← Chapters

အခန်း (၃၉-၄၀)

Vol. 3 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 3 Ch. 39-40

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-39

အခန်း ၃၉ ။ အများရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်းခြင်း

ယန်ရှိုးရီ ထိုစကားတစ်ခွန်းကို ဆိုပြီးသည်နှင့် ပွဲတော်နေရာသည် ချက်ချင်းပင် အနည်းငယ် တိတ်ဆိတ်သွားခဲ့၏။

သူမသည် မိုက်မဲသူတစ်ဦး မဟုတ်ပေ။ထိုကဲ့သို့စကားကို ဆိုလိုက်ခြင်းမှာ ဝမ်ဖေးအတွက် မုန်းတီးမှုကို ဆွဲဆောင်ပေးလိုက်ခြင်းပင်။ မိဖုရားခေါင်ကြီးသည် ဘယ်လိုလူမျိုးမလို့လဲ။ အလွန်ကိုမှစိတ်နှလုံး ရက်စက်ကြမ်းကြုတ်သူ ဖြစ်၏။ ဝမ်ဖေးက သူမ၏ရှေ့မှ ကလေးမွေးဖွားခြင်းသည်ပင် သူမကို မည်မျှ နာကျင်စေသည်ကို မသိနိုင်ပေ။ ယခု မင်းသားလေးတစ်ပါး ဖြစ်နိုင်သည်ဟု သိရှိသွားပါက ပို၍ နာကျင်ရမည် မဟုတ်လား။ မိဖုရားခေါင်ကြီးသာမက ရှူးဖေး၊ မယ်တော်ကြီး၊ ထိုက်ကွေ့ဖေး၊ မိသားစုနှင့် ပတ်သက်ဆက်နွှယ်မှု ရှိသူတိုင်း ဘယ်သူကများ မူလကတည်းက မျက်နှာသာပေးခံရသော ဝမ်ဖေးက ဧကရာဇ်၏ သားဦးကို မွေးဖွားသည်ကို ကြည့်မြင်လိုကြမှာလဲ။

"ဒါက အခြေအမြစ်မရှိတဲ့ စကားလေးပါပဲ။ ယန်ရှိုးရီ နောက်ပြောင်လိုက်တာက အပျင်းဖြေဖို့ နားထောင်တာလောက်ပဲ တော်ပါတယ်။ လုံးဝ အတည်ယူလို့တော့ မဖြစ်ပါဘူး။ တကယ်လို့ ဒီလိုနဲ့တင် သန္ဓေသားရဲ့ ယောက်ျား မိန်းမကို ခွဲခြားနိုင်မယ်ဆိုရင် သမားတော်ကြီးကို ဘာလို့ လိုအပ်ဦးမှာလဲ။"

ဝမ်ဖေးသည် သူမ၏ ဝမ်းဗိုက်ကို ထိန်းထားရင်း နူးညံ့စွာ ပြုံးလိုက်ပြီး ခေတ္တမျှ ရပ်တန့်ကာ ဆက်လက် ပြောလိုက်သည်။

"အဲ့ဒီ ဆိုရိုးစကားတွေမှာ 'အချဉ်ကြိုက်ရင် သား၊ အစပ်ကြိုက်ရင် သမီး' လို့လည်း ပြောကြသေးတယ်။ ကျွန်မ မှတ်မိတာ အစ်မတော်ရှူးဖေး မင်းသမီးကြီးကို လွယ်ထားတုန်းက အချဉ်တအားကြိုက်တယ်။ ကျွန်မက အခု အချိုကြိုက်နေတာ။ ဒါလည်း ပြောလို့ မရပြန်ဘူးလေ။ ဒါကို ကြည့်ရင် ဒီစကားတွေအားလုံးက ယုံလို့ မရပါဘူး။"

"ဝမ်ဖေး ပြောတာ မှန်တယ်။ မင်းသားပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ် အတူတူ ကောင်းတာပါပဲ။ ယန်ရှိုးရီလည်း ပြောတာကိုပဲ အာရုံမစိုက်နဲ့ဦး။ အရှင်မင်းကြီးက အမြဲတမ်း မင်းကိုလည်း ချစ်ခင်တာပဲ။ မင်းလည်း အရှင်မင်းကြီးအတွက် သားတစ်ယောက် သမီးတစ်ယောက်ကို အမြန်ဆုံး မွေးဖွားပေးမှ ကောင်းမယ်။"

မိဖုရားခေါင်ကြီးသည်လည်း ဤအချိန်တွင် ဝင်ရောက်ပြောဆိုလိုက်ရာ တရားဝင်ဇနီးတစ်ဦး၏ စိတ်သဘောထားကြီးမားသော ပုံစံကို ပြုမူလျက် ရှိ၏။ သူမသည် ဝမ်ဖေးက ကလေးမွေးဖွားသည်ကို မလိုလားသည်မှာ မှန်သော်လည်း အခြားသူများ၏လှုံ့ဆော်မှုဖြင့် အလွယ်တကူ အသုံးချခံမည့်သူ (လက်နက်အဖြစ် အသုံးချခံမည့်သူ) လည်း မဟုတ်ပေ။ သို့သော် ယန်ရှိုးရီသည်လည်း စကားတစ်ခွန်း နှစ်ခွန်းတည်းဖြင့် ဝမ်ဖေးကို တစ်စုံတစ်ခု ဖြစ်သွားစေရန် အမှန်တကယ် မရည်ရွယ်ခဲ့ပေ။ ထို့ကြောင့် မိဖုရားခေါင်ကြီးက သူမကို ပြောဆိုသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ မိဖုရားခေါင်ကြီးကိုယ်တိုင်လည်း မမွေးဖွားရသေးဘူး မဟုတ်လား။

"မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ်၊ ကျန်း အကုန်လုံးကို သဘောကျတယ်။ မင်းက ကိုယ်ဝန်ကိုပဲ ကောင်းကောင်း ဂရုစိုက်နေ။" နင်ချန်သည် နူးညံ့သော အသံဖြင့် ဆိုလိုက်သည်။

သူသည် ဝမ်ဖေးကို အတော်ပင် နှစ်သက်လေသည်။ နူးညံ့သိမ်မွေ့ပြီး နားလည်တတ်ကာ မည့်သည်အချိန်တွင်

ရှေ့တိုးနောက်ဆုတ်လုပ်ရမည်ကိုလည်း နားလည်ပေသည်။ သူမ၏မျိုးရိုးနောက်ခံမိသားစု၏ချုပ်နှောင်မှုလည်း မရှိသဖြင့် မျက်နှာသာပေးသည့်အခါ အမှန်ပင် မည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားရန် မလိုအပ်သည့်အတွက် ဝမ်ဖေးသည် နင်

ချန်အတွက် ခေါင်းအေးရဆုံးဖြစ်သည်။

"ဟုတ်တယ်၊ အခု နန်းတော်ထဲမှာ ကလေး နည်းနေတယ်။ မင်းတို့တွေအားလုံး အရှင်မင်းကြီးအတွက် မျိုးဆက်ကို အမြန်ဆုံး တိုးပွားအောင် လုပ်မှကောင်းမယ်။" မယ်တော်ကြီးသည်လည်း စကားတစ်ခွန်း ဝင်ပြောလိုက်သည်။ "အိုက်ကျား မှတ်မိတာ ရှချိုက်ရန်ရဲ့ ဗိုက်က လေးလနီးပါး ရှိနေပြီမလား။ အဆင်ပြေရဲ့လား။"

ရှချိုက်ရန်သည် မည်သို့ပင်ဖြစ်စေ မယ်တော်ကြီးက ဧကရာဇ်ထံသို့ တွန်းပို့ပေးခဲ့သူ ဖြစ်ရာ မယ်တော်ကြီးသည်လည်း သဘာဝအတိုင်း ရံဖန်ရံခါ ကူညီပံ့ပိုးပေးလို၏။ ထို့အပြင် မယ်တော်ကြီးသည် ရှချိုက်ရန်၏ ဝမ်းဗိုက်အပေါ်၌ အခြားသော တွက်ကိန်းများလည်း ရှိနေသေးသည်။

"မယ်တော်ကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ချန်းချဲ့ ဒီမှာအရာအားလုံး အဆင်ပြေပါတယ်။" ရှချိုက်ရန်သည် ထရပ်၍ အရိုအသေတစ်ချက် ပေးလိုက်သည်။

နင်ချန်သည်လည်း လျစ်လျူရှုရန် မကောင်းသဖြင့် စကားအနည်းငယ် မေးမြန်းပြီး ပစ္စည်းအချို့ကို ချီးမြှင့်လိုက်သည်။

ယဲ့ယွင်မှာမူ အပေါ်ယံအပြန်အလှန်ကိစ္စများတွက် ဝင်ရောက် မပါဝင်ပေ။ သူမသည် အမှုထမ်းရန် ခေါ်ယူခြင်း ခံရသူ ဖြစ်သည့်အတွက် ခေါင်းငုံ့ကာ ဧကရာဇ်အတွက် ဟင်းခွက်များ ပြင်ဆင်ပေးနေ၏။ သဘာဝအတိုင်းပင် သူမကိုယ်တိုင်လည်း စားသုံးရမည် ဖြစ်ရာ ဧကရာဇ်ကို တစ်ယောက်တည်း ညှပ်ပေးလိုက် မိမိကိုယ်မိမိလည်း ဆုချသည့်အနေဖြင့် တစ်ယောက်တည်း ညှပ်ယူလိုက် လုပ်နေသည်။

နင်ချန်သည် ထိုစကား အနည်းငယ်ကို ပြောဆိုပြီးနောက် ပြန်လည် ခေါင်းငုံ့လိုက်သည့်အခါ သူ၏ ရှေ့မှ ပန်းကန်လုံးငယ်လေးထဲတွင် အစားအစာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ သူ့ဘေးမှ ကိုယ်လုပ်တော်ငယ်လေးမှာမူ ဤအချိန်တွင် ငွေတူငယ်လေးတစ်ချောင်းကို ကိုင်ဆောင်ကာ ဂဏန်းခွံကို ထုလျက် ရှိသည်။ အင်း... ပါးစပ်ထဲတွင်လည်း အနားမနေဘဲ တစ်စုံတစ်ခုကို ဝါးစားလျက် ရှိသေး၏။ ထိုပုံစံမှာရှဉ့်လေးတစ်ကောင်နှင့်ပင် တူလှသည်။

နင်ချန်သည် သူမ၏ ပါးပြင်ကို ဆွဲညှစ်ချင်စိတ် ပေါက်သွားသော်လည်း လက်ဆန့်ရန် မကောင်းပေ။ ခန်းမထဲတွင် လူများလွန်းနေသည်မဟုတ်လား။ ထို့ကြောင့် စားပွဲအောက်တွင် အင်္ကျီလက်များ၏ ကွယ်ကာမှုဖြင့် မပြင်းမပျော့လေး တစ်ချက် သေးသွယ်သောခါးလေးကို ဆွဲညှစ်လိုက်၏။

ယဲ့ယွင်၏ကိုယ်လုံးလေးသည် တစ်ချက် တောင့်တင်းသွားပြီး လူတစ်ကိုယ်လုံး နေလို့မကောင်းတော့ပေ။ အကြောင်းပြချက်မရှိဘဲ သူမ၏ ဦးနှောက်ထဲတွင် အရက်ဝိုင်းမှ သူဌေးကြီးက စားပွဲအောက်တွင် အတွင်းရေးမှူးမလေး၏ပေါင်ကို ပွတ်သပ်နေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

(T/N - ရီဒါလေးတို့မေးတော့မှာသိတယ်။ ဒါပေမဲ့ မမေးနဲ့နော်။ မင်လည်းမသိဘူး)

"အရှင်မင်းကြီး ဒီဂဏန်းကို မြည်းကြည့်ပါဦး။ အရသာက တော်တော်လေး လတ်ဆတ်တယ်နော်။"

သူမသည် အလျင်အမြန် ပါးစပ်ထဲမှအရာကို မျိုချလိုက်ပြီး မျက်နှာချိုသွေးကာ ခုလေးတင် ဖွင့်ထားသော ဂဏန်းကို တွန်းပို့ပေးလိုက်သည်။

နင်ချန်သည် မျက်ခုံးပင့်လိုက်ပြီး အားနာခြင်းမရှိဘဲ စားသုံးလိုက်ရာ ယဲ့ယွင်တစ်ယောက် ကြည့်ရင်း နှမြောသွားစေသည်။ ကျက်သရေရှိစွာ ဂဏန်းတစ်ကောင်ကို အခွံခွာရသည်မှာ မလွယ်ကူလှပေ။ အမှန်ပင် အစားစားရသည်ကသာ ပို၍ ပျော်ရွှင်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် ဟွေယွဲ့ကို သူမအနားသို့ ခေါ်ယူအမှုထမ်းစေသည်။

ဤအချိန်မှာပင် အောက်ဘက်တွင် ထိုင်နေသော ယိဝမ်ရုန်၏မျက်နှာသည် ပို၍ပို၍ ဆိုးရွားလာပြီး လူတစ်ကိုယ်လုံး တောင့်တင်းနေကာ တစ်စုံတစ်ခုကို အားစိုက် ထိန်းချုပ်ထားရသကဲ့သို့ ရှိ၏။

ရုတ်တရက်၊ "ပွတ်—" ဟူသော အသံတိုးတိုးလေးတစ်ချက်ကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ယိဝမ်ရုန် ခွက်ချလိုက်သည့် အားမှာ အနည်းငယ် ပိုပြင်းသွားသော်လည်း အခြားသူများ၏ ပုံမှန်မဟုတ်သည်ကို သတိပြုမိခြင်း မရှိစေခဲ့ပေ။ သို့သော် ဤသို့သော ကိစ္စမျိုး ဖြစ်ပွားသောအခါ သူမ၏မျက်နှာသည် အလွန်ပင် နီရဲသွားခဲ့သည်။ ဘေးဘယ်ညာသို့ မျက်လုံးများ ခိုးကြည့်လိုက်ရာ မည်သူမျှ သူမကို မကြည့်နေသည်ကို တွေ့မှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

မူလက ဤမျှဖြင့် ရပ်တန့်သွားမည်ဟု ထင်မှတ်ခဲ့သော်လည်း အမွှေးတိုင် တစ်တိုင်ခန့် ကြာသောအခါ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသည် ရုတ်တရက် နာကျင်ကိုက်ခဲလာပြီး ယိဝမ်ရုန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားလေသည်။ သူမပုံမှန်မဟုတ်သည်ကို သတိပြုမိသဖြင့် နောက်မှ အမှုထမ်းနေသူက ကိုယ်ကို ကိုင်းညွှတ်ကာ မေးမြန်းရန် ပြင်လိုက်စဉ် ယိဝမ်ရုန် မှာမူ ရုတ်တရက် ထရပ်လိုက်ပြီး အလျင်အမြန်ပင် ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

ဤတစ်ကြိမ်မှာ အလွန်ပင် အလျင်စလို ဖြစ်လှသဖြင့် ထိုအစေခံမလေးကို ယိုင်နဲ့သွားစေကာ လဲကျမလို ဖြစ်သွားစေရုံသာမက သူမ၏အင်္ကျီလက်သည် စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကိုပါ မြေပြင်ပေါ်သို့ တိုက်ချလိုက်မိပြီး ကျယ်လောင်သော ကျကွဲသံများ ထွက်ပေါ်လာခဲ့သည်။

"ဝမ်ရုန်။"

သူမနှင့်အတူ လိုက်ပါလာသော အစေခံမလေးသည် ပခုံး တိုက်မိ၍ နာကျင်နေသည်ကို ဂရုမစိုက်နိုင်ဘဲ ခပ်တိုးတိုး တစ်ချက်အော်ခေါ်ကာ လိုက်ပါရန် ပြင်လိုက်သည်။

"ရပ်လိုက်။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ တစ်ယောက်ပြီး တစ်ယောက် အများရှေ့မှာ အိန္ဒြေပျက်ယွင်းနေကြတာ။ စည်းကမ်းတွေအားလုံး ခွေးရဲ့ ဗိုက်ထဲ ရောက်သွားကြပြီလား။။"

မယ်တော်ကြီးသည် မျက်နှာထား တင်းမာလျက် ဒေါသတကြီး ဟောက်လိုက်သည်။

ခုနက ယိဝမ်ရုန် ထရပ်လိုက်သည်မှစ၍ ခန်းမဆောင်ကြီး တစ်ခုလုံး၏အကြည့်များသည် ထိုနေရာသို့ ဆွဲဆောင်ခံလိုက်ရ၏။

"မယ်တော်ကြီးကို ပြန်လျှောက်ပါတယ်။ ကျွန်တော်မျိုးမ၊ ကျွန်တော်မျိုးမ ခန့်မှန်းရသလောက် ဝမ်ရုန် (ယိဝမ်ရုန်) နေထိုင်မကောင်းလို့ပါ။ ခုနကတည်းက သိပ်ပြီး မသက်မသာ ဖြစ်နေတာပါ။"

ဤအစေခံမလေးသည် လန့်၍ သေမတတ် ဖြစ်နေခဲ့ပြီး မျက်နှာ ဖြူဖျော့လျက် မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။ ဝူမိသားစုဝင်များလည်း ကြောက်လန့်သွားကြသည်။ ဧကရာဇ်ရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်းခြင်းမှာ ကြီးမားသော အပြစ်

ဖြစ်ပြီး ယခုတွင် မျိုးရိုးမြင့််များစုဝေးနေသော စားသောက်ပွဲကြီး ဖြစ်သည်နှင့်အလျောက် မျက်လုံးပေါင်းတစ်ရာက ထိုမြင်ကွင်းကိုကြည့်ရှုနေကြပေသည်။

"အရှင်မင်းကြီး၊ ယိဝမ်ရုန်က နေထိုင်မကောင်းလို့ ဖြစ်မယ် ထင်ပါတယ်။ သေချာပေါက် တမင်တကာ လုပ်တာ မဟုတ်လောက်ပါဘူး။ မယ်တော်ကြီး၊ အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးတို့ အပြစ်မယူဖို့ တောင်းပန်ပါတယ်။" အမတ်ကြီးဝူသည် ချက်ချင်းပင် ထရပ်၍ အပြစ် တောင်းပန်လိုက်သည်။

သူ့နောက်တွင် သူ့ဇနီး၊ သားနှင့် ချွေးမတို့ပါ လိုက်ပါ ထရပ်ကြသည်။

မယ်တော်ကြီး တစ်စုံတစ်ခု ထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ် နင်ချန်က လက်ဦးမှုယူကာ ပြောလိုက်သည်။

"နေထိုင်မကောင်းဘူး ဆိုမှတော့ အမြန် သမားတော်တစ်ယောက်ခေါ်ပြီး သွားကြည့်ခိုင်းလိုက်။ အမတ်ကြီးဝူ စိတ်ပူစရာ မလိုပါဘူး။ အားလုံး ထိုင်ကြပါ။"

ထို့နောက် မြေပြင်ပေါ်မှ နန်းတွင်းသူလေးကို လက်ညှိုးထိုးလိုက်သည်။ "မင်း၊ အမြန်သွားပြီး မင်းရဲ့ သခင်မကို အမှုထမ်းလိုက်။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။" မြေပြင်ပေါ်မှ အစေခံမလေးသည် လျင်မြန်စွာ ပြန်ထလိုက်ပြီး အလျင်စလို လိုက်ပါ ထွက်သွားသည်။

ဤသို့သော ကိစ္စမျိုး ဖြစ်ပွားသောအခါ ခန်းမထဲတွင် သဘာဝအတိုင်းပင် လူတိုင်း စိတ်သဘောထား အမျိုးမျိုး ဖြစ်သွားကြ၏။ ယိဝမ်ရုန် နန်းတော်သို့ ဝင်ရောက်လာကတည်းက မျက်နှာသာ အတော်ပင် ရရှိထားရာ ဤအချိန်တွင် အခွင့်အရေးကို အသုံးချလိုသူများမှာ မနည်းလှပေ။

"နေထိုင်မကောင်းဘူး ဆိုတာ ဘာလို့ အစောကြီးကတည်းက မသိရတာလဲ။ ဒီအချိန်ကျမှ ရုတ်တရက် ဒီလိုဖြစ်တာ တကယ်ပဲ ဂုဏ်သိက္ခာ ပျက်ယွင်းစေတာပဲ။" ရှူးဖေးသည် တိတ်တဆိတ် ဝင်ရောက် ပြောလိုက်သည်။

မင်းသမီးကြီး အခေါ်ခံလိုက်ရသည့်အချိန်မှ စ၍၊ သူမစိတ်ထဲတွင် နေရာတိုင်း၌ မသက်မသာ ဖြစ်နေပြီး ယခုအခါတွင်မူ မည်သူ့ကို တွေ့တွေ့ လိုက်ကိုက်နေသကဲ့သို့ ဒေါသ မကျေနပ်မှုများကို ဖြေလျော့နေသကဲ့သို့ ရှိ၏။

ရှားရှားပါးပါး ယနေ့ ယန်ရှိုးရီသည် ရှူးဖေးနှင့်တူညီသော တပ်ပေါင်းစု ဖြစ်သွားပြီး သူမသည်လည်း လက်ပဝါကို ဆုပ်ကိုင်လျက် ဖွင့်ဟလိုက်သည်။

"နန်းတွင်းစားသောက်ပွဲကို မလွတ်သွားချင်လို့ နေမှာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သင့်တာပေါ့။ ဒီလို မျက်နှာတော်ရှေ့မှောက်မှာ အိန္ဒြေပျက်ယွင်းသွားတော့ ပိုပြီး အဓိကကျတာကို ဆုံးရှုံးသွားတာပေါ့။"

" ယိဝမ်ရုန်က အရင်က ကောင်းကောင်းကြီး ရှိနေတာပဲ။ ဘယ်လိုဖြစ်လို့ ရုတ်တရက် ဒီလိုဖြစ်သွားရတာလဲ။ ဟင်းလျာတွေက စားလို့ အဆင်မပြေဖြစ်သွားတာလား မသိဘူး။" ကျင်းဖေးသည်လည်း စကားဆက်လိုက်သည်။

ဤသို့ ပြောလိုက်သောအခါ မိဖုရားခေါင်ကြီးသည် မထိုင်နိုင်တော့ပေ။ ဘယ်လိုအဆင်မပြေဖြစ်ရမှာလဲ။ ၎င်းမှာ အစားအသောက်တွင် ပြဿနာ ရှိတယ်လို့ပြောချင်နေတာမဟုတ်လား။ ဤစားသောက်ပွဲသည် သူမ တစ်ဦးတည်း စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ရာ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက ၎င်းမှာ သူမ၏တာဝန်ဖြစ်သွားမည် မဟုတ်ပါလား။

"တခြားသူတွေ စားကြတာ အားလုံး အဆင်ပြေပါတယ်။ ယိဝမ်ရုန်က အစာအိမ် နည်းနည်း အားနည်းနေပုံရတယ်။ ဘာလို့ သူက ပန်းကုန်းကို အစောကတည်းက မပြောရတာလဲမသိဘူး။ အရသာတွေကိုလည်း မရှောင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပန်ကုန်းက လစ်ဟင်းသွားတာပါ။ ဒါတွေကို သေးသေးစိတ်သေချာမစဉ်းစားမိလိုက်ဘူး။ ဒီဟင်းလျာတွေ၊ အားလုံး စားလို့ အဆင်ပြေရဲ့လား။ တကယ်လို့ မကျေနပ်တာ ရှိရင် ပန်ကုန်း အခုပဲ စားဖိုဆောင်ကို လာလဲခိုင်းလိုက်မယ်။"

မိဖုရားခေါင်ကြီးသည် (ပေါင်လေးအောင်စဖြင့် ပေါင်တစ်ထောင်ကို ပုတ်ထုတ်လိုက်သကဲ့သို့) ယိဝမ်ရုန်၏ ကိုယ်ပိုင်ပြဿနာဟုသာ ဆိုလိုက်ပြီး မိမိမှာမူ မည်သည့်အရာကိုမျှ မသိရှိကြောင်း ပြောကြားလိုက်သည်။

"မိဖုရားခေါင်ကြီး စိတ်ပူစရာ မလိုပါဘူး။ ကျန်းကတော့ ဒီစားသောက်ပွဲကို ကျင်းပတာ အရမ်း ကောင်းတယ်လို့ ထင်တယ်။ ယိဝမ်ရုန်က ရုတ်တရက် အစာအိမ် အဆင်မပြေ ဖြစ်သွားတာကြောင့် နေမှာပါ။ သမားတော်လည်း သွားနှင့်ပြီ ဆိုမှတော့ ထပ်ပြီး ပြောစရာ မလိုတော့ပါဘူး။"

နင်ချန်သည် နောက်ဆုံးတွင် မိဖုရားခေါင်ကြီးကို ကာကွယ်ပေးလိုက်လေသည်။ အရာရှိမင်းများအားလုံး၏ရှေ့တွင် မိဖုရားခေါင်ကြီးအား အစွန်းအထင်း အစွန်းခံ၍ မဖြစ်ပေ။ သို့သော် ယိဝမ်ရုန် ကို အပြစ်ပေးရန်လည်း မရည်ရွယ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ နေထိုင်မကောင်းသောကြောင့် ဒီလိုဖြစ်သွားတယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။

သို့သော် ဤသို့ အရေးကြီးသည်ကို ရှောင်ရှား၍ အရေးမကြီးသည်ကိုသာ ပြောဆိုနေသဖြင့် မယ်တော်ကြီးသည် မကျေမနပ် ဖြစ်သွားလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-40

အခန်း ၄၀ ။ နှိုင်းယှဉ်မှု

"ဝူမိသားစုက ဘယ်လိုပဲဖြစ်ဖြစ် မျိုးရိုးကြီး မိသားစုပဲ။ ယိဝမ်ရုန်က ဘယ်လိုဖြစ်လို့ ဒီလောက် စည်းကမ်းမရှိရတာလဲ။ မျက်နှာတော်ရှေ့မှောက်မှာ အိန္ဒြေပျက်ယွင်းတာက အပြစ်ကြီးတစ်ခုပဲ။ ဧကရာဇ်က ယိဝမ်ရုန်ကို သနားတယ် ဆိုရင်တောင် ဒီလို ဘက်လိုက်ပြီး ကာကွယ်ပေးတာ မဖြစ်သင့်ဘူး။ တကယ်လို့ နောင်ကျရင် နန်းတော်ထဲမှာ အထက်ကအတိုင်း အောက်က လိုက်လုပ်ကြမယ်ဆိုရင် ပရမ်းပတာတွေ ဖြစ်ကုန်မှာ မဟုတ်လား။"

မယ်တော်ကြီးသည် သဘာဝအတိုင်းပင် ယိဝမ်ရုန်ကို မနှစ်သက်ပေ။ ပြောရမည်ဆိုလျှင် မိမိ၏ တူမတော်မှလွဲ၍ ဤမောင်းမဆောင်ထဲတွင် အခြားမည်သည့်အမျိုးသမီးမျှ မျက်နှာသာပေးခံရခြင်း မရှိသင့်ပေ။ ယိဝမ်ရုန်သည် နန်းတော်သို့ ဝင်ရောက်လာကတည်းက ဧကရာဇ်၏ မျက်နှာသာပေးမှုကို အလွန်ရရှိထားပြီး၊ သူမ၏အိမ်တော်မှ ဝမ်းကွဲအစ်ကိုကလည်း မယ်တော်ကြီး၏ တူတော်မောင် ကွမ်ကျိုးသို့ သွားရောက်၍ ဂုဏ်ပြုခံရမည့် အခွင့်အရေးကို လုယူသွားခဲ့ရာ မယ်တော်ကြီးက သူမကို ဘယ်လိုများ မမုန်းတီးဘဲ နေနိုင်ပါ့မလဲ။

ဧကရာဇ်တစ်ပါးသည် မျက်နှာသာပေးမှုကြောင့် တရားမျှတမှုကို လက်လွှတ်ခြင်းမှာ ကြီးမားသော ရှောင်ကြဉ်ရမည့်အရာ ဖြစ်သည်။ ယနေ့ မယ်တော်ကြီးသည် အရာရှိမင်းများအားလုံး၏ ရှေ့တွင် နင်ချန်အား ယိဝမ်ရုန်ကို ချစ်ခင်မှုကြောင့် ဘက်လိုက် ကာကွယ်ခြင်း မပြုနိုင်ဟု ဆိုလိုက်ရာ အကယ်၍ နင်ချန်က ယိဝမ်ရုန်ကို အပြစ် မပေးပါက၊ တစ်အချက်အနေဖြင့် ပြည်သူများက သူ့အား ညံ့ဖျင်းသူဟု ထင်မှတ်စေမည့် အပြောအဆိုများ ကျန်ရစ်စေမည် ဖြစ်ပြီး၊ နှစ်အချက်အနေဖြင့် လူအများရှေ့တွင် မယ်တော်ကြီးကို ဆန့်ကျင်ခြင်း ဖြစ်သဖြင့် သားသမီးဝတ္တရား မကျေပွန်ရာ ရောက်ပေမည်။

မယ်တော်ကြီး၏ ဤသို့ အကျပ်ကိုင်မှုကြောင့် နင်ချန်၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားရာ ယဲ့ယွင်ပင်လျှင် ဆက်လက် မကြည့်နိုင်တော့ပေ။ ဧကရာဇ်ဟူသော ဤသင်္ဘောတစ်စီးတည်းပေါ်တွင် ခြေစုံရပ်တည်နေသော သံမဏိ မဟာမိတ်တစ်ဦးအနေဖြင့် သဘာဝအတိုင်း ဝင်ရောက်ရမည့် အချိန်တွင် ဝင်ရောက်ရမည် ဖြစ်၏။

"မယ်တော်ကြီး အမျက်ပြေတော်မူပါ။ အရှင်မင်းကြီးက ဒီအချိန်မှာ ယိဝမ်ရုန်ကို အပြစ်မပေးဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ ဒီအတွင်းထဲက အမှားအမှန်၊ အဖြူအမည်းကိုလည်း အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရဦးမှာ မဟုတ်လား။ မဟုတ်ရင် အရှင်မင်းကြီးက ဒီအတိုင်း ယိဝမ်ရုန် ကို အပြစ်ပေးလိုက်ရင် အကျိုးအကြောင်း မသိတဲ့သူ ဖြစ်သွားမှာပေါ့။"

ထိုမိန်းမပျိုလေးသည် ထရပ်ကာ၊ စည်းကမ်းတကျ ကိုယ်ကို ညွှတ်၍ အရိုအသေပေးလိုက်ပြီး သူမ၏ လေသံမှာ တည်ငြိမ်အေးဆေးလျက် ပေါ့ပါးစွာပင် နင်ချန်အတွက် အကျပ်အတည်းကို ဖြေရှင်းပေးလိုက်သည်။

အောက်ဘက်မှ သခင်မချူ နှင့် သခင်မယန် တို့သည် သူတို့၏ သမီးဖြစ်သူကို ကြည့်ရင်း စိတ်ထဲတွင် ချက်ချင်းပင် ချွေးစေးများ ပျံသွားကြသည်။ သူတို့နှစ်ဦးသည် သူမက ဧကရာဇ်ကို အနီးကပ် မှီခိုရမည်၊ ပါဝင်သင့်သည်ကို အနည်းငယ် နားလည်ကြသော်လည်း၊ ယခုအချိန်တွင် ဝင်လိုက်ခြင်းသည် မယ်တော်ကြီး၏ မကျေနပ်မှုကို ခံရမည် ဖြစ်သည်။

"အိုး။ ယဲ့မိန်ရန်ရဲ့ ဆိုလိုရင်းက အိုက်ကျားကပဲ အကျိုးအကြောင်း မသိပဲ အပြစ်ရှာနေတယ်လို့ ပြောတာလား။။" မယ်တော်ကြီးသည် အသံကို မြှင့်လိုက်ပြီးသူမ၏အကြည့်များထဲတွင် ဒေါသတရားများဖြင့် ဝေ့ကြည့်လိုက်သည်။

ခန်းမထဲမှ လူတိုင်း၏ စိတ်နှလုံးများ တစ်ချက် တုန်လှုပ်သွားကြသည်။ မယ်တော်ကြီးသည် နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ကြံစည်လာခဲ့သောကိုယ်ရည်ကိုယ်သွေးသည် လူကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်လှသည်။ ယဲ့ယွင်မှာမူ အနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း ထိုမျှလောက် ကြောက်လန့်နေခြင်းတော့ မရှိပေ။

သူမ ပါးစပ် ဖွင့်ဟရန် ပြင်လိုက်စဉ် နင်ချန်က လက်ဦးမှုယူကာ ဖွင့်ဟလိုက်သည်။

"မယ်တော် အထင်မှားသွားပါပြီ။ ယဲ့မိန်ရန်က အမြဲတမ်း စိတ်သဘောထား သေးစိတ်တယ်။ ကျန်းကို မကောင်းတဲ့ နာမည်ဆိုးတွေ ကျန်ရစ်မှာ စိုးရိမ်လို့ နေရာတိုင်းမှာ စေ့စေ့စပ်စပ် စဉ်းစားပေးတာပါ။ မယ်တော် စိတ်ချပါ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဧကရာဇ်မျက်နှာတော်ရှေ့မှောက်မှာ အိန္ဒြေပျက်ယွင်းတာကတော့ တကယ် အပြစ်ပေးရမှာပါ။ ဒါပေမဲ့ ယိဝမ်ရုန်က နေမကောင်း ဖြစ်နေတုန်းဆိုတော့ နောက်ခဏကြာမှပဲ အပြစ်ပေးတာပေါ့။"

နင်ချန် ထိုကဲ့သို့စကားကို ပြောလိုက်သည့်အခါ သူ့လေသံသည် အနည်းငယ် ခက်ထန်နေပြီး မယ်တော်ကြီးကိုပင် စကား ဆွံ့အသွားစေသည်။ ယဲ့ယွင်ဟူသော ဤမောင်းမဆောင်မှ ကိုယ်လုပ်တော်တစ်ဦးကပင် နေရာတိုင်းတွင် သူ့အတွက် စဉ်းစားပေးနေသော်လည်း မယ်တော်ကြီးဟူသော မွေးမိခင်အရင်းကမူ သူ့ဂုဏ်သတင်းနှင့် အခြေအနေကို ဂရုမစိုက်ဘဲ ယိဝမ်ရုန်ကို အပြစ်ပေးရန် အတင်း အကျပ်ကိုင်နေခဲ့သည်။

နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် မယ်တော်ကြီးမှာ အလွန်ပင် မခံနိုင်လောက်အောင် ဖြစ်သွားစေသည်။နန်းတော်တွင်းသို့ စားသောက်ပွဲ တက်ရောက်ရန် လာနိုင်သူများထဲတွင် ဘယ်သူကများ မိုက်မဲသူရှိလို့လဲ။ ယခုကဲ့သို့အပြန်အလှန် အငြင်းဖြစ်ပွားလိုက်သည်နှင့် အရူးတစ်ယောက်ပင်လျှင် မယ်တော်ကြီးနှင့် ဧကရာဇ် သားအမိနှစ်ဦး မတည့်ကြသည်ကို ကြည့်မြင်နိုင်လေသည်။ ထို့အပြင် မယ်တော်ကြီးသည် ယခုတစ်ကြိမ်ဝင်ရောက်၍ ဧကရာဇ်နှင့် ဆန့်ကျင်ဘက် ပြောဆိုခဲ့ရာ ရှုံးနိမ့်သွားခဲ့ရသဖြင့် အမှန်ပင် မျက်နှာ ပျက်စရာ ဖြစ်၏။

မယ်တော်ကြီး မည်သို့မျှ မတတ်နိုင် ဖြစ်နေသည်ကို မြင်သောအခါ အောက်ဘက်တွင် ထိုင်နေသော ယင်းကော်မြို့စားသည် မျက်မှောင်ကြုတ်လိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ထင်မြင်တာကတော့ မယ်တော်ကြီးက မောင်းမဆောင်ရဲ့ စည်းကမ်း စနစ်တကျ ရှိမှုကိုပဲ စိတ်ထဲ ထားနေလို့။ ဒါကြောင့် စေ့စေ့စပ်စပ် မစဉ်းစားမိလိုက်တာပါ။ ဘာပဲပြောပြော မောင်းမဆောင်က မတည်မငြိမ် ဖြစ်နေရင် အရှင်မင်းကြီးကို ဘယ်လိုလုပ် စိတ်ရောကိုယ်ပါ နန်းတွင်းရေးရာတွေကို အာရုံစိုက်စေနိုင်မှာလဲ။ မယ်တော်ကြီးကလည်း မိခင်တစ်ယောက်ရဲ့ စေတနာ အပြည့်နဲ့ပါ။"

"ဟုတ်တယ် ဟုတ်တယ်၊ အိုက်ကျားက ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားလို့ပါ။" မယ်တော်ကြီးသည်လည်း ဤအချိန်တွင် အလျင်အမြန် လိုက်ပါပြောဆိုလိုက်သည်။

နင်ချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ချက် ပေါ်လာကာ အင်္ကျီလက်ကို ခေါက်တင်လျက် မယ်တော်ကြီးအား ကိုယ်တိုင် သစ်သီးဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။ "မယ်တော်က သားတော်ကို စိတ်ပူတာ၊ သားတော် နားလည်ပါတယ်။"

အဆုံးတွင် သူ့အရက်ခွက်ကို မြှောက်ကာ ယင်းကော်မြို့စား ဘက်သို့ လှည့်၍ ဆိုလိုက်သည်။ "ငယ်စဉ်ကတည်းက ဦးရီးတော်က ကျန်းကို အမြဲ ဆုံးမခဲ့တယ်။ အခု ကျန်း အရွယ်ရောက်လာပေမဲ့ ဦးရီးတော်ကို အရင်အတိုင်း လိုအပ်နေတုန်းပါပဲ။"

"ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။ အရှင်မင်းကြီးရဲ့ ရှေ့မှောက်တော်မှာ ခွေးမြင်းတို့ရဲ့အလုပ် (သစ္စာရှိစွာ) ကိုသာ ထမ်းဆောင်ခွင့် ရချင်ပါတယ်။"

ယင်းကော်မြို့စားသည်လည်း ချက်ချင်း ထရပ်ကာ ခွက်မြှောက်လျက် တစ်ကျိုက်တည်း မော့ချလိုက်ပြီး ထိုအခွင့်အရေးကို အသုံးချ၍ မျက်ဝန်းအိမ်ထဲမှ ထက်မြက်သော အလင်းရောင်ကို ဖုံးကွယ်လိုက်သည်။

ထိုကဲ့သို့သော အဖြစ်အပျက်ငယ်လေး ပြီးဆုံးသွားပြီးနောက် ဧကရာဇ်နှင့် မယ်တော်ကြီး သားအမိနှစ်ဦး၏ အင်အားပြိုင်ဆိုင်မှုကို အလုံအလောက် ကြည့်ရှုပြီးသောအခါ အောက်မှ လူများသည်လည်း ထပ်မံ၍ မဝံ့မရဲ မပြုမူရဲကြတော့ပေ။

ယိဝမ်ရုန်သည်လည်း စားသောက်ပွဲသို့ ပြန်မလာတော့ဘဲ သူမ၏ အနီးကပ် အမှုထမ်းသော နန်းတွင်းသူကြီး ယွင်ရှို့ကိုသာ လွှတ်၍ အပြစ် တောင်းပန်စေသည်။ ခွေ့ရွှေ (ဓမ္မတာ) ရုတ်တရက် ရောက်ရှိလာသဖြင့်၊ အဝတ်အစားများ ပေကျံသွားတာကြောင့် ဧကရာဇ်နှင့် မယ်တော်ကြီးတို့အား အပြစ်ပေးရန် တောင်းပန်သည်ဟု ဆို၏။

နင်ချန်သည် အခြေအနေအရ လိုက်လျောညီထွေ ပြုမူလိုက်ပြီး သူမကို တစ်လအကျယ်ချုပ် ချလိုက်သည်။ တစ်လတာမျှ အတူတကွ ညသိပ်ခွင့် မရခြင်းသည် သဘာဝအတိုင်းပင် အလွန် ပြင်းထန်သော အပြစ်ပေးမှု ဖြစ်လေသည်။ သို့သော် အကယ်၍ ခုနက မယ်တော်ကြီး၏ သဘောအတိုင်းသာ ဖြစ်ပါက ရာထူး လျှော့ချခံရမည်ကို စိုးရိမ်ရသည်။ နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် အကျယ်ချုပ်ကျခြင်းက အနည်းငယ် ပိုကောင်းသေးသည်။

........

စားသောက်ပွဲ ပြီးဆုံးသောအခါ၊ နင်ချန်သည် သဘာဝအတိုင်း မိဖုရားခေါင်ကြီး၏ နန်းဆောင်သို့ သွားလေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မိမိ အရက်မူးနေသည်ဟု အကြောင်းပြ ငြင်းဆန်လိုက်ပြီး မယ်တော်ကြီးအား ချီနင်နန်းဆောင်သို့ ကိုယ်တိုင် လိုက်မပို့ဘဲ ဟွေ့အန်းကို သူ့ကိုယ်စား သွားစေလိုက်သည်။ အစေခံတစ်ဦးက လိုက်ပို့ခြင်းနှင့် ဧကရာဇ် ကိုယ်တိုင် လိုက်ပို့ခြင်းမှာ သဘာဝအတိုင်းပင် ပြောစရာ မလိုအောင် ထင်ရှားလှသည်။

........

အခြားတစ်ဖက်တွင်၊ ယဲ့ယွင်သည် ယွီရှို့အဆောင်သို့ ပြန်ရောက်သည်နှင့် အလျင်အမြန် ဆံထိုး လက်ဝတ်ရတနာများကို ဖြုတ်ချကာ သာမန်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။

"မြန်မြန် ငွေနည်းနည်း ယူပြီး စားဖိုဆောင်ကို သွား၊ ကြက်ပေါင်း ခေါက်ဆွဲလေး လုပ်ခိုင်းပြီး ယူလာခဲ့။ စားသောက်ပွဲမှာ နေရာတိုင်းစည်းကမ်းတွေ တင်းကျပ်နေလို့ ငါ ဗိုက်ဝအောင်မစားခဲ့ရဘူး။”

နန်ကျစ်သည် ငွေကိုယူကာ သွားရန် ပြင်လိုက်စဉ်၊ ပိုင်ရှု၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"အပြင်ဘက်မှာ မိုးချုပ်နေပြီ။ အစ်မက ဘယ်လိုလုပ်ကိုယ်တိုင် သွားလို့ ဖြစ်မှာလဲ။ ကျွန်တော် သွားလိုက်ရင် ရပါပြီ။"

"ကောင်းသားပဲ၊ မင်းက ခြေမြန်လက်မြန် ရှိတယ်။ ဒါပေမဲ့ လမ်းကိုလည်း သေချာ ကြည့်သွားဦး။ ညဘက်ကြီး ချော်လဲ မထိခိုက်စေနဲ့။"

ယခု ပိုင်ရှု သည် အလုပ်လုပ်ရာတွင် အလွန် သေသပ်သဖြင့် နန်ကျစ်သည်လည်း စိတ်ချလက်ချပင် သူ့ကို တာဝန်ပေးလိုက်သည်။

သို့သော် မထင်မှတ်ထားသည်မှာ၊ ဤတစ်ကြိမ် သွားရောက်ရာတွင်၊ အမှန်တကယ်ပင် ထူးဆန်းသော အရာအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ပိုင်ရှု ပြန်ရောက်သောအခါ ပြောကြားသည်မှာ၊ ဖန်းချိုက်ရန် (ယောင်ရှန်း) ၏ ဘေးမှ ကျစ်ကျူ သည်လည်း အစားအသောက်များ လာယူသည်ကို တွေ့မြင်ခဲ့ရသည်။ ၎င်းမှာမူ ထူးဆန်းသည် မဟုတ်ပေ၊ မည်သို့ပင်ဖြစ်စေ ညစာစားပွဲတွင် ဗိုက်မဝခြင်းမှာ အလွန် ပုံမှန် ဖြစ်သည်။ သို့သော် ထူးဆန်းသည်က သူ မထင်မရှား တွေ့မြင်လိုက်ရသည်မှာ ကျစ်ကျူက ထို စားဖိုဆောင်ကြီးကြပ်သူထံသို့ ထိုးပေးလိုက်သည်မှာ ရွှေတုံးလေးတစ်တုံး ဖြစ်နေသည်။

"မင်း သေချာ မြင်လိုက်တာလား၊ အမြင်မမှားဘူးလား။" ဟွေယွဲ့သည် အလွန် မယုံသင်္ကာ ဖြစ်စွာဖြင့် စကားတစ်ခွန်း မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ရွှေတုံးသည် လွယ်လွယ်ကူကူ ဆုချရန် အသုံးပြုသော အရာ မဟုတ်ပေ။ မိမိတို့၏ မိန်ရန်သည် ပုံမှန်အားဖြင့် ငွေ ၁၀ စ ဆုချလိုက်ရုံမျှဖြင့် စားဖိုဆောင်မှ လူများကို ပန်းပွင့်သကဲ့သို့ ပြုံးသွားစေနိုင်၏။

ပိုင်ရှုသည် မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်လိုက်သည်။ "မှားမမြင်လောက်ပါဘူး။ ကျွန်တော်သွားတဲ့အချိန်မှာ ခြေသံက ပေါ့တယ်။ သူတို့ သတိမထားမိလိုက်ဘူး၊ ဒါကြောင့် ကျွန်တော်မျိုး နည်းနည်း မြင်လိုက်ရတဲ့အရောင်က မှားနိုင်မှာ မဟုတ်ပါဘူး။"

"ဒါက စိတ်ဝင်စားစရာပဲ။ ဆုချတယ်ဆိုရင်တောင် ဒီလောက် ရက်ရောတာမျိုး မရှိဘူး။ ဒါက ပိုပြီးတော့..." ယဲ့ယွင်သည် ခေတ္တမျှ ရပ်တန့်လိုက်သည်။

နန်ကျစ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်မှ ထွက်သွားသည်။ "လာဘ်ထိုးတာ။"

စကားဆုံးသည်နှင့် အလျင်အမြန် ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး မျက်နှာထားမှာအလွန် ထိတ်လန့်နေခဲ့သည်။

ပိုင်ရှုသည် ယနေ့ ညစာစားပွဲသို့ လိုက်ပါ မသွားခဲ့သဖြင့် စားသောက်ပွဲပေါ်တွင် ဖြစ်

ပျက်ခဲ့သည့် အရာများကို မသိရှိခဲ့ပေ။ သို့သော် ယိဝမ်ရုန်မှာ မျက်နှာတော်ရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်း၍ အကျယ်ချုပ် ချခံရသည့် သတင်းကိုမူ သိရှိထား၏။ ယခုကိစ္စနှစ်ခုကိုသာ အတူတကွ ဆက်စပ်လိုက်ပါက အမှန်တကယ်ပင် မသေးငယ်လှသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေနိုင်၏။

"တော်ပြီ၊ ဒီကိစ္စကို လောလောဆယ် တခြားသူတွေကို မသိစေနဲ့ဦး။ ငါ့စိတ်ထဲမှာ သိထားရင် ရပြီ။" ယဲ့ယွင်သည် ခပ်ဖျော့ဖျော့ ဆိုလိုက်သည်။

ဤ ရွှေတုံးလေးတစ်တုံးတည်းဖြင့် အမှန်တကယ်တွင် မည်သည့်အရာကိုမျှ သက်သေပြရန် မလုံလောက်ပေ။ အကယ်၍ အခြားသူများက သူမ၏အစားအသောက်ကို ကောင်းမွန်စွာ ပြင်ဆင်ပေးရန် စားဖိုဆောင်မှ လူတစ်ယောက်ကို ဆွဲဆောင်လိုခြင်းမျှသာ ဖြစ်နေရင်ရော။ ၎င်းမှာလည်း မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

ယဲ့ယွင်သည် ကြက်ပေါင်းခေါက်ဆွဲကို စားသုံးပြီးနောက် စိတ်အေးလက်အေး အိပ်စက်လိုက်သည်။

......

သို့သော် ယင်ယန့်အဆောင်ထဲတွင်မူ၊ ယိဝမ်ရုန်သည် ဒေါသထွက်လွန်း၍ အခါးရည်ခွက် အစုံလိုက် အများအပြားကို ရိုက်ခွဲပစ်ခဲ့ပြီး ဖြစ်၏။ ယနေ့ ကိစ္စတွင်၊ တစ်စုံတစ်ယောက်က သူမကို ဒုက္ခပေးခဲ့ခြင်း ဖြစ်ကြောင်း သူမ အတိအကျ ဆုံးဖြတ်လိုက်၏။ ကျုံးယန် ညစာစားပွဲအတွက်၊ သူမသည် ရက်အနည်းငယ် ကြိုတင်၍ အစားအသောက်ကို စတင် သတိထားခဲ့ပြီး နေ့ဘက်တွင်လည်း ကောင်းမွန်လျက် မည်သည့် ကိစ္စမျှ မဖြစ်ပွားခဲ့ပေ။ သို့သော် စားသောက်ပွဲပေါ် ရောက်မှပင်...

သူမက ခွေ့ရွှေ (ဓမ္မတာ) ဟု ပြောဆိုခဲ့သော်လည်း အမှန်တကယ် ခွေ့ရွှေ ဟုတ်၊ မဟုတ်ကိုမူ အနီးကပ် အမှုထမ်းသူများသာ သိရှိကြ၏။ သူမသည် အိမ်သာသို့ ငါးကြိမ်၊ ခြောက်ကြိမ်မျှ ပြေးလွှားခဲ့ပြီး ဖြစ်ရာ လူမှာ အားအင်ကုန်ခန်းမတတ် ဖြစ်နေခဲ့သည်။ သို့သော် သမားတော် ခေါ်ရန်လည်း ရှက်ရွံ့နေသဖြင့်၊ အခါးရည်ခွက်ကို ပိုက်ကာ ရေများများ သောက်သုံးနေရုံသာ ရှိတော့သည်။ သူမ၏ စိတ်ထဲတွင်တော့ အလွန် ဒေါသထွက်လျက် ရှိလေသည်။

***

All Chapters