အခန်း (၂၁၄)
Vol. 22 Ch. 214
စကားဆုံးသည်နှင့် ရွှီရန်က ကျားမလေး၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ လှည့်ထွက်လာခဲ့သည်။ သူသည် သီချင်းတညည်းညည်းနှင့် ကလေးငယ်များရှိရာ ကစားကွင်းဆီသို့ ဦးတည်လိုက်သည်။
ယနေ့အတွက် နောက်ထပ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်သော မိစ္ဆာစကားသံနှင့် ကြောက်ရွံ့မှု ရှင်းလင်းခြင်းတို့ကို စတင်တော့မည်ဖြစ်သည်။
ကလေးငယ်များမှာ မှတ်ဉာဏ်တိုကြသူများပီပီ... နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ရွှီရန်ကို မြင်သည်နှင့် သူတို့၏ ခြေတံတိုလေးများဖြင့် ပြေးလာကာ ချီခိုင်းကြသော်လည်းနောက်တစ်စက္ကန့်တွင်မူ မိစ္ဆာစကားသံကြောင့် စိတ်ဓာတ်များ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားရရှာသည်။
ငိုယိုသံများ ဆူညံသွားသည့်ကြားမှ ရွှီရန်က ကြောက်ရွံ့မှု ရှင်းလင်းခြင်း စွမ်းရည်ကို ထုတ်လွှတ်ပေးလိုက်သည်။ ဤသို့ဖြင့် ထိုသံသရာကို အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးနောက် ရွှီရန်က သူတို့လေးတွေကို ဆန်းကြယ်သော ခြေလှမ်းများကို စတင်သင်ကြားပေးတော့သည်။
"ယေး ယေး အစ်ကိုရန်... သား တတ်သွားပြီ သား တတ်သွားပြီ"
"သမီးက... ဝါးးး ဝါးးး... သမီးက မတတ်သေးဘူး။ သမီးက ငတုံးလား"
"ငါက ကမ္ဘာပေါ်မှာ အညံ့ဆုံးလူပဲ"
ကလေးငယ်လေးများသည် သူတို့၏ ချစ်စဖွယ်ကောင်းသော လေသံလေးများဖြင့် အပြိုင်အဆိုင် ငြင်းခုံနေကြသည်။ ရွှီရန်က အားရပါးရ ရယ်မောလိုက်သည်။
"ကဲ... ကဲ... အားလုံးပဲ သေချာမှတ်သားပြီး လေ့ကျင့်ထားကြနော်။ မနက်ဖြန်ကျမှ အစ်ကိုက မင်းတို့ကို ထပ်ပြီး အနိုင်ကျင့် ဖို့ လာခဲ့မယ်"
"အစ်ကိုရန်... မသွားပါနဲ့ဦး..."
"သားတို့နဲ့ ထပ်ကစားပါဦး... သား ဝှက်ထားတဲ့ ချောကလက်လေး ပေးမှာမို့လို့ပါ..."
ကလေးငယ်များ မည်မျှပင် ချစ်စဖွယ်ကောင်းနေစေကာမူ ရွှီရန်ကမူ မျက်မှောင်တစ်ချက် ကြုတ်ရုံမျှသာ တုံ့ပြန်ခဲ့သည်။ သူသည် နှလုံးသားကင်းမဲ့ပြီး စည်းကမ်းတကျ လည်ပတ်နေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ပင်။ ထို့ကြောင့် ရွှီရန်သည် လက်ပြနှုတ်ဆက်လျက် ခန့်ညားထည်ဝါသော ကျောပြင်ကိုသာ ချန်ထားရစ်ခဲ့ပြီး ထွက်ခွာသွားပါတော့သည်။
ရွှီရန်အတွက်မူ တစ်နေ့တာအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ စိတ်ကူးယဉ်ကစားနည်းတစ်ခုအတွင်းရှိ တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နေရသကဲ့သို့ တစ်ခုပြီးတစ်ခု စနစ်တကျ လုပ်ဆောင်ရသော ကိုယ်ပိုင်စည်းကမ်းရှိမှု ဆိုင်ရာ အလုပ်များက သူ့အား အနှိုင်းမဲ့သော ကျေနပ်မှုကို ပေးစွမ်းနေသည်။ စည်းကမ်းရှိလေလေ ပိုမိုသန်မာလာလေလေ ဖြစ်သောကြောင့် သူသည် ဤကဲ့သို့ နေထိုင်ရသည်ကို ပိုမိုနှစ်သက်လာခဲ့သည်။
သို့သော် ရွှီရန်၏ အံ့အားသင့်ဖွယ် တိုးတက်မှုများနှင့် နှိုင်းယှဉ်ပါက အခြားသော စူပါပါရမီရှင်များအတွက်မူ အခြေအနေမှာ တကယ့်ကို ခက်ခဲလွန်းလှသည်။ စူပါပါရမီရှင် အချင်းချင်းကြားမှာပင် ကွာခြားချက်များစွာ ရှိနေသည်။ တစ်ဦးနှင့်တစ်ဦး စွမ်းအင်ပမာဏ ကွာခြားကြရာ ရွှီရန်က အမြဲတမ်း တက်ကြွလန်းဆန်းနေသော်လည်း အခြားသူများမှာမူ ပြင်းထန်သော လေ့ကျင့်မှုများအပြီးတွင် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်တော့မည့် စက်ပစ္စည်းများကဲ့သို့ပင်။
ထိုကဲ့သို့ အဆုံးစွန်ထိ ပင်ပန်းနွမ်းနယ်နေသည့်ကြားမှ လှေကားထစ်များပေါ်တွင် အိပ်မောကျနေစဉ်၌ပင် သူတို့၏ စိတ်ထဲ၌ "ငါ ပျင်းနေမိပြီ။ ငါ အချိန်တွေ ဖြုန်းနေမိပြီ။ ငါက အသုံးမကျသူပဲ" ဟူသော အပြစ်ရှိစိတ်များက ကြီးစိုးနေဆဲပင်။
စူပါပါရမီရှင် အယောက်နှစ်ဆယ်အနက် ကျားမလေးနှင့် ကျူးယွီဟန်နှစ်ဦးတည်းသာလျှင် အဆတိုးရတနာအဆောင်ငယ်အတွင်း ပါဝင်သော စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို ကြံ့ကြံ့ခံနိုင်ကြသည်။ ပိုင်ယွဲ့ နှင့် ဖုန်းယန်တို့ကဲ့သို့ ထိပ်တန်းအဆင့်များတောင်မှ အဆိုပါ နာကျင်မှုကို အတော်လေး ခံစားနေကြရသည်။
"ဒါ ငါ့ရဲ့ ပြဿနာပဲ ဖြစ်ရမယ်"
"မမလျိုလီနဲ့ ကျူးယွီဟန်တို့က ဘာမှမဖြစ်သလို နေနိုင်ကြတာပဲ။ ဒါက ဘာကိုပြလဲဆိုတော့ ငါတို့တွေက အပျင်းကြီးတာကို ကျင့်သားရနေခဲ့လို့ပဲ တကယ် အားစိုက်ထုတ်ရမယ့်အချိန်ကျတော့ ခွေးပိန်လေးတွေလို အားနည်းနေကြတာပေါ့"
"ရှေ့ဆက်တိုးရုံပဲရှိတယ် ဒီနာကျင်တဲ့ကာလကို အောင့်အည်းသည်းခံလိုက်ရင် မင်းလည်း ရှောင်ရန်လေးလို ထူးချွန်လာမှာပဲ"
"မင်းသာ အခက်အခဲတွေကို ခါးစည်းခံဖို့ အသင့်ဖြစ်နေရင် မင်း ပျော်ရွှင်လာလိမ့်မယ်"
"ငါလည်း အတူတူပဲ"
အဆတိုးရတနာအဆောင်ငယ်မှ ထွက်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုမှာ အမှန်စင်စစ် အလွန်ပင် ပြင်းထန်လှသည်။ စူပါပါရမီရှင် ကလေးငယ်များမှာ မိမိတို့ကိုယ်ကို အကောင်းမြင်စိတ်ဓာတ်များ အတင်းအဓမ္မ ရိုက်သွင်းနေကြရသည်။ အမြဲတမ်း ပျင်းရိတတ်သော ကျူးကော်ဟွမ်ကျင်းပင်လျှင် ချွေးများ တရွှဲရွှဲထွက်နေသည့်ကြားမှ စိတ်လှုပ်ရှားကာ တက်ကြွနေပြီး တစ်စုံတစ်ခုကို ဂုဏ်ယူနေသည့် ပုံစံမျိုး ပေါက်နေသည်။
စင်မြင့်ထက်မှနေ၍ တစ်နေကုန် တိတ်ဆိတ်စွာ အကဲခတ်နေသော ကျောင်းအုပ်ကြီးမှာလည်း စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
“ဒါက ငါအုပ်ချုပ်ခဲ့သမျှထဲမှာ အဝီရိယအရှိဆုံး အတန်းပဲ။ ကလေးတွေက တက်ကြွမှုတွေနဲ့ ပြည့်နှက်နေတာပဲ။ သူတို့က မနက်ခင်း ကိုးနာရီမှာ ထွက်ပေါ်လာတဲ့ နေမင်းကြီးတွေလိုပဲ”
ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အတွင်းရေးမှူးထံသို့ “ထူးချွန်တဲ့ ကုထုံးပညာရှင် အယောက်နှစ်ဆယ်လောက်ကို ဒီကိုလာဖို့ စီစဉ်လိုက်ပါ။ ဒီညအရောက် လာခိုင်းလိုက်” ဟု ညွှန်ကြားလိုက်သည်။
အတွင်းရေးမှူးထံမှ အကြောင်းပြန်ကြားချက် ရရှိပြီးနောက် ကျောင်းအုပ်ကြီး၏ အကြည့်များမှာ တည်ကြည်သွားကာ “ကောင်းကင်ဘုံတောင်ထိပ်ကသာ ငါ့ရဲ့အစီအစဉ်ကို သဘောတူမယ်ဆိုရင် တခြားမူကြိုကျောင်းတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ကုထုံးအဖွဲ့တွေကို ခေါ်လာဖို့ လိုလိမ့်မယ်။ ဒီလောက် ပြင်းထန်တဲ့ လေ့ကျင့်မှုမျိုးဟာ ကျင့်ကြံသူတွေရဲ့ အခြေခံကို ထိခိုက်မှုမရှိစေဘူးဆိုပေမဲ့ တစ်နေကုန် စုပြုံနေတဲ့ ကြွက်သားနာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကိုတော့ ပြန်ပြီး ဖြေလျှော့ပေးဖို့ လိုအပ်တယ်” ဟု တွေးတောနေသည်။
ဝါရင့်ပညာရေးမှူးတစ်ဦးဖြစ်သည့် ကျောင်းအုပ်ကြီးသည် ကျောင်းသားများ၏ တိုးတက်မှုအတွက် သင်ကြားရေး အစီအစဉ်များကို အမြဲမပြတ် စောင့်ကြည့်ကာ ပြုပြင်ပေးနေခြင်းပင်။
"ငါ လျှောက်ထားခဲ့တဲ့ ဆုလာဘ်တွေကို ကောင်းကင်ဘုံတောင်ထိပ်က တကယ်ပဲ ခွင့်ပြုပေးပါ့မလား"
"အခွင့်အရေးတော့ အတော်လေး ရှိရမှာပဲ မဟုတ်လား..."
...
ညကိုးနာရီဝန်းကျင်တွင် ကောင်းကင်ဘုံတောင်ထိပ်မှ ဖုန်းခေါ်ဆိုမှုက နောက်ဆုံးတွင် ဝင်ရောက်လာခဲ့သည်။ ရုံးခန်းအတွင်း အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ကျောင်းအုပ်ကြီးသည် ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။
"ဟယ်လို... ဒါ ကျင်းပြည်နယ်နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းက ချန်ချီပါခင်ဗျာ"
တစ်ဖက်မှ အသံရှင်မှာ တခိခိ ရယ်မောလိုက်ပြီး ၎င်းမှာ အခြားသူမဟုတ်ဘဲ ကောင်းကင်
လျှို့ဝှက်ချက်ပင်။
"ညီအစ်ကို ချန်ချီ... မင်းရဲ့ အဆိုပြုချက်ကို ကောင်းကင်ဘုံတောင်ထိပ်က တညီတညွတ်တည်း အတည်ပြုလိုက်ပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းတွေက စူပါပါရမီရှင်တွေက ကျင်းပြည်နယ်မူကြိုကျောင်းဆီကို ရက်ပေါင်း ၁၀၀ စောပြီး လာကြလိမ့်မယ်"
ကျောင်းအုပ်ကြီး: "ဆုလာဘ်ကိစ္စကော..."
ကောင်းကင်လျှို့ဝှက်ချက်: "ဆုလာဘ်ကိစ္စလည်း တညီတညွတ်တည်း အတည်ဖြစ်သွားပြီ။ ရွှီရန် အဆင်သင့်ဖြစ်တဲ့ ဘယ်အချိန်မဆို တိုက်စောင့်ရတနာတစ်ခုကို လာရောက် ရွေးချယ်ခိုင်းလိုက်ပါ"
"ဒါပေမဲ့ ငါတို့မှာ အရမ်းအရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိတယ်..."
ကျောင်းအုပ်ကြီးမှာ အလွန်အမင်း ဝမ်းသာသွားသော်လည်း သူ၏ ထိန်းချုပ်နိုင်စွမ်းမြင့်မားမှုကြောင့် အားရပါးရကြီး ရယ်မောခြင်းမပြုဘဲ ထိန်းထားလိုက်သည်။
"ဘာမေးခွန်းလဲခင်ဗျာ ကျွန်တော်သိသမျှ အကုန်ဖြေပေးပါ့မယ်။ ဟားဟား..."
ကောင်းကင်လျှို့ဝှက်ချက်: "ရွှီရန်က ညစ်ညမ်းမှုတွေကို ဖိနှိပ်ချုပ်တည်းပေးနိုင်မယ့် အဆောင်လက်ဖွဲ့မျိုးကို ဖန်တီးနိုင်မလား"
ကျောင်းအုပ်ကြီး အနည်းငယ် ကြောင်သွားသည်။ ဤအချက်ကို သူကိုယ်တိုင်လည်း တကယ်မသိပေ...
"ကျွန်တော် ရွှီရန်ကို အရင်မေးကြည့်ရပါလိမ့်မယ်။ အခုတော့ အသေအချာ မပြောနိုင်သေးဘူး"
ကောင်းကင်လျှို့ဝှက်ချက်: "ဒါဆို မင်း သူ့ကို မေးကြည့်လိုက်ပါ။ အကယ်၍ သူသာ အဲဒီလို အဆောင်မျိုးကို ဖန်တီးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ"
ကျောင်းအုပ်ကြီး: "ကောင်းပါပြီ။ အော်... ဒါနဲ့ စကားမစပ် တခြားမူကြိုကျောင်းတွေ လာတဲ့အခါ ကုထုံးအဖွဲ့တွေ တစ်ပါတည်း ခေါ်လာဖို့လည်း သတိပေးလိုက်ပါဦး။ စူပါပါရမီရှင် တစ်ယောက်ချင်းစီအတွက် တစ်ဖွဲ့စီပေါ့။ အဆတိုးရတနာအဆောင်ငယ်ကို သုံးပြီးတဲ့နောက် ပါရမီရှင်တွေရဲ့ လေ့ကျင့်မှုက တကယ့်ကို ပြင်းထန်လွန်းနေလို့ပါ..."
ကောင်းကင်လျှို့ဝှက်ချက်: "ကောင်းပြီ ကုထုံးအဖွဲ့တွေ ခေါ်လာဖို့ ငါ အကြောင်းကြားလိုက်ပါ့မယ်"
"ထပ်ပြီးတော့... ကောင်းကင်ဘုံတောင်ထိပ်ကနေ ရွေးချယ်ရေးပြိုင်ပွဲရဲ့ အထွေထွေမန်နေဂျာဟာ နောက် ၃ ရက်အတွင်း ရောက်လာလိမ့်မယ်။ နောက်တစ်ပတ်ဆိုရင်တော့ ကျောင်းအသီးသီးက အဖွဲ့တွေ တသီတတန်းကြီး ရောက်လာကြတော့မှာပါ။ ဒီတစ်ခါတော့ သူတို့တွေ မင်းရဲ့ကျောင်းမှာ ရက်ပေါင်း ၂၀၀ ကြာအောင် နေထိုင်ကြမှာဖြစ်လို့ အချိန်က နှစ်ဆတိုးသွားပြီ။ မင်းအတွက်တော့ အလုပ်ရှုပ်စရာတွေ ဖြစ်လာဦးမယ်"
ကျောင်းအုပ်ကြီး: "အလုပ်ရှုပ်တာကတော့ ဘာမှမဟုတ်ပါဘူးခင်ဗျာ"
ကောင်းကင်လျှို့ဝှက်ချက်: "ကောင်းပြီ"
ဖုန်းပြောဆိုမှု ပြီးဆုံးသွားသည်။
ကျောင်းအုပ်ကြီးသည် မျက်လုံးများ အရောင်တောက်လျက် ရုတ်တရက် ထရပ်လိုက်မိသည်။
"တညီတညွတ်တည်း အတည်ဖြစ်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး အပြန်အလှန် ညှိနှိုင်းမှုတွေ အများကြီး လုပ်ရဦးမယ်လို့ ထင်နေတာ"
"ဒီသတင်းကောင်းကို ရွှီရန်ကို သွားပြောရမယ်။ မနက်ဖြန်ကျရင် အဲဒီရတနာကို သူ သွားယူနိုင်အောင်လို့…"