အခန်း (၄၁-၄၂)
Vol. 3 Ch. 41-42
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-41
အခန်း ၄၁ ။ အကူအညီ
မနေ့ညက ညလယ်စာ စားပြီးမှ အိပ်ခဲ့သဖြင့် ယဲ့ယွင်သည် ကောင်းကောင်း အနားမယူလိုက်ရပေ။ ဖုန်းရှီးနန်းဆောင်သို့ ဂါရဝပြုရန် ရောက်ရှိလာသောအခါ အနည်းငယ် ညှိုးနွမ်းလျက် ရှိ၏။
"ညီမလေးယဲ့ အိပ်ရေးမဝဘူးလား။ ကြည့်ရတာ သိပ်မလန်းသလိုပဲ။”
ဝမ်ကျယ်ယွီသည် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခပ်တိုးတိုး မေးလိုက်သည်။
"မနေ့က အိပ်တာ နောက်ကျသွားတာကြောင့် နည်းနည်း မလန်းဖြစ်နေတာပါ။" ယဲ့ယွင်က ဖြေကြားလိုက်၏။
"အိပ်ရေးမဝတာလား၊ ဒါမှမဟုတ် စိတ်ထဲမှာ ကိစ္စတွေ သိမ်းထားလို့ အိပ်မပျော်တာလား။" ကျောက်ကျယ်ယွီက ပြုံးလျက် စကားဆက်လိုက်သည်၊ " ယိဝမ်ရုန်နဲ့ ယဲ့မိန်ရန်က တစ်ချိန်တည်း နန်းတော်ဝင်လာတာ။ ဒီလိုကိစ္စမျိုး ဖြစ်သွားတော့ စိတ်ထဲမှာ စိုးရိမ်ပူပန်နေမှာပေါ့။"
ယဲ့ယွင်သည် သူမကို မော့ကြည့်လိုက်ရာ မျက်ဝန်းအိမ်များမှာ အလွန် အေးစက်နေ၏။
"ကျောက်ကျယ်ယွီက ကျွန်မရဲ့စိတ်ဓာတ်ကို မသိသေးဘူး ထင်တယ်။ ကျွန်မက အမြဲတမ်း ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆို လျစ်လျူရှုထားတတ်တာ။ တခြားသူအတွက် စိတ်ပူပေးဖို့ ကျွန်မမှာ စိတ် မရှိဘူး။"
"ကျစ်၊ ကျောက်ကျယ်ယွီ၊ မင်း သူ့ကို တမင် သွားစနေတာ ဘာလုပ်ဖို့လဲ။ ယိဝမ်ရုန်အကျယ်ချုပ်ကျသွားတော့ လူသစ်တွေထဲမှာ ယဲ့မိန်ရန်က ထိပ်ဆုံးဖြစ်သွားပြီလေ။" ယန်ရှိုးရီသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီနေလျက်၊ သူမ၏မျက်နှာမှာ ပြုံးသလိုမပြုံးသလို ဖြစ်နေသည်။
အောက်ဘက်မှ လီဝမ်ရုန်သည် ချက်ချင်း စကားဆက်လိုက်သည်။ "ဟုတ်တာပေါ့၊ ခက်ခက်ခဲခဲ ကျန်းပေါင်လင်က ခေါင်းထောင်ထလာတာ။ နှစ်ရက်တောင် မရှိသေးဘူး ယဲ့မိန်ရန်ကို သွားစမိလို့အကျယ်ချုပ်ကျသွားရတယ်။ ဒီယိဝမ်ရုန်က..."
လီဝမ်ရုန်သည် ပြောရင်း ရပ်တန့်သွားသည်။ စကား အနည်းငယ်မျှဖြင့်၊ ယိဝမ်ရုန် မျက်နှာတော်ရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်းရခြင်းမှာ ယဲ့ယွင်၏ ကြံစည်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတော့မတတ် ရှိ၏။
"ကျန်းပေါင်လင်က သူ့ဘာသာသူ လုပ်လို့ သူခံရတာ။ ယိဝမ်ရုန်က သူ့ဘာသာသူ ခွေ့ရွှေလာတာ။ ဒါကိုလည်း ယဲ့မိန်ရန်က ဆုံးဖြတ်နိုင်လို့လား။ လီဝမ်ရုန် စကားမပြောခင် အရင်ဆုံး သေသေချာချာ စဉ်းစားကြည့်ဦး၊ လျှောက်မပြောနဲ့။"
ဝမ်ကျယ်ယွီသည် ရုတ်တရက် ဝင်ပြောလိုက်၏။
၎င်းက ယဲ့ယွင်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ဝမ်ကျယ်ယွီ ၏ ဤစကားသည် သဘာဝအတိုင်း သူမကို ကာကွယ်ပေးခြင်း ဖြစ်သော်လည်း၊ သူမနှင့် ဝမ်ကျယ်ယွီမှာမူ ပတ်သက်ဆက်နွှယ်မှု များများစားစား မရှိခဲ့ပေ။
သို့သော် ယခုအချိန်တွင် နှုတ်ဖြင့် တိုက်ခိုက်နေရသဖြင့် သူမတွင် သေချာစဉ်းစားရန် အချိန်မရှိခဲ့ပေ။
ဝမ်ကျယ်ယွီ ဝင်ရောက်လာသည်ကို မြင်သောအခါ၊ လီဝမ်ရုန်သည် ရာထူး နိမ့်သဖြင့် ပြန်လည်ချေပရန် မကောင်းသဖြင့် ယန်ရှိုးရီထံသို့သာ အကြည့်များ ပို့လွှတ်လိုက်ရ၏။
ယန်ရှိုးရီသည် အတူတကွ ထိုင်နေသော ထိုနှစ်ဦးကို ကြည့်ရင်း အမူအရာ အနည်းငယ် ထူးဆန်းသွားသည်။ "ပန်ကုန်း တောင် မသိလိုက်ပါလား။ ယဲ့မိန်ရန်က ဝမ်ကျယ်ယွီ နဲ့ ဘယ်တုန်းက ဒီလောက်တောင် ရင်းနှီးသွားတာလဲ။ ဒါ့အပြင်အရင်က ဝမ်ဖေးမယ်မယ်နဲ့ သဟဇာတ ဖြစ်နေတာ မဟုတ်လား။ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတာလား။"
"ယန်ရှိုးရီ ပြောတဲ့ စကားကတော့ နားထောင်လို့ မကောင်းတော့ဘူး၊" ဝမ်ဖေးသည် အေးစက်သော အသံဖြင့် ပြောလိုက်ပြီး၊ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ "ဒီမောင်းမဆောင်ထဲမှာ တို့ကလူတိုင်းနဲ့ သဟဇာတ ဖြစ်ပါတယ်။ ဘယ်သူကများ ပန်ကုန်း နဲ့ သဟဇာတ မဖြစ်လို့လဲ။"
"ဝမ်ဖေးမယ်မယ် ပြောတာ အရမ်း မှန်ပါတယ်။ လီဝမ်ရုန်က တကယ်ပဲ ယိဝမ်ရုန်အတွက် စိတ်ပူနေတယ်ဆိုရင် ဒီနေရာမှာ ကျွန်မကိုတောင်လာပြောနေစရာ မလိုပါဘူး။ ကိုယ်တိုင် ယင်ယန့်အဆောင် ကို သွားကြည့်လိုက်ရုံပေါ့။" ယဲ့ယွင်သည် စိတ်ရှုပ်ထွေးစွာ ဆိုလိုက်၏။
ဤတစ်ကြိမ်ပြဿနာက လူအတော်များများကို ဆွဲငင် ပတ်သက်သွားစေခဲ့၏။
ယိဝမ်ရုန် မျက်နှာတော်ရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်းရခြင်းမှာ သေချာပေါက် ထူးဆန်းမှု ရှိနေသော်လည်း၊ သူမသည်လည်း အခြားသူများ၏ အလွယ်တကူ စွပ်စွဲခြင်းကိုခံ၍ အပြစ်ပုံချ ခံ၍ မဖြစ်ပေ။
အပေါ်ဘက်မှ ရှူးဖေးသည် သူတို့ ရန်ဖြစ်နေကြသည်ကို ကြည့်ရင်း လှုပ်လှုပ်ရှားရှားနေ၏။
သို့သော် သူမ၏ အစေခံမလေးက သူမ၏ အင်္ကျီလက်ကို အကြိမ်ကြိမ် ဆွဲလိုက်သဖြင့် မင်းသမီးကြီးကို အမြန်ဆုံး ပြန်လည် ခေါ်ဆောင်လိုသည်ကို တွေးမိကာ၊ ရှူးဖေးသည် မျိုသိပ်ထားလိုက်ရသည်။
ထို့ကြောင့် ရှူးဖေးသည် အလွန် တည်ငြိမ်နေခဲ့သည်။ ၎င်းမှာ ဧကရာဇ်ကို သူမ၏ ပြောင်းလဲမှုကို မြင်တွေ့စေလိုပြီး မယ်တော်ကြီးထံမှ ကလေးကို ပြန်လည် ခေါ်ဆောင်ရန် သဘောတူခွင့် ပြုစေလို၍ ဖြစ်သည်။
မကြာမီတွင်၊ မိဖုရားခေါင်ကြီးသည် အတွင်းခန်းဆောင်မှ ထွက်လာပြီး ကိုယ်ဝန်ဆောင် နှစ်ဦး၏ အခြေအနေကို ဦးစွာ မေးမြန်းပြီးနောက် အခြားသော ကိစ္စအချို့ကိုလည်း ဂရုစိုက် မေးမြန်းလိုက်၏။
လူစုခွဲရန် ပြင်လိုက်စဉ် ဝမ်ကျယ်ယွီသည် ရုတ်တရက် ထရပ်လိုက်၏။
"မိဖုရားခေါင်ကြီး၊ ဒီချန်းချဲ့ လင်ရှီးဥယျာဉ်က ပြန်လာပြီးကတည်းက ခွေ့ရွှေက မမှန်တော့ဘူး၊ အရင်ကတည်းကလည်း သိပ်ပြီး ပုံမှန် မဟုတ်ပေမဲ့၊ ဒီတစ်ခါ နောက်ကျတာ အရမ်း ကြာနေပြီ။ လဆန်းတုန်းက ကျန်းမာရေး စစ်ဆေးတော့၊ သမားတော်ကြီးက သွေးခုန်နှုန်း မမှန်ဘူးလို့ ပြောတယ်။ တွက်ကြည့်ရင် ဆယ်ရက်လောက်တောင် ကျော်သွားပြီ။ ဒီချန်းချဲ့ကို သမားတော်ကြီးနဲ့ နောက်တစ်ခါ သွေးခုန်နှုန်း စမ်းသပ်ပေးဖို့ မယ်မယ့်ကို တောင်းဆိုပါတယ်။"
ယခု နန်းတော်ထဲတွင်၊ ကျန်းမာရေး စစ်ဆေးရန် မည်သို့သော သမားတော်ကို ရရှိမည်မှာ တစ်အချက်က ရာထူးအပေါ် မူတည်ပြီး၊ နှစ်အချက်က မျက်နှာသာပေးမှုအပေါ် မူတည်၏။ ဝမ်ကျယ်ယွီ၏ ရာထူးသည် အလွန်မနိမ့်ကျသော်လည်း၊ မျက်နှာသာပေးမှုမှာမူ မများပြားလှသဖြင့် ရရှိသော သမားတော်မှာလည်း သဘာဝအတိုင်း အလွန် ကောင်းမွန်သည်ဟု မဆိုနိုင်ပေ။ မိဖုရားခေါင်ကြီးအား သမားတော် စီစဉ်ပေးရန် တောင်းဆိုခြင်းသည်လည်း အကျိုးအကြောင်းနှင့် ညီညွတ်ပေသည်။
သို့သော် သူမက ဓမ္မတာ နောက်ကျသည်ဟု တိတိကျကျ ထည့်သွင်း ပြောဆိုလိုက်သဖြင့် နေရာတွင် ရှိနေသော လူတိုင်းသည်လည်း သဘောပေါက်သွားကြ၏။
"ဒါတွေက ကိစ္စသေးသေးလေးပါ။ အတော်ပဲဖြစ်သွားတာပေါ့၊ ဝမ်ဖေး နဲ့ ရှချိုက်ရန်ကိုလည်း သမားတော်ကို သွေးခုန်နှုန်း စမ်းသပ်ခိုင်းလိုက်ဦး။" မိဖုရားခေါင်ကြီးသည် လက်ကာပြလိုက်၏။
ဒါမျိုးက တားဆီး၍ မဖြစ်ပေ၊ ယခု နန်းတော်ထဲတွင် ကိုယ်ဝန်ဆောင်သည်မှာ နှစ်ဦး ရှိနေပြီ ဖြစ်ရာ တစ်ဦး တိုးလာလို့လည်း မများတော့ပေ။ ထို့အပြင်၊ ယခင်က ဝမ်ဖေး တစ်ဦးတည်း မျက်နှာသာပေးခံရပြီး တစ်ဦးတည်း ကိုယ်ဝန်ဆောင်နေသဖြင့် သူမ အလွန် စိတ်စောခဲ့ရသည်။ ဤအချိန်တွင် ကိုယ်ဝန်ဆောင်သူ များလာသဖြင့် ဧကရာဇ်၏စိတ်ကို အနည်းငယ် ခွဲဝေသွားစေနိုင်၏။
ရောက်ရှိလာသူမှာ သားဖွားမီးယပ်ပညာကို အကျွမ်းကျင်ဆုံးသော သမားတော်ကြီး ဖြစ်ပြီး ဤတစ်ကြိမ် သွေးခုန်နှုန်း စမ်းသပ်လိုက်သည်နှင့် အမှန်ပင် ကိုယ်ဝန်ရှိသော လက္ခဏာကို စမ်းသပ်တွေ့ရှိသွားကာ တစ်လကျော်ကျော်မျှသာ ရှိသေး၏။
"ကောင်းပြီ၊ မင်းက အရှင်မင်းကြီးအတွက် မျိုးဆက်တိုးပွားအောင် လုပ်ဆောင်ရာမှာ အကျိုးပြုတယ်။ စုချင်၊ ပန်ကုန်းရဲ့ အဲ့ဒီ မဟူရာသလဲသီး အလှဆင်ပစ္စည်းကို ဝမ်ကျယ်ယွီကို ချီးမြှင့်လိုက်။"
လူတိုင်းသည် မိဖုရားခေါင်ကြီး၏ ပျော်ရွှင်မှု သို့မဟုတ် ဒေါသထွက်မှုကို မခန့်မှန်းနိုင်ကြဘဲ မည်သို့ပင်ဖြစ်စေ သူမသည် ပြုံးလျက် ရှိ၏။ မိဖုရားခေါင်ကြီး မည်သို့ပင် ရှိစေကာမူ ဆန့်ကျင်ဘက်အနေဖြင့် ထိုနေရာတွင် ရှိနေသော အများစုမှာမူ မနာလိုလွန်း၍ သေမတတ် ဖြစ်နေကြသော်လည်း၊ နှာခေါင်းကိုပိတ်ကာ ဂုဏ်ပြုစကား ဆိုရုံမှတစ်ပါးရွေးချယ်စရာမရှိကြပေ။
အခံရခက်ဆုံးမှာ ယန်ရှိုးရီ ပင် ဖြစ်ပေမည်။ သူမသည် အစဉ်အမြဲ မျက်နှာသာပေးမှု မနည်းလှဘဲ ဤမျှ ကြာမြင့်စွာ အမှုထမ်းခဲ့သော်လည်း ကိုယ်ဝန် မဆောင်နိုင်ခဲ့ပေ။ ဝမ်ကျယ်ယွီသည် အမှုထမ်းရသည်မှာအလွန်နည်းပါးပြီး တစ်လလျှင် တစ်ကြိမ်မျှသာ ဖြစ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဦးစွာ ကိုယ်ဝန်ဆောင်သွားခဲ့၏။
ဝမ်ကျယ်ယွီ ကိုယ်ဝန်ဆောင်သည့်ကိစ္စ၏ ရိုက်ခတ်မှုကြောင့် ယခင် ယိဝမ်ရုန် မျက်နှာတော်ရှေ့မှောက်တွင် အိန္ဒြေပျက်ယွင်းခဲ့သည့် ကိစ္စမှာပင် အရေးပါတော့ခြင်း မရှိဘဲ လူတိုင်း၏အကြည့်များသည် ချက်ချင်းပင် ဦးတည်ရာ ပြောင်းလဲသွား၏။
......
ကျိုချန်နန်းဆောင်ထဲတွင်၊
နင်ချန်သည် သတင်း ရရှိသောအခါ ပျော်ရွှင်မိသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူ့မျိုးဆက် ဖြစ်၏။ သို့သော် အလွန် ပျော်ရွှင်သည်ဟု ဆိုရမည်ဆိုလျှင်မူ ထိုသို့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဝမ်ကျယ်ယွီကို ထိုမျှလောက် မျက်နှာသာ မပေးသည့်အပြင် ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် တရားဝင်သားတော်တစ်ဦးကိုသာ ပို၍ လိုလားလျက် ရှိ၏။
.......
အခြားတစ်ဖက်တွင်၊ ယဲ့ယွင်သည် ဖုန်းရှီးနန်းဆောင်မှ ထွက်လာပြီးနောက် ရုတ်တရက် တော်ဝင်ဥယျာဉ်သို့ လမ်းလျှောက်သွားချင်စိတ် ပေါက်လာ၏။ သူမ နန်းတော်သို့ ဝင်ရောက်စက မျက်နှာသာ မရရှိခဲ့ဘဲ နွေရာသီလည်း ဖြစ်နေသဖြင့် အပြင်သို့ သိပ်မထွက်ဖြစ်ခဲ့ပေ။ နောက်ပိုင်းတွင် ဥယျာဉ်တော်သို့ ရောက်ရှိသွားပြန်ရာ ဤနန်းတော်တွင်းမှ ရှုခင်းများကို အမှန်တကယ် သေချာစွာ မကြည့်ရှုခဲ့ရပေ။ ရှားရှားပါးပါး ကိုးလပိုင်း၏ ဆောင်းဦးကာလတွင်ကောင်းကင် မြင့်မားပြီး လေပြည် လန်းဆန်းနေချိန်၊ လေပြေညင်းများ တိုက်ခတ်လာသောအခါ နံနက်စောစောက ထိုပင်ပန်းနွမ်းနယ်သော ခံစားချက်ပါ ပျောက်ကွယ်သွားခဲ့သည်။ဤခေတ်ကာလ၏ လေထုသည် အမှန်ပင် ကောင်းမွန်လှသည် ဟုဆိုရပေမည်။
တော်ဝင်ဥယျာဉ်ထဲတွင် နားနေဆောင်တစ်ခုကို ရှာဖွေ၍ ထိုင်လိုက်ရာ နန်ကျစ်သည် ငွေကို ယူ၍ လူလွှတ်ကာ စားဖိုဆောင်မှ မုန့်နှစ်ပန်းကန်နှင့် အခါးရည်တစ်အိုးကို မှာယူစေ၏။ ယခု သူမသည် အဆင့်အတန်း ရှိသူတစ်ဦး ဖြစ်လာပြီ ဖြစ်ရာ စားဖိုဆောင်သည်လည်း အလုပ်လုပ်တတ်လာပြီး၊ နွားနို့ပူပူ တစ်ခွက်ကိုပင် ပို့ဆောင်ပေးသောကြောင့် နံနက်ခင်းတွင် သောက်သုံးရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှ၏။
"ညီမလေး တစ်ယောက်တည်း ဒီနေရာမှာ ပန်းကြည့်နေတာ။ အစ်မက နှောင့်ယှက်မိသလို ဖြစ်သွားပြီထင်တယ်။”
မကြာမီတွင်ဝမ်ကျယ်ယွီသည် အစေခံမလေး နှစ်ဦးကို ခေါ်ဆောင်၍ ရောက်ရှိလာပြီး၊ ရှောင်ရှားလိုသော အမူအရာ မရှိဘဲ၊ တည့်တည့်မတ်မတ်ပင် နားနေဆောင်ထဲသို့ ဝင်ရောက်လာ၏။
ယဲ့ယွင်သည် ထရပ်၍ အရိုအသေပေးလိုက်သည်။ "ကျယ်ယွီ (ဝမ်ကျယ်ယွီ) ကို ဂါရဝပြုပါတယ်။"
"အရိုအသေပေးစရာ မလိုပါဘူး။ အစ်မတို့တွေ သီးသန့် တွေ့ဆုံချိန်မှာ ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး။" ဝမ်ကျယ်ယွီသည် လက်ကာပြလျက် သူမကို ယောင်ယောင်မျှ ထူမပေးလိုက်၏။
ထိုင်ပြီးသွားသောအခါ၊ ယဲ့ယွင်သည် အားနာဟန်ဖြင့် ပြုံးလိုက်သည်။ " ကျယ်ယွီလာတာ အချိန်မတော် ဖြစ်သွားပြီ။ ညီမက ပြန်တော့မလို့ ကြံနေတာ။ ဒီအခါးရည်ကလည်း အေးသွားပြီ။ မုန့်ကလည်း စားလို့ ကုန်သလောက် ဖြစ်နေပြီ. ဒါကြောင့် ကျယ်ယွီကို အတူတူ သုံးဆောင်ဖို့ မဖိတ်ခေါ်တော့ဘူးနော်။"
ဝမ်ကျယ်ယွီသည် တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုအခါးရည်ခွက်တွင် အငွေ့အနည်းငယ် ရှိနေသေးသည်ကို မြင်သောအခါ ၎င်းမှာ ဆင်ခြေတစ်ခု ဖြစ်ကြောင်း သိလိုက်၏။ သို့သော် ၎င်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။ ယခု သူမသည် ကိုယ်ဝန်ဆောင်ထားသူ ဖြစ်ရာ မည်သူမျှ သူတို့ပစ္စည်းများကို သူမ၏ပါးစပ်ထဲသို့ အလွယ်တကူ ဝင်ရောက်စေရဲမည် မဟုတ်ပေ။
"ကိစ္စမရှိပါဘူး။ ဒီနေ့ အစ်မ မိန်ရန်ကို ပြောချင်တဲ့ စကားလေး နည်းနည်းရှိလို့တမင်တကာ လာရှာတာပါ။" ဝမ်ကျယ်ယွီ၏အမူအရာသည် အနည်းငယ် လေးနက်သွား၏။
ယဲ့ယွင်သည် သူမကို တစ်ချက် ကြည့်လိုက်ပြီး၊ မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ကာ ဆက်လက် ပြောဆိုရန် ခေါင်းညိတ်ပြလိုက်၏။
ဝမ်ကျယ်ယွီသည် အသံကို နှိမ့်လိုက်သည်။ "တို့က အရှင်မင်းကြီး မင်းသားဘဝကတည်းက အရှင်မင်းကြီးဘေးမှာအမှုထမ်းခဲ့တာ။ မိဖုရားခေါင်ကြီးထက်တောင် ခြောက်လ စောသေးတယ်။ တွက်ကြည့်ရင် လေးနှစ်ကျော်လောက် ရှိပြီ။ အခုမှ ကိုယ်ဝန်ဆောင်ခွင့်ရခဲ့တာ တော်တော် ခက်ခဲပါတယ်။ တို့ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ တို့ကအချစ်ခင်ဆုံးမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီကလေးကိုတော့ တို့သေချာပေါက် ကာကွယ်ပေးချင်တယ်။ အခုလောလောဆယ် မောင်းမဆောင်ထဲမှာ မတည်ငြိမ်ဘူး။ တို့က ညီမလေးကို အကူအညီတစ်ခုအနေနဲ့ ရှာဖွေချင်တာပါ။"
"ကျယ်ယွီက ဒီလိုနိမ့်ချတဲ့စကားကို ပြောတော့၊ ညီမက လက်မခံဝံ့ပါဘူး။ ညီမက မိန်ရန် အဆင့်လေးပဲ ရှိတာ။ ကျယ်ယွီက ဒီကိုယ်ဝန်ကို မွေးပြီးသွားရင်၊ ဘယ်လိုပဲဖြစ်ဖြစ် 'ကျိုဖင်' (ရှိုးရီ၊ ရှိုးယွမ်၊ ရှိုးရုန်) အဆင့် ဝင်ရမှာ။ ဘယ်မှာ ညီမရဲ့အကူအညီကို လိုအပ်ဦးမှာလဲ။" ယဲ့ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလျက်သာ ပြန်ဖြေလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-42
အခန်း ၄၂ ။ မိုးက လူကို တားထားခြင်း
ဝမ်ကျယ်ယွီသည် မျက်လွှာချလိုက်ပြီး၊ မျက်နှာအပြည့် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ရာထူးတက်တာ၊ အဲ့ဒါကလည်း ဒီကိုယ်ဝန်ကို မွေးဖွားပြီး နောက်ပိုင်း ကိစ္စပါ။ အခုလောလောဆယ် အစ်မတစ်ယောက်တည်း တော်တော်လေး စိတ်မလုံခြုံ ဖြစ်နေသလို ခံစားရလို့ပါ။”
ခေတ္တမျှ ရပ်တန့်ပြီးမှ ဆက်ပြောသည်။ "အစ်မ သိပါတယ်။ ဒီလို အကြောင်းပြချက်မရှိဘဲ ရုတ်တရက် အပြန်အလှန် ကူညီစောင့်ရှောက်ဖို့ ကမ်းလှမ်းတာက မင်းကို မယုံမကြည် ဖြစ်စေမှာကို ဒါပေမဲ့ အစ်မရဲ့ စိတ်ကိုတော့ ညီမသိအောင်သေချာလာပြောပြီးပါပြီ။ ညီမလေး သေချာ စဉ်းစားကြည့်ပါ။ ကဲ အခု ညီမလေးက ပြန်တော့မှာ ဆိုမှတော့ အစ်မလည်း ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ ညီမလေး
အစ််မ ပြောတာကို သေချာလေးစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။" ဝမ်ကျယ်ယွီ သည် ထရပ်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်ကာ၊ အစေခံမလေး၏လက်ကို ထိန်းကိုင်လျက် ထွက်ခွာသွားလေသည်။
နောက်တွင် ယဲ့ယွင်မှာမူ အလျင်စလို ထွက်ခွာမသွားဘဲ အခါးရည်ကို ကိုင်ဆောင်လျက် တစ်ငုံချင်းစီ သောက်သုံးနေကာ၊ မျက်ဝန်းများထဲတွင် အတွေးနက်နေဟန် ရှိ၏။
" မိန်ရန်။" ဟွေယွဲ့သည် သူမ စိတ်လွင့်နေသည်ကို မြင်သောအခါ ခပ်တိုးတိုး ခေါ်လိုက်သည်။
"အင်း၊ သွားကြစို့၊ ငါတို့တွေလည်း ပြန်သင့်ပြီ။" ယဲ့ယွင်သည် ထိုအခါမှ အခါးရည်ခွက်ကို ချကာ ထရပ်လိုက်၏။
သခင်နှင့် အစေခံများ အိမ်ပြန်လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောဖြစ်ကြပေ။
ယွီရှို့အဆောင်သို့ ပြန်ရောက်၍ တံခါးများ ပိတ်ပြီးမှသာ ခုနက ကိစ္စကို ပြန်လည်ထုတ်ပြောကြလေသည်။
"မင်းတို့ အမြင်အရ၊ ဝမ်ကျယ်ယွီ ပြောတဲ့စကားက ဘယ်လောက်အထိ ယုံလို့ ရနိုင်မယ်ထင်လဲ။"
"ကျွန်တော်မျိုးမ ထင်တာကတော့ အကုန်လုံး ယုံလို့တော့ မရဘူး။ ဒါပေမဲ့ ကြည့်ရတာ သူက အမှန်အတိုင်း ပြောနေသလိုပဲ။ ခန့်မှန်းရသလောက်တော့ ဒီဗိုက်ထဲက (ကလေး) ကို အရင် ဘေးကင်းကင်း မွေးဖွားချင်လို့ နေမှာပေါ့။" နန်ကျစ်က ဦးစွာ ဖွင့်ဟလိုက်သည်။
ယဲ့ယွင်သည် ဟွေယွဲ့ကို ထပ်မံ ကြည့်လိုက်၏။
ဟွေယွဲ့သည် ဆက်လက် ဝင်ပြောသည်။ "ကျွန်တော်မျိုးမနဲ့ နန်ကျစ်တွေးတာ အတူတူပါပဲ။ ဒါပေမဲ့ နားမလည်တာက ဒီဝမ်ကျယ်ယွီက ဘာလို့ ဒီလောက် စောစောစီးစီး ကိုယ်ဝန်ရှိတာကို ထုတ်ပြောရတာလဲ။ ဒါက အလကားသက်သက် အန္တရာယ် ပိုများသွားတာ မဟုတ်ဘူးလား။"
ဤနေရာသို့ ရောက်သောအခါ၊ နန်ကျစ်သည်လည်း ခေါင်းညိတ်လိုက်ပြီး အလားတူပင် နားမလည်သော မျက်နှာထားဖြင့် လှမ်းကြည့်လာ၏။
ယဲ့ယွင်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီးမှ ဖြည်းညှင်းစွာ ရှင်းပြလေသည်။
"အခုလောလောဆယ် နန်းတော်ထဲမှာ ကိုယ်ဝန်ဆောင်တာ နှစ်ယောက် ရှိနေပြီ ဆိုပေမဲ့ ဘေးကင်းကင်း မွေးဖွားနိုင်မလား ဆိုတာကတော့ ပြောရခက်သေးတယ်လေ။ အရှင်မင်းကြီးမှာ မျိုးဆက် ရှားပါးတော့ သဘာဝအတိုင်း ကိုယ်တိုင်ဝင်ပြီး စောင့်ကြည့်မှာပေါ့။ မဟုတ်ရင် ဝမ်ဖေးက ဒီလောက် မျက်နှာသာ ရရှိထားတာ ကိုယ်ဝန်ဆောင်ထားတာတောင် ဘေးကင်းနိုင်ပါ့မလား။"
"နောက်တစ်ချက်က၊ အခု ရှေ့မှာ ကိုယ်ဝန်ဆောင် နှစ်ယောက် ရှိနေပြီ။ သူ့တစ်ယောက် ထပ်တိုးလာတာက သိပ်ပြီး ထင်ပေါ်တော့မှာ မဟုတ်ဘူး။ ဝမ်ဖေးက ရှေ့ကနေ ကာပေးထားတော့ တခြားသူတွေရဲ့ သူ့အပေါ်အာရုံစိုက်မှုက သိပ်များတော့မှာ မဟုတ်ဘူး။"
"တကယ်လို့ နောက်ထပ် နှစ်လလောက် စောင့်ပြီး ကိုယ်ဝန်သုံးလနဲ့တည်ငြိမ်သွားမှ ပြောမယ်ဆိုရင် အဲ့ဒီအချိန်ကျရင် ဝမ်ဖေးရဲ့ ဗိုက်က ရှစ်လတောင် ရှိနေပြီ။ ဘယ်အချိန် မွေးမလဲ မသိနိုင်ဘူး။ အရှင်မင်းကြီးရဲ့ စိတ်နှလုံးတစ်ခုလုံးက ဝမ်ဖေးကိုပဲ ဂရုစိုက်နေတော့မှာ။ ဝမ်ကျယ်ယွီ က ကိုယ်ဝန်ရှိတာကို ထုတ်ပြောရင်တောင် အရှင်မင်းကြီးရဲ့ ဂရုစိုက်မှု ပိုရတော့မှာ မဟုတ်ဘူး။"
"ဒါကြောင့်မို့၊ အခုလောလောဆယ် ကိုယ့်ဘာသာကိုယ် ထုတ်ပြောလိုက်တော့ အရှင်မင်းကြီးမှာ သူ့ကို ခွဲဝေပေးဖို့ စိတ် အပို ရှိနေသေးတယ်။ အရှင်မင်းကြီးက ဝင်ပြီး စီစဉ်ပေးလိုက်တာနဲ့ ပိုပြီး ဘေးကင်းသွားတာ မဟုတ်ဘူးလား။"
ဤစကားတစ်ခွန်းသည် ဦးခေါင်းထက်သို့ ရေစင်သွန်းလောင်းလိုက်သကဲ့သို့ (ဉာဏ်အလင်းပွင့်သွားစေသကဲ့သို့) ဖြစ်ပြီး၊ အစေခံမလေး နှစ်ဦး နားထောင်ပြီးသည်နှင့် ချက်ချင်း သဘောပေါက် နားလည်သွားကြ၏။
"ဒီဝမ်ကျယ်ယွီက ကိုယ်တိုင် ဒီလောက်ဉာဏ်ကောင်းပြီး နည်းလမ်း ရှိနေတာပဲ ဘာလို့ မိန်ရန်ဆီကို အကူအညီတောင်းဖို့ လာကောင်းပြနေရသေးတာလဲ။" ဟွေယွဲ့က ဆိုလိုက်သည်။
ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်ပြီး၊ သူမ၏ လက်ကောက်ဝတ်မှ လက်ကောက်ကို လှည့်ပတ်နေလျက် အလွန် ဂရုမစိုက်ဟန်ဖြင့်၊ "သူ့စကားကလည်း၊ အမှန်တစ်ဝက် အမှားတစ်ဝက်ပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါ့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်လောက်ပါဘူး။ ဒီနန်းတော်ထဲမှာ ရန်သူတစ်ယောက် လျော့တာကလည်း ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒီလိုဆိုပြီးတော့လည်း သတိမထားဘဲ နေလို့ မဖြစ်ဘူး။ နေရာတိုင်းမှာ သတိထားနေရဦးမှာပဲ။"
အစေခံမလေး နှစ်ဦးသည် လေးနက်စွာ သဘောတူလိုက်ကြပြီး ဤကိစ္စသည်လည်း ပြီးဆုံးသွားသကဲ့သို့ ဖြစ်၏။
..........
ထိုနေ့တွင်၊ ဧကရာဇ်သည် သဘာဝအတိုင်းပင် ဝမ်ကျယ်ယွီထံသို့ သွားရောက် ကြည့်ရှုခဲ့ပြီး အတူတကွ ညအိပ်ခဲ့ရာ အလေးထားခြင်း အဓိပ္ပာယ် သက်ရောက်၏။
အမှန်ပင် ယဲ့ယွင် ပြောသကဲ့သို့ နင်ချန်သည် ယခု မျိုးဆက်အပေါ်၌ အလေးထားလျက် ရှိပြီး ဝမ်ကျယ်ယွီ၏ကိုယ်ဝန်ကို တာဝန်ယူရန် သမားတော်တစ်ဦးကို အထူးတလည် စီစဉ်ပေးခဲ့၏။
နောက်ဆက်တွဲ ဆယ်ရက်ကျော်အတွင်း၊ ယခင်က ဧကရာဇ်ရှေ့မှောက်သို့ မရောက်ဖူးသေးသော လူသစ်အချို့သည် နောက်ဆုံးတွင် အစဉ်လိုက် အတူတကွ ညအိပ်ခွင့် ရရှိသွားကြ၏။ သူတို့၏ ရာထူးများအားလုံးမှာ 'ချိုက်နွီ' (အဆင့် ၉) များ ဖြစ်ကြပြီး၊ အတူတကွ ညအိပ်ပြီးနောက်၊ လျိုချိုက်နွီ တစ်ဦးတည်းသာ ရာထူး မတက်ဘဲ အခြား နှစ်ဦးဖြစ်သော ကျိုးချိုက်နွီ နှင့် ကျန့်ချိုက်နွီ တို့သည် 'ပေါင်လင်' (အဆင့် ၈) အဆင့်သို့ ရာထူးတက်သွားကြ၏။
၎င်းမှာ မည်သို့မျှ အရေးပါသည် မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ နန်းတော်သို့ ရာထူးနိမ့်ဖြင့် ဝင်ရောက်လာသူများ၊ အတူတကွ ညအိပ်ပြီးနောက် ရာထူးတက်ခြင်းမှာ စာဖြင့် မရေးထားသော စည်းမျဉ်းတစ်ခုလို ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ဧကရာဇ်က သင့်အပေါ်၌ သဘောထား မကောင်းလျှင်မှလွဲ၍ အကုန်လုံးကို တန်းတူညီမျှဖြစ်သည်။ ဥပမာအားဖြင့် လျိုချိုက်နွီ ပြီးလျှင် ယခင်က ယန်ပေါင်လင်တို့ဖြစ်၏။
ဤအချိန်အတောအတွင်းအကျယ်ချုပ် ၁၅ ရက် ကျခဲ့သော ကျန်းပေါင်လင်သည်လည်း နောက်ဆုံးတွင် ပြန်လည် ထွက်ပေါ်လာခဲ့၏။
လူများ ပိုများလာသဖြင့် နေ့စဉ် ဖုန်းရှီးနန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ရသည်မှာ အတော်ပင် စည်ကားလာ၏။ ယဲ့ယွင်မှာမူ အစဉ်အမြဲ 'ငါမင်းအမေပဲ၊ ငါ့ကိုရန်လာမစနဲ့' ဆိုသော ပုံစံမျိုး ဖြစ်ရာ၊ သူမကို လာရောက် ရန်စရဲသူလည်း မရှိသလောက်နည်းပါးနေခဲ့သည်။
လျိုချိုက်နွီ (အဆင့် ၉) တစ်ယောက်သာလျှင် အတူတကွ ညသိပ်ပြီး နောက်တစ်နေ့တွင် အခြေအနေ အရိပ်အကဲ မသိဘဲ ဝင်တိုက်လာရာ ယဲ့ယွင်သည် အားမနာဘဲ၊ တိုက်ရိုက်ပင် ပါးတစ်ချက် ရိုက်ချလိုက်သည်။ လျိုချိုက်နွီသည် ကျိုချန်နန်းဆောင်သို့ သွားရောက် တိုင်ကြားသော်လည်း ဧကရာဇ်ကို တွေ့ခွင့် မရသည့်အပြင် ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရပြီးမှသာ တည်ငြိမ်သွားလေသည်။
ထိုနေ့ နေ့လယ်တွင် ရုတ်တရက် လေများ တိုက်ခတ်လာပြီး မိုးရွာတော့မည့် ပုံစံ ရှိနေသော်လည်း နေ့လယ်တစ်ခင်းလုံး အုံ့မှိုင်းနေခဲ့ပြီး မိုးတစ်စက်မျှ ကျမလာခဲ့ပေ။
ညနေစောင်း အချိန်သို့ ရောက်သောအခါ၊ နင်ချန်သည် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့၏။
သူ၏ ရှေ့ခြေတစ်လှမ်း အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် နောက်ဘက်တွင် မိုးများ စတင် ရွာချလာပြီး သဲသဲမဲမဲ ရွာသွန်းမည့် အရှိန်အဟုန် ရှိနေ၏။
ယဲ့ယွင်သည် သူ့အား သာမန်ဝတ်စုံ လဲလှယ်ရန် ပြုစုပေးရင်း မျက်နှာထက်တွင် ခပ်ပါးပါးအပြုံးတစ်ချက် ရှိနေ၏။
"ဘာကိစ္စ ဒီလောက် ပျော်နေတာလဲ။"
နင်ချန်သည် ခေါင်းငုံ့ကာ သေးသွယ်သော မိန်းမပျိုလေး သူ့အား ခါးပတ် ပတ်ပေးနေသည်ကို ကြည့်လိုက်သည်။
"ချဲ့က လန်ကျွင်း(ချစ်ခင်ပွန်း)ကို စောင့်နေတာ။ မိုးက လူကို တားထားတယ်။ ကောင်းကင်ဘုံကလည်း ဒီချန်းချဲ့ရဲ့ စိတ်ဆန္ဒကို သိနေတာပဲ။ အရှင်မင်းကြီးကို စောင့်ပြီးမှ မိုးရွာချလိုက်တယ်။ ဒီတစ်ခါတော့ အရှင်မင်းကြီး ပြန်လို့ မဖြစ်တော့ဘူး။"
ယဲ့ယွင်သည် ခေါင်းမော့လိုက်ရာ မြူခိုးများ ဝေ့နေသော မျက်ဝန်းတစ်စုံဖြင့် နင်ချန်ကို စူးစိုက် ကြည့်နေ၏။ မိုးရွာသောနေ့သည် မှောင်မည်းနေပြီး၊ အခန်းထဲတွင် ဖယောင်းတိုင်များ ထွန်းညှိထားခါစ ဖြစ်ရာ နွေးထွေးသော မီးရောင်သည် မိန်းမပျိုလေး၏ ချစ်စဖွယ် မျက်နှာလေးပေါ်သို့ ကျရောက်နေပြီး သူမအား ဖျော့တော့သော အလင်းရောင် အလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ပြောမပြတတ်အောင် နူးညံ့နေ၏။
သူမ၏ဉာဏ်များပြီး ထူးဆန်းသော အမူအရာများကို မြင်တွေ့နေကျ ဖြစ်ရာ အခုလိုပုံစံယဲ့ယွင်ကို မိုးသဲသဲမဲမဲ ရွာနေသောအချိန်တွင် တွေ့မြင်လိုက်ရသောအခါ၊ နင်ချန်၏ စိတ်ထဲတွင် ရုတ်တရက်
မိမိရှေ့မှ အမျိုးသမီးကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုသော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူမသည် အလင်းရောင်နှင့်တူ၏၊ ပုံမှန်အချိန်များတွင် တောက်ပပြီး တက်ကြွလန်းဆန်းကာ မိုးရွာသော အချိန်များတွင်မူ နွေးထွေးပြီး နူးညံ့ညင်သာသည်။ မည်သည့်အချိန်၊ မည်သို့သော ပုံစံမျိုးပင် ဖြစ်စေ၊ သူမသည် အံဝင်ခွင်ကျ ဖြစ်လျက် နှလုံးသားကို ပျော်ရွှင်စေ၏။
စိတ်ထဲတွင် တွေးတောမိသည့်အတိုင်း သဘာဝအတိုင်း ပြုလုပ်လိုက်၏။ နင်ချန်သည် လူကို တစ်ချက်တည်း ဆွဲယူ ပွေ့ဖက်လိုက်ပြီး စကား မပြောဆိုဘဲ မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းထားလျက် မျက်လုံးမှိတ်ထားလိုက်သည်။ရင်ခွင်ထဲမှ သေးသွယ်သော ကိုယ်လုံးလေးကို ခံစားရင်း၊ နှလုံးသားထဲတွင် နွေးထွေးပြီး သက်သောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။
ယဲ့ယွင်သည် အစပိုင်းတွင် အနည်းငယ် ကြောင်ငေးသွားသော်လည်း ချက်ချင်းပင် သတိဝင်လာပြီး၊ မိမိကိုယ်မိမိ တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး နေစေကာ ပို၍ နူးညံ့စေလျက် လက်မြှောက်၍ နင်ချန်၏ခါးကို ပြန်လည် ပွေ့ဖက်ထားလိုက်၏။ မပြင်းမပျော့၊ သူက သူမ၏တည်ရှိမှုကို ခံစားမိနိုင်
ရန် အနေတော်မျှသာ ဖြစ်သည်။
နှစ်ဦးသား ခေတ္တမျှ ပွေ့ဖက်ထားပြီးနောက်၊ ပြန်လည် ခွဲခွာလိုက်သည့်အခါ နင်
ချန်၏မျက်နှာသည် အနည်းငယ် နီရဲနေခဲ့သည်။
ယဲ့ယွင်သည် ပြုံးရုံမျှသာ ပြုံးပြီး စကားများများ မဆိုဘဲ ညစာအတွက် သွားရောက် စီစဉ်လေသည်။
မိုးရွာချလာသဖြင့်၊ ဆောင်းဦးနှောင်းပိုင်းအအေးဓာတ်သည် ထင်ရှားလာကာ ညစာ သုံးဆောင်ပြီးနောက် အေးစိမ့်လာသလို ခံစားလိုက်ရသည်။ အစေခံများက အလျင်အမြန် ရေပြင်ဆင်၍ မျက်နှာသစ် သွားတိုက်ရန် ကူညီပေးပြီး အခါးရည်ပူပူ တစ်အိုးနှပ်ကာ တစ်ဦးလျှင် တစ်ခွက်စီ သောက်သုံးစေပြီးမှ ခုတင်ပေါ်သို့ သွားရောက် လဲလျောင်းကြ၏။
နင်ချန်လဲလျောင်းလိုက်သည်နှင့် သူ့ဦးနှောက်ထဲတွင် ယဲ့ယွင်က ပြုံးလျက် မိမိအား 'ချဲ့ က လန်ကျွင်းကို စောင့်နေတာ' ဟု ပြောဆိုခဲ့သော ပုံစံဖြင့် ပြည့်နှက်နေပြီး ခုနက ထို ပွေ့ဖက်မှုတွင်ပျော်ဝင်နေပြီး ပြန်မတွေးမနေနိုင်အောင် ဖြစ်ခဲ့သည်။
ထို့ကြောင့် ယဲ့ယွင် သတိမဝင်မီမှာပင် ဆွဲယူခြင်းကို ခံလိုက်ရပြီး ရင်ခွင်ထဲတွင် ချုပ်နှောင်ခြင်း ခံလိုက်ရ၏။ ယခုအခါ နင်ချန်သည် ကျွမ်းကျင်သော လမ်းဟောင်းအတိုင်းပင် နှစ်ချက် သုံးချက်မျှဖြင့် အဝတ်အစားများ ချွတ်ပစ်လိုက်၏။
.......
ဆေးကြောသန့်စင်ပြီးနောက် ပြန်လည် လဲလျောင်းလိုက်ရာ ယဲ့ယွင်သည် အိပ်ငိုက်လွန်း၍ မျက်လုံး ဖွင့်မရတော့ဘဲ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ နင်ချန်၏လက်မောင်းကို ပွေ့ဖက်ကာ အိပ်စက်လိုက်၏။
ဘေးမှ လိမ္မာယဉ်ကျေးသော အမျိုးသမီးငယ်လေးကို ကြည့်ရင်း နင်ချန်၏ စိတ်ထဲတွင် ရယ်ချင်သွားသည်။ အမှန်ပင် ကြောင်ကလေးများသည် အိပ်ပျော်သွားမှသာ လက်သည်းများကို သိမ်းဆည်းတတ်၏။ စိတ်ထဲတွင် မည်သို့မျှ မတတ်နိုင်သော်လည်း သူမကို ပွေ့ဖက်ထားလိုက်၏။
ထိုအချိန်တွင်၊ အပြင်ဘက်၌ မိုးမှာ ပို၍ သဲသဲမဲမဲ ရွာသွန်းလာပြီး လေမှာလည်း ပြင်းထန်စွာ တိုက်ခတ်နေ၏။ စင်္ကြံလမ်းအောက်တွင် လူ မရပ်နိုင်သဖြင့် အစေခံများအားလုံး ဘေးနားမှ အခန်းငယ်များထဲတွင် သွားရောက် ထိုင်နေကြပြီး အခါးရည်ပူပူတစ်အိုးပင် နှပ်သောက်နိုင်သေး၏။
ယဲ့ယွင်တွင် နင်ချန်ဟူသော အနွေးပေးစက်ကြီး အဖော်ပြုနေသဖြင့် သက်သောင့်သက်သာ ရှိနေ၏။ အအေးနန်းဆောင်ထဲတွင်မူ သာမန်အရပ်သူအဖြစ် အဆင့်နှိမ့်ချခံလိုက်ရသော လီမိန်ရန်မှာမူ ထူထဲသော အဝတ်အစားနှင့် စောင် မရှိသည့်အပြင် အဆောင်မှာလည်း မိုးယိုသဖြင့် တစ်ညလုံး အအေးဒဏ်ကို ခံစားခဲ့ရလေသည်။
***