အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃) - ဒေါသ
ဟွေ့ကျိန်းဆရာတော်သည် လောကီသိုင်းသမားတစ်ဦး မဟုတ်သော်လည်း၊ ခုနက ခဏတာ တိုက်ခိုက်လိုက်သည်နှင့် ထိုဓားသမားမှာ သာမန်လူမဟုတ်ကြောင်း သိလိုက်ရသည်
သူ၏ ဓားပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကြီးကျယ်သော ပညာရှင်အရှိန်အဝါ ရှိသော်လည်း၊ သူအသုံးပြုသော လမ်းစဉ်မှာမူ ယုတ်မာရက်စက်သည့် လမ်းစဉ်ဖြစ်သည်။
ဤကဲ့သို့သောလူမျိုးမှာ မွေးရာပါ လူသတ်သမားဖြစ်ပြီး၊ တစ်ချက်တည်းနှင့် မသေလျှင် မိုင်ထောင်ချီ ဝေးရာသို့ ချက်ချင်း ထွက်ပြေးတတ်သည့် ထိပ်တန်းဓားသမားမျိုး ဖြစ်သည်။
ခုနက ဟွေ့ကျိန်းဆရာတော်၏ တိုက်ခိုက်မှု အကြိမ်အနည်းငယ်ကို ထိုဓားသမားက ရှောင်တိမ်းနိုင်ခဲ့သည်၊ ထိုသူ၏ ကိုယ်ဖော့ပညာမှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
ယခုအခါ ဝိုင်းဝန်းလုပ်ကြံမည့် အကွက်မှာ အောင်မြင်နေပြီဖြစ်ရာ၊ ထိုထိပ်တန်းဓားသမား၏ ဓားချက်တစ်ချက်မှာ ဗုဒ္ဓဘာသာဆရာတော်ကြီး၏ ကိုယ်စောင့်ဗုဒ္ဓအလင်းကို ဖောက်ထွက်သွားပြီဖြစ်သည်။
ထိုရှည်လျားထက်မြက်လှသော ဓားရှည်သည် ဟွေ့ကျိန်းဆရာတော်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်တော့မည့်ဆဲဆဲ
" ချုပ်နှောင်စေ "
ကြည်လင်သော အသံတစ်ခု မှောင်မိုက်သော ညထဲတွင် ဟိန်းထွက်လာပြီး၊ မျက်စိဖြင့် မမြင်နိုင်လောက်သော ရွှေရောင်အလင်းတစ်ခုသည် ထိုလောကီဓားသမား၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
သိုင်းလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဓားပညာ အထွတ်အထိပ်သို့ ရောက်နေသော ထိုပညာရှင်မှာ မိမိကိုယ်ကိုယ် ရုတ်တရက် လှုပ်ရှား၍မရတော့ကြောင်း သိလိုက်ရသည်။
သူ၏ ကိုယ်ဖော့ပညာနှင့် ဓားပညာမှာ လက်ရှိ ချန်နိုင်ငံ သိုင်းလောကတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
သို့သော် ခုနက ထိုထူးဆန်းသော ရွှေရောင်အလင်းကိုမူ သူ လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ထိုထူးဆန်းသော ရွှေရောင်အလင်း မိသွားပြီးနောက်၊ ဓားသမား၏ ကိုယ်မှာ ရုတ်တရက် တန့်သွားကာ အပိုင်ဖြစ်ရမည့် ဓားချက်မှာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ
ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်
" ကိုယ်ချုပ်ဂါထာ "
ကွမ်းရှင်းရဟန်း၏ စိတ်မှာ လေးလံသွားပြီး၊ လက်နှစ်ဖက်ဖြင့် ဟွေ့ကျိန်းဆရာတော်၏ တောင်ဝှေးကို ဖိချကာ ဟွေ့ကျိန်းဆရာတော်၏ လည်ချောင်းကို တိုက်ရိုက် လှီးဖြတ်လိုက်သည်။
သူ၏ လက်ဝါးစောင်းမှ ထွက်ပေါ်နေသော ရွှေရောင်မီးလျှံများမှာ ဓားကဲ့သို့ ထက်မြက်လှသည်။
ရန်သူကို တုံ့ပြန်ပုံမှာ သူ၏ မျိုးဆက်များထက် များစွာ သာလွန်လှသည်။
ဘုန်း
အရိပ်တစ်ခုမှာ အဝေးမှ လျှပ်စီးကဲ့သို့ ပြေးဝင်လာသည်။
လက်ဝါးတစ်ချက်မှာ ကွမ်းရှင်းရဟန်း၏ လက်နှစ်ဖက်နှင့် တိုက်ရိုက် ထိတွေ့သွားသည်။
ဂျိန်း
ကွမ်းရှင်းရဟန်း၏ ခြေထောက်အောက်ရှိ အုတ်ပြားမြေပြင်မှာ ချက်ချင်းပင် ကွဲအက်သွားပြီး၊ ဝေဝါးသော ရိုက်ခတ်မှုလှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။
ဝင်ရောက် တိုက်ခိုက်သူမှာ ရဟန်းပျိုတစ်ဦး မဟုတ်ဘဲ တာအိုဆရာတစ်ဦး ဖြစ်နေသည် မျက်နှာအချိုးအစားမှာ ပီပြင်ထင်ရှားပြီး ယခုအချိန်တွင် အလွန်ပင် ထက်မြက်သော အရှိန်အဝါ ရှိနေသည်။
"မင်းပဲ "
ကွမ်းရှင်းရဟန်းက အာမေဍိတ်သံဖြင့် ပြောလိုက်သည် သိသာသည်မှာ... သူသည် လီယန်ချူကို သိနေခြင်း ဖြစ်သည်။
ဤစကားလုံး နှစ်လုံးကြောင့် လီယန်ချူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြင်းထန်လာသည်၊ သူသည် ကွမ်းရှင်းရဟန်းကို တစ်ခါမှ မမြင်ဖူးသော်လည်း တစ်ဖက်လူက သူ့ကို သိနေသည်။
ဒါဆိုရင် ထိုသူသည် အမှောင်ထဲတွင် ပုန်းကွယ်နေသော ရန်သူ မဟုတ်ပါလား။
လီယန်ချူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေကာ လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။
ရန်ဖြစ်သည့် ကိစ္စတွင်မူ သူကဲ့သို့ စစ်မှန်သော ပထမတန်းစား သိုင်းပညာရှင်ကမှ ကျွမ်းကျင်သူ ဖြစ်သည်။
ထျန်းကန်းလက်ဝါး
ပူပြင်းထက်မြက်လှသော သွေးချီစွမ်းအားများမှာ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည် ကွမ်းရှင်းရဟန်းသည် ပြင်းထန်သော လေလှိုင်းကြီးတစ်ခု မျက်နှာသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး၊ ထို့နောက်တွင် ဝေဝါးလှသော လက်သီးရိပ်များကိုသာ မြင်လိုက်ရတော့သည်။
ဘုန်း ဘုန်း ဘုန်း
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် နှစ်ဦးသားသည် အကြိမ်ပေါင်း ဆယ်ဂဏန်းမက တိုက်ခိုက်ပြီးသွားပြီဖြစ်ရာ၊ ခြေထောက်အောက်မှ အုတ်ပြားများမှာ ကျိုးကြေကုန်ပြီး ဖုန်မှုန့်များ ပျံတက်နေသည်။
မျက်ခုံးကြားတွင် အေးစက်ခက်ထန်သော ထိုတာအိုအိုကြီးသည် လက်ထဲမှ ရှစ်ကွက်မှန်ကို မြှောက်လိုက်ရုံရှိသေး၊ ရုတ်တရက် မျက်လုံးထောင့်မှ ဓားအလင်းတစ်ခု လင်းလက်လာသည်ကို မြင်လိုက်ရသည်။
"အဘိုးကြီး မင်းရဲ့ ပြိုင်ဘက်က ဒီလူချောလေးပဲ "
ပိုင်ဟုန်းထူ၏ အသံ ထွက်ပေါ်လာပြီး ဓားပျံအတတ် ဖြင့် တာအိုအိုကြီး၏ အချက်အခြာ နေရာများကို တစ်ကွက်ချင်းစီ ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။
မြင်းမြီးယပ်ကို ကိုင်ထားသော ထိုတာအိုအိုကြီးမှာလည်း အလွန်ပင် လျင်မြန်သော လှုပ်ရှားမှု ရှိနေပြီး၊ မြင်းမြီးယပ်ကို ဝှေ့ယမ်းကာ ပျံသန်းနေသော ဓားကို အကြိမ်ကြိမ် ပုတ်ထုတ်နေသည်။
ခဏချင်းမှာပင် ထိုနှစ်ဦးမှာလည်း အကျိတ်အနယ် ဖြစ်နေကြသည်။
ထိုအချိန်တွင်၊ ဤနေရာ၌ လူတစ်ယောက်မှာ အလွန်ပင် အနေရခက်သော အခြေအနေသို့ ရောက်နေသည်။
၎င်းမှာ ခုနက ကိုယ်ယောင်ဖျောက်ရာတွင် သရဲကဲ့သို့ဖြစ်ပြီး ဓားပညာ ယုတ်မာရက်စက်သော ထိုဓားသမားပင် ဖြစ်သည်။
ထိုမျက်မှောက်ခေတ်၏ ထိပ်တန်းဓားသမားမှာ ယခုအခါ လီယန်ချူ၏ ချုပ်နှောင်ထားမှု့ကြောင့် နေရာတွင်ပင် တန့်နေရသည်။
သူ၏ ရှေ့တွင်မူ မျက်ဝန်းများ အေးစက်ခက်ထန်နေသော ဟွေ့ကျိန်းဆရာတော် ရှိနေသည်။
အမျက်ထွက်နေသော ရဟန္တာ
ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာပင် ဤဆရာတော်ကြီး၏ စိတ်ခံစားချက်ကြောင့် လှုပ်ခတ်နေသည်။
ခုနကသာ လီယန်ချူ အချိန်မီ ဝင်မတိုက်ခိုက်ခဲ့လျှင်၊ မိမိမှာ ထိုဓားသမား၏ ဓားချက်ကြောင့် အကြီးအကျယ် ဒဏ်ရာရသွားနိုင်သည်။
ဤထိပ်တန်းဓားသမား၏ မျက်လုံးများမှာ ဟွေ့ကျိန်းဆရာတော်ပေါ်သို့ ကျရောက်သွားပြီး၊ ချက်ချင်းပင် ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဂျိန်း
ဟွေ့ကျိန်းဆရာတော်သည် သာမန်သူတော်စင်များကဲ့သို့ သနားညှာတာတတ်သည့် အကျင့် မရှိပေ၊ တိုက်ခိုက်ရမည့် အချိန်တွင် တိုက်ခိုက်သည်၊ လုံးဝ အပိုစကား မပြောပေ။
လေးလံလှသော စိန်သားတောင်ဝှေးသည် ထိုဓားသမား၏ ခေါင်းကို ရင်ဘတ်ထဲသို့ ရောက်သွားအောင် တိုက်ရိုက် ရိုက်ချလိုက်သည်။
နောက်တစ်ခဏတွင်
ထိုဓားသမား၏ ခန္ဓာကိုယ်မှာ ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။
လီယန်ချူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်၊ ထိုဟွေ့ကျိန်းဆရာတော်မှာ လက်ရဲဇက်ရဲ ရှိလှသည်။
အလွန်ကောင်းသည်
သူသည် ထိုဆရာတော်ကြီးက ဓားကိုချပြီး နောင်တရပါ ဆိုသည့် စိတ်ကူးမျိုးများ ဝင်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဟွေ့ကျိန်းဆရာတော်မှာ ပြတ်သားပြီး ရက်စက်လှရာ၊ အဖွဲ့ဝင်ကို ဒုက္ခပေးမည့်သူ မဟုတ်ပေ။
လီယန်ချူသည် လက်တစ်ဖက်ဖြင့် ကွမ်းရှင်းရဟန်း၏ ညာဘက်လက်မောင်းကို ဖိချလိုက်ပြီး၊ လက်ဝါးတစ်ချက်ဖြင့် ကွမ်းရှင်းရဟန်း၏ ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။
ပူပြင်းလှသော သွေးချီစွမ်းအားတစ်ခုမှာ ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။
ကွမ်းရှင်းရဟန်း တစ်ကိုယ်လုံးမှာ နံရံကို ပြင်းထန်စွာ သွားရောက် ဆောင့်မိလေသည်။
ဤတာအိုဆရာ၏ ခွန်အားမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။
ကွမ်းရှင်းရဟန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်၊ သူကိုယ်တိုင်မှာ မွေးရာပါ ခွန်အားကြီးမားပြီး ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာ အလွန်ကောင်းသော်လည်း၊ ကြည့်ရသည်မှာ နုနယ်သော ထိုတာအိုဆရာမှာ သူ့ထက် များစွာ သာလွန်သော ကြမ်းတမ်းသည့် ခွန်အားများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့ပြင်
ကွမ်းရှင်းရဟန်းသည် ရင်ဘတ်ထဲတွင် ဆူဝေနေသော သွေးချီများကို ညင်သာစွာ ဖိနှိပ်လိုက်သည်၊ ရင်ဘတ်ရှိ အရိုးမှာ အနည်းငယ် အက်သွားပြီး၊ ခန္ဓာကိုယ်၏ နေရာအနှံ့တွင်လည်း ဒဏ်ရာအသီးသီး ရရှိသွားသည်။
ဤတာအိုက တကယ်ကို တိုက်ရည်ခိုက်ရည် ကောင်းလှသည်။
ကွမ်းရှင်းရဟန်းသည် ဗုဒ္ဓဘာသာ၏ မန္တန်များကို ရွတ်ဆိုလိုက်ရာ၊ ရွှေရောင်စာလုံးများမှာ သူ၏ ကိုယ်ပေါ်တွင် ပေါ်လာသည်။
သူသည် ဗုဒ္ဓဘာသာ၏ မဟာစွမ်းအားကို အသုံးပြု၍ ထိုတာအိုဆရာကို နှိမ်နင်းရန် ကြံရွယ်လိုက်သည်။
လီယန်ချူသည် ဂါထာကို ရွတ်ဆိုလိုက်ပြီး၊ လက်ဝါးပြင်ပေါ်တွင် လက်ချောင်းဖြင့် အလျင်အမြန် စာရေးလိုက်သည်။
ထို့နောက်တွင် ကွမ်းရှင်းရဟန်းထံသို့ လက်ဝါးကို ဖြန့်ပြလိုက်သည်
"ချုပ်နှောင်စေ "
မျက်စိဖြင့် မမြင်နိုင်လောက်သော ရွှေရောင်အလင်းတစ်ခုမှာ ကွမ်းရှင်းရဟန်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ကွမ်းရှင်းရဟန်း၏ ကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားပြီး၊ သူသည် လှုပ်ရှား၍မရရုံသာမက စကားပင် ပြော၍မရတော့ကြောင်း သိလိုက်ရသည်။
ဗုဒ္ဓဘာသာ မန္တန်ရွတ်ဆိုသံမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
လီယန်ချူသည် ကိုယ်ကို လှုပ်ရှားလိုက်ရာ၊ နောက်တစ်ခဏတွင် ကွမ်းရှင်းရဟန်း၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။
ဘုန်း
သူ၏ လက်သီးမှာ လေထဲတွင် အသံထက်မြန်သော ပေါက်ကွဲသံ ကို ထွက်ပေါ်စေပြီး၊ ထုထည်ကြီးမားလှသော သွေးချီစွမ်းအားများမှာ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
ကွမ်းရှင်းရဟန်း တစ်ကိုယ်လုံးမှာ လွင့်ထွက်သွားသည်
သွေးများလည်း တစ်ကိုယ်လုံး စိုရွှဲသွားသည်။
"ဟင် "
လီယန်ချူမှာ တစ်ခဏ မှင်တက်သွားသည်။
တစ်ဖက်လူက သေမသွားဘူးလား
သူသည် ကွမ်းရှင်းရဟန်းထံသို့ နောက်ထပ် လက်သီးတစ်ချက် ထပ်မံထိုးလိုက်သော်လည်း၊ ထိုအချိန်တွင် ကွမ်းရှင်းရဟန်းမှာ မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်စွား ရရှိသွားပြီ ဖြစ်သည်။
လက်တစ်ဖက်ကို ရင်ဘတ်တွင် ထောင်လိုက်ပြီး ဘုရားကန်တော့သည့် ပုံစံကို ပြုလုပ်လိုက်သည်။
ဝုန်း
ကွမ်းရှင်းရဟန်း၏ ကိုယ်ပေါ်တွင် ရွှေရောင် ဗုဒ္ဓအလင်းတန်းတစ်ခု ပေါ်လာပြီး၊ လီယန်ချူ၏ လက်သီးကို အတင်းအကျပ် တားဆီးလိုက်သည်။
လီယန်ချူသည် မျက်ခုံးပင့်လိုက်မိသည်၊ တစ်ဖက်လူ၏ သင်္ကန်းအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်နေသည်ကို သူ တွေ့လိုက်ရသည်။
နူးညံ့ပြီး လင်းလက်သော စွမ်းအားတစ်ခုမှာ ပျံ့နှံ့နေသည်။
တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် ကာကွယ်ပေးသည့် ရတနာတစ်ခု ရှိနေသည်။
လီယန်ချူ မပေါ်လာခင်အထိ ကွမ်းရှင်းရဟန်းမှာ အရာရာကို အေးအေးဆေးဆေးနှင့် မိမိလက်ထဲတွင် ရှိနေသကဲ့သို့ ပြုမူနေခဲ့ခြင်း ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသည်မှာ လင်ရှီးဘုရားကျောင်းမှ နာမည်ကျော် ဆရာတော်ကြီး ဖြစ်နေသော်လည်း။
သူသည် ယုံကြည်မှု အပြည့် ရှိနေခဲ့သည်
ဘာကြောင့်လဲဆိုသော်... သူသည် မကြာသေးမီနှစ်များအတွင်း ဗုဒ္ဓဘာသာလောက၏ ပါရမီအရှိဆုံးသော ဗုဒ္ဓသားတော်များထဲမှ တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။
တာ့ရှန်းကော်ဘုရားကျောင်းကဲ့သို့သော မြင့်မြတ်သည့် နေရာမျိုးတွင်ပင် သူသည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပင်။
သို့သော်
ယခုအချိန်တွင် ကွမ်းရှင်းရဟန်းမှာ စိတ်ရှုပ်ထွေးလာသည်
သူ့ကိုယ်ပေါ်တွင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ ပျံလွန်တော်မူရာမှ ကျန်ရစ်သော ဓာတ်တော် သာ မရှိခဲ့လျှင်၊ ခုနက ထိုတာအိုဆရာ၏ လက်ချက်ဖြင့် သူသည် ဒဏ်ရာရသွားနိုင်သည်။
သို့မဟုတ် တိုက်ရိုက်ပင် အသတ်ခံရနိုင်သည်။
အပြင်ပန်းတွင် ပေါ့ပျက်ပျက် နေတတ်သော်လည်း စိတ်ထဲတွင် မာန်မာနကြီးလှသော ကွမ်းရှင်းရဟန်းအတွက်မူ ဤအချက်မှာ ခွင့်မလွှတ်နိုင်စရာပင်။
ငါက ဝေမြို့တော်လို သေးငယ်တဲ့ နေရာမျိုးမှာ၊ နာမည်မရှိတဲ့ တာအိုကျောင်းက ဆင်းသက်လာသူ တစ်ယောက်ရဲ့ လက်ထဲမှာ ဘယ်လိုလုပ် ရှုံးနိမ့်ခံနိုင်မှာလဲ။
သူ၏ ကိုယ်ပေါ်မှ တောက်ပသော ဗုဒ္ဓအလင်းတန်းများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လေထုထဲတွင် ဗုဒ္ဓတရားသံ များပင် သဲ့သဲ့ ထွက်ပေါ်လာသည်။
ဒီနေ့ လင်ရှီးဘုရားကျောင်းက ဟွေ့ကျိန်းဆရာတော်ကို ဝိုင်းဝန်းမသတ်နိုင်ရင်တောင်မှ သူသည် ဤတာအိုဆရာကိုတော့ ထိုနေရာတွင် အပြတ်သတ်ပစ်ရမည်။
အခန်း (၁၀၄) - မိစ္ဆာနှိမ်နင်းပွဲ အခမ်းအနားစတင်ခြင်း
တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသော ဖိအားပေးမှုနှင့်အတူ အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ကွမ်းရှင်းရဟန်းထံမှ ပေါက်ကွဲထွက်လာရာ၊ မတိုက်ခိုက်ရသေးခင်မှာပင် ပြင်းထန်သော ဝိညာဉ်ရေးရာ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
ဂျိန်း
ပတ်ဝန်းကျင်ရှိ အပြာရောင်ကျောက်ပြား မြေပြင်မှာ ဝုန်းခနဲ ကွဲအက်ကုန်သည်
လီယန်ချူသည် မိမိ၏ နှလုံးခုန်သံ ဒုန်းဒုန်း တိုးနေသည်ကိုပင် ကြားနေရသည်။
ကွမ်းရှင်းရဟန်း၏ မျက်ခုံးအလယ်တွင် ရွှေရောင်အမှတ်အသားတစ်ခု ပေါ်လာပြီး၊ မျက်ဝန်းအစုံမှလည်း ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ဝုန်း
ရွှေရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသော မဟာလက်ဝါးတံဆိပ်တစ်ခု ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းမတတတ် အရှိန်ဖြင့် လီယန်ချူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
မီးလျှံများဖြင့် စုစည်းထားသော ထိုမဟာလက်ဝါးတံဆိပ်ပေါ်တွင် နက်နဲရှုပ်ထွေးလှသော ကျမ်းစာများ စီတန်းနေပြီး ခန့်ညားထည်ဝါလှသည်။
လီယန်ချူ၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ချွမ် ခနဲ အသံနှင့်အတူ ခါးမှ ကျန်ကျောင်းဓား ကို ဆွဲထုတ်လိုက်သည်။
လက်မောင်းနှစ်ဖက်အတွင်း သွေးချီများ ဆူဝေလာပြီး၊ ထက်မြက်ပူပြင်းလှသော လျို့ယန်စွမ်းအား များကို တစ်ခဏချင်းမှာပင် ကျန်ကျောင်းဓားအတွင်းသို့ စီးဝင်စေကာ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
လူတစ်ရပ်နီးပါး မြင့်သော ဓားအရှိန်အဝါ တစ်ခုမှာ လေထုထဲတွင် ပေါ်လာပြီး၊ အရာရာကို အမှုန့်ခြေဖျက်နိုင်သော အရှိန်ဖြင့် ကွမ်းရှင်းရဟန်း၏ မဟာလက်ဝါးတံဆိပ်ထံသို့ ခုတ်ပိုင်းသွားသည်
ဒေါင်
မြေကမ္ဘာတစ်ခုလုံးတွင် ခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်သွားသည်
နားအူသွားလောက်အောင်ပင် ကျယ်လောင်လှသည်
ဒုန်း ဒုန်း ဒုန်း
လီယန်ချူသည် နောက်သို့ သုံးလှမ်း ဆုတ်လိုက်ရသည်၊ ခြေလှမ်းတိုင်းမှာ ပြင်းထန်သော အသံကို ထွက်ပေါ်စေပြီး မြေအောက်ထဲသို့ ခြောက်လက်မခန့် နက်သော ကျင်းကြီးများ ဖြစ်သွားစေသည်
ကိုယ်ပေါ်မှ ကိုယ်ခန္ဓာအကာကွယ် မှာ အနည်းငယ် မငြိမ်မသက် ဖြစ်သွားပြီး၊ ကွမ်းရှင်းရဟန်း၏ မဟာလက်ဝါးတံဆိပ်ကြောင့် ပျက်စီးသွားလုနီးပါး ဖြစ်ခဲ့ရသည်။
ကွမ်းရှင်းရဟန်းမှာ မျက်မှောင်ကြုတ်သွားပြီး ရှေ့သို့ ဆက်လက် မတိုက်ခိုက်တော့ပေ။
သူ၏ လက်ဝါးပြင်မှာ ဓားအရှိန်အဝါကြောင့် အက်ကွဲရာတစ်ခု ဖြစ်သွားပြီး သွေးများ စိုရွှဲနေသည်။
ခုနက တစ်ကွက်တွင် သူသည် တစ်ဝက်ခန့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
ခဏချင်းမှာပင် ကွမ်းရှင်းရဟန်း၏ စိတ်ဓာတ်မှာ လှုပ်ခတ်သွားပြီး ထိုတာအိုဆရာကို မယုံကြည်နိုင်သလို ကြည့်လိုက်မိသည်။
ရှုး
ရွှေရောင်အလင်းတစ်ခု ပျံသန်းလာပြီး၊ ကြီးမားလှသော တောင်ဝှေးသည် ကောင်းကင်မှ ကျဆင်းလာကာ ကွမ်းရှင်းရဟန်းထံသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဟွေ့ကျိန်းဆရာတော်သည် ဘေးမှ ကြည့်မနေဘဲ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဤလင်ရှီးဘုရားကျောင်းမှ ဆရာတော်ကြီးသည် ကျေးဇူးနှင့် ရန်ငြိုးကို ပြတ်သားစွာ ခွဲခြားတတ်ပြီး၊ သတ်ဖြတ်ရန် ဆုံးဖြတ်ပြီးလျှင် မဆိုင်းမတွ တိုက်ခိုက်တတ်ရာ သာမန်သူတော်စင်များကဲ့သို့ ချုပ်တည်းမှုမျိုး လုံးဝမရှိပေ။
လီယန်ချူမှာ တစ်ခဏ ကြောင်သွားသော်လည်း၊ နောက်တစ်ခဏတွင် ဓားကို ဝှေ့ယမ်းကာ ရှေ့သို့ ပြေးဝင်သွားသည်။
သုံးဦးသား ရောထွေးတိုက်ခိုက်ကြတော့သည်
ဝုန်း
ဝုန်း
ဝုန်း
တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော ပြင်းထန်လှသော လေလှိုင်းများမှာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရိုက်ခတ်သွားသည်၊ ထိပ်တိုက် တွေ့ဆုံရုံမျှဖြင့် သုံးဦးစလုံးမှာ သတ်ကွက်များကိုသာ အသုံးပြုနေကြသည်
ကွမ်းရှင်းရဟန်းမှာ စိတ်ထဲတွင် လေးလံသွားပြီး မိမိ၏ ဟွေ့ကျိန်းဦးလေးအပေါ် အမြင်သစ်တစ်ခု ရရှိသွားသည်။
တိုက်ခိုက်ရမည့် အချိန်တွင် သူသည် မိမိ၏ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်တော့ပေ
အသက်ရှူကြိမ် သုံးလေးကြိမ်အတွင်းမှာပင် ကွမ်းရှင်းမှာ အန္တရာယ်ရှိသော အခြေအနေသို့ အကြိမ်ကြိမ် ရောက်ရှိသွားသည်။
ယခုအခါ သူသည် ခုနက မိမိတို့လူစုက ဟွေ့ကျိန်းဆရာတော်ကို ဝိုင်းဝန်းလုပ်ကြံစဉ်က ခံစားချက်မျိုးကို ပြန်လည် ခံစားနေရပြီ ဖြစ်သည်၊ ဟွေ့ကျိန်းဆရာတော်သည် လုံးဝ လက်မနှေးဘဲ ဤဗုဒ္ဓဘာသာ၏ မျိုးဆက်သစ်ကို ထိုနေရာတွင်ပင် အပြတ်သတ်ရန် ကြံရွယ်နေသည်။
ကွမ်းရှင်းရဟန်းသည် လက်နှစ်ဖက်ကို အုပ်မိုးလိုက်ရာ၊ တောက်ပလှသော ဗုဒ္ဓအလင်းတစ်ခု ထွက်ပေါ်လာပြီး လီယန်ချူနှင့် ဟွေ့ကျိန်းဆရာတော်တို့ကို နောက်သို့ ဆုတ်သွားအောင် အတင်းအကျပ် တွန်းထုတ်လိုက်သည်။
နောက်တစ်ခဏတွင်၊ သူသည် လက်ထဲမှ လက်ရာမြောက်သော ကြွေပုလင်းငယ်လေးတစ်လုံးကို မြေပြင်သို့ ရိုက်ခွဲလိုက်သည်။
ဝုန်း
ကြွေပုလင်းမှာ မြေပြင်သို့ ကျသည်နှင့် တပြိုင်နက် တောက်ပလှသော အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ဝေမြို့တော်၏ ကောင်းကင်ယံ တစ်ဝက်ခန့်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။
တစ်ချိန်တည်းမှာပင် မီးလျှံတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှု၏ လေလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ စွမ်းအားလှိုင်းများမှာ ရှုပ်ထွေးသွားရသည်။
လူတိုင်း၏ မျက်စိ ပြန်လည် ကြည့်ရှုနိုင်သည့် အချိန်တွင်မူ ကွမ်းရှင်းရဟန်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
၎င်းသာမက၊ ခုနက ပိုင်ဟုန်းထူနှင့် အကျိတ်အနယ် တိုက်ခိုက်နေသော တာအိုအိုကြီးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။
လီယန်ချူမှာ မျက်မှောင်ကြုတ်သွားသည်၊ အရှိန်အဝါ ကြီးမားလှသော ထိုရဟန်းပျိုမှာ ခုနကအထိ လောကီလူသားအားလုံးကို ပုရွက်ဆိတ်ကဲ့သို့ အထင်သေးသော မာန်မာန ရှိနေသော်လည်း၊
ယခုကဲ့သို့ ထွက်ပြေးရမည့် အချိန်တွင်မူ ဘာကိုမျှ တွန့်ဆုတ်မနေဘဲ ချက်ချင်း ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်ကို ပြတ်သားလွန်းလှသည်။
"အမိတာဘ၊ မိစ္ဆာကောင်ကို ထွက်ပြေးခွင့် ပေးလိုက်ရပြီ "
ဟွေ့ကျိန်းဆရာတော်သည် စွမ်းအားများကို ပြန်လည် သိမ်းဆည်းလိုက်ရာ ကိုယ်ပေါ်မှ ရွှေဆေးများ ပျောက်ကွယ်သွားပြီး၊ အသံထဲတွင် အလွန်ပင် နှမြောတသဖြစ်နေပုံ ရသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဒီညရဲ့ ရန်သူတွေက တကယ်ကို လက်ပေါက်ကပ်တာပဲ။
ဟွေ့ကျိန်းဆရာတော်သည် လီယန်ချူတို့ နှစ်ဦးထံသို့ လှည့်၍ ကျေးဇူးတင်စကား ဆိုသည်။
"ဒီည ဝိုင်းဝန်းကူညီပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ ကိုယ်တော် အလွန်ပဲ ဝမ်းမြောက်မိပါတယ် "
"ဆရာတော်ကလည်း အားနာစရာကြီးပါ၊ ကျွန်တော်က ချင်းယီဘုရားကျောင်းက လူတွေကို တစ်ယောက်ယောက်က လုပ်ကြံဖို့ ကြံစည်နေတာကို မတော်တဆ သိလိုက်ရလို့ ဆရာတော်အကြောင်း သတိရပြီး လာကြည့်တာပါ "
"ဒါကြောင့်ကိုး၊ ကျေးဇူးတင်ပါတယ် လီတာအိုဆရာ "
ထိုအချိန်တွင် ချင်းယီဘုရားကျောင်း၏ ဝင်းထဲမှာတော့ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်၊ မြေပြင်တွင် ကျင်းကြီးများ ပြည့်နေပြီး မီးခိုးငွေ့များလည်း ဝေနေသည်။
ဟွေ့ကျိန်းဆရာတော်က သက်ပြင်းချလိုက်သည်။
"ခုနက ထွက်ပြေးသွားတဲ့ ရဟန်းပျိုရဲ့ နာမည်က ကွမ်းရှင်း ပါ၊ သူက လင်ရှီးဘုရားကျောင်းက ဆင်းသက်လာတာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မြို့တော်က တာ့ရှန်းကော်ဘုရားကျောင်းကို ရောက်သွားခဲ့တယ် သူက မိစ္ဆာလမ်းစဉ် ထဲကို ရောက်သွားပြီး ချိကဲဘက်ဂိုဏ်း နဲ့ ပူးပေါင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ကိုယ်တော့်ရဲ့ ညီတော် ဟွေ့ရှင်း တောင် သူ့လက်ချက်နဲ့ ပျံလွန်ခဲ့ရတာ "
ချိကဲဘက်ဂိုဏ်း
လီယန်ချူ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်၊ ခုနက ရဟန်းပျိုမှာလည်း ချိကဲဘက်ဂိုဏ်းဝင် ဖြစ်နေသည်။
သူသည် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဂိုဏ်းအပေါ် ပိုမို စိတ်ဝင်စားလာမိသည်။
ဘယ်လိုမျိုး အဖွဲ့အစည်းဖြစ်လို့ အနာဂတ်အလွန်ရှိတဲ့ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်တစ်ယောက်ကို မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားအောင် ဆွဲဆောင်နိုင်ရတာလဲ။
ပြီးတော့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကိုပါ သတ်ဖြတ်နိုင်ရတာလဲ။
ချင်းယီဘုရားကျောင်းသည် ဝေမြို့တော်၏ အစွန်ဆုံး နေရာတွင် တည်ရှိသော်လည်း၊ ပုံမှန်အားဖြင့် ဘုရားဖူးများပြားသော နေရာဖြစ်ရာ ယခုကဲ့သို့ ကြီးမားသော တုန်ခါမှုကြောင့် မကြာမီမှာပင် အစိုးရ၏ စစ်သည်များ ရောက်ရှိလာကြသည်။
တစ်ဖန် ပြန်လည် ရှင်းလင်းပြောဆိုရပြန်သည်၊ ဟွေ့ကျိန်းဆရာတော်သည် ကွမ်းရှင်းရဟန်း၏ ကိစ္စကို ဖုံးကွယ်ထားလိုက်သည်၊ ထိုကိစ္စမှာ ဗုဒ္ဓဘာသာဝင် အချင်းချင်းကြားမှ ကိစ္စဖြစ်သဖြင့် ဟွေ့ကျိန်းဆရာတော်မှာ လူသိရှင်ကြား မထုတ်ဖော်ခဲ့ပေ။
လီယန်ချူနှင့် ပိုင်ဟုန်းထူတို့လည်း ချင်းယွန်းကျောင်းသို့ ပြန်လာခဲ့ကြသည်။
ညမှာတော့ ဘာမှ မထူးခြားတော့ပေ။
ကွမ်းရှင်းရဟန်းနှင့် ထိုတာအိုအိုကြီးမှာ လူ့လောကမှ ပျောက်ကွယ်သွားသကဲ့သို့ ရက်အနည်းငယ်ကြာသည်အထိ မည်သည့် အရိပ်အယောင်မျှ မတွေ့ရတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာနှိမ်နင်းပွဲ ကျင်းပမည့် နေ့သို့ ရောက်ရှိလာသည်။
ထုံမြို့ မှ ယုံရှင်းကျောင်း နှင့် ရဲ့မြို့ မှ ကျင့်အန်းဘုရားကျောင်း တို့ ပူးပေါင်းစီစဉ်သော ထိုပွဲသို့ နာမည်ကျော် တာအိုကျောင်းများနှင့် ဘုန်းကြီးကျောင်းများသာမက သိုင်းလောကမှ ထူးဆန်းသော စွမ်းအားရှင်များလည်း ရောက်ရှိလာကြသည်။
ကျင်းပမည့် နေရာမှာ ဝေမြို့တော်ရှိ လျန်အိမ်တော် တွင် ဖြစ်သည်၊ လျန်အိမ်တော်၏ အိမ်တော်သခင်မှာ ကျင့်အန်းဘုရားကျောင်း၏ အလှူဒါယကာ ဖြစ်ပြီး ဗုဒ္ဓဘာသာကို အလွန်ပင် သက်ဝင်ယုံကြည်သူ ဖြစ်သည်။
လျန်အိမ်တော်၏ အတွင်းဆောင်ဝင်းထဲတွင်။
မီးအိမ်များ ချိတ်ဆွဲထားပြီး အစေခံများနှင့် ကျွန်များမှာ ဟိုမှဒီသို့ ကူးလူးသွားလာနေကြရာ တစ်ဝင်းလုံး လူသူစည်ကားပြီး လင်းထိန်နေသည်။
ဝင်းထဲတွင် စားပွဲပေါင်း သုံးဆယ်ကျော် ခင်းကျင်းထားပြီး စားပွဲတိုင်းတွင် လက်ရာမြောက်လှသော အရက်၊ ဟင်းပွဲများနှင့် သစ်သီးဝလံများ ပြည့်နှက်နေသည်။
အပေါ်ဆုံးတွင်မူ စားပွဲနှစ်လုံး ရှိနေပြီး၊ တစ်လုံးမှာ ကျင့်အန်းဘုရားကျောင်းမှ ဆရာတော်ကြီး ရှန်းဆန်း ဖြစ်သည်။
အသက် ခြောက်ဆယ်ခန့် ရှိပြီဖြစ်သော ထိုဆရာတော်ကြီးမှာ ကြင်နာတတ်သော မျက်နှာရှိပြီး ခန့်ညားထည်ဝါလှရာ ပညာရှင်ကြီး တစ်ဦး၏ အရှိန်အဝါ ရှိနေသည်။
သူနှင့် အဆင့်တူ ထိုင်နေသူမှာ ထုံမြို့ ယုံရှင်းကျောင်းမှ ယွမ်ယိတာအိုဆရာ ဖြစ်သည်။
ယွမ်ယိတာအိုဆရာမှာ ယခုနှစ်တွင် အသက် ငါးဆယ် ရှိပြီဖြစ်သော်လည်း ကြည့်ရသည်မှာ အနည်းငယ် အိုစာနေသည်၊ သို့သော် သူ၏ မျက်ဝန်းများမှာ အလွန်ပင် ထက်မြက်လှပြီး ရင်ဘတ်ကို မတ်ကာ ခါးကို ဖြောင့်တန်းစွာ ထိုင်နေသည်။
တစ်ကိုယ်လုံးမှာ ဓားအိမ်မှ ထွက်လာသော ရတနာဓားတစ်စင်းကဲ့သို့ပင်။
သူ၏ ခါးတွင်လည်း ရှေးဟောင်းလက်ရာ ဓားရှည်တစ်စင်းကို ဆွဲထားပြီး ဝါဂွမ်းရောင် ဓားမြှောင်ကြိုး လည်း ပါရှိသည်။
ထိုပညာရှင်ကြီးနှစ်ဦးမှာ ဤမိစ္ဆာနှိမ်နင်းပွဲတွင် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့၏ ခေါင်းဆောင်များ ဖြစ်ကြပြီး၊ ကျန်ရှိသော တာအိုကျောင်းနှင့် ဘုန်းကြီးကျောင်းများမှာမူ အောက်ဘက်တွင် အသီးသီး ထိုင်နေကြသည်။
လီယန်ချူနှင့် ပိုင်ဟုန်းထူ ရောက်လာချိန်တွင် ဝိုင်းများ၌ လူအတော်များများ ရောက်နေကြပြီ ဖြစ်သည်။
နှစ်ဦးသားမှာ တာအိုဘာသာဝင်များ ဖြစ်ကြသော်လည်း ဤနေရာတွင် သိသူတစ်ဦးမျှ မရှိပေ၊ ရင်းနှီးသော ဟွေ့ကျိန်းဆရာတော်မှာလည်း ရောက်မလာသေးပေ။
လီယန်ချူသည် မိမိ၏ စိတ်အတိုင်းပင် လူမမြင်ရသော ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး၊ ပိုင်ဟုန်းထူမှာလည်း သူ၏ ဘေးတွင် ထိုင်လိုက်သည်။
လူငယ်နှစ်ဦးမှာ မိမိတို့ကိုယ်မိမိ ကောင်းကောင်း သိကြသည်၊ ယနေ့ကဲ့သို့ ကြီးကျယ်သော ပွဲမျိုးတွင် ဝေမြို့တော်မှာ ဖြစ်နေသော်လည်း သူတို့မှာ အဓိကလူများ မဟုတ်ကြပေ။
နှစ်ဦးသား နေရာယူပြီးနောက် ပတ်ဝန်းကျင်ရှိ လူများကို လိုက်လံ အကဲခတ်နေသလို၊ တစ်ဖက်မှလည်း စားပွဲပေါ်ရှိ သစ်သီးများနှင့် မုန့်များကို စားသောက်နေကြသည်။
ကြည့်ရသည်မှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလှပြီး ဘာမှ ချုပ်တည်းမနေဘဲ စားပွဲလာစားသည့် ဧည့်သည်များကဲ့သို့ပင် ဖြစ်နေတော့သည်။