အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁) - ကွမ်းရှင်းရဟန်း၊ ရှစ်ကွက်မှန် ဗုဒ္ဓသားတော်၏ မိစ္ဆာစိတ်
”အဲဒီရဟန်းက ချင်းယီဘုရားကျောင်းထဲမှာ ရှိနေတာ၊ ဒီညပဲ လက်စသတ်ရမယ်၊ ငါတို့လည်း သွားပြီး ဝိုင်းဝန်းကူညီရမယ် “
ညမှောင်မှောင်ထဲတွင် ရုတ်တရက် အသံများ ထွက်ပေါ်လာသဖြင့် လီယန်ချူမှာ တစ်ခဏ မှင်တက်သွားသည်။
ထိုအခန်းထဲတွင် လက်ထဲ၌ မြင်းမြီးယပ် ကို ကိုင်ဆောင်ထားသည့် တာအိုအိုကြီးတစ်ဦး ရှိနေသည်။
၎င်းအပြင် လောကီဓားသမားတစ်ဦးလည်း ရှိနေသေးသည်
သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး လက်ထဲမှ ဓားရှည်မှာ အလွန်ပင် ရှည်လျားလှရာ သာမန်ဓားများထက် တစ်ပေခန့် ပိုရှည်နေသည်။
ဖန့်ချင်းလန် ပြောဖူးသည်ကို လီယန်ချူ သတိရလိုက်သည်။
ယေဘုယျအားဖြင့် ထိုကဲ့သို့သော ဓားရှည်ကို အသုံးပြုသူများသည် သာမန်လူများထက် ပိုမိုရက်စက်ပြီး ကောက်ကျစ်တတ်ကြကာ လှည့်ကွက်များကို သုံးလေ့ရှိသည်။
ထိုတာအိုအိုကြီးကို ကြည့်ရသည်မှာ နတ်ဘုရားကဲ့သို့ တည်ငြိမ်သော်လည်း မျက်ခုံးအစုံကြားတွင် အေးစက်ခက်ထန်သည့် အရိပ်အယောင်များ ရှိနေသဖြင့် လူကောင်းတစ်ယောက်တော့ မဟုတ်နိုင်ပေ။
လီယန်ချူသည် ဝိညာဉ်အခြေအနေဖြင့် အနားသို့ အနည်းငယ် တိုးကပ်သွားပြီး သူတို့ ဘာပြောနေကြသည်ကို အသေးစိတ် နားထောင်ရန် ကြံရွယ်လိုက်သည်။
သို့သော် ထိုတာအိုအိုကြီးမှာ ရုတ်တရက် သူပုန်းကွယ်နေသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
”ဘယ်က တာအိုမိတ်ဆွေက ဒီမှာ ခိုးနားထောင်နေတာလဲ “
တာအိုအိုကြီးက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
ထို့နောက် အဝါရောင်အဆောင် တစ်ချပ်ကို ပစ်ပေါက်လိုက်ရာ ထိုအဆောင်ပေါ်တွင် မိုးကြိုးစွမ်းအား အငွေ့အသက် အနည်းငယ် ပါဝင်နေသည်။
လီယန်ချူ အံ့အားသင့်သွားသည်၊ ထိုတာအိုအိုကြီးမှာ ဤမျှအထိ အာရုံစူးရှလိမ့်မည်ဟု မထင်ထားပေ။
ထို့ပြင် မဆိုင်းမတွဘဲ တိုက်ရိုက် တိုက်ခိုက်လာခြင်း ဖြစ်သည်
သူသည် ဘေးသို့ ရှောင်တိမ်းကာ ထိုအဝါရောင်အဆောင်ကို ရှောင်လိုက်သည်။
ထို့နောက်တွင် ထိုတာအိုအိုကြီးက ရင်ဘတ်ထဲမှ ရှစ်ကွက်မှန် တစ်ချပ်ကို ထုတ်ယူကာ လက်ဖြင့် မြှောက်ကိုင်လိုက်ပြီး လီယန်ချူ ရှိရာသို့ တိုက်ရိုက် ထိုးချိန်လိုက်သည်
ရှစ်ကွက်မှန်ထဲမှ ပူပြင်းသည့် အရှိန်အဝါများ ပါဝင်သော အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါမျိုးသည် ဝိညာဉ်များကို အလွန်အမင်း ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်း ရှိသည်
လီယန်ချူသည် ချက်ချင်းပင် အဝေးသို့ ရှောင်ထွက်လိုက်ပြီး ပြန်လည် တိုက်ခိုက်ခြင်း မပြုခဲ့ပေ
ရန်သူ၏ ရက်စက်မှုကိုတော့ သူ ကောင်းကောင်း သိလိုက်ရပြီ။
ခုနကသာ သူ့တွင် ဝိညာဉ်ကို ကာကွယ်ပေးသည့် လင်ကွမ်းဖိတ်ခေါ်အဆောင် မရှိခဲ့လျှင် ရန်သူ့လက်ထဲမှ ရှစ်ကွက်မှန်သည် သူ၏ ဝိညာဉ်ကို အကြီးအကျယ် ဒဏ်ရာရသွားစေမည် ဖြစ်သည်။
”ချင်းယီဘုရားကျောင်း ဒါဆိုရင် ဟွေ့ကျိန်းဆရာတော်ကို ရည်ရွယ်တာလား “
ချင်းယီဘုရားကျောင်း အတွင်း၌။
ကျယ်ဝန်းသော ဘုန်းကြီးကျောင်းဆောင်တစ်ခုအတွင်း။
ဟွေ့ကျိန်းဆရာတော်သည် ကုတင်ပေါ်တွင် ထိုင်နေပြီး၊ မျက်နှာတွင် စိတ်လှုပ်ရှားမှုအချို့ ရှိနေကာ မျက်ဝန်းများမှာ ဓားကဲ့သို့ ထက်မြက်နေသည်။
မျက်နှာချင်းဆိုင်တွင် ရဟန်းပျိုတစ်ပါး ရပ်နေသည်။
ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းပြီး ရုပ်ရည်မှာ အလွန်ပင် ခန့်ညားလှပသည်။
ဖြူစင်သော သင်္ကန်းကို ဝတ်ရုံထားပြီး သူ၏ အရေပြားပေါ်တွင် ဖျော့တော့သော ကျောက်စိမ်းရောင် အလင်းတန်းများ ရစ်ဝိုင်းနေသည်။
သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သိုင်းလောကရှိ အမာခံကျင့်စဉ် ကျင့်ကြံသူများထက်ပင် ပိုမိုကြံ့ခိုင်သည်။
ထို့ပြင်
သူသည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူ၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ ထုထည်ကြီးမားလှသည်။
လူကို အလွန်ပင် အန္တရာယ်ရှိသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။
”ဟွေ့ကျိန်းကိုယ်တော် ၊ ကိုယ်တော်က အရမ်းကို စွဲလမ်းလွန်းနေပြီ၊ ဘာဖြစ်လို့ ဟွေ့ရှင်းကိုယ်တော်ရဲ့ ကိစ္စကို ဒီလောက်အထိ လိုက်စုံစမ်းနေရတာလဲ၊ လင်ရှီးဘုရားကျောင်းမှာပဲ အေးအေးဆေးဆေး တရားထိုင်နေရင် မကောင်းဘူးလား “
ရဟန်းပျို၏ အသံမှာ အလွန်ပင် စွဲဆောင်မှုရှိသော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ပေါ့ပျက်ပျက်နိုင်နေသည်။
ဟွေ့ကျိန်းဆရာတော်၏ မျက်နှာမှာ ပျက်သွားပြီး အေးစက်စွာ ဆိုသည်
”ကွမ်းရှင်း မင်းက ဗုဒ္ဓဘာသာမှာ အလွန်ပါရမီပါတဲ့ မျိုးဆက်သစ် တစ်ယောက်ပဲ ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင်လုပ်ပြီး ချိကဲဘက်ဂိုဏ်းနဲ့ ပူးပေါင်းလိမ့်မယ်လို့ မထင်ထားဘူး “
ကွမ်းရှင်း ဟု ခေါ်သော ထိုရဟန်းပျိုက ခပ်ဖွဖွ ရယ်မောလိုက်ပြီး အေးဆေးစွာ ဆိုသည်
”အခုက အားပြိုင်မှုခေတ်ကြီးပဲ၊ တံခါးပိတ်ပြီး တရားထိုင်နေရုံနဲ့ ဘာထူးမှာလဲ၊ ဟွေ့ရှင်းကိုယ်တော်လည်း လောကီစိတ်ဝင်ပြီး မသေဆေးကို လိုက်ရှာရင်းနဲ့မှ အသက်ဆုံးရှုံးခဲ့ရတာ မဟုတ်လား”
ဟွေ့ကျိန်းဆရာတော်က လေးနက်စွာ ဆိုသည်
“ကိုယ်တော် ပြောသားပဲ၊ ဟွေ့ရှင်းက တောရိုင်းတိရစ္ဆာန်လက်ချက်နဲ့ သေစရာ အကြောင်းမရှိဘူးလို့ “
”အဲဒီ ရှန်းရှောင်တောင်မှ ဟွေ့ရှင်းရဲ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး၊ မင်း လက်စသတ်လိုက်တာလား “
သူ၏ မျက်လုံးများက ထိုရဟန်းပျိုကို စူးစိုက်ကြည့်နေသည်။
ကွမ်းရှင်းရဟန်းက ပြုံးလိုက်ပြီး
“ဟွေ့ကျိန်းကိုယ်တော်လည်း အစကတည်းက ရိပ်မိနေတာပဲ မဟုတ်လား ကိုယ်တော့်ရဲ့ မဟာလက်ဝါးတံဆိပ် သာ မပါခဲ့ရင် ဟွေ့ရှင်းက်ုယ်တော်က ရှန်းရှောင်ရဲ့ အကိုက်အခံကို ဒီလောက် အလွယ်တကူ ခံရပါ့မလား “
သူ၏ စကားလုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ဟွေ့ကျိန်းဆရာတော်၏ မျက်နှာတွင် ကြေကွဲဝမ်းနည်းမှုများ ပေါ်လာသည် သူ၏ ညီတော်ဟွေ့ရှင်းမှာ ကျင့်ကြံမှု မြင့်မားပါလျက်နှင့် နောက်ဆုံးတွင် ဗုဒ္ဓဘာသာဝင် အချင်းချင်း၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ကို နှမြောမိခြင်း ဖြစ်သည်။
”ကောင်းပြီ မင်း ဝန်ခံရဲတာ ကောင်းတယ်၊ ဒီနေ့ ကိုယ်တော်က ဗုဒ္ဓဘာသာရဲ့ ဒီအမှိုက်သရိုက်ကို ရှင်းပစ်မယ် “
ကွမ်းရှင်းရဟန်းမှာ အလွန်ပင် တည်ငြိမ်နေပြီး ခပ်ဖွဖွ ရယ်မောကာ ဆိုသည်
”ကိုယ်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ၊ ခုနက ကိုယ်တော့်ရဲ့ မဟာလက်ဝါးတံဆိပ် တစ်ချက် မိထားတာဆိုတော့ အခု ကိုယ်တွင်း အကြောတွေ ခံရခက်နေပြီ မဟုတ်လား “
”ကိုယ်တော်လက်ထဲက ကျောက်စိမ်းအကွဲစကိုပဲ ပေးလိုက်ပါ၊ ဝေမြို့တော် နတ်ဘုံနန်းထဲမှာ ကိုယ်တော် ပထမဆုံး ဝင်နိုင်အောင် ကူညီပေးပါ ဒါဆိုရင် နာကျင်မှုတွေ သက်သာသွားတာပေါ့ “
အမှန်စင်စစ်မှာ ဟွေ့ကျိန်းဆရာတော်သည် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာသော ထိုကွမ်းရှင်းရဟန်းကို လုံးဝ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ် ရန်သူ၏ တိုက်ခိုက်မှုမှာ ဤမျှအထိ မြန်ဆန်ပြီး ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုရုတ်တရက် တိုက်ခိုက်မှုကြောင့် သူသည် ဒဏ်ရာရရှိသွားခဲ့ပြီ
ဟွေ့ကျိန်းဆရာတော်၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာသည် သူ၏ ဦးခေါင်းထိပ်မှ စတင်၍ ရွှေရောင်ဆေးများ တစ်စတစ်စ ပေါ်လာပြီး တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
တစ်ကိုယ်လုံးမှာ ရွှေရုပ်ကြီးတစ်ရုပ်ကဲ့သို့ ဖြစ်သွားသည်။
”စိန်သားကိုယ်ထည် “
ကွမ်းရှင်းရဟန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး နောက်တစ်ခဏတွင် တိုက်ခိုက်လိုက်သည်
ဒေါင်
သူ၏ လက်သီးခြေသံများနှင့်အတူ ပြင်းထန်သော လေလှိုင်းများ ပါလာပြီး၊ သာမန်တိုက်ခိုက်မှု တစ်ချက်ချင်းစီတွင်ပင် တောင်ဖြိုကျောက်ခွဲနိုင်သည့် အရှိန်အဝါများ ပါဝင်နေသည်။
ဟွေ့ကျိန်းဆရာတော်၏ ရင်ဘတ်ကို ထိမှန်သွားသောအခါ ကြေးစည်ကြီးကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ထိုအသံသည် ချင်းယီဘုရားကျောင်း၏ အခန်းတွင်း၌ ဟိန်းထွက်သွားသည်
ဝူး
ဟွေ့ကျိန်းဆရာတော်သည် လက်ထဲမှ လေးလံသော တောင်ဝှေး ကို ဝှေ့ယမ်းလိုက်ရာ၊ ဗုဒ္ဓ၏ နူးညံ့လှသော စွမ်းအားများ စီးဝင်သွားပြီး တောင်ဝှေးမှာ ရုတ်တရက် နှစ်ဆခန့် ကြီးမားသွားသည်
အိမ်တိုင်ကြီးတစ်တိုင် ကဲ့သို့ပင်
ကွမ်းရှင်းရဟန်းဆီသို့ လေမုန်တိုင်းကဲ့သို့ အရှိန်ဖြင့် လွှဲရိုက်လိုက်သည်။
ကွမ်းရှင်းရဟန်းသည် လက်ဝါးတစ်ဖက်ဖြင့် တိုက်ရိုက် တားဆီးလိုက်ရာ၊ ဗုဒ္ဓဘာသာ၏ မဟာစွမ်းအားများ စီးဝင်နေသော ထိုတောင်ဝှေးကြီးကို လက်ဝါးတစ်ဖက်တည်းဖြင့်ပင် ထိန်းထားနိုင်ခဲ့သည်
ဘုန်း
ကွမ်းရှင်းရဟန်း၏ ခြေထောက်အောက်ရှိ အုတ်ပြားများမှာ အပိုင်းပိုင်းကွဲအက်ကုန်ပြီး အပြင်သို့ ပျံ့နှံ့သွားသည်
မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းများမှာ အပြင်ဘက်သို့ လှိုင်းလုံးများကဲ့သို့ လွင့်ထွက်သွားသည်။
အခန်းတွင်းရှိ ပြတင်းပေါက်များနှင့် တံခါးများမှာ တစ်ခဏချင်းမှာပင် ပွင့်ထွက်သွားပြီး လေပြင်းများ တိုက်ခတ်လာသည်။
နှစ်ဦးသားမှာ ချင်းယီဘုရားကျောင်း၏ အခန်းတွင်း၌ တိုက်ခိုက်နေကြပြီး ကိုယ်ရောင်ကိုယ်ဝါများမှာ ရိပ်ကနဲ ရိပ်ကနဲ ဖြစ်နေသည်။
ဒုန်း ဒုန်း ဒုန်း
အသံများမှာ အလွန်ပင် ကျယ်လောင်လှပြီး ပြင်းထန်လှသော တိုက်ပွဲသံများသည် ချင်းယီဘုရားကျောင်း တစ်ခုလုံး၌ ဟိန်းထွက်နေသည်။
ရဟန်းအများအပြားမှာ လန့်နိုးလာကြပြီး သင်္ကန်းများကို ကမန်းကတန်း ဝတ်ရုံ၍ အသံလာရာသို့ အပြေးအလွှား ရောက်လာကြသည်။
ဝုန်း
လူအများအပြား ရောက်လာချိန်တွင် တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး ရွှေရုပ်ကြီးနှင့် တူသော သက်လတ်ပိုင်း ရဟန်းတစ်ပါးမှာ အခန်းခေါင်မိုးကို ဖောက်ထွက်၍ ပျံတက်လာသည်ကို မြင်လိုက်ရသည်။
သူသည် ကောင်းကင်ယံတွင် ငြိမ်သက်စွာ ပျံဝဲနေပြီး လက်နှစ်ဖက်ကို အုပ်မိုး ထားကာသူ၏ ကိုယ်ပေါ်တွင် နူးညံ့ပြီး ခန့်ညားလှသော ဗုဒ္ဓအလင်းတန်းများ ဖုံးလွှမ်းနေသည်။
လောကသို့ ရောက်ရှိလာသော ရဟန္တာ တစ်ပါးကဲ့သို့ပင် လင်ရှီးဘုရားကျောင်းမှ ထိုဆရာတော်၏ ကျင့်ကြံမှုမှာ အလွန်ပင် မြင့်မားလှသည်။
ထို့ကြောင့်လည်း ယခင်က လျှို့ဝှက်နက်နဲသော အဘိုးအိုကို သူ၏ အရှိန်အဝါဖြင့် ရှောင်ထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤဟွေ့ကျိန်းဆရာတော်သည် ဗုဒ္ဓဘာသာလောကတွင် ကျော်ကြားလှသော လက်ရွေးစင် ပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော် အံ့အားသင့်စရာ ကောင်းသည်မှာ ရဟန်းပျို ကွမ်းရှင်းမှာလည်း နောက်မှ လိုက်၍ ဖောက်ထွက်လာပြီး၊ သူ၏ လက်ခြေများတွင် ကြီးမားသော စွမ်းအားများ ပြည့်နှက်နေကာ ကောင်းကင်တွင် ပျံဝဲနေသော ထိုတောင်ဝှေးနှင့် အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
”ဒါက ဟွေ့ကျိန်းဆရာတော်နဲ့ ကွမ်းရှင်းပဲ “
”ကွမ်းရှင်းက ဒီလောက်အထိ ကျင့်ကြံမှု မြင့်နေတာလား”
”သူတို့နှစ်ယောက် ဘာဖြစ်လို့ တိုက်နေကြတာလဲ”
ချင်းယီဘုရားကျောင်းမှ ရဟန်းများမှာ တီးတိုးပြောဆိုနေကြပြီး အနားသို့ မကပ်ရဲကြပေ။
ကွမ်းရှင်းရဟန်းမှာလည်း လင်ရှီးဘုရားကျောင်းမှ ဆင်းသက်လာသူ ဖြစ်သော်လည်း သူသည် ပါရမီထူးချွန်ပြီး နတ်ဘုရားပေးသော ခွန်အားရှိသည့်အပြင် ကျင့်ကြံမှုလည်း မြင့်မားသဖြင့် လင်ရှီးဘုရားကျောင်းမှ စောစီးစွာ ထွက်ခွာသွားခဲ့သည်။
သူသည် မြို့တော်ရှိ တာ့ရှန်းကော်ဘုရားကျောင်း တွင် သွားရောက်ကျင့်ကြံခဲ့သဖြင့် လူငယ်မျိုးဆက်သစ်များထဲတွင် ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်သည်။
ဟွေ့ကျိန်းဆရာတော်မှာမူ လင်ရှီးဘုရားကျောင်းမှ ဆရာတော်ကြီး ဖြစ်ပြီး ဝါအရဆိုလျှင် ကွမ်းရှင်း၏ ဦးလေး တော်စပ်သည်။
ထိုနှစ်ဦးမှာ ဘာကြောင့် တိုက်ခိုက်နေကြပါသနည်း
ဝုန်းဝုန်းဝုန်း
ကွမ်းရှင်းရဟန်းနှင့် ဟွေ့ကျိန်းဆရာတော်၏ တောင်ဝှေးတို့ ထိတွေ့မိသည့် အသံမှာ အလွန်ပင် ကျယ်လောင်လှသည်။
ဖုန်မှုန့်များ ပျံတက်နေပြီး မြေပြင်ပေါ်တွင်လည်း ကျင်းကြီးများ အဆက်မပြတ် ပေါ်ပေါက်လာရာအလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ချင်းယီဘုရားကျောင်းမှ ရဟန်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုနေရာမှ အဝေးသို့ ရှောင်ထွက်သွားကြသည်။
အခန်း (၁၀၂) - ဗုဒ္ဓဘာသာ တန်ခိုးပြိုင်ပွဲ ဟွေ့ကျိန်းဆရာတော်ကို ဝိုင်းဝန်းလုပ်ကြံခြင်း
ဝုန်း
ကွမ်းရှင်းရဟန်းသည် တည်ကြည်သောမျက်နှာထားဖြင့် တစ်ကိုယ်လုံးရွှေရောင်အလင်းများ တောက်ပလာပြီး၊ နူးညံ့သော ဗုဒ္ဓစွမ်းအားများကို လက်ထဲတွင် စုစည်းလိုက်ရာ ရွှေရောင်တောက်ပသော မဟာလက်ဝါးတံဆိပ်တစ်ခု ပေါ်လာသည်။
ထိုလက်ဝါးဖြင့် ဟွေ့ကျိန်းဆရာတော်ထံ တိုက်ရိုက်ရိုက်နှက်လိုက်သည်
လေးလံလှသော ဖူမော်တောင်ဝှေး မှာ နောက်သို့ လွင့်စဉ်သွားရသည်
ဟွေ့ကျိန်းဆရာတော် ရှိနေသည့် အခန်းခေါင်မိုးအပေါ်ပိုင်းမှာလည်း ထိုမဟာလက်ဝါးတံဆိပ်ကြောင့် တိုက်ရိုက်ပင် ကြေမွသွားခဲ့သည်
ကျောက်ခဲစများ လွင့်စင်ပြီး ဖုန်မှုန့်များ ပျံတက်သွားသည်။
မြေလှုပ်မတတ် ပြင်းထန်လှသော အရှိန်အဝါကြောင့် ချင်းယီဘုရားကျောင်းရှိ သာမန်ရဟန်းများမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်
ခုနစ်မိုင်၊ ရှစ်မိုင်ခန့်အကွာအဝေးမှပင် ဤကျယ်လောင်လှသော အသံကြီးကို ကြားနေရသည်။
ဟွေ့ကျိန်းဆရာတော်သည် လက်နှစ်ဖက်ဖြင့် ဂါထာလက်ကွက် များ ရွတ်လိုက်ရာ၊ တောင်ဝှေးမှာ တစ်ဖန်ပြန်၍ ကြီးမားလာပြီး သာမန်အိမ်တိုင်များထက်ပင် နှစ်ဆမက ပိုကြီးသွားသည်
ဝုန်း
တောင်ဝှေးသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်မှ ကျဆင်းလာပြီး ကွမ်းရှင်းရဟန်း၏ ကိုယ်ပေါ်သို့ တည့်တည့်စိုက်ကျသွားသည်
မြေပြင်တွင် ချက်ချင်းပင် ကျင်းကြီးတစ်ခု ပေါ်လာပြီး၊ မြေနဂါး လှန်သကဲ့သို့ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
ကွမ်းရှင်းရဟန်း၏ ပါးစပ်မှ သွေးများ စီးကျလာပြီး ဒူးထောက်ကျသွားကာ လက်နှစ်ဖက်ကို အုပ်မိုးထားရသည်။
နဂါးနှင့် ကျားကို နှိမ်နင်းနိုင်သော မဟာစွမ်းအားများ ကိန်းဝပ်နေသည့် ထိုစိန်သားတောင်ဝှေး ကြောင့် သူသည် ကျင်းထဲသို့ တိုက်ရိုက် ဖိသိပ်ခံလိုက်ရသည်။
သို့သော် သူ၏ မျက်ဝန်းများမှာ လင်းလက်နေဆဲဖြစ်ပြီး လှောင်ပြောင်လိုသည့် အရိပ်အယောင်ပင် ထွက်ပေါ်နေသည်
ဟွေ့ကျိန်းမှာ ဒဏ်ရာ မနည်းတော့ပေ
ကွမ်းရှင်းရဟန်းသည် ကိုယ်ကို လှုပ်ရှားလိုက်ကာ ကျင်းထဲမှ ကောင်းကင်သို့ ပျံတက်လာပြီး ဟွေ့ကျိန်းဆရာတော်ထံ လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်
ဤလက်သီးသည် လေမုန်တိုင်းကဲ့သို့ ပြင်းထန်လှပြီး လေထုထဲတွင် ကျားဟိန်းသံ၊ နဂါးတွန်သံများပင် ထွက်ပေါ်လာသည်။
ဒေါင်
ဟွေ့ကျိန်းဆရာတော်၏ ကိုယ်ပေါ်တွင် သတ္တုချင်း ထိတွေ့သည့်အသံ ထွက်ပေါ်လာပြီး မီးပွားများပင် လွင့်စင်သွားသည်။
"မိစ္ဆာကောင် "
ဟွေ့ကျိန်းဆရာတော်က ဟိန်းဟောက်လိုက်ပြီး လက်လှမ်း၍ ခေါ်လိုက်ရာ တောင်ဝှေးမှာ လက်ထဲသို့ ပြန်ရောက်လာသည်။
ထို့နောက် တောင်ဖြိုကျောက်ခွဲနိုင်သော အရှိန်အဝါဖြင့် ကွမ်းရှင်းရဟန်းထံ ရိုက်ချလိုက်သည်
ဘုန်း ဘုန်း ဘုန်း
နှစ်ဦးသား၏ လှုပ်ရှားမှုများမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှပြီး၊ သူတို့ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော လေလှိုင်းများမှာ ချင်းယီဘုရားကျောင်း၏ မြေကွက်လပ်တွင် အဆက်မပြတ် ပေါ်ပေါက်နေသည်။
ချင်းယီဘုရားကျောင်းမှ အချို့သော ရဟန်းများမှာ ထိုတုန်ခါမှုကြောင့်ပင် သတိလစ်သွားကြသည်
ကျန်ရှိသူများမှာလည်း ဤနေရာမှ ဝေးရာသို့ အသီးသီး ထွက်ပြေးကြကုန်သည်။
ဤနှစ်ဦးမှာ တစ်ဦးက ဗုဒ္ဓဘာသာလောကတွင် နာမည်ကျော်သော ဆရာတော်ကြီးဖြစ်ပြီး၊ နောက်တစ်ဦးမှာ မကြာသေးမီနှစ်များအတွင်း ပါရမီအရှိဆုံး မျိုးဆက်သစ်ဖြစ်သည်။
နှစ်ဦးသား တန်ခိုးပြိုင်နေကြသဖြင့် လူအများမှာ ရှောင်ရှားနေကြရသည်
ဂျိန်း
လူနှစ်ဖက်စာခန့် ရှိသော သစ်ပင်ကြီးတစ်ပင်မှာ ဟွေ့ကျိန်းဆရာတော်၏ တောင်ဝှေးချက်ကြောင့် တိုက်ရိုက်ကျိုးသွားပြီး ဝုန်းခနဲ လဲကျသွားသည်။
ကွမ်းရှင်းရဟန်းသည် တောင်ဝှေးပေါ်မှ ကြီးမားလှသော စွမ်းအားဖြင့် အပွတ်တိုက်ခံလိုက်ရသဖြင့် ရင်ဘတ်ထဲတွင် အနည်းငယ် အောင့်သွားကာ ချက်ချင်းပင် ဘေးသို့ ရှောင်လိုက်ရသည်။
ဟွေ့ကျိန်းဆရာတော်၏ မျက်ဝန်းထဲမှ ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာပြီး တောင်ဝှေးကို ဝှေ့ယမ်းကာ ဘေးတိုက် ရိုက်နှက်လိုက်သည်
ဝူး
ပြင်းထန်လှသော လေလှိုင်းကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်မှ တိုးဝင်လာသည်
ကွမ်းရှင်းရဟန်းမှာ အသက်ငယ်သော်လည်း နတ်ဘုရားပေးသော ခွန်အားရှိပြီး မြင့်မားသော ကျင့်ကြံမှုလည်း ရှိရာ၊ မဟာလက်ဝါးတံဆိပ်ကို တိုက်ရိုက် ထုတ်ဖော်၍ ပြန်လည် တိုက်ခိုက်လိုက်သည်
ဝုန်း
နှစ်ဦးသားကို ဗဟိုပြု၍ ပတ်ဝန်းကျင်မှ မြေပြင်များမှာ ရုတ်တရက် အက်ကွဲကုန်ပြီး ရိုက်ခတ်မှုလှိုင်း များမှာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။
"ဟွေ့ကျိန်းဦးလေး၊ ဦးလေးက ကိုယ်တော့်ရဲ့ မဟာလက်ဝါးတံဆိပ်ကို မိထားတာတောင် အသက်ကို ရင်းပြီး တိုက်နေတုန်းပဲလား၊ ဦးလေး လင်ရှီးဘုရားကျောင်းကို ပြန်နိုင်တော့မှာ မဟုတ်ဘူးလို့ ကိုယ်တော် ထင်တယ် "
ကွမ်းရှင်းရဟန်း၏ လှောင်ပြောင်သံမှာ ထွက်ပေါ်လာပြီး သူသည် အလွန်ပင် လွယ်လွယ်ကူကူ ရှိနေပုံရသည်။
ဤကဲ့သို့ ကမ္ဘာပျက်မတတ် တိုက်ခိုက်မှုမျိုးသည် ရေရှည်ခံမည် မဟုတ်ပေ။
သူသည် အသက်ငယ်သော်လည်း စိတ်ကူးနက်နဲသူဖြစ်ကာ တိုက်ပွဲအတွေ့အကြုံလည်း အလွန်ကြွယ်ဝသည်။
ဟွေ့ကျိန်းဆရာတော်၏ အပြင်ပန်း အရှိန်အဝါကြီးသလောက် အတွင်းပိုင်းတွင် အားနည်းနေသည်ကို သူ တစ်ချက်တည်းဖြင့် မြင်လိုက်သည်။
"အဓမ္မတပည့်၊ ဒီနေ့ ကိုယ်တော်က ဗုဒ္ဓဘာသာအတွက် မင်းလို အမှိုက်ကို ရှင်းပစ်မယ် "
ဟွေ့ကျိန်းဆရာတော်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အမျက်ထွက်နေသော ရဟန္တာ ကဲ့သို့ပင်
"အမှိုက် ကိုယ်တော်က ဗုဒ္ဓဘာသာမှာ အနာဂတ်အရှိဆုံး ဗုဒ္ဓသားတော် တွေထဲက တစ်ယောက်ပါဦးလေး၊ ဦးလေးကတော့ မိစ္ဆာစိတ် ဝင်နေပြီထင်တယ် "
ကွမ်းရှင်းရဟန်းသည် စကားပြောနေရင်း လက်သီးသုံးချက် ဆက်တိုက် ထိုးလိုက်ရာ ဟွေ့ကျိန်းဆရာတော်၏ မျက်နှာ၊ နှလုံးသားနှင့် ရင်ဘတ်ရှိ အချက်အခြာနေရာများကို အသီးသီး ပစ်မှတ်ထားသည်။
အလွန်ပင် ရက်စက်လှသည်။
ဝုန်း
ဟွေ့ကျိန်းဆရာတော်သည် လက်ထဲမှ တောင်ဝှေးကို မြေပြင်ထဲသို့ ပြင်းထန်စွာ စိုက်ချလိုက်ရာ ခြောက်လက်မခန့် နစ်ဝင်သွားပြီး၊ ပြင်းထန်သော ရွှေရောင်အလင်းတန်းတစ်ခုမှာ သူ၏ ကိုယ်ပေါ်မှ တိုက်ရိုက် ပေါက်ကွဲထွက်လာသည်။
ကွမ်းရှင်းရဟန်းမှာလည်း ထိုပြင်းထန်လှသော ဗုဒ္ဓစွမ်းအားကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။
"ကိုယ်တော် ဒီနေ့ မင်းလို မိစ္ဆာကောင်ကို ဗုဒ္ဓဘာသာအတွက် အပြတ်ရှင်းမယ် "
ဟွေ့ကျိန်းဆရာတော်သည် တောင်ဝှေးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ အပေါ်သို့ ပြင်းထန်စွာ လှန်တင်လိုက်ရာ၊ ရွှေရောင်အလင်းတန်းတစ်ခုမှာ မြေပြင်ကို ဖောက်ထွက်ပြီး ကွမ်းရှင်းရဟန်းထံသို့ တိုးဝင်သွားသည်
ကွမ်းရှင်းရဟန်းသည် လက်နှစ်ဖက်ကို အုပ်မိုးလိုက်ပြီး ဘုရားကန်တော့သည့် ပုံစံကို တိုက်ရိုက် ပြုလုပ်လိုက်သည်
ရွှေရောင်အလင်းနှစ်ခု တိုက်မိရာတွင် ချင်းယီဘုရားကျောင်း၏ ကောင်းကင်ယံမှာ လင်းထိန်သွားသည်
ဤကွမ်းရှင်းရဟန်း၏ ကျင့်ကြံမှုမှာ တကယ်ကို မသေးလှပေ
ရှုး
အရိပ်ထဲမှ ဓားအလင်းတစ်ခုမှာ အသံတိတ် ထွက်ပေါ်လာပြီး မြွေဆိုးတစ်ကောင်ကဲ့သို့ ထိုးစိုက်လာသည်။
ဟွေ့ကျိန်းဆရာတော်၏ စိန်သားကိုယ်ထည်မှာ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားသည်
ဓားမှာ အလွန်ပင် ထက်မြက်လှပြီး တိုက်ခိုက်သည့် နေရာမှာလည်း အလွန်ယုတ်မာကာ ဟွေ့ကျိန်းဆရာတော်၏ ပေါင်ကြားနေရာ သို့ တိုက်ရိုက် ပစ်မှတ်ထားသည်။
ဟွေ့ကျိန်းဆရာတော်၏ မျက်ဝန်းများမှာ မှောင်ကျသွားပြီး လက်ထဲမှ တောင်ဝှေးကို ဘေးတိုက် ဝှေ့ယမ်းလိုက်သည်။
သို့သော် နောက်ကျောဘက်မှ ထိုဓားသမားမှာ အလွန်ပင် လျင်မြန်လှရာ၊ ဓားတစ်ချက် ထိုးအပြီးတွင် ချက်ချင်းပင် အဝေးသို့ ရှောင်ထွက်သွားသည်။
တောက်ပသော အဖြူရောင်အလင်းတစ်ခု ပေါ်လာပြီး၊ နတ်ဘုရားကဲ့သို့ တည်ငြိမ်လှသော တာအိုအိုကြီး ပေါ်လာကာ လက်ထဲမှ ရှစ်ကွက်မှန် ဖြင့် ဟွေ့ကျိန်းဆရာတော်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ထိုးချိန်လိုက်သည်။
ဟွေ့ကျိန်းဆရာတော်၏ လှုပ်ရှားမှုမှာ တစ်ခဏ ရပ်တန့်သွားပြီး သူ၏ ဝိညာဉ်မှာ ကြီးမားသော စွမ်းအားတစ်ခု၏ ချုပ်နှောင်မှုကို ခံလိုက်ရသည်။
၎င်းမှာ ခဏမျှသာဖြစ်ပြီး ဒဏ်ရာမရစေသော်လည်း သူ၏ ဗုဒ္ဓအလင်းတန်းတွင် ဟာကွက်တစ်ခု ပေါ်လာစေခဲ့သည်။
တင်း
ထိုဓားသမားသည် အခွင့်အရေးကို အပိုင်ဖမ်းနိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်နေသည်၊ လက်ထဲမှ ဓားမှာလည်း သာမန်မဟုတ်ဘဲ လူအမြောက်အမြားကို သတ်ဖြတ်ထားသော ဓားဖြစ်သည်။
ဟွေ့ကျိန်းဆရာတော်၏ ပေါင်နောက်ဘက်သို့ ဓားဖြင့် တိုက်ရိုက်ထိုးစိုက်လိုက်ရာ နှစ်လက်မခန့် နစ်ဝင်သွားသည်။
ကွမ်းရှင်းရဟန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်၊ ဤလူနှစ်ဦး ပေါ်လာခြင်းမှာ သူ တွက်ချက်ထားပြီးသားပင်
ရည်ရွယ်ချက်မှာ ထိုကျင့်ကြံမှုမြင့်မားသော လင်ရှီးဘုရားကျောင်းမှ ဆရာတော်ကြီးကို သတ်ဖြတ်ရန်ဖြစ်သည်။
ကွမ်းရှင်းရဟန်း၏ လက်ထဲတွင် ရွှေရောင်အလင်းများ စုစည်းလာပြီး၊ ရွှေရောင်တောက်ပသော မဟာလက်ဝါးတံဆိပ်တစ်ခု ပေါ်လာကာ တိုက်ရိုက် ရိုက်နှက်လိုက်သည်။
ဟွေ့ကျိန်းဆရာတော်မှာ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားသည်။
ကိုယ်ပေါ်မှ ရွှေဆေးများမှာ အနည်းငယ် မှိန်သွားပြီး ပါးစပ်မှ ရွှေရောင်ဖျော့ဖျော့ သွေးများ စီးကျလာသည်။
သူသည် ဗုဒ္ဓဘာသာ၏ မန္တန်များကို ရွတ်ဆိုလိုက်ရာ၊ ကိုယ်တွင်းရှိ ထုထည်ကြီးမားလှသော ဗုဒ္ဓစွမ်းအားများမှာ ဗုဒ္ဓဘာသာ၏ စာလုံးများ အဖြစ် ပြောင်းလဲသွားသည်၊
မကြာမီတွင် ထိုစာလုံးများမှာ သူ၏ ကိုယ်ကို ဝန်းရံသွားသည်။
ဝုန်းဝုန်းဝုန်း
ဟွေ့ကျိန်းဆရာတော်၏ လက်ထဲမှ တောင်ဝှေးသည် မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ နက်ရှိုင်းသော မြောင်းကြီးတစ်ခု ပေါ်လာသည်။
ကွမ်းရှင်းရဟန်းသည်လည်း ကိုယ်ကို လှုပ်ရှားလိုက်ကာ ပြင်းထန်သော ဗုဒ္ဓဘာသာ မန္တန်ဂါထာများကို အသုံးပြုလိုက်ပြီး ရွှေရောင်စာလုံးများမှာ သူ၏ ကိုယ်ပေါ်တွင် ပေါ်လာသည်။
နောက်တစ်ခဏတွင် သူသည် ဟွေ့ကျိန်းဆရာတော်၏ ရှေ့သို့ ရောက်ရှိလာသည်။
တာအိုအိုကြီးသည် လက်ထဲမှ ရှစ်ကွက်မှန်ကို မြှောက်ကိုင်ထားပြီး၊ တောက်ပသော အဖြူရောင်အလင်းဖြင့် ဟွေ့ကျိန်းဆရာတော်၏ ကိုယ်ပေါ်သို့ ထိုးချိန်ကာ သူ၏ ဝိညာဉ်ကို ချုပ်နှောင်၍ လောင်မြှိုက်နေသည်။
ထိုဓားသမားမှာလည်း ဟွေ့ကျိန်းဆရာတော်၏ နောက်ကျောတွင် အသံတိတ် ပြန်လည်ပေါ်လာပြီး လက်ထဲမှ ဓားကို ထိုးသွင်းလိုက်သည်။
ဤဓားချက်တွင် ပြင်းထန်လှသော သိုင်းပညာရှင်၏ သွေးချီစွမ်းအား များ ပါဝင်နေပြီး၊ ကျောက်ဖြိုနိုင်ရုံသာမက သံကို ဖယောင်းကဲ့သို့ ဖြတ်နိုင်စွမ်း ရှိသည်။
ထို့ပြင် လူ၏ အကြောလမ်းကြောင်းများကိုလည်း ခန့်မှန်းရခက်သော ဒဏ်ရာများ ရရှိစေနိုင်သည်။
ပညာရှင်သုံးဦးက ဟွေ့ကျိန်းဆရာတော်ကို ဝိုင်းဝန်းလုပ်ကြံနေကြခြင်း ဖြစ်သည်။
ဟွေ့ကျိန်းဆရာတော်သည် တောင်ဝှေးကို ဝှေ့ယမ်းကာ ကွမ်းရှင်းရဟန်းနှင့် အားချင်း ယှဉ်နေရသည်၊ အရှိန်အဝါ ကြီးမားသော ထိုရဟန်းပျိုမှာ ယခုအခါ ကိုယ်တွင်းရှိ ဗုဒ္ဓစွမ်းအားများ ပြန်လည်ရိုက်ခတ်မှုကို ဂရုမစိုက်တော့ပေ။
သူသည် ဟွေ့ကျိန်းဆရာတော်၏ တောင်ဝှေးကို လက်ဖြင့် တိုက်ရိုက်ဖမ်းဆွဲလိုက်ပြီး မိမိ၏ နတ်ဘုရားပေးသော ခွန်အားနှင့် မြင့်မားသော ကျင့်ကြံမှုဖြင့် ဤလင်ရှီးဘုရားကျောင်းမှ ဆရာတော်ကြီးကို ချုပ်နှောင်ထားသည်။
တာအိုအိုကြီး လက်ထဲမှ ရှစ်ကွက်မှန်မှာ စစ်မှန်သော မှော်လက်နက် ဖြစ်ပြီး ဝိညာဉ်ကို သက်ရောက်မှု ရှိစေနိုင်သည်၊ သာမန် ဝိညာဉ်အခြေအနေသာဆိုလျှင် ဝိညာဉ်ကို လွင့်စင်သွားစေနိုင်သည်အထိ ပြင်းထန်သည်။
၎င်းမှာ အလွန်ပင် အစွမ်းထက်လှသော တာအိုမှော်လက်နက် တစ်ခုဖြစ်သည်။
ယခုအခါ ဟွေ့ကျိန်းဆရာတော်ကို အကြီးအကျယ် ထိန်းချုပ်ထားနိုင်ခဲ့သည်။
အသက်အန္တရာယ် အရှိဆုံးမှာမူ နောက်ကျောဘက်မှ ထိုဓားသမား၏ ထက်မြက်သော ဓားရှည်ပင် ဖြစ်သည်၊ သူသည် သိုင်းပညာရှင်၏ သွေးချီစွမ်းအားဖြင့် ထိုဗုဒ္ဓဘာသာဆရာတော်ကြီး၏ မဟာစွမ်းအားများကို ဖောက်ခွဲပစ်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။