြေထောက်ကို ပုတ်ရင်း ခါးသီးစွာ ပြုံးကာ ပြောလိုက်၏။
လွန်ခဲ့သော နှစ်များအတွင်း သူ မည်သို့သော ဘဝဖြင့် နေထိုင်ခဲ့ရသည်ကို သူကိုယ်တိုင်သာ သိသည်။
"မနက်ခင်းမှာ ဆုံးရှုံးခဲ့တာကို ညနေခင်းမှာ ပြန်ရတတ်ပါတယ်။ နောင်တစ်ချိန်မှာ စီနီယာအစ်ကိုတောင် မင်းရဲ့တပည့်ဆီမှာ အသက်ကို ပုံအပ်ရလိမ့်ဦးမယ် ထင်တယ်" ဟု ဆရာသခင် ရွမ်ကျန်းလုံက တစ်ဝက်နောက်ပြောင်သည့် ပုံစံဖြင့် ပြောလိုက်တော့သည်။
၅၀ - နဂါးဖြူ အကယ်ဒမီ
ညတာကတော့ စကားတစ်လုံးမျှ မဆိုဘဲ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ချန်လော့ သည် ခြံဝင်းအတွင်း၌ ပုံမှန်အတိုင်း အသက်ရှူလေ့ကျင့်ခန်းများကို လုပ်ဆောင်နေသည်။
သခင်လေး ဆယ့်ကိုး ဆီကရသည့် ဦးနှောက်နှင့် မူလ တော်ဝင်မျိုးနွယ် ဦးနှောက် ကြောင့် ချန်လော့၏ ကျင့်ကြံခြင်းအရှိန်က နှစ်ဆနီးပါး မြန်လာပြီး နေ့စဉ် အသက်ရှူလေ့ကျင့်ခန်းကနေ စုပ်ယူရရှိသည့် စွမ်းအင်ကလည်း တစ်စထက်တစ်စ ပိုများလာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲက အပြာရောင် စွမ်းအင်များကို ပိုသုံးစွဲလာရသလို၊ သူ့၏ ခန္ဓာကိုယ်ကလည်း သိသိသာသာ ပြောင်းလဲမှုအချို့ကို တဖြည်းဖြည်း ကြုံတွေ့နေရသည်။
ဤပြောင်းလဲမှုမှာ သာမန်မျက်စိဖြင့် ကြည့်လျှင် သိနိုင်ရန် ခဲယဉ်းသော်လည်း ချန်လော့ ကိုယ်တိုင် ခံစားသိရှိနေရ၏။ သို့သော် အတိအကျ ထောက်ပြရန် ကြိုးစားသည့်အခါတွင်မူ ဘာမှ ရှာမတွေ့ဘဲ သူထုတ်ဖော်လိုက်သည့် ကျားနက်လက်သီးက ပိုမို အစွမ်းထက်လာသည်ကိုသာ သူ သိလိုက်ရသည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို"
အသံတစ်ခုက ချန်လော့၏ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးလိုက်၏။ လည်လည်ဝယ်ဝယ်ရှိလှသော ကောင်လေးတစ်ယောက်မှာ အဝင်ဝမှနေ၍ ခြံဝင်းအတွင်းသို့ ချောင်းကြည့်နေခြင်း ဖြစ်သည်။
"ရှောင်ဟူ... မင်းမှာ ဘာကိစ္စရှိလို့လဲ"
ကျင့်ကြံခြင်း ပြီးဆုံးသွားသော ချန်လော့သည် သူ၏ အရှိန်အဝါကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ပြုံးကာ မေးလိုက်၏။
ရှောင်ဟူသည် ဆရာသခင် ရွမ်ကျန်းလုံ၏ တစ်ဦးတည်းသော သားဖြစ်သည်။
မနေ့ညက ချန်လော့ ဧည့်ခန်းသို့ ရောက်ပြီးနောက် ဆရာသခင် ရွမ်ကျန်းလုံသည် သူ့ကို ချန်လော့နှင့် မိတ်ဆက်ပေးရန် အထူးတလည် ခေါ်လာခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့်အဖေက အစ်ကိုကြီးကို ပြောခိုင်းလိုက်လို့ပါ။ သူ ပုရှန်း ဂူ အကြောင်း စုံစမ်းလို့ ရပြီတဲ့။ ပြီးတော့ နောင်တစ်ချိန်မှာ အစ်ကိုကြီး အောင်မြင်လာရင် ကျွန်တော့်ကို မသေမျိုးဖြစ်အောင် ခေါ်သွားပေးနိုင်ဖို့ အစ်ကိုကြီးနဲ့ ရင်းနှီးအောင် ပေါင်းထားပါတဲ့။"
ရွမ်ရှောင်ဟူ ကတော့ တကယ့် ကျားပေါက်လေးပင် ဖြစ်သည်။ သူ့အဖေ ဘာပြောလိုက်သည်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ အကုန်အစင် ပြောပြနေတော့သည်။
ချန်လော့မှာ ၎င်းကို ကြားပြီး သဘောကျသွား၏။
သူ ထရပ်ကာ လျှောက်သွားပြီး ရွမ်ရှောင်ဟူ၏ ခေါင်းကို ပုတ်ကာ မေးလိုက်သည်။
"ဒါဆို မင်းက ပုရှန်း ဂူ က ဘယ်မှာလဲဆိုတာ သိလား"
သိုင်းဦးလေး ဆရာသခင် ရွမ်ကျန်းလုံထံတွင် အကူအညီ တောင်းခံခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
နဂါးဖြူမြို့တော်၏ အကြီးဆုံး အစောင့်အရှောက်ဌာနက အထွေထွေမန်နေဂျာ ရွမ် တစ်ယောက်အနေနှင့် ဆရာသခင် ရွမ်ကျန်းလုံမှာ အဆက်အသွယ်တွေ အများကြီး ရှိသည်။
တစ်ညအတွင်းမှာတင် ချန်လော့ သိချင်သည့် အချက်အလက်ကို ရှာတွေ့ရုံတင်မကဘဲ သူ၏ တစ်ဦးတည်းသော သားကိုတောင် လာပြောခိုင်းလိုက်သည်။
ချန်လော့သည် ၎င်း၏ နောက်ကွယ်ရှိ သိမ်မွေ့သော ရည်ရွယ်ချက်များကို သဘာဝအတိုင်း ရိပ်မိ၏။
သူသည် ၎င်းကို အထူးတလည် စိတ်မရှိပေ။
သူ၏ အမြင်တွင် ဤသည်မှာ လူသားတို့၏ သဘာဝပင်။
အခြားသူများကို ကူညီခိုင်းစေရန်အတွက် မိမိတွင် ကူညီထိုက်သော တန်ဖိုးရှိကြောင်း သက်သေပြရမည်။
ယခုအချိန်တွင် သူ၌ ဤ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရှိနေသည်။ မနေ့က ဆရာသခင် ရွမ်ကျန်းလုံနှင့် တိုက်ခိုက်ခဲ့ခြင်းမှာ သူ၏ အလားအလာကို အကောင်းဆုံး သက်သေပြလိုက်ခြင်းပင်။
"အဖေပြောတာတော့ အဲဒါက နဂါးဖြူမြို့တော်ထဲမှာတင် ရှိတာတဲ့။ ဒါပေမဲ့ အရင်ဆုံး ဝင်ဖို့အတွက် ပိုက်ဆံပေးရမယ်တဲ့။"
"ပိုက်ဆံပေးရမယ်"
ချန်လော့မှာ မှင်တက်သွား၏။ ခန့်ညားထည်ဝါလှသော မသေမျိုးတို့၏မြင့်မြတ်ရာနယ်မြေ တစ်ခုက နဂါးဖြူမြို့ကဲ့သို့သော နေရာတွင် ရှိနေပြီး ပိုက်ဆံပေးမှ ပညာသင်ယူရမည်ဟူသော အချက်မှာ သူ၏ အိပ်မက်များကို ပျက်စီးသွားစေသကဲ့သို့ ခံစားလိုက်ရသည်။
"မင်းအဖေ ဘယ်မှာလဲ"
ချန်လော့ ခဏစဉ်းစားလိုက်ပြီး ဆရာသခင် ရွမ်ကျန်းလုံထံသို့ ကိုယ်တိုင်သွားရောက်ကာ ရှင်းရှင်းလင်းလင်းမေးရန် ဆုံးဖြတ်လိုက်၏။
"ခြံဝင်းထဲမှာ သောက်နေတယ်လေ။"
သူ့အဖေအကြောင်း တွေးမိသည့်အခါ ရှောင်ဟူ၏ မျက်နှာတွင် အထင်အမြင်သေးသော အမူအရာ ပေါ်လာ၏။
"ငါ့ကို အဲဒီကို ခေါ်သွားပေးပါဦး။"
ချန်လော့က ကိုယ်ကို ကိုင်းညွှတ်ကာ ရှောင်ဟူကို ချီမလိုက်ပြီး လမ်းပြခိုင်းလိုက်၏။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ ဆရာသခင် ရွမ်ကျန်းလုံ နေထိုင်ရာ ခြံဝင်းသို့ ရောက်ရှိသွားကြသည်။
"သိုင်းတူလေး... ရောက်လာပြီလား"
ချန်လော့ အခန်းထဲသို့ ဝင်ဝင်ချင်းတွင် သူ၏ဆရာ မာချွယ်ကျိ နှင့် သိုင်းဦးလေး ဆရာသခင် ရွမ်ကျန်းလုံတို့ အစာစားနေကြသည်ကို တွေ့လိုက်ရသည်။
သူ လာသည်ကို မြင်သောအခါ ဆရာသခင် ရွမ်ကျန်းလုံသည် ချက်ချင်း ထရပ်ကာ ကြိုဆိုသည်။
မာချွယ်ကျိမှာမူ သူ၏ ခြေထောက်ဒဏ်ရာကြောင့် ထမရပ်သော်လည်း သူ၏ အကြည့်မှာ ချန်လော့ထံသို့ ရောက်ရှိနေသည်။
"ရှောင်ဟူက မင်းကို အကုန်ပြောပြပြီးပြီမလား"
ဆရာသခင် ရွမ်ကျန်းလုံ၏ မျက်နှာမှာ ပြုံးရွှင်နေပြီး သူ၏ ကြမ်းတမ်းသော မျက်နှာထားမှာ ဂရုစိုက်တတ်သော လူကြီးတစ်ဦး၏ အသွင်သို့ ပြောင်းလဲနေ၏။ ၎င်းမှာ မနေ့ညကနှင့် လုံးဝ ကွာခြားလှသည်။
အထူးသဖြင့် ချန်လော့က ရွမ်ရှောင်ဟူကို ချီထားသည်ကို မြင်သောအခါ သူ၏ အပြုံးမှာ ပိုမို တက်ကြွလာသည်။
"သိုင်းဦးလေး... ဆရာ။"
ချန်လော့သည် ဦးစွာ သူတို့နှစ်ဦးကို ဂါရဝပြုလိုက်ပြီးနောက် သူလာရသည့် ရည်ရွယ်ချက်ကို ပြောပြသည်။
"သိုင်းဦးလေး ရှောင်ဟူက ပုရှန်း ဂူ အကြောင်းတော့ ပြောပြပါတယ်၊ ဒါပေမဲ့..."
ရှောင်ဟူက ငယ်လွန်းသဖြင့် အချက်အလက်ကို သေချာ မပြောပြနိုင်ကြောင်းကို ချန်လော့က တိုက်ရိုက်မပြောလိုသဖြင့် အရိပ်အမြွက်သာ ပြောလိုက်ရာ ဆရာသခင် ရွမ်ကျန်းလုံမှာ နားလည်သွား၏။
ဆရာသခင် ရွမ်ကျန်းလုံသည် ရှောင်ဟူ၏ ခေါင်းကို ပုတ်ကာ သူ့ဘာသာ သွားဆော့ရန် ပြောလိုက်သည်။
"လာ လာ... ထိုင်ပြီး စကားပြောရအောင်။"
သားဖြစ်သူကို လွှတ်လိုက်ပြီးနောက် ဆရာသခင် ရွမ်ကျန်းလုံသည် စားပွဲသို့ ပြန်လာကာ ချန်လော့အတွက် သူ၏ဘေးတွင် ထိုင်ခုံတစ်ခု ဆွဲပေးလိုက်ပြီး ပန်းကန်နှင့် ထမင်းစားတူများကိုပါ ပြင်ဆင်ပေးသည်။
"မနက်စာ စားပြီးပြီလား ငါတို့ သိုင်းသမားတွေ က မနက်စာကို ကောင်းကောင်းစားရမယ်။ မဟုတ်ရင် ငါတို့ရဲ့ ချီ နဲ့သွေးတွေက မလိုက်နိုင်ဘဲ ငါတို့ရဲ့ သိုင်းတာအို ပျက်စီးသွားလိမ့်မယ်။"
၎င်းကို မြင်သောအခါ ချန်လော့မှာ ငြင်းဆန်ရန် မရှိတော့ဘဲ ပန်းကန်နှင့် တူကို ကိုင်ကာ သူတို့နှင့်အတူ စားလိုက်တော့သည်။
အမှန်တကယ်တွင် သူသည် သိုင်းသမားစစ်စစ် တစ်ယောက်ဟု မဆိုနိုင်ပေ။
တော်ဝင်မျိုးနွယ် ဦးနှောက်ကို ရရှိခဲ့သည့် အချိန်မှစ၍ သူသည် ပါရမီကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲက သူကိုယ်တိုင် မထိန်းချုပ်နိုင်သော အပြာရောင် စွမ်းအင်များက တိုက်ရိုက် အသုံးမပြုနိုင်သေးပေမဲ့ သူ့ခန္ဓာကိုယ်ကိုတော့ တဖြည်းဖြည်း ပြောင်းလဲပေးနေခဲ့၏။
ယခုအချိန်တွင် ချန်လော့သည် အစားမစား၊ ရေမသောက်ဘဲ သုံးရက်ခန့် နေလျှင်ပင် သူ၏ ခွန်အားကို ထိခိုက်မှု မရှိနိုင်တော့ပေ။
"မနေ့ညက မင်း ပုရှန်း ဂူ အကြောင်း ပြောပြီးတဲ့နောက်မှာ ငါ့လူတွေကို စုံစမ်းခိုင်းလိုက်တာ ဒီမနက်စောစောမှာ သတင်းရလာတယ်။"
ဆရာသခင် ရွမ်ကျန်းလုံသည် စကားကို လှည့်ပတ်မနေဘဲ ထိုင်လိုက်သည်နှင့် ချန်လော့ သိချင်နေသော ကိစ္စကို စတင်ပြောဆိုသည်။
"ပြောရမယ်ဆိုရင် ဒီ ပုရှန်း ဂူ က ငါနဲ့တောင် အဆက်အသွယ် ရှိနေတာ။"
"ဗျာ"
"ပုရှန်း ဂူ က တကယ်တော့ နဂါးဖြူမြို့ထဲမှာ ရှိတာ။ ပြီးတော့ သူ့နေရာက အရမ်းကို သိသာထင်ရှားတယ်။ မင်းရဲ့ ဆရာနဲ့ ငါတောင် ဒီမနက် သွားအတည်ပြုခဲ့သေးတယ်..."
ဤနေရာသို့ ရောက်သောအခါ ဆရာသခင် ရွမ်ကျန်းလုံသည် သူ၏ ဂျူနီယာ မာချွယ်ကျိကို တစ်ချက် ကြည့်လိုက်၏။
မည်သို့ပင်ဖြစ်စေ ချန်လော့သည် မာချွယ်ကျိ၏ တပည့်ဖြစ်သဖြင့် သူသည် မာချွယ်ကျိ၏ သဘောထားကို လေးစားရဦးမည်။
"အဲဒါက နဂါးဖြူအကယ်ဒမီ ပဲ။"
မာချွယ်ကျိက အသားတစ်တုံးကို ယူ၍ ပါးစပ်ထဲ ထည့်ရင်း ပုရှန်း ဂူ ၏ တည်နေရာကို ပြောပြလိုက်၏။
"နဂါးဖြူအကယ်ဒမီ"
အဲဒါက ကျောင်းသားလေးတွေ စာသင်တဲ့ နေရာ မဟုတ်ဘူးလား။
လမ်းထိပ်က ခေါက်ဆွဲရောင်းသည့် အန်တီဝမ်၏ သားပင် ရှန်းရွှေမြို့၏ အကယ်ဒမီ တစ်ခုတွင် စာသင်နေသည်မဟုတ်လော။
ချန်လော့၏ အထင်တွင် အကယ်ဒမီများဟူသည် အင်ပါယာ စာမေးပွဲများအတွက် စာပေပညာရှင်များ စုဝေးရာနေရာသာ ဖြစ်သည်။
"မှန်တယ်၊ အဲဒါ နဂါးဖြူအကယ်ဒမီ ပဲ။ နဂါးဖြူမြို့မှာရှိတဲ့ နဂါးဖြူအကယ်ဒမီ ကို ပုရှန်း ဂူ က မသေမျိုးတစ်ယောက်က တည်ထောင်ခဲ့တာ။"
မာချွယ်ကျိက ဤသို့ပြောပြီးနောက် ရပ်လိုက်ကာ ဆရယသခင် ရွမ်ကျန်းလုံကို ဆက်ပြောရန် အချက်ပြလိုက်သည်။
"လွန်ခဲ့တဲ့ ခြောက်နှစ်က ငါ အပြင်မှာ ကုန်ပစ္စည်းတွေပို့ဆောင်ပေးနေတုန်း ထူးခြားတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူ့ရဲ့ လမ်းညွှန်မှုကြောင့်ပဲ ငါ့ရဲ့ ကျားနက်လက်သီးက စဉ်းမျှင်းတွေကို ကျော်လွန်ပြီး ဆရာသခင်နယ်ပယ်ကို ထိုးဖောက် နိုင်ခဲ့တာ။"
ဆရာသခင် ရွမ်ကျန်းလုံသည် သူ၏ ကံကောင်းသော ကြုံကြိုက်မှုအကြောင်းကို ပြန်ပြောပြ၏။
ကျားမာန်ဟုန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဌာန အနေဖြင့် နဂါးဖြူမြို့တွင် ယခုကဲ့သို့ အခြေအနေထိ တိုးတက်လာနိုင်ခြင်းမှာ ထိုကံကောင်းမှုနှင့် များစွာ သက်ဆိုင်နေသည်။
နှမြောစရာကောင်းသည်မှာ ထိုအချိန်က မသေမျိုးသည် လမ်းကြုံလမ်းညွှန်ပေးရုံသာ ရှိခဲ့ပြီး နောက်ပိုင်းတွင် မည်သည့်အခါမျှ ပြန်လည် ဆက်သွယ်ခြင်း မရှိခဲ့ပေ။
နောက်ပိုင်းတွင် ဆရာသခင် ရွမ်ကျန်းလုံက ကျားဟုန် အစောင့်အရှောက်လုပ်ငန်းကို ချဲ့ထွင်ပြီး နဂါးဖြူမြို့က အထက်တန်းလွှာ မျိုနွယ်စုဝင် သူဌေးကြီးများ နှင့် ဆုံတွေ့သောအခါမှသာ ထိုမသေမျိုး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိခဲ့ရ၏။
သူသည် နဂါးဖြူအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်ပြီး လူ့လောကတွင် လှည့်လည်သွားလာနေသော မသေမျိုးတစ်ဦး ဖြစ်သည်။
ဆရာသခင် ရွမ်ကျန်းလုံ ကံကောင်းသော ကြုံကြိုက်မှုရရှိခဲ့သည့် အချိန်မှစ၍ သူသည် ဤလူစု၏ အကြည့်အောက်သို့ ရောက်ရှိသွားခဲ့သည်။
နောက်ပိုင်းတွင် ကျားမာန်ဟုန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဌာန ဖွင့်လှစ်သောအခါ ဤလူများက သူ့ကို သိသိသာသာရော၊ တိတ်တဆိတ်ပါ များစွာ ကူညီပေးခဲ့ကြသည်။
၎င်း၏ အဓိက အကြောင်းရင်းမှာ ထိုမသေမျိုးကြောင့်ပင်။
"ငါ့ကို လမ်းညွှန်ပေးခဲ့တဲ့ ဒီမသေမျိုးက မင်းစုံစမ်းနေတဲ့ ပုရှန်း ဂူ က မသေမျိုးပဲ။"
ဪ... ဒါကြောင့်ကိုး။
ချန်လော့ ချက်ချင်း နားလည်သွား၏။
"ဒါဆိုရင် သိုင်းဦးလေးက ဘာကြောင့် စောစောက ပိုက်ဆံလိုတယ်လို့ ပြောတာလဲ"
"အဲဒါက အဲဒီ မသေမျိုးရဲ့သတ်မှတ်ချက်မို့လို့ပဲ။"
ဤကိစ္စကို ပြောသည့်အခါ ဆရာသခင် ရွမ်ကျန်းလုံသည် ခါးသီးစွာ ရယ်မောလိုက်၏။
"အဲဒီ မသေမျိုး နဂါးဖြူမြို့ကို စတင် ရောက်ရှိလာတုန်းက သူက သိပ်ပြီး ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ ငါ့ကိစ္စကြောင့်သာ သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ပေါက်ကြားသွားတာ။ သတင်းရသွားတဲ့ မျိုနွယ်စုဝင် သူဌေးကြီးတွေက သူ့ရဲ့ တပည့်ဖြစ်ချင်လို့၊ မသေမျိုး ဖြစ်ချင်လို့ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် အဆက်အသွယ်ရှာပြီး လာကြတော့တာပဲ။"
ထိုမြင်ကွင်းကို မြင်ယောင်ကြည့်နိုင်ပါသည်။ ကျောင်းတံခါးဝတွင် လူတွေ ပြည့်နှက်နေပေလိမ့်မည်။
နဂါးဖြူမြို့က ဤအထက်တန်းလွှာ လူတန်းစားများမှာ ထပ်ရှာဖွေစရာ မည်သည့်အရာမှ မရှိတော့ပေ။ ရုတ်တရက် ထာဝရအသက်ဟူသော မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး နီးစပ်ခွင့်ရရန် ရူးသွပ်သွားကြသည်။
တစ်ကြိမ်တည်းသာ ဆုံဖူးသော ဆရာသခင် ရွမ်ကျန်းလုံကိုပင် သူတို့က ရိုသေလေးစားနေကြသည်ဆိုလျှင် မသေမျိုးကိုယ်တိုင်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။
"ဒီလူတွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူး။ သူတို့က သိတဲ့လူတွေနဲ့ပဲ အဖော်စပ်ပြီး သွားတွေ့ကြတာ။ မသေမျိုးက ဒါကို မကြိုက်ပေမဲ့ သိတဲ့လူတွေရဲ့ မျက်နှာကိုတော့ မထောက်ထားဘဲ မနေနိုင်ဘူး။ ခဏခဏအနှောင့်အယှက် ခံရဖူးတော့ နောက်ဆုံးမှာ သူက ဒီအကယ်ဒမီကို ဖွင့်လိုက်တာပဲ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အေးအေးဆေးဆေး နေချင်လို့ပဲ။ ဝင်ကြေးအတွက် ပိုက်ဆံတောင်းတဲ့ စည်းမျဉ်းမှာ ရည်ရွယ်ချက်နှစ်ခု ရှိတယ်။ ပထမကတော့ အခွင့်အရေးသမားတွေကို စစ်ထုတ်ဖို့ဖြစ်ပြီး၊ ဒုတိယကတော့ ဒီငွေစတွေကို သုံးပြီး တစ်ခုခု လုပ်ဖို့ပဲ။"