ကမ္ဘာ့ရန်
Vol. 11 Ch. 155
“ဘုန်း”
အရူးချူ၏ ခန္ဓာကိုယ် မြေကြီးပေါ် လဲကျသွားခြင်းနှင့်အတူ ကျားသစ်နှင့် အခြားသူများအားလုံး၏ မျှော်လင့်ချက် များလည်း ကျဆင်းသွားလေသည်။
သူတို့သည် ပိန်ပါးပါးလူအား မျက်လုံးအပြူးသားနှင့် စိုက်ကြည့်ကာ တုန်ယင်နေပြီး ကြောက်စိတ် စိုးမိုးနေ၏။
*ကြောက်စရာ ကောင်းလိုက်တာ*
*လုံးဝ ကြောက်ဖို့ကောင်းတယ်*
အရူးချူသည် တိုက်ရည်ခိုက်ရည် ရှိသော လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် မကြာသေးခင်ကမှ စစ်သည်တော်ဌာနထဲ ဝင်ရောက်နိုင်ခဲ့ပြီး ဌာနတွင်း၌ တစ်လကျော် လေ့ကျင့်ရေး ဆင်းခဲ့ရသည်။ ပိန်ပါးပါးလူကြောင့် သူ အလွယ်တကူ ရှုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
အစောပိုင်းကမှ လေလုံးထွားခဲ့သော အစ်ကိုချူက မျက်တောင်တစ်ခတ်အတွင်း မြေကြီးပေါ်၌ မလှုပ်နိုင် ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဘယ်သူ တိုက်ခိုက်ချင်သေးလဲ”
ပိန်ပါးပါးလူ၏ အသံက အက်သံပါပြီး အေးစက်လှသဖြင့် သူ စကားပြောသည်နှင့် သူတို့ တုန်လှုပ်မိသည်။
“ဒုန်း”
ကျားသစ်က လျင်မြန်စွာ ဒူးထောက်လိုက်ပြီး ကြောက်လန့်တကြား ပြောလေသည်။
“အစ်ကိုနဂါး ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ခင်ဗျားကို ဘာမဆို ပေးပါ့မယ်”
အစ်ကိုနဂါးက ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲ့ငကြွားကောင်ကိုလည်း ခေါ်လာလိုက်၊ သူ့မိသားစုကို ပြန်ပေးငွေ ဆယ်သန်းနဲ့ လာရွေးခိုင်းလိုက်”
ထို့နောက် သူက ရဲ့လင်းချန်ကို ပြန်ကြည့်၍ အေးစက်စက် လေသံဖြင့် မေးလေသည်။
“မင်း ခေါင်းမာနေဦးမှာလား၊ မင်း ယွမ် ၃၈.၄ သန်းတောင် နိုင်ခဲ့တာနော်၊ ပိုက်ဆံနဲ့ မင်းအသက်မှာ ဘယ်ဟာက ပိုအရေးကြီးလဲ၊ သေချာ စဉ်းစား”
သူ ယုံကြည်မှုရှိစွာ ရပ်နေပြီး ရဲ့လင်းချန် သူ့အား ပိုက်ဆံပေးလာသည်ကို စောင့်နေလိုက်သည်။ အစောက မြင်ကွင်းက ရဲ့လင်းချန်ကို တစ်သက်လုံး ကြောက်ရွံ့နေစေရန် လုံလောက်ပေသည်။
သို့သော် သူ ထင်ထားသကဲ့သို့ သွေးပျက်နေသော တုံ့ပြန်မှုမျိုး ဖြစ်မလာပေ။ ရဲ့လင်းချန်က ယခင်အတိုင်း တည်ငြိမ်နေပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“ငါ မင်းတို့ကို အခွင့်အရေး တစ်ခါပေးမယ်၊ အညံ့ခံပါ”
*ဘာ*
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
“ကောင်းတယ်”
အရူးချူက ခက်ခက်ခဲခဲနှင့် ခေါင်းကို တစ်ဖက်လှည့်ကာ ရဲ့လင်းချန်၏ နောက်ကျောက်ကို ကြည့်နေပြီး မြေကြီးပေါ် လဲနေလျက်သားဖြင့် အော်ပြောသည်။
“အရင်တုန်းက မင်းကို ငါ့ပန်းတိုင်အဖြစ် သဘောထားခဲ့တာ မမှားဘူး၊ မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့ပင်မယ့် မင်းရဲ့ သတ္တိတစ်ခုတည်းကပင် ငါ့ဘော်ဒါဖြစ်ဖို့ ထိုက်တန်တယ်၊ တော်တယ်”
ထိုအခိုက်တွင် ကျားသစ်နှင့် ကျန်လူများအားလုံး ခေါင်းနားပမ်း ကြီးနေကြသည်။ ရဲ့လင်းချန်၏ စကားက သူတို့ကို မှင်တက်သွားစေသည်။ ဤသို့ မောက်မာသော လူမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။
*ခေါင်းမာတဲ့ ပြဿနာအိုးပဲ*
အစ်ကိုနဂါး သူ နားကြားမှားသလားဟု ဒုတိယအကြိမ် ထင်မိသွားသည်။ ရဲ့လင်းချန်ကို ကြည့်နေသော သူ့အကြည့်က အေးစက်လာပြီး ခေါင်းခါလေသည်။
“လေလုံးထွားရတာကြိုက်တဲ့ နောက်ထပ် လူငယ်တစ်ယောက်ပါလား၊ ကြွားလုံးထုတ်တာ ကောင်းတယ်လို့ ခံစားရပေမယ့် အဆုံးသတ် မကောင်းဘူးကွ၊ သူ့ခြေထောက်တွေကို ချိုးပစ်လိုက်”
ထိုစကားအဆုံး၌ လူမိုက်များက ရဲ့လင်းချန်ကို ဝိုင်းလာသည်။
သူတို့သည် လက်ထဲမှ ဂေါက်ရိုက်တံများကို အသာပုတ်၍ ရဲလင်းချန်ကို အချိန်မရွေး လွှဲရိုက်ရန် အသင့်ပြင် ထားကြသည်။
ထိုစဉ် လေညင်းတစ်ချက် တိုက်ခတ်သွားသလို ဖြစ်သွားသည်။ ၎င်းက ရဲ့လင်းချန်၏ ဆံပင်များကို တိုးဝှေ့ တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်က လေးနက်၍ မွန်းကျပ်စရာကောင်းလာသလိုပင်။
ကျားသစ်တို့အားလုံး မဖြုံသော ရဲ့လင်းချန်ကို ငေးကြည့်နေပြီး ရုတ်တရက် သူတို့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။
*သူက သာမန်လူ မဟုတ်ဘူးပဲ*
“ထိုင်ချလိုက်”
ရဲ့လင်းချန်က တည်ငြိမ်စွာ စကားစလိုက်သည်။ လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့သည် အံ့ဩသွားပြီးမှ နှစ်ယောက်လုံး အတူတူ ထိုင်ချလိုက်လေသည်။
ထိုခဏတွင် ရဲ့လင်းချန် လှုပ်ရှားလာ၏။
သူ့ခန္ဓာကိုယ်က ရေပေါ်သို့ ခုန်တက်လာသည့် ငါးတစ်ကောင်သဖွယ် လွှားခနဲ မြောက်တက်လာပြီး ကြောက်စရာ ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ခြေထောက်တစ်ဖက်ကို ဆန့်ကာ နဂါးအမြီးကို လွှဲယမ်းလိုက်သကဲ့သို့ အဆက်မပြတ် ကန်ကျောက်လိုက်သည်။
ထိုသို့ ကန်လိုက်သည့် ကိုယ်နေဟန်ထားက လေထဲတွင် လှပသော လခြမ်းကွေးသဏ္ဌာန် ဖြစ်ပေါ်လာစေသည်။
“ဘုန်း ဘုန်း ဘုန်း”
သူတို့ မှုန်ဝါးဝါးပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီးနောက် လူမိုက်များအားလုံး နေရာအနှံ့သို့ လွင့်စဉ်သွားလေသည်။
သွားများကျွတ်ထွက်ကုန်ပြီး မျက်နှာတွင် ဖိနပ်ရာ ထင်နေသည်။ သူတို့အားလုံး မြေကြီးပေါ် ပြုတ်ကျသည်နှင့် ချက်ချင်း သတိလစ်သွားသည်။
“မြတ်စွာဘုရား”
ကျားသစ်သည် အလန့်တကြား ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် တံတွေးမျိုချလိုက်မိသည်။ သူတို့ အချင်းချင်း ပြန်လှည့်ကြည့်ကြပြီး အချိန်အတော်ကြာအောင် ငြိမ်ကျသွားလေသည်။
*ဒါက တကယ့် ထူးချွန်သူပဲ*
အစ်ကိုနဂါး မျက်မှောင်ကြုတ်သွားပြီး ကျစ်ခနဲ စုတ်သတ်လိုက်သည်။
ပိန်ပါးပါးလူက ရဲ့လင်းချန်အား စူးရှသော အကြည့်ဖြင့် ကြည့်နေပြီး ထက်ရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။ ထို့နောက် ရဲ့လင်းချန်ထံသို့ သူ ဖြည်းဖြည်းချင်း လျှောက်လာ၏။
လက်ရှိတွင် သူတို့ ဘေးပတ်ဝန်ကျင်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။
လူတိုင်း ရင်ဘတ်ထဲမှနေ၍ နှလုံးခုန်ထွက်လာတော့မည်ဟုပင် ခံစားမိနေပြီး ထိန်းမရအောင် ရင်တဒိန်းဒိန်း ခုန်နေကြသည်။
ကျားသစ်နှင့် အခြားသူများသည် တင်းမာလာသော အခြေအနေကြောင့် မျက်နှာ ပြာနှမ်းလာသည်။ သူတို့ သွားများ တဂတ်ဂတ် ရိုက်နေပြီး သွေးများပင် အေးခဲစပြုလာသည်ဟု ခံစားနေရသည်။ သူတို့ စိုးရိမ်တုန်လှုပ် နေကြသည်။
*အရမ်း ရင်တုန်စရာ ကောင်းလွန်းတယ်*
*သရဲကားတွေထက်တောင် ပိုကြောက်စရာကောင်းတယ်၊ ဒါ မရဏ အငွေ့အသက်များလား*
အရူးချူသည် မြေကြီးပေါ်၌ ကူကယ်ရာမဲ့စွာ လဲနေ၏။ သူ ထရပ်၍ ရဲ့လင်းချန် ဘေးနားမှ တိုက်ခိုက်ချင်စိတ် ပြင်းပြနေလေသည်။
သူ့စိတ်ထဲ၌ ရဲ့လင်းချန်သည် ထိုပိန်ပါးပါးလူ၏ ပြိုင်ဘက် မဟုတ်ဟု ထင်နေသည်။
သူတောင်မှ မယှဉ်နိုင်လျင် ရဲ့လင်းချန်က ဘာများ ပိုလုပ်နိုင်မည်နည်း။
သူတို့သာ သူ့ကို အတူတူ တိုက်ခိုက်ပြီး ရဲ့လင်းချန်က သူ့ကို ဘေးမှ ကူညီပေးလျင် သူတို့ အခွင့်အရေး ရလောက်သည်။
သို့ရာတွင် သူ့လက်နှင့် ခြေထောက်များက ဒဏ်ရာ အပြင်းအထန် ရထားပြီး အချိန်တိုအတွင်း ပြန်သက်သာလာရန် မဖြစ်နိုင်ပေ။
*ငါတို့တော့ သွားပြီ*
အရူးချူ ကြံရာမရ ဖြစ်နေ၏။
ထိုအခိုက်တွင် ပိန်ပါးပါးလူက ရဲ့လင်းချန်နားသို့ ရောက်နေပြီ ဖြစ်သည်။ သူ့မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ စဉ်းလဲကောက်ကျစ်ဟန် ပေါ်နေသည်။
“မင်း …”
သူ စကားစလိုက်ချိန်မှာပင် ရဲ့လင်းချန်က တိုက်ခိုက်လာသည်။
သူ့ကိုယ်ကို ယိမ်း၍ တစ်ပတ်လည် ကန်ချက်ဖြင့် ကန်ကျောက်လေသည်။ သူ့လှုပ်ရှားမှုက အရူးချူနှင့် အတူတူပင်။
ပိန်ပါးပါးလူက အထင်သေးသော အပြုံးမျိုး ပြုံးလိုက်ဖြင့် လက်ဖြင့် ထပ်တားလိုက်သည်။ သို့သော် ယခုအခါတွင်မူ နှိုင်းယှဉ်မရသော စွမ်းအင်တစ်ခုက သူ့ထံ ကျဆင်းလာ၏။
“ဂျွတ်”
ပိန်ပါးပါးလူ၏ လက်မောင်းရိုး ကျိုးသွားလေသည်။ ကန်ချက်သည် အရှိန်လျော့မသွားဘဲ သူ့မျက်နှာပေါ် ကျရောက်လာသည်။
သူ့တစ်ကိုယ်လုံး လေထဲသို့ ဒုံးပျံသဖွယ် မြောက်တက်သွားသည်။ သူ လေထဲ မြောက်တက်သွားပြီး ဆယ်မီတာမျှ လွင့်သွားပြီးမှ ပြန်ကျလာသည်ကို လူတိုင်း မြင်နေရသည်။
သူ အသံပင် မထွက်လိုက်နိုင်ဘဲ ခွေးသေတစ်ကောင်သဖွယ် သတိလစ်သွားလေသည်။
လှုပ်ရှားမှုခြင်းက တူသော်လည်း သက်ရောက်မှုက မိုးနှင့်မြေသဖွယ် ကွာခြားလွန်းလှသည်။
*သောက်ကျိုးနည်း*
အရူးချူ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်လာပြီး စိတ်ထဲ၌ ဗလာ ဖြစ်နေလေသည်။
*ဘယ်လိုလုပ် သူက အဲ့လောက် သန်မာနေတာလဲ*
ရုတ်တရက် သူ ငိုချင်စိတ် ပေါက်လာသည်။ သူ၏ ရန်စမှုများနှင့် ကြုံရသော်လည်း မဖြုံစတမ်း တည်ငြိမ် နေခဲ့သည်။ တကယ့် ပညာရှင်ပါတကား။
ကျားသစ်တို့သည် အံ့အားသင့်နေသလို ပျော်လည်း ပျော်နေကြသည်။
ရဲ့လင်းချန်က သူတို့ ထင်ထားသည်ထက် ပိုသန်မာနေသဖြင့် သူတို့ အံ့အားသင့်ခြင်း ဖြစ်ပြီး ယခုကဲ့သို့ ဆန်းကြယ်စွာ ကယ်တင်ခံလိုက်ရသဖြင့် ပျော်နေကြခြင်း ဖြစ်လေသည်။
“အရေးမပါတာတွေ ပြောလွန်းတယ်”
ရဲ့လင်းချန်က ခေါင်းခါလျက် တည်ငြိမ်စွာ ပြောသည်။ ထို့နောက်တွင်မူ သူ အစ်ကိုနဂါးကို စိုက်ကြည့်နေပြီး ရဲခေါ်လိုက်သည်။
အဝေးမှ ဥဩဆွဲသံများကို ကြားလာရသည်။ မကြာခင်မှာပင် ရဲကား ငါးစီး ရောက်လာသည်။ အစ်ကိုနဂါးကို သူတို့ မည်မျှ အသည်းအသန် ဖမ်းချင်နေသလဲ သိသာလှသည်။
ခေါင်းဆောင်ဖြစ်သူက ကားပေါ်မှ အပြေးဆင်းလာသည့် ဆံပင်တိုတိုနှင့် ရဲမေတစ်ဦး ဖြစ်သည်။ သူမသည် ရဲဝတ်စုံကို ဝတ်ထားပြီး စိတ်အားထက်သန်မှုတို့ ပြည့်လျှံနေ၏။ သူမအမူအရာက လေးနက်နေသလို စိတ်လှုပ်ရှား နေဟန်လည်း ပေါ်နေသည်။
ရဲ့လင်းချန်ကို မြင်သောအခါ သူမ အံ့ဩသွားသည်။
“ဪ နင်ပါလား”
ရဲ့လင်းချန်သည်လည်း အံ့အားသင့်နေ၏။ ဤရဲမေသည် သူ ဘတ်စ်ကားပေါ်၌ တွေ့ခဲ့သော ရှုနန်ဟူသည့် ရဲမေပင်။
ရှုနန်က ချက်ချင်း ရယ်မောလာသည်။
“တိုက်ဆိုင်လိုက်တာ၊ အရင် လူကုန်ကူးသမား နှစ်ယောက်က နင် ဖမ်းတာကို ခံရတယ်၊ အခု သူတို့ ခေါင်းဆောင်ကလည်း နင် ဖမ်းတာကို ခံရတယ်၊ အံ့ဩစရာပဲ”
*ဘာ*
*သူလား၊ တကယ်ပဲ သူလား*
အစ်ကိုနဂါး၏ မျက်လုံးများ နီရဲလာပြီး ရဲ့လင်းချန်အား စူးစိုက်ကြည့်သည်။ သူ၏ မျက်ရည်ဝဲနေသော မျက်လုံး၌ ဒေါသနှင့် ဝမ်းနည်းစိတ်တို့ ရောပြွမ်းနေ၏။
*ကမ္ဘာ့ရန်*
*သူက သောက်ကျိုးနည်း ငါ့ကမ္ဘာ့ရန်သူကြီးဟ*