နောက်ထပ် အတွင်းသတင်း
Vol. 11 Ch. 152
ဟွမ်ရှောင်မှန်နှင့် အခြားသူများသည် ရဲ့လင်းချန် နောက်ထပ် အချီကြီး နိုင်သွားသည်ကို ဘေးမှ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရပြီး ရင်ထဲ၌ စူးခနဲ နာကျင်သလို ခံစားနေရသည်။
သူတို့ အရာအားလုံးကို ဘယ်လို ဆုံးရှုံးခဲ့သလဲ တွေးမိသဖြင့် နာကျင်မှုက ပိုကြီးမားလာပြီး ကျိတ်ငိုလုနီးပါး ဖြစ်လာကြသည်။
*ဒီလူသစ်က ကံကောင်းလွန်းတယ်ကွာ*
“ရဲ့လင်းချန် မရပ်နဲ့၊ တတိယပွဲပါ လောင်း၊ နင် နိုင်ပွဲတွေ ဆက်တိုက် ရနေမှာ”
ဟွမ်ရှောင်မန်က အံကြိတ်၍ အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် အစ်ကိုရဲ့၊ ဆက်သာလောင်းနေ”
“အစ်ကိုရဲ့ ခင်ဗျားက အံ့ဩဖို့ကောင်းတယ်ဗျာ၊ နောက်ပွဲပါ နိုင်မှာ သေချာတယ်”
ကျားသစ်နှင့် ကျန်လူများသည် ရှုံ့မဲ့နေသော မျက်နှာများနှင့် မနာလိုစိတ် တိုးပွားနေသော်လည်း ဆက်၍ တိုက်တွန်းနေကြသည်။
*ရှုံးစမ်း၊ သူ အားလုံး ရှုံးသွားမှကို ဖြစ်မှာ*
ယွမ် ၂.၄ သန်းသည် သူတို့အတွက် များပြားလှသော ပမာဏဟု ဆိုနိုင်ပေသည်။
“အခု ခွေးတိုက်ပွဲရဲ့ တတိယပွဲ စတင်ပါတော့မယ်”
ဒိုင်လူကြီး၏ ကြေငြာသံနှင့်အတူ ဖန်သားပြင်ပေါ်မှ နာမည်များက ရှောင်မိန်နှင့် ကျင်းမောင်တို့အဖြစ် ပေါ်လာသည်။
ရှောင်မိန် vs ကျင်းမောင်
အရှေ့သို့ လှောင်အိမ်နှစ်ခု ရွေ့လာစဉ်တွင် လူများ အော်ဟစ်ရုံသာမက ခွေးတိုက်ပွဲပြိုင်ကွင်းမှ ခွေးများပင် ဆူညံလာ၏။
“ဝုတ် ဝုတ် ဝုတ် …”
ဟောင်သံက မရပ်မနား ထွက်ပေါ်လာပြီး လူတွေထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။
“ကျင်းမောင် မင်း ရှောင်မိန်ရဲ့ အမွေးတစ်မျှင်လောက်ကို ထိရဲထိကြည့်လိုက်၊ ငါ မင်းကို အသေသတ်ပစ်မယ်”
“ကျင်းမောင် အရှုံးပေးလိုက်၊ မဟုတ်လို့ကတော့ မင်း ဆိုးဆိုးရွားရွား သေစေရမယ်”
“ဂါး … ကျင်းမောင်၊ မင်း ရှောင်မိန်ကို အနိုင်မကျင့်နဲ့ မဟုတ်လို့ကတော့ မင်းက ခွေးထီး မဟုတ်ဘူး၊ ခွေးမပဲ”
“ရှောင်မိန် အကောင်းဆုံး ကြိုးစားထား၊ ကျင်းမောင်ကို သတ်ပစ်လိုက်၊ ငါတို့ မင်းကို ထောက်ခံတယ်”
…
ရဲ့လင်းချန် ရှောင်မိန်ကို လှမ်းကြည့်လိုက်သည်။ ရှောင်မိန်သည် အဖြူရောင် အမွေးထူရှိသော Central Asian Shepherd ခွေးအမျိုးအစား ဖြစ်သည်။ သာမန်ခွေးအများစုနှင့် တူသော်လည်း မသိမသာ အရွယ်အစား ပိုကြီးပြီး တစ်ကိုယ်လုံးမှ ကြွက်သားများက ကျစ်လျစ်သည်။
အခြားခွေးများနှင့် ယှဉ်လျင် ဤခွေးအမျိုးအစားက ပိုလှသည်။ ခွေးများ၏ အမြင်တွင် ဤခွေးမလေးက အလှတရား ဖြစ်သလို ကပ်ဘေးလည်း ဖြစ်သည်။ ခွေးများကြား၌ ၎င်း နာမည်ကြီးနေသည်က အံ့ဩစရာ မဟုတ်ပေ။
“ဒီခွေးနှစ်ကောင်က …”
ကျားသစ် ပင့်သက်ရှိုက်လိုက်မိပြီး မျက်လုံးများ အရောင်တောက်လာသည်။ သူ ရဲ့လင်းချန်ကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် ဟွမ်ရှောင်မန်နှင့် အခြားသူများကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
“ရှောင်မန်၊ ရဲ့လင်းချန်ကို ရှောင်မိန်ဘက်က လောင်းခိုင်းလိုက်၊ သူ အားလုံး ဆုံးမှာ သေချာတယ်”
ကျားသစ်က မလိုမုန်းထားစွာ ပြောလိုက်သည်။
“ဟမ် … ဘာလို့လဲ”
ဟွမ်ရှောင်မန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကျားသစ် မင်း သေချာလား”
မြွေက မယုံသလို မေးလိုက်သည်။
“ရှောင်မိန်ရဲ့ ပုံစံက ကြမ်းတယ်လို့ မထင်ရပင်မယ့် Central Asian Shepherd ခွေးနော်၊ သူ့အရည်အချင်းက သန်မာတယ်၊ လွင်ပြင်ရဲ့ အရှင်သခင်လို့တောင် ပြောလို့ရတယ်၊ ကျင်းမောင်က သန်မာတဲ့ပုံ ပေါ်ပင်မယ့် ရှောင်မိန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“ဟဲဟဲ ငါ သိတာပေါ့၊ ဒါပေမဲ့ ဒါက အကုန် မဟုတ်သေးဘူး”
ကျားသစ်က ဉာဏ်ကြီးရှင်အပြုံးနှင့် ထပ်၍ ဟန်လုပ်ပြန်သည်။
“ငါ ဒီနေ့ ခွေးတစ်ကောင်ချင်းစီကို သေချာ လေ့လာနေတာ၊ ရှောင်မိန်ရဲ့ အခြေအနေက ထိုင်းမှိုင်းနေတယ်၊ အာရုံကလည်း နည်းနည်း လွတ်နေတယ်၊ အဲ့ကောင် နေမကောင်းဖို့ ဖြစ်နိုင်ချေများတယ်”
“တကယ်ပဲလား”
သူတို့အားလုံး မှင်တက်သွားပြီး ရှောင်မိန်ကို သေချာလေ့လာကြသည်။
ကျားသစ် သူတို့ကို သတိမပေးခင်က ဘာမှမမြင်ခဲ့မိပေ။ ယခု ကျားသစ်က ထုတ်ပြောလာသည့်အခါ၌ သူတို့ တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။
ရှောင်မိန်၏ အကြည့်က ငိုင်တွေနေသည်။ ဟောင်သံကပင် အားပျော့၍ ခြောက်ကပ်နေသလိုပင်။
“ချီးပဲ၊ ငါတို့ အားလုံးက မဆုံးရှုံးခဲ့ရင် ဒီပွဲက ပိုက်ဆံရှာနိုင်တဲ့ ပွဲကြီးဖြစ်မှာ”
တစ်စုံတစ်ယောက်က မခံချိမခံသာ ပြောလာသည်။
“ဟူး … စိတ်မကောင်းစရာပဲကွာ”
ဟွမ်ရှောင်မန်၏ မျက်လုံးများ တောက်ပလာသည်။ သူမ ချက်ချင်း ရဲ့လင်းချန်ဘေးနားသို့ လျှောက်သွားပြီး အသည်းအသန် သတိပေးသည်။
“ရဲ့လင်းချန် ငါ အတွင်းသတင်းတချို့ ရလာတယ်၊ ရှောင်မိန် သေချာပေါက် နိုင်မှာ”
“သေချာလား”
“သေချာတာပေါ့၊ ဒါ အတွင်းသတင်းဆိုတာ ငါ အာမခံနိုင်တယ်၊ နင် မြန်မြန် လောင်းလိုက်တော့”
ဟွမ်ရှောင်မန်သည် ရဲ့လင်းချန်အတွက်ပင် သွား၍လောင်းပေးချင်နေ၏။
“ရှောင်မိန်နော်၊ ငါတို့က မိတ်ဆွေတွေဆိုတော့ ငါ ဒီပွဲနိုင်ရင် မင်းကို ကောင်းကောင်း ဒကာခံမယ်”
ထိုအခိုက်တွင် ရှောင်မိန်နှင့် ကျင်းမောင်တို့သည် စင်ပေါ်၌ အချင်းချင်း စကားပြောနေကြသည်။
ကျင်းမောင် : “ရှောင်မိန် ငါတို့လည်း ဟန်လုပ်ကြမလား၊ ငါ မင်းကို ပေးနိုင်ခိုင်းမှာပါ”
ရှောင်မိန် : “ငါ မလုပ်နိုင်ဘူး၊ ငါ မတိုက်နိုင်ဘူး”
ကျင်းမောင် : “ဘာဖြစ်လို့လဲ”
ရှောင်မိန် : “ငါ ကိုယ်ဝန်ရှိနေတယ် ထင်တယ်”
ကျင်းမောင် : “ဘာ … ငါ့ကလေးလား”
ရှောင်မိန် : “ငါ မသိဘူး၊ ဖြစ်နိုင်ချေ နည်းနည်းတော့ ရှိတယ်”
ထိုစကားက လှိုင်းထန်သွားစေပြီး ခွေးတိုက်ပွဲ ပြိုင်ကွင်းမှ ခွေးများအားလုံး ထပ်မံ၍ ဆူညံလာကြသည်။
“ကျင်းမောင် အခုချက်ချင်း အညံ့ခံလိုက်စမ်း”
“ကျင်းမောင် မင်းကိုယ်မင်း ပြန်ကိုက်လိုက်စမ်း၊ ရှောင်မိန်ကို ဟန်လုပ်ဖို့ ဖိအားပေးမနေနဲ့”
“ဒါ ငါ့ကလေးပဲ ဖြစ်မယ်၊ ရှောင်မိန် မင်း ကလေးကို ဂရုစိုက်မှရမယ်”
“စောက်ရေးမပါတာ၊ ငါ့ကလေးကွ”
…
ရဲ့လင်းချန်က ဟွမ်ရှောင်မန်ကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
“ကောင်းပြီလေ၊ ငါ ရှောင်မိန်ဘက်က အားလုံး ပုံလောင်းလိုက်မယ်၊ မင်းရဲ့ အတွင်းသတင်းအတွက် ကျေးဇူးပဲ”
“ရပါတယ်၊ ဘာမှမဖြစ်ဘူး”
ဟွမ်ရှောင်မန် ပြန်ပြောလိုက်သည်။
ရဲ့လင်းချန်က သူ့လောင်းကြေးအားလုံးကို ရှောင်မိန်ဘက်က လောင်းလိုက်သည်ကိုမြင်ပြီး သူတို့အားလုံး စိတ်လှုပ်ရှားကာ မျက်နှာနီရဲလာပြီး အော်ရယ်လုနီးပါး ဖြစ်လာကြသည်။
သူတို့ အတော်လေး ကြိုးစား၍ ထိန်းလိုက်နိုင်သဖြင့် ကံကောင်းသွားသည်။ ထိုအခိုက်တွင် သူတို့က ရဲ့လင်းချန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“ဝါးဟားဟား … ယွမ် ၂.၄ သန်းက မကြာခင် ပြောင်တော့မှာပဲ၊ အသည်းအသန် ငိုဖို့သာ ပြင်ထားလိုက်တော့”
“ဘာလို့ ငါ့ထက် မင်းတို့တွေက ပိုစိတ်လှုပ်ရှားနေတယ်လို့ ငါ ခံစားနေရတာလဲ”
ရဲ့လင်းချန် ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်သည်။
“အစ်ကိုရဲ့ မင်းက လောင်းတာ နိုင်တော့မှာလေ၊ ငါတို့က မင်းအတွက် ပျော်နေရုံပါပဲ”
ရဲ့လင်းချန်က ချက်ချင်း ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းတို့က တော်တော် သဘောကောင်းတဲ့လူတွေပဲ၊ အားလုံး ဆုံးရှုံးသွားတာတောင် ငါ နိုင်အောင် ကူညီပေး နေသေးတယ်၊ ငါ ဒီပွဲနိုင်ရင် မင်းတို့ကို နောက်ထပ် ယွမ်နှစ်ဆယ် ပေးပါ့မယ်”
ဟွမ်ရှောင်မန် ဆွံ့အသွားသည်။
*နင်က ဆက်နိုင်ချင်သေးတာလား၊ ဆုတောင်းနေလိုက်*
နောက်ဆုံးတွင် ပြိုင်ပွဲ စတင်လာ၏။
လှောင်အိမ် တဖြည်းဖြည်း ပွင့်လာသကဲ့သို့ လူတိုင်း ရင်တဒိတ်ဒိတ်ခုန်ကာ ပြိုင်ကွင်းကိုသာ စူးစိုက်ကြည့် နေကြသည်။
အခြားခွေးများနှင့် မတူဘဲ ရှောင်မိန်နှင့် ကျင်းမောင်တို့က ပြေးထွက်၍ အချင်းချင်း မကိုက်ကြချေ။ ထိုအစား သူတို့ အတော်လေး ငြိမ်သက်နေ၏။
ခွေးနှစ်ကောင်လုံးက အချင်းချင်း လေ့လာနေကြသည်။ ရုတ်တရက် ကျင်းမောင်က ဘေးသို့ လှိမ့်၍ မြေကြီးပေါ် လှဲချလိုက်သဖြင့် လူတိုင်း ငေးငိုင်သွားလေသည်။
“ဘုန်း”
ထိုအသံက သူတို့ရင်ဘတ်ကို အရှိန်ဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားပြီး အားလုံး တွေဝေသွားကြသည်။
ကျင်းမောင်က ကြမ်းပြင်ပေါ်၌ လှဲမြဲလှဲနေကာ အားလုံး တိတ်ဆိတ်နေ၏။
“သောက်ကျိုးနည်း …”
“ဘာ … ဘာတွေဖြစ်ကုန်တာလဲ”
“ဒါ ဘာလဲ၊ အညံ့ခံတာလား၊ အရှုံးပေးတာလား”
မထင်မှတ်ဘဲ ပွဲက စစချင်းမှာပင် ပြီးသွားလေပြီ။
ဟွမ်ရှောင်မန် မှင်တက်သွားသည်။ ကျားသစ်လည်း အံ့ဩနေကာ ပြိုင်ကွင်းမှ လူများအားလုံး မှင်တက် သွားကြသည်။ ထို့နောက်တွင်မူ အုတ်အော်သောင်းနင်း ဖြစ်လာ၏။
“ကလိမ်ကျတာ၊ ကလိမ်ကျတာ ဖြစ်မယ်”
“ဒါက ခွေးတိုက်ပွဲ၊ ဘယ်လို ဟာသကြီးလဲ”
“ဝါးဟားဟား … ငါ နိုင်ပြီ၊ လာ…လာ…လာ”
“ဒီပွဲက စတောင်မစလိုက်ရဘူး၊ ငါ့ပိုက်ဆံတွေ”
“အဲ့ခွေး ငါ့ကိုပေးစမ်း၊ ငါ ဒင်းကိုသတ်ပြီး ညစာလုပ်ပစ်မယ်”
…
ပွဲကြည့်ပရိသတ်များထံမှ မယုံသင်္ကာများစွာဖြင့် ရင်ဆိုင်ရသောကြောင့် ပွဲစီစဉ်သူများ ချက်ချင်း လှုပ်ရှားကြသည်။ သူတို့ ဝန်ထမ်းများက လျင်မြန်စွာ ရောက်လာပြီး အခြေအနေကို စစ်ဆေးကြသည်။
ရလဒ်မှာမူ ရှောင်မိန်က ဗိုက်ကြီးနေသောကြောင့် ပြိုင်ဘက်က အရှုံးပေးသွားခြင်း ဖြစ်သည်။
ကလိမ်ကျသော အချက်များ မရှိခြင်းကြောင့် ပြိုင်ပွဲရလဒ်က အကျုံးဝင်နေ၏။
“ဗိုက်ကြီးနေတယ်၊ စောက်ရမ်းကို အဓိပ္ပာယ်မရှိဘူး”
ဟွမ်ရှောင်မန်သည် သူမလောကကြီး ကပြောင်းကပြန် ဖြစ်သလို ခံစားလိုက်ရသည်။
“ရဲ့လင်းချန် ထပ်နိုင်ပြန်ပြီလား”
“ယွမ် ၂.၄ သန်းကနေ ၄.၈ သန်း ဖြစ်သွားပြီ”
ကျားသစ်နှင့် အခြားသူများ မျက်လုံးပြူးမတတ် ကြည့်နေကြသည်။
*ဒီလိုအခြေအနေမျိုးနဲ့ သူ ကြုံရတယ်ဆိုတော့ သူ့ကံကိုက သောက်ရမ်းကို ကောင်းနေတာပဲ*
ရဲ့လင်းချန်သည် ဝန်ထမ်းများထံမှ ပိုက်ဆံကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပြီးနောက် ဟွမ်ရှောင်မန်အား နှစ်လိုဖွယ် အပြုံးနှင့် ပြောလိုက်သည်။
“အိုး … ရှောင်မန်၊ ငါ မင်းကို ကျေးဇူးတင်လို့ကို လောက်မှာ မဟုတ်တော့ဘူး၊ မင်းရဲ့ အတွင်းသတင်းက တကယ် တိကျတာပဲ၊ ဒီမှာ နောက်ထပ် ယွမ်နှစ်ဆယ်၊ မင်း ယူထားနော်”
ဟွမ်ရှောင်မန် တစ်ခွန်းမှ မပြောနိုင်တော့ချေ။