← Chapters

နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူကို နေရာမှန်ပြသခြင်း

Vol. 8 Ch. 701

နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူကို နေရာမှန်ပြသခြင်း

Vol. 8 Ch. 701

" ငါ့ရဲ့ ဓားသွေးကျောက်ဖြစ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ပိုင်ဟောက်။ နောက်ဆုံးတော့ ငါ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်နိုင်သွားပြီး နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်သွားပြီ။ ငါ ဒီအဆင့်မှာ တော်တော်ကြာ ရှိနေခဲ့တာ၊ အခုတော့ မင်းကို ကျေးဇူးတင်ရမယ်။ ဒါကြောင့် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မင်းကို မသတ်ဘူး ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကိုပဲ ဖျက်စီးပစ်မယ် "

ကုန်းစွန်းရီသည် စိတ်လှုပ်ရှားပြီး ဂုဏ်ယူဝင်ကြွားနေပုံရသည်။ သူက ခေါင်းနောက်လှန်ပြီး တဟားဟား ရယ်လိုက်သည်။ သူပြောခဲ့သည့်အတိုင်း ဟိုးအရင်ကတည်းက ယခုလိုနေ့မျိုးကို သူ စောင့်နေခဲ့သည်။

တိုက်ပွဲအတောအတွင်းက ပိုင်ရှောင်ချန်းထံမှ ခံစားခဲ့ရသည့် ဖိအားသည် လုံးဝမယုံကြည်နိုင်ဖွယ်ကောင်းခဲ့သည်။ ပထမဆုံးအကြိမ် ထာဝရဧကရာဇ်လက်သီးး၏ လုပ်ဆောင်ချက်ကို မြင်လိုက်သည်နှင့် ၄င်းအား အနိုင်မယူနိုင်ကြောင်း သူ သိလိုက်သည်။ သို့သော် သူက မာနကြီးပြီး ယုံကြည်ချက်ခိုင်မာသောကြောင့် ထိုအခြင်းအရာကို လက်မခံနိုင်ခဲ့ပေ။ ထိုမျှသာမက ယင်းအခြေအနေကို သူအခွင့်ကောင်းယူ၍ အသုံးချကာ အဆင့်တက်နိုင်ချေလည်းရှိသည်။

ထိုအခိုက်အတန့်တွင် သူက ပိုင်ရှောင်ချန်းကို ဓားသွေးကျောက်အဖြစ်အသုံးချကာ ဖိအားကို အသုံးပြု၍ သူ၏တိုက်ပွဲဝိညာဥ်ကို ထိပ်ဆုံးအဆင့်ထိ တိုးမြှင့်ရန်သာမက သေရေးရှင်ရေးအခြေအနေတွင် အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။

ပထမဖြစ်နိုင်ချေမှာ သူက နတ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး နောက်အချိန်ကာလတစ်ခုအထိစောင့်ကာ ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော သို့မဟုတ် ထို့ထက်မြင့်သော မှော်ပစ္စည်းတစ်ခုကို အသုံးချ၍ ကောင်းကင်နှင့် မြေကြီး၏ ဉာဏ်အလင်းကိုရရှိခဲ့လျှင် သူ နတ်တစ်ပါးအစစ်ဖြစ်လာမည် ဖြစ်သည်။

ဒုတိယဖြစ်နိုင်ချေသည် သူ မအောင်မြင်ဘဲ တိုက်ပွဲတွင် ရှုံးမည်ဖြစ်သည်။ သို့သော် သူရှုံးနိမ့်သွားလျှင်တောင်မှ..... ပိုင်ရှောင်ချန်းက သူ့ကို သတ်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိသည်။ ထိုသို့ ရှုံးနိမ့်ရခြင်းသည် မျိုရခက်သော ဆေးခါးကြီးတစ်ခွက် ဖြစ်သည့်တိုင် ယင်းသည် သူပေးနိုင်သော တန်ရာတန်ကြေးဖြစ်သည်။ ယခုအချိန်တွင် သူက တဟားဟားရယ်မောလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်၏။ ချက်ချင်းပင် သူ့ပတ်ပတ်လည်တွင် ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး ရွှေရောင် မှော်သင်္ကတနှစ်သိန်းပေါ်လာကာ ကြီးမားသော ရေဝဲအသွင်ပြောင်းသွားပြီး ရှေ့သို့တဟုန်ထိုးရွေ့လျားသွားကာ ထာဝရဧကရာဇ်လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျမတတ် ပြူးကျယ်နေတော့သည်။ ကုန်းစွန်းရီသည် နေရာမှာပင် ချက်ချင်း အဆင့်တက်သွားလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ပင် မကူးခဲ့ဖူးပေ။

" ဒီနည်းက သူ့အတွက် တကယ်အလုပ်ဖြစ်သွားတာပဲ "

သူက တွေးလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အနည်းငယ် မနာလိုဖြစ်သွားသည်။ သူ အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်ရောက်ရန် မဖော်ပြနိုင်လောက်အောင်များပြားသော အခက်အခဲ၊ ဆင်းရဲဒုက္ခများ မည်သို့ ခံစားခဲ့ရသည်ကို ပြန်တွေးကြည့်လိုက်သောအခါ သူ၏ ပြိုင်ဘက်က သေရေးရှင်ရေးအခြေအနေကို အသုံးချ၍ အဆင့်တက်သွားပြီး နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်လာသည်မှာ ခံပြင်းဖွယ်ကောင်းလှသည်။

ထိုကိစ္စရပ်က ပိုင်ရှောင်ချန်းကို အနည်းငယ် ဒေါသတိုသွားစေသော်လည်း ကုန်းစွန်းရီက အရူးပမာရယ်နေသည်အထိ တရားလွန်လာသည်တွင် ပိုင်ရှောင်ချန်းမှာ အကြီးအကျယ် ဒေါသထွက်သွားတော့သည်။

" မင်း ကျေးဇူးမသိတတ်တဲ့ ကောင် "

သူက အော်သည်။

" မင်းကလည်း သရဲကြီးဘုရင်လိုပါလား၊ မင်းကို အဆင့်တက်အောင် ငါက ကူညီပေးခဲ့တာတောင် ငါ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်စီးမယ်လို့ ပြောတယ်ပေါ့လေ။ အစာကွျေးတဲ့လက်ကို ပြန်ကိုက်တဲ့ကောင် "

ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် ကုန်းစွန်းရီသာ ဆက်လက် ကြွားလုံးထုတ်နေပေးပါက ဆက်လက်သဘောကောင်းနိုင်တော့မည်မဟုတ်ကြောင်း တွေးလိုက်မိသည်။ “ အကြင်သူသည် ရေကြည်တစ်ပေါက်မျှသော ကြင်နာမှုကို ပြသခဲ့သော် မိမိဘက်က စိမ့်စမ်းချောင်းပမာ ကြင်နာမှုနှင့် ပြန်လည်ပေးဆပ်ရမည် “ ဟူသည့် ရှေးဆိုရိုးစကားကို ကုန်းစွန်းရီ နားလည်သွားစေရန် သူ သင်ခန်းစာကောင်းကောင်း ပေးရလိမ့်မည်။

" မင်း အဆင့်တက်သွားတော့ ဘာဖြစ်တုံး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ကိုယ်တော်ပိုင်က မင်းကို ဖမ်းနိုင်တယ် "

သူ့ မျက်လုံးများ ရဲရဲနီလျက် လက်များကို ဖြေလျှော့ကာ ခါလိုက်ပြီးနောက် နောက်တစ်ဖန် လက်သီးဆုပ်လိုက်သည်။

သူက ဒုတိယမြောက် ထာဝရဧကရာဇ်လက်သီးကို မထုတ်ဖော်ပေ။ ထိုအစား သူသည် ယခင်က သူချန်လှပ်ထားခဲ့သော စွမ်းအားများကို ယူ၍ လက်ရှိ လက်သီးချက်ထံ ထည့်သွင်းလိုက်သည်။ ထိုမတိုင်ခင်က သူသည် လက်သီးချက်တွင် ငါးဆယ်ရာခိုင်နှုန်းသာ ထည့်သွင်းအသုံးပြုခဲ့သော်လည်း ယခုတွင် နောက်ထပ် သုံးဆယ်ရာခိုင်နှုန်းထည့်ပေါင်းလိုက်သည်။

ထာဝရဧကရာဇ်လက်သီး၏ အနက်ရောင်လေပွေကြီးက အံသြတုန်လှုပ်ဖွယ် အနက်ရောင်အလင်းများကို စတင်ထုတ်လွှတ်လာပြီး ယခင်ထက်ပိုမိုကြီးထွားလာကာ ကုန်းစွန်းရီထံသို့ ကြောက်မက်ဖွယ်ကောင်းစွာ ပြေးဝင်သွား၏။

" မင်းကို သောက်ရမ်းမာန်တက်ပြလို့ရတယ်လို့ ဘယ်သူပြောတုံး " သူက အော်လိုက်သည်။

" မင်းကို နင်းခြေပစ်ဖို့ အချိန်ကျပြီ "

ပိုင်ရှောင်ချန်း၏ မိုးခြိမ်းပမာ အသံကြီးက ကုန်းစွန်းရီ၏ လက်ရှိ စိတ်လှုပ်ရှားနေသော အမူအရာကို ကြက်သေသေသွားစေသည်။ ထို့နောက် သူ၏မျက်နှာတွင် လုံးဝမယုံကြည်နိုင်သော အရိပ်အယောင်များ လွှမ်းမိုးသွားတော့သည်။

သူ၏ ရွှေရောင်လေပွေကြီးက တွင်းနက်ကြီးနှင့် တွေ့ဆုံသွားချိန်တွင် ရွှေရောင် မှော်သင်္ကတနှစ်သိန်းလုံး အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ဧရာမလက်သီးကြီးအသွင် တွင်းနက်ကြီးက ကုန်းစွန်းရီရှေ့တည့်တည်ရောက်လာလေပြီ။

" မဖြစ်နိုင်ဘူး။ ငါကနတ်တစ်ပိုင်းကွ။ ငါ မရှုံးနိုင်ဘူး"

ကုန်းစွန်းရီက ဒေါသတကြီးကြုံးဝါးလိုက်ရင်း လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်ဖော်ကာ သူ့ကိုယ်သူကာကွယ်ရန် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။

" နတ်တစ်ပိုင်းလား။ ကိုယ်တော်ပိုင်က နတ်အဆင့်ကျင့်ကြံသူလေးယောက်ကိုတောင် အနိုင်ယူထားတာ။ မင်းကိုယ်မင်း ဘာထင်နေလဲ။ နောက်ဆုတ်။ မင်းငါပြောတာကြားလား။ နောက်ဆုတ်လိုက်တော့။ ကျေးဇူးမသိတတ်တဲ့ သောက်ငကြွားကောင် "

သူက ဟိန်းဟောက်ရင်း ရှေ့တို့ ပြေးတက်သွားကာ ပြင်းထန်သော ခွန်အားကြီးဖြင့် တွင်းနက်ကြီးကို တွန်းပို့လိုက်သည်။ သူထိုသို့လုပ်လိုက်သည်တွင် သူ၏ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အတွင်း၌ ဓာတ်ကြီးငါးပါး၏ နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။

ပေါက်ကွဲသံများ လေထဲတွင် ထစ်ခြုန်းမြည်ဟည်းသွား၏။

ဝိညာဥ်ရေနွေးအိုးတစ်ခုလုံးတွင် နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားပုံရသည်။ ကုန်းစွန်းရီ၏ ပါးစပ်မှ သွေးများ ဖြာခနဲပန်းထွက်လာပြီး ကြိုးပြတ်သွားသောစွန်ငယ်ကဲ့သို့ နောက်သို့ လွင့်စဥ်သွားတော့သည်။ သူ၏ဝမ်းဗိုက်တစ်ခုလုံး စုတ်ပြတ်သွားပြီး သူ၏ ခြေလက်အင်္ဂါများအားလုံး ကျိုးကြေသွားသည်။ သူ၏ ယင်ယန်ဝိညာဥ်ပင်လျှင် အခြေအနေဆိုးရွားသွားပုံရသည်။ သို့သော် အများဆုံး ထိခိုက်သွားသည်မှာ သူ၏ မာနဖြစ်သည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး "

သူသည် အဆင့်တက်သွားကြောင့် ပျော်ရွှင်မြူးထူးနေရာမှ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ သူက စိတ်ရှုပ်ထွေးရင်း အမြင်အာရုံများ ဝေဝါးလာကာ သတိလွတ်လာတော့သည်။ သို့သော် သူ သတိလစ်ပြီး မလှုပ်ရှားနိုင်မီ ပိုင်ရှောင်ချန်းက သူ့ဘေးရောက်လာကာ သူ၏ညာလက်ကို မြှောက်၍ သူ့ကို ပယ်ပယ်နယ်နယ် ရိုက်ချလိုက်တော့သည်။

ဖြန်း

ကုန်းစွန်းရီမှာ ချုပ်နှောင်ခံလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းအိတ်ထဲသို့ ပစ်ထည့်ခံလိုက်ရတော့သည်။

ဟောဟဲလှိုက်နေရင်း ပိုင်ရှောင်ချန်းသည် ချိုင့်ဝှမ်းထဲရှိ တောက်ထိပ်ပေါ်တွင် ဆင်းသက်လိုက်ကာ ဖြူဆုပ်နေသော မျက်နှာနှင့် တင်ပျဥ်ခွေထိုင်လိုက်သည်။ ထာဝရဧကရာဇ်လက်သီး စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုလိုက်ခြင်းက သူ၏ အပြင်အားခန္ဓာကိုယ်စွမ်းအားကို အနည်းဆုံးအထိ ဖြစ်သွားစေသည်။ သူ့တစ်ကိုယ်လုံး တဆစ်ဆစ်နာကျင်နေသော ခံစားချက်များဖြင့် ပြည့်နေသည်။

ကံကောင်းထောက်မစွာ သူ၏ အပြင်အားခန္ဓာကိုယ်က အားနည်းသွားသော်လည်း သူ၏ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံက ကောင်းမွန်နေသည်ဖြစ်ရာ ထိုသည်က သူ့မှာရှိသော စွမ်းအားများကို ထုတ်ဖော်ဝံ့စေသည့် အကြောင်းပြချက်တစ်ခုလည်း ဖြစ်သည်။

" လူရမ်းကားတွေ။ ဟင်း ကိုယ်တော်ပိုင် စိတ်တိုရင် သူ့ကိုယ်သူတောင် ပြန်ကြောက်ရပါတယ်ဆို။ ငါ အပြင်းအထန်အားထုတ်ခဲ့ရတဲ့ ထာဝရခန္ဓာကိုယ်နဲ့ ငါ့ရဲ့ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်က အားနည်းလွန်းတယ်လို့ မင်းတို့ကောင်တွေ တကယ်ထင်နေတာလား "

တစ်ကိုယ်တည်း ငြီးတွားနေရင်း သူက ဝိညာဥ်ရေနွေးအိုးထဲရှိ အဖြစ်အပျက်ကုန်စင်ကို ပြန်တွေးလိုက်မိပြီး အလွန်အမင်း အံ့ဩဖွယ်ကောင်းနေခြင်းကြောင့် သူ့ကိုယ်သူ လေးစားသွားသည်။

" အခုနောက်ပိုင်း ငါ တော်တော်လေး သတ္တိရှိလာတာပဲ "

သူက ရေရွတ်လိုက်သည်။ ပထမဆုံး ပိုင်မျိုးနွယ်စုရှိ စွန့်စားခန်း၊ ထို့နောက် သူက မျိုးနွယ်စုခေါင်းဆောင်ကို ပြန်ပေးဆွဲခဲ့ပြီး ထိုအလုပ်ကို အမှန်တကယ်စွဲလမ်းလာခဲ့သည်။ ထို့နောက်တွင် သူက သရဲကြီးဘုရင်ကို ပြန်ပေးဆွဲခဲ့သည်အထိ ရဲတင်းလာခဲ့ပြီး ယခုတွင်လည်း မြေရိုင်းဒေသ၏ လက်ရွေးစင်အားလုံးနီးပါးကို ပြန်ပေးဆွဲခဲ့သည်။

ဤသတင်းများပြန့်နှံ့သွားသည်နှင့် မြေရိုင်းဒေသတစ်ဝှမ်းတွင် သူသည် ပို၍ ဟိုးလေးကျော်ကျော်ဖြစ်လာမည်မှာ သေချာလှသည်။

" ဒါက ဟို လူယုတ်မာ သရဲကြီးဘုရင်ကြောင့် "

သူက အလွန်စိတ်ပျက်စွာဖြင့် တွေးလိုက်သည်။ ထို့နောက် သူက အချုပ်အနှောင်မန္တန်၏ အဖြူရောင်ဒိုင်းဖြင့် ကာကွယ်ထားသော သရဲဘုရင်ပန်းကို လှမ်းကြည့်လိုက်သည်။ ယခုအခါ ထိုပန်းက အပြည့်အဝပွင့်လာမည့်အချိန်နှင့် အလွန်နီးကပ်လာလေပြီ။ ပန်းပွင့်၏အလယ်ရှိ ကြီးထွားလာနေသော အသီးက အလျင်အမြန် ရင့်မှည့်တော့မည်ကိုလည်း မြင်နိုင်သည်။

ပိုင်ရှောင်ချန်းက ပန်းကို ကြည့်လိုက်ပြီး သရဲကြီး ဘုရင်အား လက်တုံပြန်မည့် အစီအစဥ်ကို စဥ်းစားရင်း အတန်ငယ် ညည်းညူလိုက်သည်။ ထို့နောက် သူက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ အိတ်ထဲမှ ဒုတိယမင်းသား၊ ကုန်းစွန်းရီ နှင့် မကြာသေးမီက ဖမ်းဆီးရရှိထားသော လက်ရွေးစင်များအားလုံးကို ထုတ်လိုက်သည်။

သူတို့မှာ သတိလစ်လုနီးပါးဖြစ်နေသော်လည်း ပိုင်ရှောင်ချန်းကို အားအင်ချည့်နဲ့စွာ လှမ်းကြည့်နိုင်သေးသည်။ ချက်ချင်းပင် သူတို့၏ မျက်နှာများ ဖြူဆုပ်သွားပြီး သူတို့၏ မျက်လုံးများသည် ကြောက်လန့်ထိတ်လန့်ခြင်းများဖြင့် စူးရှတောက်ပလာ၏။ ဒုတိယမင်းသားမှာမူ တစ်ခုခုပြောချင်နေပုံရသော်လည်း သူမပြောနိုင်မီ ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ထာဝရထီးနက်ကို ဝှေ့ယမ်းပြလိုက်သည်။

" ငါ့ကို စကားပြောဖို့ မစဥ်းစားနဲ့။ ငါ့မှာ ပိုးကောင်ကြောက်တဲ့ရောဂါရှိတယ် "

" ပိုင်ဟောက် ငါပြောတာနားထောင်၊ ငါ...."

သူ မည်သို့မျှ မပြောနိုင်လိုက်ခင်မှာပင် ဒုတိယမင်းသားမျက်နှာပျက်သွား၏။ တဆတ်ဆတ်တုန်ရင်း သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ သက်စောင့်အားများမှာ ထာဝရထီးကြောင့် ကုန်ခမ်းသွားပြီး သူက အရိုးပေါ်အရေတင်သာ ကျန်ခဲ့တော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းက ကျန်လက်ရွေးစင်များကို ဆက်လက်သွားလိုက်ပြီး သူတို့အားလုံး၏သက်စောင့်အားများက ထာဝရထီး၏ စုပ်ယူခြင်းခံလိုက်ရသောကြောင့် စူးစူးဝါးဝါး အော်ဟစ်ကာ သူ့ကို ဆဲဆိုကြတော့သည်။

" ဘယ်လိုတောင် လုပ်ရဲနေတာတုန်း ပိုင်ဟောက် "

" ငါ့အဖေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

သို့သော်လည်း လူအများက ဒေါသတကြီး ပိုအော်လျှင် ပိုင်ရှောင်ချန်းက သက်စောင့်အားများ ပိုမိုယူလေဖြစ်သည်။ မကြာမီ အခြားသူများသည် ဤသည်ကို သဘောပေါက်လိုက်ပြီး သူတို့အကြားရှိ ပါးနပ်သောလူများက တိတ်ဆိတ်ငြိမ်သက်စွာသာ ကြည့်နေကြတော့သည်။ ပိုင်ရှောင်ချန်းက သူတို့ကိုကြည့်၍ သနားသွားကာ သူတို့ထံမှ အနည်းငယ်သာ စုပ်ယူလိမ့်မည်။

နောက်ဆုံးတွင် ကုန်းစွန်းရီထံ ရောက်သွားသည်။ သူက မျက်လုံးထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်နေ၏။ သို့သော် သူ၏တိုက်ခိုက်လိုစိတ်များကိုမူ မျက်လုံးများထဲတွင် မြင်နေရဆဲဖြစ်သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက ကုန်းစွန်းရီကို အနည်းငယ်လေးစားပြီး သူ၏ သက်စောင့်အားကို ယူသင့်၊ မယူသင့် ခေါက်တုံ့ခေါက်ပြန်စဥ်းစားနေသည်။

" နောက်တစ်ကြိမ် ငါတို့ပြန်တွေ့ရင် မင်းငါ့ကို ထပ်တိုက်ဦးမှာလား "

သူက မေးလိုက်သည်။

ကုန်စွန်းရီ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်ပနေပြီး သူက ပြောသည်။

" တိုက်မှာ၊ တစ်နေ့ပြန်တွေ့ရင် မင်းကို ငါကိုယ်တိုင် ခြေထောက်နဲ့ နင်းခြေပစ်မယ် "

" ကဲ ကောင်းကွာ "

ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။

" မင်း စကားကောင်းကောင်း မပြောတတ်ဘူးလား။ တချိန်လုံး တိုက်ခိုက်သတ်ဖြတ်နေတာက ဘာအကျိုးရှိတုံး "

သူက စိန်းစိန်းဝါးဝါးကြည့်ပြီး သူ၏ရင်ဘတ်ထံ ထာဝရထီးနက်ကို ထိုးထည့်လိုက်သည်။

လူတိုင်းထံမှ သက်စောင့်အားများ နုတ်ယူပြီးနောက် သူက သူ၏ " တိုက်ပွဲဆုဆံဆိပ်များ " ကို အိတ်ထဲပြန်ထည့်လိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်ကာ နတ်ဘုရားအာရုံများထုတ်၍ အကာအကွယ်ဒိုင်းတစ်ခုဖန်တီးလိုက်သည်။ ထို့နောက် သူ၏ ထာဝရအရိုးများကို စတင်ကျင့်ကြံတော့သည်။

ခြောက်နာရီကြာသော် သူ့ကိုယ်ထဲမှ အက်ကွဲသံများ ကြားလိုက်ရသည်။ သူ၏မျက်လုံးများ ဖွင့်လိုက်သည်တွင် ရွှေရောင်အလင်းများဖြင့် စူးရှတောက်ပနေတော့သည်။ တစ်ဆက်တည်းမှာပင် နွေးထွေးမှုများသည် သူ့ခန္ဓာကိုယ်ထဲ ပြည့်နှက်လာသည်။ သူ၏ အပြင်အားခန္ဓာကိုယ်သည် အပြည့်အဝသက်သာသွားပြီဖြစ်ပြီး သူ၏ခုခံနိုင်စွမ်းသည် နောက်အဆင့်တက်သွားလေပြီ။

" ရောစပ်အရိုးရဲ့ သတ္တမအဆင့် "

သူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူ၏ အသစ်ဖြစ်တည်လာသောစွမ်းအားကို စစ်ဆေးမည့်ဆဲဆဲမှာပင် သူ၏အမူအရာဝင်းလက်သွားပြီး အကာအကွယ်မန္တန်ထဲရှိ သရဲဘုရင်သစ်ခွပန်းကို လှမ်းကြည့်လိုက်သည်။

All Chapters