← Chapters

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 3 Ch. 37-38

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -37

အခန်း ၃၇ ။ အားကိုးရာ

ကိုးလပိုင်း ကိုးရက်နေ့တွင်၊ ကျုံးယန်ပွဲတော်ကြီးကို ထုံးစံအတိုင်း ကျင်းပပြုလုပ်ခဲ့သည်။

နံနက်စောစောတွင် အမတ်မင်းများ နန်းတော်သို့ ဝင်ရောက်ကြပြီး အရာရှိများအားလုံး ဧကရာဇ်နှင့်အတူ ဘိုးဘွားများအား သွားရောက် ကန်တော့ပူဇော်ကြသည်။ မိန်ဖု (အဆင့်မြင့်အရာရှိကတော်) အစရှိသော အမျိုးသမီးများမှာမူ မိဖုရားခေါင်ကြီးနှင့် မယ်တော်ကြီးထံ ဂါရဝပြုရန် နန်းတော်သို့ ဝင်ရောက်ကြရ၏။

လူအများစုသည် ဦးစွာ ဖုန်းရှီးနန်းဆောင်တွင် ထိုင်ကြရသည်။

ယဲ့ယွင်၏ ဖခင်နှင့် ဦးလေးဖြစ်သူတို့သည် 'တိုင်းပြည်စောင့် (ပထမအဆင့်)' စစ်သူကြီးဘွဲ့ကို ကွယ်လွန်ပြီးနောက် ချီးမြှင့်ခံထားရသည့်အတွက် သူမ၏မိခင် သခင်မချူ နှင့် အရီးတော် သခင်မယန် တို့သည်လည်း ပထမအဆင့်အဆောင်အယောင် ရရှိထားသဖြင့် ဤအချိန်တွင် ထိုနှစ်ဦးလုံး ဂါရဝပြုရန် နန်းတော်ထဲရောက်လာခဲ့သည်။

သူတို့သုံးဦးသည် စကားပြောဆိုရန် အဆင်မပြေသေးသဖြင့် အကြည့်ဖြင့်သာ အနည်းငယ် အပြန်အလှန် ဆက်သွယ်လိုက်ကြသည်။

နန်းတော်သို့ ဝင်ရောက်ရခြင်းမှာ အခြေခံအားဖြင့် ပွဲတော်တွင် ပါဝင်ဆင်နွှဲရုံမျှသာ ဖြစ်သည်။ မိဖုရားခေါင်ကြီးနှင့် စကားစမြည် ပြောဆိုနိုင်သူများမှာ ရှဲ့မိသားစု၊ ချန်မိသားစု၊ ယောင်မိသားစု၊ ဝူမိသားစု၊ ပြီးလျှင် နန်းတွင်းမှ အရေးပါသော အမတ်ကြီးများ၏ မိသားစုဝင် အနည်းငယ်၊ စုစုပေါင်း ဆယ်ယောက်ကျော်မျှသာ ရှိလေသည်။

သခင်မချူသည်လည်း နှုတ်ဆက်မေးမြန်းခြင်း အနည်းငယ် ခံလိုက်ရသည်။ ၎င်းမှာ ယဲ့ယွင်ကြောင့်ချည်း မဟုတ်ဘဲ သခင်မချူ သည် တိုင်းပြည်အတွက် အကျိုးဆောင်

သူ၏တရားဝင် ဇနီးမယားဖြစ်သဖြင့် မိဖုရားခေါင်ကြီးအနေဖြင့် ဟန်ဆောင်

ပန်ဆောင် လောကဝတ်ပြုခြင်းဖြစ်သည်။

ယဲ့ယွင်၏အရီးတော်မှာမူ ထိုမျှလောက် ထင်ပေါ်ခြင်း မရှိလှဘဲ တိုက်ရိုက်ပင် လျစ်လျူရှုခြင်း ခံလိုက်ရသည်။

မိဖုရားခေါင်ကြီးထံတွင် နာရီဝက်ခန့် အချိန်ဖြုန်းပြီးနောက် လူတိုင်းသည် မယ်တော်ကြီးထံ ဂါရဝပြုရန် ချီနင်နန်းဆောင်သို့ အတူတကွ သွားရောက်ကြသည်။

ယဲ့ယွင်သည်မူ မိန်ရန်လေးသာဖြစ်သဖြင့်ယခင်အတိုင်းပင် လိုက်ပါသွားရန် အရည်အချင်း မရှိသေးရာ သူမ၏မိသားစုဝင်များ မိဖုရားခေါင်ကြီးနောက်သို့ လိုက်ပါသွားသည်ကိုသာ ကြည့်ရုံသာကြည့်ရင်းကျန်ရစ်ခဲ့ရသည်။

........

ယွီရှို့အဆောင်သို့ ပြန်ရောက်သည်နှင့် အလျင်အမြန်ပင် လူလွှတ်၍ မုန့်အနည်းငယ် ယူဆောင်လာစေသည်။

ယနေ့ မိန်ဖု များ နန်းတော်သို့ ဝင်ရောက်ကြသဖြင့်၊ ဂါရဝပြုပွဲသည်လည်း ယခင်နေ့များထက် အနည်းငယ် ပိုစော၏။ သူမသည် ပုံမှန်အားဖြင့် နံနက်စောစော မထချင်သူ ဖြစ်ရာ၊ နံနက်စာ သုံးဆောင်ရန် အချိန်မမီလိုက်ပေ။

" မိန်ရန် ဖြည်းဖြည်း စားပါ၊ ခဏနေရင် 'ဖူရန်' (ကတော်) လာတော့မှာ။ ကျွန်တော်မျိုးမ လူလွှတ်ပြီး နောက်ထပ် နည်းနည်းလောက် ပြင်ခိုင်းလိုက်ပါ့မယ်။" နန်ကျစ်သည် သူမ နင်သွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် အခါးရည် ကမ်းပေးလိုက်သည်။

........

အဆင့်ခြောက် 'ဝမ်ရုန်' ရာထူးမှ စတင်၍ စည်းမျဉ်းအရ ကိုယ်လုပ်တော်များသည် သီးသန့် အဆောင်ငယ်တစ်ခုတွင် နေထိုင်နိုင်ပြီး ဧကရာဇ်ကို သီးသန့် ကြိုဆို ဧည့်ခံနိုင်သည်။ အရေးကြီးသော ပွဲတော်နေ့များတွင် မိန်ဖုများ နန်းတော်သို့ ဝင်ရောက်သည့်အခါ မိမိ၏ မိသားစုဝင်များနှင့် သီးသန့် တွေ့ဆုံနိုင်ခွင့် ရှိ၏။

ယဲ့ယွင်နှင့် ယိဝမ်ရုန်တို့သည် အရည်အချင်း ပြည့်မီကြသော်လည်း သနားစရာ ဖန်းချိုက်ရန် (ယောင်ရှန်း) နှင့် မိန်ချိုက်ရန် (ချန်စူးယွီ) ဤနှစ်ယောက်မှာမူ အခွင့်အရေး မရရှိခဲ့ကြပေ။

ချီနင်နန်းဆောင် ဘက်တွင် မယ်တော်ကြီးသည် လူအများကို ကြာရှည်စွာ မနေစေဘဲ သူမ အသက်အရွယ် ကြီးရင့်လာပြီဖြစ်၍ ကျန်းမာရေး မကောင်းမွန်တော့ကြောင်း အကြောင်းပြခဲ့သည်။ လူတိုင်း အခါးရည်သောက်ပြီးနောက် လူစုခွဲလိုက်ကြပြီး ချန်မိသားစုဝင်များသာ ကျန်ရစ်ခဲ့သည်။

ထို့နောက်တွင် သွားစရာနေရာရှိသူများသည် သူတို့၏ ဆွေမျိုးသားချင်းများထံ သွားရောက် ကြည့်ရှုကြပြီး၊ သွားစရာ နေရာ မရှိသူများမှာမူ မိဖုရားခေါင်ကြီးထံ သို့မဟုတ် တော်ဝင်ဥယျာဉ်သို့ သွားရောက် လည်ပတ်ကြရာ အစေခံများက လိုက်ပါပို့ဆောင်ပေးကြသည်။

.........

ယွီရှို့အဆောင်ဘက်တွင်၊ ယဲ့ယွင်သည် နံနက်စောစောကတည်းက ဟွေယွဲ့ကို ချီနင်နန်းဆောင် ၏ အပြင်ဘက်တွင် သွားရောက် စောင့်ဆိုင်းစေခဲ့သည်။ သခင်မချူ နှင့် သခင်မယန် တို့ ထွက်လာသည်နှင့်၊ တိုက်ရိုက်ပင် သူမထံသို့ ခေါ်ဆောင်လာခဲ့သည်။

" မိန်ရန်၊ ဖူရန်ကတော် နဲ့ အာ့ဖုရန် (ဒုကတော်) တို့ ရောက်ပါပြီ။" ပိုင်ရှုသည် ကုလားကာကို မကာ အရင်ဝင်ရောက် သတင်းပို့သည်။

ယဲ့ယွင်သည် အလျင်အမြန် အခါးရည်ခွက်ကိုချကာ အပြင်သို့ထွက်ကြိုလိုက်သည်။

အမှန်တော့ ခွဲခွာခဲ့ရသည်မှာ သုံးလမျှသာ ရှိသေးသော်လည်း နန်းတွင်းသည် အခြားနေရာများနှင့် မတူဘဲ လူကို မိသားစု သံယောဇဉ်အား ပို၍တမ်းတစေသည်။

"ကျွန်တော်မျိုးမ မိန်ရန်ကို ဂါရဝပြုပါတယ်။" သခင်မချူနှင့် သခင်မယန်တို့သည် ခြံဝင်းထဲသို့ ဝင်သည်နှင့် အောက်သို့ ဒူးထောက်လိုက်ကြသည်။

ယဲ့ယွင်သည် အမြန်လက်လှမ်းကာ သခင်မချူကို ထူမလိုက်ပြီး ဟွေယွဲ့သည်လည်း အလျင်အမြန်ပင် သခင်မယန်ကို ထူမလိုက်သည်။

"မယ်တော်နဲ့ အရီးတော် အရမ်း ယဉ်ကျေးစရာ မလိုပါဘူး။ ဒီနေရာမှာ ကိုယ့်လူတွေချည်းပါပဲ။ စိတ်မကျဉ်းကြပ်ပါနဲ့။"

သခင်မချူသည် မျက်ရည်များဝဲလျက် ခေါင်းညိတ်လိုက်ပြီး သမီးဖြစ်သူ၏ လက်ကို ဆွဲကိုင်ကာ အထက်အောက် ကြည့်ရှုလိုက်သည်။ သူမ နန်းတော်သို့ ဝင်ရောက်စဉ်ကထက် အနည်းငယ် ပိန်သွားသည်ကို မြင်သောအခါ အလွန်စိတ်မကောင်းဖြစ်သွားခဲ့သည်။

"ခက်ခက်ခဲခဲမှတွေ့ရတာ မရီးက ငိုပဲငိုမနေနဲ့လေ မိန်ရန်ပါ အလကားသက်သက် လိုက်ဝမ်းနည်းနေဦးမယ်။"

သခင်မယန်သည် အမြန်ဖျောင်းဖျလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်၊ ငါလည်း နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ။" သခင်မချူသည် မျက်ရည်များကို သုတ်လိုက်သည်။

ယဲ့ယွင်သည်လည်း နှာခေါင်း ထိပ်လေး ရှုံ့သွားပြီး မယ်တော်၏လက်မောင်းကိုဆွဲကာ အခန်းထဲသို့ ဝင်သွားပြီး နှစ်ဦးသားအတွက် ကိုယ်တိုင် အခါးရည် ငှဲ့ပေးလေသည်။

နန်ကျစ်နှင့် ဟွေယွဲ့တို့သည် လူအားလုံးကို ခေါ်ဆောင်ကာ အပြင်သို့ထွက်ခွာသွားကြပြီး သူတို့ သုံးဦးသား အတွင်းရေးစကားများ ပြောဆိုရန် ချန်ရစ်ခဲ့သည်။

"အမေနဲ့ အရီးတော်၊ မိန်ရန်လို့ တစ်ခွန်းပြီး တစ်ခွန်း မခေါ်ပါနဲ့တော့။ ကြားရတာ စိမ်းကားတယ်။ အပျိုဘဝတုန်းကလိုပဲ ကျွန်မကို ခေါ်ပါ။"

"ကောင်းပြီ၊ အားလုံး နင့်သဘောအတိုင်းပဲ။" သခင်မချူသည် သူမ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

သခင်မယန်၏ မျက်ဝန်းများမှာလည်း အနည်းငယ် နီရဲနေသည်။ ယဲ့မိသားစုသည် လူဦးရေ နည်းပါးပြီး ယဲ့ယွင်၏ ဖခင်နှင့် ဦးလေးတို့သည် တစ်နှစ်ပတ်လုံး စစ်တပ်ထဲတွင် ရှိနေကြကာ မယားငယ်များ ယူထားခြင်း မရှိသဖြင့် ယဲ့အိမ်တော်တွင် လင်ညီအစ်မနှစ်ဦးသာ အပြန်အလှန် ထောက်ပံ့ကူညီခဲ့ကြရာ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။

"အရီးတော်မှာ နင့်ကို ပေးစရာ ကောင်းကောင်းမွန်မွန် သိပ်မရှိဘူး။ ဒါလေး ယူထား၊ နန်းတော်ထဲမှာ အထက်အောက် အဆင်ပြေအောင် လုပ်ရတာ သုံးစွဲရတာတွေ မနည်းဘူး။" သခင်မယန် သည် ပြောပြောဆိုဆိုပင် သူမ၏အင်္ကျီလက်ထဲမှ အိတ်တစ်အိတ်ကို ထုတ်ယူကာ ထိုးပေးလိုက်သည်။

"ကျွန်မ နန်းတော်ထဲ ဝင်လာကတည်းက အိမ်ကနေ အများကြီး ယူလာခဲ့တယ်။ ငွေက သုံးလို့ အဆင်ပြေပါတယ်။ အရီးတော်၊ မောင်လေးနဲ့ ညီမလေးအတွက် စားစရာ ဝတ်စရာတွေ ဝယ်ဖို့ ချန်ထားလိုက်ပါ။ ကျွန်မကို ပေးစရာ မလိုပါဘူး။" ယဲ့ယွင်သည် အလျင်အမြန် ငြင်းဆန်လိုက်သည်။

"လိမ္မာတဲ့ကလေး၊ နင် ကြီးပြင်းလာတာကို ငါ ကြည့်လာရတာ ငါ့သမီးအရင်းလိုပါပဲ။ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။" သခင်မယန်သည် ငြင်းဆန်ခွင့် မပေးဘဲ ထိုပစ္စည်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

ဤအချိန်တွင် သခင်မချူသည်လည်း သူမ၏အင်္ကျီလက်ထဲမှ ဖောင်းကားနေသော ပိုက်ဆံအိတ်တစ်လုံးကို ထုတ်ယူကာ သမီးဖြစ်သူ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

ယဲ့ယွင်၏စိတ်ထဲတွင် ကြည်နူးသွားသလို ရယ်လည်း ရယ်ချင်သွားသည်။

သူမသည် တကယ်ကို ငွေ မလိုအပ်ပေ။ မိန်ရန်၏ လစဉ် လစာငွေမှာ တစ်လလျှင် ငွေစ ၃၀ ဖြစ်ပြီး၊ သူမကိုယ်တိုင် နန်းတော်သို့ ဝင်ရောက်လာစဉ် ငွေစတစ်သောင်းတန် ငွေစက္ကူများနှင့် အကြွေအချို့ ယူဆောင်လာခဲ့ရာ တကယ်ကို နည်းနည်းလေးမျှပင် မလိုအပ်ပေ။

သို့သော် သခင်မယန် ပြောသကဲ့သို့ပင် နန်းတော်ထဲတွင် အထက်အောက် အဆင်ပြေစေရန် အမှန်တကယ် အများအပြား သုံးစွဲရသည်။ ရံဖန်ရံခါ မျက်နှာကြီးသော အစေခံတစ်ဦးဦး ရောက်လာပါက သူမသည် အစဉ်အမြဲ ငွေ၁၀စ၊ ငွေစ၂၀လောက် ပေးလေ့ရှိရာ ဤ လစာငွေနည်းနည်းလေးကို အားကိုး၍ ဘယ်လောက်နိုင်ပါ့မလဲ။

"အမေ၊ ကျွန်မအတွက် စိတ်မပူပါနဲ့။ အရှင်မင်းကြီးက အခု ကျွန်မအပေါ် မဆိုးပါဘူး။ ကျွန်မကို ရာထူးတောင် တိုးပေးသေးတယ်။ ဆုလာဘ်တွေလည်း မနည်းပါဘူး။ ဒါပေမဲ့ ကျွန်မ နန်းတော်ထဲမှာ မျက်နှာသာပေးမှု တစ်ခုတည်းကို အားကိုးလို့ မရဘူး။ မိသားစုကလည်း ကျွန်မရဲ့ အားကိုးရာပဲ။"

ယဲ့ယွင်သည် ပြောဆိုရင်း သူမ၏အမူအရာသည် အနည်းငယ် လေးနက်သွားသည်။

"အစ်ကိုက စစ်တပ်ထဲမှာ လောလောဆယ် စစ်ပွဲမရှိရင် ဂုဏ်ပြုခံရဖို့ ခက်တယ်။ မောင်လေး (ဝမ်းကွဲ) က အခုမှ ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။ စာမေးပွဲ ဖြေဆိုဖို့ တစ်နှစ်တောင် လိုသေးတယ်။ သမီးက ခုချိန်ထိ မောင်းမဆောင်ထဲမှာ မျိုးရိုးက အခွံသက်သက်ပဲ ဖြစ်နေတယ်။ ဒီလိုမျိုး အမြဲတမ်းဆိုမဖြစ်ဘူး။ အခု ဝမ်းကွဲအစ်ကို နှစ်ယောက်က အရှင်မင်းကြီးရဲ့ မျက်စိထဲ ရောက်နေပြီ။ မယ်တော် ပြန်ရောက်ရင် အဘိုးနဲ့ ဦးလေးကို သေချာပေါက် ပြောပေးပါ။ အရှင်မင်းကြီးက အလေးထားမှတော့ အရှင်မင်းကြီးကိုပဲ အားကိုးရမယ်။ နန်းတွင်းမှာ ဘယ်သူကပဲ လာပြီး ဆွဲဆောင် ဆွဲဆောင်၊ လုံးဝ လိုက်ပါမသွားမိစေနဲ့လ်ို့ ယဲ့မိသားစု၊ ချူမိသားစု၊ ယန်မိသားစု အားလုံးက သန့်ရှင်းတဲ့ အမတ်တွေ ဖြစ်မှသာ အရာအားလုံး စိုးရိမ်ပူပန်စရာမရှိအောင် အာမခံနိုင်မှာ။"

ဤစကားများသည် မိသားစုဝင်များ နားလည်စေရန် အသေအချာ ရှင်းပြရမည့်အရာများ ဖြစ်သည်။

အကယ်၍ မိခင်ဘက်မှ အဘိုးအိမ်တော်က ခြေတစ်လှမ်း မှားယွင်းသွားပြီး နန်းတွင်းမှ အာဏာရှိသူတစ်ဦးဦးကို ရွေးချယ် မှီခိုလိုက်ပါက ၎င်းမှာ ဧကရာဇ်၏စေတနာကို သစ္စာဖောက်ခြင်းပင် ဖြစ်မည်။ ယခုအခါတွင် ခေတ္တခဏ ထင်ပေါ်ကျော်ကြားနိုင်သေးသော်လည်း နောင်တွင် ဧကရာဇ်က မျိုးရိုးကြီး မိသားစုများကို ရှင်းလင်းသည့်အခါ မည်သူမျှ ဘေးဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယခု ဧကရာဇ်က ယဲ့မျိုးရိုူကို အထင်ကြီးပြီး မွေးမြူချင်နေမှတော့တစ်စိတ်တစ်ဝမ်းတည်း ဧကရာဇ်အတွက် အကျိုးဆောင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်၏။

သခင်မချူနှင့် သခင်မယန်တို့သည် ဉာဏ်ကောင်းသူများ ဖြစ်ကြရာ ယဲ့ယွင် ဤသို့ ပြောလိုက်သည်နှင့် သူတို့၏စိတ်ထဲတွင်လည်း အခြေအနေကို သဘောပေါက်သွားကြသည်။

သူတို့သည် ယဲ့ယွင်၏အားကိုးရာ ဖြစ်သလို ယဲ့ယွင်သည်လည်း သူတို့၏အားကိုးရာပင်ဖြစ်သည်။

ယခု အိမ်တော်ရှိ ယောက်ျားလေးများမှာ ငယ်ရွယ်သေးပြီး ဂုဏ်ပြုခံရရန်မှာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ အကယ်၍ ယဲ့ယွင်က ဧကရာဇ်၏ မျက်နှာသာကို ရရှိပြီး အိမ်တော်ကို အနည်းငယ် ကူညီထောက်ပံ့ပေးနိုင်ပါက အခြေအနေမှာ လုံးဝကွဲပြားသွားမည် ဖြစ်သည်။

အနည်းဆုံးတော့ ဂုဏ်ပြုခံရမည့် အခွင့်အရေးများစွာကို ကြိုးပမ်း ရယူနိုင်ပြီး ထိုအခွင့်အရေးများကိုသာ ဆုပ်ကိုင်ထားနိုင်ပါက မိသားစု၏ဂုဏ်သိက္ခာကို ပြန်လည်တောက်ပစေနိုင်မည် ဖြစ်သည်။

ဤစကားများ ပြောဆိုပြီးနောက် သခင်မချူသည် ကိစ္စတစ်ခုကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"အရင်တစ်ခါ နင် အမေ့ကို စုံစမ်းခိုင်းလိုက်တဲ့ ကိစ္စလေ။ အဲ့ဒီတုန်းက သွားကြည့်တဲ့အချိန်မှာ လူက သေနှင့်နေပြီ။ အမေက စိတ်မလျှော့ဘဲ လူလွှတ်ပြီး အမြဲတမ်း စောင့်ကြည့်ခိုင်းထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်က သဲလွန်စ နည်းနည်း ရလာတယ်။ အဲ့ဒီ လုယန်ရဲ့ အစ်ကို၊ သူ တစ်ခါ ပေါ်လာတယ်။ အဲ့ဒီယောက်ျားရဲ့ အိမ်ထဲကို ဝင်ပြီး ပစ္စည်းတစ်ခုခု ယူသွားတယ်။ အမေ လူလွှတ်ပြီး သေချာ စုံစမ်းကြည့်တော့ ဒီလုယန်ရဲ့ မရီးရဲ့ မိခင်အိမ်က ဝမ်းကွဲညီမရဲ့ယောက္ခမကြီးရဲ့အစ်မက ရွှန့်ယွမ်နယ်စားမင်းအိမ်တော်ထဲက စားဖိုဆောင်မှာ ထင်းမီးမွှေးတဲ့ အဘွားကြီး ဖြစ်နေတယ်။ ဒါက ဖြစ်နိုင်ပါ့မလား..."

(ရှေ့မှာတုန်းကတော့ သတို့သားလောင်းဆိုပြီးရေးခဲ့တာပါ)

"ရွှန့်ယွမ်နယ်စားမင်းအိမ်တော်ဆို ယောင်

မိသားစုမဟုတ်ဘူးလား။" ယဲ့ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်မနဲ့ ဖန်းချိုက်ရန် (ယောင်ရှန်း) က ဘာပတ်သက်မှုမှ မရှိဘူး။ ရန်ငြိုးလည်း မရှိခဲ့ဘူး။ ကျွန်မရဲ့မျိုးရိုးက သူ့အတွက် ခြိမ်းခြောက်မှုလည်း မဟုတ်ဘူး။ ဒီကိစ္စက သူနဲ့ ဘယ်လို သွားပြီးတော့ပတ်သက်နေတာလဲ။"

"တိုက်ဆိုင်မှု သက်သက်လည်း ဖြစ်နိုင်တာပဲ။ ဘာပဲပြောပြော အဲ့ဒီလူက အိမ်ခေါင်မိုး ပြင်ရင်း ချော်ကျပြီး လည်ပင်းကျိုး သေတာလို့ ပြောကြတယ်။ အိမ်နီးနားချင်းတွေကလည်း သက်သေ ထွက်ထားတော့ စုံစမ်းဖို့ သိပ်မကောင်းဘူး။" သခင်မချူသည်လည်း သံသယ ဝင်နေသည်။

ယဲ့ယွင်သည် ခေါင်းညိတ်လိုက်သည်။ ဤကိစ္စများသည် ထိုမျှ အလွယ်တကူ သဲလွန်စပေါ်လာမည် မဟုတ်ပေ။ သို့သော် ယောင်မိသားစုနှင့် ပတ်သက်မှု ရှိနေမှတော့ နောင်တွင် အနည်းငယ် သတိထားရမည် ဖြစ်သည်။

နောက်ထပ် နာရီဝက်ခန့် ထိုင်ပြီးသောအခါ အပြင်ဘက်မှ စားသောက်ပွဲ စတင်တော့မည် ဖြစ်ကြောင်း သတင်းလာပို့သည်။

ထိုအခါမှ သုံးဦးသား ထရပ်ကာ စားသောက်ပွဲ ခင်းကျင်းရာ ချုံဟွာခန်းမဆောင်ဆီသို့ သွားကြလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-38

အခန်း ၃၈ ။ အကျပ်ကိုင်ခံရခြင်း

ချုံဟွာခန်းမဆောင်

မိဖုရားခေါင်ကြီးသည် မယ်တော်ကြီးကို ထိန်းကူလျက် မောင်းမဆောင်မှ အမျိုးသမီးများနှင့် မိန်ဖု(တရားဝင်ဇနီးသည် ကတော်) များကို ဦးဆောင်ကာ ဦးစွာရောက်ရှိလာ၏။ ထို့နောက်တွင်မှ ဧကရာဇ်နှင့် အမတ်မင်းများ ရောက်ရှိလာကြသည်။

လူအားလုံး ထိုင်နေရာယူပြီးကြသောအခါ နင်ချန်သည် အရက်ခွက်ကို မြှောက်လိုက်

သည်။

"ဒီနေ့ ကျုံးယန်နန်းတွင်းစားသောက်ပွဲမှာ ကျန်းက အားလုံးနဲ့အတူ ပျော်ရွှင်ဆင်နွှဲမယ်။ ကျန်းတို့ နန်ချီအေးချမ်းသာယာပြီး ပြည်သူတွေ ငြိမ်းချမ်းကြပါစေလို့ ဆန္ဒပြုတယ်။"

"နန်ချီ အေးချမ်းသာယာပြီး ပြည်သူတွေ ငြိမ်းချမ်းကြပါစေ။"

လူအများသည်လည်း အသီးသီး ခွက်များကို မြှောက်ကာ တုံ့ပြန်လိုက်ကြပြီး အတူတကွ ဟစ်ကြွေးလိုက်ကြသည်။

နင်ချန်သည် ထိုအရက်တစ်ခွက်ကို မော့ချလိုက်ပြီး ပြုံးလျက် လက်ကာပြလိုက်သည်။ "အားလုံးပဲ အရိုအသေပေးစရာ မလိုပါဘူး။ ဒီနေ့ စားသောက်ပွဲ ခင်းကျင်းတာ အားလုံး စိတ်မကျဉ်းကြပ်ကြနဲ့။ စားသောက် ပျော်ရွှင်ကြဖို့ပဲ။"

မယ်တော်ကြီးသည်လည်း ပြုံးလျက် ထောက်ခံလိုက်သည်။ "ဒီလို တစ်ယောက်နဲ့တစ်ယောက်ဆုံဆည်းဖို့ ခက်ခဲတဲ့အချိန်မှာဓလေ့ထုံးတမ်တွေကို လုံးဝ ဂရုမစိုက်ကြနဲ့။ အိုက်ကျားလည်း ဒီလို စည်စည်ကားကား မရှိတာ အချိန်အတော်ကြာပြီ။"

"ဒီနေ့ ဒီစားသောက်ပွဲက မယ်တော်ကြီးကို ပျော်ရွှင်စေနိုင်မှတော့ အာရှီ (ချွေးမတော်) လည်း စိတ်အေးရပါပြီ။ အာရှီက မယ်တော်ကြီးကို အရက်တစ်ခွက် ဆက်သပါတယ်။" မိဖုရားခေါင်ကြီးသည် အချိန်ကိုက် စကားဆက်လိုက်သည်။

"ဟွမ်အာက စေတနာ ရှိသားပဲ။" အပြင်လူများ ရှေ့တွင် မယ်တော်ကြီးသည် မိဖုရားခေါင်ကြီးကို မျက်နှာသာ ပေးလျက် ရှိ၏။ သူမသည် သူမ၏တူမတော်ကို ပို၍ နှစ်သက်သော်လည်း မိဖုရားခေါင်ကြီးတွင် တကယ်တမ်း ကြီးမားသော အမှားအယွင်း မရှိဘဲ အစဉ်အမြဲလည်း သားသမီးဝတ္တရား ကျေပွန်လေသည်။

နင်ချန်သည်လည်း ချီးကျူးစကားတစ်ခွန်း ဆိုလိုက်သည်။ "မိဖုရားခေါင်ကြီး နန်းတွင်းစားသောက်ပွဲကို စီစဉ်ရတာ ပင်ပန်းသွားပြီ။ ကျန်းလည်း မိဖုရားခေါင်ကြီးကို တစ်ခွက် ဂုဏ်ပြုပါတယ်။"

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒါတွေအားလုံးက ဒီချန်းချဲ့ရဲ့တာဝန်ဝတ္တရား အတွင်းက ကိစ္စတွေပါ။" မိဖုရားခေါင်ကြီးသည်လည်း ချက်ချင်း ခွက်မြှောက်၍ တုံ့ပြန်လိုက်သည်။

သူတို့သုံးဦး၏ ဤသို့ အပြန်အလှန် ပြုမူမှုသည်မိသားစု သာယာချမ်းမြေ့ခြင်းတည်းဟူသော ဇာတ်လမ်းတစ်ပုဒ်ကို အပြည့်အဝ သရုပ်ဆောင်သွားပြီး အောက်မှ အမတ်မင်းများမှာမူ ချီးကျူးစကားများ ဆိုကြရုံသာ ရှိလေသည်။ အချုပ်အားဖြင့်ဆိုသော် အငွေ့အသက်မှာ အတော်ပင် သဟဇာတ ဖြစ်လျက်ရှိ၏။

အရက်သုံးခွက်မြောက် ကျော်လွန်သောအခါ ပွဲတော်သည် စတင် စည်ကားလာသည်။ မယ်တော်ကြီးသည် သူမဘေးမှ ဖုမားမားအား စကားအနည်းငယ် တိုးတိုးကပ် ပြောလိုက်ရာ ဖုမားမားသည်လည်း အစေခံမလေးတစ်ဦးကို ရှာဖွေကာ အောက်ဘက်သို့ ပတ်၍ ဆင်းသွားစေသည်။

မကြာမီတွင် မိန်ချိုက်ရန်သည် အရက်ခွက်ကို ကိုင်ဆောင်လျက် ထရပ်လိုက်သည်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့ အရှင်မင်းကြီးကို တစ်ခွက် ဆက်သပါတယ်။ ကျုံးယန်ပွဲတော်နေ့မှာ အစဉ်အလာအရ အမြင့်သို့တက်ခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိပါတယ်။ ဒီချန်းချဲ့က အရှင်မင်းကြီး ကံကောင်းခြင်း ကြယ်တာရာ မြင့်မားစွာ တောက်ပပြီး နှစ်ထောင်ချီတဲ့ ကြီးမြတ်တဲ့သမိုင်းတွေကို တည်ထောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။"

"မင်းက ပြောတတ်သားပဲ။ ဒါဆို ကျန်းက မင်းရဲ့ မင်္ဂလာစကားကို လက်ခံလိုက်မယ်။" နင်ချန်သည် အလွန် မျက်နှာသာပေးလျက် တစ်ခွက်မော့ချလိုက်သည်။

မိန်ချိုက်ရန်သည် ပြုံးလျက် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးပြီး ဆက်လက် လျှောက်တင်သည်။ "ဒီနေ့ ဒီချန်းချဲ့က အရှင်မင်းကြီးကို ဆက်သဖို့ အရည်အချင်း အနည်းငယ်လည်း ပြင်ဆင်ထားပါသေးတယ်။ အရှင်မင်းကြီး မျက်နှာသာပေးပြီး ဒီချန်းချဲ့ကို ပြသခွင့် ပြုမလား မသိဘူး။"

နင်ချန်၏မျက်ဝန်းအိမ်များ အနည်းငယ် နက်မှောင်သွား၏။ သူ နှုတ်မဟမီမှာပင် မယ်တော်ကြီးက ဦးစွာ ပြောလိုက်သည်။

"မိန်ချိုက်ရန်က အမြဲတမ်း ဉာဏ်ကောင်းနေတော့တာပဲ။ သူက ဒီလိုစိတ်ရှည်ရှည်နဲ့ ပြင်ဆင်ထားတာ ရှားတယ်။ အိုက်ကျားလည်း ကြည့်ရှုချင်ပါသေးတယ်။"

"မယ်တော်ကြီးကလည်း ကြည့်ရှုချင်မှတော့ ကျန်းကိုလည်း တစ်ပါတည်း ကြည့်ရှုခွင့်ပေးပါဦး။" နင်ချန်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ အမှန်ပင် သားသမီးဝတ္တရား ကျေပွန်သော သားတစ်ဦး၏ ပုံစံ ဖြစ်လေသည်။

မိန်ချိုက်ရန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူမ၏နောက်သို့ လက်ခုပ်တီးလိုက်ရာ မိန်းမစိုးနှစ်ဦးသည် စားပွဲရှည်တစ်လုံးကို သယ်ထုတ်လာပြီး နောက်မှ နန်းတွင်းသူအချို့သည် စုတ်တံ၊ မင်၊ စက္ကူ၊ မင်တုံးများကို ကိုင်ဆောင်လျက် အစဉ်လိုက် လိုက်ပါလာကာ ခင်းကျင်းပြင်ဆင်ကြသည်။

ထိုအချိန်တွင်၊ 'ဟူချင်' (တရုတ်တယော) သံ ထွက်ပေါ်လာပြီး စည်သံ၊ ကြေးခလောက်သံတို့နှင့်အတူ ရုတ်တရက် လူကို စစ်မြေပြင်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားသွားစေသည်။

ကျောက်စိမ်းပြာရောင် နန်းတွင်းဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးသည် နွေဦး၏ စိမ်းလန်းစ ပြုနေသော အရွက်သစ်များပမာ စောင်းသံစဉ်အတိုင်း ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး မတ်တပ်ရပ်ကာ စုတ်တံကို ကိုင်လျက် မင်ကို တို့ယူလိုက်သည်။

တေးဂီတသံသည် ရုတ်တရက် အရှိန်မြန်လာပြီး စစ်သည် ထောင်သောင်းများစွာ တဟုန်ထိုး ထွက်လာသကဲ့သို့ သံချပ်ကာ မြင်းစီးသူရဲများ ခန့်ညားထည်ဝါစွာ ထွက်ပေါ်လာသကဲ့သို့ ရှိ၏။ မိန်ချိုက်ရန်၏လက်ထဲမှ စုတ်တံသည်လည်း တေးဂီတသံနှင့်အညီ လှုပ်ရှားသွားပြီး တိမ်များ ရွေ့လျားသကဲ့သို့၊ ရေများ စီးဆင်းသကဲ့သို့ တစ်ဆက်တည်း ပြီးမြောက်သွားသည်။

မြောက်ပိုင်းနယ်စပ်၏ စစ်သံစဉ်တစ်ပုဒ်နှင့်အတူ စုတ်တံ၏ ထိပ်ဖျားသည် စက္ကူပေါ်တွင် ပျံသန်းခုန်ပေါက်လျက် တခါတရံ နှေးကွေးပြီး တခါတရံ လျင်မြန်လှသည်။ တေးသံစဉ် ဆုံးသည်နှင့် စုတ်တံလည်း ရပ်တန့်သွားရာ လူအားလုံးမှာမူ သတိ မဝင်ကြသေးပေ။

မယ်တော်ကြီးသည် ပထမဆုံး လက်ခုပ်တီးလိုက်ရာ နောက်ဆက်တွဲအဖြစ် ခန်းမတစ်ခုလုံး၏ ချီးကျူးသြဘာပေးသံများ ထွက်ပေါ်လာသည်။

မိန်ချိုက်ရန်၏မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။ အသိအမှတ်ပြုခြင်းခံရသောကြောင့် ဖြစ်လောက်သည်။ သူမ၏တစ်ကိုယ်လုံးသည် မဖုံးကွယ်နိုင်သော တောက်ပမှုကို ထုတ်လွှတ်နေပြီး ပုံမှန်အချိန်ထက်စာလျှင် အတော်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေ၏။

"ဒီချန်းချဲ့က ပန်းချီကားကို အရှင်မင်းကြီးကိုဆက်သပြီး အရှင်မင်းကြီး နှစ်ထောင်ချီ အထွတ်အထိပ်သို့ရောက်ရှိပါစေလို့ ဆုတောင်းပါတယ်။"

မိန်းမစိုး နှစ်ဦးသည် ပန်းချီကားကို ထောင်ပြလိုက်ရာ ၎င်းမှာ မတ်စောက်သော ချောက်ကမ်းပါးနှင့် ထင်းရှူးစိမ်းတို့၏ ရှုခင်းပန်းချီကားတစ်ချပ် ဖြစ်လေသည်။ လက်ရာမှာ ကျွမ်းကျင်လှပြီး စုတ်ချက်မှာ နက်ရှိုင်းလှသဖြင့် အလွန် မြင့်မားသည်ဟု ဆိုနိုင်ပေသည်။

"ကောင်းတယ်။" နင်ချန်သည် ပြုံးလျက် ချီးကျူးစကားတစ်ခွန်း ဆိုလိုက်သည်။ "မိန်ချိုက်ရန်ရဲ့ စေတနာကို ကျန်း အရမ်း သဘောကျတယ်။ ဒီနေ့ ကျန်း မင်းကို ဘာဆုချရမလဲ ခဏတာ စဉ်းစားမရဘူး၊ ဝမ်ရုန် (အဆင့် ၆) အဆင့်ကို ရာထူးတိုးပေးလိုက်တော့။"

မိန်ချိုက်ရန်သည် တစ်ချက် ကြောင်ငေးသွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အရိုအသေပေးလိုက်သည်။ "ဒီချန်းချဲ့၊ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။"

အောက်မှ လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြသည်။ မိန်ချိုက်ရန် သည် 'ပေါင်လင်' (အဆင့် ၈) အဆင့်ဖြင့် နန်းတော်သို့ ဝင်ရောက်လာခဲ့သော်လည်း ဤ သုံးလအတွင်းမှာပင် အဆင့်နှစ်ဆင့် တက်ကာ ဝမ်ရုန် (အဆင့် ၆) ဖြစ်လာခဲ့သည်။ ဤမျှလောက် မျက်နှာသာပေးမှု ရရှိနိုင်ခြင်းမှာ ဧကရာဇ်၏ တရားဝင် ဝမ်းကွဲညီမတော် ဖြစ်သည်နှင့် ထိုက်တန်လှပေသည်။ ဧကရာဇ်၏ လုပ်ရပ်သည် ချန်မိသားစုကို မျက်နှာသာ အပြည့်အဝ ပေးလိုက်ခြင်းပင် ဖြစ်ရာ ဤအချိန်တွင် ယင်းကော်မြို့စားတို့ဇနီးမောင်နှံမှာမူ ပန်းပွင့်သကဲ့သို့ ပြုံးနေကြလေသည်။

ယဲ့ယွင်မှာမူ ဘေးတွင် ကြည့်ရင်း နင်ချန်ကိုသာ သနားနေမိသည်။

ထင်ရှားသည်မှာ နင်ချန်သည် မိန်ချိုက်ရန်ကို မနှစ်သက်ပေ။ သို့သော် ယနေ့ မယ်တော်ကြီးက ဤသို့ မြှောက်စားနေပြီး မိန်ချိုက်ရန်၏အရည်အချင်းကလည်း လူတိုင်း၏ ချီးကျူးသြဘာပေးမှုကို ရရှိနေသဖြင့် အကယ်၍ တန်ဖိုးကြီးသော တစ်စုံတစ်ခုကို မချီးမြှင့်ပါက အကြောင်းပြချက် ခိုင်လုံမည် မဟုတ်ပေ။ ဆုလာဘ်က အလွန် တန်ဖိုးကြီးပါက စည်းမျဉ်းကို ကျော်လွန်သွားမည်ကို စိုးရိမ်ရပြီး ရာထူးတိုးမြှင့်ပေးခြင်းကသာ အသင့်တော်ဆုံး ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် နင်ချန်သည် လူအများ၏ရှေ့တွင် မယ်တော်ကြီး၏ မီးမောင်းထိုးခြင်းကို ခံလိုက်ရပြီး အကယ်၍ ချန်မိသားစုဝင်များကို ကျေနပ်အောင် မလုပ်နိုင်ပါက အဆုံးသတ်ရန် ခက်ခဲမည်ကို စိုးရိမ်ရသည်။ ဤသည်မှာ လုံးဝကို အကျပ်ကိုင်ခံလိုက်ရခြင်း ဖြစ်၏။

စိတ်ထဲတွင် ဤသို့ တွေးမိသည်နှင့် သူမ၏မျက်လုံးများသည်အလိုအလျောက်ပင် သူ့ထံသို့ လှမ်းကြည့်လိုက်မိသည်။

နင်ချန်သည် တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ကို ခံစားမိသဖြင့်၊ ထက်မြက်စွာ ခေါင်းလှည့်လိုက်ရာ ယဲ့ယွင်နှင့် ကွက်တိ မျက်လုံးချင်း ဆုံသွားပြီး ယဲ့ယွင်၏မျက်လုံးထဲမှ ခံစားချက်များကို ထွင်းဖောက် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ယဲ့ယွင်သည် ဤသို့ တိုက်ဆိုင်သွားမည်ဟု မထင်ထားမိသဖြင့် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး ခွက်ကို ကောက်ယူကာ တစ်ငုံမျှ သောက်လိုက်သည်။ သို့သော် ၎င်းမှာ သစ်သီးဝိုင်ဖြစ်သည်ကို မေ့သွားပြီး အလွန်အလျင်စလိုသောက်လိုက်သဖြင့် သီးသွားလေသည်။

နန်ကျစ်သည် လန့်သွားပြီး အလျင်အမြန်ပင် ထိုင်ချကာ သူမ၏ကျောကို ပုတ်ပေးလိုက်ရာ ချက်ချင်းပင် အကြည့်များစွာကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

"ယဲ့မိန်ရန် ဒါက ဘယ်လိုဖြစ်တာလဲ။" မိဖုရားခေါင်ကြီးသည် စိုးရိမ်စွာ မေးလိုက်သည်။

ယဲ့ယွင်သည် အလျင်အမြန် ထရပ်လိုက်သည်။ "မိဖုရားခေါင်ကြီးကို ပြန်လျှောက်ပါတယ်။ ဒီချန်းချဲ့ အရက်သောက်ရင်း သီးသွားလို့ပါ။ အားလုံးရှေ့မှာ အမူအရာပျက်ယွင်းသွားတဲ့အတွက် မယ်မယ် အပြစ်ပေးတော်မူပါ။"

ဘယ်သူကများ မသီးဖူးတာရှိလို့လဲ။ မည်သို့ပင်ဖြစ်စေ သူမသည် ရက်ရောစွာဖြင့် အပြစ်ကို တောင်းခံလိုက်ပြီး ဖြစ်သည်။ မိဖုရားခေါင်ကြီးသည် မူလကတည်းက စိတ်သဘောထားကြီးမားပြီး ဂုဏ်သိက္ခာရှိကာ အကျိုးဆောင်၏သမီးအပေါ် ကောင်းမွန်စွာ ဆက်ဆံသောပုံစံကို ပြုလုပ်လိုသဖြင့် သဘာဝအတိုင်းပင် သူမကို အပြစ်ပေးမည် မဟုတ်ပေ။

"ဒီလိုကိုး၊ နေလို့ မကောင်းတာမျိုး မရှိရင် တော်ပါပြီ။ မြန်မြန် ထိုင်လိုက်ပါဦး။ ပန်ကုန်း ကြားတာ မင်းက ဂဏန်း စားရတာ ကြိုက်တယ်ဆို ခဏနေရင် ဂန္ဓမာပန်း ဂဏန်းပေါင်းတစ်ပွဲ လာတော့မယ်။ အရသာက တော်တော်လေး ကောင်းတယ်နော်။"

"မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်။" ယဲ့ယွင်သည် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်ပြီး ထိုင်ရန် ပြင်လိုက်သည်။

ဤအချိန်တွင် ရုတ်တရက် နင်ချန်၏စကားသံကို ကြားလိုက်ရသည်။

"ယဲ့မိန်ရန်က အမြဲတမ်း ကျန်းကို အနူးညံ့ဆုံး ညှာတာစဉ်းစားပေးလေ့ရှိတယ်။ ကျန်းနဲ့အတူတူ လာထိုင်။ လာကြစမ်း၊ နေရာ ချီးမြှင့်လိုက်။"

လူတိုင်း အံ့အားသင့်သွားကြသည်။ ယဲ့ယွင် ဤမျှလောက် မျက်နှာသာ ပေးခံရသည်ဟု မည်သည့်အခါကမျှ မကြားဖူးခဲ့ပေ။ ယဲ့ယွင်ကိုယ်တိုင်ပင်လျှင် အတော်လေး အံ့အားသင့်သွားခဲ့သည်။

သို့သော် မျက်နှာသာပေးခံရသော ကိုယ်လုပ်တော် ဖြစ်ရန် ရည်မှန်းထားသူတစ်ဦးအဖို့ ဤမျှလောက် တည်ငြိမ်မှုမျိုးတော့ ရှိသင့်သဖြင့် လျင်မြန်စွာပင် အမူအရာကို ပြန်လည်ထိန်းညှိလိုက်ပြီး ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် သူမတွေးမိသော တစ်ခုတည်းသောအရာမှာ ခုနက မယ်တော်ကြီး၏ အကျပ်ကိုင်ခြင်းကို တစ်ကြိမ်ခံလိုက်ရသဖြင့် ဧကရာဇ်၏စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည့်အတွက် ခုလေးတင် ရာထူးတက်သွားသော မိန်ဝမ်ရုန် (မိန်ချိုက်ရန်) ကို တမင်တကာ ရှောင်ရှားကာ သူမကို အနီးကပ် အမှုထမ်းရန်ခေါ်

လိုက်ခြင်း ဖြစ်ပေမည် ဟူ၍ပင်။

ယဲ့ယွင် ထွက်ခွာသွားသောအခါ သူမ၏နေရာမှ ပစ္စည်းများကိုလည်း တစ်ပါတည်း ယူဆောင်သွားပြီး စားပွဲကိုလည်း သိမ်းဆည်းသွားသည်။

ဖန်းချိုက်ရန်၏ မျက်နှာထားသည် အမှန်

ပင် ပြောင်းလဲသွားခဲ့သည်။ ကိစ္စများထိုကဲ့သို့ ဖြစ်သွားမည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် သူမ စီစဉ်ထားသောကိစ္စမှာ မှာကြားပြီး ဖြစ်သဖြင့် ယခုအချိန်တွင် ရပ်တန့်လိုလျှင်လည်း အချိန်မမီတော့ပေ။

ဤအချိန်တွင် အစားအစာများ ပို့ဆောင်သော နန်းတွင်းသူများသည် 'ဂန္ဓမာပန်း ဂဏန်းပေါင်း' များကို အစဉ်လိုက် ကိုင်ဆောင်ကာ ခန်းမထဲသို့ ဝင်ရောက်လာကြသည်။ မူလက ယဲ့ယွင် ရရှိရမည့် ထိုပန်းကန်သည် အစက သူမ၏အောက်ဘက်တွင် ထိုင်နေခဲ့သော ယိဝမ်ရုန်၏စားပွဲပေါ်သို့ ကျရောက်သွားလေသည်။

ယောင်ရှန်း၏ စိတ်ထဲတွင် ဖြေရှင်းရန် နည်းလမ်းများကို အဆက်မပြတ် တွေးတောနေစဉ် အပေါ်ဘက်မှ ထိုက်ကွေ့ဖေးသည်လည်း ဤအချက်ကို သတိပြုမိသွားပြီး သူမ၏မျက်ဝန်းအိမ်များလည်း ပြောင်းလဲသွားသည်။ သို့သော်ကိစ္စမှာ ယခုအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ ယဲ့ယွင် ဤဘေးဒုက္ခမှ လွတ်မြောက်ရန် ကံကြမ္မာ ပါလာမှတော့ ယိဝမ်ရုန်၏အပေါ်တွင် အသုံးပြုလိုက်လျှင်လည်း အတူတူပင် ဖြစ်၏။

စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ထိုက်ကွေ့ဖေး သည် ယောင်ရှန်းထံသို့ မျက်ရိပ်တစ်ချက်ပြလိုက်ရာ၊ ယောင်ရှန်းမှာမူ ထိုအခါမှ တည်ငြိမ်သွားလေသည်။ လေးကို တင်ပြီးမှတော့ နောက်ပြန်လှည့်သော မြား မရှိပေ။ မည်သူ့ကို ထိမှန်သည် ဖြစ်စေ၊ မှန်ချင်တဲ့သူမှန်ပါစေတော့။

ဤအဒေါ်နှင့် တူမ နှစ်ဦး၏ တိတ်တဆိတ် အပြန်အလှန် ဆက်သွယ်မှုကိုမူ မည်သူမျှ သတိပြုမိခြင်း မရှိဘဲ လူအများသည် စကားဝိုင်းကို ဝမ်ဖေးနှင့် ရှချိုက်ရန်တို့၏ ဝမ်းဗိုက်များဆီသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

"ပန်ကုန်းကျူ(မင်းသမီး) ဟန်အာ နဲ့ ရွှေအာ ကို မွေးတုန်းက ဗိုက်က ဝိုင်းဝိုင်းလေး။ မယ်မယ့်ရဲ့ ဒီဗိုက်က ကြည့်ရတာ နည်းနည်း ချွန်နေသလိုပဲ။" ကျားဟယ်မင်းသမီးက ဆိုလိုက်သည်။

ယန်ရှိုးရီသည် တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ "ဒီချန်းချဲ့ ကြားဖူးတာတော့ ဗိုက်ချွန်ရင် သားလေး၊ ဗိုက်ဝိုင်းရင် သမီးလေးတဲ့။ ကြည့်ရတာ ဝမ်ဖေးမယ်မယ့်ရဲ့ ဒီဗိုက်ထဲမှာ အများစုက မင်းသားလေး ဖြစ်မယ် ထင်တယ်။"

***

All Chapters