← Chapters

အခန်း (၂၁၁)

Vol. 22 Ch. 211

အခန်း (၂၁၁)

Vol. 22 Ch. 211

ကောင်းကင်လျှို့ဝှက်ချက်၊ ကောင်းကင်ဘုံလက်ရာ၊ ရေကျမ်းလက်ရာ နှင့် အတွင်းဝန် တို့အားလုံးသည် သူတို့၏ အကြည့်များကို ဘဏ်လုပ်ငန်းရှင် ဆီသို့ စုပြုံပို့ထားလိုက်ကြသည်။

ဘဏ်လုပ်ငန်းရှင်၏ လေသံမှာ ငြင်းပယ်တော့မည့် ရှေ့ပြေးနိမိတ်တစ်ခုလိုပင်။

သူတို့အားလုံး ဘဏ်လုပ်ငန်းရှင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ဘဏ်လုပ်ငန်းရှင်၏ လေသံမှာ အလွန်တည်ငြိမ်ပြီး မည်သည့်ခံစားချက်မျှ မပါဝင်သယောင်ရှိသည်။

"တိုက်စောင့်ရတနာဆိုတာ အလွန်ကို အရေးကြီးတဲ့ အရာပါ..."

"ဒါတွေက ရတနာသက်သက် မဟုတ်ဘူး။ ညစ်ညမ်းမှုတွေကို ဖိနှိပ်ထိန်းချုပ်ပေးထားတဲ့ အစွမ်းထက်တဲ့ အရာတွေလည်း ဟုတ်တယ်။ မကြာသေးခင်ကပဲ ရတနာတိုက်ထဲမှာ ညစ်ညမ်းစေတဲ့ အရာတွေ ပိုများလာတယ်။ နောက်ထပ် နက်နဲတဲ့ ကျောက်အုတ်ချပ်တစ်ခု ပေါ်လာခဲ့ပေမဲ့ ထိန်းသိမ်းထားရတဲ့ ညစ်ညမ်းပစ္စည်းတွေ များလာတာနဲ့အမျှ လုံခြုံရေးဇုန်ရဲ့ အကာအကွယ်ဒိုင်းတွေဟာ နေ့စဉ်နဲ့အမျှ တိုက်စားခံနေရတယ်..."

"အခြေအနေက အကောင်းမြင်လို့ မရဘူး။ ဒီရတနာလေးခုတည်းနဲ့ တောင့်ခံထားနိုင်ဖို့ မလွယ်တော့ဘူးလို့ ငါစိုးရိမ်မိတယ်။ ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာ..."

"ကောင်းကင်လျှို့ဝှက်ချက်... မင်းလည်း ဒါကို ကြိုမြင်နိုင်တယ် မဟုတ်လား ဆူပူမှုဖြစ်လာနိုင်တဲ့ အချက်တွေက အမြစ်တွယ်နေပြီ။ တစ်ခါ ဆူပူမှုဖြစ်ပြီဆိုရင် ညစ်ညမ်းမှုအားလုံးကို ပြန်နှိမ်နင်းဖို့ ငါတို့ဘက်က ပေးဆပ်ရမယ့် အသက်အန္တရာယ်တွေက အလွန်နာကျင်ဖို့ ကောင်းလိမ့်မယ်။ ဒါကို ကောင်းကင်လျှို့ဝှက်ချက်နဲ့ အတွင်းဝန်တို့ ကြိုတင် မြင်ယောင်နိုင်ပါတယ်။ ဒါကြောင့် ရတနာလေးခုစလုံးက ရတနာတိုက်ထဲမှာပဲ ရှိနေသင့်တယ်"

ဘဏ်လုပ်ငန်းရှင်၏ ခွဲခြမ်းစိတ်ဖြာချက်မှာ အကျိုးအကြောင်း ခိုင်လုံလွန်းလှသဖြင့် ငြင်းပယ်ရန် ခက်ခဲလှသည်။

အတွင်းဝန်ကလည်း အလွန်အမင်း သဘောတူသည့်အလား ခေါင်းညိတ်လိုက်သည်။

"လုံခြုံရေးဇုန်က လူသားတွေကို နှစ်ပေါင်းနှစ်ရာနီးပါး ကာကွယ်ပေးခဲ့ပေမဲ့ ဒီနှစ်တွေအတွင်း လူသားတွေဟာ အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် အဆုံးအဖြတ်မျိုး မလုပ်နိုင်ခဲ့ကြဘူး။ အဲဒီအစား ကြီးမားတဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကိုပဲ စိုက်ပျိုးခဲ့ကြတယ်။ ဥပမာ လုံခြုံရေးဇုန်ထဲက ညစ်ညမ်းပစ္စည်းတွေလိုမျိုးပေါ့။ မဝေးတော့တဲ့ အနာဂတ်မှာ ဆူပူသောင်းကျန်းမှုတစ်ခု အပြင်းအထန် ဖြစ်ပွားလာတော့မယ်ဆိုတာ ခန့်မှန်းရသိပ်မခက်ပါဘူး"

ကဲ... ဒါဆိုရင် ဒုတိယမြောက် ထိပ်တန်းခေါင်းဆောင်ကရော ကန့်ကွက်တဲ့သဘောထား ရှိနေတာလား။

အရပ် ၁.၄ မီတာသာရှိသည့် ကောင်းကင်ဘုံလက်ရာက စားပွဲကို ခေါက်လိုက်ပြီး အားလုံးကို ဝေ့ကြည့်ကာ "ငါက နေ့တိုင်း ရတနာတိုက်နဲ့ ထိတွေ့နေရသူဖြစ်လို့ ဆူပူမှုရဲ့ ပြင်းထန်မှုကို ငါသိတယ်။ ဒါပေမဲ့ ဒီအဆောင်လက်ဖွဲ့တွေရဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကိုလည်း ငါသိနေတယ်"

"ငါမေးချင်တာက... ဒီ တိုက်စောင့်ရတနာ တစ်ခုကို ဆုလာဘ်အဖြစ် ပေးဖို့က တကယ်ပဲ မဖြစ်နိုင်တာလား။ အဆောင်လက်ဖွဲ့စနစ်သစ်တစ်ခုလုံးကို တစ်ဦးတည်းနဲ့ ဖန်တီးခဲ့တဲ့ စူပါပါရမီရှင်အတွက်တောင် မပေးနိုင်ဘူးလား။ မင်းတို့ နားလည်ထားဖို့က ကောင်းကင်ဘုံတောင်ထိပ်က ဒီဆန်းကြယ်တဲ့ သင်္ကေတတွေကို ၇၃ နှစ်ကြာအောင် သုတေသနလုပ်ခဲ့တာတောင် ဘာရလဒ်မှ မထွက်ခဲ့ဘူး"

"ဒါပေမဲ့ အခုကော ပါရမီရှင်တစ်ယောက်က အဲဒါတွေကို အဓိပ္ပာယ်ဖော်လိုက်ပြီး ကျင့်ကြံမှုနှုန်းကို ၅၀% မြှင့်တင်ပေးနိုင်တဲ့ အဆတိုးရတနာအဆောင်ငယ် ကို ဖန်တီးလိုက်ပြီ။ ဒါက ငါတို့ရဲ့ စူပါပါရမီရှင်တွေကို ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်ဆီ ရောက်ဖို့ ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ပိုမြန်အောင် လုပ်ပေးနိုင်လိမ့်မယ်"

"တစ်နည်းအားဖြင့်ပြောရရင် နောက်အနှစ် ၂၀ ကြာရင် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့တွေ အများကြီး ပေါ်ထွက်လာတော့မယ်။ ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုမျိုးကိုတောင် မင်းတို့က လိုက်လျောဖို့ အဆင်မပြေဘူးလား"

"ဆူပူမှုဖြစ်မှာ ကြောက်နေတယ်ဆိုရင် ညစ်ညမ်းပစ္စည်းတချို့ကို လုံခြုံရေးဇုန် အပြင်ဘက်ကိုပဲ ထုတ်ပစ်လိုက်ရုံပဲပေါ့"

"ဘာပဲဖြစ်ဖြစ်... စူပါပါရမီရှင်တွေကို ပြုစုပျိုးထောင်တာက အရေးကြီးဆုံးပဲ။ လူရှိမှ အရာအားလုံး ရှိမှာ။ အသေးအဖွဲကိစ္စအတွက်နဲ့ အဓိကအချက်ကို အဆုံးရှုံးမခံပါနဲ့"

ထိုခိုင်မာပြတ်သားလှသော အရပ်ပုပု အမျိုးသမီးကြီး၏ စကားများကြောင့် ကောင်းကင်

လျှို့ဝှက်ချက်၊ ရေကျမ်းလက်ရာ၊ အတွင်းဝန်နှင့် ဘဏ်လုပ်ငန်းရှင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားရသည်။

သူတို့ စကားမဆိုနိုင်ဘဲ တွေဝေနေကြသည်မှာ ဤဆုံးဖြတ်ချက်က တကယ်ကို ခက်ခဲလွန်းလှသောကြောင့်ပင်။

တစ်ဖက်တွင်မူ ဆုလာဘ်ပေးကာ မြေတောင်မြှောက်ပေးထိုက်သော စူပါပါရမီရှင် ရှိနေပြီး အခြားတစ်ဖက်တွင်မူ လုံခြုံရေးဇုန်၏ ရတနာတိုက်အတွင်း ဖြစ်ပေါ်လာနိုင်သော ဆူပူသောင်းကျန်းမှုနှင့် ၎င်းကို နှိမ်နင်းရာတွင် ကြုံတွေ့ရမည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်။

ညစ်ညမ်းပစ္စည်းများကို လုံခြုံရေးဇုန်အပြင်ဘက်သို့ စွန့်ထုတ်လိုက်ခြင်းကလည်း ခြိမ်းခြောက်မှုကို ပိုမိုကြီးမားလာစေနိုင်သည်။ အဆိုပါ ညစ်ညမ်းပစ္စည်းတစ်ခုချင်းစီမှာ လူသားများလက်ထဲတွင် အာနိသင်မပြနိုင်သော်လည်း မိစ္ဆာသားရဲများလက်သို့ ရောက်ရှိသွားပါက လူသားကျင့်ကြံသူများအတွက် အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ အမှန်စင်စစ် ဤညစ်ညမ်းပစ္စည်းများကို လူသားကျင့်ကြံသူများ၏ အသက်သွေးချွေးများစွာ ရင်းနှီး၍ ခက်ခဲစွာ ဖိနှိပ်ချုပ်တည်းထားရခြင်းပင်။

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတော့သည်။ သူတို့ ငါးဦးစလုံးမှာ နောက်ထပ်တစ်ကြိမ် ခက်ခဲသော ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်နေရခြင်းပင်။ မည်သည့်ရွေးချယ်မှုမျိုးမဆို လွယ်ကူချောမွေ့ခြင်းမရှိဘဲ စိုးရိမ်စရာများဖြင့်သာ ပြည့်နှက်နေသည်။

နောက်ဆုံးတွင် အမြဲတမ်း အေးစက်တည်ငြိမ်တတ်သော ဘဏ်လုပ်ငန်းရှင်သည် နှာခေါင်းပေါ်ရှိ ရွှေရောင်မျက်မှန်ကို အသာအယာ ပင့်တင်လိုက်သည်။ သူသည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် အလွန်တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့်….

"ကောင်းပြီလေ... သူ့ကို တိုက်စောင့်ရတနာ တစ်ခု ရွေးပြီး ယူခွင့်ပေးလိုက်ပါ။ နံမည်မဲ့လေးလံလှံဖြစ်ဖြစ်၊ ရှေးဟောင်းနက်နဲကျောက်အုတ်ဖြစ်ဖြစ်၊ အလင်းလိပ်ခွံဖြစ်ဖြစ်၊ ကျောက်စိမ်းစင်ကြယ်မိုးမခသားဖြစ်ဖြစ်ပေါ့... အင်း... မိုးမခသား ကိုတော့ ယူခွင့်မပေးနဲ့ဦး။ အဲဒါရဲ့ နည်းဗျူဟာမြောက် တန်ဖိုးက အမြင့်ဆုံးပဲမို့လို့"

"ဟင်"

ဘဏ်လုပ်ငန်းရှင်၏ စကားကို ကြားလိုက်ရသည့်အခါ ကောင်းကင်လျှို့ဝှက်ချက်၊ ကောင်းကင်ဘုံလက်ရာ၊ ရေကျမ်းလက်ရာနှင့် အတွင်းဝန်တို့အားလုံး အံ့အားသင့်သွားကြသည်။

ဒါ ဘာတွေဖြစ်ကုန်တာလဲ။

အမြဲတမ်း တွန့်တိုပြီး အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်တတ်တဲ့ ဘဏ်လုပ်ငန်းရှင် က ဒီတစ်ခါတော့ ရက်ရောပြနေတာလား။ သူတို့တွေက ဘဏ်လုပ်ငန်းရှင်နဲ့ လက်တွဲလာတာ နှစ်

ပေါင်းတစ်ရာကျော်ပြီဖြစ်လို့ သူ့သဘာဝကို ကောင်းကောင်းသိကြသည်။

သူသည် ယုန်မမြင်ရင် ပိုက်ကွန်မပစ်တတ်တဲ့စက်ရုပ်တစ်ရုပ်လို လူမျိုးဖြစ်သည်။

ငွေစာရင်း တွက်ချက်တဲ့အခါမှာလည်း ဘယ်လိုခံစားချက်မျိုးမှ မထားဘဲ အကြွင်းမဲ့ အကျိုးအမြတ်အတွက်သာ လုပ်ဆောင်လေ့ရှိသည်။ ထိုကဲ့သို့ အေးစက်လွန်းလှခြင်းကြောင့်သာ ဟွာရှ၏ စီးပွားရေးမှာ နှစ်ပေါင်းနှစ်ရာကြာ ခက်ခဲသော တိုက်ပွဲများကြားတွင်ပင် ကြီးကြီးမားမား လှုပ်ခတ်မှုမရှိဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။ သူသည် ရှုပ်ထွေးလှသော ကိန်းဂဏန်းများကြားမှပင် မည်သည့်မိသားစု၊ မည်သည့်အင်အားစုက ဘာတွေကြံစည်နေသလဲဆိုသည်ကို ကြိုတင်မြင်နိုင်စွမ်းရှိသူဖြစ်သည်။

ထို့ကြောင့် သူသည် ကျောင်းအုပ်ကြီး ချန်ချီ၏ တောင်းဆိုချက်ကို အကြောင်းမဲ့ သဘောတူမည်မဟုတ်ပေ။

အတွင်းဝန်က အံ့ဩတကြီး မေးလိုက်သည်။

"ဟင် ဘဏ်လုပ်ငန်းရှင်... မင်းက တကယ်ပဲ ဒီအန္တရာယ်ထက် ရရှိလာမယ့် အကျိုးကျေးဇူးက ပိုများမယ်လို့ ထင်နေတာလား။ ညစ်ညမ်းမှုတွေ ဆူပူလာနိုင်တဲ့ ကြီးမားတဲ့ စွန့်စားမှုရှိနေတာတောင် ရတနာတိုက်ထဲက ဆုလာဘ်ကို ပေးမယ်ဆိုတာ မင်းလုပ်လေ့ရှိတဲ့ ပုံစံမျိုး မဟုတ်ဘူးနော်"

ကောင်းကင်ဘုံလက်ရာကလည်း သံသယဖြင့် စူးစိုက်ကြည့်ကာ "ဟုတ်တယ် ဟုတ်တယ်။ ဘဏ်လုပ်ငန်းရှင် ဒီလိုမျိုး ဆုံးဖြတ်ချက်ချဖို့ဆိုတာ ဒီနေ့ နေက အနောက်ဘက်က ထွက်လာလို့လား"

လူတိုင်း၏ သံသယများနှင့် ရင်ဆိုင်ရချိန်တွင် ဘဏ်လုပ်ငန်းရှင်သည် နှာခေါင်းပေါ်ရှိ ရွှေရောင်မျက်မှန်ကို အသာအယာ ပင့်တင်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။

"ငါ့မှာလည်း ထည့်သွင်းစဉ်းစားစရာတွေ ရှိပါတယ်။ စဉ်းစားကြည့်ပါဦး... ရွှီရန်က အခုတောင် အဆတိုးရတနာအဆောင်ငယ်ကို ရေးထွင်းနိုင်နေပြီဆိုရင်... နောင်တစ်ချိန်မှာ တခြားအဆောင်အမျိုးအစားတွေကိုလည်း သူ ရေးထွင်းနိုင်လာလိမ့်မယ်လို့ မဆိုလိုနိုင်ဘူးလား"

"ပြီးတော့ လူတိုင်းသိကြတဲ့အတိုင်း ရွှီရန်က လုံခြုံရေးဇုန် ရတနာတိုက်ရဲ့ သတ္တမထပ်မှာ အလင်းလိပ်ခွံကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးတယ်။ ဆဋ္ဌမမြောက်ခရိုင်ရဲ့ တပ်မှူးကြီးက ပြောပြခဲ့တာတော့... ရွှီရန်က အဲဒီလိပ်ခွံပေါ်မှာ အဆောင်လက်ဖွဲ့တစ်မျိုးကို မှတ်တမ်းတင်ထားတယ်လို့ ယုံကြည်နေတာတဲ့"

ဘာသာပြန်သူ၏ မှတ်ချက်။ ဘဏ်လုပ်ငန်းရှင်၊ရေကျမ်းလက်ရာ၊ကောင်းကင်ဘုံလက်ရာ၊ ကောင်းကင်လျှို့ဝှက်ချက်နဲ့ အတွင်းဝန်တို့ဆိုတာက မူရင်းထဲအတိုင်းဘာသာပြန်ပေးထားတာပါနော်။ ပေါက်ကရနာမည်တွေလျှောက်ပေးတာမဟုတ်ဘူးနော်။ ဖတ်ရှုပေးလို့ကျေးဇူးပါရှင့်

All Chapters