အခန်း (၄၃-၄၄)
Vol. 3 Ch. 43-44
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -43
အခန်း ၄၃ ။ အချည်းနှီး မျှော်လင့်ခြင်း
နောက်တစ်နေ့ ဂါရဝပြုချိန်တွင် ယဲ့ယွင်သည် အမှန်တကယ် မထနိုင်သဖြင့် ပထမဆုံးအကြိမ်အဖြစ် ခွင့်တိုင်လိုက်လေသည်။
သို့သော် သူမသည် လိမ္မာပါးနပ်စွာဖြင့်၊ နင်ချန်အား လူလွှတ်၍ မိဖုရားခေါင်ကြီးထံ ပြောကြားစေခဲ့ရာ ဤသို့ဖြင့် ပို၍ အကြောင်းပြချက် ခိုင်လုံသွားလေ၏။
မည်သို့ပင်ဖြစ်စေ အခြားသူများ၏ ဝေဖန်ပြောဆိုခြင်းကို ရှောင်လွှဲ၍ မရနိုင်သော်လည်း၊ ၎င်းတို့အားအလွန်အမင်း ဂရုစိုက်နေပါက လူကို စိတ်ရှုပ်လွန်းလို့သေချင်စိတ်ပင်ပေါက်လာစေနိုင်ရာ မိမိကိုယ်တိုင် သက်သောင့်သက်သာ ရှိရန်ကသာ အရေးကြီး၏။
အမှန်ပင်သူမသည် မနေ့က အတူတကွ ညအိပ်ခွင့် ရရှိခဲ့ပြီး ယနေ့တွင် ဂါရဝပြုရန် လာရောက်ခြင်း မရှိသဖြင့်၊ လူအများက ဒေါသထွက်သော်လည်း ကာကံယံရှင်ကမရှိသောကြောင့် အတော်ပင် ဆူဆူညံညံ ဖြစ်သွားကြလေသည်။
ကျောက်ကျယ်ယွီသည် မိဖုရားခေါင်ကြီးကိုသူမ၏အရည်အချင်းကို ပြသရန်အလို့ငှာ ယဲ့ယွင်ကိုစတင် အပြစ်ရှာလေသည်။
"ဒါ နန်းတော်ထဲ ဝင်လာတာဘယ်လောက်ကြာသေးလို့၊ မိဖုရားခေါင်ကြီးဆီ ဂါရဝပြုဖို့တောင် မလာတော့တာလဲ။ ဒီလို မျက်နှာသာရတာနဲ့ မောက်မာနေတာကို လူသစ်တွေတွေ့ပြီး အတုခိုးသွားကြရင် ပရမ်းပတာတွေ ဖြစ်ကုန်မှာပေါ့။ မင်းတို့တွေအားလုံး သတိထားကြ၊ အတုမခိုးကြနဲ့။"
ယခု လူသစ်များထဲတွင် မျက်နှာသာရသော နှစ်ယောက်မှာ ယိဝမ်ရုန်ကအကျယ်ချုပ်ကျနေပြီး၊ ယဲ့ယွင်က မလာခဲ့ပေ။ ကျန်ရှိသော အနည်းငယ်နှင့် ရင်ဆိုင်ရသောအခါ၊ ကျောက်ကျယ်ယွီသည် ရာထူးမြင့်ပြီး၊ ဝါအရင့်ဆုံးဖြစ်သည့်အပြင် မိဖုရားခေါင်ကြီး၏အားကိုးရာလည်း ရှိနေသဖြင့် စကားပြောဆိုရာတွင် အလွန်ပင် အားနာခြင်း မရှိပေ။
ယောင်ရှန်းသည် ထိုမောက်မာသောလေသံကို ကြားသောအခါ၊ စိတ်ထဲတွင် အလွန် ရွံရှာသွားသည်။
"ကျောက်ကျယ်ယွီက ဒီစကားကို ယဲ့မိန်
ရန်ကို ကိုယ်တိုင်သွားပြောပါလား။ ဒီချန်းချဲ့တို့ကို ဆုံးမမယ် ဆိုရင်တောင် မိဖုရားခေါင်ကြီးကပဲ ဆုံးမသင့်တာပါ။"
အားလုံး မျိုးရိုးကောင်းမှ မွေးဖွားလာကြသူများ ဖြစ်ရာ မိဖုရားခေါင်ကြီးကို မှီခိုနေသော ကျောက်ကျယ်ယွီကို ဘယ်မှာမျက်စိထဲထည့်ကြပါ့မလဲ။
"တကယ်လို့ ကျောက်ကျယ်ယွီက ယဲ့မိန်ရန်ကို သွားပြောရဲရင် ချန်းချဲ့တို့ကိုပဲ ဖိပြီး ပြောနေတော့မှာ မဟုတ်ဘူး။" ချန်စူးယွီ (မိန်ဝမ်ရုန်) သည်လည်း စကားဝင်ပြောသည်။
ကျောက်ကျယ်ယွီသည် နှစ်ယောက်ဆက်တိုက် ချေပခြင်း ခံလိုက်ရသဖြင့် ဒေါသထွက်လွန်း၍ သည်းမခံနိုင်တော့ပေ။
"တစ်ယောက်ပြီး တစ်ယောက် တကယ်ပါပဲ ပြောတောင် မပြောရတော့ဘူးလား။ တကယ်ကို အားကိုးရှိနေတော့ တို့လိုအဆင့်ငါး 'ကျယ်ယွီ' ကိုတောင် မျက်စိထဲ
မထည့်တော့ဘူးပေါ့လေ။"
"တော်ကြတော့။" မိဖုရားခေါင်ကြီးသည် မျက်မှောင်ကြုတ်လျက် ခပ်တိုးတိုး ဟောက်လိုက်သည်။ "ဆူဆူညံညံနဲ့၊ ဘယ်လိုပုံစံတွေ ဖြစ်နေကြတာလဲ။"
ကျောက်ကျယ်ယွီသည် ထိုနှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ဒေါသကို မျိုသိပ်ထားကာ ဆက်မပြောတော့ပေ။
"ယဲ့မိန်ရန်က အမှုထမ်းတာ ကောင်းလို့ အရှင်မင်းကြီးရဲ့ သနားကြင်နာမှုကို ရတာပေါ့။ မင်းတို့တွေ ပန်ကုန်းရှေ့မှာ ရန်ဖြစ်ဖို့စိတ်တွေ ရှိနေမယ့်အစား အရှင်မင်းကြီးကို ဘယ်လို ကောင်းကောင်း အမှုထမ်းမလဲဆိုတာကို သွားစဉ်းစားကြဦး။ ဒီနေ့ ဒီလောက်ပဲ၊ အားလုံး လူစုခွဲကြတော့။ ကိုယ်ဝန်ရှိတဲ့သူတွေ ပန်ကုန်းနဲ့အတူ မယ်တော်ကြီးကို သွားတွေ့ဖို့ လိုက်ခဲ့။ ရှူးဖေးလည်း လိုက်ခဲ့။ တခြားသူတွေ ဒီနေ့ သွားစရာ မလိုတော့ဘူး။"
မိဖုရားခေါင်ကြီးသည် စိတ်ရှုပ်ထွေးစွာ လက်ကာပြလိုက်ပြီး၊ ယနေ့ နံနက်စောစော ချီနင်နန်းဆောင်ဘက်မှ ရောက်လာသော စကားကို တွေးမိရင်း စိတ်ညစ်ညူးသွား၏။ မယ်တော်ကြီးက ဘာတွေလှုပ်ရှားချင်နေပြန်သည်ကို မသိပေ။
လူများ လူစုခွဲသွားကြပြီးနောက် မိဖုရားခေါင်ကြီးသည် ရှူးဖေး၊ ဝမ်ဖေး၊ ဝမ်ကျယ်ယွီ၊ ရှချိုက်ရန် အနည်းငယ်ကို ခေါ်ဆောင်၍ ထွက်ခွာသွား၏။
.......
ချီနင်နန်းဆောင်ထဲတွင်၊ မယ်တော်ကြီးအား ဂါရဝပြုပြီးနောက် လူအနည်းငယ်သည် အစဉ်လိုက် နေရာယူ ထိုင်ကြသည်။
"အိုက်ကျားက အသက်အရွယ် ကြီးလာတော့ သားသမီးမြေးမြစ်တွေ ပြည့်ပြည့်စုံစုံရှိတာကို သဘောကျတယ်။ မင်းတို့ကို တွေ့မြင်ပြီး မြေးတော်လေးတွေကို တွေးမိတော့ ပျော်ရွှင်သွားတာပဲ။" မယ်တော်ကြီးသည် ပြုံးလျက် ဆို၏။
မိဖုရားခေါင်ကြီး၏မျက်နှာထက်တွင်လည်း အပြုံးတစ်ချက်ဖြင့်၊ "အရှင်မင်းကြီးက ငယ်ရွယ်ပါသေးတယ်။ နောင်ကျရင် နန်းတော်ထဲက မင်းသား မင်းသမီးတွေက ပိုပိုပြီး များလာမှာပါ။ မယ်တော်ကြီးက မိသားစုသာယာမှုကိုပဲ ခံစားနေရုံပါပဲ။"
"မိဖုရားခေါင်ကြီး ပြောတာလည်း အကြောင်းပြချက် ရှိပါတယ်။ ဒါပေမဲ့ အိုက်ကျား ဒီအချိန်တွေမှာ မင်းသမီးကြီးကို စောင့်ရှောက်ထားရတာ ပျော်ရွှင်တယ်ဆိုပေမဲ့၊ အဲ့ဒီကလေးက ငယ်ငယ်ကတည်းက အိုက်ကျား ဘေးမှာ ကြီးပြင်းလာတာ မဟုတ်တော့ အိုက်ကျားနဲ့ သိပ်ပြီးမရင်းနှီးဘူး။ အမြဲတမ်း မိခင်ကိုတမ်းတပြီး ငိုယိုနေတော့ အိုက်ကျားစိတ်ထဲမှာ အရမ်းခံစားရခက်လှတယ်။"
မယ်တော်ကြီးသည် သက်ပြင်းတစ်ချက် ချလိုက်ရာ၊ ဤအပြုအမူသည် လူအများကို အနည်းငယ် နားမလည်နိုင် ဖြစ်သွားစေ၏။
"ကလေးက ငယ်ပါသေးတယ်။ အချိန်အနည်းငယ် ပိုပြီးခေါ်ထားလိုက်ရင် ရင်းနှီးသွားမှာပါ။ ဒါက သွေးသားဆိုတာ ရေထက် ပိုပျစ်တယ်လေ။ မယ်တော်ကြီးက အဘွားအရင်း ဖြစ်နေတာပဲ ဘယ်မှာ မရင်းနှီးရတဲ့ အကြောင်း ရှိမှာလဲ။" မိဖုရားခေါင်ကြီးက နှစ်သိမ့်လိုက်သည်။
ရှူးဖေးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ချက်ချင်း ပြန်လည် ချေပလိုက်သည်။
"ကျားယွီ (မင်းသမီးကြီး) က ဒီချန်းချဲ့ကိုယ်စား မယ်တော်ကြီးရဲ့ အနားမှာ သားသမီးဝတ္တရား ကျေပွန်နိုင်တာက အရမ်းကောင်းတယ်ဆိုပေမဲ့ ကျားယွီက အသက်ငယ်ပြီး နားမလည်သေးတော့ ငိုယိုတဲ့အခါ မယ်တော်ကြီးကို ပင်ပန်းစေမှာကို ရှောင်လွှဲလို့ မရဘူးလေ။ ဒါက စေတနာကောင်းနဲ့ လုပ်လိုက်ပေမဲ့ အမှား ဖြစ်သွားရင် ဆန့်ကျင်ဘက်အနေနဲ့ မကောင်းဘူး ဖြစ်သွားမှာ။ ဒီချန်းချဲ့ကိုပဲ ပြန်ခေါ်သွားခိုင်းလိုက်ပြီး နောင်ကျရင် မယ်တော်ကြီးကို မကြာခဏ လာတွေ့တာက အတူတူပဲ မဟုတ်လား။"
မယ်တော်ကြီးသည် စကားမပြောဘဲ ခေါင်းငုံ့ကာ အခါးရည်ကိုသာ သောက်သုံးနေသည်။ ကြည့်ရသည်မှာ ဤသဘောအတိုင်းပင် ရှိ၏။ ရှူးဖေးမှာမူ သူမ၏လက်ထဲတွင် ပဝါစကို တင်းကျပ်စွာ ဆွဲထားလျက် မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
"မင်းသမီးကြီးကို မယ်တော်ကြီးဆီ ပို့လိုက်တာက ဘယ်လိုပဲဖြစ်ဖြစ် ချွေးမတစ်ယောက်တည်းရဲ့ သဘောထား မဟုတ်ဘူးလေ။ ချွေးမက အရှင်မင်းကြီးနဲ့ ပြောဆိုကြည့်ပြီးမှ ပြန်လည် ဆုံးဖြတ်တာက ပိုကောင်းပါလိမ့်မယ်။" မိဖုရားခေါင်ကြီးသည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး နင်ချန်ကို တိုက်ရိုက် အကြောင်းပြလိုက်သည်။
ရှူးဖေးသည် ဒေါသထွက်ပြီး စိတ်ပျက်သွားသည်။ မိဖုရားခေါင်ကြီးက သူမကိုယ်စား ကြားဝင်ပြောပေးမည်ဆိုလျှင်သာ ထူးဆန်းပေတော့မည်။ မိဖုရားခေါင်ကြီးကြောင့်ပင် မင်းသမီးကြီး အပို့ခံလိုက်ရခြင်း ဖြစ်၏။ သို့သော် ဤအချိန်တွင် သူမသည် ပြဿနာ မရှာရဲပေ။ ပို၍ ပြဿနာရှာလေ၊ ဧကရာဇ်က သူမကို ပို၍ မတည်ငြိမ်သူ၊ ကလေးကို ကောင်းမွန်စွာ မပြုစုပျိုးထောင်နိုင်သူဟု ထင်လေ ဖြစ်မည်ကို စိုးရိမ်၏။
မယ်တော်ကြီးမှာမူ သူမနှင့် မိဖုရားခေါင်ကြီးသည် အစဉ်အမြဲ မျက်နှာချင်းဆိုင်တွင် သဘောတူသော်လည်း စိတ်ထဲတွင် သဘောမတူသူများ ဖြစ်ကြရာ ဤကိစ္စသည်ဤမျှအလွယ်တကူ ပြီးမြောက်မည် မဟုတ်သည်ကိုလည်း သိထားသည်။ သို့သော် မင်းသမီးကြီးကို ပို့ဆောင်လိုက်ခြင်းမှာ ပထမဆုံး ခြေလှမ်းမျှသာ ဖြစ်ပြီး၊ သူမ အမှန်တကယ် ပြောချင်သည့် စကားမှာ မပြောရသေးပေ။
ခေါင်းလှည့်ကာ သူမ၏အကြည့်ကို ရှချိုက်ရန်၏အပေါ်သို့ ပို့လိုက်၏။
"အစဉ်အလာအရ 'ဖင်း' (ဖင်း - အဆင့် ၉ အထက်) အဆင့်နဲ့ အထက်ကသူတွေမှ ကလေးကို ကိုယ်တိုင် မွေးမြူခွင့် ရှိတာ။ အိုက်ကျား ကြည့်ရတာ ရှချိုက်ရန် ဒီကိုယ်ဝန်ကို မွေးပြီးရင် ဘယ်လို စီစဉ်ရမလဲ မသိဘူး။ ချီနင်နန်းဆောင်ကို ပို့လိုက်တာက ပိုကောင်းမယ်။ အိုက်ကျားအနားမှာ စည်စည်ကားကား ရှိတာပေါ့။"
ဤစကား ထွက်လာသည်နှင့် ရှချိုက်ရန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး၊ ထိုနေရာတွင် ရှိနေသော လူတိုင်း၏မျက်နှာထားများပင် ပြောင်းလဲသွား၏။ အထူးသဖြင့် မိဖုရားခေါင်ကြီးဖြစ်ပြီး ဤအချိန်တွင် အလွန်ပင် မယ်တော်ကြီး ရွံရှာသွားသလိုခံစားလိုက်ရသည်။ ဧကရာဇ်က မင်းသမီးကြီးကို ချီနင်နန်းဆောင်သို့ ပို့ဆောင်လိုက်ခြင်းမှာ မကြာမီ သို့မဟုတ် နောက်ကျ ရှူးဖေးကို ပြန်လည် ခေါ်ဆောင်သွားစေရန်သာ ဖြစ်ပြီးရှူးဖေးကို သတိပေးချက်တစ်ခု ပေးရန်မျှသာ ဖြစ်၏။ သို့သော် မယ်တော်ကြီးက မိမိဘာသာ ရှချိုက်ရန်၏ ကလေးကို ပွေ့ချီယူသွားမည်ဟု ပြောဆိုလာခြင်း၏ နောက်ကွယ်ကအဓိပ္ပာယ်ကို လူတိုင်းနားလည်နိုင်သည်။
ရှချိုက်ရန်ရဲ့ကလေးကို မိန်ဝမ်ရုန်အတွက် ပြင်ဆင်ပေးနေခြင်း ဖြစ်မည်ကို စိုးရိမ်ရ၏။ မယ်တော်ကြီးသည် သူမ၏ မိဘမျိုးရိုးဘက်မှ တူမတော်အတွက် အားကုန် ကြံစည်နေလေသည်။
မိဖုရားခေါင်ကြီးသည် သဘာဝအတိုင်း သဘောတူမည် မဟုတ်ဘဲ၊ နင်ချန်ကိုသာ ဒိုင်းသဖွယ် အသုံးပြုလိုက်ပြီး မည်သည့် အဖြေကိုမျှ မပြောကြားခဲ့ပေ။
နောက်ဆုံး ချီနင်နန်းဆောင်မှ ထွက်လာသည့်အခါ၊ မိဖုရားခေါင်ကြီးသည် စိတ်ထဲတွင် အလွန် ရှုပ်ထွေးနေပြီး ကျိုချန်နန်းဆောင်သို့ တိုက်ရိုက် သွားရောက်လေသည်။ အနောက်ဘက်မှ ဝမ်ဖေး နှင့် ဝမ်ကျယ်ယွီတို့သည် ရှချိုက်ရန်ကို အလွန် သနားစာနာသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ အတူတူ ကိုယ်ဝန်ဆောင်ထားသူများ ဖြစ်ရာ သူတို့သည် ထိုအတွင်းမှ ပင်ပန်းဆင်းရဲမှုကို ကောင်းကောင်းကြီး နားလည်နိုင်ကြ၏။ သို့သော် မယ်တော်ကြီးက လူသုံးယောက်လုံးကို ခေါ်ယူလိုက်မှတော့ သူတို့၏ဝမ်းထဲမှ ကလေးများအပေါ်၌လည်း အတွေးအကြံများ ရှိနေမည်ကို စိုးရိမ်ရသည်။ ရှချိုက်ရန်သည် ရာထူး အနိမ့်ဆုံး ဖြစ်ပြီး ချီနင်နန်းဆောင်မှ ထွက်ပေါ်လာသူ ဖြစ်သဖြင့် ချုပ်ကိုင်ရန် အကောင်းဆုံး ဖြစ်နေရုံမျှသာပင်။
“ရွှံ့ရုပ် မြစ်ကူးသကဲ့သို့” ဟူသည့်ဆိုရိုးအတိုင်း (မိမိကိုယ်မိမိပင် ကာကွယ်ရန် ခက်ခဲ)
မိမိကိုယ်တိုင်ပင် ကာကွယ်ရန် ခက်ခဲနေသဖြင့်၊ ရှချိုက်ရန်ကို သနားစာနာရုံမှတစ်ပါး အခြားမကူညီနိုင်ကြပေ။ ဧကရာဇ်က အကယ်၍ သားသမီးဝတ္တရား ကျေပွန်မှုကို ပြသရန်အလို့ငှာ မယ်တော်ကြီး၏ တောင်းဆိုမှုကို သဘောတူလိုက်ပါက မတွေးဝံ့စရာပင်။
သို့သော်မိမိတို့သားအမိ ခွဲခွာရခြင်းထက်စာလျှင် အခြားသူများ သားအမိ ခွဲခွာရခြင်းက ပို၍ကောင်းသည် မဟုတ်လား။ ထိုအတွေးများက ဘယ်လောက်ပင် တစ်ကိုယ်ကောင်းဆန်သည်ဖြစ်စေ ကိုယ့်သွေးသားကိုယ်တိုင်ကာကွယ်ရပေမည်။
.......
"မယ်တော်ကြီးရဲ့ သဘောထားက ရှချိုက်
ရန်ရဲ့ ဗိုက်ထဲက ကလေးကို ချီနင်နန်းဆောင်ကို ပို့ပြီး မွေးမြူချင်တယ်တဲ့။ မင်းသမီးကြီးကိုတော့ ရှူးဖေးကို ကိုယ်တိုင်ခေါ်ဆောင်သွားခိုင်းတယ်။ ဘာပဲပြောပြော ငယ်ငယ်ကတည်းက အနားမှာ မွေးမြူထားတာ မဟုတ်တော့ အခု ပေါင်းသင်းဆက်ဆံရတာ မရင်းနှီးဘူးတဲ့။"
မိဖုရားခေါင်ကြီးသည် ခက်ခက်ခဲခဲအမူအရာဖြင့် နင်ချန်အား ဤကိစ္စကို ပြောကြားရင်း ဧကရာဇ်၏အမူအရာကို ခိုး၍ အကဲခတ်နေ၏။
နင်ချန်၏ အခါးရည် သောက်သုံးနေသော လက်သည် တစ်ချက် ရပ်တန့်သွားပြီး မျက်ဝန်းအိမ်များမှာ အနည်းငယ် အေးစက်သွား၏။ သူ ငယ်စဉ်အခါကပင်မယ်တော်ကြီးသည် မျက်နှာသာ လုယူရန်သာ အာရုံစိုက်နေပြီး သူ့ကို နို့ထိန်းထံသို့သာ အပ်နှံထားခဲ့သည်။ ယခု ဤစကားကို ပြောထွက်လာခြင်းမှာ အမှန်ပင် ရယ်စရာ ကောင်းလှ၏။ မင်းသမီးကြီးက အသက် ဘယ်လောက်များ ရှိနေပြီမို့လို့လဲ။ နှစ်နှစ်ပင် မပြည့်သေးပေ။ ဤအသက်အရွယ် ကလေးငယ်က မွေးမိခင်ကို ဘယ်လောက်ကြာအောင်များ မှတ်မိနိုင်မှာလဲ။ အကယ်၍ မယ်တော်ကြီးက မိမိမြေးအရင်းကဲ့သို့ စိတ်ရှည်သည်းခံခဲ့ပါက ဘယ်မှာမရင်းနှီးဘဲ နေပါ့မလဲ။
"ဒီကိစ္စ ကျန်း သိပြီ။ ရှချိုက်ရန်ရဲ့ကိုယ်ဝန်က အခုမှ အစောကြီးရှိသေးတယ်။ ကျန်းမှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ်။ မင်းသမီးကြီးက မယ်တော်ကြီးကို နှောင့်ယှက်နေမှတော့ ရှူးဖေးကို ပြန်ခေါ်သွားခိုင်းလိုက်တော့။"
နင်ချန်သည် အေးစက်သောအသံဖြင့်ဆိုလိုက်ပြီး၊ အဆုံးတွင် ယွမ်ကျိုအား ထပ်မံမှာကြားလိုက်သည်။ "မယ်တော်ကြီးက အနားမှာလူမရှိလို့ အေးစက်နေတယ်လို့ ခံစားနေရရင် မင်း နန်းတွင်းရေးရာဌာနကို သွားပြီး ခွေးနှစ်ကောင် ရှာခိုင်းပြီး ချီနင်နန်းဆောင်ကို ပို့ပြီး မယ်တော်ကြီးကို ဆော့ကစားနေစေလိုက်။"
မိဖုရားခေါင်ကြီးသည် ဧကရာဇ်၏စကားကို ကြားသောအခါ စိတ်ထဲတွင်လည်း ရယ်စရာ ကောင်းသည်ဟု ထင်မိသည်။ မယ်တော်ကြီးသည် အမှန်ပင် အချည်းနှီး မျှော်လင့်နေသည့်အပြင် ဧကရာဇ်သည်လည်းကလေးကို သူမထံသို့ အလွယ်တကူ မွေးမြူခွင့်ပေးမည် မဟုတ်ပေ။
မယ်တော်ကြီး ဤမျှ လှုပ်ရှားခဲ့ပြီးသော်လည်း နောက်ဆုံးတွင် ခွေးနှစ်ကောင်သာ ရရှိသွားရာ ဘယ်လောက်တောင် ဒေါသထွက်နေမလဲကို မစဉ်းစားတတ်တော့ပေ။
စိတ်အေးစေသော ဆေး (အာမခံချက်) ကို စားသုံးလိုက်ရသဖြင့် မိဖုရားခေါင်ကြီး ကျိုချန်နန်းဆောင်မှ ထွက်ခွာသွားသည့်အခါ စိတ်ထဲတွင် အလွန် ပေါ့ပါးသွား၏။ သူမ ထွက်ခွာသွားပြီးနောက်နင်ချန်သည် ခေတ္တမျှ စဉ်းစားပြီး ရှချိုက်ရန်ထံသို့ ဆုလာဘ်အချို့ ပေးပို့လိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-44
အခန်း ၄၄ ။ ဂုဏ်ပြုခံရခြင်း
တစ်ရက် မပြည့်မီမှာပင် ဧကရာဇ်က မယ်တော်ကြီးထံသို့ ခွေးနှစ်ကောင် ပေးပို့လိုက်ပြီး ရှူးဖေး ကို မင်းသမီးကြီးအား ပြန်လည် ခေါ်ဆောင်သွားစေသည့် ကိစ္စသည် ပျံ့နှံ့သွားလေသည်။
ချီအန်းနန်းဆောင်ထဲတွင် ထိုက်ကွေ့ဖေးသည် အောက်မှအစေခံ၏ ပြန်လည်လျှောက်တင်ချက်ကို နားထောင်ရင်း မျက်နှာထက်တွင် လှောင်ပြောင်သည့် အမူအရာတစ်ချက် ဖြစ်ပေါ်လာ၏။
"မယ်တော်ကြီးရဲ့စိတ်က တကယ်ပဲ မသေးဘူးပဲ။ ကံဆိုးတာကတော့ အရှင်မင်းကြီးက ဘယ်လိုလုပ် သူ့ဆန္ဒအတိုင်း ဖြစ်စေမှာလဲ။"
ယောင်ရှန်းသည် ထိုက်ကွေ့ဖေး၏ ခြေထောက်ကို နှိပ်နယ်ပေးရင်း၊ တစ်ဖက်မှ လှောင်ရယ်လိုက်သည်။
"ဟမ့်၊ သူသာ တကယ် ဉာဏ်ကောင်းရင်၊ သားအမိအရင်းတွေ ဒီလိုအခြေအနေထိ ဖြစ်နေမှာ မဟုတ်ဘူး။" ထိုက်ကွေ့ဖေးသည် အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
အချို့စကားများကို သူမ ပြောမထွက်သေးပေ။ သူမ၏အမြင်တွင် မယ်တော်ကြီးချန်သည် အမှန်တကယ်တွင် နွယ်ပင်လေးတစ်ပင်ထက် အနည်းငယ် သာရုံမျှသာ ဖြစ်၏။ ထိုစဉ်က သူမသည်မျက်နှာသာ လုယူခြင်းအပေါ်၌သာ အာရုံစိုက်ခဲ့သော်လည်း ဒုတိယအဆင့် 'ဖေး' နေရာကိုသာ ရရှိခဲ့ပြီး “ကွေ့'၊ 'ရှန်'၊ 'ရှူး'၊ 'သယ်' (အဆင့် ၁) နေရာများကိုပင် မရရှိခဲ့ပေ။ အကယ်၍ သူမ၏သားတော် နင်ဟောက် (ဒုတိယမင်းသား) က အမှန်တကယ် အရည်အချင်း မရှိခဲ့သည်သာ မဟုတ်ပါက သူမ ဘယ်လိုလုပ် ရှုံးနိမ့်သွားပါ့မလဲ။
ရှင်းရှင်းလင်းလင်း ပြောရလျှင်မယ်တော်ကြီးချန် နန်းတော်ထဲ ဝင်ရောက်၍ မျက်နှာသာ ရရှိခဲ့သည်မှာ မျိုးရိုးကို အားကိုးခဲ့ခြင်း ဖြစ်ပြီး မယ်တော်ကြီး ဖြစ်လာနိုင်ခဲ့သည်မှာ သားတော်ကို အားကိုးခဲ့ခြင်း ဖြစ်ရာ လုံးဝ သူမ၏ကိုယ်ပိုင် အရည်အချင်း မဟုတ်ပေ။
ယောင်ရှန်းသည် ပြုံးလိုက်ပြီးမျက်ဝန်းထဲတွင် မှောင်မိုက်သော အလင်းရောင်တစ်
ချက် ဖြတ်ပြေးသွားသည်။
"တူမတော် တွေးမိတာကမယ်တော်ကြီးတောင် ရှချိုက်ရန်ရဲ့ဗိုက်ကို မျက်စိကျနေမှတော့ တခြား အဆင့်မြင့်တဲ့သူတွေကရော မလိုချင်ဘူးလား။ ယန်ရှိုးရီ၊ ကျင်းဖေး၊ မိဖုရားခေါင်ကြီးတောင်မှ အခုထိ ကလေး မမွေးရသေးဘူးလေ။"
ထိုက်ကွေ့ဖေးသည် သူမ၏ဘေးမှ မိန်းမပျိုလေးကို ကြည့်လိုက်ရာ၊ မျက်နှာထက်တွင် ချီးကျူးသော အမူအရာ အနည်းငယ် ပေါ်လာသည်။ သူမ မျက်စိကျထားသူနှင့် ထိုက်တန်လှပေသည်။ သူမနှင့် အတွေးတူနေခဲ့သည်။
"မင်းက လုပ်သာလုပ်၊ အိုက်ကျားတို့ ယောင်မိသားစုရဲ့ ဂုဏ်ပကာသနနဲ့ ချမ်းသာကြွယ်ဝမှုက အားလုံး မင်းအပေါ်မှာပဲ မူတည်နေပြီ။ မင်းရဲ့ ဝမ်းကွဲအစ်ကိုက... အများကြီး ကူညီပံ့ပိုးပေးနိုင်မှာ မဟုတ်ဘူး။"
"ဒေါ်လေးက အထင်ကြီးမှတော့ တူမတော်က မျှော်လင့်ချက်ကို သေချာပေါက် မစတေးပါဘူး။ ဒါပေမဲ့ ဝမ်းကွဲအစ်ကိုက ဒီစိတ်တွေ မရှိဘူးဆိုပေမဲ့၊ သားသမီးဝတ္တရား အကျေပွန်ဆုံးပဲ။ ဟိုတစ်နေ့က အားဖြည့်ဆေးတွေ အများကြီး ပို့လာသေးတယ် မဟုတ်လား။" ယောင်ရှန်း၏လေသံမှာ နူးညံ့လျက် ရှိ၏။
သားတော်ကို သတိရမိသောအခါ၊ ထိုက်ကွေ့ဖေး၏စိတ်ထဲတွင် (သံမဏိ မဖြစ်သော သံ) ကို မကျေမနပ် ဖြစ်မိသော်လည်း၊ မည်သို့ပင်ဖြစ်စေ မိမိ၏သွေးသားအရင်း ဖြစ်ပြီး မယ်တော်ကြီးနှင့် ဧကရာဇ်တို့ကဲ့သို့ မရင်းနှီးခြင်းလည်း မရှိပေ။ သားတော်က သားသမီးဝတ္တရား ကျေပွန်သဖြင့် စိတ်ထဲတွင်မူ နွေးထွေး ကျေနပ်လျက် ရှိ၏။
"အိုက်ကျားဆီမှာ အရမ်းကောင်းတဲ့ အားဖြည့်ဆေးနည်းတစ်လက် ရှိတယ်။ မင်း ယူသွားပြီး အဲ့ဒီအတိုင်း စား၊ ကိုယ်ဝန်ကို တည်ငြိမ်စေပြီး ကိုယ်ဝန်ဆောင်ဖို့ အများကြီး အကျိုးရှိတယ်။ ဒီမောင်းမဆောင်ထဲက အမျိုးသမီးတွေက စောစောစီးစီး ကလေးတစ်ယောက် ရှိထားတာက ပိုကောင်းတယ်။"
"တူမတော် သိပါပြီ။" ယောင်ရှန်းသည် အလွန် လိမ္မာယဉ်ကျေးစွာ ဖြေလိုက်သည်၏။
ချီအန်းနန်းဆောင်မှ ထွက်လာသောအခါ၊ ယောင်ရှန်းသည် သူမ၏ဘေးမှ ကျစ်ကျူ နှင့် ချီဝမ်တို့အား စကားအနည်းငယ် မှာကြားလိုက်၏။ နန်းတော်ထဲတွင်အချို့သော စကားများသည် အစဉ်အမြဲ စိတ်ဝင်စားသူများ၏နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားတတ်၏။
....
အခြားတစ်ဖက်တွင်အအေးနန်းဆောင်မှ လူ ရောက်လာပြီး လီမိန်ရန် နေမကောင်းဖြစ်သည့် သတင်းကို မိဖုရားခေါင်ကြီးထံ လာရောက် အစီရင်ခံ၏။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်သည် သူမကို သာမန်အရပ်သူအဖြစ်သာ အဆင့်နှိမ့်ချခဲ့ပြီး၊ သူမတွင် မည်သို့ပင်ဖြစ်စေ ကွမ်ကျိုးတွင် အရာရှိ လုပ်ဆောင်နေဆဲ ဖြစ်သော ဖခင်တစ်ဦး ရှိနေသေးသဖြင့် အောက်မှ အစေခံများသည်လည်း သူမကို အလွယ်တကူ သေဆုံးသွားစေရန် မပြုရဲကြပေ။
မိဖုရားခေါင်ကြီးမှာမူ ကောင်းမွန်သော စိတ်အခြေအနေမရှိဘဲ၊ သူမ၏ဘေးမှ တင်းမားမားကိုသာ သွားစေလိုက်၏။
......
"ဒီလီမိန်ရန်က တော်ဝင်မျိုးဆက်ကို ကြံစည်ခဲ့တာ။ တကယ်လို့ သူ့အဖေက ရေဘေးကို ဖြေရှင်းရာမှာ အကျိုးပြုခဲ့တဲ့ မျက်နှာသာကို ထောက်ထားတာ မဟုတ်ရင် အရှင်မင်းကြီးက မျိုးရိုးကိုးဆက်လုံးကို သေဒဏ်ပေးသင့်တာ။ ဒါပေမဲ့ မိဖုရားခေါင်ကြီးက စိတ်ကောင်းရှိတော့ လုံးဝ လျစ်လျူရှုထားလို့လည်း မကောင်းဘူးလေ။ ဒါပေမဲ့ သူမက ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ကြီးမားတော့၊ မင်းတို့ပဲ စဉ်းစားပြီး လုပ်လိုက်ကြတော့။"
"အိုက်ယား၊ မယ်မယ်က ဗုဒ္ဓလိုစိတ်နှလုံး ရှိတာပါ။ ကျွန်တော်မျိုး အခုပဲ ဆေးပြုတ်ရည် နှစ်ခွက်လောက်ရှာပြီး အဲ့ဒီလီမိန်ရန်ကို သွားတိုက်လိုက်ပါ့မယ်။ ဒါက သေမလား ရှင်မလား ဆိုတာကတော့ ကောင်းကင်ဘုံကိုပဲ ကြည့်ရတော့မှာ မဟုတ်လား။"
လာရောက်သူသည် အတော်ပင် ဉာဏ်ကောင်းလှသည်။ ချက်ချင်းပင် မိဖုရားခေါင်ကြီး၏ ဆိုလိုရင်းကို နားလည်သွား၏။ ၎င်းမှာ လီမိန်ရန်ကို သေစေလိုသော်လည်း၊ မကောင်းသော နာမည်ဆိုး မကျန်ရစ်စေလိုခြင်းပင် မဟုတ်ပါလား။ ထိုကဲ့သို့ပြုလုပ်ခြင်းကအလွန်လွယ်ကူသည်။ အထူးသဖြင့်ပစ်မှတ်မှာ အအေးနန်းဆောင်က အပ္ပာယ်ခံဖြစ်နေခဲ့သည်။ လီမိန်ရန်ကို ဆေးတိုက်သော်လည်း မကယ်တင်နိုင်ခဲ့ဘူး ဖြစ်သွားစေရန်ဇာတ်လမ်းထွင်လိုက်ယုံပေ။
.....
အခြားတစ်ဖက်ရှိ ယွီရှို့အဆောင်ထဲတွင်
ယဲ့ယွင်သည် အလွန်နောက်ကျမှ နိုးထလာပြီး နေ့လယ်နီးပါးမှသာ အစေခံမလေးများ၏ နှိုးခြင်းကို ခံလိုက်ရ၏။ အလွန်အကျွံ အိပ်စက်ခြင်းသည်လည်း မကောင်းမွန်ပေ။
ဆေးကြောသန့်စင်ပြီးနောက် နေ့လယ်စာသုံးဆောင်ပြီး၊ သူမ အားလပ်သွားသည့်အခါ ပိုင်ရှု သည် ဝင်ရောက်လာပြီး ယနေ့ နံနက်ပိုင်းတစ်လျှောက်လုံး ဖြစ်ပျက်ခဲ့သည့် ကိစ္စများအားလုံးကို တစ်ခုမကျန် ပြောပြလေသည်။
"ကျစ်ကျစ်၊ ငါက တစ်ရက်လေးနံနက်ခင်း ဂါရဝပြု မသွားရုံလေးပဲကို ဒီလောက်တောင် စိတ်ဝင်စားစရာ ကိစ္စတွေ ဖြစ်သွားတာလား။ အရှင်မင်းကြီးက မယ်တော်ကြီးကို ခွေး ပို့ပေးတယ်။ ဒါကလည်း..." တော်တော် ယုတ်မာတာပဲ။
နောက်မှ စကားလုံးအနည်းငယ်ကို ယဲ့ယွင်သည် သေချာပေါက် ပြောထွက်မည် မဟုတ်ပေ။ ဧကရာဇ်ကို ဝေဖန်ပြောဆိုခြင်းမှာ အပြစ် ရှိ၏။
"ကျွန်တော်မျိုးမ ပြောရမယ်ဆိုရင် ခုချိန်ရှူးဖေး မယ်မယ်က အပျော်ဆုံးဖြစ်လောက်မယ်။ နောက်ဆုံးတော့ မင်းသမီးကြီးကို ပြန်ခေါ်သွားနိုင်ပြီလေ။" ဟွေယွဲ့က ပြောလာသည်။
ယဲ့ယွင်သည် မတတ်နိုင်စွာ နှုတ်ခမ်းစူလိုက်သည်။ "ခန့်မှန်းရသလောက် နောက်ထပ် ရက်အနည်းငယ် ကြာရင် ရှူးဖေးက ထပ်ပြီး လှုပ်ရှားလာတော့မှာပဲ။"
သမီးဖြစ်သူ၏ချုပ်နှောင်မှု မရှိတော့ပါက ရှူးဖေး၏စိတ်ဓာတ်ဖြင့် တည်ငြိမ်နေမည်ဆိုလျှင်သာ ထူးဆန်းပေတော့မည်။
သခင်နှင့် အစေခံများ အတွင်းထဲတွင် စကားပြောဆိုနေစဉ်၊ အပြင်ဘက်မှ ဒုတိယတန်း နန်းတွင်းသူ လုကျစ် ဝင်ရောက်လာကာ သတင်းပို့လေသည်။၊ သမားတော်ရှန် သွေးခုန်နှုန်း စမ်းသပ်ရန် ရောက်ရှိလာပြီ ဖြစ်ကြောင်းပြောလာ၏။ တွက်ကြည့်လျှင် လကုန်ပြန်ပြီ ဖြစ်ရာ၊ အမှန်ပင် အချိန်တန်ပြီ ဖြစ်၏။ ယဲ့ယွင်သည် သူမ၏အဝတ်အစားကို အနည်းငယ် သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး လူကို ဝင်လာစေလိုက်သည်။
ရှန်ဖိန်ကျစ် ဝင်ရောက်လာပြီးနောက် ဦးစွာ သွေးခုန်နှုန်းကို စမ်းသပ်ရာ၊ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ဖြစ်၏။
"မိန်ရန်ရဲ့ ကျန်းမာရေးက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း ကိုယ်တွင်းအပူ ရှိနေတယ်။ ဆေးသောက်စရာတော့ မလိုပါဘူး။ ရေများများ သောက်ရင် ရပါပြီ။ ဆောင်းဦးကာလမှာ ရာသီဥတုက မတည်ငြိမ်ဘူး။ မိန်ရန်က ပိုပြီး သတိထားသင့်ပါတယ်။ မနေ့ညက မိုးရွာပြီး လေပြင်းတယ်။ အအေးနန်းဆောင်ထဲက ဟိုတစ်ယောက် နေမကောင်းဖြစ်သွားတယ်လို့ ကြားတယ်။"
အအေးနန်းဆောင် ယခု အတွင်းထဲတွင် လီမိန်ရန် တစ်ဦးတည်းသာ ရှိရာ ယဲ့ယွင်သည် မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး၊ ရှန်ဖိန်ကျစ်မှာ မိမိအား သတင်းပေးပို့နေခြင်း ဖြစ်ကြောင်း သိလိုက်၏။
"သမားတော်ရှန်ကို ပင်ပန်းစေမိပါပြီ။ ကျွန်မ သေချာပေါက် သတိထားပါ့မယ်။ နောင်ကျရင်လည်း သမားတော်ကြီးကိုပဲ အများကြီး အကူအညီ တောင်းရဦးမှာ။
ခဏခဏ နှောင့်ယှက်မိမှာ စိုးရွံ့မိပါတယ်။" ယဲ့ယွင်သည် ပြုံးလျက် ဆို၏။
၎င်းမှာ ရှန်ဖိန်ကျစ်အား၊ သူမက သူ့ကို အသုံးပြုတော့မည် ဖြစ်ကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်၏။
နောက်ဆုံးတွင် ဟွေယွဲ့က သမားတော်ရှန်ကို လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး၊ ရက်ရောသော ဆုငွေတစ်အိတ်ကို ပေးအပ်ခဲ့ရုံသာမက၊ ထို့အပြင် သေးငယ်ပြီး လက်ရာမြောက်သော အသက်ရှည် ဆွဲကြိုးငယ်တစ်ခုကိုပါ ပေးအပ်လိုက်၏။ ၎င်းမှာ ယဲ့ယွင်က အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်ပြီး၊ ရှန်ဖိန်ကျစ်၏သားငယ်သည် နောက်ထပ် သိပ်မကြာခင် တစ်နှစ်ပြည့် မွေးနေ့ ရောက်ရှိတော့မည် ဖြစ်၏။ ဤလက်ဆောင်သည် တစ်အချက်အနေဖြင့် မိမိက စေတနာထားကြောင်း ပြသခြင်း ဖြစ်ပြီး၊ နှစ်အချက်အနေဖြင့် ရှန်ဖိန်ကျစ်အား သူ့အိမ်တွင်းရေး ကိစ္စများကိုယဲ့ယွင်က ရှင်းရှင်းလင်းလင်း သိရှိနေကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤနက်ရှိုင်းသော နန်းတော်ကြီးထဲတွင် မိမိကိုယ်တိုင်မှလွဲ၍ မည်သူ့ကိုမျှ အလွန်အကျွံ ယုံကြည်၍ မဖြစ်ဘဲ အနည်းငယ်တော့ ကာကွယ်မှု ရှိထားရမည် ဖြစ်၏။
"လီမိန်ရန်က အရင်က မိန်ရန်ကို မနည်းမနော အခက်တွေ့အောင် လုပ်ခဲ့တာ။ ဒီလို အဆုံးသတ်မျိုး ရောက်ရတာ သူ့အပြစ်နဲ့သူ့ကံပဲ။" နန်ကျစ်သည် ဒေါသတကြီး ဆို၏။
"တော်ပါပြီ၊ သေခြင်းရှင်ခြင်းမှာ ကံကြမ္မာ ရှိပြီးသား။ တို့တွေက သတင်း သိထားရုံပါပဲ။ ဘာမှ လုပ်စရာ မလိုပါဘူး။"
ယဲ့ယွင်သည် ဤသည်တို့ကို အလွန် ဂရုမစိုက်ပေ။ တော်ဝင်မျိုးဆက်ကို ကြံစည်သည့် အပြစ်ကို ထမ်းပိုးထားရသဖြင့် လီမိန်ရန်သည် အအေးနန်းဆောင်မှ ပြန်လည်ထွက်ခွာလာနိုင်ခြေ မရှိတော့ပေ။ သို့သော် သူမက ဂရုမစိုက်သော်လည်း၊ ဂရုစိုက်သော အခြားသူများ ရှိနေ၏။ ညဘက်တွင် တစ်စုံတစ်ယောက်က အအေးနန်းဆောင်၏အစောင့်ကို လာဘ်ထိုးပြီး၊ အတွင်းသို့ ဝင်ရောက်ကာ လီမိန်ရန်ထံသို့ ပစ္စည်းအချို့ ပေးပို့ခဲ့၏။
နေ့ရက်များ ဆက်လက် ကုန်လွန်သွားပြီး ဆယ်လပိုင်းလယ်အထိ၊ နင်ချန်သည် မောင်းမဆောင်သို့ ကြီးကြီးမားမား ဝင်ရောက်ခြင်း မရှိခဲ့ပေ။ ခန့်မှန်းရသည်မှာ နင်ချန်၏ ခွေးပို့ခြင်းကြောင့် ဒေါသထွက်သွားသဖြင့် မယ်တော်ကြီးသည် နေမကောင်းဟန် အကြောင်းပြကာ နေ့စဉ် ဂါရဝပြုပွဲကို ပယ်ဖျက်လိုက်ပြီး၊ ချီနင်နန်းဆောင်တွင် ခိုအောင်းနေကာ အပြင်မထွက်ဘဲ လူများကိုလည်း အနီးကပ် ပြုစုစောင့်ရှောက်ရန် ခေါ်ယူခြင်း မရှိခဲ့ပေ။
.......
ဆယ်လပိုင်း နှစ်ဆယ်ရက်နေ့အထိ နင်ချန်သည် ယွီရှို့အဆောင်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့ပြီး မျက်နှာအပြည့် အပြုံးများဖြင့် စိတ်ခံစားချက် အလွန် ကောင်းမွန်နေ၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြောက်ပိုင်းနယ်စပ်မှာ ကျင်းလူမျိုးတွေရဲ့ အကြွင်းအကျန် စစ်သားတစ်စုက မိုးရွာတဲ့နေ့ကို အခွင့်ကောင်းယူပြီး နယ်စပ်မြို့ငယ်လေးကို ခိုးတိုက်ခိုက်ခဲ့တယ်။ မင်းရဲ့ အစ်ကို ကင်းလှည့်နေတာနဲ့ တိုက်ဆိုင်သွားပြီး သူတစ်ယောက်တည်း လူဆယ်ယောက်ကို ယှဉ်တိုကိခဲ့တယ်လို့ကြားတယ်။ လူဆယ်ယောက်ကျော်လောက်ပဲရှိတဲ့ အဖွဲ့ငယ်လေးကို ခေါ်ဆောင်ပြီး တစ်ဖက်က ခုခံတိုက်ခိုက်ရင်း၊ တစ်ဖက်က လူလွှတ်ပြီး သတင်းပို့ခဲ့တယ်။ အဲ့ဒီ လူတစ်ရာကျော်လောက်ရှိတဲ့ အကြွင်းအကျန် စစ်သားတွေကို အကုန်လုံးကို မင်းအကိုရဲ့အရည်အချင်းနဲ့ချေမှုန်းနိုင်ခဲ့တယ်။ တကယ်ပဲ ဂုဏ်ပြုခံသင့်တယ်။”
"ဒါဆို ဒီချန်းချဲ့ရဲ့ အစ်ကို ဒဏ်ရာ ရသွားသေးလား။" ယဲ့ယွင်သည် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
နင်ချန်သည် ခဏမျှ ကြောင်ငေးသွားသည်။ ယဲ့ယွင်က ပထမဆုံးအချိန်တွင် ဂုဏ်ယူခြင်း မဟုတ်ဘဲ အစ်ကိုဖြစ်သူကို စိုးရိမ်
ပူပန်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
" စစ်သူကြီးငယ်ယဲ့က အရေပြား ပွန်းပဲ့ဒဏ်ရာ နည်းနည်းပဲ ရတာပါ။ ကြီးကြီးမားမား ထိခိုက်တာ မရှိပါဘူး။"
ဤသို့ ကြားမှသာယဲ့ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"မင်းရဲ့ အစ်ကိုက အကျိုးပြုခဲ့တယ်။ မင်း ဘာလိုချင်လဲ။ ကျန်း မင်းကို ဆုချမယ်။" နင်ချန်သည် သူမကို စိုက်ကြည့်ရင်း ဆို၏။
ယဲ့ယွင်သည် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"အစ်ကိုက အကျိုးပြုခဲ့တာ အရှင်မင်းကြီးက သူ့ကို ဆုချသင့်တာပေါ့။ ဒီချန်းချဲ့နဲ့ ဘာဆိုင်လို့လဲ၊ ဒါမှမဟုတ် အရှင်မင်းကြီးက အစ်ကို ဂုဏ်ပြုခံရလို့ ဒီချန်းချဲ့ကို လာကြည့်တာလား။ တကယ်ပဲ လူကို ဝမ်းနည်းစေတာပဲ။ အစကတည်းက ကျွန်မကို သတိရလို့ မဟုတ်ဘူးပေါ့။"
စကားဆုံးသည်နှင့်လက်ပဝါကို တစ်ချက်လွှဲယမ်းကာ ကျောခိုင်း လှည့်ထွက်သွားပြီး နင်ချန်ကို ဂရုမစိုက်တော့ပေ။
နင်ချန်သည် ဒေါသထွက်နေသော အမျိုးသမီးငယ်လေးကို ကြည့်ရင်း၊ စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရ၏။ အမှန်ပင် သူ ယွီရှို့အဆောင်သို့ လာရောက်ခြင်းမှာ ယဲ့ကျယ် ဂုဏ်ပြုခံရသည့် အကြောင်းရင်း ပါဝင်သော်လည်း၊ ယဲ့ယွင်ကို လုံးဝ မတွေ့ချင်၍တော့ မဟုတ်ပေ။ ယဲ့ယွင်၏ စကားတစ်ခွန်းကိုကြားလိုက်သောအခါ သူ့စိတ်ထဲတွင် အလွန်ကျေနပ်သွားခဲ့သည်။
သူပိုင်ဆိုင်သည့်အမျိုးသမီးက သူ့အား သူမကို သတိတရ ရှိစေလိုသည်။ ၎င်းမှာ သူ့အတွက် ချစ်ခင်မြတ်နိုးမှုပင် ဖြစ်သည်။ ချစ်ခင်မြတ်နိုးခြင်း ခံရသောအခါ၊ ဘယ်သူမဆို အနည်းငယ်တော့ ကျေနပ်ဂုဏ်ယူမိကြလေသည်။
***