ကျုပ် ပြန်လာပြီ
Vol. 8 Ch. 704
လမ်းတစ်လျှောက်တွင် နယ်စားကြီးသေမင်းအော်သံ သည် လက်ရှိအခြေအနေကို မေးမြန်းလိုစိတ်များ ခဏခဏ ပေါ်ပေါက်ခဲ့သည်။ သို့သော် သူ၏နှလုံးသားထဲရှိ စိုးရိမ်မှုကြီးက ပို၍ကြီးထွားလာသဖြင့် မမေးခဲ့ရပေ။
ပိုင်ရှောင်ချန်းမှာ ဖြူဆုတ်နေသည့်မျက်နှာဖြင့် သူ၏ဘေးတွင်ရပ်ကာ စိုးရိမ်ထိတ်လန့်ကာ သင်္ကါမကင်းသည့် အမူအရာနှင့် နောက်သို့ လှည့်ကြည့်နေသည်။ သူတို့သွားနေသည့် အမြန်နှုန်းမှာ နှေးနေမည်စိုးသဖြင့် အရှိန်တင်ရန် သူက ခဏခဏ သတိပေးနေတော့သည်။
ဖြစ်ပျက်နေသည့် အရာအားလုံးကြောင့် နယ်စားကြီး သေမင်းအော်သံ၏နှလုံးခုန်နှုန်း ပိုမြန်လာတော့သည်။
" ဒီကောင် ဘာများလုပ်ခဲ့တာတုံး "
သူက ရှိသမျှစွမ်းအင်အားလုံးကို သရဲကြီး စစ်သင်္ဘောထဲသို့ ထည့်သွင်းကာ တတ်နိုင်သမျှအမြန်ဆုံးရွေ့လျားနိုင်ရန် ဆောင်ရွက်ပြီး တွေးတောလိုက်သည်။
အနည်းငယ်ကြာသောအခါ သူက သိချင်စိတ်ကို လုံးဝထိန်း၍မရတော့ပေ။
" မင်းဘာလုပ်ခဲ့တာတုံး "
သူက မေးလိုက်သည်။
ထိုအခါ ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်သည်။ သူက သူ၏လုပ်ရပ်များကို နောင်တရစပြုလာပြီ ဖြစ်သော်လည်း သူအောင်မြင်ခဲ့သည့်အရာများကို ဂုဏ်ယူနေဆဲပင်။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးလေသံဖြင့် သူကပြန်ဖြေလိုက်သည်။
" ေဩာ် ဘာမှမဟုတ်ပါဘူး။ လူတိုင်းကို ပြန်ပေးဆွဲပြီး ကျွန်တော့်ရဲ့ အိတ်ထဲ ထည့်လာတာပါပဲ "
" ဘာ၊ အကုန်လုံးကို ဟုတ်လား။ မင်းက သူတို့ကို ပြန်ပေးဆွဲလာတာ ဟုတ်လား "
နယ်စားကြီးသေမင်းအော်သံမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း တူကြီးတစ်လက်နှင့် ထုခံလိုက်ရသည့်အလား ဂယောင်ခြောက်ခြား ဖြစ်နေတော့သည်။ မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် သူက ပထမဆုံး ပိုင်ရှောင်ချန်းကိုကြည့်လိုက်ပြီးနောက် သူ၏အိတ်ကို ကြည့်လိုက်တော့သည်။ ထို့နောက် သူ၏ပါးမှာ တွန့်လိမ်သွားတော့သည်။
" မင်း၊ မင်း "
သူက ထိုစကားမှလွဲ၍ အခြား မပြောနိုင်တော့ပေ။ သို့သော် ဤလုပ်ရပ်များ၏ အကျိုးဆက်များမှာ တွက်ချက်၍မရနိုင်လောက်အောင် ကြီးမားနေပြီဖြစ်ကြောင်း သူကသိလိုက်သည်။ ထို့ကြောင့် ဆက်၍တွေးတောမနေတော့ပဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်များ၏ တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းကိုထုတ်ယူကာ သရဲကြီးစစ်သင်္ဘောအား အမြန်ဆုံးမောင်းနှင်လိုက်တော့သည်။
သူတို့၏ ပန်းတိုင်ဆီသို့ ချီတက်သွားရာ လမ်းတစ်လျှောက်တွင် တဂျုန်းဂျုန်းမြည်သံများ ဆူညံနေတော့သည်။
***
နယ်စားကြီး သေမင်းအော်သံ နှင့် ပိုင်ရှောင်ချန်းတို့က သရဲကြီးမြို့တော်နှင့် နီးကပ်လာစဥ် ဝိညာဥ်ရေနွေးအိုးတွင် ကျန်ခဲ့သည့် တာအိုအစောင့်အရှောက်များမှာ စိတ်မရှည်စပြုလာပြီဖြစ်သည်။
ဝိညာဥ်ရေနွေးအိုးကို ထူးခြားသော အလင်းရောင်တစ်ခုတောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်နေသည့် သောကကင်းဝေး ကိုးသွယ်မြို့မှ အဘိုးကြီးမှာ ပို၍ဆိုးသည်။ သူသည် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း ဝိညာဥ်ရေနွေးအိုး၏ ထူးခြားသော သဘောသဘာဝကြောင့် အထဲတွင်ဖြစ်ပျက်နေသည့်အရာများကို သူ မမြင်နိုင်ပေ။
သူ၏ ဘေးတွင် ရွှီရှန်နှင့်အတူလာသည့် အဘွားကြီးရှိနေသည်။ သူမသည်လည်း ပို၍စိုးထိတ်လာပြီး ရံခါဖန်ခါ ပိုင်ရှောင်ချန်းပြေးထွက်သွားသည့် ဘက်သို့ လှည့်ကြည့်နေသည်။
" အချိန်တစ်ဝက်ကျော် ကုန်သွားပြီလေ။ မကြာခင် ထွက်ပေါက်က ပိတ်တော့မှာ။ တစ်ခုခုတော့ ထူးဆန်းနေပြီ "
" ထွက်ပေါက်ပွင့်ပြီးလို့ သူတို့ဆက်တိုက်ခိုက်နေရင်တောင် အခုက တစ်နာရီတိတိကုန်သွားပြီလေ။ နောက်ထပ်တစ်နာရီဆို ထွက်ပေါက်က ပိတ်တော့မှာ။ အဲဒါဆို သူတို့အပြင်ကိုထွက်ဖို့ ခက်ခဲသွားမှာ။ "
" အထဲမှာ မတော်တဆ တစ်ခုခုများ ဖြစ်နေသလား။ မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး "
နတ်အဆင့်ကျင့်ကြံသူများပင် သံသယရှိစပြုလာသည်မဟုတ်။ အခြားတာအိုအစောင့်အရှောက်များသည်လည်း နေမထိ ထိုင်မသာ ဖြစ်လာပြီဖြစ်သည်။ အချိန်များကုန်ဆုံးလာသည့်နှင့်အမျှ မျက်ဝန်းများအားလုံးမှာ ဝိညာဥ်ရေနွေးအိုးကို မခွာတမ်းကြည့်နေကြတော့သည်။ စိုးရိမ်မှုများမှာလည်း ပို၍တိုးပွားလာတော့သည်။ ထိုရေနွေးကရားထဲရှိ လက်ရွေးစင်အားလုံးမှာ အရေးပါသောလူများဖြစ်နေကြသည် မဟုတ်ပါလော။
သူတို့မှာ အာဏာရှိ မျိုးနွယ်စုများနှင့် မိသားစုများထံမှ သားသမီးများ ဖြစ်ကြသည်။ သူတို့သည် ရာထူးအဆင့်အတန်းနှင့်ပတ်သတ်၍ အရေးကြီးသည်သာမက သူတို့၏ လျှို့ဝှက်အရည်အချင်းများနှင့် ကျင့်ကြံခြင်းအခြေခံများမှာလည်း သာမန်ထက်ထူးကဲနေသည်။ ငရဲဧကရာဇ် ကျောက်တိုင်ပေါ်တွင် နာမည်တစ်လုံးကို ပိုင်ဆိုင်ထားသည့် လူများပင် ပါဝင်နေသည်။
သူတို့အားလုံးသည် မြေရိုင်းဒေသထဲရှိ သူတို့မျိုးဆက်ထဲတွင် အတော်ဆုံးလူများဖြစ်ကြပြီး အနာဂတ်တွင် စွန်းအားကြီးလူများဖြစ်လာမည်ဟု သတ်မှတ်ခံထားရသည်။ နတ်အဆင့်ကျင့်ကြံသူများအဖြစ် သေချာပေါက်ပြောင်းလဲသွားမည့်လူအချို့ရှိသည့်အပြင် အနည်းငယ်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူပင် ဖြစ်နိုင်ခြေရှိကြသူများ ဖြစ်သည်။
ထိုအထဲမှ တစ်ယောက်တစ်လေပင် မတော်တဆတစ်ခုခုဖြစ်သွားခဲ့ပါက မြေရိုင်းဒေသထဲတွင် သတင်းထူးကြီးတစ်ရပ် ဖြစ်သွားမည်မှာ ဧကန်ပင်။ ဆယ်ယောက်အထက်သာ တစ်ခုခုဖြစ်သွားမည်ဆိုပါက ဆယ်ဆတိတိ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ထိုသို့သာဖြစ်သွားပါက ကောင်းကင်ဘုရင်သုံးပါးပင်လျှင် တာဝန်ယူရဲမည်မဟုတ်။ ထိုသို့သော မတော်တဆမှုမျိုးမှာ ပါဝင်ပတ်သတ်နေသည့် အဖွဲ့အစည်းတိုင်းကို အထိနာစေမည်သာ ဖြစ်သည်။
ယခုအခါ လူတိုင်းမှာ ထိုသို့တွေးနေကြပြီဖြစ်သဖြင့် ပို၍ပင် နေမထိထိုင်မသာ ဖြစ်လာကြတော့သည်။ ထို့အပြင် ဒုတိယမင်းသားနှင့် ချင်းမေ့ယွမ်တို့မှာ အထဲတွင်ရှိနေဆဲ ဖြစ်သဖြင့် ဗဟိုဧကရာဇ်မြို့မှ သက်လတ်ပိုင်းလူကြီးမှာလည်း အလွန်စိုးရိမ်လာတော့သည်။
အဆုံးတွင် တာအိုစောင့်ရှောက်သူများက အလွန်စိုးထိတ်နေကြသဖြင့် စိုးရိမ်ကြီးစွာ အော်ဟစ်လိုက်ကြတော့သည်။
" အချိန်ကပြည့်တော့မှာ။ ငါတို့ဆက်စောင့်နေလို့ မဖြစ်ဘူး "
သောကကင်းဝေး ကိုးသွယ်မြို့မှ အဘိုးကြီးမှာ ဗဟိုဧကရာဇ်မြို့က တာအိုစောင့်ရှောက်သူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အရောင်လက်နေသည့် မျက်ဝန်းများဖြင့် သူကဆိုလိုက်သည်။
" ညီလေးလင်းရေ အထဲမှာ တစ်ခုခုဖြစ်ခဲ့တာပဲနေမှာ "
" ဟုတ်တယ်၊ မောင်လေးလင်း "
ဝိညာဥ်ခရီးမြို့မှ အဘွားကြီးကလည်း တုန်တုန်ရီရီ အသံဖြင့်ဆိုလိုက်သည်။
" သေရေးရှင်ရေး အချိန်ရောက်နေပြီ။ ဝိညာဥ်ရေနွေးအိုးက တော်ဝင်မျိုးနွယ်စုရဲ့ အပိုင်ပစ္စည်းပဲ။ မဟာကောင်းကင်သခင် အဲဒီအထဲကို ကြည့်ဖို့ နည်းလမ်းတစ်ခုခု ရှိမှာပါ "
မကြာမီ မျက်ဝန်းအားလုံးနီးပါးမှာ ထိုသက်လတ်ပိုင်း လူဆီအပေါ်သို့ ရောက်လာတော့သည်။
၎င်းမှာ သူ့အတွက် ကြီးမားလှသည့် ဖိအားကြီးတစ်ရပ် ဖြစ်နေတော့သည်။ ထို့အပြင် သူသည် ထိုမျက်ဝန်းများမှာ မြေရိုင်းဒေသတစ်လုံးတွင်ရှိသော အရေးကြီးဆုံးအဖွဲ့အစည်းများ၏ ရှစ်ဆယ်ရာခိုင်းနှုန်းနီးပါးအား ကိုယ်စားပြုနေကြောင်းကို ကောင်းကောင်းသိသည်။ ဤ ကျင့်ကြံသူအစုအဖွဲ့များ၏ နောက်တွင် နတ်အဆင့်ကျင့်ကြံသူများစွာနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်တိတိ ရှိနေသည်။
" မဟာကောင်းကင်သခင်ကို ဆက်သွယ်ပြီး သူ့ကိုဆုံးဖြတ်ချက် ချခိုင်းဖို့လိုတယ် "
သူက လျင်မြန်စွာပင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး အရေးကြီးသတင်းတစ်ခု ပေးပို့လိုက်သည်။ အနည်းငယ်အကြာတွင် ထိုကျောက်စိမ်းပေလွှာမှာ မျက်စိကျိန်းမတတ် အလင်းရောင်များတောက်ပလာပြီးနောက် သူက ၎င်းကိုချေမွလိုက်သည်။
ထိုကျောက်စိမ်းပေလွှာမှာ ပြာမှုန့်များအသွင်ပြောင်းကာ အရပ်မျက်နှာအနှံ့သို့ ပျံ့သွားပြီး သူတို့၏အပေါ်သို့ မြင့်တက်သွားကာ လက်သီးဆုပ်အရွယ်အစားရှိသော လေပွေတစ်ခုကို ဖန်တီးလိုက်သည်။ ထိုလေပွေထဲမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သက်လတ်ပိုင်း လူကြီးဆီသို့ ဦးတည်သွားသည်။ ထိုလူကြီးက လက်ကိုဆန့်ထုတ်၍ ၎င်းအလင်းတန်းကို ဖမ်းဆုပ်လိုက်သောအခါ ၎င်းမှာ လက်သီးဆုပ်အရွယ်ရှိသော မှန်တစ်ချပ်အသွင် ပြောင်းလဲသွားသည်။
ထိုမှန်မှာ ရှေးယခင်ခေတ်က မှန်ဖြစ်ပြီး အရောင်မှိန်မှိန် တောက်ပနေသည့် မှော်သင်္ကေတများစွာက ၎င်းကို ဖုံးအုပ်ထားသည်။ သက်တမ်းရင့်သည့်ပုံပေါ်နေပါသော်လည်း ကောင်းကင်ကို တုန်ခါစေပြီး မြေပြင်ကိုကွဲအက်စေနိုင်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
" မဟာကောင်းကင်သခင်က လျှို့ဝှက်မှော်အတတ်တစ်ခုကိုသုံးပြီး ဒီမှန်ကို ကျုပ်ဆီပေးပို့လိုက်တာ။ ကျုပ်တစ်ယောက်ထဲ သုံးလို့ မဖြစ်နိုင်ဘူး "
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သောကကင်းဝေး ကိုးသွယ်မြို့မှ အဘိုးကြီးနှင့် ဝိညာဥ်ခရီးမြို့မှ အဘွားကြီးကို လှမ်းကြည့်ကာမေးလိုက်သည်။
" ခင်ဗျားတို့နှစ်ယောက် အကူအညီနည်းနည်းလောက် ပေးမယ်မလား "
သူတို့နှစ်ယောက်မှာလည်း တွေဝေမနေပဲ ပျံသန်းသွားပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး နတ်အဆင့်အငွေ့အသက်များကို စေလွှတ်လိုက်သဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် အလင်းရောင်များ တောက်ပလာတော့သည်။
သူတို့၏ စွမ်းအားများက မှန်ထဲသို့ဝင်သွားသောအခါ မျက်စိကျိန်းစရာ ကောင်းလောက်အောင် တောက်ပလာသဖြင့် ထိုနေရာရှိ အခြားသော တာအိုအစောင့်အရှောက်များမှာ စိုးရိမ်ထိတ်လန့်စွာနှင့် နောက်သို့ ဆုတ်သွားကြသည်။ ထိုကျင့်ကြံသူ သုံးယောက်မှာ ခပ်သြသြအသံကြီးများဖြင့် အော်ဟစ်လိုက်သောအခါ ထိုအပြာရောင်အလင်းတန်းမှာ တိုင်ကြီးတစ်တိုင်အသွင် ပြောင်းလဲသွားပြီး ဝိညာဥ်ရေနွေးအိုးဆီသို့ ဦးတည်သွားတော့သည်။
အချုပ်အနှောင်မန္တန်အားလုံးနှင့် ခုခံမှုမျိုးစုံကို ကျော်ဖြတ်သွားနိုင်သည့် ထိုအပြာရောင် အလင်းတိုင်ကြီးဘေးပတ်ပတ်လည်တွင် လေထုကြီးမှာ တွန့်လိမ်သွားသည်။ ဝိညာဥ်ရေနွေးအိုး၏ မျက်နှာပြင်ပေါ်တွင် တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားပြီး တဖြည်းဖြည်းနှင့် ၎င်းကို ထုတ်ချင်းဖောက်မြင်နိုင်လာတော့သည်။ ခဏအကြာတွင် အတွင်းထဲရှိ အရာအားလုံးကို လူတိုင်းမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်သွားတော့သည်။ ထို့နောက် လူတိုင်းမှာ မျက်နှာပျက်ကုန်ကြတော့သည်။
" ဘယ်သူမှ မရှိပါလား "
" အကုန်လုံး မရှိတော့တာပဲ "
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး။ စုစုပေါင်း အယောက်တစ်ရာကျော်တောင် ရှိတာလေ။ ဘယ်ရောက်ကုန်ကြတာလဲ "
နေရာတိုင်းတွင် အလန့်တကြားအော်ဟစ်သံများကို ကြားနေရသည်။ သောကကင်းဝေး ကိုးသွယ်မြို့မှ အဘိုးကြီးနှင့် ဝိညာဥ်ခရီးမြို့မှ အဘွားကြီးတို့မှာ အလွန်အံ့အားသင့်နေကြသဖြင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာပင် အံ့သြမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့မှာ အမြင်မှားနေမည်ကို စိုးရိမ်သဖြင့် မှန်ထဲသို့ စွမ်းအားများထပ်၍ ထည့်သွင်းလိုက်သောအခါ ၎င်း၏အလင်းတန်းများမှာ ဝိညာဥ်ရေနွေးအိုးထဲရှိ နယ်မြေများတစ်လျှောက်တွင် ပျံ့နှံ့သွားတော့သည်။ ထိုအလင်းတန်း၏ စွမ်းအားအောက်တွင် အထူထဲဆုံးမြူခိုးများပင် ပျောက်ကွယ်သွားရသည်။ သို့သော်လည်း သူတို့မှာ လက်ရွေးစင်တစ်ယောက်တစ်လေ၏ အစအနကိုပင် ရှာမတွေ့ပေ။
ဗဟိုဧကရာဇ်မြို့မှ သက်လတ်ပိုင်းလူကြီးမှာ တုန်ရီနေပြီး မယုံကြည်နိုင်လောက်အောင် ဂယောင်ခြောက်ခြား ဖြစ်နေတော့သည်။
" ခဏနေပါဦး "
တစ်စုံတစ်ယောက်က ထပြောလိုက်သည်။
" သရဲကြီးဘုရင်ရဲ့ အငွေ့အသက်ကို ငါအာရုံခံမိတယ် "
လူတိုင်းမှာ ထိုအချက်ကို သိသွားသောအခါ သူတို့၏မျက်ဝန်းများမှာ နီမြန်းသွားကြပြီး သူတို့၏နှလုံးသားများထဲတွင် ဒေါသမီးများ လောင်ကျွမ်းလာတော့သည်။
" လူတိုင်းကပျောက်သွားပြီး ပိုင်ဟောက်တစ်ယောက်ပဲ ထွက်လာနိုင်တာ။ ဒါ သရဲကြီးဘုရင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် "
" ဒီပိုင်ဟောက်က ဘာမှမဟုတ်တဲ့ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲကို။ ဘယ်လိုသတ္တိနဲ့ ဒီလိုလုပ်ရဲမှာလဲ။ သေချာတယ် ဒါသရဲကြီးဘုရင်ရဲ့ လက်ချက်ပဲ "
" ပိုင်ဟောင်ထွက်လာတုံးက ဖြစ်နေတဲ့ပုံကို မှတ်မိလား။ အဲဒါဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ သောက်ကျိုးနည်းကွာ။ "
ဒေါသတကြီးအော်ဟစ်သံများ စတင်ထွက်ပေါ်လာတော့သည်။ သောကကင်းဝေး ကိုးသွယ်မြို့မှ အဘိုးကြီးနှင့် ဝိညာဥ်ခရီးမြို့မှ အဘွားကြီးတို့မှာ တည်နေရာရွှေ့ပြောင်းကာ ပိုင်ရှောင်ချန်းထွက်ခွာသွားသည့် အရပ်မျက်နှာသို့ လိုက်သွားကြတော့သည်။
အခြားလူများမှာလည်း ဒေါသတကြီးဖြင့် လိုက်သွားတော့သည်။
ဤလူများမှာ သူငယ်နှပ်စားများ မဟုတ်ကြသဖြင့် အဖွဲ့အစည်းအမျိုးမျိုး၏ လက်ရွေးစင်များကို ပိုင်ရှောင်ချန်းမှာ သရဲဘုရင်ကြီး၏ စေခိုင်းချက်အရ ပြန်ပေးဆွဲသွားသည်ဖြစ်ကြောင်း သိလိုက်ကြသည်။ ပို၍ ရှက်စရာကောင်းသည့်အချက်မှာ သူသည် သူတို့၏မျက်စိရှေ့မှဖြတ်ကာ လွတ်မြောက်သွားခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် သူတို့က သရဲကြီးဘုရင်ကို မစော်ကားရဲသဖြင့် ပိုင်ရှောင်ချန်းအပေါ်သို့သာ သူတို့၏ဒေါသများကို ပုံချလိုက်တော့သည်။
စွမ်းအားကြီးကျင့်ကြံသူ အယောက်တစ်ရာကျော်မှာ လေကိုခွင်းကာ ပိုင်ရှောင်ချန်းအား လိုက်ဖမ်းနေကြသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာပြီး ကောင်းကင်ယံတွင် မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များ တောက်ပလာတော့သည်။
သို့သော် သူတို့မှာ အခါနှောင်းသွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းနှင့် နယ်စားကြီး သေမင်းအော်သံ တို့မှာ သရဲကြီး စစ်သင်္ဘောပေါ်တွင် ရောက်နေပြီဖြစ်ပြီး နယ်စားကြီး သေမင်းအော်သံ မှာ သူတတ်စွမ်းနိုင်သမျှ စွမ်းအားအကုန်ထုတ်ကာ မောင်းနှင်နေသည်။ ထိုသင်္ဘောမှာ တောက်ပသည့် အလင်းတန်းတစ်ခုအသွင် လေကိုခွင်းကာ သရဲကြီးမြို့တော်နှင့် နီးကပ်လာနေပြီ ဖြစ်သည်။
ပိုင်ရှောင််ချန်းမှာ ခပ်လှမ်းလှမ်းတွင် မြို့တော်ကို လှမ်းမြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။ အနည်းငယ်ပင် စိတ်လှုပ်ရှားစပြုလာတော့သည်။
" သေချင်းဆိုး သရဲကြီးဘုရင်၊ ကျုပ်ပြန်လာပြီ "