အခန်း (၅၁၃-၅၁၄)
Vol. 52 Ch. 513-514
အခန်း ၅၁၃ - သူ့ကိုပဲ သတ်ပစ်လိုက်ရင် မကောင်းဘူးလာ
အဖိုးကြီးဝုဟာ သူ့ပါးကိုသူ အုပ်ကိုင်ရင်း ချောမောတဲ့လူငယ် ကို ကြောင်တောင်တောင် ကြည့်နေမိပါတယ်။
သူ တကယ့်ကို ဇဝေဇဝါ ဖြစ်နေတာပါ။
သူက ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ သက်တံ့ဘုရင်ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်အောက်ငယ်သား ဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်ရှိသူပါ။
တောင်ထိပ်တစ်ခုကို အပိုင်စားရထားပြီး သူ့လက်အောက်မှာ မိစ္ဆာအငယ်အလေး ရာနဲ့ချီ ရှိပါတယ်။
သူတို့က သူ့ကို နေ့တိုင်း ဘုရင်ကြီး လို့ ခေါ်ကြတာပါ။
သက်တံ့ဘုရင်ကိုယ်တိုင်တောင် သူ့ကို ဒီလို ပါးရိုက်ဖို့ ခဲယဉ်းပါတယ်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဒါဟာ အကြီးအကျယ် အရှက်ခွဲခံရတာပါပဲ။
ဧည့်ခံပွဲခန်းမတစ်ခုလုံး လေးလံထိုင်းမှိုင်းတဲ့ တိတ်ဆိတ်မှုထဲ ကျရောက်သွားပါတယ်။
ရွှေအမြုတေအဆင့်ပဲဖြစ်ဖြစ်၊ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲဖြစ်ဖြစ် ကျင့်ကြံသူအားလုံးဟာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။
ချောမောတဲ့ လူငယ် ဟာ ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ကို အရိုအသေပေးလိုက်ပြီး စကားစပါတယ်။
"ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ဦးခင်ဗျာ ကျုပ် ဟန်မဆောင်တော့ပါဘူး ကျုပ် ခင်ဗျားတို့ကို မှတ်မိသွားပါပြီ"
" ဒီနေ့ ဖြစ်ပျက်သမျှက ဒီပိုးနဂါးမိစ္ဆာရဲ့ သဘောထားကြောင့် ဖြစ်ရတာပါ ကျုပ်နဲ့ ကျုပ်အဖေနဲ့ ဘာမှမပတ်သက်ပါဘူး"
"တကယ်လို့ ဒီပိုးနဂါးမိစ္ဆာက ဒီလောက်အထိ ရိုင်းစိုင်းရဲမယ်ဆိုတာသာ သိရင် ကျုပ်အဖေကို အစောကြီး အကြောင်းကြားပြီး ဒီကောင်အတွက် ခေါင်းတလား ပြင်ခိုင်းထားမှာပါ"
မင်းသားရဲ့ အမူအရာနဲ့ စကားပြောပုံဟာ အလွန်အမင်း နှိမ့်ချလွန်းနေပြီး သက်တံ့ဘုရင်ရဲ့ သားတော်တစ်ယောက်ရဲ့ ဂုဏ်ဒြပ်မျိုး လုံးဝမရှိတော့ပါဘူး။
အားလုံးက အံ့သြသွားကြပြီး ဘာလို့ မင်းသား ဒီလောက် ကြောက်နေရတာလဲဆိုတာကို သဘောပေါက်သွားကြပါတယ်။
"ဒီနှစ်ယောက်က ဘယ်လိုနောက်ခံမျိုးရှိလို့ သက်တံ့ဘုရင်ရဲ့ သားတော်တောင် ဒီလောက် ကြောက်နေရတာလဲ"
"အဖိုးကြီးဝုတော့ ဒီနေ့ ဒုက္ခရောက်ပြီ"
ကျင့်ကြံသူတွေက တီးတိုးပြောရင်း အဖိုးကြီးဝု ကံဆိုးတာကို ကြည့်ပြီး ခိုးပြုံးနေကြပါတယ်။
ချင်ဟုဘုရင်မလည်း အံ့သြသွားပြီး ဖန့်ချန်ကို ထပ်ခါထပ်ခါ ကြည့်နေမိပါတယ်။
"ငါတို့ကို မှတ်မိပြီဆိုတော့ ငါတို့ကို ဖမ်းပြီး ဆုလာဘ် မယူချင်ဘူးလား ကောင်းကင်ဘုရင်ကျန့် ပေးမယ့် ဆုလာဘ်က နည်းမှာမဟုတ်ဘူးနော်"
လို့ ဖန့်ချန်က ပြုံးစစနဲ့ မေးပါတယ်။
"ခင်ဗျားကလည်း နောက်နေပြန်ပြီ ကျုပ်တို့က ဒီလိုကိစ္စတွေမှာ ဘယ်လိုလုပ် ပါဝင်ရဲမှာလဲ ကောင်းကင်ဘုရင်ကျန့် ဘက်ကပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ဘက်ကပဲဖြစ်ဖြစ် ကျုပ်တို့နှလုံးသားထဲမှာ အဆုံးမဲ့ ရိုသေမှုပဲ ရှိပါတယ်"
လို့ မင်းသားက အလေးအနက် ဖြေပါတယ်။
အဆုံးမဲ့ ရိုသေမှု ကောင်းကင်ဘုရင်ကျန့်ရဲ့ အိမ်တော် ခန်းမထဲက လူတွေ ပိုပြီး ဇဝေဇဝါ ဖြစ်ကုန်ပါတယ် ဒီလူနှစ်ယောက်ရဲ့ နောက်ခံက သူတို့ထင်ထားတာထက် ပိုကြီးမားနေပုံရပါတယ်။
"ဒါ့အပြင်..."
မင်းသားက သက်ပြင်းချရင်း
"နတ်မျိုးစေ့တွေတောင် ခင်ဗျားတို့လက်ထဲမှာ သေဆုံးခဲ့ရတယ်၊ အသုဘခေါင်းလောင်းသံကလည်း ၂၇ ရက် တိတိ မြည်ခဲ့တယ်"
"ခင်ဗျားတို့ရဲ့ ရန်သူက ဝိညာဉ်သန္ဓေသားအဆင့် မဟုတ်သရွေ့ ဒီလောကမှာ ခင်ဗျားတို့ကို ယှဉ်နိုင်သူ မရှိပါဘူး"
ခန်းမတစ်ခုလုံး အံ့သြတုန်လှုပ်သံတွေ ပျံ့လွင့်သွားပါတယ်။
ဖန့်ချန်နဲ့ အတူထိုင်ခဲ့တဲ့ မိစ္ဆာကျင့်ကြံသူဆိုရင် လန့်လွန်းလို့ သွားတွေတောင် ကျွတ်ထွက်မတတ်ပါပဲ။
"ဒါ... ဒါက ဟင်းလင်းပြင်ထာဝရဓားဂိုဏ်းက နတ်မိမယ်ယွီလား"
"နတ်မျိုးစေ့တွေကို သတ်ခဲ့တာတဲ့လား နတ်မိမယ်ယွီရဲ့ ယောက်ျားကော ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
၂၇ ရက် တိတိ မြည်ခဲ့တဲ့ နာရေးခေါင်းလောင်းသံက နတ်မျိုးစေ့တွေ သေဆုံးတာကို ဝမ်းနည်းရုံတင်မကဘဲ အဲဒီဂိုဏ်းတွေရဲ့ ရန်ငြိုးကိုပါ ကြေညာခဲ့တာပါ။
အခု အဲဒီရန်ငြိုးရဲ့ တရားခံတွေက သူတို့ရှေ့မှာ ရောက်နေတာကိုး။
နတ်မိမယ်ယွီက ပြုံးပြီး ဖန့်ချန်ကို ပြောပါတယ်။
"သခင်လေး ဒီလူက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ သူ့ကို မသတ်ဘဲ ထားလိုက်ကြရအောင်"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။
မင်းသားကတော့ သက်ပြင်းအရှည်ကြီး ချနိုင်သွားပါတယ်။
ဖန့်ချန်က အဖိုးကြီးဝုဆီက ဆေးသေတ္တာကို ယူလိုက်ပြီး မင်းသားကို မေးပါတယ်။
"ဒီ သမင်သွေးသစ်မြစ် အပြင် မင်းဆီမှာ နှင်းမျိုမြက် နဲ့ ခရမ်းရောင်မုတ်ဆိတ်ပန်း ကော ရှိလား"
မင်းသားက အံ့သြသွားပေမယ့် ချက်ချင်း ခေါင်းညိတ်ပါတယ်။
"ရှိပါတယ် ရှိပါတယ် လူလွှတ်ပြီး ခုပဲ သွားယူခိုင်းလိုက်ပါ့မယ်"
မင်းသားက သူ့လက်အောက်ငယ်သားတွေကို ချက်ချင်း အမိန့်ပေးပြီးနောက် ဖန့်ချန်ကို မေးပါတယ်။
"စီနီယာ ဒီပိုးနဂါးမိစ္ဆာကို ဘယ်လို စီရင်ချင်ပါသလဲ"
"စီနီယာ ဒါတွေက အထင်လွဲတာပါ ဟိုကောင်က ကျုပ်ကို မြှောက်ပင့်လို့ ကျုပ် စိတ်ရိုင်းဝင်သွားတာပါ သူက တကယ့်တရားခံပါ"
အဖိုးကြီးဝုက တုန်တုန်ရီရီနဲ့ ဘေးက မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးထိုးပြပါတယ်။
အဲဒီကျင့်ကြံသူက ဖြေရှင်းဖို့ ကြိုးစားပေမယ့် စကားမဆုံးခင်မှာပဲ ဓားအလင်းတစ်ချက် လက်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားပါတော့တယ်။
တစ်ခန်းလုံးက လူတွေဟာ ဖန့်ချန်ရဲ့ ဓားချက်ကို ဘယ်သူမှ မမြင်လိုက်ရတဲ့အတွက် ပိုပြီး ထိတ်လန့်သွားကြပါတယ်။
ဖန့်ချန်က ချင်ဟုဘုရင်မကို ကြည့်ပြီး မေးပါတယ်။
"ဘုရင်မ ခင်ဗျား ဘယ်လိုလုပ် သူ့လက်ထဲ ရောက်နေတာလဲ ခင်ဗျားသမီးကို သူ ဖမ်းထားတာလား"
"ကျွန်မသမီးနဲ့ ညီမလေး နှစ်ယောက်လုံး သူ့လက်ထဲမှာပါ"
ဘုရင်မက ခေါင်းညိတ်ပြပါတယ်။
အဖိုးကြီးဝုကလည်း ကြောက်ကြောက်လန့်လန့်နဲ့ လူလွှတ်ပြီး သွားခေါ်ခိုင်းပါတယ်။
ခဏနေတော့ ထုချင်းချိုး နဲ့ မင်းသမီးလေးတို့ ရောက်လာကြပါတယ်။
"ဘယ်သူမှ ထိခိုက်တာမရှိတော့ ဒီအထင်လွဲမှုကို အဆုံးသတ်လို့ ရမလား"
အဖိုးကြီးဝုက တောင်းပန်တိုးလျှိုးပါတယ်။
နတ်မိမယ်ယွီက ပြုံးလိုက်ပြီး
"အဆုံးသတ်မယ် ရှင်က ကျွန်မကိုတောင် အဓမ္မ လက်ထပ်ဖို့ လုပ်နေတာလေ ရှင့်ရဲ့ ဒီလောက် ခွန်အားလေးနဲ့ ကျမကို ကျွန်မယောက်ျားဆီကနေ လုယူချင်တာလား"
မင်းသားက အခြေအနေကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။
"အဖိုးကြီးဝု ဒီနေ့ လုပ်ရပ်က တကယ်ကို မသင့်တော်ပါဘူး စီနီယာတို့ စိတ်မကျေနပ်သေးရင်တော့"
အဖိုးကြီးဝုက မင်းသား သူ့ဘက်က ကူပြောပေးမှာကို မျှော်လင့်တကြီး ကြည့်နေပါတယ်။ ဒါပေမဲ့ မင်းသားက
"သူ့ကိုပဲ သတ်ပစ်လိုက်ရင် မကောင်းဘူးလား"
လို့ အေးအေးဆေးဆေး ပြောလိုက်ပါတော့တယ်။
အဖိုးကြီးဝုဟာ ဒေါသအကြီးအကျယ် ထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ ခန်းမထဲကနေ ထွက်ပြေးရင်း အော်ဟစ်ဆဲဆိုပါတော့တယ်။
"သောက်ကောင်လေး ငါက မင်းအဖေအတွက် နှစ်ပေါင်း ရာနဲ့ချီပြီး အစေခံခဲ့တာကို မင်းက ငါ့ကို ဒီလို ဆက်ဆံတာလား"
အခန်း ၅၁၄ - မိတ်ဆွေ မင်းက ဘယ်လိုသတ္တဝါမျိုးလဲ
ချောမောလှပတဲ့ လူငယ် က အဖိုးကြီးဝု ထွက်ပြေးသွားတဲ့ဘက်ကို အမြန်ကြည့်လိုက်ပြီး ဖန့်ချန်ဘက်ကို လှည့်ကာ စိုးရိမ်တကြီး သတိပေးလိုက်ပါတယ်။
"မိတ်ဆွေ သူ့ကို လွတ်မသွားစေနဲ့ အဲဒီလူက ရန်ငြိုးအရမ်းကြီးသလို လက်စားချေဖို့လည်း ဝန်မလေးတဲ့သူပါ"
"တကယ်လို့ သူ့ကို အသက်ရှင်လျက် လွှတ်ပေးလိုက်ရင် နောက်ပိုင်းမှာ ခင်ဗျားတို့နှစ်ယောက်လုံးအတွက် ပြဿနာတွေ အများကြီး ဖန်တီးလာလိမ့်မယ်"
ဖန့်ချန်က အေးဆေးစွာပဲ ခေါင်းညိတ်လိုက်ပါတယ်။
သူက လက်ကို အသာအယာ မြှောက်လိုက်ပြီး ဓားအလင်းတန်းတစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်ပါတယ်။
အဲဒီဓားအလင်းက လျှပ်စီးလက်သလို မြန်ဆန်လွန်းလှပါတယ်။
အဖိုးကြီးဝုရဲ့ ထွက်ပြေးတဲ့ အရှိန်က အဲဒီဓားအရှိန်နဲ့ ယှဉ်ရင် ခရုတစ်ကောင်လို နှေးကွေးနေပါတယ်။
သူဟာ ခန်းမအပြင်ဘက်ကို ရောက်ခါစပဲ ရှိသေးတယ်၊ ဓားအလင်းက သူ့နောက်ကျောကနေ ဖောက်ထွက်သွားပြီး သူ့ကို မြေပြင်ပေါ်မှာတင် ပိုင်းဖြတ်ပစ်လိုက်ပါတော့တယ်။
နတ်မိမယ်ယွီကတော့ အကျင့်အတိုင်းပဲ သူ့အလောင်းဆီကို ချက်ချင်း ပျံသွားပြီး အဖိုးကြီးဝုရဲ့ သိုလှောင်လက်စွပ်ကို ကောက်ယူ သိမ်းဆည်းလိုက်ပါတယ်။
အဲဒီနောက် သူမက ခန်းမထဲက ကျင့်ကြံသူအားလုံးကို ဝေ့ကြည့်ပြီး ခပ်အေးအေးပဲ မေးလိုက်ပါတယ်။
"ဒီနေရာကနေ နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ ကို သွားဖို့ ဘယ်ဘက်ကို သွားရမလဲဆိုတာ သိတဲ့လူ ရှိလား"
လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်နေကြပါတယ်။
"နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ"
သူတို့ထဲမှာ ဒီနာမည်ကို ကြားဖူးသူ မရှိသလောက်ပါပဲ။
နတ်မိမယ်ယွီက စပ်စုနေတဲ့ လူအုပ်ကြီးကို ထားခဲ့ပြီး မင်းသားဘက်ကို လှည့်မေးပါတယ်။
"ရှင်ကော မသိဘူးလား"
မင်းသားက ခေတ္တမျှ စဉ်းစားဟန်ပြုပြီးမှ ဝန်ခံပါတယ်။
"နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ ကျုပ် တစ်ခါမှ မကြားဖူးဘူးဗျ ဝန်ခံရရင် အဲဒီလိုနေရာမျိုး ရှိမှန်းတောင် မသိတာပါ"
အဲဒီအချိန်မှာ ချင်ဟုဘုရင်မရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပါတယ်။
"နတ်ဘုရားနိုင်ငံတော် သန့်စင်မြေ"
သူမက နတ်မိမယ်ယွီကို ကြည့်ပြီး
"တောင်ဘက်ကို တည့်တည့်သွားရင် ရောက်လိမ့်မယ် ဒါပေမဲ့ အဲဒီနေရာက တော်တော်လေး ဝေးတယ် တကယ်လို့ ရှင်တို့ တယ်လီပို့ အစီရင် ဘယ်မှာရှိလဲ မသိရင် ရောက်ဖို့ နှစ်ပေါင်း ရာနဲ့ချီ ကြာနိုင်တယ်"
နတ်မိမယ်ယွီက ပြုံးလိုက်ပါတယ်။
"ဪ ဒါဆို ရှင်က အဲဒီနေရာကို သိတာပေါ့"
ချင်ဟုဘုရင်မက ခေါင်းညိတ်ပြပါတယ်။
"ကျွန်မကိုယ်တိုင်လည်း သစ်စိမ်းဂိုဏ်း ကို သွားဖို့ လုပ်နေတာပါ ကျွန်မ ရှင်တို့အတွက် လမ်းပြပေးနိုင်ပါတယ်"
ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ အံ့သြသွားကြပါတယ်။
"ရှင်လည်း သစ်စိမ်းဂိုဏ်းကို သွားမလို့လား ဘာကိစ္စရှိလို့လဲ"
"ကျွန်မတို့ မျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ယောက်က အဲဒီဂိုဏ်းမှာ ကျင့်ကြံနေလို့ပါ"
လို့ သူမက ဖြေပါတယ်။
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"တိုက်ဆိုင်လိုက်တာ ဒါပေမဲ့ ကျုပ်တို့နဲ့ လိုက်ရင် အန္တရာယ်များလွန်တယ်ဆိုတာ မင်း သိလား ကျုပ်တို့ရဲ့ ပြဿနာတွေက မင်းထင်တာထက် များတယ်နော်"
ဘုရင်မက ခါးသက်သက် ပြုံးလိုက်ပါတယ်။
"ရှင်တို့နောက် လိုက်တာကမှ ကျွန်မတို့ ဘိုးဘေးနဲ့ တွေ့ဖို့ အခွင့်အရေး ရှိဦးမယ် ကျွန်မတို့ဘာသာ သွားရင်တော့ သစ်စိမ်းဂိုဏ်းကို ရောက်ဖို့ ၁၀ ရာခိုင်နှုန်း တောင် မရှိဘူး ခုနက အခြေအနေမျိုးတွေ ထပ်ကြုံရင် ကျွန်မတို့ အသက်တောင် ရှင်မှာမဟုတ်ဘူး"
နာရီအနည်းငယ် ကြာပြီးတဲ့နောက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်က ဆေးသေတ္တာ နှစ်လုံးကို ယူဆောင်လာပေးပါတယ်။
မင်းသားက အဲဒီထဲမှာပါတဲ့ နှင်းမျိုမြက် နဲ့ ခရမ်းရောင်မုတ်ဆိတ်ပန်း တို့ကို စစ်ဆေးပြီးမှ ဖန့်ချန်ဆီကို ရိုရိုသေသေ လာပေးပါတယ်။
ဖန့်ချန်က ဆေးပစ္စည်းတွေကို စစ်ဆေးပြီး ကျေနပ်စွာနဲ့ သိမ်းလိုက်ပါတယ်။
"မိုးချုပ်နေပြီ မင်းတို့ စားကြသောက်ကြပါ ကျုပ်တို့ သွားတော့မယ်"
လို့ ပြောပြီး ခန်းမထဲကနေ ထွက်ခွာလာပါတယ်။
မင်းသားက သူတို့ကို အိမ်ရှေ့အထိ ကိုယ်တိုင်လိုက်ပို့ပါတယ်။
ဖန့်ချန်တို့ ပျောက်ကွယ်သွားတော့မှ လူတိုင်း သက်ပြင်းချနိုင်ပါတော့တယ်။
ရုတ်တရက် ထွက်သွားပြီလို့ ထင်ရတဲ့ ဖန့်ချန်က ပြန်ပေါ်လာပါတယ်။
လူတိုင်း ကြောက်လွန်းလို့ ကြက်သီးတွေတောင် ထသွားပါတယ်။
မင်းသားဆိုရင် ဖန့်ချန်က စိတ်ပြောင်းသွားပြီလားဆိုပြီး အကြီးအကျယ် ထိတ်လန့်သွားပါတယ်။
"မိတ်ဆွေ မင်းက ဘယ်လို မိစ္ဆာအမျိုးအစားလဲ"
လို့ ဖန့်ချန်က မင်းသားကို ပြုံးပြီး မေးပါတယ်။
"ကျုပ်... ကျုပ်က ကြက်ပါဗျ"
မင်းသားက ပြာပြာသလဲ ဖြေပါတယ်။
"ဪ ကြက်မိစ္ဆာပေါ့"
ဖန့်ချန်က မင်းသားရဲ့ ခုနစ်ရောင်ခြယ် ဆံပင်တွေကို ကြည့်ပြီး မှတ်ချက်ပေးကာ တကယ်ပဲ ထွက်သွားပါတော့တယ်။
အဲဒီနောက် ဖန့်ချန်တို့ဟာ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာ နားခိုကြပါတယ်။
ဖန့်ချန်က ဆေးပစ္စည်းတွေကို ထုတ်ပြီး ဆေးဖော်စပ်ပါတယ်။
ချင်ဟုမင်းသမီးလေးက ဖန့်ချန်ကို ကြည့်ပြီး သူ့အမေကို မေးပါတယ်။
"အမေ သူ ဘာလုပ်နေတာလဲ ဆေးဖော်တာဆိုရင် မီးမလိုဘူးလား"
"သူ့နောက်ခံက ထူးခြားတယ် ငါတို့ အခု သူ့ကို ကျေးဇူးတင်သင့်တယ် သမီး ခင်မင်ခဲ့တဲ့ ကျွယ်ဝူတိက သူ့လက်မှာ သေသွားလို့ အာဃာတ မထားပါနဲ့"
"သူက သွေးဝိညာဉ်ဂိုဏ်းက လူဆိုတာ သမီးလည်း သိသွားပြီပဲ သူတို့ကြောင့် အမေတို့ အိမ်ခြေမဲ့ ထွက်လာရတာလေ"
လို့ ဘုရင်မက သတိပေးပါတယ်။
"အမေကလည်း ကျွယ်ဝူတိ က သေသင့်လို့ သေတာပါ သမီး သူ့ကို အာဃာတ မထားပါဘူး"
လို့ မင်းသမီးလေးက ပြန်ဖြေပေမယ့် ဖန့်ချန်ကိုတော့ စပ်စုတဲ့မျက်လုံးတွေနဲ့ ခိုးကြည့်နေဆဲပါ။
နှစ်နာရီလောက် ကြာတဲ့အခါမှာတော့ ဆေးရည်က အဆင်သင့် ဖြစ်သွားပါတယ်။
နတ်မိမယ်ယွီက အနားကို ကပ်လာပြီး ပွက်ပွက်ဆူနေပြီး ကြည့်ရတာ အရမ်းရွံစရာကောင်းတဲ့ မီးခိုးစိမ်းရောင် ဆေးရည်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပါတယ်။
"သခင်လေး ဒါကို တကယ်ပဲ သောက်မှာလား အထဲမှာ မျက်လုံးကြီးတွေတောင် ပါနေတယ်နော်"