အခန်း (၂၂၀)
Vol. 22 Ch. 220
ရွှီရန်က ခပ်အေးအေးပင် ပြုံးလိုက်ပြီး "ဟားဟား... ကျွန်တော် ခုနက နားလည်သွားတာက တကယ်ပဲ ညစ်ညမ်းမှု သန့်စင်ခြင်း အဆောင်ပါပဲ။ ရတနာတိုက်ထဲက ညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ဖို့ ၉၈ ရာခိုင်နှုန်း သေချာပါတယ်။ ဒါက အတုအယောင် မဟုတ်ပါဘူး"
စွမ်းရည်အရ ရွှီရန်က အနည်းငယ် ရှင်းပြလိုက်ခြင်း ဖြစ်သည်။ သို့သော် အကျယ်တဝင့်တော့ မဟုတ်ဘဲ ခပ်ပေါ့ပေါ့သာ ပြောလိုက်ခြင်းပင်။
ဦးလေးယဲ့ဖျင်ကတော့ ပိုပြီး စိတ်ရှည်သည်။
သူက ရတနာတိုက် တာဝန်ခံ လင်းရှိုးကို ကြည့်ပြီး "အင်း... မင်း ရွှီရန်အကြောင်းကို သိပ်ပြီး ကောင်းကောင်း မသိသေးလို့ပါ"
"ဘယ်လို ပြောရမလဲဆိုရင်... သူ့ရဲ့ ၉၈ ရာခိုင်နှုန်း သေချာတယ်ဆိုတာ တကယ်တော့ ၁၀၀ ရာခိုင်နှုန်းကို ပြောတာ။ ဆိုလိုတာက သူ ဖန်တီးလိုက်တဲ့ သန့်စင်ခြင်း အဆောင်က ဒီရတနာတိုက်ထဲက ညစ်ညမ်းမှုတွေကို ၁၀၀ ရာခိုင်နှုန်း သန့်စင်ပေးနိုင်လိမ့်မယ်လို့ ငါ ပြောရဲတယ်"
လင်းရှိုးမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ခင်ဗျားက... နည်းနည်းလေးတောင် သံသယ မရှိဘူးလား သူ့ကို ဒီလောက်အထိ ယုံကြည်တာလား"
ယဲ့ဖျင်က ထူးဆန်းသော အပြုံးတစ်ခုဖြင့် လင်းရှိုး၏ ပုခုံးကို ပုတ်လိုက်ပြီး "ဒါပေါ့ ငါက သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်း အရိုးအဆစ်ကို ယုံကြည်တာ။ ဒါက ပါရမီရှင်တွေရဲ့ သဘောသဘာဝပဲလေ။ တခြားလူတွေ မလုပ်နိုင်တာကို သူက လုပ်နိုင်တယ်"
"မင်း ယုံကြည်လိုက်ဖို့ပဲ လိုတယ်"
"ငါဆိုရင် ဒါထက် ပိုပြီး အံ့ဩစရာကောင်းတဲ့ ကိစ္စတွေ ကြောက်စရာကောင်းတဲ့ အလှည့်အပြောင်းတွေကိုတောင် ကြုံဖူးသေးတယ်။ ဒါက ဘာမှမဟုတ်သေးပါဘူး နောက်ဆို မင်းလည်း ကျင့်သားရသွားပါလိမ့်မယ်"
ယဲ့ဖျင်၏ စကားများကြောင့် လင်းရှိုးမှာ ပြောစရာ စကားလုံးပင် ရှာမတွေ့တော့ပေ။ ခဏတာမျှ သူ မည်သို့ တုံ့ပြန်ရမည်ကို မသိဘဲ ဖြစ်နေ၏။
ယွဲ့နယ်ပယ်ကဲ့သို့ အားကောင်းသော ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် အရာရာကို ပိုမို တိကျသေချာစွာ စဉ်းစားသင့်သည်။
ဒါကို ယဲ့ဖျင်က ဘာလို့ ဒီလောက်အထိ လွယ်လွယ်ကူကူ လက်ခံနေရတာလဲ။
လင်းရှိုးသည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်သွားတော့သည်။
သို့သော်လည်း အခြားတစ်ဖက်မှ ပြန်လည်စဉ်းစားကြည့်ပါက ဤရှစ်နှစ်သားအရွယ် ကလေးငယ်မှာ ကောင်းကင်ဘုံတောင်ထိပ် နန်းဆောင်မှ လူကြီးမင်းများကိုပင် တိုက်စောင့်ရတနာ တစ်ခုပေးရန် ဖျောင်းဖျနိုင်ခဲ့သူပင်။ သူသည် လူသားသမိုင်းတွင် အဆောင်လက်ဖွဲ့စနစ်ကို ပထမဆုံး စတင်ဖန်တီးခဲ့သူ ဖြစ်သည့်အပြင် အဆတိုးရတနာအဆောင်ငယ်ကို ရေးဆွဲနိုင်ခဲ့ပြီး ရှေးဟောင်း နက်နဲကျောက်အုတ်နှင့် စိတ်ချင်းဆက်နွှယ်ကာ ပဟေဠိဆန်သည့် ရှေးဟောင်းစစ်ပွဲမြင်ကွင်းများကိုပင် မြင်တွေ့ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် အလင်းလိပ်ခွံကိုပါ သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နိုင်ခဲ့သည်။
“ငါကပဲ အရမ်း တင်းကျပ်နေတာလား”
လင်းရှိုးက သက်ပြင်းအရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး ရွှီရန်၏ ဆန်းကြယ်မှုများကို အခြေခံကာ မိမိကိုယ်ကိုယ် ပြန်လည်နားချရန် ကြိုးစားနေမိသည်။ သို့သော် လူသားတို့၏ သဘာဝအရ သူ၏ အသိဉာဏ်ကန့်သတ်ချက်ကြောင့် ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်တွေ့ရမချင်း စိတ်ကူးယဉ်ရန် ခက်ခဲသည့်အရာများကို ယုံကြည်ရန်မှာ ခဲယဉ်းလှသည်။ ပို၍ဆိုးသည်မှာ သူသည် ရွှီရန်နှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ပြီး နားလည်သဘောပေါက်နိုင်စွမ်း အရိုးအဆစ်၏ တကယ့်အဓိပ္ပာယ်ကိုလည်း နားမလည်သေးသောကြောင့်ပင်။ ထို့ကြောင့် သူ၏ မျက်ဝန်းများအတွင်း၌ သံသယအရိပ်အယောင်များ ရှိနေဆဲပင်။
ရွှီရန်ကမူ ထိုသံသယများကို ဂရုမစိုက်ဘဲ “ကျွန်တော် အဆောင်တွေကို အမြန်ဆုံး ရေးဆွဲဖို့ လိုအပ်နေပြီ။ ကျွန်တော့်အတွက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခုလောက် ရှာပေးလို့ ရမလား” ဟု စိတ်စောစွာဖြင့် တောင်းဆိုလိုက်သည်။
အမှန်စင်စစ် ရွှီရန်ကိုယ်တိုင်လည်း ယခုမှ အသစ်စက်စက် နားလည်သဘောပေါက်ထားသည့် ညစ်ညမ်းမှု သန့်စင်ခြင်း အဆောင်၏ အာနိသင်ကို စမ်းသပ်ကြည့်ချင်နေခြင်းပင်။ အကယ်၍ အာနိသင်မှာ ထူးခြားကောင်းမွန်ပါက နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ များအတွက် ဤသန့်စင်
ခြင်းအဆောင်များကို အမြောက်အမြား ရေးသားပေးနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့သည် ညစ်ညမ်းနယ်မြေအတွင်း စူးစမ်းရှာဖွေရာ၌ အသက်ရှင်နိုင်ခြေ ပိုမိုများပြားလာပြီး ပို၍ကြာရှည်စွာ လွတ်လပ်စွာ တိုက်ခိုက်နိုင်ကြမည်ပင်။
တကယ်၍သာ အဆိုပါ အဆောင်လေးတစ်ခုမှတစ်ဆင့် လိပ်ပြာအတောင်ပံခတ်သည့် အကျိုးသက်ရောက်မှု ကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး တန်ဖိုးကြီးရတနာများ ပိုမိုရှာဖွေတွေ့ရှိလာခဲ့လျှင် နောက်ဆုံးတွင် အကျိုးအမြတ်ရရှိမည်မှာ ရွှီရန်ကိုယ်တိုင်ပင်။ သူသည် “အားလုံးက ငါ့အတွက် ငါကလည်း အားလုံးအတွက်” ဟူသော မူဝါဒဖြင့် ရှေ့ဆက်နေခြင်းပင်။
ရွှီရန်၏ ရည်မှန်းချက်မှာ ထိုမျှသာ မဟုတ်ပေ။ သူသည် သူကျွမ်းကျင်ပြီးသား အဆောင်
လက်ဖွဲ့အားလုံးကို အကြိမ်ပေါင်း တစ်သောင်းပြည့်အောင် အမြန်ဆုံး ရေးဆွဲပြီး ချက်ချင်း ရေးဆွဲခြင်းအာနိသင်ကို ရယူလိုခြင်းပင်။ ချက်ချင်း ချေမှုန်းခြင်းက ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိသကဲ့သို့ပင် ချက်ချင်း ရေးဆွဲခြင်း ပေးစွမ်းမည့် အစွမ်းထက်မှုမှာလည်း လျှော့တွက်၍ မရနိုင်ပေ။
ချက်ချင်း ချေမှုန်းခြင်းက စစ်သည်တော်တစ်ဦးကို အဆင့်မြင့်ပြိုင်ပွဲများတွင် ချက်ချင်း ဝင်ရောက်ကစားနိုင်စေသကဲ့သို့ ဖြစ်စေပြီး ချက်ချင်း ရေးဆွဲခြင်းကမူ ရွှီရန်ကို အဆောင်
လက်ဖွဲ့ ဗုံးကြဲလေယာဉ်တစ်စင်းအဖြစ် ပြောင်းလဲပေးလိုက်ခြင်းပင်။ သူ့ထံတွင် သွေးစွမ်းအင် သာ လုံလောက်မည်ဆိုပါက စက်သေနတ်ကိုင်ကဲ့သို့ ရန်သူများကို အဆောင်များဖြင့် အဆက်မပြတ် ဖိနှိပ်ပစ်နိုင်မည် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ သီအိုရီအရ ချက်ချင်း ရေးဆွဲခြင်းအာနိသင်သည် ချက်ချင်း ချေမှုန်းခြင်းကိုပါ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေမည်ပင်။ အနာဂတ်တွင် ရွှီရန် အင်အားကြီးမားလာသည့်အခါ အဆောင်ပေါင်း တစ်သောင်းကို တစ်စက္ကန့်အတွင်း ရေးဆွဲပြီး ချက်ချင်း ချေမှုန်းခြင်းထဲသို့ အကုန်အစင် ထည့်သွင်းပေးလိုက်မည်ဆိုပါက မည်မျှပင် အစွမ်းထက်သည့် ရန်သူမျိုးဖြစ်စေကာမူ ကြောက်လန့်နေစရာ မလိုတော့ပေ။
ဤသည်မှာ ကောင်းကင်ဘုံသို့ လှေကားထောင်တက်သကဲ့သို့ အစွမ်းထက်လှသော နည်းလမ်းတိုတစ်ခုကို အသုံးချခြင်းပင်။ အလင်းလိပ်ခွံသည်လည်း ဤကဲ့သို့သော နည်းလမ်းဖြင့် အစွမ်းထက်အောင် ပြုလုပ်ခြင်းကို တားမြစ်ထားခြင်း မရှိပေ။ ထို့ကြောင့် ဤသည်မှာ သေချာပေါက် နောက်ထပ် နတ်ဘုရားအဆင့် နည်းစနစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်
တွင် ရွှီရန်၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက် တစ်ခု ဖြစ်လာမှာ အသေအချာပင်။
ရွှီရန်က သူ့ဘာသာ “ကောင်းပြီ... စလိုက်ကြရအောင်” ဟု ဆိုလိုက်သည်။
လင်းရှိုးမှာ ရွှီရန် အဘယ်ကြောင့် ရုတ်တရက် ဝမ်းသာသွားရသည်ကို မသိရှိသော်လည်း ရွှီရန်မှာ အလုပ်ကြိုးစားရသည်ကို ဝါသနာပါသူဖြစ်ကြောင်း ခံစားမိသဖြင့် “ငါ့ရုံးခန်းကို သွားကြစို့။ ငါ့ရုံးခန်းက တော်တော်ကျယ်ပါတယ်။ ဘယ်သူမှလည်း မနှောင့်ယှက်စေရဘူး” ဟု လမ်းညွှန်လိုက်သည်။
ရွှီရန်ကလည်း “ဟုတ်ကဲ့ပါခင်ဗျာ” ဟု ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ ဤသို့ဖြင့် သူတို့ သုံးဦးသည် ရတနာတိုက်၏ သတ္တမမြောက်အလွှာမှ ထွက်ခွာခဲ့ကြပြီး အထွေထွေ စီမံခန့်ခွဲရေးဌာန ၏ ရုံးခန်းဧရိယာဆီသို့ ရောက်ရှိလာခဲ့ကြသည်။
လင်းရှိုး၏ ရုံးခန်းအတွင်း၌ ဆိုဖာမှာ အိစက်နေပြီး ပြတင်းပေါက်များမှာလည်း ကြည်လင်သန့်ရှင်းနေသည်။ ပန်းတင်ခုံပေါ်ရှိ အစိမ်းရောင်အပင်လေးများမှာ လန်းဆန်းနေပြီး ဂရုတစိုက် ပြုစုပျိုးထောင်ထားပုံပင်။ ရွှီရန်က ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်က တော်တော်လေး ကောင်းမွန်လှသည်။
အပြင်ဘက်က ဖိအားပေးလွန်းသော ပတ်ဝန်းကျင်ထက်စာလျှင် အများကြီး ပိုသာယာသည်။ ဤနေရာမျိုးဆိုလျှင် အလုပ်အပေါ် အာရုံစိုက်မှုနှုန်းကို ပိုမိုမြင့်တက်စေနိုင်မည်မှာ အသေအချာပင်။
ရွှီရန်က အာရုံစူးစိုက်လိုက်ပြီး စိတ်ကို ငြိမ်သက်စေကာ တရားမှတ်သည့် အလား အာရုံထဲသို့ လျင်မြန်စွာ ဝင်စားလိုက်သည်။
သူသည် လက်ချောင်းကို ခပ်ဖွဖွလေး ခွဲလိုက်၏။
ယုံကြည်မှုမျိုးစေ့ကို စုစည်းလိုက်ပြီး အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်။
လင်းရှိုးက လက်ဖက်ရည်ကြမ်း နှစ်ခွက်ကို ဖျော်ပြီး စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။ တစ်ဖက်တွင်လည်း ရွှီရန်၏ အဆောင်ရေးဆွဲပုံကို အကဲခတ်နေမိသည်။
ရှပ် ရှပ်…
ရှပ် ရှပ်…
အဆောင်စက္ကူပေါ်တွင် လက်ချောင်းများ ပြေးလွှားနေသည့် အသံမှာ ခပ်ကြမ်းကြမ်း ထွက်ပေါ်လာသည်။
သူသည် အကြည့်ကို စူးစိုက်လိုက်မိသည်။
ရွှီရန်၏ ရှေ့တွင် အဆောင်စက္ကူများမှာ လေထဲတွင် ဝဲပျံနေကြပြီး သူ၏ ညာဘက်လက်ညှိုးမှာ နဂါးနှင့် ဖီးနစ်ငှက်တို့ ကခုန်နေသကဲ့သို့ အလွန်လှပသော အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
ရေးဆွဲလိုက်သော မျဉ်းကြောင်းများမှာ နဂါးနှင့် မြွေများ တွားသွားနေသကဲ့သို့ ရှိနေပြီး ရွှီရန်သည် ကောင်းကင်ယံမှ လျှပ်စီးတန်းများကို ဆွဲယူကာ အဆောင်စက္ကူပေါ်တွင် ထွင်းထုနေသည့်အလား ထင်မှတ်ရသည်။
ထိုမျဉ်းကြောင်းများမှာ သွေးဖြင့် ရေးဆွဲထားခြင်းဖြစ်၍ နီရဲတောက်ပနေပြီး ဟင်္သာပြဒါးများထက်ပင် ပိုမို ကွက်ကွက်ကွင်းကွင်း ရှိလှသည်။ ၎င်းတို့ကြားတွင် တဖျတ်ဖျတ် တောက်ပနေသော ရွှေရောင်အစက်အပြောက်လေးများမှာ နီရဲနေသော ရေကန်ထဲတွင် ကြယ်တာရာများ နစ်မြုပ်လွင့်မျောနေသကဲ့သို့ပင်။
ဖော်ပြရခက်လှသော ဆန်းကြယ်မှုနှင့် နတ်ဘုရားဆန်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ရွှီရန်၏ လက်ကောက်ဝတ်မှာ လှည့်ပတ်လှုပ်ရှားနေသည်။ လှုပ်ရှားမှုတိုင်းမှာ ပြောမပြနိုင်
လောက်အောင် ကျွမ်းကျင်မှုအပြည့်ရှိနေပြီး မျဉ်းကြောင်းတစ်ခုချင်းစီ ပေါင်းစပ်သွားသည့်
အခါတိုင်း မြင့်မြတ်သောအလင်းတန်းများ ထွက်ပေါ်လာတော့သည်။