← Chapters

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-33

အခန်း ၃၃ ။ နန်းတော်သို့ ပြန်ကြခြင်း

နောက်တစ်နေ့သည် ဂါရဝပြုရမည့် နေ့ပင်။ မနေ့က မိဖုရားခေါင်ကြီး ပြုလုပ်ခဲ့သည့်ကိစ္စကြောင့် ယနေ့တွင် ပွဲကြည့်ချင်သူ မနည်းလှရာ အားလုံး စောစောပင် ရောက်ရှိနေကြသည်။

အပြန်အလှန် အရိုအသေပေးပြီးနောက် ရှူးဖေး တစ်ယောက်တည်းသာ မလာသေးသည်ကို တွေ့ရှိလိုက်ရသည်။

"မင်းသမီးကြီး မရှိတော့ ရှူးဖေးမယ်မယ် စိတ်ပူစရာ မလိုတော့ဘဲ ရှားရှားပါးပါး ကောင်းကောင်း အိပ်ပျော်သွားလို့ ဒီနေ့ နောက်ကျမှ ထတာလား မသိဘူး။"

ယန်ရှိုးရီသည် ယပ်တောင်ကို အသာယမ်းရင်း လှောင်ပြောင်သည့် လေသံဖြင့် ဆိုလေသည်။

ကျောက်ကျယ်ယွီက မျက်ခုံးပင့်လိုက်

သည်။ "ရှူးဖေးမယ်မယ် စိတ်ပူစရာ မလိုတော့ပါဘူး။ ယဲ့မိန်ရန်ကိုတောင် ကျေးဇူးတင်ရဦးမယ် ထင်တယ်။ နောင်ကျရင် အရှင်မင်းကြီး ညီမလေးယဲ့ဆီ သွားတဲ့အခါ ရှူးဖေးမယ်မယ်က နောက်ထပ် သွားပင့်ခိုင်းတော့မှာ မဟုတ်ဘူး။"

"အို၊ ကျောက်ကျယ်ယွီ၊ ဒီချန်းချဲ့ကို ဆွဲမထည့်ပါနဲ့။ ဒါတွေအားလုံးက မိဖုရားခေါင်ကြီးက မင်းသမီးကို ဂရုစိုက်လို့ပါ။" ယဲ့ယွင်သည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်

သည်။ "ပြီးတော့ တော်ဝင်မျိုးဆက်ကသာအရေးကြီးဆုံးပါ။ ချန်းချဲ့က စိတ်ဓာတ် နည်းနည်းဆိုးတယ် ဆိုပေမဲ့ အကျိုးအကြောင်း လုံးဝ နားမလည်တာတော့ မဟုတ်ပါဘူး။ ရှူးဖေးမယ်မယ်က မင်းသမီးကြီးအတွက် ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားရုံပါပဲ။ ချန်းချဲ့စိတ်ထဲ မကျေမနပ်ဖြစ်တာ တစ်

စက်ကလေးမှ မရှိပါဘူး။ ကျယ်ယွီ (ကျောက်ကျယ်ယွီ) က ဒီစကားကို ပြောလိုက်တာ တခြားသူတွေ ချန်းချဲ့ကိုအထင်မှားသွားပါအုံးမယ်။"

ကျောက်ကျယ်ယွီသည် ကသိကအောက် ဖြစ်သွားပြီး အခါးရည်ခွက်ကိုကောက်သောက်လိုက်ကာ စကားဆက်မပြောတော့ပေ။

ဤတစ်လအတွင်း သူမသည် ဧကရာဇ်ကို တစ်ကြိမ်သာ တွေ့မြင်ခဲ့ရပြီး အတူတကွ ညအိပ်ခွင့်ပင် မရခဲ့ပေ။ မိဖုရားခေါင်ကြီးသည် ယခု ယန်ပေါင်လင်ကိုသာ တစ်စိုက်မတ်မတ် မြှောက်စားနေပြီး သူမကို သိပ်ဂရုမစိုက်ပေ။ ယဲ့ယွင်သည်လည်း အမှုထမ်းရသည်က ပို၍ များလာရာ ယဲ့ယွင်နှင့် ရင်ဆိုင်ရသောအခါ ကျောက်ကျယ်ယွီသည် မိမိကိုယ်မိမိ အားမာန်မရှိကြောင်း သိရှိနေသည်။

ရာထူး အနည်းငယ် မြင့်သည်မှာ ဘာများအရေးပါလို့လဲ။ မိသားစုနောက်ခံ မယှဉ်နိုင်၊ မျက်နှာသာပေးမှု မယှဉ်နိုင်၊ ကျယ်ယွီသည် မိန်ရန်ထက် အဆင့်တစ်ဆင့်သာ မြင့်ပြီး တကယ်တမ်း အရေးပါသည်ဟု မဆိုနိုင်ပေ။

နောက်ဆုံးတွင် ရှူးဖေးသည် အချိန်ကို ကွက်တိနင်း၍ ရောက်ရှိလာပြီး မိဖုရားခေါင်ကြီးထက် ခြေတစ်လှမ်းသာလျှင် ရှေ့ရောက်နေခဲ့သည်။

သူမသည် အစဉ်အမြဲ တောက်ပသော ဝတ်စားဆင်ယင်မှုကို အနှစ်သက်ဆုံး ဖြစ်ပြီး နန်းတွင်းဝတ်စုံတစ်စုံဖြင့် ကျက်သရေရှိလှသည်။ ယနေ့တွင်လည်း ဤသို့ပင် ဖြစ်သော်လည်း သူမ၏မျက်လုံးအောက်မှ ညိုမည်းနေသော အရာများကိုမူ ပေါင်ဒါအလွှာပေါင်းများစွာ ဖုံးအုပ်ထားသော်လည်း မကွယ်ဝှက်နိုင်ဖြစ်နေခဲ့သည်။

"အစ်မတော်ရဲ့ ဒီပုံစံကို ကြည့်ရတာ အိပ်ရေးမဝဘူးလား။ ဒါလည်း မဆန်းပါဘူး။ စိတ်ထဲမှာ ကလေးကို စိတ်ပူနေလို့ နေမှာပေါ့။ ဒါပေမဲ့ မင်းသမီးက မယ်တော်ကြီးဆီမှာ ကြီးပြင်းနေရတာပဲကို အစ်မတော်က ဘာကို စိတ်ပူနေသေးတာလဲ။"

ဝမ်ဖေးသည် သူမ၏ဝမ်းဗိုက်ကို ထိန်းထားရင်း နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ သူမ၏အမူအရာသည် ပြုံးပြုံးရွှင်ရွှင် ဖြစ်နေပြီး အနူးညံ့ဆုံးသော စကားများကို ပြောဆိုနေသော်လည်း ရှူးဖေး၏နှလုံးသားကိုမူ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

"မင်းသမီးက မယ်တော်ကြီးဆီမှာ ကြီးပြင်းနေရတာ ပန်ကုန်းက သေချာပေါက် စိတ်ချတာပေါ့။ ဒါပေမဲ့ သားအမိဆိုတာ နှလုံးသားချင်း ဆက်သွယ်နေတာ။ ကလေးက မိခင်နဲ့ ခွဲခွာနေရတော့ စိတ်ပူပန်တာကို ရှောင်လွှဲလို့ မရဘူးလေ။ ကလေးမမွေးဖူးသေးတဲ့သူကတော့ ဒီလို ခံစားချက်မျိုးကို သဘာဝအတိုင်း နားလည်မှာ မဟုတ်ဘူး။"

ရှူးဖေးသည် သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး အစေခံမလေး၏လက်ကို ထိန်းကိုင်လျက် ထိပ်ဆုံးမှ ပထမဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။

ဤအချိန်တွင် မိဖုရားခေါင်ကြီးသည် အပြင်သို့ ထွက်လာခါစ ဖြစ်ပြီး၊ ရှူးဖေး၏ 'ကလေးမမွေးဖူးသေး' ဟူသော စကားကို ကွက်တိ ကြားလိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာထား တင်းမာသွားလေသည်။

"ရှူးဖေး၊ မင်းက ပန်ကုန်း လုပ်တဲ့ကိစ္စအပေါ်မှာ ကွဲလွဲတဲ့ သဘောထား ရှိနေတာလား။"

"မိဖုရားခေါင်ကြီး၊ မင်းသမီးကြီးကို ငယ်ငယ်ကတည်းက ဒီချန်းချဲ့က ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ခဲ့တာပါ။ ရုတ်တရက် ဒီချန်းချဲ့နဲ့ ခွဲခွာသွားရတော့ သူ အသားမကျမှာကို တကယ် စိုးရိမ်မိလို့ပါ..." ကလေးအတွက်၊ ရှူးဖေးသည် သူမ၏ဂုဏ်ပုဒ်ကို ဘေးချိတ်ကာ ချက်ချင်းပင် ထရပ်၍ ပြန်လည် ဖြေကြားလိုက်သည်။ သူမ၏မျက်ဝန်းတစ်စုံသည် အနည်းငယ် နီရဲနေပြီး အမှန်တကယ် စိုးရိမ်ပူပန်နေသည်မှာ ထင်ရှားလှသည်။

"တော်ပြီ။" မိဖုရားခေါင်ကြီးသည် အေးစက်သော အသံဖြင့် သူမ၏စကားကို ဖြတ်ပြောလိုက်သည်၊

"ပန်ကုန်းက ကျားယွီရဲ့ တရားဝင် မိခင်၊ မယ်တော်ကြီးက အဘွားအရင်း၊ ကလေးကို ဒုက္ခပေးမှာ စိုးလို့လား။"

"ဒါပေမဲ့..."

"'ဒါပေမဲ့' တွေ မရှိဘူး၊ ပန်ကုန်း ဒီလိုလုပ်တာ အားလုံးက မင်းသမီးအတွက် ကောင်းဖို့ပဲ။ အရှင်မင်းကြီးကလည်း သဘောတူပြီးသား။ မင်းက ပထမဆုံးအကြိမ် မွေးဖူးတာဖြစ်ပြီး တစ်ချို့နေရာတွေမှာ လိုအပ်ချက်ရှိနိုင်တာလည်းဖြစ်

နိုင်တာပဲ။ အခုလောလောဆယ် မယ်တော်ကြီးဆီမှာပဲ အရင် အဖော်ပြုခိုင်းထားလိုက်။ မင်းလည်း အမြဲတမ်း သွားကြည့်လို့ ရတာပဲ။ မင်းက မွေးမိခင်၊ ကလေးက နောင်ကျရင် မင်းကို မမှတ်မိဘဲ နေပါ့မလား။"

မိဖုရားခေါင်ကြီး၏နှုတ်မှ ဆုံးမစကားများ ထွက်နေသော်လည်း သူမ၏ မျက်ဝန်းများထဲတွင်မူ အေးစက်သော လှောင်ပြုံးတစ်ခု ပုန်းကွယ်နေသည်။ ရှူးဖေး၏မျက်နှာ မကောင်းမွန်သည်ကို မြင်သောအခါ သူမ၏စိတ်ထဲတွင် ပို၍ပင် ကျေနပ်သွားသည်။

ရှူးဖေးသည် ထပ်ပြီးငြင်းခုံချင်သေးသော်လည်း သူမနောက်မှ အစေခံက သူမအင်္ကျီလက်ကို အသာဆွဲကာ သတိပေးလိုက်သဖြင့် မျိုသိပ်ထားလိုက်ရသည်။

ဤအချိန်တွင် သူမ မည်မျှပင် မိုက်မဲစေကာမူ ဧကရာဇ်သည် သူမက ကလေးကို အကြောင်းပြု၍ မျက်နှာသာလုသည့် အပြုအမူအပေါ် မကျေမနပ် ဖြစ်နေပြီး ထို့ကြောင့်သာ မိဖုရားခေါင်ကြီး၏လုပ်ရပ်ကို တိတ်တဆိတ် ခွင့်ပြုခဲ့သည်ကို နားလည်သွားပြီ ဖြစ်သည်။ ယခု သူမသည် မျိုသိပ်ထားရုံသာ တတ်နိုင်ပြီး ပို၍ ပြဿနာရှာလေ ဧကရာဇ်က သူမကို ပို၍ နားမလည်သူဟု ထင်လေ ဖြစ်ကာ ကလေးကို သူမထံသို့ ပြန်ပေးနိုင်ခြေ ပို၍ ဝေးကွာသွားမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နန်းတွင်း၌ ခြေကုပ်မြဲအောင် ရပ်တည်နိုင်သူတစ်ဦး ဖြစ်ရာ ထိုမျှလောက် မိုက်မဲလိမ့်မည် မဟုတ်ပေ။

ရှူးဖေး တည်ငြိမ်သွားသည်ကို မြင်မှ မိဖုရားခေါင်ကြီးသည် သူမ၏ မျက်နှာပေါ်မှ အေးစက်သော အမူအရာကို ဖယ်ရှားလိုက်ပြီး အားလုံးကို ပြုံးလျက် စကားစလိုက်သည်။

"ကိုးလပိုင်း ကိုးရက်နေ့ ကျုံးယန်ပွဲတော်ကြီးကို အကြီးအကျယ် ကျင်းပရမှာ။ ဒီနေ့ဆို ကိုးလပိုင်းထဲတောင် ရောက်နေပြီ။ အရှင်မင်းကြီးရဲ့ သဘောထားက မနက်ဖြန် နန်းတော်ကိုပြန်ဖို့ ခရီးစတင်မယ်တဲ့။ အားလုံး ပြန်ပြီး ပစ္စည်းတွေ သိမ်းဆည်းကြတော့။"

ဥယျာဉ်တော်ထဲတွင် ဤမျှ ကြာမြင့်စွာ နေထိုင်ခဲ့ပြီးနောက် ယဲ့ယွင်သည် အမှန်ပင် အနည်းငယ် နှမြောတသ ဖြစ်မိသည်။

အဓိကအားဖြင့် နန်းတော်သို့ ပြန်ရောက်ပါက နေ့စဉ် ဂါရဝပြုရမည် ဖြစ်ပြီး တစ်ရက်မျှပင် ပျင်းရိခွင့် ရတော့မည် မဟုတ်ပေ။

ထို့အပြင် သူမတို့ ဤတစ်သုတ် နန်းတော်ဝင်ခဲ့သော လူသစ်များထဲတွင် ဧကရာဇ်၏ မျက်နှာကိုပင် မမြင်ဖူးသေးသူ အများအပြား ရှိနေသေးသည်။ ဤတစ်ကြိမ် ပြန်သွားပါက အားလုံး ထွက်ပေါ်လာကြတော့မည် ဖြစ်သည်။

သို့သော် လူအနည်းငယ်နှင့် တိုက်ခိုက်ရသည်မှာလည်း တိုက်ခိုက်ခြင်းပင် ဖြစ်ပြီး၊ လူတစ်စုလုံးနှင့် တိုက်ခိုက်ရသည်မှာလည်း တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ယဲ့ယွင်သည် ယခုအချိန်တွင် မျက်နှာသာ အနည်းငယ် ရရှိထားသူ ဖြစ်ရာ ပြန်သွားရမည်ကိုမူ မကြောက်ရွံ့တော့ပေ။

နွေရာသီသုံးပစ္စည်းများမှာ ထူထဲခြင်း မရှိသဖြင့် သိမ်းဆည်းရသည်မှာလည်း လျင်မြန်လှသည်။ မနက်ဖြန်မှ သွားရမည် ဖြစ်သော်လည်း ယနေ့ တစ်နေ့တာသည်ပင် သိမ်းဆည်းရန် လုံလောက်လှသည်။

ခရီးမထွက်မီ တစ်ရက်အလိုတွင် နင်ချန်သည် မိဖုရားခေါင်ကြီးထံသို့ သွားရောက်ခဲ့သေးသည်။

စည်းကမ်းအရ ပြန်မည့် ပထမဆုံးနေ့တွင် တရားဝင်ဇနီးထံသို့ သွားရမည်ဟုသာ ဆိုထားသော်လည်း နင်ချန်၏အပြုအမူသည် မိဖုရားခေါင်ကြီးအပေါ် အလေးထားမှုကို ပြသခြင်းလည်း ဖြစ်သည်။

အလယ်နန်းဆောင်သည် မည်သို့ပင်ဖြစ်စေ တရားဝင် အစဉ်အလာ ဖြစ်ပြီး တရားဝင် အစဉ်အလာကို လောကသားများက လေးစားကြသည်။ အမှားအယွင်းကြီးကြီးမားမား မရှိပါက မိဖုရားခေါင်ကြီးသည် အစဉ်အမြဲ အမြင့်မြတ်ဆုံးပင် ဖြစ်သည်။

.........

နောက်တစ်နေ့ နံနက်စောစောတွင် ယဲ့ယွင်သည် မျက်လုံး မဖွင့်ရသေးမီမှာပင် အစေခံမလေးများ၏ ခုတင်ပေါ်မှ ဆွဲထူခြင်းကို ခံလိုက်ရပြီး မျက်နှာသစ် ဝတ်စားဆင်ယင်ပေးခံလိုက်ရသည်။

ကိုးလပိုင်း၏ နံနက်ခင်းတွင် အအေးဓာတ် အနည်းငယ် ရှိနေပြီ ဖြစ်သည်။ အပြင်ဘက်သို့ ထွက်ရပ်လိုက်သည့်အခါ လေတစ်ချက် တိုက်ခတ်လာသည်နှင့် မထိန်းနိုင်ဘဲ တစ်ချက် တုန်သွားမိသည်။

အမွှေးတိုင် တစ်တိုင်ခန့် ကြာသောအခါ မယ်တော်ကြီးနှင့် ထိုက်ကွေ့ဖေးတို့ကို ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့က တစ်ဖက်တစ်ချက်စီမှ ထိန်းကိုင်လျက် မြင်းလှည်းပေါ်သို့ အရင်တက်စေသည်။

ကိုယ်လုပ်တော်များအားလုံး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး ယဲ့ယွင်သည် အိပ်ငိုက်လွန်း၍ ကြက်ကလေးများ အစာကောက်သလို ဆက်တိုက်ငိုက်ကျနေလေသည်။ အဆင့်မြင့်သူများအားလုံး မြင်းလှည်းပေါ် တက်ရောက်ပြီးသည်အထိ ခက်ခဲစွာ စောင့်ဆိုင်းပြီးမှ သူမလည်း နောက်မှ လိုက်တက်သွားသည်။

လင်ရှီးဥယျာဉ်မှ နန်းတော်သို့သွားရန် တစ်မနက်စာကြာမြင့်ရာ ဤအချိန်အတွင်း ခဏမျှ အိပ်စက်၍ ရနိုင်သည်။

ဟွေယွဲ့သည် စောင်တစ်ထည်ကို ယူလာ၍ ခင်းပေးလိုက်ပြီး သူမ၏ လက်ဝတ်ရတနာများကိုလည်း ဖြုတ်ပေးကာ ခေါင်းအုံးကိုမှီလျက် အိပ်စက်စေသည်။

ရာထူး နိမ့်ကျသဖြင့် မြင်းလှည်းမှာ အလွန် သေးငယ်ပြီး လှဲလျောင်းရန် မလုံလောက်ပေ။ ယဲ့ယွင်သည် သူမ၏ အပျိုအခန်းတွင် နေထိုင်စဉ်က မြင်းလှည်းလောက်ပင် မကြီးမားဟု တွေးမိလိုက်သည်။

အရှေ့ဘက်မှ ဝမ်ဖေးမှာမူ အလွန် သက်သောင့်သက်သာ ရှိလှသည်။ မြင်းလှည်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းကပ် လှဲလျောင်းလျှင်ပင် ကျယ်ဝန်းသေးသည်။

ထို့ကြောင့် ပိုမို ကောင်းမွန်သော နေထိုင်မှု အခြေအနေများအတွက်လည်း အပေါ်သို့ တက်လှမ်းရမည် မဟုတ်ပါလား။

ကံကောင်းသည်မှာ နင်ချန်သည် အလုပ်ရှုပ်မခံသူတစ်ဦးဖြစ်ရာ နန်းတော်တံခါးဝသို့ ရောက်သောအခါ မြင်းလှည်းပေါ်မှ ဆင်းပြီးသည်နှင့် တိုက်ရိုက်ဝေါတော်ကို စီးနင်းကာ မယ်တော်ကြီးကို ချီနင်နန်းဆောင်သို့ ပြန်လည် ပို့ဆောင်

ပေးခဲ့သည်။

မိဖုရားခေါင်ကြီးနှင့် ထိုက်ကွေ့ဖေးတို့သည်လည်း သဘာဝအတိုင်း လိုက်ပါသွားကြသည်။

နောက်ဘက်မှ ရှူးဖေးသည် မူလက ဟန်တစ်ချက်ပြချင်သေးသော်လည်း ဝမ်ဖေးက တိုက်ရိုက် မျက်နှာသာ မပေးဘဲ သူမ၏ဝေါယာဉ်ပျော့ပေါ်သို့ တက်ကာ အရင် ထွက်ခွာသွားသဖြင့် သူမလည်း လက်လျှော့လိုက်ရသည်။

ထို့နောက်တွင် 'ကျယ်ယွီ' အဆင့်နှင့် အထက်ရှိသူများအားလုံး ဝေါယာဉ် စီးနင်းခွင့် ရှိကြပြီး ယဲ့ယွင်ဟူသော ဤအဆင့်တစ်ဆင့်လိုသေးသည့် မိန်ရန်မှာမူ ပင်ပန်းဆင်းရဲစွာဖြင့် မိမိဘာသာ လမ်းလျှောက်ရလေသည်။

ပို၍ ပင်ပန်းဆင်းရဲရသူမှာ ကိုယ်ဝန်ဆောင်ထားသော ရှချိုက်ရန်ပင် ဖြစ်သည်။ ဧကရာဇ်သည် ခန့်မှန်းရသလောက် မေ့လျော့သွားပြီး ဝေါယာဉ် ချီးမြှင့်ခြင်း မရှိသဖြင့် သူမသည်လည်း အစေခံမလေးများ၏ ထိန်းတွဲပေးမှုဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်ရုံသာ တတ်နိုင်ခဲ့သည်။

ကံကောင်းသည်မှာ ကိုယ်ဝန်လမှာ မကြီးသေးသဖြင့် သိပ်တော့ မပင်ပန်းလှပေ။ သို့သော် စိတ်ထဲတွင်မူ မလွှဲမရှောင်သာ စိတ်မကောင်း ဖြစ်မိသည်။

.......

ယွီရှို့အဆောင် သို့ ပြန်ရောက်သောအခါ၊ နန်ကျစ်သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။ အဝေးမှအရိပ်ကလေးကို မြင်သည်နှင့် သူမ၏စကတ်ကိုမကာ ပြေးလာခဲ့သည်။

"ကျွန်တော်မျိုးမ မိန်ရန်ကို ဂါရဝပြုပါတယ်။" နန်ကျစ်သည် မျက်ရည်များ ဝဲလျက် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ထိုစဉ်က ယဲ့ယွင် ရာထူးတက်သည့်သတင်း လင်ရှီးဥယျာဉ်မှ ပြန်လည် ရောက်ရှိလာသည့်အခါ သူမသည် စိတ်လှုပ်ရှားလွန်း၍ ငိုကြွေးခဲ့သည်။ နောက်ပိုင်းတွင် ပရိယာယ်ဆင်ခြင်း ခံရခါနီး ဖြစ်ခဲ့ပြီး ထို့ကြောင့်သာ ဧကရာဇ်က နှစ်သိမ့်မှုအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်ဟု ကြားသိရသောအခါ သူမ၏စိတ်ထဲတွင် အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့သည်။

ယနေ့ လူကို တွေ့မြင်လိုက်ရမှသာ အမှန်တကယ် စိတ်အေးသွားရသည်။

"မြန်မြန် ထ၊ ငါ ကြည့်ပါရစေဦး။" ယဲ့ယွင်သည် သူမကို တစ်ချက် ထူပေးလိုက်ပြီး ပြုံးလျက် သူမ၏ပါးပြင်ကို ဆွဲညှစ်လိုက်သည်၊ "ဘယ်လိုဖြစ်လို့ ပိန်သွားတာလဲ။ တစ်ယောက်ယောက်က မင်းရဲ့ သုံးစွဲစရိတ်တွေကို လျှော့ပစ်လိုက်လို့လား။"

"မရှိပါဘူး မရှိပါဘူး။ မိန်ရန် ရာထူးတက်သွားတော့ နန်းတော်ထဲကလည်း ကြည့်နေတာလေ။ ကျွန်မတို့ ဒီအဆောင်ကို နည်းနည်းလေးတောင် လျစ်လျူမရှုပါဘူး။"

နန်ကျစ်သည် ပြုံးလျက် သူမ၏မျက်ဝန်းထောင့်ကို သုတ်လိုက်ပြီး အလျင်အမြန် ယဲ့ယွင်ကို ထိန်းကိုင်ကာ အခန်းထဲသို့ ဝင်သွားသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-34

အခန်း ၃၄ ။ ကြာပန်းဖြူလေး

နန်းတော်သို့ ပြန်ရောက်လျှင် ငြိမ်သက်မည် မဟုတ်ဟု မူလကတည်းက ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ အမှန်ပင် ဤသည်မှာ တတိယမြောက်နေ့မျှသာ ရှိသေးသော်လည်း ဧကရာဇ်သည် တော်ဝင်ဥယျာဉ်ကို ဖြတ်သန်းသွားစဉ် အတွင်းထဲ၌ သီချင်းတကျော်ကျော် ဆိုနေသော ကျန်းချိုက်နွီ (အဆင့် ၉) နှင့် တွေ့ဆုံခဲ့လေသည်။

( T/N - တိုးလာပြန်ပြီ:( ၊ မိန်းဇာတ်ကောင်တွေကိုပဲမှတ်ထားလိုက်ပါတော့ )

အစီအစဉ်အတိုင်းပင် ထိုညတွင် အတူတကွ အိပ်ဆောင်ခေါ်ခြင်း ခံလိုက်ရသည်။

ဤတစ်ယောက်မှာ မျိုးရိုးကောင်းသောလူအနည်းငယ်မှလွဲ၍ ကျန်ရှိသော လူသစ်များထဲမှ ပထမဆုံးတစ်ယောက် ဖြစ်လေသည်။

အတူတကွ ညအိပ်ပြီးနောက်တွင် ရာထူးတိုးမြှင့်ပေးခြင်း ခံရပြီး 'ပေါင်လင်' (အဆင့် ၈) ဖြစ်လာခဲ့သည်။

နောက်တစ်နေ့ ဂါရဝပြုချိန်တွင် လူတိုင်းသည် ဤလူသစ်လေးကို တွေ့မြင်လိုက်ရသည်။ ဘယ်လိုပြောရမလဲ။ ယဲ့ယွင်၏အဆိုအရမူ ၎င်းမှာ အတိအကျပင် ကြာပန်းဖြူလေး တစ်ပွင့် ဖြစ်လေသည်။

ထိုပုံစံမှာ သင်က စကားပြောသည့် လေသံ အနည်းငယ်မျှ ပြင်းလိုက်ရုံဖြင့် တစ်ဖက်လူကို ကြောက်လန့်တကြား ငိုသွားစေနိုင်သကဲ့သို့ ရှိသည်။

စိတ်ထဲမှ တွေးမိကြသည်မှာ ဒီတစ်ယောက်က 'နူးညံ့ပျော့ပျောင်းလွန်း၍ မိမိကိုယ်မိမိ မစောင့်ရှောက်နိုင်' ဆိုသော လမ်းစဉ်ကို လိုက်နေခြင်းပေလား?

သေချာစွာ စဉ်းစားကြည့်လျှင် ယခု မောင်းမဆောင်ထဲတွင် ဤသို့သော ပုံစံမျိုး အမှန်ပင် မရှိသေးပေ။

သင်က ယန်ပေါင်လင်ကို ထုတ်ပြောမည်ဆိုလျှင် ထိုတစ်ယောက်ကို နူးညံ့ပျော့ပျောင်းသည်ဟု မခေါ်ဘဲ ကြောက်ရွံ့တတ်သည်ဟုခေါ်ရမည် ဖြစ်ပြီး လက်များ၊ခြေများ ချည်နှောင်ခံထားရသကဲ့သို့ အလွန်ပင် သေးသိမ်သော အမူအရာရှိသည်။ ဤကျန်းပေါင်လင်မှာမူ အလွန် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး လူကို သူမအား နွယ်ပင်လေးတစ်ပင်ဟု ထင်မှတ်စေသော်လည်း အပြုအမူ အနေအထိုင်မှာမူ ကျက်သရေ ရှိလှသည်။

"နန်းတော်ထဲ ဝင်လာပြီးမှတော့ အရှင်မင်းကြီးကို ကောင်းကောင်း အမှုထမ်း၊ နန်းတွင်းစည်းကမ်းကို စောင့်ထိန်း၊ ဓလေ့ထုံးတမ်းကို လိုက်နာပြီး အရှင်မင်းကြီးအတွက် မျိုးဆက်ကို အမြန်ဆုံး တိုးပွားအောင် လုပ်ရမှာတာဝန်ပဲ။ဎ

မိဖုရားခေါင်ကြီးသည် တာဝန်အရလိုမျိုး စကားအနည်းငယ် ဆုံးမပြီးနောက် ဆက်လက်၍ စုချင် ကို ရွှေချထားသော ဆံထိုးတစ်ချောင်းကို ယူလာကာ ကျန်းပေါင်လင်အား ချီးမြှင့်စေသည်။

"မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့ သေချာပေါက် ဆုံးမစကားကို လိုက်နာပါ့မယ်။" ကျန်းပေါင်လင်သည် ဒူးထောက်၍ အရိုအသေပြုလိုက်ရာ အလွန်ပင် ကျိုးနွံလှသည်ဟု ဆိုနိုင်၏။

သူမ၏ ဤသို့သော အမူအရာသည် သဘာဝအတိုင်းပင် မိဖုရားခေါင်ကြီးကို ကျေနပ်စေသည်။ သို့သော် ကျန်းပေါင်လင် ခေါင်းငုံ့လိုက်စဉ် သူမ၏မျက်ဝန်းအိမ်ထဲမှ အေးစက်သော အငွေ့အသက်ကိုမူ မည်သူမျှ မမြင်တွေ့လိုက်ပေ။

"ထတော့၊ နေရာ ချီးမြှင့်လိုက်ပါ။" မိဖုရားခေါင်ကြီးသည် လက်ကာပြလိုက်သည်။

ယခု နန်းတော်ထဲမှ လူဦးရေမှာ ထိုမျှလောက် မများသေးပေ။ ဖုန်းရှီးနန်းဆောင်၏ ရှေ့ခန်းမဆောင်သည် ကျယ်ဝန်းသဖြင့် လူအားလုံး ထိုင်လိုက်လျှင်ပင် ပြဿနာ မရှိပေ။ နှောင်းဧကရာဇ် လက်ထက်တွင်မူ ဤမျှ မကောင်းမွန်ဘဲ ရာထူးနိမ့်သော ကိုယ်လုပ်တော်များအားလုံး မတ်တပ်ရပ်၍သာ ဂါရဝပြုရသည်။

အစဉ်အမြဲ အတူတကွ ညအိပ်ခွင့် ရသူသည် ပစ်မှတ် ဖြစ်သည်။ ကျန်းပေါင်လင်သည်လည်း မလွတ်မြောက်နိုင်ဘဲ ယန်ရှိုးရီသည် ပထမဆုံး စလိုက်သည်။

"ကျန်းပေါင်လင်က အသံကောင်းကောင်းလေး ပိုင်ဆိုင်ထားပြီး သီချင်းလေးတွေဆိုတာ အရမ်းကောင်းတယ်လို့ ကြားတယ်။ ပန်ကုန်းက ဇာတ်ပွဲကြည့်တာကို နှစ်သက်တဲ့သူပဲ၊ နောင်ကျရင် ဟန်လုရွှမ် (ယန်းရှိုးရီ၏ နန်းဆောင်) ကိုလာပြီး ပန်ကုန်းကို ဆိုပြပါဦး။"

ကိုယ်လုပ်တော်အဆင့် ၉ အထက် အဆင့်မှစ၍ ပန်ကုန်း ဟု မိမိကိုယ်မိမိ သုံးနှုန်းနိုင်သော်လည်း၊ ယန်ရှိုးရီသည် ဤသို့ သုံးနှုန်းလေ့ မရှိပေ။ ကြည့်ရသည်မှာ ယနေ့တွင် အခက်တွေ့အောင် လုပ်ချင်နေပုံရသည်။

ကျန်းပေါင်လင်သည် မျက်လုံးအသာပင့်ကြည့်ကာ အားနည်းသော အမူအရာဖြင့် သူမကို တစ်ချက် ကြည့်လိုက်သည်။ "ရှိုးယီမယ်မယ်က အမိန့်ရှိမှတော့ ဒီချန်းချဲ့က သဘာဝအတိုင်း မလိုက်နာဘဲ မနေရဲပါဘူး။ ဒါပေမဲ့ အများကြီး ဆိုလို့ မဖြစ်ဘူးလေ။ တကယ်လို့ အသံ ပျက်သွားပြီး အရှင်မင်းကြီးကို ဆိုမပြနိုင်တော့ရင် အဲ့ဒီအခါကျလို့ အရှင်မင်းကြီးက မေးလာခဲ့ရင် ဒီချန်းချဲ့လည်း ဖြေကြားရ ခက်နေမှာပေါ့။"

အံမယ်၊ အမှန်ပင် ဦးနှောက်မရှိသူ မဟုတ်ပေ။ ဤသည်မှာ ပေါင်လေးအောင်စအင်အားအနည်းငယ်ဖြင့် ပေါင်တစ်

ထောင်အင်အားကြီးကို ပုတ်ထုတ်လိုက်ခြင်း ဖြစ်ပြီး အလွန်ကောင်းမွန်စွာစကားဝိုင်းအား ကိုင်တွယ်သွားခဲ့သည်။

(ပေါင်လေးအောင်စအင်အားအနည်းငယ်

ဖြင့် ပေါင်တစ်ထောင်အင်အားကြီးကိုပုတ်ထုတ်လိုက်ခြင်း = စကားကို လွှဲချခြင်း)

ယဲ့ယွင်သည် ဘေးတွင် တိတ်တဆိတ် အခါးရည်သောက်ရင်း ပြဇာတ်ကြည့်ကာ ကျန်းပေါင်လင်သည်လည်း သာမန်မဟုတ်ဟု တွေးတောနေမိသည်။

"အိုး၊ မင်းက အရှင်မင်းကြီးကိုတောင် အကြောင်းပြပြီး ပြောရဲတယ်ပေါ့။ ပန်ကုန်းက မင်းကို အထင်သေးမိသွားတာပဲ။" ယန်ရှိုးရီသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ "များများ ဆိုလို့ မရမှတော့ ဒီနေရာမှာပဲ ညီမတွေကို နားထောင်ဖို့ နည်းနည်းလောက် ဆိုပြလိုက်လေ။"

နှစ်ပေါင်းများစွာ မျက်နှာသာ ရရှိခဲ့သည်မှာ အလကား မဟုတ်ပေ။ အခြေခံမရှိသော 'ပေါင်လင်' တစ်ယောက်ကို ပစ်မှတ်ထားလိုပါက အလွန်ပင် လွယ်ကူလှသည်။

ကျန်းပေါင်လင်၏မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားပြီး နှုတ်ခမ်းကို ကိုက်လျက် စကားပြန်မပြောဘဲ နေလိုက်သည်။

"ဘာလဲ၊ မိဖုရားခေါင်ကြီးကတောင် မင်းဆိုတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်လို့ မရဘူးလား။" လီဝမ်ရုန် သည် အေးစက်စွာ နှာမှုတ်လိုက်သည်။

ဤတစ်ယောက်သည် ယန်ရှိုးရီ ကို မှီခိုနေသူ ဖြစ်ရာ သဘာဝအတိုင်း ဝင်ရောက်ကူညီ ပြောဆိုခြင်း ဖြစ်သည်။

မိဖုရားခေါင်ကြီးမှာမူ အောက်မှ ကိုယ်လုပ်တော်ငယ်လေးများ အချင်းချင်း ရန်ဖြစ်နေကြသည်ကို ကြည့်ရင်း ပျော်ရွှင်နေသည်။ အတိုင်းအတာ မလွန်သမျှ သူမ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ကျန်းပေါင်လင်၏စိတ်ထဲတွင် အလွန် မုန်းတီးနေသော်လည်း မည်သူမျှ သူမကို ကူညီမည် မဟုတ်ပေ။ ထို့ကြောင့် မကျေမနပ်မှု အပြည့်ဖြင့် သီချင်း အပိုဒ်တိုလေးတစ်ပိုဒ်ကို ဆိုလိုက်ရသည်။

" ယန်ရှိုးရီနဲ့ ယန်ပေါင်လင်က အကကို ကျွမ်းကျင်တယ်။ ယိဝမ်ရုန်က ကဗျာစာပေကို ကျွမ်းကျင်တယ်။ ဖန်းချိုက်ရန်က စောင်းတီးတာကို ကျွမ်းကျင်တယ်။ ပန်ကုန်း ကြားတာ မိန်ချိုက်ရန် က ပန်းချီဆွဲတာကို ကျွမ်းကျင်တယ်တဲ့။ အခု ကျန်းပေါင်လင်က သံစဉ်တေးသွားကို ကျွမ်းကျင်တယ်။ မောင်းမဆောင်ထဲမှာ မင်းတို့တွေ ရှိနေတော့ အရှင်မင်းကြီးလည်း အထီးကျန်တော့မှာ မဟုတ်ဘူး။" မိဖုရားခေါင်ကြီးသည် ပြုံးလျက် ဆိုလိုက်သည်။

နားထောင်ကြည့်လျှင် လူကို ချီးကျူးနေသကဲ့သို့ ရှိသော်လည်း သေချာစွာ တွေးတောကြည့်မှ သူတို့သည် ဧကရာဇ်ကို အမှုထမ်းနေကြသည်မှာ မှန်သော်လည်း ဧကရာဇ်ကို ပျော်ရွှင်စေရမည့် အစေခံများ မဟုတ်ပေ။ ဤသို့ ပြောလိုက်ခြင်းသည် သူတို့ကို အလွန်ပင် တန်ဖိုးမရှိသူများ ဖြစ်သွားစေသည်။

သို့သော် မိဖုရားခေါင်ကြီး၏ စကားကိုလည်း ပြန်လည်ချေပရန် မကောင်းမွန်ပေ။ နန်းတော်ထဲ ဝင်လာသည်မှာ ဧကရာဇ်ကို ပျော်ရွှင်စေရန် မဟုတ်ပါဘူးလို့ ပြောရမှာလား။

သို့သော် မိဖုရားခေါင်ကြီးကို ဘာမှ မတတ်နိုင်သော်လည်း အခြား အပြစ်ရှာစရာများ ရှာမရနိုင်ဘူးတော့ဘူးလား။

"ဒီချန်းချဲ့က နည်းနည်းပါးပါး တတ်ကျွမ်းရုံပါပဲ။ မိဖုရားခေါင်ကြီးရဲ့ ချီးကျူးစကားနဲ့ မထိုက်တန်ပါဘူး။ ပြောရမယ်ဆိုရင် ဒီမောင်းမဆောင်ထဲမှာ အများစုက စာပေမျိုးရိုးက ညီမတော်တွေချည်းပဲ။ယဲ့မိန်ရန် တစ်ယောက်တည်းပဲ စစ်သူကြီးမျိုးရိုးက မွေးဖွားလာတာ ထင်တယ်။ ဒီ ကိုယ်ရည်ကိုယ်သွေးက အားလုံးနဲ့ သိပ်မတူဘူး။ ဒီလောက် ထူးခြားနေလို့ အရှင်မင်းကြီးက စိတ်ထဲမှာ ထည့်ထားတာ မဆန်းပါဘူး။ မနေ့ကတောင် ဒီချန်းချဲ့နဲ့ ပြောဖြစ်သေးတယ်။"

ကျန်းပေါင်လင်သည် ပြုံးလျက် စကားဆက်လိုက်ပြီး အပြစ်ကင်းစင်သော အမူအရာဖြင့် မနာလိုဖြစ်ဟန် အနည်းငယ်ပင် ဟန်ဆောင်ထားလိုက်သေးသည်။

"တို့တောင် ဒါက တို့ကို ချီးကျူးတာလား၊ ဝေဖန်တာလားဆိုတာ မခွဲခြားတတ်တော့ဘူးရှင်။ ဘာကို တို့က အားလုံးနဲ့ယှဉ်ရင်ကိုယ်ရည်ကိုယ်သွေး မတူဘူးလို့ ပြောတာလဲ။"

ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်သည်၊ ဤတစ်ယောက်က သူမထံသို့ တည့်တည့်မတ်မတ် ဝင်တိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ချန်းချဲ့ကြည့်ရတာ နန်းတော်ထဲက ညီမတော်တွေ အများစုက နူးညံ့ပြီး တည်ငြိမ်ကျက်သရေ ရှိကြတယ်။ အစ်မတော်ယဲ့ တစ်ယောက်တည်းပဲ တက်ကြွပြီး ပျော်ပျော်ရွှင်ရွှင် ရှိတာ" ကျန်းပေါင်လင်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာ အနည်းငယ် ထပ်မံ ပေါ်လာသည်။ "ပြောရမယ်ဆိုရင် ကျွန်မ ငယ်ငယ်တုန်းက ဆိုးတယ်။ ဆရာတစ်ယောက် ရှာပြီး လက်သီးပညာတွေတောင် သင်ချင်သေးတာ။ အဲ့ဒီတုန်းက မအောင်မြင်ခဲ့ဘူး။ အခု အစ်မတော်ယဲ့ကို မြင်မှ တကယ်ပဲ အားကျနေတာ။"

"အိုး၊ ဝမ်ဖေးမယ်မယ် ကြည့်ပါဦး။ နောက်တစ်ယောက်က ဒီချန်းချဲ့ကို စာပေမတတ်ဘဲ လက်သီးလက်မောင်းပညာပဲ သိတယ်လို့ လှောင်ပြောင်နေပြန်ပြီ။"

ယဲ့ယွင်၏ လှပသော မျက်ဝန်းများမှာ တစ်ချက် တင်းမာသွားပြီး သူမ၏အကြည့်များမှာ ကြောက်မက်ဖွယ်ရာ အေးစက်နေသော်လည်း မျက်နှာထက်တွင်မူ တိမ်တိုက်ကဲ့သို့ ပေါ့ပါးသော အပြုံးတစ်ချက်ကို ဆင်မြန်းထားသည်။

ဝမ်ဖေးသည် ပြုံးလိုက်သည်။ "မင်းရဲ့ ဒီစိတ်မျိုးနဲ့ လူကို ကြောက်အောင် မလုပ်လိုက်နဲ့ဦး။ ကျန်းပေါင်လင်က လင်ရှီးဥယျာဉ် က ကိစ္စကို မသိသေးဘူး။ နောက်ကျမှ မိန်ချိုက်ရန်ကို သွားမေးလိုက်၊ ဒီနန်းတော်ထဲမှာ စကားပြောရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အရင်ချိန်ဆကြည့်သင့်တယ်။"

"ဒီချန်းချဲ့ မှားမှန်း သိပါပြီ။ စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ယဲ့မိန်ရန် အပြစ်မယူဖို့ တောင်းပန်ပါတယ်။" ကျန်းပေါင်လင်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထရပ်ကာ အရိုအသေပေးသည်။

ယဲ့ယွင်သည် အခါးရည်ခွက်ကို ကစားနေရင်း သူမကို လုံးဝ ဂရုမစိုက်ပေ။

မိဖုရားခေါင်ကြီးသည် မျက်ဝန်းများကို အနည်းငယ် စုစည်းလိုက်ပြီး နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ "ယဲ့မိန်ရန်က အမြဲတမ်း စိတ်ထားဖြောင့်မတ်တယ်။ မင်း နောင်ကျရင် စကားပြောတာ အပြုအမူကို သတိထားပါ။ အားလုံး လူစုခွဲကြတော့။ ကျယ်ယွီ အဆင့်နဲ့ အထက်ကသူတွေ ပန်ကုန်းနဲ့အတူ မယ်တော်ကြီးကို ဂါရဝပြုဖို့ လိုက်ခဲ့ကြ။"

လူတိုင်း သဘောတူလိုက်ကြပြီး မိမိတို့ဘာသာ ထွက်ခွာသွားကြသည်။

ဖုန်းရှီးနန်းဆောင်၏ အပြင်ဘက်တွင်၊ ကျန်းပေါင်လင်သည် ယဲ့ယွင်၏နောက်သို့ လိုက်လာပြီး နှုတ်ခမ်းကို ကိုက်လျက် နူးညံ့စွာ အရိုအသေတစ်ချက် ပေးလိုက်သည်။

"ခုနက ကျွန်မက မိန်ရန်ကို စော်ကားမိတာပါ။ တကယ်ပဲ မရည်ရွယ်ဘဲ မှားသွားတာပါ။ မိန်ရန် က ဒီချန်းချဲ့ကို ခွင့်လွှတ်ပေးပါ။ မဟုတ်ရင် ဒီချန်းချဲ့ စိတ်ထဲမှာ အမြဲတမ်း ကြောက်ရွံ့ပြီး မတည်မငြိမ် ဖြစ်နေမှာပါ။"

"ဒါဆိုလည်း မင်း ဆက်ပြီး ကြောက်ရွံ့ပြီး မတည်မငြိမ် ဖြစ်နေလိုက်ပေါ့။"

ယဲ့ယွင်သည် သူမကို တစ်ချက်သာကြည့်လိုက်သည်။

ဤကြာပန်းဖြူလေးပုံစံသည် အမှန်တကယ်ပင် လူကို ရွံရှာစေသည်။

ကျန်းပေါင်လင်သည် တစ်ချက် ကြောင်သွားသည်။ ယဲ့ယွင်က ဒီလိုပြန်ပြောလာလိမ့်မယ်ဟု သူမ လုံးဝ မထင်ထားခဲ့သဖြင့် ခဏတာ ကသိကအောက် ဖြစ်သွားသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သရုပ်ဆောင်ပညာ ကောင်းမွန်သူ ဖြစ်ရာ တစ်ခဏအတွင်းမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မျက်ဝန်းများမှာ ရုတ်တရက် နီရဲလာကာ မျက်ရည်စ အနည်းငယ် ကျဆင်းလာသည်။

"ဒီချန်းချဲ့ မှားမှန်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ မိန်ရန်က ချန်းချဲ့ကို ခွင့်မလွှတ်ဘူး ဆိုတော့ ချန်းချဲ့ တကယ်ပဲ စိတ်မအေးနိုင်ပါဘူး။ တကယ်ပဲ ဘယ်လိုလုပ်မှ မိန်ရန်က ဒီချန်းချဲ့ကို လွှတ်ပေးမှာလဲ။"

စကားဆုံးသည်နှင့် ထိုခြေထောက်နှစ်ဖက်သည် ပျော့ခွေသွားပြီး အောက်သို့ ဒူးထောက်ရန် ပြင်လိုက်သည်။

ယဲ့ယွင်၏ မျက်ဝန်းများ နက်မှောင်သွားပြီး လက်လှမ်းကာ ထိုလူကို ဆွဲထားလိုက်သည်။ နန်ကျစ်သည်လည်း သတိဝင်လာပြီး အလျင်အမြန် ထိုလူကို ထိန်းချုပ်ထားလိုက်သည်။

ဤသည်မှာ ဖုန်းရှီးနန်းဆောင်၏ အပြင်ဘက်တွင် ရှိနေသေးသည်။ အကယ်၍ အမှန်တကယ် သူမကို ဒူးထောက်ခိုင်းလိုက်ဖို့ မဖြစ်နိုင်ပေ။

ယခင်က သူမ မောက်မာသည်မှာ အကြောင်းပြချက် ရှိသောကြောင့် ဖြစ်ပြီး စိတ်ကြီးသည်ဟုသာ သတ်မှတ်နိုင်သည်။ အခြားသူများ မည်သို့ပင် ပြောစေကာမူ မကြောက်ပေ။ ယနေ့တွင်မူ သူမက ကျန်းပေါင်လင်ကို ခွင့်မလွှတ်ချင်ခြင်းသာ ဖြစ်ပြီး ကျန်းပေါင်လင် ဒူးထောက်လိုက်သည်နှင့် သူမကို အကျိုးအကြောင်း မသိသူ၊ အမှန်တကယ် မောက်မာသူ ဖြစ်သွားစေမည် ဖြစ်သည်။

"တို့က အစကတည်းက မင်းလို ပေါင်

လင်လေးကို မျက်စိထဲကို မထည့်တာ။ ဘာကို လွှတ်ပေးတယ် မလွှတ်ပေးဘူးတွေ ပြောနေတာလဲ။ မင်းက ကြက်သွန်မြိတ်မို့လို့လား။ တို့စိတ်ထဲ ထည့်ထားရလောက်

အောင်ထိ မင်းကဘာတွေများတန်ဖိုးရှိနေလို့လဲ။”

"ဒီနေ့ လူအများကြီး ရှိနေတုန်း မင်း မပြောဘဲ အခုမှ တမင်တကာ ငါ့ကို လာပြီး ရန်စတယ်။ ငါ့အိမ်မှာ အဖေက အကာအကွယ် မပေးနိုင်တော့ဘူးဆိုတာကို ကြည့်ပြီး ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်နေတာလား။"

"ငါ့ကို နင်းပြီး အပေါ်တက်ချင်ရင် အရင်ဆုံး ကိုယ့်ရဲ့အလေးချိန်ကို အရင် ချိန်ဆကြည့်ဦး။ အဖေ မရှိတော့ဘူး ဆိုရင်တောင် ငါက နယ်စားမင်းအိမ်တော်က မွေးဖွားလာတာ။ ဒါ့အပြင် နန်းတော်ထဲ ဝင်ပြီးမှတော့ အိမ်ကို ဘာလို့ ကြည့်နေသေးလဲ။ ငါ့ကို နင်းချင်ရင် အရင်ဆုံး အရှင်မင်းကြီးရဲ့ သဘောထားကို သွားမေးလိုက်ဦး။"

ယဲ့ယွင်သည် စကားတစ်လုံးချင်းစီဖြင့် ကျန်းပေါင်လင်၏စိတ်ထဲမှ အတွေးများကို အကြင်နာတရား ကင်းမဲ့စွာ ဖွင့်ချလိုက်ပြီး အေးစက်စွာ နှာမှုတ်ကာ လက်ကိုခါလျက် ထွက်ခွာသွားလေသည်။

ကျန်းပေါင်လင်သည် သူ့အစေခံမလေးအပေါ် ပစ်လှဲရင်း ကြောင်ငေးလျက် ကျန်ခဲ့လေသည်။

***

All Chapters