အခန်း (၄၇-၄၈)
Vol. 3 Ch. 47-48
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-47
အခန်း ၄၇ ။ ထူးခြားခြင်း
ချန်ဝမ်ရုန် (မိန်ဝမ်ရုန်) သည် လူများ၏ ထူမခြင်းကိုခံလျက် ဖုန်းရှီးနန်းဆောင်မှ ထွက်ခွာသွားရ၏။ ချန်ဝမ်ရုန်သည် ဘွဲ့အမည် ရုပ်သိမ်းခံရခြင်းအပေါ် အရှက်ရ နာကျင်ရုံသာမက၊ ပို၍ခံစားရသည်မှာ မျှော်လင့်ချက် ကင်းမဲ့သွားခြင်း ဖြစ်လေ၏။
သူမသည် ယခုအခါတွင်မူ ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ မယ်တော်ကြီး၏ တူမတော် ဟူသော ဤမျိုးရိုးသည် သူမအား မည်သည့် အကူအညီမျှ မပေးနိုင်သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် ဧကရာဇ်က သူမအား ပို၍ ရွံရှာမုန်းတီးစေမည်သာ ဖြစ်၏။ မယ်တော်ကြီးသည် အမှားများစွာ ကျူးလွန်ခဲ့ပြီးသော်လည်း နားမလည်သေးဘဲ၊ သူမအပေါ်၌သာ ပို၍ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ ဧကရာဇ်နှင့် မယ်တော်ကြီး သားအမိနှစ်ဦး တစ်ရက် မတည့်သရွေ့ သူမသည် အလယ်တွင်ညှပ်နေသော ယဇ်ကောင် ဖြစ်နေပေလိမ့်မည်။
ယခု ဤအကျပ်အတည်းမှ လွတ်မြောက်လိုလျှင် ချန်မိသားစုနှင့် ဧကရာဇ်၏ဆက်ဆံရေးကို ပြေလျော့စေရန်မှာ လမ်းတစ်လမ်းတည်းသာရှိ၏၊ ၎င်းမှာ ချန်မိသားစုက အကျိုးစီးပွားအချို့ကို စွန့်လွှတ်စေပြီး တည်ငြိမ်အေးဆေးစွာ နေထိုင်ရန် ဖြစ်သည်။
သို့သော် ချန်စူးယွီ (မိန်ဝမ်ရုန်) သည် သူမဖခင်က အာဏာကို မည်မျှ အလေးထားသည်ကို ကောင်းကောင်းကြီး သိရှိနေ၏။ နင်ချန်အား အိမ်ရှေ့စံအဖြစ် တင်မြှောက်
စဉ်တွင် မူလက သူမသည်လည်း မျိုးရိုးတူညီသော အိမ်ထောင်ဖက်တစ်ဦးကို ကြည့်ရှုထားပြီး ဖြစ်၏၊ ထိုလူကြီးမင်း၏သား နွေဦးစာမေးပွဲတွင် ဂုဏ်ပြုခံရပြီးနောက် လက်ဆက်ရန်သာ စောင့်ဆိုင်းနေခဲ့သော်လည်း၊ ဖခင်ဖြစ်သူက သူမအား နန်းတော်သို့ ဝင်ရောက်စေရန်အလို့ငှာ အိမ်ထောင်စုနှစ်ခု၏ သံယောဇဉ်ကို မျက်ကွယ်ပြုကာ ထိုလက်ထပ်ပွဲကို ဖျက်သိမ်းခဲ့လေသည်။
ထိုအချိန်က မိဖုရားခေါင်ကြီးသည် အိမ်ရှေ့စံ၏ ဇနီး ဖြစ်နေခဲ့ပြီး ဖြစ်သော်လည်း၊ ဖခင်နှင့် မယ်တော်ကြီးတို့မှာမူ တိတ်တဆိတ် သင်ကြားပြသမည့် မားမားများကို အိမ်တော်သို့ လာရောက်ရန် စီစဉ်ခဲ့ကြပြီး၊ သူမအား သင်ကြားပေးခဲ့သည်မှာ မိဖုရားခေါင်ကြီးတစ်ပါး သင်ယူရမည့် အရာများ ဖြစ်၏။
သူတို့သည် သူမအား အသုံးမကျခြင်း၊ မျက်နှာသာ လုယူမှု မပြုတတ်ခြင်းကိုသာ အပြစ်တင်ကြမည် ဖြစ်၏၊ သို့သော် မိခင်နှင့်ဧကရာဇ် ဆက်ဆံရေး ဤသို့ ရှိနေပါလျှင် ဧကရာဇ်က သူမအား ဘယ်လိုလုပ် လှည့်ကြည့်ပါ့မလဲ။ မည်သူမျှ သူမ၏အတွေးအမြင် မည်သို့ ရှိသည်၊ အခြေအနေ မည်သို့ ရှိသည်ကို ဂရုစိုက်မည် မဟုတ်ပေ။
ထိုအချိန် ဖုန်းရှီးနန်းဆောင်ထဲတွင်၊ လင်ကျယ်ယွီမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ယဲ့ယွင်လည်း နှုတ်ဆက်လိုသော်လည်း နင်ချန်က ခေါင်းမညိတ်သဖြင့် သူမသည် ကသိကအောက်ဖြင့်သာ ထိုင်နေရလေသည်။
"မိဖုရားခေါင်ကြီး၊ ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူးဆိုတာ မင်း သိသင့်တယ်။" နင်ချန်သည် သူ့လက်ပေါ်မှ လက်စွပ်ကို လှည့်နေလျက် မျက်ဝန်းအိမ်များမှာ မှောင်မိုက်ပြီး မရှင်းမလင်း ဖြစ်နေ၏။
"ဒီချန်းချဲ့က သဘာဝအတိုင်း နန်းတွင်းစည်းကမ်းတွေကို လိုက်နာမှာပါ။ ကျော်လွန်ရဲမှာ မဟုတ်ပါဘူး။" မိဖုရားခေါင်ကြီး၏ နှလုံးသားသည် တစ်ချက်တုန်လှုပ်သွားပြီး ချက်ချင်း ထရပ်လိုက်၏။
သူမ ထရပ်လိုက်သည်နှင့် ယဲ့ယွင်သည်လည်း လိုက်ပါ ထရပ်လိုက်ရ၏။
နင်ချန်သည် မျက်လုံးများလှန်၍ သူမကို စိုက်ကြည့်နေပြီး၊ စကားတစ်ခွန်းမျှ မဆိုဘဲ၊ မိဖုရားခေါင်ကြီးအား ချွေးပြန်သွားစေသည်အထိ ဖြစ်၏။
အတန်ကြာမှ နင်ချန် ထရပ်လိုက်သည်။ "မယ်တော်ကြီးက ကျန်းရဲ့မွေးမိခင်၊ မင်းက ကျန်းရဲ့ပထမဇနီး၊ တချို့ကိစ္စတွေ ကျန်း နောက်တစ်ခါ ထပ်မဖြစ်စေချင်တော့ဘူး။"
"ဒီချန်းချဲ့၊ ဆုံးမစကားကို လိုက်နာပါ့မယ်။" မိဖုရားခေါင်ကြီး၏ကိုယ်လေးသည် တစ်
ချက် တောင့်တင်းသွားပြီး၊ လက်ကိုပုဝါကို ဆုပ်ကိုင်လျက် အရိုအသေတစ်ချက် ပေးလိုက်သည်။
နင်ချန်သည် သူမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရာ ယဲ့ယွင်သည်လည်း မိဖုရားခေါင်ကြီးအား ကိုယ်ကို ညွှတ်၍ အရိုအသေပေးလိုက်ရုံသာ တတ်နိုင်ပြီး၊ အလျင်အမြန် လိုက်ပါသွားရ၏။
"မယ်မယ်..." စုချင်သည် စိုးရိမ်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာ၏။
မိဖုရားခေါင်ကြီးက လက်ကာပြလိုက်သည်။ "နောင်ကျရင်၊ သတိထားရဦးမယ်။"
အမှန်ပင်၊ သူမ လူလွှတ်၍ မယ်တော်ကြီးထံ သတင်း ပေါက်ကြားစေခဲ့သည့်ကိစ္စကို ဧကရာဇ်က ခန့်မှန်းမိသွားခဲ့ပြီဖြစ်၏။ ဇနီးတစ်ဦးအနေဖြင့်၊ မယားငယ်ကို ကြံစည်ရန်အလို့ငှာ သားအမိကြားမှ အက်ကြောင်းကို အသုံးချခြင်းသည် နင်ချန် လက်မခံနိုင်သော အရာဖြစ်၏။
......
အခြားတစ်ဖက်တွင်၊ ဖုန်းရှီးနန်းဆောင်မှ ထွက်လာပြီးနောက်၊ နင်ချန်၏စိတ်ထဲတွင် ဒေါသမီးစများ မျိုသိပ်ထားလျက်၊ ဦးတည်ရာကိုလည်း ဂရုမစိုက်ဘဲ၊ မိမိဘာသာ ရှေ့သို့ လျှောက်သွားနေ၏။
ယဲ့ယွင်သည် အရပ် ပုသဖြင့်၊လမ်းလျှောက်သည့်အခါတွင်လည်း အမူအရာကို သတိထားရသေးရာ၊ နောက်မှ ခပ်သွက်သွက် လိုက်ပါနေရသကဲ့သို့ ရှိပြီး မကြာမီမှာပင် ချွေးတစ်ကိုယ်လုံး စို့လာခဲ့၏။
"အရှင်မင်းကြီး ဖြည်းဖြည်း လျှောက်ပါဦး၊ ဒီချန်းချဲ့ ခြေထောက်တိုတယ်၊ လိုက်မမီတော့ဘူး။"
နင်ချန်၏ခြေလှမ်းများ တစ်ချက် ရပ်တန့်သွားပြီး ခေါင်းလှည့်လာသောအခါ၊ အလှလေး၏ နဖူးတွင် ချွေးစက်သေးသေးလေးများ ထွက်နေလျက် မျက်ဝန်းတစ်စုံမှာ ကြောက်ရွံ့နေဟန် ရှိသည်ကို တွေ့လိုက်ရ၏။
"လာခဲ့။" နင်ချန်သည် မျက်နှာထားတင်းမာလျက် လက်ယပ်ခေါ်လိုက်၏။
ယဲ့ယွင်သည် တိုးကပ်သွားပြီး၊ နှုတ်ခမ်းကို ကိုက်လျက် လက်နှစ်ဖက်လုံးဖြင့် နင်ချန်၏လက်ကို ဆုပ်ကိုင်လိုက်ကာ၊ ခေါင်းမော့၍ သူ့ကို စိုက်ကြည့်လိုက်သည်။ "အရှင်မင်းကြီး စိတ်မဆိုးပါနဲ့တော့နော်။ ချဲ့ ရင်ထဲမှာ နာကျင်ရလို့ပါ။"
နင်ချန်သည် စကားမဆိုသော်လည်း၊ ယဲ့ယွင်၏လက်ကိုမူ ဆွဲမခါလိုက်ဘဲ ဤသို့ပင် သူမကို ဆွဲကိုင်လျက် ဖြည်းညှင်းစွာ လျှောက်သွား၏။ နှစ်ဦးသား ရှေ့သို့ တောက်လျှောက်ဆက်သွားကြပြီး၊ ဤသို့ပင် ကျိုချန်နန်းဆောင်သို့ ရောက်ရှိသွားကြသည်။
ဆယ်လပိုင်း ကုန်ခါနီးပြီ ဖြစ်သော်လည်း၊ နေသာသဖြင့်၊ အချိန်အနည်းငယ် ကြာအောင် လမ်းလျှောက်ခဲ့ရသောကြောင့်ပူအိုက်ကာ အနည်းငယ် ချွေးထွက်လာ၍ နှလုံးသားထဲမှ ဒေါသမီးများ ထုတ်ဖော်လိုက်ရသကဲ့သို့ ရှိပြီး အတော်ပင် သက်သောင့်သက်သာ ရှိသွားသည်ဟု နင်
ချန်ခံစားလိုက်ရသည်။
"ပင်ပန်းနေပြီလား။" နင်ချန်သည် ဆုပ်ကိုင်ထားသော လက်သေးသေးလေးကို ညှစ်လိုက်၏။
ယဲ့ယွင်က ခေါင်းခါလိုက်ပြီး၊ သူမ၏လက်ချောင်းလေးကို ဆန့်ထုတ်ကာ သူ့လက်ဖဝါးကို ကုတ်ခြစ်လိုက်သည်။
" ချဲ့ ချွေးထွက်နေပြီ၊ ရေချိုးချင်တယ်။"
မိန်းမပျိုလေးသည် အသံကို ညှစ်ထားလျက်၊ နိမ့်ကျ နူးညံ့ကာ ပျော့ပျောင်းချစ်စဖွယ် ကောင်းလှ၏။ သူမသည် 'ဒီချန်းချဲ့' ဟု မသုံးနှုန်းဘဲ၊ ချဲ့ ဟူသော စကားလုံးတစ်လုံးတည်းကိုသာ ဆိုလိုက်ရာ ပို၍ပင် နွဲ့နှောင်းသွားစေ၏။
နင်ချန်သည် တံတွေးတစ်ချက်မြိုချလိုက်မိပြီး၊ ကျောဘက်တွင် အနည်းငယ် စိုစွတ်နေသဖြင့် ယွမ်ကျိုအား မှာကြားလိုက်သည်။
" ရွှမ်းယန့် ရေကန်ကို သွားမယ်။"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ လူလွှတ်ပြီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။" ယွမ်ကျို၏မျက်လုံးများ တစ်ချက် လက်သွားပြီး အလျင်အမြန် အဖြေပေးကာ မိန်းမစိုး နှစ်ဦးကို ခေါ်ဆောင်၍ အောက်ဆင်းသွား၏။
" ရွှမ်းယန့် (ပျံလွှားနှစ်ကောင်) ရေကန်။"
ယဲ့ယွင်သည် နားမလည်စွာ ဆိုလိုက်၏။
နင်ချန်က မျက်ခုံးပင့်လိုက်သည်။
" ကျိုချန်နန်းဆောင်ရဲ့ နောက်ခန်းမဆောင်မှာ ရေပူစမ်းတစ်ခု ရှိတယ်။ ရာသီလေးခုလုံး စီးဆင်းနေတာ။"
သူ မပြောခဲ့သည်မှာ ဤရွှမ်းယန့် ရေကန်ကို ဧကရာဇ်သာလျှင် အသုံးပြုနိုင်ပြီး၊ သွားရောက်ခဲ့ဖူးသော မောင်းမဆောင်မှ အမျိုးသမီးများမှာ အလွန်ပင် နည်းပါးလှကာ၊ နင်ချန်၏နန်းသက်တွင် ယဲ့ယွင်သည် ပထမဆုံးတစ်ယောက် ဖြစ်၏။
အမွှေးတိုင်တစ်တိုင်ခန့် အချိန်အတွင်းမှာပင်၊ အတွင်းဘက်အား ပြင်ဆင်ပြီးစီးသွားပြီး ယဲ့ယွင်သည် နင်ချန်၏ဆွဲခေါ်ခြင်းကို ခံလျက်၊ နှစ်ဦးသား အတူတကွ နောက်ခန်းမဆောင်သို့ သွားကြ၏။
'ကြိုးကြာငှက် မင်္ဂလာတိမ်လွှာ' အကာရံကို ကျော်ဖြတ်သွားသောအခါ၊ နောက်ဘက်တွင် ရေပူစမ်းကန်တစ်ခု ရှိနေ၏။ ရေကန်၏အောက်ခြေတွင် အထူးတလည် ပွတ်တိုက်ထားသော ကျောက်စလုံးလေးများ ရှိပြီး၊ အနက်နှင့် အဖြူရောင် နှစ်မျိုးကို အသုံးပြု၍ ပျော်ရွှင်စွာ ဆော့ကစားနေသော ပျံလွှားငှက် နှစ်ကောင်၏ ပုံစံကို ခင်းကျင်းထားကာ၊ ပျံလွှားငှက်များ၏ မျက်လုံးများမှာမူ ရေပူစမ်း မျက်ဝန်းများ ဖြစ်ကြ၏။
ယဲ့ယွင်၏ နားရွက်ဖျားများ အနည်းငယ် ပူလောင်သွားပြီး၊ ရုတ်တရက် နင်ချန်၏ နောက်ကျောဘက်သို့ ရောက်သွားသည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ရေချိုးသန့်စင်ဖို့ ခစားပေးပါ့မယ်။"
"ခစားပေးမှတော့၊ အတူတူပဲ တခါတည်းချိုးလိုက်တာကောင်းပါတယ်။"
နင်ချန်သည် လူကို တစ်ချက်တည်း ဆွဲယူလိုက်ပြီး၊ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်၏။
မိန်းမပျိုလေး၏ နီမြန်းနေသော ပါးပြင်နှစ်ဖက်ကို ကြည့်ရင်း၊ စိတ်ခံစားချက်သည် မိမိကိုယ်တိုင်ပင် မသိလိုက်ဘဲ ကောင်းမွန်လာခဲ့ပြီး၊ ငြင်းဆန်ခွင့် မပေးဘဲ နှစ်ဦးသား၏ အပေါ်ဝတ်ရုံများကို ချွတ်ပစ်လိုက်ကာ၊ လူကို ပွေ့ချီလျက် ရေကန်ထဲသို့ ခြေချဝင်ရောက်လိုက်၏။
ယွမ်ကျိုသည် ကာရံ၏ နောက်ဘက်တွင် စောင့်ဆိုင်းနေလျက်၊ အတွင်းမှ လှုပ်ရှားသံကို ကြားသောအခါ၊ သက်ပြင်းတစ်ချက် ချလိုက်မိပြီး၊ အလျင်အမြန်ပင် လူတိုင်းအား ခန်းမ အပြင်ဘက်သို့ ဆုတ်ခွာသွားရန် အချက်ပြလိုက်၏။
ဧကရာဇ် ဒေါသထွက်သည့်အခါ၊ ဖျောင်းဖျနိုင်သူ အလွန် ရှားပါးလှသည်။ ယနေ့ ယဲ့မိန်ရန်သည် အဖော်ပြုလိုက်ရုံမျှဖြင့် လူကို ဒေါသပြေသွားစေပြီး၊ ရွှမ်းယန့်ရေကန်သို့ ဝင်ရောက်ခွင့်ရသော ပထမဆုံးသူ ဖြစ်လာခဲ့ရာ၊ ဧကရာဇ်၏စိတ်နှလုံးထဲတွင်၊ ယဲ့မိန်ရန်သည် အနည်းငယ် ထူးခြားနေပြီဖြစ်ကြောင်း မြင်နိုင်၏။
နောက်ဆုံးတွင်၊ 'ထူးခြားစွာ ဆက်ဆံ' ခြင်း ခံလိုက်ရသော ယဲ့ယွင်မှာ နင်ချန်၏ပွေ့ချီခြင်းကို ခံလျက် ထွက်လာခဲ့ရ၏။ နင်ချန်သည် မိမိဘာသာ အဝတ်အစားများ ဝတ်ဆင်ပြီးသော်လည်း၊ ဝတ်ရုံတစ်ထည်ကိုသာ ယူ၍ သူမအား လုံခြုံစွာ ပတ်ရုံသာ ပတ်လိုက်ပြီး၊ ကန့်လန့်ဖြတ် ပွေ့ချီလျက် အိပ်ဆောင်ခန်းမသို့ ပြန်သွားခဲ့သည်။
ကျိုချန်နန်းဆောင်ထဲတွင် အစေခံများ သဘာဝအတိုင်း များပြားလှရာ ယဲ့ယွင်သည် အစဉ်အမြဲ သတ္တိကောင်းသော်လည်း၊ တစ်လမ်းလုံး ပွေ့ချီခြင်းခံရသည့်အပြင်၊ လူအများအပြားက မြင်တွေ့သွားကြသဖြင့်၊ အလွန်ပင် ရှက်ရွံ့သွားပြီး ခေါင်းကို နင်ချန်၏ရင်ဘတ်ထဲတွင် မြှုပ်ထားရုံသာ တတ်နိုင်လျက်၊ မျက်လုံးများပင် ထုတ်ဖော် မကြည့်ရဲတော့ပေ။
ညစာကိုမူ စားသုံးရဦးမည် ဖြစ်ရာ၊ နင်ချန်သည် သူမကို ချထားလိုက်ပြီး ဟွေယွဲ့နှင့် နန်ကျစ်တို့အား ဝင်ရောက် ပြုစုစေကာ၊ မိမိကိုယ်တိုင်မှာမူ အပြင်ဘက်တွင် အခါးရည် သောက်သုံးနေ၏။
ယဲ့ယွင်၏ ကိုယ်ပေါ်မှ အစက်အပြောက် အမှတ်အသားများကို ကြည့်ရင်း၊ အတွေ့အကြုံ မရှိသေးသော အစေခံမလေး နှစ်ဦးမှာ အလွန်ပင် ရှက်ရွံ့သွားကြသလို၊ သနားလည်း သနားသွားကြသည်။ စိတ်ထဲတွင် ဧကရာဇ် ဘာကြောင့် မညှာတာရတာလဲဟု အပြစ်တင်နေမိသည်။ လည်ပင်းပေါ်တွင်ပင် နေရာအတော်များများ အမှတ်များရှိနေခဲ့သည်။ အဓိကတရားခံ ယဲ့ယွင်သည်လည်း သဘာဝအတိုင်းပင် ရှက်ရွံ့ဒေါသထွက်လျက် ရှိရာ၊ အစားအစာ သုံးဆောင်သည့်အခါ တရားခံစစ်စစ်ကို ဒေါသတကြီး စိုက်ကြည့်နေသဖြင့် နင်ချန်ကိုယ်တိုင်ပင် အနည်းငယ် ရှက်သွားစေသည်အထိ ဖြစ်၏။
ညဘက်တွင်၊ မည်သည့်အရာမျှ ပြုလုပ်ရန် အားအင် မရှိတော့သဖြင့်၊ နှစ်ဦးသား အလွန် စောစီးစွာ အိပ်စက်လိုက်ကြ၏။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-48
အခန်း ၄၈ ။ မထိုက်တန်
နောက်တစ်နေ့ နံနက်စောစောတွင်၊ နင်ချန်သည် နံနက်ခင်း စည်းဝေးပွဲ တက်ရန် ထလာရာ ယဲ့ယွင်သည်လည်း ဂါရဝပြုရမည် ဖြစ်သဖြင့် အတူတကွ လိုက်ပါထလာခဲ့၏။
ယွမ်ကျို ဝင်ရောက် အမှုထမ်းသည့်အခါ၊ ခပ်တိုးတိုးဖြင့် ကိစ္စတစ်ခုကို လျှောက်
တင်လိုက်သည်။
"မနေ့ညက၊ ချီနင်နန်းဆောင်က သမားတော် ပင့်ခဲ့တယ်။ ကျွန်တော်မျိုး လူလွှတ်ပြီး သွားမေးခိုင်းလိုက်တော့ ပြောတာက သွေးလေ မညီမညွတ် ဖြစ်ပြီး အသည်းမီး တအားတောက်နေလို့အေးအေးဆေးဆေး အနားယူရပါမယ်တဲ့။"
အသည်းမီး တောက်သည်?
သူဒေါသထွက်ရင်ထွက်တယ်ပေါ့၊ ဒီအဘွားကြီးကတော့ ဂွင်ဆင်ပြန်ပြီ။ ယဲ့ယွင်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး စကားမပြောနိုင်လောက်အောင် ဖြစ်သွား၏။
အမှန်ပင် နင်ချန် ကြားပြီးနောက်၊ မျက်နှာထား မကောင်းမွန်တော့ပေ။
"ကျန်း စည်းဝေးပွဲ ပြီးရင် မယ်တော်ကြီးကို သွားကြည့်လိုက်ဦးမယ်။ မင်း လူလွှတ်ပြီး အားဖြည့်ဆေး နည်းနည်း အရင် ပို့လိုက်ဦး။"
မယ်တော်ကြီး နေမကောင်း ဖြစ်နေသဖြင့် မသွားဘဲ နေ၍ မဖြစ်ပေ။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး... ကျွန်တော်မျိုးမှာ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။" ယွမ်ကျို၏ မျက်နှာတွင် ခက်ခဲသော အမူအရာ ပေါ်လာ၏။
နင်ချန်က မျက်မှောင်ကြုတ်လိုက်သည်။ "ပြော။"
"မယ်တော်ကြီး မယ်တော်ကြီးက ပြောပါတယ်။ အရှင်မင်းကြီးက နန်းတွင်းရေးရာတွေနဲ့ အလုပ်များနေပြီး၊ သူကလည်း အေးအေးဆေးဆေး အနားယူဖို့ လိုအပ်နေတော့၊ အရှင်မင်းကြီးကို လာကြည့်ဖို့ မလိုတော့ဘူးတဲ့။ မိဖုရားခေါင်ကြီးကိုပဲ အနီးကပ် ပြုစုစောင့်ရှောက်ခိုင်းလိုက်ရင် ရပြီတဲ့။ နောက်ပြီးတော့၊ မယ်တော်ကြီးက ပြောတယ်။ သူ အသက်အရွယ် ကြီးနေပြီ ခွေးလေးတွေက ဆူညံလွန်းတော့၊ အကုန်လုံးကို ပြန်ပို့လိုက်ပြီတဲ့။"
ယွမ်ကျို ဤစကားတစ်ခွန်းကို ဆိုပြီးသည်နှင့် ချက်ချင်း ခေါင်းငုံ့ထားလိုက်၏။ ဧကရာဇ်သည် သေချာပေါက် ဒေါသထွက်မည် ဖြစ်သော်လည်း၊ သူက မပြောဘဲ နေ၍ မဖြစ်ပေ။ မယ်တော်ကြီး ဒီလိုလုပ်တာက... မိမိကိုယ်တိုင် သေလမ်းရှာသည်ဟု ဆိုလျှင်ပင် လွန်မည် မဟုတ်ပေ။
နင်ချန်မှာမူ ဒေါသထွက်လွန်း၍ ရယ်မောတော့မတတ်ပင် ဖြစ်သွားပြီး၊ သူ့လက်ထဲတွင် ခါး၌ မချိတ်ရသေးသော ကျောက်စိမ်းဆွဲသီးကို ဆုပ်ကိုင်ထားလျက်၊ မျက်ဝန်းအိမ်များမှာ ဆယ့်နှစ်လပိုင်းလ၏ ရေခဲတမျှ အေးစက်နေ၏။
"မောင်းမဆောင်ထဲမှာ ကိုယ်ဝန်ဆောင်တဲ့သူတွေတောင် သုံးယောက် ရှိနေပြီ။ နှစ်ကုန်ပိုင်း နီးကပ်လာတော့ နန်းတွင်းစားသောက်ပွဲ မကြာခင်ကျင်းပရတော့မှာမိဖုရားခေါင်ကြီးက နေရာတိုင်းကို ကြည့်ရှုရတော့ ဘယ်မှာ အလုပ်အားနိုင်မှာလဲ။ စဉ်းစားကြည့်လိုက်တော့ ချန်ဝမ်ရုန် (မိန်
ဝမ်ရုန်) တစ်ယောက်တည်းပဲ အခုချိန်အသင့်တော်ဆုံးဖြစ်ပြီး၊ မယ်တော်ကြီးက တူမတော်ကိုသဘောကျတော့ ချန်းချဲ့အကြံပေးရမယ်ဆိုရင် ချန်ဝမ်ရုန် (မိန်ဝမ်ရုန်) က မိဖုရားခေါင်ကြီးထက် အနီးကပ် ပြုစုစောင့်ရှောက်ဖို့ ပိုပြီး သင့်တော်ပါတယ်။"
အမျိုးသမီးတစ်ဦး၏အသံသည် နောက်ကျောဘက်မှ ထွက်ပေါ်လာရာ အလျင်မလို မလောလျက် ရှိ၏။
ယဲ့ယွင်သည် လက်လှမ်းကာ၊ နင်ချန်၏လက်သီးဆုပ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းများကို တစ်ချောင်းချင်းစီ ဖြန့်လိုက်ကာ အတွင်းထဲမှ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလျက်၊ ကိုယ်တိုင် သူ့အတွက် ချိတ်ဆွဲပေးလိုက်၏။
" ကျန်းက မင်းကို စကားများတယ်ဆိုပြီး မကျေမနပ် ဖြစ်မှာ မကြောက်ဘူးလား။"
နင်ချန်သည် မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး၊ လက်မြှောက်ကာ ယဲ့ယွင်၏ မေးစေ့ကို ဆွဲညှစ်လျက်၊ သူမအား ခေါင်းမော့စေကာ၊ မိမိနှင့် မျက်လုံးချင်း ဆုံစေ၏။
ယဲ့ယွင်သည် သူ့ကို စိုက်ကြည့်နေလျက်၊ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ လှပသော မျက်ဝန်းတစ်စုံထဲတွင် သနားကြင်နာမှုသာ ရှိနေ၏။
"အရှင်မင်းကြီး၊ လူတိုင်းက မိခင်တစ်ယောက် ဖြစ်နိုင်တာ မဟုတ်ဘူး။ တစ်ခါတလေ တချို့လူတွေက မိခင်တစ်ယောက် ဖြစ်ဖို့တောင် မထိုက်တန်ပါဘူး။"
သူမ၏လေသံမှာ နိမ့်ကျပြီး ဖြည်းညှင်းကာ၊ အသံမှာ မကျယ်လောင်သော်လည်း၊ စကားလုံးတစ်လုံးချင်းစီမှာမူ နင်ချန်၏နားထဲသို့ အလွန် ရှင်းလင်းစွာ ကျရောက်သွား၏။
" ယဲ့ယွင်၊ မင်းကို ကျန်းအလိုလိုက်ပါများပြီထင်တယ်။"
နင်ချန်၏မျက်ဝန်းအိမ်များ နက်မှောင်သွား၏။
သူမ၏မေးစေ့ကို ဆွဲညှစ်ထားသော လက်သည် အားအနည်းငယ် ပိုထည့်လိုက်ပြီး၊ ထို့နောက် ရုတ်တရက် လွှတ်ပေးလိုက်ကာ၊ သူမကို ကျော်ဖြတ်၍ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွား၏။
ယွမ်ကျိုသည် ခုနက ယဲ့ယွင်၏ စကားတစ်ခွန်းကြောင့် အတော်ပင် တုန်လှုပ်သွားခဲ့ရာ ဤအချိန်တွင် ဧကရာဇ်ထွက်သွားရာကိုတစ်ချက် ကြည့်လိုက်ပြီး အလျင်အမြန် ယဲ့ယွင်နားသို့သွားလိုက်သည်။
" မိန်ရန်..." နန်ကျစ်၏မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားပြီး၊ စိုးရိမ်ပူပန်မှုမှာ မျက်နှာပေါ်တွင် ရေးထိုးထားသကဲ့သို့ ရှိ၏။
"ဂါရဝပြုဖို့ သွားရတော့မယ်။"
ယဲ့ယွင်သည် ပြုံးလိုက်၍ သူမ၏စကတ်အနားစကို အနည်းငယ် သပ်ရပ်အောင် ပြုလုပ်လိုက်ကာ၊ ကျိုချန်နန်းဆောင်မှ ထွက်ခွာခဲ့၏။
အချို့စကားများကို သူမ မဖြစ်မနေ ပြောဆိုရမည်။ နင်ချန်သည် မယ်တော်ကြီးထက် ဤသားအမိ သံယောဇဉ်ကို ပို၍ အလေးထားသည်။ ၎င်းမှာ နင်ချန်၏အားနည်းချက်ဖြစ်သလို၊ ခေတ်၏ ကန့်သတ်ချက်လည်း ဖြစ်၏။ ယခုခေတ်သည် သားသမီးဝတ္တရား ကျေပွန်မှုကို အလေးထားရာ နင်ချန်သည် ငယ်စဉ်ကတည်းက ဤသို့သော ပညာရေးကို လက်ခံခဲ့ရသဖြင့် သူ့အား မိခင်ရင်းအပေါ်၌ ရက်စက်ရန် နည်းလမ်း မရှိစေခဲ့ပေ။ သို့သော် ယဲ့ယွင်သည်လည်း နင်ချန်အား မယ်တော်ကြီးအပေါ် တစ်စုံတစ်ခု ပြုလုပ်စေလိုခြင်း မဟုတ်ဘဲ၊ ဤသားအမိ သံယောဇဉ်၏ ချည်နှောင်မှုကြောင့် နင်ချန်အား အချုပ်အနှောင်ခံရမည်ကို မလိုလားခြင်း ဖြစ်သည်။
မိမိ၏ အရည်အချင်းများကို အပြည့်အဝ ထုတ်ဖော်အသုံးမချနိုင်သော ဧကရာဇ်တစ်ပါးသည် ကြီးမြတ်သောလုပ်ငန်းများကို အောင်မြင်အောင် တည်ဆောက်နိုင်မည် မဟုတ်ပေ။ သူ့စိတ်ခံစားချက်များအပေါ်၌ ရှင်းလင်းစွာ မထိန်းချုပ်နိုင်သရွေ့ မယ်တော်ကြီး၏ ချုပ်ကိုင်ခြင်းကို ခံနေရမည်ဖြစ်ပြီး၊ ချန်မိသားစု၏ ချုပ်ကိုင်ခြင်းကိုပါခံနေရမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် အပြင်ဘက်မှ အထောက်အပံ့များ ရရှိခဲ့လျှင်ပင် မျိုးရိုးကြီးမိသားစုများ၏ လက်ဝါးကြီးအုပ်ထားသော အခြေအနေကို ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ယခုအခြေအနေကို မပြောင်းလဲနိုင်ပါက၊ သူမ၏ ယဲ့မိသားစု၊ ချူမိသားစုတို့ ဘယ်လိုလုပ် ခေါင်းထောင်နိုင်ပါ့မလဲ။
ယဲ့ယွင်၏စိတ်ထဲတွင် ကောင်းစွာ နားလည်ထားသည်မှာ ဤနန်းတော်ထဲတွင် ကောင်းမွန်စွာ ရှင်သန်လိုပါက၊ မျက်နှာသာပေးမှုနှင့် မျိုးရိုးနောက်ခံမှာတစ်ခုမျှ လျော့နည်း၍ မဖြစ်ပေ။ ရှေ့မှအရာ (မျက်နှာသာ) မှာ သဘာဝအတိုင်း နည်းလမ်းအချို့ သုံးလိုက်ရုံဖြင့် ရရှိနိုင်သော်လည်း၊ နောက်မှအရာ (မျိုးရိုး) ၏ ထောက်ပံ့မှု မရှိပါက၊ ဘယ်သူကများ ကိုယ့်ကိုယ်ကို တစ်သက်လုံးမျက်နှာသာပေးခံရမယ်လို့ အာမခံနိုင်လို့လဲ။
ယနေ့ သူမ ပြောလိုက်သော စကားများ အကျိုးသက်ရောက်မှု ရှိ၊ မရှိမှာမူ၊ နင်ချန်၏ သဘောထားအပေါ်၌သာ လုံးဝ မူတည်နေလေသည်။
......
ဖုန်းရှီးနန်းဆောင်ထဲတွင် ယဲ့ယွင်သည် စောစီးစွာ ရောက်ရှိလာသူဟု သတ်မှတ်နိုင်၏။ ကျောက်ကျယ်ယွီသည် ရံဖန်ရံခါ အအေးမိသဖြင့် ခွင့်တိုင်ထားရာ၊ ရှားရှားပါးပါး တိတ်ဆိတ်နေ၏။
သို့သော် ယန်ရှိုးရီ ရောက်ရှိလာသည့်အခါ၊ သူမ၏ လည်ပင်းပေါ်မှ အမှတ်အသားများကို တစ်ချက်တည်း မြင်တွေ့သွားပြီး၊ စိတ်မသက်မသာ ဖြစ်သွားသည်။
"ယဲ့မိန်ရန် နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း နေဦး။ ဖုံးကွယ်တာလေးတောင် မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် မရှက်ဘူးလား။"
" ရှိုးယီ (ယန်ရှိုးရီ) က မနာလိုဖြစ်နေရင်၊ အရှင်မင်းကြီးဆီ တိုက်ရိုက် သွားရှာပါလား။ ဒီချန်းချဲ့ကို သွယ်ဝိုက်ပြီး ဆဲဆိုနေစရာ မလိုပါဘူး။" ယဲ့ယွင်သည် စိတ်ရှုပ်ထွေးစွာ ပြန်ပြောလိုက်သည်။
သူမသည် ယနေ့တွင် အမှန်တကယ် စကားနိုင်လုရန် စိတ်အခြေအနေမရှိပေ။
" ယဲ့ယွင် နင် သတ္တိတွေကောင်းနေတာပဲ။" ယန်ရှိုးရီ သည် ဒေါသတကြီး ဆိုလိုက်၏။
မိဖုရားခေါင်ကြီးသည် စိတ်ရှုပ်ထွေးနေစဉ်၊ သူတို့ ရန်ဖြစ်နေကြသည်ကို မြင်သောအခါ၊ ချက်ချင်းပင် သူမ၏ လက်ထဲမှ အခါးရည်ခွက်ကို စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
"တော်ကြတော့၊ အားလုံး ပါးစပ်ပိတ်ထားကြ။ မယ်တော်ကြီး နေထိုင်မကောင်း ဖြစ်နေတာကို မင်းတို့က ဒီနေရာမှာ ဘာတွေ လာရန်ဖြစ်နေကြတာလဲ။"
မူလက ရှူးဖေးသည် မီးလောင်ရာ လေပင့်ပေးရန် ကြံရွယ်နေသေးသော်လည်း၊ မိဖုရားခေါင်ကြီး၏ ဟိန်းဟောက်လိုက်မှုကြောင့် အနည်းငယ် ကြောက်ရွံ့သွားပြီး၊ တည်ငြိမ်စွာ နေလိုက်ရ၏။
ယန်ရှိုးရီသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း၊ ယဲ့ယွင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရုံမှတစ်ပါး အခြားမရှိဘဲ လက်လျှော့လိုက်ရ၏။
"မယ်တော်ကြီးက ပန်ကုန်း တစ်ယောက်တည်းကိုပဲ အနီးကပ် ပြုစုစောင့်ရှောက်ဖို့ တမင်တကာ မှာကြားထားတယ်။ ဒီရက်ပိုင်း မောင်းမဆောင်ရဲ့ ကိစ္စတွေကို ရှူးဖေး၊ ဝမ်ဖေး၊ ကျင်းဖေး မင်းတို့ သုံးယောက် အတူတူ တာဝန်ယူ ဖြေရှင်းလိုက်ကြ။ ဝမ်ဖေးက ကိုယ်ဝန်နဲ့ ဖြစ်နေတော့ ရှူးဖေး နဲ့ ကျင်းဖေးက နည်းနည်း ပိုပြီး ဝေစုခွဲယူလိုက်ကြ။ နှစ်ကုန်ပိုင်း နန်းတွင်းရေးရာတွေက အတော်များတယ်။ ဒါပေမဲ့ တစ်ခုချင်းစီတိုင်းကို ပေါ့ဆလို့ မဖြစ်ဘူး။" မိဖုရားခေါင်ကြီးသည် ခပ်တိုးတိုး ဆိုလိုက်၏။
သူမသည် သဘာဝအတိုင်း အာဏာကို လက်လွှတ်လိုခြင်း မရှိသော်လည်း၊ ယနေ့နံနက် မယ်တော်ကြီးက လူလွှတ်၍ စကား မှာကြားလိုက်ရာ ဤသည်မှာ သူမကို အခက်တွေ့အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
နှစ်ကုန်ပိုင်း နန်းတွင်းစားသောက်ပွဲများကို ကြန့်ကြာစေ၍ မဖြစ်ပေ။ သူမ ချီနင်နန်းဆောင်သို့ အနီးကပ် ပြုစုစောင့်ရှောက်ရန် သွားရောက်ရပါက၊ စီမံခန့်ခွဲရန် နည်းလမ်း မရှိသဖြင့် လူသုံးဦးအား အတူတကွ စီမံခန့်ခွဲစေရုံသာ ရှိပြီး အနည်းငယ်တော့ ထိန်းချုပ်မှု ရှိနိုင်သေး၏။
စိတ်ထဲတွင် ကိစ္စများ ရှိနေသဖြင့်၊ မိဖုရားခေါင်ကြီးသည် ဤမယားငယ်များကို ကြည့်ရင်း ပို၍ စိတ်ရှုပ်လာကာ ကိစ္စကိုမှာကြားပြီးသည်နှင့် လူတိုင်းကို လူစုခွဲစေလိုက်၏။
.....
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ၊ ယန်ရှိုးရီသည် ယဲ့ယွင်ကို တားဆီးလိုက်၏။
"ယဲ့ယွင်၊ မင်းက အထက်လူကြီးကို မလေးစားဘူး။ အဲ့ဒါအောက်ကလူက အထက်ကို မလေးစားတာပဲ။ ပန်ကုန်းက ဒီနေရာမှာ မင်းကို ပါးတစ်ချက် ရိုက်ပြီး ဆုချလိုက်မယ်။ မင်း ဘယ်လို သဘောရလဲ။"
" ရှိုးယီ (ယန်ရှိုးရီ) က ဒီချန်းချဲ့ကို ရိုက်ချင်မှတော့ စကားလုံးတိုင်းက အကြောင်းပြချက် ရှိနေတာပဲ။ ချန်းချဲ့က သေချာပေါက် မကျေနပ်စရာ မရှိပါဘူး။ ဒါပေမဲ့ ချန်းချဲ့ရဲ့ အစ်ကိုက ခုလေးတင် မြောက်ပိုင်းနယ်စပ်မှာ ဂုဏ်ပြုခံထားရတာ။ ရှိုးယီ (ယန်ရှိုးရီ) ပါးတစ်ချက် ရိုက်ပြီးရင်၊ အရှင်မင်းကြီးက ဘယ်လို သဘောထားမလဲတော့ မသိဘူး။" ယဲ့ယွင်သည် သူမ၏ မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး၊ အေးစက်စွာ ဆိုလိုက်၏။
ယန်ရှိုးရီသည် ဒေါသထွက်လွန်းသွားသည်။ "မင်း ပန်ကုန်းကို ခြိမ်းခြောက်ရဲတယ်။"
"ဒီချန်းချဲ့ မခြိမ်းခြောက်ရဲပါဘူး။ ရှိုးယီ (ယန်ရှိုးရီ) ရဲ့ အပြစ်ပေးမှုကိုပဲ နာခံမှာပါ။" ယဲ့ယွင်သည် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်ရာ ဓလေ့ထုံးတမ်း အပြည့်အဝဖြင့် အမှားအယွင်း တစ်စက်မျှ မရှိပေ။
"ကောင်းပြီ၊ ပန်ကုန်းက မင်းကို မရိုက်
နိုင်ဘူးဆိုပေမဲ့၊ မင်းလိုအောက်ကလူက အထက်ကို မလေးမစားလုပ်နေတာ အပြစ်မပေးဘဲ နေလို့လည်း မဖြစ်ဘူး။ ဒီနေ့ ပန်ကုန်းက မင်းကို ဒီနေရာမှာ တစ်မနက်စာဒူးထောက်ဖို့ အပြစ်ပေးမယ်။ ယိချွမ်း၊ မင်း ဒီမှာ ကျန်ခဲ့ပြီး ပန်ကုန်းအတွက် သူ့ကို စောင့်ကြည့်နေ။"
စကားဆုံးသည်နှင့်၊ ယန်ရှိုးရီသည် သူမကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ကျန်ရှိသော လူများကို ခေါ်ဆောင်၍ ထွက်ခွာသွား၏။
"ယဲ့မိန်ရန်၊ ဘာလို့ဒုက္ခရှာပြီး ယန်ရှိုးရီကို စိတ်ဆိုးအောင် လုပ်ရတာလဲ။" ဖန်းချိုက်ရန်သည် လျှောက်လှမ်းလာပြီး၊ ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် သူမကို တစ်ချက်ကြည့်လိုက်၏။
"ဖန်းချိုက်ရန် (ယောင်ရှန်း) က ကျွန်မနဲ့ အတူတူ ဒူးထောက်ချင်တယ်ဆိုရင်၊ ဒီမှာ ကျန်ခဲ့လိုက်လေ။ တကယ်လို့ ဟာသလာကြည့်တာ ဆိုရင်တော့ အစောကြီးကတည်းက သွားလိုက်တာ ပိုကောင်းမယ်။ ကျွန်မက စိတ်ကောင်းရှိတဲ့လူမဟုတ်ဘူး။"
ယဲ့ယွင်သည် သူမကို တစ်ချက် ကြည့်လိုက်ပြီး၊ သူမ၏ စကတ်ပေါ်မှ အတွန့်များကို ဖြန့်လိုက်ကာ ဒူးထောက်ချလိုက်၏။
ဖန်းချိုက်ရန်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး၊ ဘာမှမပြောဘဲ အစေခံမလေး၏လက်ကို ထိန်းကိုင်လျက် ဖြည်းညှင်းစွာ ထွက်ခွာသွား၏။
ယဲ့ယွင်၏စိတ်ထဲတွင် ရှင်းလင်းစွာ သိနေသည်မှာ ဤတစ်ကြိမ် ဒူးထောက်ရခြင်းသည် ကြာရှည်မည် မဟုတ်ဘဲ ဖုန်းရှီးနန်းဆောင်၏ အပြင်ဘက်တွင် ဖြစ်နေသဖြင့် မိဖုရားခေါင်ကြီးက လျစ်လျူရှုထားမည် မဟုတ်ပေ။ ယန်ရှိုးရီသည် ယနေ့ ဒေါသထွက်လွန်းနေပြီး၊ မိဖုရားခေါင်ကြီး၏ နေရာတွင် ဤသို့ ပြုမူလိုက်ခြင်းသည် မိဖုရားခေါင်ကြီးကို မျက်နှာသာ မပေးခြင်းလည်း ဖြစ်၏။
အမှန်ပင်၊ နာရီဝက်ခန့်မျှသာ ဒူးထောက်ပြီးချိန်တွင်၊ မိဖုရားခေါင်ကြီး၏ ဘေးမှ တင်းမားမားသည် ရောက်ရှိလာခဲ့၏။
"အခု ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ၊ မြေကြီးက အအေးဓာတ် ပြင်းတယ်။ မိန်ရန် ထပါတော့၊ မိဖုရားခေါင်ကြီးက မိန်ရန်ကို ကာကွယ်ပေးချင်တဲ့ စိတ် ရှိပေမဲ့၊ ယန်ရှိုးရီရဲ့ မျက်နှာကို လုံးဝ လျစ်လျူရှုထားလို့လည်း မကောင်းဘူးလေ။ မိန်ရန် နားလည်ပေးပါဦး။"
"မယ်မယ်က ဝင်ရောက် ဖြေရှင်းပေးတာကိုပဲ ဒီချန်းချဲ့က အတိုင်းမသိ ကျေးဇူးတင်နေပါပြီ။" ယဲ့ယွင်သည် ဖုန်းရှီးနန်းဆောင်၏ ပင်မတံခါးပေါက်ဘက်သို့ မျက်နှာမူလျက် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။
နန်ကျစ်သည်လည်း လျင်မြန်စွာပင် တင်းမားမားထံသို့ ပိုက်ဆံအိတ်တစ်လုံးကို ထိုးပေးလိုက်ပြီး၊ သခင်နှင့် အစေခံ နှစ်ဦးသား ထိုအခါမှ ထွက်ခွာလာခဲ့ကြ၏။
တင်းမားမား ပြန်လည် လျှောက်တင်သောအခါ၊ ထိုပိုက်ဆံအိတ်ကိုလည်း မိဖုရားခေါင်ကြီးအား ပြသခဲ့၏။
"အရှင်မင်းကြီးက သူ့ကို နည်းနည်းပါးပါး နှစ်သက်တာ၊ အောက်က အစေခံတွေကလည်း ဝီရိယရှိရှိ အမှုထမ်းတာ မဆန်းပါဘူး။ ဒီလောက် ရက်ရောတာမျိုး၊ နန်းတော်ထဲမှာ ဒုတိယတစ်ယောက် မရှိလောက်ဘူး။" မိဖုရားခေါင်ကြီးသည် ပြုံးလိုက်၏။
သူမသည် ယန်ရှိုးရီ၏မျက်နှာကြောင့် ဤမျှ နောက်ကျမှ ယဲ့ယွင်ကို ထခိုင်းခဲ့ခြင်း မဟုတ်ပေ။ ဆင်ခြေမျှသာဖြစ်သည်။၊ မောင်းမဆောင်ထဲမှ အမျိုးသမီးအားလုံး၊ ဘယ်သူ့ကိုများ သူမ မမှန်းတီးဘဲရှိပါ့မလဲ။
ယဲ့ယွင်၏ စိတ်ထဲတွင်လည်း ရှင်းလင်းစွာ သိနေသော်လည်း ဂရုမစိုက်ခဲ့ပေ။ ယနေ့ ယန်ရှိုးရီ ကို ဒေါသထွက်အောင် လုပ်ဆောင်ခဲ့ရာတွင်၊ သူမ တမင်တကာ ပြုလုပ်ခဲ့သော အစိတ်အပိုင်းလည်း ပါဝင်၏။ မကြာသေးမီ အချိန်များတွင် သူမသည် အလွန်ချောမွေ့လွန်းနေခဲ့ရာ အခြားသူများ အပြစ်ရှာနိုင်မည့် အမှားအယွင်း အနည်းငယ် ထွက်ပေါ်လာသင့်ပြီ ဖြစ်၏။ အလွန်အမင်း အပြစ်ကင်းစင်နေခြင်းသည် ဆန့်ကျင်ဘက်အနေဖြင့် လူများ၏ ပိုမိုကြောက်ရွံ့ ကြံစည်ခြင်းကို ခံရနိုင်ပြီး ကောင်းမွန်သော ကိစ္စတစ်ရပ် မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ၊ နင်ချန်သည် နံနက်ခင်း စည်းဝေးပွဲ ပြီးဆုံးသောအခါ ချီနင်နန်းဆောင်သို့ သွားရောက်ခဲ့လေသည်။
***