ပစ်မှတ်ထားခံရခြင်း
Vol. 11 Ch. 153
*သူ နိုင်သွားပြီ၊ သူ တကယ်ကြီး ထပ်နိုင်သွားတာပဲ*
ရဲ့လင်းချန် အထပ်ထပ်အခါခါ နိုင်နေသည်ကိုကြည့်ပြီး ဟွမ်ရှောင်မန်၏ မျက်လုံးများသည် မနာလိုစိတ်တို့နှင့် ပြည့်နေသည်။ ကျားသစ်နှင့် ကျန်လူများသည်လည်း သူ့အား အားကျနေ၏။ သူတို့မျက်နှာများ ပူလောင် နေသည်ဟုပင် ခံစားနေရသည်။
ထိုပမာဏသည် ယွမ် ၄.၈ သန်း ဖြစ်သည်။
သူတို့သည် အိမ်၌ ပိုင်ဆိုင်မှု သန်းဂဏန်းအချို့ရှိသော သာမန် သူဌေးသားများသာ ဖြစ်၏။ သူတို့အတွက် အချိန်တိုအတွင်း ယွမ် ၄.၈ သန်း ရှာနိုင်ရန် မဖြစ်နိုင်ပါ။ သူတို့မျက်လုံးထဲ၌ အရှုံးသမားဟု ထင်ခဲ့သောသူက ဘာမဟုတ်သော ခွေးတိုက်ပွဲ သုံးပွဲအပြီးတွင် လူချမ်းသာတစ်ယောက်အဖြစ် ပြောင်းလဲသွားလေပြီ။
*အရှုံးသမားတစ်ယောက်က ဘယ်လိုလုပ် ငါတို့ သူဌေးသားတွေကြားမှာ တန်းတူ ဖြစ်နေတာလဲ*
ဤသည်က သူတို့ သည်းခံနိုင်သော အရာ ဖြစ်ပါမည်လော။ လုံးဝ မဟုတ်ပါ။
သူတို့သည် ရဲ့လင်းချန်အတွက် အောင်ပွဲခံနေဟန်ဆောင်၍ သူ့အား ဆက်၍ လောင်းကစားလုပ်ရန် ဆွဲဆောင် နေကြသည်။
ရဲ့လင်းချန်က အချိန်တိုင်း ငတုံးတစ်ယောက်အသွင်ဆောင်ပြီး ဆက်၍ လောင်းကြေးထပ်လေသည်။
ထို့နောက်တွင်မူ လေးပွဲမြောက်၌ ၄.၈ သန်းမှ ၉.၆ သန်း ဖြစ်သွားသည်။
ငါးပွဲမြောက်တွင် ၉.၆ သန်းမှ ၁၉.၂ သန်း။
ခြောက်ပွဲမြောက်၌ ၁၉.၂ သန်းမှ ၃၈.၄ သန်း ဖြစ်သွားလေသည်။
ခွေးတိုက်ပွဲ ပြိုင်ကွင်း၌ အကြိမ်တိုင်း ခြောက်ပွဲသာ ကျင်းပလေ့ ရှိသည်။ ထိုပွဲက တစ်နေ့တာ ပြိုင်ပွဲ၏ အဆုံးသတ် ဖြစ်ပေသည်။
ခြောက်ပွဲလုံးတွင် ရဲ့လင်းချန်က အပြတ်အသတ်မရှိ အနိုင်ရခဲ့သည်။
ဟွမ်ရှောင်မန်တို့အားလုံး အံ့အားသင့်နေ၏။ ရဲ့လင်းချန် တစ်ပွဲပြီးတစ်ပွဲ နိုင်နေသည်ကို သူတို့ ဘာမှမတတ်သာဘဲ ကြည့်နေရသည်။ ထိတ်လန့်စိတ်နှင့် မချိတင်ကဲစိတ်တို့က သူတို့၏ အတွေးအမြင်ကို နှိပ်စက်နေပြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်လာရသည်။
*တကယ် ကြောက်ဖို့ကောင်းတယ်၊ သူ့ကံကောင်းပုံကလည်း လှည့်စားထားသလိုပဲ*
ရဲ့လင်းချန်အပေါ် သူတို့အမြင်က ပြောင်းလဲသွားလေပြီ။
*မကောင်းဆိုးဝါးပါလား*
*ဒီကောင် … သူက သာမန် အရှုံးသမား မဟုတ်ဘူးပဲ*
“ရဲ့လင်းချန် နင် ခွေးတိုက်ပွဲအကြောင်း ဘာမှမသိတာ သေချာလား”
ဟွမ်ရှောင်မန်က အံ့ဩဟန်ဖြင့် မေးလိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
ရဲ့လင်းချန်က သူမကို တမင်သက်သက် ကစားနေပြီး သူမဉာဏ်ရည်ကို လှောင်နေသည်ဟု ခံစားနေရသည်။
“ဒါ ငါ့ပထမဆုံးအကြိမ်ပဲ”
“ဒါဆို နင် ဘယ်လိုလုပ် နိုင်သွားခဲ့တာလဲ”
“မင်းရဲ့ အတွင်းသတင်းကြောင့်လေ၊ မဟုတ်ဘူးလား”
ဟွမ်ရှောင်မန် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။
ငွေက ယွမ် ၃၈.၄ သန်း မဟုတ်ပါတကား။ ရဲ့လင်းချန်သည် ချူဆီသက်သက် မဟုတ်တော့ဘဲ သောက်ကျိုးနည်း လူချမ်းသာ ချူဆီ ဖြစ်နေလေပြီ။
ရုတ်ချည်းဆိုသလိုပင် သူမ ရဲ့လင်းချန်ကို ခွေးတိုက်ပွဲပြိုင်ကွင်းသို့ ခေါ်လာမိသည်ကို နောင်တရလာသည်။ သူက ဤမျှ အကျိုးအမြတ်အထိ ရခဲ့သော်လည်း သူမနှင့် အဖွဲ့သားများက အားလုံး ဆုံးရှုံးသွားရသည်။ မသိလျင် ဘုရားသခင်က သူတို့ကို နောက်ပြောင်နေသလိုပင်။
ရဲ့လင်းချန်၏ လှုပ်ရှားမှုများက အချို့သောလူများ၏ အာရုံကို ဆွဲဆောင်မိသွားစေသည်။
ခြောက်ပွဲဆက်တိုက် အနိုင်ရပြီး ပွဲတိုင်း အကုန် ပုံလောင်းသည်။ ဤသို့သော လောင်းကြေးထပ်ခြင်းက လူအများစု မတွေးဝံ့သော ကိစ္စပင်။ သူတို့သာ မျက်မြင်မတွေ့ခဲ့ပါက ဘယ်သောအခါမှ ယုံနိုင်မည် မဟုတ်ပါ။
ရူးချင်စရာ ကောင်းလှသည်။ ကံကောင်းလွန်းလှသည်။
သူက ကောင်းကင်ဘုံ၏ ပစားပေးခြင်း ခံရသော ကလေးငယ်သာ ဖြစ်ရပေမည်။
ယွမ်ခြောက်သိန်းမှနေ၍ ၃၈.၄ သန်းအထိ ဆတိုး ရရှိသွားခဲ့သည်။ သူသည် ခွေးတိုက်ပွဲ ပြိုင်ကွင်း၏ အကျော်အမော် ဖြစ်လာရန် ကံပါနေ၏။
ပွဲစီစဉ်သူသည် ရဲ့လင်းချန်၏ အသွင်အပြင်ကို တိတ်တဆိတ် မှတ်သားနေ၏။ နောက်တစ်ခါ သူ ရောက်လာလျင် သူတို့ သူ့ကို သေသေချာချာ စိစစ်မှဖြစ်မည်။ ဤသို့သော ဆက်ဖြစ်နေပါက သူတို့ လုံးဝ ပျက်စီးရပေလိမ့်မည်။
“ငါ အမြတ်နည်းနည်းရအောင် ကူညီပေးခဲ့တဲ့ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”
ရဲ့လင်းချန်က ဟွမ်ရှောင်မန်တို့ တစ်ဖွဲ့လုံးကို အားပါးတရ ပြုံး၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထိုစကားကြောင့် အနေရခက်စွာ တိတ်ဆိတ်သွားလေသည်။
သူတို့ နှလုံးသားများ အစိတ်စိတ် အမွှာမွှာ ကွဲကြေနာကျင်နေရ၏။ သူတို့ ပါးစပ်ဟလိုက်သည်နှင့် အော်မိမှာကို စိုးရိမ်နေရသည်။
ခွေးတိုက်ပွဲ ပြိုင်ကွင်းမှ ထွက်လာပြီးနောက် သူတို့ ဖုလုံတောင်မှနေ၍ မြို့တော်သို့ ပြန်မောင်းလာခဲ့ကြသည်။
ထိုအချိန်တွင် ညကိုးနာရီပင် ထိုးနေပြီဖြစ်ပြီး အမှောင်ထုက စိုးမိုးထားသည်။ လူသူကင်းမဲ့သော တောင်တစ်ဝိုက်တွင် ကားမီးကသာလျင် တစ်ခုတည်းသော အလင်းရောက် ဖြစ်သည်။ ငှက်သံများကိုပင် ကြားရခဲသည်။
“ဝူး”
ထိုသို့သောအချိန်၌ အနက်ရောင် Hummer ကားတစ်စီးက သူတို့အနောက်မှ ကပ်လိုက်လာသည်။ အင်ဂျင်သံက ဆူညံနေကာ သူတို့ကို သေချာ ကြည့်နေသည်။
“ငါတို့ ပစ်မှတ်ထားခံရပြီ”
ဟွမ်ရှောင်မန် မျက်နှာ သုန်မှုန်သွားသည်။
“ရဲ့လင်းချန် တအားနိုင်လွန်းလို့ တစ်ယောက်ယောက်ရဲ့ အာရုံစိုက်တာကို ခံလိုက်ရတာဖြစ်မယ်”
သူတို့ လီဗာကို ဖိနင်းတော့မည့်အချိန်၌ ဂျစ်ကားနှစ်စီးက လမ်းတစ်ဖက်တစ်ချက်စီမှ ထွက်လာပြီး သူတို့ထံ မောင်းနှင်လာသည်။
ကားသုံးစီးက သူတို့လမ်းကို ပိတ်လာသဖြင့် သူတို့ မရပ်ချင်ဘဲ ရပ်လိုက်ရသည်။
ရဲ့လင်းချန်တို့အပြင် ကျားသစ်နှင့် အခြားသူများလည်း ရပ်လိုက်ရသည်။
သူတို့ မတရားသလို ခံစားမိသည်။ သူတို့ ပိုက်ဆံများ ဆုံးရှုံးခဲ့ရုံမကဘဲ သူ့ပြဿနာကိုပါ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ သူတို့ ဘယ်သူ့ကိုများ စိတ်တိုအောင် လုပ်ခဲ့မိသနည်း။
ထို့နောက်တွင်မူ ကားပေါ်မှ ဂေါက်ရိုက်တံများ ကိုင်ထားသည့် လူမိုက် ခုနစ်ယောက် ဆင်းလာသည်။ သူတို့အားလုံးတွင် အမာရွတ်များ ရှိပြီး ပုံစံက ကြောက်စရာကောင်းပုံ ပေါ်နေ၏။
“ဒုန်း ဒုန်း ဒုန်း”
လူမိုက်တစ်ယောက်က ဂေါက်ရိုက်တံဖြင့် ကားကို ခေါက်၍ အမိန့်ပေးလာသည်။
“ကားပေါ်က ဆင်းခဲ့စမ်း၊ ငါကိုယ်တိုင် ဆွဲချရမလား”
သူတို့ ကားထဲမှ တစ်ယောက်ချင်းစီ ဆင်းလာကြသည်။
ကျားသစ်၌ ခံရခက်သော မျက်နှာထားမျိုး ရှိနေသည်။ သူ ကိုယ်ကိုကိုင်း၍ မျက်ရည်ကျလုနီးပါး အသံဖြင့် ပြောလိုက်သည်။
“အစ်ကိုတို့၊ အစ်ကိုကြီးတို့ ဒါ ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး၊ ကျွန်တော် မတော်တဆ သူတို့နဲ့ အတူတူ သွားမိတာပါ၊ ဒီနေ့ ကျွန်တော် ပိုက်ဆံအားလုံး ဆုံးသွားတာပါ”
“အကုန်လုံး ဆုံးသွားတယ် ဟုတ်လား၊ မင်း ငါ့ကို အရူးများ ထင်နေလား”
လူမိုက်က လှောင်ရယ်လေသည်။
“မင်းတို့အားလုံးက အတူတူပဲ၊ မင်းတို့ နိုင်ခဲ့တဲ့ ပိုက်ဆံတွေ ပေးစမ်း”
အားလုံး၏ အကြည့်က ရဲ့လင်းချန်ထံ ကျရောက်လာသည်။ လူမိုက်၏ ဓားသွားကဲ့သို့ စူးရှသော အကြည့် ကလည်း ရဲ့လင်းချန်ထံ ကျရောက်လာပြီး သူ့အား ခြိမ်းခြောက်လေသည်။
“ဟေ့ကောင် မင်း ငါ ပြောတာ ကြားတယ်မလား၊ မင်းပိုက်ဆံတွေ ပေးစမ်း”
“သူ့ပိုက်ဆံအပြင် အားလုံးကို ခေါ်လာခဲ့၊ သူတို့အားလုံးက လူချမ်းသာ မိသားစုတွေကပဲ၊ ငါတို့ တစ်ယောက်ကို ပြန်ပေးငွေ ငါးသန်း တောင်းမယ်၊ မနက်ဖြန်မှ ပိုက်ဆံမရဘူးဆိုရင် သူတို့အလောင်းတွေကို လာကောက် ခိုင်းလိုက်”
Hummer ကားထဲမှနေ၍ ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက်တွင်မူ နေကာမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လမ်းလျှောက်တုတ်နှင့် ထွက်လာသည်။ သူ့အနားမှ လိုက်လာသူက ပိန်ပါးပါး ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာက ဓားသွားတမျှ ထက်ရှပုံ ပေါ်သည်။ သူက ပိန်သော်လည်း ချွန်ထက်သော ဓားသဖွယ် အရာအားလုံးကို ဖြတ်တောက်နိုင်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေ၏။
ရဲ့လင်းချန် အသေးစိတ် လေ့လာမိသည်။ ထိုသူက အတော်လေး ထူးချွန်သည့် သိုင်းပညာရှင်ပင်။
“အ…အစ်ကိုနဂါးလား”
ကျားသစ်သည် မျက်မှန်နှင့် ယောက်ျားကို စိုက်ကြည့်၍ ပြောလာသည်။ သူ့အသံက တုန်ယင်စပြုလာသလို အမူအရာကလည်း ကြောက်ရွံ့ဟန်သို့ ပြောင်းလဲလာသည်။
“အစ်ကိုနဂါး၊ ဒါ နားလည်မှုလွဲတာများလား”
အစ်ကိုနဂါးဟူသည့် နာမည်ကို အခြားသူများ ကြားလိုက်ရသောအခါ မျက်နှာများ မည်းမှောင်သွားပြီး မျက်လုံးတွင်း၌ ဆောက်တည်ရာမရဟန် ပေါ်လာကြသည်။
အစ်ကိုနဂါးသည် အပေါ်ယံ၌ စီးပွားရေးသမားတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည်။ သို့သော် သူ့နည်းလမ်း များက ရက်စက်ပြီး သူ့အတွက် အလုပ်လုပ်ပေးနေသော လူမိုက်များ မရေတွက်နိုင်အောင် ရှိလေသည်။ သူ တကယ် လုပ်နေသည့် လုပ်ငန်းများက တရားမဝင် လုပ်ငန်းများ ဖြစ်သည်။ သူသည် ပိုက်ဆံအတွက် ဘာမဆိုလုပ်သူပင်။ သူ့အား မိမိအသက်မှလွဲ၍ ဘာကိုမှ အရေးမစိုက်သူဟု ဆိုနိုင်ပေ၏။
“ဟဲဟဲ နားလည်မှုလွဲတာ မရှိဘူး”
အစ်ကိုနဂါးက ကျယ်လောင်စွာ ရယ်မောလာသည်။
“အခုတလော ရဲတွေက အရမ်း တက်ကြွလွန်းတယ်၊ ငါ မနက်ဖြန် ပုန်းကွယ်ဖို့ ထွက်ပြေးမယ်လို့ စီစဉ်နေတာ၊ မင်းတို့ မိသားစုဝင်တွေကို မြန်မြန် ဆက်သွယ်ဖို့ ငါ အကြံပေးချင်တယ်၊ မနက်ဖြန်မှ ယွမ် ငါးသန်းမရရင် မင်းတို့ အသေပဲ”
လူတိုင်း စိတ်လေးသွားကြသည်။ အစ်ကိုနဂါးက ထွက်မပြေးခင် အချီကြီးရရန် ကြိုးစားနေခြင်းပါတကား။
သူတို့ကိုယ်တိုင်ကိုက သူ့ထံ တည့်တည့်ကြီး တိုးမိသွားခဲ့သည်။ ကံဆိုးလှပေ၏။
“ငါ့ကို ညှိနှိုင်းဖို့ မကြိုးစားနဲ့၊ ငါ့အမိန့်တိုင်း လိုက်လုပ်၊ ငါ့လူတွေသာ လှုပ်ရှားရင် မင်းတို့ ခန္ဓာကိုယ်တွေ အပြည့်အစုံ ရှိနေမှာ မဟုတ်ဘူး”
အစ်ကိုနဂါးသည် အလွန် ရဲတင်းသူဖြစ်ပြီး လက်ရဲဇက်ရဲ ရှိသည်။ သူက ချက်ချင်း ရဲ့လင်းချန်ကို လှမ်းကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းပိုက်ဆံတွေအားလုံး ငါ့ကို ပေး၊ ငါ မင်းပိုက်ဆံကိုပဲ လိုချင်တာ၊ မင်းအသက်ကို ငါ အာမခံတယ်”
အစ်ကိုနဂါး၏ ဘဝသည် လတ်တလော၌ ဒုက္ခများနှင့် ပြည့်နေသည်။ သူ လုပ်ကိုင်သော လုပ်ငန်းများအားလုံးက တရားမဝင် လုပ်ငန်းများ ဖြစ်ပြီး မီးတောထဲ လျှောက်လမ်းရသည့် ကိစ္စများပင်။ သူ၏ အဓိက တရားမဝင် ဝင်ငွေရသည့် အလုပ်မှာ လူကုန်ကူးခြင်း ဖြစ်သည်။
အစက သူ့၌ ကလေးငယ်များကို လူကုန်ကူးသည့် အဖွဲ့အစည်းတစ်ခု ရှိသည်။ သို့သော် လွန်ခဲ့သော တစ်လ ကျော်လောက်က သူ၏ လူကုန်ကူးသူများထဲမှ နှစ်ယောက်က ရဲဖမ်းခံလိုက်ရသည်။
များပြားသော လူကုန်ကူးခြင်း အမှုကိစ္စများကြောင့် ထိုကိစ္စက ရဲများ၏ အဓိက ဦးစားပေးအမှု ဖြစ်သွားလေသည်။ သူတို့ သဲလွန်စများကို လိုက်ရှာပြီး လူကုန်ကူးသူများအားလုံးကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသည်။
သူ့တွင် အကြံကုန်လာသဖြင့် ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။