အခန်း (၅၃၃-၅၃၄)
Vol. 54 Ch. 533-534
အခန်း ၅၃၃ - ယာယီတည်းခိုခြင်း
ခန်းမဆောင်ကြီးအတွင်းမှာတော့ လူတွေဟာ အရေးကြီးတဲ့ ကိစ္စရပ်တွေကို အလေးအနက် ဆွေးနွေးနေကြတာမို့ ဆူညံလို့နေပါတယ်။
ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ ဝင်လာတဲ့အခါမှာတော့ ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး လူပေါင်းများစွာရဲ့ အကြည့်တွေက သူတို့ဆီကို စပ်စုတဲ့အကြည့်၊ သတိထားတဲ့ အကြည့်တွေနဲ့ ရောက်လာပါတော့တယ်။
ခန်းမရဲ့ အလယ်ဗဟိုမှာတော့ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက်ဟာ ခန့်ညားစွာ ထိုင်နေပါတယ်။
သူကတော့ ရှန်ထူချန်း ပြောခဲ့တဲ့ သစ်စိမ်းဂိုဏ်းရဲ့ အုပ်ချုပ်ရေးမှူး ၉ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲယို ပါပဲ။
အကြီးအကဲယိုရဲ့ ကျင့်ကြံခြင်းအရှိန်အဝါကတော့ ကိုင်ဟုန် ဒါမှမဟုတ် ရွှီချင်စုန်တို့လောက်တောင် မသန်မာပါဘူး။
"အကြီးအကဲယိုကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်နှစ်ဖက်ကို စုပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်ပါတယ်။
အကြီးအကဲယိုက အသာအယာပြုံးပြီး သူ့ရဲ့ မုတ်ဆိတ်ဖြူတွေကို သပ်လိုက်ပါတယ်။
"လူငယ်လေး အားနာစရာမလိုပါဘူး မင်း ဒီကိုလာတာ မူလအသီး အတွက်လို့ ငါ ယူဆမိတယ် မှန်ရဲ့လား"
အဘိုးအိုက ပွင့်ပွင့်လင်းလင်း မေးလာတာမို့ ဖန့်ချန်လည်း ဝေ့ဝိုက်မနေတော့ဘဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
"မှန်ပါတယ် အကြီးအကဲ ကျုပ်တို့ အဲဒါအတွက် လာခဲ့တာပါ"
အကြီးအကဲယိုက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပါတယ်။
"လူငယ်လေး မင်းက ခြေတစ်လှမ်းတော့ နောက်ကျသွားပြီ မူလအသီးကို တစ်စုံတစ်ယောက်က ကြိုတင်မှာယူ သွားပြီကွ"
"မှာယူသွားပြီ ဟုတ်လား"
အကြီးအကဲယို လိမ်နေတာလား၊ အမှန်ပြောတာလားဆိုတာ ဖန့်ချန် မခန့်မှန်းနိုင်ပါဘူး။
"ဒါဆိုရင် ဘယ်သူက မှာသွားတာလဲ ဘယ်လောက်ပေးပြီး မှာသွားတာလဲဆိုတာ ကျုပ် သိခွင့်ရှိမလား"
"စိတ်မရှိပါနဲ့ ဝယ်တဲ့သူရဲ့ အထောက်အထားကိုတော့ ငါ မပြောနိုင်ဘူး ဒါပေမဲ့ ပေးတဲ့ဈေးကိုတော့ ငါ ပြောပြနိုင်ပါတယ်"
အကြီးအကဲယိုက လက်ဖဝါးကို လှန်ပြလိုက်ပါတယ်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးပြီး ဝယ်သွားတာပါ"
ဖန့်ချန် မျက်မှောင်ကြုတ်သွားပါတယ်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေလား"
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေက သာမန် အဆင့်နိမ့်အဆင့် ကျောက်တုံးတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိပါတယ်။
အဲဒီနှစ်ခုကြားမှာ တရားဝင် လဲလှယ်နှုန်း သတ်မှတ်ချက် မရှိပေမဲ့ အလယ်ပိုင်း သုံးဆင့် က ကျင့်ကြံသူတွေအတွက်တော့ အဆင့်တက်ဖို့ ဒီကျောက်တုံးတွေက မရှိမဖြစ်ပါပဲ။
ဖန့်ချန်က လက်မလျှော့ဘဲ ထပ်မေးလိုက်ပါတယ်။
"အကြီးအကဲယို ကျုပ် သိချင်တာက အလယ်အလတ်အဆင့် ကျောက်တုံး တစ်ထောင်ဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်နဲ့ ညီမျှသလဲဆိုတာပါပဲ"
ဖန့်ချန်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပေါင်း သိန်းချီ ရှိနေတာမို့ အကြီးအကဲ စိတ်ပြောင်းသွားအောင် ဒီပမာဏနဲ့ တန်မလားလို့ တွေးနေတာပါ။
ဒါကို ကြားတဲ့အခါ ခန်းမထဲက လူတွေက ပြုံးလိုက်ကြပါတယ်။
"အဆင့်နိမ့် ကျောက်တုံးတွေ ဟုတ်လား"
အကြီးအကဲယိုလည်း ပြုံးလိုက်ပါတယ်။
"တကယ်လို့ ဒါက တခြား သာမန်ဝိညာဉ်အသီးဆိုရင်တော့ ငါတို့ဂိုဏ်းက အဆင့်နိမ့် ကျောက်တုံးတွေနဲ့ပဲ အရောင်းအဝယ် လုပ်ပါတယ်"
" ဒါပေမဲ့ မူလအသီးလို ရတနာမျိုးကျတော့ အလယ်အလတ်အဆင့် နေနေသာသာ အဆင့်မြင့် ကျောက်တုံးတွေနဲ့ ပေးမယ်ဆိုရင်တောင် တန်ဖိုးမကြီးလွန်းပါဘူး"
"အဆင့်နိမ့် ကျောက်တုံး ဘယ်လောက်နဲ့ ညီမလဲဆိုရင်တော့ လိုအပ်ချက်ပေါ် မူတည်တာပေါ့ ငါတို့အတွက်တော့ အဆင့်နိမ့် ကျောက်တုံး ငါးသန်း (၅ သန်း) ပေးရင်တောင် မလဲနိုင်ပါဘူး"
ဖန့်ချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပါတယ်။
အကြီးအကဲယို ပြောချင်တဲ့ အဓိပ္ပာယ်ကို သူ နားလည်သွားပါပြီ။
၅ သန်းနဲ့ မလဲနိုင်ဘူးဆိုတာက အဆင့်နိမ့် ကျောက်တုံးတွေဟာ အလယ်အလတ်အဆင့် ကျောက်တုံးတွေရဲ့ အရေးပါမှုကို မယှဉ်နိုင်ဘူးလို့ ဆိုလိုတာပါ။
"သခင်လေး ကျွန်မတို့ သွားကြရအောင်လား"
နတ်မိမယ်ယွီက တိုးတိုးလေး ကပ်ပြောပါတယ်။
"တခြား တစ်နေရာရာမှာလည်း မူလအသီး ရှိနိုင်တာပဲလေ"
အကြီးအကဲယိုက ပြုံးပြီး ပြောလိုက်ပါတယ်။
"ငါသိသလောက်တော့ တစ်လောကလုံးမှာ မူလအသီးပင်ဆိုလို့ သစ်စိမ်းဂိုဏ်းမှာပဲ ရှိတာ တခြား ဘယ်နေရာမှာမှ ဒုတိယတစ်ပင် မရှိနိုင်ဘူး"
"အကြီးအကဲယို ကျုပ် အရင်က သစ်စိမ်းဂိုဏ်းက စီနီယာတစ်ယောက်နဲ့ တွေ့ဖူးပါတယ် အဲဒီစီနီယာ အခုထိ ရှိနေသေးလားဆိုတာ သိချင်လို့ပါ"
လို့ ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။
"မင်းက ငါတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ တွေ့ဖူးတယ် ဟုတ်လား သူက အုပ်ချုပ်ရေးမှူး ၉ ယောက်ထဲက တစ်ယောက်လား"
အဘိုးအိုက ပြုံးပြီး ခေါင်းခါလိုက်ပါတယ်။
"မူလအသီးက ရောင်းပြီးသွားပြီဆိုတော့ ဘယ်အုပ်ချုပ်ရေးမှူးမှ ဝင်စွက်ဖက်လို့ မရတော့ဘူး ဒါက ဂိုဏ်းရဲ့ အခြေခံ စည်းမျဉ်းပဲ ငါတို့ကိုယ်တိုင် စည်းမျဉ်းဖောက်ရင် သစ်စိမ်းဂိုဏ်းက ဘယ်လိုလုပ်ပြီး ဂုဏ်သိက္ခာ ထိန်းနိုင်တော့မလဲ"
ဒီအချိန်မှာ ခန်းမထဲကလူတွေက တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက် သတင်းပို့နေကြပါတယ်။
"အကြီးအကဲယိုက သူတို့နှစ်ယောက်ကို ဒီအထိ လာတွေ့ခွင့်ပေးတာတောင် တော်တော် စိတ်ရှည်လို့ပဲ"
"ဒီမိန်းကလေးကို ဓားဂိုဏ်းက နှင်ထုတ်လိုက်တယ်ဆိုပေမဲ့ ဓားဂိုဏ်းသားတွေက သူမကို တပည့်ရင်းလိုပဲ ကာကွယ်နေတာပဲ"
"ဒါပေမဲ့ ဒီ မိစ္ဆာသန္ဓေသား ကတော့ မလွယ်ဘူးသူမ မိစ္ဆာလမ်းကို လုံးလုံးမရောက်မချင်းတော့ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
စသဖြင့် ပြောနေကြတာပါ။
ဖန့်ချန်က ဆက်ပြောပါတယ်။
"အဲဒီအကြီးအကဲက အုပ်ချုပ်ရေးမှူး ၉ ယောက်ထဲက တစ်ယောက်လားဆိုတာ ကျုပ် မသိဘူး ဒါပေမဲ့ သူ့ကို တွေ့ချင်ပါတယ် သူက ကျုပ်ကို ကူညီနိုင်လိမ့်မယ်လို့ ထင်လို့ပါ"
အကြီးအကဲယို ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်ပါတယ်။
"သူ့ရဲ့ ရုပ်ရည်က ဘယ်လိုလဲ မင်း မှတ်မိလား"
ဖန့်ချန်က သူတွေ့ခဲ့တဲ့ အဘိုးအိုရဲ့ ပုံပန်းသဏ္ဌာန်ကို အကျဉ်းချုပ် ပြောပြလိုက်ပါတယ်။
ပြီးတော့
"အဲဒီအဘိုးအိုနဲ့ တွေ့တုန်းက သူ့ရဲ့ မြေးမလေးလည်း အတူတူ ပါလာတယ်"
လို့ ဖြည့်ပြောလိုက်ပါတယ်။
"ဒါဆိုရင်တော့ မင်းတွေ့ခဲ့တာ ငါတို့ သစ်စိမ်းဂိုဏ်းရဲ့ ဘိုးဘေးကြီး ပဲ ဖြစ်ရမယ်"
အကြီးအကဲယို အံ့သြသွားပါတယ်။
သူက ဘေးကလူတွေကို လှည့်ပြောလိုက်ပါတယ်။
"မူလအသီးကို ခေတ္တ ဆိုင်းငံ့ထားလိုက်မယ်ဧည့်သည်တော်တွေကိုလည်း ခဏ စောင့်ခိုင်းလိုက်ကြ"
"ဒါက စည်းမျဉ်းနဲ့ မညီဘူး မဟုတ်လား အကြီးအကဲ"
ဘေးကလူတစ်ယောက်က မျက်နှာပျက်ပျက်နဲ့ ပြောပါတယ်။
"စည်းမျဉ်းတွေ ဘာတွေ ခဏထားလိုက်စမ်း ဒီကိစ္စကို ဘိုးဘေးကြီးကို အရင်တိုင်ပင်ပြီးမှ ငါ ဆုံးဖြတ်မယ်"
လို့ အကြီးအကဲယိုက တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
ပြီးနောက် သူက ဖန့်ချန်ကို ပြုံးပြပါတယ်။
"လူငယ်လေး ငါတို့ သစ်စိမ်းဂိုဏ်းမှာ ရက်အနည်းငယ်လောက် တည်းခိုသွားပါဦး ဘိုးဘေးကြီးရဲ့ ကျင့်ကြံတဲ့နေရာက ဒီကနေ တော်တော်ဝေးတယ် သွားပြန်ဆိုရင် အနည်းဆုံး ၇ ရက်လောက်တော့ ကြာလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် အကြီးအကဲယို"
ဖန့်ချန်က ရိုရိုသေသေ ဂါရဝပြုလိုက်ပါတယ်။
၇ ရက်လောက်ကတော့ သူ စောင့်နိုင်ပါတယ်။
အဲဒီအချိန်အတွင်းမှာ သူရထားတဲ့ နတ်ဘုရားသွေး ကို သေချာလေ့လာဖို့ ဖန့်ချန် ဆုံးဖြတ်လိုက်ပါတယ်။
တကယ်လို့ အဲဒီသွေးထဲက ဝိညာဥ်တွေကို သူ ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါဟာ သူ့အတွက် အကြီးမားဆုံး ဝှက်ဖဲတစ်ခု ဖြစ်လာမှာပါ။
လက်ရှိမှာတော့ ဒါဟာ သူ့ရဲ့ တခြားဓားသိုင်းတွေထက်တောင် ပိုပြီး အစွမ်းထက်နေတာလေ။
ရှန်ထူချန်းကတော့ ဖန့်ချန်တို့ ၇ ရက် တည်းခိုခွင့်ရတဲ့ သတင်းကြောင့် အတော်လေး အံ့သြသွားပါတယ်။
အကြီးအကဲယိုက သူတို့ကို ချက်ချင်း နှင်ထုတ်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာပါ။
တစ်နာရီအကြာမှာတော့ ရှန်ထူချန်းက သူတို့နှစ်ယောက်ကို မသေမျိုးတောင်ပေါ်မှာရှိတဲ့ ဂူနန်းတော်တစ်ခုဆီ ခေါ်သွားပါတယ်။
အဲဒီတောင်ပေါ်မှာ ဒီလိုဂူတွေ ရာနဲ့ချီ ရှိနေတာပါ။
"ဒီနေရာက ဧည့်သည်တော်တွေအတွက် အထူးပြင်ဆင်ထားတာပါ ဘေးက ဂူတွေမှာလည်း ဆေးပင်နဲ့ အသီးတွေ လာတောင်းတဲ့ ဧည့်သည်တွေ ရှိနေပါတယ် မင်းတို့ ၇ ရက်နေလို့ ရတယ်"
"တစ်ခုခု လိုအပ်ရင်တော့ ဂူရှေ့က ခေါင်းလောင်းကို တီးလိုက်ပါ နတ်ဗျိုင်းတစ်ကောင် လာပြီး လမ်းပြပေးလိမ့်မယ်"
လို့ ရှန်ထူချန်းက ရှင်းပြပါတယ်။
နတ်မိမယ်ယွီက သိချင်စိတ်နဲ့ ဂူရှေ့က ခေါင်းလောင်းလေးကို တစ်ချက် တီးကြည့်လိုက်ပါတယ်။
သာယာတဲ့ ခေါင်းလောင်းသံလေး ထွက်လာပြီးနောက်မှာတော့ ကောင်းကင်ကနေ နတ်ဗျိုင်းတစ်ကောင် ပျံဆင်းလာပါတယ်။
"ဘာကိစ္စ ရှိလို့လဲ"
ရှန်ထူချန်းက ပြုံးပြီး
" ကိုးလေး ဒီနေ့ မင်း အလှည့်လား"
"အော် စီနီယာ ရှန်ထူချန်းပါလား ဟုတ်ကဲ့ ကျုပ် အလှည့်ပါ ဧည့်သည်နှစ်ယောက်အတွက် ဘာလုပ်ပေးရမလဲ"
လို့ နတ်ဗျိုင်းက စကားပြောလာပါတယ်။
ရှန်ထူချန်းက ကိစ္စမရှိသေးကြောင်း ပြောပြီး နတ်ဗျိုင်းကို ပြန်လွှတ်လိုက်ပါတယ်။
ပြီးနောက် သူက နတ်မိမယ်ယွီကို သတိပေးပါတယ်။
"အရမ်းအရေးမကြီးရင် ခေါင်းလောင်းကို ခဏခဏ မတီးပါနဲ့ ဒီနတ်ဗျိုင်းတွေက နည်းနည်း စိတ်ကြီးတယ် သူတို့ကို သွားပြီး အနှောင့်အယှက် မပေးတာ အကောင်းဆုံးပဲ"
နတ်မိမယ်ယွီက ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။
"နားလည်ပါပြီ နားလည်ပါပြီ"
ရှန်ထူချန်း ထွက်သွားပြီးနောက် ဖန့်ချန်နဲ့ နတ်မိမယ်ယွီတို့ ဂူထဲကို ဝင်လိုက်ကြပါတယ်။
သူတို့နှစ်ယောက် ထိုင်ခုံမှာ ထိုင်လိုက်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်မိပါတယ်။
ပင်လယ်ပြင်မှာ ဆုံခဲ့တဲ့ အချိန်ကစလို့ အခုမှပဲ သူတို့နှစ်ယောက်ဟာ အဆက်မပြတ် လိုက်လံသတ်ဖြတ်ခံရခြင်းကနေ ကင်းဝေးပြီး အနားယူခွင့် ရတာပါ။
နတ်မိမယ်ယွီက ဖန့်ချန်ကို ပြုံးပြီး ကြည့်လိုက်ပါတယ်။
"သခင်လေး အခုနက ပြောခဲ့တယ်နော် မူလအသီးရဖို့ ကျွန်မက သခင်လေးစကား နားထောင်ရင် သခင်လေးကလည်း ကျမ တောင်းဆိုတာ မှန်သမျှကို လုပ်ပေးမယ်ဆိုတာ အဲဒီစကားက အခုထိ အတည်ပဲလား"
အခန်း ၅၃၄ - ရူးသွပ်ဘုရင်
ဖန့်ချန်က ကြောင်တောင်တောင် ပုံစံနဲ့ မေးလိုက်ပါတယ်။
"ငါ အဲဒီလို ပြောခဲ့လို့လား"
နတ်မိမယ်ယွီက မျက်မှောင်ကြုတ်သွားပါတယ်။
သူမ စိတ်ဆိုးသွားတာကို မြင်တော့မှ ဖန့်ချန်က ရယ်မောရင်း ဝန်ခံလိုက်ပါတယ်။
"ဒါပေါ့ ငါပြောတဲ့စကား ငါတည်ပါတယ်"
ယွီလေးက နှာခေါင်းရှုံ့လိုက်ရင်း
"ကောင်းပြီလေ"
လို့ ဆိုပါတယ်။
ဖန့်ချန်က ပြုံးပြီး
"မင်း ပင်ပန်းနေလောက်ပြီ၊ သွားနားတော့"
လို့ ပြောလိုက်ပါတယ်။
ယွီလေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး
"သခင်လေး ကျမနဲ့အတူ လိုက်အိပ်မှာလား"
လို့ မေးလိုက်ပါတယ်။
"မဟုတ်ဘူးလေ"
ဖန့်ချန်က ခေါင်းခါပြပါတယ်။
"ငါ လုပ်စရာလေးတွေ ရှိသေးတယ် မမေ့နဲ့ဦး တစ်စုံတစ်ယောက်က ကောင်းကင်လျှိုဝှက်ကြေးမှန်နဲ့ မင်းကို စောင့်ကြည့်နေနိုင်တယ်ဆိုတာ"
"ဟုတ်သားပဲ"
ယွီလေးက အနည်းငယ် စိတ်ပျက်သွားတဲ့ ပုံစံနဲ့ အနားယူဖို့ သီးသန့်အခန်းတစ်ခုထဲကို ဝင်သွားပါတော့တယ်။
ယွီလေး ထွက်သွားပြီးနောက် ဖန့်ချန်ဟာ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဆက်သွယ်ရေးလက်စွပ်ကို ထုတ်လိုက်ပါတယ်။
"မိတ်ဆွေတို့ မင်းတို့ဆီမှာ သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတွေရဲ့ စာရင်း ရှိလား"
ခဏအကြာမှာတော့ အကြောင်းပြန်စာ ရောက်လာပါတယ်။
"မင်းက လူသစ်လား"
"ခင်ဗျား ဘယ်လိုသိလဲ"
"ဒီတစ်ဝိုက်မှာရှိတဲ့ ဝိညာဉ်သုတ်သင်သမားတိုင်း သွေးဝိညာဉ်ဂိုဏ်းက ဘယ်သူလဲဆိုတာ သိကြတယ် မင်းက ဒီအတိုင်း ဖြတ်သွားတာဆိုရင် ငါတို့ကိစ္စထဲ ဝင်မပါနဲ့ ငါတို့ အခု သူတို့ထဲက တစ်ယောက်ကို ပိတ်ဆို့ဖမ်းဆီးနေတာ"
ဖန့်ချန်က ခေါင်းညိတ်ပြီး ဆက်သွယ်မှုကို ရပ်လိုက်ပါတယ်။
တခြားသူတွေရဲ့ အလုပ်ကို သူ မနှောင့်ယှက်ချင်ပါဘူး။
ယွီလေးရဲ့ သက်တမ်းက နောက်ထပ် နှစ် ၃၀ လောက် ကျန်သေးတာမို့ အဲဒီအတောအတွင်းမှာ မိစ္ဆာသန္ဓေသား ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာရပါမယ်။
"မှန်လေး မိစ္ဆာသန္ဓေသား ရှိတဲ့သူက တကယ်ပဲ နှစ် ၃၀ ပဲ အသက်ရှင်ရတာလား"
စကြာဝဠာမှန် က ပြန်ဖြေပါတယ်။
"ဘယ်သူပြောလဲ တခြားသူတွေရဲ့ သက်တမ်းကို ဝါးမြိုနေသရွေ့တော့ ထာဝရ အသက်ရှင်နိုင်တာပေါ့တကယ်တော့ ဒါက ဓားကျင့်သူတွေအတွက် ကောင်းပါတယ်"
"မင်းတို့က သက်တမ်းတိုတာမို့ မိစ္ဆာသန္ဓေသားက အဲဒီအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်တယ်"
ဖန့်ချန်က ခေါင်းခါလိုက်ပါတယ်။
"မှောင်မိုက်တဲ့ဘက်ကို ကူးပြောင်းပြီး အပြစ်မဲ့သူတွေကို သတ်ဖို့ဆိုတာ ငါတို့ မလုပ်နိုင်ဘူး"
"မင်းတို့ လူသားတွေကတော့ ခက်တာပဲ ဘာလို့ မိစ္ဆာနဲ့ နတ်ဘုရားဆိုပြီး ခွဲခြားနေတာလဲ အထက်ဘုံ မှာတော့ အဲဒီလို ခွဲခြားတာ မရှိဘူး မင်း သန်မာပြီး အသက်ရှည်နေသရွေ့ မင်းက မသေမျိုးပဲ"
ဖန့်ချန် အံ့သြသွားပါတယ်။
"အထက်ဘုံမှာ အကောင်းအဆိုး ခွဲခြားတာ မရှိဘူးလား"
"အကောင်းအဆိုးဆိုတာ အမြင်ကွဲပြားမှုပဲ တကယ်တော့ မင်း စုံစမ်းနေတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ နည်းလမ်းတွေက အထက်ဘုံက တချို့လူတွေရဲ့ နည်းလမ်းနဲ့ ဆင်တူတယ်"
ဖန့်ချန် တိတ်ဆိတ်သွားပါတယ်။
အထက်ဘုံဟာ သူထင်ထားတာထက် ပိုပြီး ရက်စက်ကြမ်းကြုတ်နိုင်ပုံရပါတယ်။
"မှန်လေး ငါ ဓားငယ်လေးပေါ်က သွေးစွန်းတွေထဲမှာ အသိစိတ် ၉ ခု ပုန်းနေတယ်ထင်တယ် သူတို့နဲ့ ဆက်သွယ်ဖို့ တခြားနည်းလမ်း ရှိလား"
မှန်လေးက စဉ်းစားပြီးမှ
"မင်းကို ငါ အကြံပေးချင်တာကတော့ မလုပ်နဲ့ သူတို့ရဲ့ မူလပိုင်ရှင်တွေက အထက်ဘုံမှာ အရမ်းအစွမ်းထက်တဲ့သူတွေပဲ"
"မင်းရဲ့ အခုအဆင့်နဲ့ သူတို့ကို သွားထိတာက ဘေးဒုက္ခကို ဖိတ်ခေါ်သလိုပဲ ဒါပေမဲ့ မင်းက ဝိညာဉ်ကျောက်တုံး ၅ သောင်း ပေးမယ်ဆိုရင်တော့ နည်းလမ်းတစ်ခု ပြောပြနိုင်ပါတယ်"
ဖန့်ချန်က ကျောက်တုံး ၅ သောင်း ထုတ်ပေးလိုက်ပါတယ်။ မှန်လေးက အားရပါးရ စားသုံးပြီးနောက် ပြောပါတယ်။
"မဟာချဲ့ထွင်းဂိုဏ်းမှာ ဝိညာဉ်ပူးကပ်ခြင်းအတတ် ဆိုတာ ရှိတယ် အဲဒီအတတ်ကို ရရင် သွေးထဲက ဝိညာဉ်တွေကို မင်း ထိန်းချုပ်နိုင်လိမ့်မယ်"
ဖန့်ချန် မျက်မှောင်ကြုတ်သွားပါတယ်။
မဟာချဲ့ထွင်းဂိုဏ်းနဲ့ သူက ရန်သူတွေ ဖြစ်နေတာမို့ အဲဒီအတတ်ကို ရဖို့ကတော့ မလွယ်ပါဘူး။
နောက်တစ်နေ့မှာတော့ ဖန့်ချန်ရဲ့ ဂူတံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။
တံခါးဖွင့်ကြည့်လိုက်တော့ သစ်စိမ်းဂိုဏ်းက တပည့်ပေါင်း ဒါဇင်ချီ ရောက်နေတာကို တွေ့ရပါတယ်။
"တကယ်ပဲ သူပဲဟေ့"
"သူ တကယ်ပဲ ငါတို့ဂိုဏ်းကို ရောက်လာတာလား"
"ငါတို့တော့ ဒဏ္ဍာရီလာ ရူးသွပ်ဘုရင် ကို မျက်မြင်တွေ့လိုက်ရပြီ"
ဖန့်ချန်က ကြောင်သွားပါတယ်။
"ရူးသွပ်ဘုရင်"
ရှေ့ဆုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူ စီနီယာအစ်ကိုဝူက အားနာစွာ ပြုံးပြပါတယ်။
"နှောင့်ယှက်မိတာ တောင်းပန်ပါတယ် မိတ်ဆွေ ကျုပ်တို့ ညီငယ် ညီမငယ်တွေက မှန်ပေါ်ကပုံရိပ်ထဲမှာ မင်းရဲ့ အစွမ်းတွေကို တွေ့ပြီး လာအားပေးကြတာပါ"
ဖန့်ချန်က သူတို့နဲ့ ရင်းရင်းနှီးနှီး စကားပြောပေးလိုက်ပါတယ်။
သူ့ရဲ့ ရူးသွပ်ဘုရင် ဆိုတဲ့ ဘွဲ့အမည်က ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို ပါးရိုက်ခဲ့တာကြောင့် ရလာတာ ဖြစ်ကြောင်း သိလိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပါတယ်။
"ရူးသွပ်ဘုရင်ရဲ့ နာမည်ကြီးမှုက သစ်စိမ်းဂိုဏ်းကိုတောင် လွှမ်းမိုးနေပြီပေါ့ တော်တော်လေး အထင်ကြီးစရာပဲ"
အဲဒီလူကတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အမျိုးသမီးငယ်တစ်ယောက်ပါ။
သူမက ဖန့်ချန်ကို စိမ်းစိမ်းကားကား ကြည့်ရင်း ပြောပါတယ်။
"ကျမရဲ့ ဘိုးဘေးက မူလအသီးကို ဝယ်ဖို့ စီစဉ်ထားပြီးသား ဒါပေမဲ့ ရူးသွပ်ဘုရင် ရဲ့ စကားတစ်ခွန်းတည်းနဲ့ အခု ကျမတို့ အသီးမရတော့ဘူး သစ်စိမ်းဂိုဏ်းရဲ့ စည်းမျဉ်းတွေက ရယ်စရာကြီးပဲ"
သူမရဲ့ စကားကြောင့် သစ်စိမ်းဂိုဏ်းတပည့်တွေ မျက်နှာပျက်သွားပါတယ်။
မူလအသီးဟာ များသောအားဖြင့် ဘေးဒုက္ခရင်ဆိုင်ရမယ့် ပေါင်းစပ်ခြင်းအဆင့် ပညာရှင်တွေအတွက် ရည်ရွယ်တာဖြစ်လို့ အခု အမျိုးသမီးဟာ အဲဒီလို ပညာရှင်တစ်ယောက်ရဲ့ မျိုးဆက် ဖြစ်ပုံရပါတယ်။