← Chapters

အခန်း (၅၄၁-၅၄၂)

Vol. 55 Ch. 541-542

အခန်း (၅၄၁-၅၄၂)

Vol. 55 Ch. 541-542

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၅၄၁ - မသေမျိုး ဂူသင်္ချိုင်း

​ချိုင်းရွှင့်က ဖန့်ချန်ကို ခေါ်လာတာကို မြင်တော့ လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်သွားပြီး ဖန့်ချန်ကို သံသယအပြည့်နဲ့ အကဲခတ်လိုက်ပါတယ်။

"ချိုင်းရွှင့် ငါ မင်းကို လမ်းမေးခိုင်းတာလေ လူပိုတွေ ခေါ်လာခိုင်းတာ မဟုတ်ဘူး"

​ကျင့်ကြံခြင်းလောကမှာ မသိနားမလည်တဲ့ လူစိမ်းတွေဟာ အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ယူဆကြတာပါ။

ထိုလူငယ်ဟာ ချီသန့်စင်ခြင်းအဆင့် ၁၀ မှာ ရှိနေပြီး အုပ်စုထဲမှာ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်ပါတယ်။

​ချိုင်းရွှင့်ကတော့ ထိုလူငယ်ရဲ့ မေးခွန်းကို ဂရုမစိုက်ဘဲ အဘိုးအိုတစ်ယောက်ကို ရိုရိုသေသေ ဂါရဝပြုလိုက်ပါတယ်။

"ဘိုးဘေးကြီး ဒါက မိတ်ဆွေတုန်းဖန်းပါ သူက အနက်ရောင်တောင်ကြားရဲ့ တည်နေရာအတိအကျကို သိပါတယ် ကျနော်တို့နဲ့အတူ လိုက်ခွင့်ပေးပါလား ဒါဆိုရင် ကျနော်တို့ လမ်းမမှားဘဲ အချိန်မီ ရောက်နိုင်မှာပါ"

​ချိုင်းမိသားစုရဲ့ ဘိုးဘေးဟာ ဖန့်ချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပါတယ်။

အဲဒီအချိန်မှာ ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်အသိစိတ်ကို သုံးပြီး ကျင့်ကြံမှုကို ချီသန့်စင်ခြင်းအဆင့် ၈ သို့မဟုတ် ၉ လောက်မှာပဲ ရှိသလိုမျိုး ဖုံးကွယ်ထားတာပါ။

သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ပဲရှိတဲ့ ချိုင်းဘိုးဘေးဟာ ဘာမှရိပ်မိခြင်း မရှိပါဘူး။

​ဖန့်ချန်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိတာကို မြင်တော့ ချိုင်းဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး မေးပါတယ်။

"မိတ်ဆွေတုန်းဖန်း မင်းက ကောင်းကင်မေပယ်တောင်ကြား က တုန်းဖန်း မျိုးနွယ်စုနဲ့ ပတ်သက်သလား"

​ဖန့်ချန်က ခပ်အေးအေးပဲ ခေါင်းခါပြပါတယ်။

"ကျုပ်ရဲ့ မျိုးနွယ်စုက လူနည်းစုပဲ ရှိတာပါ ဘာအရှိန်အဝါမှ မရှိတဲ့ နယ်လှည့်ကျင့်ကြံသူတွေပါ"

​"ဒါဆို မင်းက ဘယ်ဂိုဏ်းကလဲ"

​"ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူပါ"

ဖန့်ချန်က ပြန်ဖြေပါတယ်။

"ဒီဘက်ကို ဖြတ်လာရင်းနဲ့ တာအိုသုံးထောင်ဂိုဏ်းမှာ ပညာသင်ဖို့ တပည့်အဖြစ် ဝင်ခွင့်လျှောက်ဖို့ စိတ်ကူးနေတာပါ"

​ဖန့်ချန် ပြောလိုက်တဲ့အခါ ထိုအုပ်စုရဲ့ မျက်နှာတွေကို ကြည့်ပြီး သူ စိတ်ထဲက သက်ပြင်းချလိုက်မိပါတယ်။

တာအိုသုံးထောင်ဂိုဏ်း ဟာ သာမန်ကျင့်ကြံသူတွေကြားမှာတောင် နာမည်မရှိတော့တဲ့ပုံပါပဲ။

​"တာအိုသုံးထောင်ဂိုဏ်း"

ချိုင်းရွှင့်က ခဏစဉ်းစားပြီးမှ ရယ်မောလိုက်ပါတယ်။

"ဒီလောကမှာ ဂိုဏ်းတွေက အများကြီးပဲလေ ကျနော်တော့ အဲဒီဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးဘူး သေချာပေါက် နာမည်ကြီးပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခု ဖြစ်မှာပါ"

​စကားပြောရင်းနဲ့ ချိုင်းရွှင့်က ဖန့်ချန်ရဲ့ မျက်လုံးတွေ အမြဲပိတ်နေတာကို သတိထားမိသွားပြီး မေးလိုက်ပါတယ်။

"မိတ်ဆွေ ခင်ဗျား မျက်စိမမြင်ရဘူးလား"

​ဖန့်ချန်က ခပ်အေးအေးပဲ ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးကို ဖွင့်ပြလိုက်ပါတယ်။

သူပြလိုက်တဲ့ မျက်လုံးအိမ်တွေက မီးခိုးဖြူရောင်တွေ ဖြစ်နေတာကြောင့် အားလုံး အံ့သြသွားကြပါတယ်။

ဖန့်ချန်က ခဏပဲ ပြလိုက်ပြီး မျက်လုံးကို ပြန်ပိတ်ထားလိုက်ပါတယ်။

​"ဪ သူက မျက်စိကွယ်နေတာပဲ ပြီးတော့ နယ်လှည့်ကျင့်ကြံသူတစ်ယောက်တည်း"

လို့ ချိုင်းမိသားစု တပည့်တချို့က အထင်သေးတဲ့ လေသံနဲ့ တိုးတိုးလေး ပြောဆိုကြပါတယ်။ ဒါပေမဲ့ ချိုင်းဘိုးဘေးကတော့ ပြုံးပြပြီး

"လူငယ်လေး မင်း မကန့်ကွက်ဘူးဆိုရင် ငါတို့နဲ့အတူ ခရီးဆက်ကြတာပေါ့"

လို့ ခွင့်ပြုလိုက်ပါတယ်။

​နောက်ပိုင်း ခရီးစဉ်မှာတော့ လမ်းမှားတော့မယ့် အချိန်တိုင်း ဖန့်ချန်က လမ်းညွှန်ပေးခဲ့တာကြောင့် ချိုင်းမိသားစုဝင်တွေဟာ သူ့ကို အတော်လေး အားကိုးလာကြပါတယ်။

ဒါပေမဲ့ မျက်မမြင်တစ်ယောက်က ဒီလောက်အထိ လမ်းကြောင်းတွေကို အတိအကျ သိနေတာကိုတော့ သူတို့ ထူးဆန်းနေကြပါတယ်။

​နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ စိမ်းလန်းတဲ့ တောတောင်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ခြောက်သွေ့ပြီး အညိုရောင်သန်းနေတဲ့ မြေပြင်ကြီးကို စတင်တွေ့မြင်လာရပါတယ်။

ဒါဟာ အပင်တစ်ပင်မှ မပေါက်တဲ့ အနက်ရောင်တောင်ကြား ပါပဲ။

အဲဒီမြေပြင်ရဲ့ အလယ်ဗဟိုမှာတော့ ထူထပ်တဲ့ ဝိညာဉ်စွမ်းအားတွေ ဝိုင်းရံနေတဲ့ အဆောက်အဦးကြီးတစ်ခုဟာ ကြက်အုပ်ထဲက ဗျိုင်းတစ်ကောင်လို ထီးထီးကြီး ပေါ်ထွက်နေပါတယ်။

​ဂူသင်္ချိုင်းရဲ့ အဝင်ဝမှာတော့ ကျင့်ကြံသူတွေ အများကြီး စုဝေးနေကြပါတယ်။

ဖန့်ချန် ခံစားမိသလောက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်တင်မကဘဲ ရွှေအမြုတေအဆင့် နဲ့ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်တွေပါ ရှိနေကြတာပါ။

​"ဒါ အနက်ရောင်တောင်ကြားပဲ ဟိုမှာကြည့် ဒါ ဒဏ္ဍာရီလာ မသေမျိုး ဂူသင်္ချိုင်းပဲ"

လို့ ချိုင်းမိသားစုဝင်တွေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပါတယ်။

​ဂူသင်္ချိုင်းနားကို ရောက်တဲ့အခါ ရှေ့ဆုံးနေရာတွေကို တခြားသူတွေက အရင်ဦးထားကြတာကြောင့် ချိုင်းမိသားစုက တိုးဝင်ဖို့ ကြိုးစားပေမဲ့ အငေါက်ခံလိုက်ရပါတယ်။

"ဘာလာတိုးနေတာလဲ ဘယ်က တောသားတွေလဲ အခု ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်က ဒီကိစ္စကို ကိုင်တွယ်နေတာ နောက်ကျမှ ရောက်တဲ့သူတွေက နောက်မှာပဲ ငြိမ်ငြိမ်လေး စောင့်နေကြ"

​"ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်တောင်လား"

ချိုင်းမိသားစုဝင်တွေ မှင်တက်သွားပါတယ်။

သူတို့နေတဲ့ ဒေသမှာ ရွှေအမြုတေအဆင့် တစ်ယောက်နှစ်ယောက် တွေ့ဖို့တောင် ခက်တာမို့ ဝိညာဥ်သန္ဓေသားအဆင့်ဆိုတာ သူတို့အတွက်တော့ ဒဏ္ဍာရီပါပဲ။

​အဲဒီအချိန်မှာပဲ အနီးအနားက တစ်ယောက်က အံ့သြတကြီး အော်လိုက်ပါတယ်။

"မိတ်ဆွေချိုင်း မဟုတ်လား"

ချိုင်းဘိုးဘေး လှည့်ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ နှစ် ၇၀ က သူငယ်ချင်းဟောင်း တာအိုပညာရှင်ချီ ကို ပြန်တွေ့လိုက်ရလို့ ဝမ်းသာအားရ နှုတ်ဆက်ကြပါတော့တယ်။

​ဖန့်ချန်ကတော့ သူ့ရဲ့ ဝိညာဉ်ကို ထုတ်ပြီး လေပေါ်ကနေ ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်ကို အကဲခတ်နေပါတယ်။

သူတို့က အဆင့်နိမ့် ဝိညာဥ်သန္ဓေသားအဆင့်တွေ ဖြစ်ပုံရပြီး အရှိန်အဝါတွေကလည်း တည်ငြိမ်မှု မရှိဘဲ သေခါနီး အဘိုးကြီး အဘွားကြီးတွေ ဖြစ်နေကြပါတယ်။

​သူတို့ ၄ ယောက်က ဂူသင်္ချိုင်းကို ကြည့်ပြီး လောဘတကြီးနဲ့ စကားပြောနေကြပါတယ်။

"တားမြစ်ချက် အစီရင်က ဖြည်းဖြည်းချင်း အားနည်းလာပြီ နောက်ထပ် ၃ ရက်၊ ၅ ရက်လောက်ဆိုရင် ငါတို့ ချိုးဖျက်ပြီး အထဲဝင်လို့ ရပြီ"

လို့ တစ်ယောက်က ပြောပါတယ်။

​ဒါပေမဲ့ အဘွားအိုကတော့

"အချိန်ဆွဲနေရင် ပိုအန္တရာယ်များတယ် ပိုပြီး အစွမ်းထက်တဲ့သူတွေ မရောက်လာခင် ငါတို့ အမြန်ဆုံး ဖွင့်ရမယ်"

လို့ ကန့်ကွက်ပါတယ်။

အဘိုးကြီးတွေကတော့ သူတို့ရဲ့ သက်တမ်းကုန်ခါနီးနေတာမို့ စွမ်းအားအကုန်သုံးပြီး အစီရင်ကို မဖွင့်ချင်ဘဲ အချိန်စောင့်ချင်နေကြတာပါ။

​ဖန့်ချန်ကတော့ သူတို့ထဲမှာ သွေးဝိညာဉ်ဂိုဏ်း ကလူ ပါသလားဆိုတာကို သေသေချာချာ စောင့်ကြည့်နေပါတယ်။

"သွေးဝိညာဉ်ဂိုဏ်းဝင်ဆိုရင်တော့ တစ်ခုခုတော့ ခြေရာချန်ထားမှာပဲ"

လို့ သူက တွေးတောရင်း ဂူသင်္ချိုင်းရဲ့ တံခါးကို လှမ်းကြည့်လိုက်ပါတယ်။

​သူ မြင်လိုက်ရတာက သာမန်ဝိညာဉ်စွမ်းအား မဟုတ်ဘဲ နက်နဲပြီး ထူးဆန်းတဲ့ ရှေးဟောင်းအစီရင် ကြီးတစ်ခု ဖြစ်နေပါတော့တယ်

​​အခန်း ၅၄၂ - တိုက်ပွဲစတင်စို့

​ဒီဂူသင်္ချိုင်းရဲ့ အစီရင်ဟာ ဖန့်ချန် မြင်ဖူးသမျှထဲမှာ အထူးခြားဆုံးဖြစ်ပြီး ယွီတုန်းလိုင်း သုံးခဲ့တဲ့ အစီရင်ထက်တောင် ပိုပြီး နက်နဲပါတယ်။

ဒါပေမဲ့ ဒီအစီရင်ဟာ နှစ်ကာလကြာရှည်လာတာနဲ့အမျှ ဟောင်းနွမ်းနေပြီး ဝိညာဉ်စွမ်းအားတွေလည်း ကုန်ခမ်းနေတာကြောင့် အစီရင်ရဲ့ ဗဟိုချက်ဟာ ကျောက်ခဲလိုမျိုး အသုံးမဝင်တဲ့ အရာတွေ ဖြစ်နေပါပြီ။

စွမ်းအားမမျှတမှုကြောင့် အစီရင်ထဲက ဝိညာဉ်စွမ်းအားတွေဟာ အပြင်ကို အမြဲတမ်း ယိုစိမ့်ထွက်နေပါတယ်။

​မကြာခင်မှာ ဒီအစီရင်ဟာ သူ့ဘာသာသူ ပျက်စီးသွားတော့မှာ ဖြစ်လို့ ဝိညာဉ်သန္ဓေသားအဆင့်ပညာရှင်တွေက ဇွတ်မဝင်ဘဲ စောင့်ဆိုင်းနေကြတာပါ။

​ငါ အထဲကို အရင်ဝင်ပြီး ဘာတွေရှိလဲဆိုတာ သွားကြည့်ရမယ် လို့ ဖန့်ချန် တွေးလိုက်ပါတယ်။

​သူ့ရဲ့ ဝိညာဉ်အသိစိတ် ဟာ ဂူသင်္ချိုင်းဆီကို ချက်ချင်း ပျံသန်းသွားပါတယ်။

ဒီသင်္ချိုင်းက တကယ်ပဲလား၊ ဒါမှမဟုတ် သွေးဝိညာဉ်ဂိုဏ်း က ဖန်တီးထားတဲ့ လှည့်ကွက်လားဆိုတာ သူ အတည်ပြုချင်တာပါ။

​သူ့ဝိညာဉ်က အဝင်ဝကို ရောက်ရုံရှိသေး လေထုထဲကနေ မမြင်ရတဲ့ ဓားရှည်ကြီးတစ်လက်ဟာ ဖန့်ချန်ရဲ့ ဝိညာဉ်ဆီကို ခုတ်ပိုင်းချလိုက်ပါတယ်။

ဖန့်ချန်က အချိန်မီ ရှောင်တိမ်းနိုင်ခဲ့လို့သာ ဝိညာဉ် ထိခိုက်မသွားတာပါ။

​ဖန့်ချန်ရဲ့ အကြည့်တွေ တင်းမာသွားပါတယ်။

"ဒါက..."

​အခုနက ထွက်ပေါ်လာတဲ့ ဓားချက်က ဝိညာဉ်စွမ်းအားတွေ စုစည်းပြီး ဖြစ်လာတဲ့ အရာပါ။

​အခုတော့ ဖန့်ချန်ဟာ ဒီဂူသင်္ချိုင်းက တကယ့်အစစ်အမှန်ဆိုတာ အတည်ပြုနိုင်ပါပြီ။

တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေကို သတ်ဖို့ ထောင်ချောက်ဆင်တာဆိုရင် ဒီလောက်အထိ အဆင့်မြင့်တဲ့ အစီရင်မျိုး လုပ်ထားစရာ မလိုပါဘူး။

ဝိညာဉ်အသိစိတ်ကိုတောင် ပိတ်ဆို့နိုင်တယ်ဆိုရင် ဒီဂူသင်္ချိုင်းထဲမှာ နတ်မင်း ဒါမှမဟုတ် မသေမျိုးဘုရင် တစ်ပါးပါးရဲ့ အလောင်း ရှိနေနိုင်ပါတယ်။

​ဝိညာဉ်စွမ်းအားဓားက ဖန့်ချန်ကို ထပ်မံ တိုက်ခိုက်ဖို့ ကြိုးစားပေမဲ့ ဖန့်ချန်က အစီရင်ရဲ့ နယ်နိမိတ်ပြင်ပကို ဆုတ်ခွာလိုက်တဲ့အခါမှ ရပ်သွားပါတယ်။

ဒီတိုက်ခိုက်မှုကို ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်အပါအဝင် ဘယ်သူမှ မမြင်လိုက်ကြပါဘူး။

​ဖန့်ချန်ဟာ သူ့ရဲ့ ဝိညာဉ်ကို ထပ်ပြီး စွန့်စားမခိုင်းတော့ဘဲ ခန္ဓာကိုယ်ထဲ ပြန်သွင်းလိုက်ပါတယ်။

အဲဒီအခါ ချိုင်းမိသားစုရဲ့ ဘိုးဘေးက သူ့ကို မကျေမနပ် ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။

​"တုန်းဖန်းဟောက်ကျဲ မင်း ဘာလို့ ဒီလောက် ယဉ်ကျေးမှု မရှိတာလဲ စီနီယာချီက မင်းကို မေးခွန်းမေးနေတယ်လေ"

လို့ ချီသန့်စင်ခြင်းအဆင့် ၁၀ က လူငယ်က ငေါက်လိုက်ပါတယ်။

​"သူ ကျုပ်ကို ဘာမေးလို့လဲ"

ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြန်မေးပါတယ်။

​စီနီယာချီ က ခပ်ဖွဖွ ပြုံးလိုက်ပြီး

"လူငယ်လေး မင်းက ဒီလို အခမ်းအနားမျိုး ပထမဆုံး ကြုံဖူးတာဆိုတော့ ငေးနေတာ နေမှာပါ မင်းရဲ့ မျိုးရိုးနာမည်က တုန်းဖန်း ဆိုတော့ တုန်းဖန်းစု ဆိုတဲ့လူကို သိသလားလို့ မေးတာပါ"

​ဖန့်ချန်က ခေါင်းခါပြပါတယ်။

"တုန်းဖန်းစု ကျုပ် မသိပါဘူး"

​"သူက ဘယ်သူမို့လို့လဲ စီနီယာချီ"

လို့ ချိုင်းဘိုးဘေးက စပ်စုပါတယ်။

​"ဘယ်သူလဲဆိုတော့ ကျုပ်ရဲ့ ရန်သူပေါ့ ကျုပ်ရဲ့ ဂူထဲက အဖိုးတန်ဆေးပင်ကို ခိုးသွားတဲ့ သူခိုးပဲ အဲဒီကောင်က ဒီလိုနေရာမျိုးဆို လာမှာ သေချာတယ်လေ ဒါကြောင့် မင်းတို့နဲ့များ ပါလာမလားလို့"

ချီချုံက ဖန့်ချန်ကို ပြုံးယောင်သန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောပါတယ်။

​လူတိုင်းရဲ့ အကြည့်တွေက ဖန့်ချန်ဆီ ရောက်လာကြပါတယ်။ ချိုင်းရွှင့်က ကြားထဲက ဝင်ဖြန်ဖြေပေးပါတယ်။

"စီနီယာချီ မိတ်ဆွေတုန်းဖန်းက အဲဒီလူနဲ့ ဘာမှမဆိုင်ပါဘူးဗျာ နာမည်တူ မျိုးရိုးတူတွေ ကမ္ဘာမှာ အများကြီး ရှိတာပဲ"

​ချီချုံက ရယ်မောရင်း

"ဒါပေါ့လေ တုန်းဖန်းစုက အခြေခံတည်ဆောက်ခြင်းအဆင့်တောင် ရောက်နေပြီ ဒီလူငယ်လေးကတော့ ချီသန့်စင်ခြင်းအဆင့် ၉ ပဲ ရှိသေးတာဆိုတော့ လူချင်း မတူနိုင်ပါဘူး"

လို့ ဆိုကာ ချိုင်းဘိုးဘေးနဲ့ စကားဆက်ကြပါတယ်။

​သူတို့က ဂူသင်္ချိုင်းပိုင်ရှင်ဟာ အနည်းဆုံး နတ်မင်းအဆင့် ဖြစ်နိုင်ကြောင်းနဲ့ ဘေးဒုက္ခ ၃ ပါးနဲ့ ကပ်ဘေး ၉ ပါး ကို ကျော်ဖြတ်ထားသူ ဖြစ်ရမယ်လို့ ဆွေးနွေးနေကြပါတယ်။

ချိုင်းမိသားစုကတော့ ဒါတွေက ဘာလဲဆိုတာ စိတ်ဝင်တစား နားထောင်နေကြတာပါ။

​စီနီယာချီက ရှင်းပြပါတယ်။

"ဘေးဒုက္ခ ၃ ပါးက ရွှေအမြုတေအဆင့်၊ ဝိညာဉ်သန္ဓေသားအဆင့်နဲ့ ပေါင်းစပ်ခြင်းအဆင့်တွေမှာ ကြုံရတတ်တာ"

" အဲဒါကို ကျော်ဖြတ်ပြီး တာအိုပေါင်းစပ်ခြင်းအဆင့် ရောက်ရင် ကပ်ဘေး ၉ ပါး ကို ရင်ဆိုင်ရတယ် အဲဒါတွေကို ကျော်ဖြတ်နိုင်မှ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် သို့မဟုတ် နတ်မင်းကြီး ဖြစ်လာမှာပါ"

​ဖန့်ချန်ကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်ပါတယ်။

သူ ရွှေအမြုတေအဆင့် ရောက်ဖို့က သိပ်မလိုတော့ပါဘူး။

ဒါကြောင့် မှန်လေးကို ဒီဘေးဒုက္ခတွေအကြောင်း စုံစမ်းခိုင်းလိုက်ပါတယ်။

​မှန်လေးက ရှင်းပြပါတယ်။

"ဘေးဒုက္ခတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး အဓိကက မင်းရဲ့ အရည်အချင်းနဲ့ ကျင့်ကြံမှုပေါ် မူတည်ပြီး ကပ်ဘေး၉ ပါးက ပိုပြင်းထန်လာတာ မိုးကြိုးဘေး၊ မီးဘေး၊ ဒါမှမဟုတ် သံယောဇဉ်ဘေး စသဖြင့် ပုံသေမရှိဘူး"

​အဲဒီအချိန်မှာပဲ အရှေ့ဘက်မှာ ဆူညံသံတွေ ထွက်ပေါ်လာပါတယ် ကျင့်ကြံသူတွေက ဒေါသတကြီးနဲ့ အော်ဟစ်နေကြတာပါ။

​"စီနီယာတို့ ဒီဂူသင်္ချိုင်းက လူတိုင်းအတွက် အခွင့်အရေးပဲလေ ဘာလို့ လူ ၂၀၀ ပဲ ဝင်ခွင့်ပေးမှာလဲ"

​"ဟုတ်တယ် ဒီမှာ လူရှစ်ထောင်လောက် ရောက်နေတာ လူတိုင်းကို ပေးဝင်သင့်တာပေါ့"

​ဖန့်ချန်ရဲ့ ဝိညာဉ်အသိစိတ်က ချက်ချင်း ထွက်သွားပြီး အခြေအနေကို စောင့်ကြည့်လိုက်ပါတယ်။

ဒါက သူ စောင့်နေတဲ့ အချိန်ပါပဲ။

ဒီလို ဆူပူမှုတွေရဲ့ နောက်ကွယ်မှာ သွေးဝိညာဉ်ဂိုဏ်းက လူတွေ ရှိနေနိုင်ပါတယ်။

​အဘွားအို က လေပေါ်ကို ပျံတက်လိုက်ပြီး အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

"ငါ မင်းတို့ကို အခွင့်အရေး ပေးတာကိုပဲ ကျေးဇူးတင်စမ်းပါ အခွင့်အရေးဆိုတာ ကံပါတဲ့သူတွေအတွက်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်အောက်က လူ ၂၀၀ ပဲ ဝင်ရမယ် ဘယ်သူ ကန့်ကွက်ချင်သေးလဲ"

​လူအုပ်ကြီး ငြိမ်ကျသွားပါတယ်။

ဝိညာဥ်သန္ဓေသားအဆင့် ပညာရှင်ကို ဘယ်သူမှ ထိပ်တိုက် မရင်ဆိုင်ရဲပါဘူး။

​"ဒါဆို အဲဒီ လူ ၂၀၀ ကို ဘယ်လို ရွေးမှာလဲ"

လို့ တစ်ယောက်က သတိကြီးစွာ မေးပါတယ်။

​"မျှမျှတတပဲ ပြိုင်ပွဲ လုပ်ပြီး ရွေးမယ်"

လို့ အဘွားအိုက ပြောလိုက်ပါတယ်။

​ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ အားလုံး မျက်နှာ ပျက်သွားကြပါတယ်။

ဂူသင်္ချိုင်းထဲတောင် မဝင်ရသေးဘူး အချင်းချင်း အရင် သတ်ကြရတော့မှာလား

All Chapters