အခန်း (၄၅-၄၆)
Vol. 3 Ch. 45-46
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-45
အခန်း ၄၅ ။ ရည်မှန်းချက် မသေးလှ
"မင်းကတော့ တကယ်ဘယ်လိုစိတ်ဓာတ်မျိုးလဲ၊ ကျန်းက ဘာမှတောင် မပြောရသေးဘူး။ မောင်းမဆောင်ထဲမှာ မင်းထက် ပိုပြီး သတ္တိကောင်းတဲ့သူရှိမှာကို မဟုတ်တော့ဘူး။”
နင်ချန်သည် လက်မြှောက်ကာ ယဲ့ယွင်၏ပခုံးကို ဆွဲလှည့်လိုက်၏။
"ဒါဆို အရှင်မင်းကြီးက ဒီချန်းချဲ့ကို သတိမရဘူးလား။"
ယဲ့ယွင်သည် ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး၊ ခွေးပေါက်လေးတစ်ကောင်ပမာ သူ့အား စိုက်ကြည့်နေ၏၊ ထိုကြည်လင်တောက်ပသော မျက်ဝန်းများမှာ လူကို စိတ်ပျော့သွားစေရန် လုံလောက်လှပေသည်။
နင်ချန်၏ နားရွက်ဖျားများ နီရဲသွားပြီး၊ လက်ကို ပြန်ရုပ်သိမ်းကာ ချောင်းတစ်ချက် ဖွဖွ ဆိုးလိုက်သည်။ "ဒီရက်ပိုင်း ရာသီဥတုက အေးလာပြီ။ နေ့လယ်စာကို ဆိတ်သားဟော့ပေါ့ စားရင် ဘယ်လိုလဲ။"
"ဟမ့်ဟမ့်၊ အရှင်မင်းကြီးက ကလေး ချော့သလိုပဲ။"
ယဲ့ယွင်သည် သူမ၏ ကိုယ်လုံးလေးကို လှုပ်ယမ်းလိုက်၏။
"အရှင်မင်းကြီးက မပြောချင်မှတော့ ဒါဆို ဒီချန်းချဲ့က ကျေးဇူးတော်တစ်ခု တောင်းခံလိုက်ပါ့မယ်။"
အမှန်ပင် လာသင့်သည့်အရာသည် လာပေဦးမည်။ နင်ချန်၏မျက်ဝန်းအိမ်များ နက်မှောင်သွားပြီး မျက်နှာထက်မှ အပြုံးရိပ်သည်လည်း အနည်းငယ် လျော့ပါးသွားခဲ့သည်။
ယဲ့ယွင်သည် နင်ချန်၏သိမ်မွေ့သော ပြောင်းလဲမှုကို မမြင်တွေ့မိသည် မဟုတ်သော်လည်း သူမ အလျင်မလိုဘဲ ဆက်လက်၍သာ ဆိုလိုက်သည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ အစ်ကို့ကို ဒီနှစ် မြို့တော်ပြန်လာပြီး နှစ်သစ်ကူးဖို့ ခွင့်ပြုပေးပါဦး။"
သူမ ဤစကားကို ပြောဆိုသည့်အခါအသံကို တမင်တကာ နှိမ့်ထားပြီး လေသံမှာ နူးညံ့ပျော့ပျောင်းလျက် လွမ်းဆွတ်မှုများဖြင့် ရစ်နှောင်နေ၏။ ဟန်ဆောင်မှုတစိတ်တပိုင်း ပါဝင်နေသော်လည်း အစ်ကိုဖြစ်သူကို အမှန်တကယ် လွမ်းဆွတ်နေခြင်းလည်း ဖြစ်သည်။
"ဖခင် ကွယ်လွန်သွားတာ နှစ်နှစ်တောင် ရှိပါပြီ။ အစ်ကိုက ရုပ်အလောင်းကို ထိန်းသိမ်းပြီး မြို့တော်ကို ပြန်လာခဲ့ပေမဲ့ စစ်မှုထမ်းရမယ့် တာဝန်ရှိနေတော့ တစ်လလောက်ပဲနေပြီး မြောက်ပိုင်းနယ်စပ်ကို ပြန်သွားခဲ့ရတယ်။ မိခင်က ပါးစပ်က မပြောပေမဲ့ စိတ်ပူပန်တာကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် မိခင်ရဲ့ မွေးနေ့ကလည်း ဆယ့်နှစ်လပိုင်းမှာ ရှိနေတော့ အစ်ကို ပြန်လာပြီး မိခင်အတွက် မွေးနေ့ကျင်းပပေးတာလည်း ကောင်းပါတယ်။"
နင်ချန်သည် ရှေ့မှ မိန်းမပျိုလေး၏ အနည်းငယ် နီရဲနေသော မျက်ဝန်းအိမ်များ၊ လှပသော မျက်ဝန်းများထဲတွင် ဝေ့သီနေသော မျက်ရည်ကြည် အနည်းငယ်နှင့်၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ကို ကြည့်လိုက်၏။
"ကျန်း မင်းပြောတာကို သဘောတူလိုက်မယ်။" သူသည် လက်မြှောက်ကာ အလှလေး၏ ဆံပင်ထိပ်ဖျားကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး၊ မိမိကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူ့လေသံမှာ ယခင်က မရှိခဲ့ဖူးသော နူးညံ့မှုမျိုး ဖြစ်နေခဲ့သည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
ယဲ့ယွင်သည် နှုတ်ခမ်းထောင့်ကွေးကာ ပြုံးလိုက်ရာ ရုတ်တရက် နွေဦးနေရောင်ခြည်ပမာ တောက်ပသွား၏။
သူမသည် လက်လှမ်းကာ နင်ချန်၏ခါးကို သိုင်းဖက်လိုက်ပြီး၊ တင်းကျပ်စွာ ပွေ့ဖက်ကာ တိုးကပ်လိုက်လေသည်။
အပြင်ဘက်မှ အစေခံများအားလုံး အလိုက်တသိ ခေါင်းငုံ့ထားကြ သို့မဟုတ် ကျောခိုင်းထားကြပြီး မကြည့်ရဲကြပေ။
ဧကရာဇ်ငယ်၏စိတ်ထဲတွင် ယုန်တစ်ကောင် ခုန်ပေါက်နေသကဲ့သို့ ရှိပြီး၊ ထော့နဲ့ထော့နဲ့ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
"ချန်းချဲ့ ဗိုက်ဆာပြီ။ ဟော့ပေါ့ စားကြစို့။" ယဲ့ယွင်သည် ရုတ်တရက် ဆိုလိုက်ရာ ချိုမြိန်ပူပြင်းလာသည့် အငွေ့အသက်ကို အပြည့်အဝ ဖျက်ဆီးလိုက်လေသည်။
နင်ချန်သည် သူမ၏ ရုတ်ချည်းအတွေးကူးပြောင်းမှုကြီးကို လိုက်မီရန် အမှန်ပင် အချိန်နည်းနည်းယူလိုက်ရသည်။ ခဏမျှ ကြောင်ငေးသွားပြီးမှ လူကို လွှတ်ပေးကာ ခေါင်းညိတ်လိုက်၏။
စားဖိုဆောင်မှ ဟော့ပေါ့အိုးသည် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သို့သော် ယခုခေတ်တွင်မူ အစားအစာများကို ရောနှောပြုတ်စားသော အမျိုးအစား ဖြစ်ပြီး၊ မည်သို့သော အိုးဖြစ်စေ ထိုအသားကို ထည့်ပြုတ်ကြခြင်း ဖြစ်၏။
အဆင့်(၁၀) ဟော့ပေါ့ ချစ်မြတ်နိုးသူ ယဲ့ယွင်သည် သဘာဝအတိုင်း ဤသို့ မစားနိုင်ပေ။ သူမသည် နံနက်စောစောကတည်းက စားဖိုဆောင်ကို အထူးတလည် မှာကြားထားပြီး၊ အသားအားလုံးကို ပါးပါးလှီး၍ ပန်းကန်တွင် ပြင်ဆင်ကာ နှစ်၍ စားသုံးရန် ဖြစ်၏။
ကံကောင်းသည်မှာ တော်ဝင်စားဖိုမှူးများအားလုံး အရည်အချင်း ရှိကြသဖြင့် သူမ ဤသို့ ပြောလိုက်သည်နှင့် သဘောပေါက်သွားကြပြီး ယဲ့ယွင် မှာကြားရန် မေ့သွားခဲ့သော နှမ်းနှစ်များကိုပါ တစ်ပါတည်း ပြင်ဆင်၍ ပို့ဆောင်ပေးခဲ့သည်။
နင်ချန်သည်ထိုကဲ့သို့ မည်သည့်အခါကမျှ မစားသုံးဖူးခဲ့ရာ တစ်ချက် မြည်းစမ်းကြည့်လိုက်သည်နှင့် ကမ္ဘာသစ်တစ်ခု ဖွင့်
လှစ်လိုက်သကဲ့သို့အသားစားနှုန်းမှာ အလွန်ပင် မြန်ဆန်လှ၏။
နောက်ဆုံးတွင် နှစ်ဦးသား ဆိတ်သား၊ အမဲသား တစ်မျိုးလျှင် နှစ်ပန်းကန်စီ စားသုံးခဲ့ကြပြီး၊ ဝက်သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အချို့လည်း ပါဝင်သေးသည်။ နောက်ဆုံးတွင် လက်လုပ်ခေါက်ဆွဲဖြင့် အဆုံးသတ်လိုက်ရာ၊ စားသုံးပြီးသည်အထိ ချွေးများပင် အနည်းငယ် ထွက်လာခဲ့သည်။
ဗိုက်ကားအောင် စားသုံးလိုက်ရခြင်း၏ ရလဒ်မှာ ထိုင်နေရသည်မှာ မသက်မသာ ဖြစ်သဖြင့် အပြင်သို့ ထွက်၍ လမ်းပတ်လျှောက်ကာ အစာကြေစေရန် ပြုလုပ်ရ၏။
အဝေးကြီးလည်း မသွားဘဲ ယွီရှို့အဆောင်၏ အနီးအနားတွင် ဥယျာဉ်ငယ်လေးတစ်ခု ရှိပြီး လမ်းလျှောက်သွားလျှင် အမွှေးတိုင်တစ်တိုင်ခန့်သာ ကြာမြင့်၏။
သို့သော်တိုက်ဆိုင်စွာပင် သူတို့နှစ်ဦးသည် ကျန်းပေါင်လင် နှင့် ကျိုးပေါင်လင် တို့ကို တွေ့ဆုံခဲ့သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ယဲ့မိန်ရန်ကို ဂါရဝပြုပါတယ်။" နှစ်ဦးသား ရှေ့တိုးလာကာ အရိုအသေပေးကြသည်။
နင်ချန်သည် လက်ကာပြလိုက်သည်။ "အရိုအသေပေးစရာ မလိုဘူး။ မင်းတို့ ဘယ်လိုဖြစ်လို့ ဒီနေရာမှာ ရှိနေတာလဲ။"
"ဒီဥယျာဉ်ငယ်လေးထဲမှာ သစ်ခွပန်းတွေ ပွင့်နေလို့။ ချန်းချဲ့လည်း အားနေတာနဲ့ ညီမလေးကျိုးကို ပန်းကြည့်ဖို့ အတူတူခေါ်လာတာပါ။ အရှင်မင်းကြီးနဲ့ ယဲ့မိန်ရန်ကို နှောင့်ယှက်မိမယ်လို့ မထင်ထားမိပါဘူး။ အရှင်မင်းကြီး အပြစ်မယူဖို့ တောင်းပန်ပါတယ်။"
ကျန်းပေါင်လင်သည် နူးညံ့သော အသံဖြင့်ဆိုပြီး၊ မျက်လုံးများမှာ ကြောက်ရွံ့ဟန်ဖြင့် ယဲ့ယွင်ကို တစ်ချက် ခိုးကြည့်လိုက်၊ နင်ချန်ကို တစ်ချက်ကြည့်လိုက်လုပ်ပြီးနောက် စိတ်မလုံဟန်ဖြင့် ခေါင်းငုံ့ထားလိုက်ရာ သူမ (ယဲ့ယွင်) ကို အလွန် ကြောက်ရွံ့နေသကဲ့သို့ ရှိ၏။
ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်သည်။
"ကျစ်၊ အရှင်မင်းကြီး ကြည့်ပါဦး၊ ဒီချန်းချဲ့က ကြောင်လည်း မဟုတ်ဘဲနဲ့ ကျန်းပေါင်လင်က ချန်းချဲ့ကို တွေ့တာနဲ့ ဘာလို့ ဒီလောက် ကြောက်နေရတာလဲ။"
သူမက ကြောင်ဖြစ်ပါက၊ ကျန်းပေါင်လင်က သူမကို ကြောက်ရွံ့သည်မှာ ကြွက် ဖြစ်သွားမည် မဟုတ်ပါလား။ ကျန်းပေါင်လင်သည် ဤစကားကို ကြားသောအခါ၊ စိတ်ထဲတွင် မုန်းတီးမှု အနည်းငယ် တိုးပွားသွား၏။ သို့သော် သူမ အကျယ်ချုပ်ကျပြီးကတည်းက အတူတကွ ညအိပ်ခွင့် ထပ်မံ မရရှိခဲ့သဖြင့် ယနေ့ဧကရာဇ်၏ရှေ့မှောက်တွင် မျက်နှာပြခွင့်ရသည့် အခွင့်အရေးကို လုံးဝ လက်လွှတ်၍ မဖြစ်ပေ။
"ယဲ့မိန်ရန် အထင်မှားနေပါပြီ။ ချန်းချဲ့၊ ဒီချန်းချဲ့က ဉာဏ်မကောင်းလို့ စကားမှားသွားပြီး မိန်ရန်ကို စိတ်မသက်မသာ ဖြစ်အောင် ထပ်လုပ်မိတာပါ။ ဒီရက်ပိုင်းအကျယ်ချုပ်ကျနေတုန်း၊ ချန်းချဲ့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်လည် ဆင်ခြင်ခဲ့ပါတယ်။ နောင်ကျရင် သေချာပေါက် စည်းကမ်းကို စောင့်ထိန်းပြီး၊ မိန်ရန်ကို နည်းနည်းလေးတောင် မလေးမစား မလုပ်ရဲတော့ပါဘူး။”
ကျန်းပေါင်လင်သည် လက်ကိုင်ပုဝါကို လိမ်ကျစ်လျက် အလွန်ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာ ပြုလုပ်၏။
ထိုမျက်နှာလေးပေါ်တွင် မျက်ရည် နှစ်ကြောင်း စီးကျလာပြီး၊ သစ်တော်ပန်း မိုးရေစိုသကဲ့သို့၊ နူးညံ့ပြီး သနားစဖွယ် ဖြစ်ကာ၊ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာမှာ အမှန်ပင် လူကို ကာကွယ်ပေးလိုစိတ် ပေါက်သွားစေသည်။
"ငါ့ရှေ့မှာ မျက်ရည် မကျနဲ့။ အရှင်မင်းကြီးက သနားရင်တောင် ငါကတော့ မသနားဘူး။" ယဲ့ယွင်သည် သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး၊ လက်လှမ်းကာ နင်ချန်၏အင်္ကျီလက်ကို ဆွဲလျက် ပလီပလာ လုပ်လိုက်သည်။
"အရှင်မင်းကြီး၊ ချန်းချဲ့ရဲ့မျက်နှာက ရေဘီလူးနဲ့ တူနေလို့လား ဒါမှမဟုတ် မျက်နှာက အစွယ်ထွက်နေလို့လား။ မဟုတ်ရင်
ကျန်းပေါင်လင်ကဘာလို့ဒီလောက်ထိ ချန်းချဲ့ကို ကြည့်တာနဲ့ ကြောက်နေရတာလဲ။ ဘာမှတောင်မပြောရသေးဘူး ငိုနေပြီ။ ချန်းချဲ့ကက ညတိုင်းလှည့်ပတ်သွားနေတဲ့ မိစ္ဆာမကြီးကျနေတာပဲ။ ဒီချန်းချဲ့မငိုပြတတ်ဘူးထင်လို့ လာအနိုင်ကျင့်နေတာလား။"
ယဲ့ယွင်၏ အင်္ကျီစကိုဆွဲလိုက်၊ ခြေဆောင့်လိုက် လုပ်နေပုံမှာ ချစ်စဖွယ်ကောင်းပြီး မောက်မာလှသည်။ မူလကတည်းက နင်ချန်သည် ဤအချိန်တွင် သူမကို အတော်လေး နှစ်သက်နေသောကြောင့် သူမ၏ဗိုလ်ကျသောအမူအရာလေးကိုပင်သဘောခွေ့နေကော ဘေးမှမျက်ရည်ကျနေသော ကျန်းပေါင်လင်ကိုမျက်စိထဲကိုမဝင်တော့ပေ။
"ဘယ်သူက မင်းကို ညတိုင်းလှည့်ပတ်သွားနေတဲ့ မိစ္ဆာမကြီးလို့ ပြောလို့လဲ။ အမြဲတမ်း ဒီလောက်မောက်မာပြီးဗိုလ်ကျပြနေတာကို။"
နင်ချန်သည် ပြုံးလျက် ယဲ့ယွင်၏ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး၊ ကျန်းပေါင်လင်ဘက်သို့ လှည့်လိုက်သည်နှင့် မျက်နှာထား အေးစက်သွားသည်။ "မင်းက စကား မပြောတတ်ဘူး ဆိုမှတော့၊ နောင်ကျရင် နည်းနည်း စကားလျှော့ပြော။"
ကျန်းပေါင်လင်၏စိတ်ထဲတွင် မုန်းတီးနေသော်လည်း၊ အသံတစ်ချက်ပြုကာ ခေါင်းညိတ်ရုံသာ တတ်နိုင်၏။ ဤအချိန်တွင် ဧကရာဇ်သည် ယဲ့ယွင်ဘက်သို့ ပို၍ ဘက်လိုက်နေသည်မှာ ထင်ရှားနေသဖြင့်၊ သူမက ဆီမီးထည့် လောင်စာထိုးလိုက်ပါက အနည်းငယ် လွန်သွားမည် ဖြစ်ပြီး လိမ္မာယဉ်ကျေးဟန် ပြုမူနေခြင်းကသာ အထင်အမြင်ကောင်းတစ်ခုကို ချန်ထားနိုင်မည် ဖြစ်၏။
"ငိုတာလည်း နည်းနည်း လျှော့။"
ယဲ့ယွင်က တစ်ခွန်း ဖြည့်စွက်လိုက်သည်။ "နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို အမှုထမ်းခွင့်ရတာ ဘယ်လောက်ကြီးမားတဲ့ ကံကောင်းမှုလဲ။ တစ်နေ့လုံး လှုပ်လိုက်တာနဲ့ မျက်ရည်ကျနေတော့ ကံကောင်းခြင်းတွေတောင် နင် ငိုလို့ ကုန်သွားပြီနေမှာ။”
"ယဲ့မိန်ရန် ဆုံးမတာ မှန်ပါတယ်။ ဒီချန်းချဲ့ မှတ်သားထားလိုက်ပါ့မယ်။"
ကျန်းပေါင်လင်သည် အရှက်ရစွာဖြင့် မျက်ရည်များကို သိမ်းလိုက်ပြီး၊ ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။
နင်ချန်နှင့် ယဲ့ယွင်တို့သည် ဆက်လက် လမ်းလျှောက်လိုသေးပြီး၊ သူတို့ကိုခေါ်သွားချင်လိုသော အရိပ်အယောင်မရှိသဖြင့် ကျန်းပေါင်လင်နှင့် ကျိုးပေါင်လင်တို့သည် အတူတကွနှုတ်ဆက်ထွက်ခွာသွားကြ၏။
"ဒီတစ်ခါတော့ စိတ်ထဲသက်သောင့်သက်သာ ဖြစ်သွားပြီလား။" နင်ချန်သည် သူမ၏လက်ကို ဆွဲညှစ်ရင်း နောက်ပြောင်လိုက်သည်။
ယဲ့ယွင်သည်လည်း ကပ်စေးနဲလိုတွယ်ကပ်စွာ တိုးကပ်သွားပြီး နင်ချန်၏ပခုံးကို မှီလိုက်ကာ၊ ပန်းလေးတစ်ပွင့်သကဲ့သို့ ပြုံးလိုက်သည်။
"အရှင်မင်းကြီးက ချန်းချဲ့ကို ကာကွယ်ပေးတော့ ချန်းချဲ့က သေချာပေါက် ပျော်တာပေါ့။ ဒီချန်းချဲ့ ကျန်းပေါင်လင်ကို မကြိုက်ဘူး။ နောင်ကျရင် သူ့ကို သိပ်ပြီးမမြင်ချင်တော့ဘူး။"
နင်ချန်သည် ငြင်းဆိုဖွယ်မရှိ ပြုံးလိုက်ပြီး၊ စကားဆက်မပြောတော့ပေ။
......
အခြားတစ်ဖက်တွင် ကျိုးပေါင်လင် နှင့် ကျန်းပေါင်လင် တို့သည် "ရှန်ဖူးနန်းဆောင်" သို့ အတူတကွ ပြန်လာခဲ့ကြသည်။ ဤနေရာတွင် အဓိက သခင်မ မရှိသေးဘဲ၊ ကျန်းပေါင်လင် သည် အရှေ့ဘက်ခြမ်း နန်းဆောင်တွင် နေထိုင်ပြီး၊ ကျိုးပေါင်လင်သည် အနောက်ဘက်ခြမ်း နန်းဆောင်တွင် နေထိုင်၏။
"ညီမလေးကျိုး..."
"အစ်မတော် ခွင့်လွှတ်ပါ။ ကျွန်မ ဒီနေ့ နေသိပ်မကောင်းချင်ဘူး။ ခဏလောက် အိပ်ချင်လို့၊ အစ်မတော်ကို အဖော်ပြုပြီး စကားမပြောတော့ဘူးနော်။"
ကျိုးပေါင်လင်သည် သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး၊ ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလျက် သူမ၏အခန်းထဲသို့ လှည့်ပြန်သွား၏။
နောက်ဘက်မှ ကျန်းပေါင်လင်မှာ စကားပင်ဆုံးအောင်မပြောရသေးသဖြင့် ရင်ဘက်ထဲကပင် နာကျင်သွားရပြီး ထိုကျောပြင်ကို စိုက်ကြည့်နေသော မျက်လုံးများထဲမှ အဆိပ်များ ထွက်ကျလာနိုင်မတတ် ဖြစ်နေကာ နောက်ဆုံးတွင် မိမိဘာသာ ပြန်လာခဲ့ရုံသာ ရှိတော့သည်။
"ငါ အစောကြီးကတည်းက နေရာပြောင်းထွက်သွားဖို့ နည်းလမ်းတစ်ခုခု စဉ်းစားထားသင့်တာ။ ဒီ ရှန်ဖူးနန်းဆောင်က နေရာကောင်းတစ်ခု မဟုတ်ဘူး။" ကျိုးပေါင်လင်သည် အခါးရည် နှစ်ငုံမျှ သောက်လိုက်ပြီး၊ စိတ်ရှုပ်ထွေးစွာ ဆို၏။
အစေခံမလေး ချင်အာသည် နားမလည်ပေ။ "ဒီရှန်ဖူးနန်းဆောင်မှာ အဓိက သခင်မ မရှိတော့ ဘယ်သူ့ရဲ့ ချုပ်ချယ်မှုကိုမှ ခံစရာ မလိုဘူးလေ။ ပေါင်လင် (ကျိုးပေါင်လင်) က ဘယ်နေရာကို မကျေနပ်တာလဲ။"
ကျိုးပေါင်လင်သည် အေးစက်စွာ ရယ်မောလိုက်သည်။ "ဒီနေ့ နင် ကျန်းပေါင်လင်ရဲ့ အဲ့ဒီပုံစံကို မမြင်ဘူးလား။ မျိုးရိုးက မကောင်းပေမယ့် ရည်မှန်းချက်ကတော့ မသေးဘူး။ ငါ့မှာ အဲ့ဒီလို ရန်ဖြစ်တိုက်ခိုက်ချင်တဲ့ စိတ်မျိုး မရှိသလို ဘယ်သူနဲ့မှလည်း အနှောင်အဖွဲ့ မဖြစ်ချင်ဘူး။"
ယနေ့ မူလက သူမတစ်ယောက်တည်း ဥယျာဉ်ထဲသို့ လမ်းလျှောက်သွားရန် ဖြစ်သော်လည်း၊ ရှန်ဖူးနန်းဆောင် နှင့် ယွီရှို့အဆောင် တို့မှာ နီးကပ်နေပြီး၊ ကျန်းပေါင်လင်က ရုတ်တရက် တိုးကပ်လာကာ အတူတူသွားလိုသည်ဟု ဆိုသဖြင့် မတတ်သာဘဲ အတူတကွ လိုက်ပါသွားခဲ့ရ၏။ နှစ်ဦးသား အတူတူ ရှိနေစဉ်၊ ကျန်းပေါင်လင်သည် သူမအား ဦးနှောက်ဆေးခြင်း မနည်းမနော ပြုလုပ်ခဲ့ရာ နားထောင်ရသည်မှာ စိတ်ရှုပ်လှ၏။
အခြားတစ်ဖက်တွင်ယနေ့ အလွန် အဆင်မပြေခဲ့သော ကျန်းပေါင်လင် သည် ဒေါသတကြီးဖြင့် လက်ကိုင်ပုဝါကို ထပ်မံ လိမ်
ကျစ်ဆုတ်ဖြဲနေခဲ့သည်။ ကြွေထည်ပစ္စည်းများမှာ သတ်မှတ်အရေအတွက်ရှိပြီး၊ ပျက်စီးသွားပါက ထပ်မံ တောင်းခံ၍ မရသဖြင့် သူမသည် ရိုက်ခွဲခြင်း မပြုရဲပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -46
အခန်း ၄၆ ။ ဘွဲ့အမည်ကို ရုပ်သိမ်းခြင်း
"တစ်ယောက်ပြီး တစ်ယောက် ငါ့ကို နောက်ခံမရှိဘူးဆိုပြီးအနိုင်ကျင့်ကြတယ်။ အားလုံး သေသင့်တဲ့သူတွေ။"
ကျန်းပေါင်လင်သည် ဒေါသကို အစွမ်းကုန် မျိုသိပ်အံကြိတ်ထားရာ၊ နားထင်မှ သွေးကြောစိမ်းများကိုပင် မထင်မရှား မြင်တွေ့နေရ၏။
မျက်လုံးများကို ခေတ္တမျှ မှိတ်ထားပြီး၊ စိတ်ခံစားချက် အနည်းငယ်ကို ပြေလျော့စေပြီးမှ အစေခံမလေးအား ရှေ့သို့ တိုးလာရန် လက်ယပ်ခေါ်လိုက်၏။
"ငါ လွန်ခဲ့တဲ့ နှစ်ရက်က လုပ်ထားတဲ့ အဝတ်အစားလေးတွေ ယူလာခဲ့။ ငါ ချန်ချွမ်းနန်းဆောင် (ရှူးဖေး၏ နန်းဆောင်) ကို တစ်ခေါက် သွားရမယ်။"
မိဖုရားခေါင်ကြီးတွင် ယန်ပေါင်လင်' နှင့် ကျောက်ကျယ်ယွီ တို့ ရှိနေ၏။ ဝမ်ဖေးမှာ မျက်နှာသာ ရရှိထားသဖြင့် သူမကို လိုအပ်မည် မဟုတ်ပေ။ ယန်ရှိုးရီက သူမကို ရွံရှာသဖြင့် ပို၍ပင် ကူညီပံ့ပိုးမည် မဟုတ်ပေ။ ကျင်းဖေးမှာမူ မိမိကိုယ်တိုင်ပင် ဧကရာဇ်ကို နှစ်ပေါင်းများစွာ မတွေ့ရသဖြင့် မျှော်လင့်ချက် မရှိပေ။ ရှူးဖေးတစ်ဦးတည်းသာလျှင် မိမိကိုယ်တိုင် မျက်နှာသာ မရသော်လည်း ကလေး ရှိနေပြီး၊ ဧကရာဇ်ကို တွေ့ခွင့်ရနိုင်သလို သူမ၏ မျက်နှာသာကို ခိုင်မြဲစေရန် လူလည်း လိုအပ်နေ၏။ ရှူးဖေးသည် သူမလက်ရှိအချိန်တွင်အကောင်းဆုံး မှီခိုနိုင်သူ ဖြစ်လေသည်။
အနောက်ဆောင်တွင် မျက်လုံးများရှိရာကျန်းပေါင်လင် ချန်ချွမ်းနန်းဆောင် သို့ သွားရောက်သည့် ကိစ္စကို သဘာဝအတိုင်းပင် ဖုံးကွယ်မထားနိုင်ပေ။
ဝေ့ရွယ်ဆောင် (ယောင်ရှန်း၏ နန်းဆောင်) ထဲတွင် ဖန်းချိုက်ရန်သည် ဤသတင်းကို ကြားသိသောအခါ မျက်နှာထက်တွင် အေးစက်သော လှောင်ပြုံးတစ်ချက် ပေါ်လာသည်။
"အရင်အတိုင်း မပြောင်းလဲသေးဘူးပဲ။"
ကျန်းပေါင်လင်သည် အစဉ်အမြဲ အလွန် ဇွဲရှိပြီး ပုန်းကွယ်နေတတ်၏။
ချီဝမ်သည် ပြုံးလျက် ဆိုသည်။
" ချိုက်ရန် (ယောင်ရှန်း) က အရာအားလုံးကို ထွင်းဖောက် မြင်နိုင်တာပဲ။"
"ဟက်၊ ဒါကို ထားလိုက်တော့။ အရင်က ငါ မင်းကို မှာထားတဲ့ ကိစ္စ အခု ဘယ်လို အခြေအနေ ရှိပြီလဲ။" ဖန်းချိုက်ရန် က မေးလိုက်၏။
"ချိုက်ရန် (ယောင်ရှန်း) ကို ပြန်ဖြေရမယ်ဆို ကျင်းဖေးက အရင် လှုပ်ရှားခဲ့ပါတယ်။ ရှချိုက်ရန်ဆီကိုလည်း ပစ္စည်းတွေ အများကြီး ပို့ပေးခဲ့တယ်။ ယန်ရှိုးရီကတော့ ဒီနေ့ မနက်ပိုင်းကျမှ ပစ္စည်းတွေ သွားပို့တာပါ။" ချီဝမ်က အမှန်အတိုင်း လျှောက်တင်လိုက်၏။
ဖန်းချိုက်ရန်သည် မျက်ဝန်းများကို အနည်းငယ် စုစည်းလိုက်ရာ၊ လူများက သူမ၏ စိတ်ထဲမှ အတွေးများကို မမြင်နိုင်အောင် ဖြစ်သွားပြီး၊ ခေတ္တမျှ ကြာမှ ဆိုလိုက်သည်။ "ယိဝမ်ရုန် ဘက်က၊ ဒီရက်ပိုင်း ဘယ်လိုလဲ။"
ကျစ်ကျူသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ "ထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နေထိုင်မကောင်းဘူးဆိုပြီး၊ သမားတော် တစ်ကြိမ် ခေါ်ယူခဲ့တယ်။"
( T/N - ချိုက်ရန် ( ယောင်ရှန်း) သူကရီဘွန်းမပါနော် တခြားကာရိုက်တာတွေမမှတ်နိုင်ရင်တောင် သူ့ကိုတော့မှတ်ထားလိုက်ပါ ဗီလိန် အကြီးစားတော့မဟုတ်ပေမဲ့ ဇာတ်လမ်းတစ်ဝက်လောက်ထိတော့သူကဗီလိန်နေရာကို Leading လုပ်နေတာမို့ပါ)
"ဒါဆို ခန့်မှန်းရသလောက်၊ အချိန်တန်လောက်ပြီ။" ဖန်းချိုက်ရန် သည် နှုတ်ခမ်းထောင့်လေးကိုကွေးကာ ညင်သာစွာ ပြုံးလိုက်ပြီး၊ သူမ၏လက်ညှိုးကို ကွေးလျက် စားပွဲခုံကို တစ်ချက်ချင်း ခေါက်လိုက်ကာ၊ အစေခံမလေး နှစ်ဦးအား ရှေ့သို့ တိုးလာရန် အချက်ပြပြီး၊ စကားအနည်းငယ်ကို တိုးတိုးကပ် မှာကြားလိုက်၏။
ဤနေရာတွင် မည်သို့ပင် ဖြစ်နေစေကာမူ၊ အခြားတစ်ဖက်တွင်မူ ကိစ္စတစ်ခု ပေါ်ပေါက်ခဲ့လေသည်။
ကျန်းမာရေး ချူချာပြီး၊ တစ်နှစ်ပတ်လုံး အပြင်သိပ်မထွက်သော လင်ကျယ်ယွီ သည် လူများကို ခေါ်ဆောင်လျက် ဒေါသတကြီးဖြင့် မိဖုရားခေါင်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာ၏။
"မိဖုရားခေါင်ကြီး ကြည့်ပါဦး၊ ကောင်းကောင်းမွန်မွန်ရှိနေတဲ့ အစေခံကို ရိုက်နှက်ထားလိုက်တာ၊ သုန်ချင်က ဒီချန်းချဲ့ရဲ့ အိမ်က လိုက်ပါလာတဲ့ အစေခံမလေးပါ။ ချန်းချဲ့နဲ့အတူ နေလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီလိုမျိုး အနိုင်ကျင့်ခံရတာမျိုးလည်းမရှိခဲ့ဖူးဘူး၊ အဟွတ်...အဟွတ်..." လင်ကျယ်ယွီသည် ဒေါသထွက်
လွန်း၍ ချောင်းဆိုးခဲ့လာသည်။
သူမ၏နောက်မှ အစေခံမလေးတစ်ဦးမှာ နဖူး ပေါက်ပြဲနေပြီး မျက်နှာတွင်လည်း ပွန်းပဲ့ဒဏ်ရာဒဏ်ချက်များရှိနေ၍ ကြည့်ရသည်မှာ သနားစဖွယ် ကောင်းလှ၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။" မိဖုရားခေါင်ကြီးသည်လည်း အံ့အားသင့်သွားသည်။ ဒါလုံးဝ ပြင်းပြင်းထန်ထန် အရိုက်ခံထားရတာပဲ။
လင်ကျယ်ယွီ၏ အခြား အစေခံမလေး 'ပိုင်ယွင်' သည် အလျင်အမြန် ရှေ့တိုးလာကာ ပြန်လည် လျှောက်တင်၏။
"ကျွန်မတို့ ကျယ်ယွီ (လင်ကျယ်ယွီ) က အအေးဒဏ်ကို ကြောက်တတ်လို့ ဆယ့်တစ်လပိုင်း စတင်တာနဲ့ မီးသွေး သုံးရပါတယ်။အဲ့ကိစ္စကိုလည်း အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ ခွင့်ပြုပြီးသားပါ။ ဒီရက်ပိုင်း ကျယ်ယွီ (လင်ကျယ်ယွီ) အအေးမိနေလို့ ကျွန်တော်မျိုးမက ဆယ်လပိုင်း ကုန်တော့မှာပဲ ဆိုပြီး၊ သုန်ချင်ကို နန်းတွင်းရေးရာဌာနကို မီးသွေး ကြိုသွားထုတ်ခိုင်းလိုက်တာပါ။ အဲ့မှာမိန်ဝမ်ရုန်ရဲ့ လူကလည်း မီးသွေးလာတောင်းတာနဲ့ တိုက်ဆိုင်သွားတဲ့အပြင် ဆောင်းဝင်ဖို့ကလည်း အချိန်မတန်သေးတော့ နန်းတွင်းဌာနကလည်း ထင်းမီးသွေးက အလုံအလောက်မပြင်ဆင်ရသေးဘူးဖြစ်သွားတာ။ သုန်ချင်က ရောက်သွားတဲြအချိန် မနှစ်က ကျန်တဲ့ မီးသွေးဟောင်း တစ်တောင်းပဲ ကျန်တော့တာ။ အဲ့ဒါနဲ့ သူမကလည်း ကျယ်ယွီအတွက်လ်ို့ပြောပြီး ယူလာခဲ့လိုက်တယ်။ ဒါပေမဲ့ မိန်ဝမ်ရုန်ရဲ့ လူကလည်း မီးသွေး မရလိုက်ဘူး။ အားနာတတ်တဲ့သုန်ချင်က တစ်ဝက် ခွဲပေးဖို့ ဆန္ဒရှိပေမဲ့ မိန်ဝမ်ရုန်ရဲ့လူက အကုန်လုံး ယူချင်နေခဲ့တယ်။ ဒီလိုနဲ့ အငြင်းပွားမှု ဖြစ်ပွားပြီး၊ အဲ့ဒီလူက သုန်ချင်ကို တွန်းလိုက်တာ လှေကားထစ်နဲ့ ဆောင့်မိပြီး ခေါင်းက ပေါက်သွားတာပါ။"
"မိဖုရားခေါင်ကြီး၊ ချန်းချဲ့က အမြဲတမ်း လောကနဲ့ အဆက်ဖြတ်ထားပြီး၊ အပြင်သိပ်မထွက်ပါဘူး။ ဒီနေ့ ဒီရာထူးကို ရရှိထားတာ အားလုံး အရှင်မင်းကြီးနဲ့ မယ်မယ်ကြီးရဲ့ ဂရုစိုက်မှုကြောင့်ပါ။ ဒါပေမဲ့ ဒီချန်းချဲ့က စိတ်ထား ပျော့ပျောင်းလေ ဒီလို အနိုင်ကျင့်ခံရလေ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ မယ်မယ် ဒီချန်းချဲ့အတွက် တရားမျှတမှုကို ရှာဖွေပေးပါဦး။" လင်ကျယ်ယွီသည် အမှန်တကယ် ဒေါသထွက်နေခဲ့၏။
ဤစကားတစ်ခွန်းကို ဆိုပြီးနောက်၊ ပြင်းထန်သော ချောင်းဆိုးသံများ ထပ်မံ ထွက်ပေါ်လာရာ အမှန်တကယ် နေမကောင်း ဖြစ်နေသည်မှာ ထင်ရှား၏။
"တကယ်ပဲ ကျိုးကြောင်းဆီလျော်မှုမရှိလိုက်တာ။" မိဖုရားခေါင်ကြီးသည် စားပွဲကို ပြင်းထန်စွာ တစ်ချက် ရိုက်ချလိုက်ပြီး၊ မျက်ဝန်းအိမ်များမှာ မှောင်မိုက်သွားသည်။ "စုချင်၊ မင်း အရှင်မင်းကြီးကို သွားပင့်ခေါ်လိုက်။ မိန်ဝမ်ရုန်ကိုလည်း ခေါ်လာခဲ့။ လင်ကျယ်ယွီ၊ မင်းရဲ့ အဲ့ဒီ အစေခံမလေးကို အရင်ခေါ်ပြီး အောက်ကိုခေါ်သွား ဆေးထည့်ခိုင်းလိုက်။ သနားစရာလေး၊ ပန်ကုန်းရဲ့ ဒဏ်ရာလိမ်းဆေး နည်းနည်း ပေးပို့လိုက်ဦး။"
မိဖုရားခေါင်ကြီးသည် အစကတည်းက မိန်ဝမ်ရုန်ကို မနှစ်သက်ပေ။ ချန်မိသားစု၏ လူ၊ ဧကရာဇ်၏ တရားဝင် ဝမ်းကွဲညီမဖြစ်သည့်အပြင် မယ်တော်ကြီး၏ ထောက်ပံ့မှုလည်း ရှိနေ၏။ ချန်မျိုးရိုး၏ကြီးမားသော အပြစ်တစ်ခုကို ဖမ်းဆုပ်မိခြင်းမှာ ရှားပါးလှသဖြင့် သဘာဝအတိုင်း လက်လွှတ်၍ မဖြစ်ပေ။ လင်ကျယ်ယွီသည်လည်း ဤအချက်ကို တွေးမိသောကြောင့်သာ မိဖုရားခေါင်ကြီးထံသို့ လာရောက် ရှာဖွေခြင်း ဖြစ်၏။
.........
ယွီရှို့အဆောင်ထဲသို့၊ တင်းမားမားက လာရောက် သတင်းပို့သောအခါ နင်ချန်သည် ကြားသိပြီးနောက် မျက်နှာထား မည်းမှောင်သွား၏။
"ဒါ၊ ချန်းချဲ့ လိုက်ခဲ့လို့ မကောင်းဘူး ထင်တယ်။" ယဲ့ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။
ဤသို့ ပြဿနာဖြစ်ပွားလျှင် အဆုံးသတ်ရန် မကောင်းမွန်နိုင်သည်ကို စိုးရိမ်ရပြီး အမှန်တကယ် ပွဲထဲ ဝင်မပါချင်ပေ။ သို့သော် နင်ချန်သည် ဤအချိန်တွင် သူမထံ၌ ရှိနေသဖြင့် စည်းမျဉ်းအရ သူမသည် လိုက်ပါသင့်၏၊ ထို့ကြောင့် ကံကောင်းခြင်းကို မျှော်လင့်လျက်၊ ရှောင်လွှဲနိုင်မလားဟု မေးမြန်းကြည့်လိုက်၏။
"ကိစ္စမရှိပါဘူး၊ မင်း ကျန်းနဲ့အတူတူ လိုက်ခဲ့။" နင်ချန်သည် လက်ကာပြလျက်၊ ဝတ်ရုံကို မကာ ထရပ်လိုက်၏။
ယဲ့ယွင်သည် စိတ်ထဲမှ သက်ပြင်းတချ ချလိုက်ပြီး၊ လိုက်ပါသွားရုံမှတစ်ပါး အခြားမရှိတော့ပေ။
......
သူတို့ ရောက်ရှိသွားသည့်အခါ၊ မိန်ဝမ်ရုန်
သည် ရောက်ရှိနှင့်နေပြီး အခြေအနေသည်အေးစက်နေကာ အလွန် မကောင်းမွန်သော မျက်နှာထားဖြင့် ခန်းမထဲတွင် ရပ်လျက် ရှိ၏။
လူတိုင်း အရိုအသေပေး ဂါရဝပြုကြပြီးနောက်၊ နင်ချန်သည် မျက်နှာထား မည်းမှောင်လျက် ဝတ်ရုံကိုဖြန့်ကာ အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။
" လင်ကျယ်ယွီ၊ မင်းရဲ့ အဲ့ဒီ အစေခံမလေး ဘယ်လိုနေသေးလဲ။ ကြီးကြီးမားမား ထိခိုက်သွားသေးလား။"
"အရှင်မင်းကြီးကို ပြန်လျှောက်ပါတယ်။ သမားတော်ကြီး ပြောတာက ဆောင့်မိတာ ပြင်းထန်လို့ ဆယ်ရက်၊ လဝက်လောက် လဲလျောင်းနေရမယ်တဲ့။ မဟုတ်ရင် နောက်ဆက်တွဲ ဝေဒနာ ကျန်ရစ်နိုင်တယ်လို့ဆိုပါတယ်။” လင်ကျယ်ယွီက ဆို၏။
တစ်ချက် ချော်လဲကျသည်မှာ မသေးငယ်လှပေ။ လှေကားထစ်နှင့်ပါ ဆောင့်မိသေးရာ ဦးခေါင်းခွံ ထိခိုက်သွားမည်ကို စိုးရိမ်ရ၏။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့မှာ အပြစ် ရှိပါတယ်။ အစေခံကို ကောင်းကောင်း မထိန်းချုပ်မိပါဘူး။ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီး အပြစ်ပေးတော်မူပါ။" မိန်ဝမ်ရုန်သည် ချက်ချင်း ဒူးထောက်၍ မိမိအပြစ် အဖြစ်ဝန်ခံကာ တောင်းပန်လိုက်၏။
သူမ လာရာလမ်းတွင်ကတည်းက စဉ်းစားပြီး ဖြစ်သည်။ ဤကိစ္စသည် သူမ ကံဆိုးခြင်းသာ ဖြစ်ပြီး အမှား ဝန်ခံရုံသာ ရှိကာ ငြင်းခုံရန် မကောင်းပေ။ ရိုးသားစွာ အပြစ်ကို ဝန်ခံလိုက်ပါက အနည်းငယ် ပို၍ ကောင်းမွန်နိုင်သေး၏။
လင်ကျယ်ယွီသည် ဒေါသထွက်လွန်း၍ သူမလည်း ထရပ်ကာ ဒူးထောက်လိုက်သည်။ "အရှင်မင်းကြီး၊ မိန်ဝမ်ရုန်ရဲ့ မျိုးရိုးက ထူးခြားတယ်ဆိုရင်တောင် ဒီလို လူ့အသက်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မဖြစ်ပါဘူး။ သုန်ချင် ဒီလိုချော်လဲကျတာ၊ အသက်တောင်ပါဖို့ နည်းနည်းလေးပဲ လိုတော့တာပါ။ အစေခံကို ကောင်းကောင်း မထိန်းချုပ်မိဘူး ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြီးသွားလို့ ရပါသလား။"
"တော်ပြီ၊ လင်ကျယ်ယွီ မင်း ထ၊ ကျန်းက သေချာပေါက် လျစ်လျူရှုထားမှာ မဟုတ်ဘူး။" နင်ချန်သည် ထို 'မျိုးရိုး ထူးခြား' ဟူသော စကားကို ကြားသောအခါ စိတ်ထဲတွင် ပို၍ မသက်မသာ ဖြစ်သွား၏။
မိန်ဝမ်ရုန်သည် သူ့မျက်နှာထား ပိုမို တင်းမာသွားသည်ကို မြင်သောအခါ၊ စိတ်ထဲတွင်
လည်း ဘီလူးဆိုင်းတီးနေကာ တစ်ချက် တုန်လှုပ်သွားပြီး၊ အလျင်အမြန် ဖွင့်ဟလိုက်သည်။
"နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို အမှုထမ်းရမှတော့ ဒီချန်းချဲ့က အစ်မတော်အားလုံးနဲ့ အတူတူပါပဲ။ ဘယ်မှာ ထူးခြားတယ်လို့ ဆိုနိုင်မှာလဲ။ ဒီနေ့ ချန်းချဲ့ရဲ့အစေခံက အမှား လုပ်မိတဲ့အတွက်ကြောင့် ချန်းချဲ့ အပြစ်ခံဖို့ ဆန္ဒ ရှိပါတယ်။ အရှင်မင်းကြီး ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်။ လင်ကျယ်ယွီကိုလည်း တောင်းပန်နိုင်ပါတယ်၊ ကျယ်ယွီ (လင်ကျယ်ယွီ) ကို ဒေါသပြေစေရင် ရပါပြီ။"
သူမသည် ပြောဆိုရင်း၊ တစ်ဖက်မှ ဦးခေါင်းဖြင့် တိုက်ကာ အရိုအသေပေးလျက် မြေပြင်ပေါ်တွင် မှောက်လျက် အကြာကြီး မထဘဲ နေလိုက်၏။
နင်ချန်သည် သူမကို အပြစ်ပေးချင်သော်လည်း၊ ချန်မိသားစုကြောင့် အပြစ်ကင်းစင်သော အမျိုးသမီးတစ်ဦးကို အလွန်အကျွံ အပြစ်ပေး၍ မဖြစ်ဟုလည်း တွေးမိသည်။ ထို့ကြောင့်ရိုးရိုးတန်တန်း အကျယ်ချုပ် ချရန်သာ ရည်ရွယ်လိုက်သည်။
မိဖုရားခေါင်ကြီးသည် ဘေးမှ ဧကရာဇ်၏မျက်လုံးများထဲမှ ဒေါသလျော့ပါးသွားသော အရိပ်အယောင်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အေးစက်စွာ ပြုံးလိုက်၏။ ကံကောင်းသည်မှာ သူမသည် ဧကရာဇ်၏ခြေလှမ်းကို တွက်ဆထားမိခဲ့သည်။ အကယ်၍ မိန်ဝမ်ရုန်၏ အမှားဝန်ခံသော အမူအရာ အလွန် ကောင်းမွန်နေပါက ဧကရာဇ်သည် ပြင်းထန်စွာ အပြစ်ပေးရန် မသင့်တော်တော့ပေ။ သို့သော် အချိန်ကို တွက်ချက်ကြည့်လျှင် မီးလောင်ရာ လေပင့်ပေးမည့်သူ ရောက်ရှိလာသင့်ပြီ ဖြစ်၏။
အမှန်ပင်၊ နင်ချန် စကား မပြောထွက်မီမှာပင် အပြင်ဘက်မှ အစေခံတစ်ဦး ဝင်ရောက် သတင်းပို့သည်က မယ်တော်ကြီး၏ နန်းဆောင်မှ ကျီရွှန့်ကုန်းကုန်း ရောက်ရှိလာပြီး စကားလာရောက်ပို့ဆောင်ကြောင်း ပြောလေသည်။
"မယ်တော်ကြီးက မိန့်ကြားလိုက်ပါတယ်။ အဲ့ဒီ အစေခံက အမှားလုပ်ခဲ့မိတာမှန်ပေမဲ့လည်း မိန်ဝမ်ရုန်က အစေခံတွေကို ဂရုဏာနဲ့ ထိန်းချုပ်နေလို့ပါတဲ့။ ဒါပေမဲ့ မိန်ဝမ်ရုန်က နန်းတော်ထဲ ဝင်လာတာ အချိန်တိုသေးတော့ အောက်က အစေခံတွေက အထက်ကို လိမ်ညာလှည့်ဖြားတာမျိုးလည်း မရှိနိုင်တာ မဟုတ်ပါဘူး။ ဒီကိစ္စ မိန်ဝမ်ရုန်ကလည်း တမင်တကာ လုပ်တာ မဟုတ်တဲ့အတွက်ကြောင့် အရှင်မင်းကြီးကပဲ မယ်တော်ကြီးရဲ့မျက်နှာကို ထောက်ထားပြီး အလွန်အကျွံ အရေးမယူဖို့ တောင်းဆိုပါတယ်။ မယ်တော်ကြီးက တော်ဝင် ဒဏ်ရာလိမ်းဆေး တစ်ဘူးနဲ့ အားဖြည့်ဆေး အချို့ကိုလည်း ပို့ဆောင်လိုက်ပါတယ်။ ဒါက ဒဏ်ရာရသွားတဲ့ အစေခံမလေးနဲ့ လင်ကျယ်ယွီ အတွက်ပါ။"
"ဟား၊ တကယ်လို့ မယ်တော်ကြီးကသာ လိုက်လျောမနေရင် ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာနိုင်မှာလဲ။ ဒီနေ့ နန်းတွင်းသူတစ်ယောက်ကို ရိုက်နှက်မိတာကို အရေးမယူဘူး။ မနက်ဖြန်ကျရင် လူသတ်မိရင်တောင် သူ့အမှား မဟုတ်တော့ဘူး ဖြစ်သွားမှာ စိုးရိမ်ရတယ်။"
နင်ချန်သည် အေးစက်စွာ ရယ်မောလိုက်ပြီး၊ ဒေါသတကြီး ဟောက်လိုက်ရာ နားထင်မှသွေးကြောစိမ်းများမှာ ဖောင်းကြွထွက်ပေါ်လာ၏။
မယ်တော်ကြီး၏ ချန်မိသားစုအပေါ် ထားရှိသော စိတ်သဘောထားသည် သူဟူသောသားတော်အရင်းထက်ပင် ပိုနေသေးသည်။ မိမိကိုယ်တိုင်မွေးထားသော သွေးသားရင်းကို ဂရုမစိုက်ဘဲ မိဘမျိုးရိုးဘက်ကိုသာ အစဉ်အလေးပေးလေ့ရှိသော မယ်တော်ကြီးကိုတွေးမိသောအခါ၊ နင်
ချန်သည် အလွန်အမင်း အသည်းခိုက်
အောင် ခံစားလိုက်ရ၏။
(T/N - ပတိပက္ခတွေရှိတယ်ဆိုပေမဲ့လည်း
နင်ချန်က အမေချစ်သားလေးဖြစ်နေတုန်းပါပဲ။ နင်ချန်မသိစိတ်ကလိုချင်ခဲ့တာက သူ့အမေသူ့ကိုတစ်ချက်လောက်ကြည့်ပေးဖို့ပါပဲ။)
ကျီရွှန့်သည် ဤသို့ ဖြစ်သွားမည်ဟု မထင်ထားသဖြင့် လန့်ဖျပ်ကာ ဒူးထောက်လိုက်ပြီး အပြစ်မှ လွှတ်ပေးရန် တောင်းပန်လေသည်။
နင်ချန်သည် အောက်မှ လူကို အေးစက်သော အကြည့်ဖြင့် ကြည့်နေပြီး၊ ခေတ္တမျှ ကြာမှ ဖြည်းညှင်းစွာ နှုတ်ဖွင့်လိုက်
သည်။
"မိန်ဝမ်ရုန်က အစေခံကို လျစ်လျူရှုထားတယ်။ အထက်လူကြီးကို မလေးစားဘူး။ 'မိန်' (ဉာဏ်ပညာ) ဆိုတဲ့ ဘွဲ့အမည်နဲ့ မထိုက်တန်ဘူး။ ဒီနေ့ပဲ ဘွဲ့အမည်ကို ရုပ်သိမ်းလိုက်။ အကျယ်ချုပ် သုံးလ ချ၊ လစာ သုံးလ ဖြတ်တောက်လိုက် ဒါမှ မှတ်သားလောက်မှာ။"
***