← Chapters

ငကြွားကောင် အရူးချူ

Vol. 11 Ch. 154

ငကြွားကောင် အရူးချူ

Vol. 11 Ch. 154

ယင်းက အစ်ကိုနဂါး၏ လက်ရှိ အကျပ်အတည်း ဖြစ်ရသည့် အကြောင်းရင်းပင်။

လူကုန်ကူးသူ နှစ်ယောက်က ကျောင်းသားတစ်ယောက်ကြောင့် အဖမ်းခံရလိမ့်မည်ဟု မည်သူက ထင်ထား မည်နည်း။

၎င်းက လက်မခံနိုင်စရာ ဟာသကြီးပင်။ ထိုကျောင်းသားကို တွေးမိရုံနှင့်တင် အစ်ကိုနဂါး အံကြိတ်မိပြန်သည်။ ရဲများက သူ့ကို အမြဲ အနီးကပ် စောင့်ကြည့်နေသဖြင့် သူ လက်စားချေခွင့်မရှိ ဖြစ်ခဲ့ရသည်။ သို့မဟုတ်ပါက ထိုကျောင်းသားကို အသေဆိုးဖြင့် သေအောင် သူ လုပ်မိမှာပင်။

ထို့အပြင် ထိုကျောင်းသားက ရဲ့လင်းချန်မှန်း သူ မသိပါ။ သူ၏ ကမ္ဘာ့ရန်သူက သူ့အရှေ့၌ ရပ်နေမှန်း မသိခြင်းက တကယ့်ကို ကံကြမ္မာ၏ လှည့်ကွက်ပင်။

*ဟမ်*

အစ်ကိုနဂါး မျက်မှောင်ကြုတ်လာပြီး မလှုပ်မယှက် ဖြစ်နေသော ရဲ့လင်းချန်ကို စိုက်ကြည့်လိုက်သည်။

“ဟေ့ကောင် မင်း ရူးနေလား၊ မင်းပိုက်ဆံကို အခု ထုတ်ပေးစမ်း”

အစ်ကိုနဂါး ငေါက်လိုက်သည်။

ရဲ့လင်းချန် တည်ငြိမ်မြဲ တည်ငြိမ်နေပြီး အေးအေးလူလူ ပြန်ပြောသည်။

“ထွက်သွား”

ထိုစကားက လူတိုင်းကို အံ့ဩသွားစေသည်။

ကျားသစ်နှင့် အခြားသူများအားလုံး ရဲ့လင်းချန်ကို အလန့်တကြားဖြင့် ရင်တဒိန်းဒိန်းခုန်လျက် ကြည့်နေကြသည်။

ဤသို့သောအခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း မျက်နှာထား မပျက်သည့်အပြင် အစ်ကိုနဂါးကိုပင် ပြန်ပြောနေ၏။ ဤသည်က မယုံနိုင်စရာ ကောင်းလွန်းလှသည်။

“ဘာ”

အစ်ကိုနဂါး ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားလေသည်။ သူ၏ အမိန့်အာဏာကို ပြန်မေးခွန်းထုတ် ခံရခြင်းမျိုး သူ ယခင်က တစ်ခါမှ မကြုံဖူးပါ။

သူ အမိန့်မပေးသော်လည်း သူ့လူမိုက်တစ်ယောက်က လက်ထဲမှ ဂေါက်ရိုက်တံနှင့်အတူ ရဲ့လင်းချန်နားသို့ ချက်ချင်း တိုးကပ်သွားသည်။

*ဒီကောင် သေရမှာကို မကြောက်ဘူးနဲ့တူတယ်*

“တီ တီ တီ”

ထိုစဉ် ခပ်ဝေးဝေးမှနေ၍ အမှောင်ထုကို ခွင်း၍ စူးရှသော အလင်းတန်းတစ်ခု ကျရောက်လာပြီး ဆိုင်ကယ် ဟွန်းတီးသံပါ ထွက်ပေါ်လာသည်။ ခပ်မိုက်မိုက် ဆိုင်ကယ်တစ်စီးက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ထံသို့ ကျားတစ်ကောင်သဖွယ် ဦးတည်လာနေ၏။

လူမိုက်များ လျင်မြန်စွာ ရှောင်တိမ်းကြသည်။ လူမိုက်များ နောက်ဆုတ်သွားပြီးနောက် ဆိုင်ကယ်က လှပစွာ ဒရစ်ဆွဲ၍ ရပ်လာသည်။

“အစ်ကိုချူ”

“အစ်ကိုချူပါလား၊ ငါတို့တော့ ဘေးကင်းပြီ”

“ဟေး အစ်ကိုချူ ရောက်လာပြီကွ”

ကျားသစ်နှင့် ကျန်လူများ ဝမ်းသာအားရ ဖြစ်သွားပြီး ဆိုင်ကယ်နား အသည်းအသန် ပြေးသွားကြသည်။

အရူးချူက ဆိုင်ကယ်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာပြီး ထက်ရှသော အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။ သူ အေးအေးဆေးဆေး ပြောလိုက်သည်။

“မင်းတို့ရဲ့ WeChat moment တွေကို မြင်ပြီး ခွေးတိုက်ပွဲကို ရောက်နေမှန်း ငါ သတိထားလိုက်မိလို့ တော်သေးတယ်၊ မဟုတ်ရင် ကံဆိုးမှာပဲ”

“မင်းတို့ ဒီလောက်လူလေးနဲ့ နောက်ဆိုရင် ဒီလိုနေရာမျိုး ရှောင်သင့်တယ်”

“အစ်ကိုချူ အခုတလော ဘယ်ရောက်နေတာလဲ၊ ကျွန်တော် ခင်ဗျားကို သိပ်မတွေ့ဘူး”

ကျားသစ်က မေးလိုက်သည်။

“ငါ စစ်သည်တော်ဌာနကို သွားနေတာ”

“စောက်ရမ်း လန်းတယ်ဗျာ၊ စစ်သည်တော်ဌာနလား မိုက်တယ်ဗျို့”

“အစ်ကိုချူ ခင်ဗျားက အတိုက်အခိုက် တော်ပြီးသားလေ၊ စစ်သည်တော်ဌာနက ထွက်လာပြီဆိုတော့ ခင်ဗျား ပိုသန်မာလောက်ပြီ မဟုတ်လား”

“အစ်ကိုချူက သာမန်လူ မဟုတ်ဘူးဆိုတာ ငါ သိတယ်၊ အဲ့ဒါ စစ်သည်တော်ဌာနလေ၊ လူငယ်တွေထဲက ဘယ်နှစ်ယောက်များ ဝင်နိုင်လို့လဲ”

“အစ်ကိုချူ အဲ့ဒီတော့ အခု ခင်ဗျားက သိုင်းပညာရှင် ဖြစ်နေပြီလား”

သူတို့အားလုံး ထိတ်လန့်အံ့ဩနေကြသည်။ လက်ရှိတွင် သူတို့ ပို၍ ဘေးကင်းသလို ခံစားနေရသည်။

*အစ်ကိုချူ ရှိနေပြီဆိုတော့ အနည်းဆုံး ငါတို့ ဘေးကင်းမှာ သေချာတယ်*

“အဲ့လိုပဲ ပြောရမှာပေါ့”

အရူးချူက ခေါင်းညိတ်၍ ပြန်ပြောသည်။

စစ်သည်တော်ဌာနကို သူ ဝင်ရောက်ခဲ့ပြီးနောက် အရူးတစ်ယောက်လို လေ့ကျင့်ခဲ့သည်။ သူ၏ စိတ်အား ထက်သန်မှုနှင့် အခြေခံ ကောင်းမွန်မှုကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သိုင်းပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ထို့နောက်တွင်မူ သူ့အကြည့်က ရဲ့လင်းချန်ထံ ကျရောက်လာသည်။ ထို့နောက် ရဲ့လင်းချန်နားသို့ သူ လျှောက်သွား လိုက်သည်။

“အရင်က မင်းက ငါ့ပန်းတိုင် ဖြစ်ခဲ့တယ်၊ အခုတော့ … လုံးဝ မဟုတ်တော့ဘူး”

အရူးချူက အသိဉာဏ် တိုးလာဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါ အမြင်ကျယ်လာလို့ပဲ၊ အရင်တုန်းက မင်းက ငါ့ဘဝထဲက ဖြတ်သွားဖြတ်လာ တစ်ယောက်ပဲ၊ အခုတော့ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”

ဖန့်ဟုန်နှင့် ဝူယွဲ့တို့ ပြောခဲ့သော လူကို သူ ပြန်တွေးမိသည်။ ထိုသို့သော အရည်အချင်း ရှိသူသာလျင် သူ၏ ပန်းတိုင် ဖြစ်ထိုက်ပေသည်။ ထိုသူက တကယ့် ထူးချွန်သူ ဖြစ်သည်။

“ဒါပေမဲ့ မင်းကြောင့် ငါ အပြင်လောကကြီးကို မြင်တွေ့ခဲ့တာ၊ အဲ့ဒါကြောင့် ငါ မင်းကို ကျေးဇူးကြွေး တင်နေတယ်”

အရူးချူက သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌ ပျောက်ဆုံးနေပြီး ပြန်မလွတ်မြောက်နိုင် ဖြစ်နေသည်။ ရဲ့လင်းချန်ကို ကြည့်နေသော သူ့အကြည့်က “ငါ ဒီနေ့ မင်းကို ကယ်ပေးမယ်၊ ဒါကို ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်” ဟု ပြောနေသလိုပင်။

“အစ်ကိုချူကတော့ အစ်ကိုချူပါပဲ၊ မိုက်တယ်ဗျာ”

“အစ်ကိုချူ ခင်ဗျားက ကျုပ်ဘဝရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ စောက်ရမ်း လန်းတယ်”

“အစ်ကိုချူရဲ့ လေလုံးထွားတတ်ပုံက အရင်အတိုင်းပဲ၊ ဘာမှမပြောင်းလဲဘူး”

“အစ်ကိုချူရဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာခြင်းကို ကြိုဆိုတယ်ဗျာ”

….

ကျားသစ်နှင့် ကျန်လူများအားလုံးက အရူးချူကို အားပေးကာ အားကျနေကြသည်။

အစ်ကိုနဂါးနှင့် သူ့လူများ နားဝေတိမ်တောင် ဖြစ်နေ၏။

“ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ”

သူနှင့် သူ့လူများကို ပေါ်ပေါ်တင်တင် မလေးမစား လုပ်ခြင်းပင်။

*ဒီကောင်လေးက အဲ့လောက် ကြမ်းလို့လား*

“ဟေ့ မင်းကိုယ်မင်း ကြီးမြတ်သလို ဟန်ဆောင်နေရအောင် ဘယ်သူမို့လို့လဲ”

လူမိုက်တစ်ယောက်က ဆက်၍ သည်းမခံနိုင်တော့ပေ။ သူ၏ ဂေါက်ရိုက်တံကိုမြှောက်၍ အရူးချူထံ သတ်တော့မည့် အကြည့်ဖြင့် ပြေးဝင်သွားသည်။

“မင်းက စောက်ရမ်း လူပါးဝလွန်းတယ်”

ထိုသို့ပြောပြီး သူက ဂေါက်ရိုက်တံဖြင့် အရူးချူကို အားဖြင့် လွှဲရိုက်သည်။

လေတိုးသံ ထွက်ပေါ်လာပြီး လူတိုင်း နှလုံးခုန်နှုန်း မြန်ဆန်လာသည်။

“ဟမ့် ကိုယ့်နေရာကိုယ် သိစမ်းပါ”

အရူးချူက အထင်သေးစွာ ပြုံးလိုက်သည်။ သူသည် ခြေထောက်ကိုမြှောက်၍ ထိုလူမိုက်၏ ဗိုက်ကို ပိတ်ကန်လိုက်သည်။

“ဘုန်း”

ထိုအားက လူမိုက်ကို လွင့်ထွက်သွားစေသည်။ ထို့နောက် သူ မြေကြီးပေါ် လဲကျကာ ပြန်မထနိုင်တော့ပေ။ ပြီးနောက် အရူးချူက မျက်မှောင်ကြုတ်၍ အစ်ကိုနဂါးထံ လျှောက်သွားသည်။

“ငါက သိုင်းပညာရှင်ပဲ၊ ငါ မင်းကို တရားဝင် ဖမ်းဆီးခွင့် ရှိတယ်၊ မင်းတို့ဘာသာ အညံ့ခံပါ၊ ငါ့ကို လက်ပါရအောင် မလုပ်နဲ့”

အရူးချူက အထင်သေးဟန်နှင့်အတူ မောက်မာသော လေသံဖြင့် ကြေညာသည်။

“အစ်ကိုချူ ခင်ဗျားက အံ့ဩဖို့ကောင်းတယ်ဗျာ”

ကျားသစ်နှင့် အခြားသူများ ထပ်၍ အားပေးပြန်သည်။

အစ်ကိုနဂါးက မျက်မှန်ကို ပင့်တင်၍ ရေသဖွယ် တည်ငြိမ်စွာ ပြောလိုက်သည်။

“သိုင်းပညာရှင်လား၊ ငါက မကြာခင် နိုင်ငံခြား သွားတော့မှာ၊ မင်းတို့ ဘာမဟုတ်တဲ့ သိုင်းပညာရှင်လေးက ငါ့ကို ဘာလုပ်ဖို့ ပြောနေတာလဲ”

သူ့အနောက်၌ ရပ်နေသော ပိန်ပါးပါးလူက ရှေ့သို့ တိုးလာပြီး အစ်ကိုနဂါးရှေ့၌ ရပ်လာသည်။

အရူးချူ မျက်မှောင်ကြုတ်သွားပြီး အကြည့်များက စူးရဲလာ၏။

“မင်းက နောက်ဆုံးချိန်အထိ လက်မလျှော့ဘူးပေါ့လေ၊ တကယ့် ခွန်အားအစစ်က ဘာလဲ ပြရသေးတာပေါ့”

ထိုသို့ပြောပြီး သူက ကိုယ်ကိုရို့၍ ခြေထောက်ကို စောင်းကာ ပိန်ပါးပါးနှင့်လူကို ကန်လိုက်သည်။

သူ့လှုပ်ရှားမှုက မိမိုက်သပ်ရပ်ပြီး အားပါသည်။

ပိန်ပါးပါးနှင့်လူက ရပ်မြဲရပ်နေပြီး ညာလက်ကိုမြှောက်၍ သူ့ကန်ချက်ကို တားဆီးလိုက်သည်။

“ဘုန်း”

နှစ်ယောက်လုံး ခန္ဓာကိုယ် မသိမသာ တုန်သွားကြသည်။

*သူ တားလိုက်တာလား*

အရူးချူ၏ မျက်နှာက လေးနက်လာသည်။ သူ ဆတ်ခနဲ ခုန်၍ နောက်ခြေထောက်တစ်ဖက်ဖြင့် ပိန်ပါးပါးလူ၏ ဗိုက်ကို ကန်ကျောက်လေသည်။

တစ်ချိန်တည်းမှာပင် ပိန်ပါးပါးလူက နောက်လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုးနှက်လာ၏၊

အရူးချူသည် ပြင်းထန်သော စွမ်းအင်တစ်ခု သူ့ထံ တွန်းကန်လာသည်ဟု ခံစားမိပြီး နောက်သို့ လွင့်ထွက် သွားသည်။

ပိန်ပါးပါးလူ၏ လက်က စတီးသဖွယ် မာကျော၍ အရာအားလုံးကို စုတ်ဖြဲနိုင်သည်ဟု ထင်မှတ်ရသော အရှိန်အဝါမျိုး ပါဝင်နေသည်။

နောက်သို့ လွင့်သွားပြီးမှ အရူးချူ ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။

သူ့ခြေထောက်တစ်ခုလုံး ထုံနေ၏။ သူ့ကိုယ်သူ မာန်တင်း၍ ရပ်မနေခဲ့လျင် မြေကြီးပေါ် တန်း၍ လဲကျ သွားလောက်သည်။ သို့သော်လည်း လက်ရှိတွင် သူ့ကိုယ်သူ မနည်း ဟန်ချက်ထိန်းနေရသည်။

“ငါ လူသတ်သမားအဖြစ် နေခဲ့တုန်းက သိုင်းပညာရှင် တော်တော်များများကို သတ်ခဲ့ဖူးတယ်”

ပိန်ပါးပါးလူ၏ အသံက မကျယ်သော်လည်း သူတို့ ရင်ကို ထိုးခွင်းနိုင်လောက်သည့် အေးစက်မှုမျိုး ပါဝင်နေသည်။ ယင်းက သူ၏ လူသတ်လိုသော အငွေ့အသက်ပင်။

ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားလာသည်။ သူ့လက်သီးက လျှပ်စီးအလား လျင်မြန်လှပြီး အရူးချူထံ ဦးတည် ကျရောက်လာနေသည်။

အရူးချူသည်လည်း လက်သီးဖြင့် ပြန်လည် ခုခံတိုက်ခိုက်သည်။

လက်သီးချင်း ထိုးမိသောအခါ အရူးချူ၏ လက်မောင်းက ကွေးကောက်၍ ပုံပျက်သွားပြီး ခန္ဓာကိုယ်က လေထဲ မြောက်တက်ကာ အနောက်သို့ ငါးမီတာတိတိ လွင့်သွားပြီးမှ ပြန်ပြုတ်ကျသွားလေသည်။

All Chapters