မင်း ဘာတွေများ လုပ်လိုက်တာတုန်း
Vol. 8 Ch. 705
ပိုင်ရှောင်ချန်းနှင့် မြို့စား သေမင်းအော်သံတို့က မြို့ဆီသို့ တရွေ့ရွေ့ နီးကပ်လာနေစဥ် သရဲကြီးဘုရင်က သူ၏ တော်ဝင်နန်းတော်ထဲ၌ သရဲဘုရင်သစ်သီးကို လက်ထဲတွင် ကိုင်ကာ ငုံ့ကြည့်နေပြီး သူ့မျက်နှာမှာ အလွန်စိတ်လှုပ်ရှားနေသည့်အမူအရာ ပေါ်နေသည်။
သစ်သီးကို အချုပ်အနှောင်မန္တာန် အစီအရင်သုံးကာ ရယူခဲ့သည့် နည်းလမ်းသည် အချို့စည်းမျဥ်းများကို ဖောက်ဖျက်ခဲ့သည် မှန်သော်လည်း သစ်သီးသည် သူ့အတွက် အလွန် အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။ ထိုသို့သောအရာကို အခြားသူများက ရရှိ၊ အသုံးပြု၍ သူ့ကို ခြိမ်းခြောက်လာမည်အား မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။
သူသည် အံကြိတ်ကာ သူ့အစီအစဥ်အတိုင်း ဆက်လုပ်ရန်မှလွဲ၍ အမှန်တကယ် ရွေးချယ်စရာမရှိပေ။
“ နောက်ဆုံးတော့ သရဲဘုရင်သစ်သီး ၅လုံးစလုံးကို ငါ ရပြီ။ ငါ့ပညာရပ်မှာ လိုအပ်နေတဲ့ ဓာတ်ငါးပါးကို ပြုပြင်နိုင်တော့မယ်။ အဲဒီဓာတ်ငါးပါးကို ငါ စိတ်ကြိုက် ပြောင်းနိုင်၊ ရွှေ့နိုင်ရင် ငါ အသက်အန္တရာယ်ရှိနိုင်တဲ့ ဆုတ်ယုတ်ချိန်ကို ကြုံရတော့မှာ မဟုတ်ဘူး "
ထို့နောက် သူက ခေါင်းကို နောက်လှန်ကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ သူ့နှလုံးသားသည် အလွန်အမင်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာပြီးနောက်တွင် သူ၏ ရန်သူများအားလုံးက ပူးပေါင်းဆန့်ကျင်သည့်တိုင် သူ အနိုင်ရရှိခဲ့သည်။ သူ၏ အစီအစဥ်များနှင့် စီမံချက်များအားလုံး အလုပ်ဖြစ်သွားသည့် အချက်သည် သူ့ကို အလွန် စိတ်ကျေနပ်စေသည်။
"သောကကင်းဝေးကိုးသွယ်ဘုရင်၊ စစ်အောင်ဘုရင်နဲ့ ဝိညာဥ်ခရီးဘုရင်၊ အဲဒီကောင်တွေအားလုံး ငါ့ကို အကွက်ချပြီး မကောင်းကြံနေကြတာ။ ငါက စည်းမျဥ်းတွေ ဖောက်ဖျက်မိပေမဲ့ သူတို့တွေ ကြံစည်နေကြလို့သာ လုပ်ရတာ။ အခု ခဏလောက် ငါ ငြိမ်နေလိုက်ပြီး ငါ့ကို ပြဿနာတက်အောင် လုပ်ဖို့ အကြောင်းပြချက်တွေ မပေးမှ ဖြစ်မယ်။ နည်းနည်းကြာသွားရင် အဲဒီကိစ္စတွေအားလုံး ဖြေရှင်းလို့ ရတယ်။ "
သူ့မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခုနှင့်အတူ သူ့မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ပျော်စရာကောင်းလှသည်။
ဝိညာဥ်ရေနွေးအိုးထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကိုမူ သူ မသိပေ။ ပိုင်ရှောင်ချန်းပေါ်ရှိ အချုပ်အနှောင်မန္တန်သည် အဝေးတွင် ဖြစ်ပျက်နေသည်များကို ကြည့်နိုင်သည့် စွမ်းအင်မျိုးမပေးထားဘဲ သရဲဘုရင်အသီးကို ယူရာတွင် အသုံးပြုရန် အထူးဖန်တီးထားခြင်းဖြစ်သည်။ သို့သော် သူ စိတ်ပူပန်ခြင်း မရှိပေ။
သူက ရယ်မောကာ သရဲဘုရင်သစ်သီးကို သိမ်းထားလိုက်ပြီး သစ်သီး၅လုံးကို သူ့ကိုယ်ထဲသို့ ပေါင်းစပ်ရန်အတွက် ဂူပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သို့သော်သူ ထရပ်လိုက်သည့် အချိန်မှာပင် သူ့အမူအရာပြောင်းသွားကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
သရဲကြီးစစ်သင်္ဘောကို ချက်ချင်းပင် သူ မြင်လိုက်သည်။ နီးကပ်လာသောအခါ ပုံရိပ်နှစ်ခုသည် ကုန်းပတ်ပေါ်မှ ခုန်ဆင်းကာ သူ၏ တော်ဝင်နန်းတော်ဆီသို့ ပျံသန်းလာသည်။
မြို့စားသေမင်းအော်သံ၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ရောယှက်နေပြီး ပိုင်ရှောင်ချန်းမှာမူ တင်းမာကာ ဒေါသထွက်နေပုံပေါ်သည်။
" ပိုင်ဟောက် ရောက်လာတာ မြန်သားပဲ။" သရဲကြီးဘုရင်က တွေးလိုက်သည်။
" နောက်ပြီး လုံးဝကို ဒဏ်ရာ ရလာတဲ့ပုံ မပေါ်ဘူး။"
အနေရခက်ဟန်ဖြင့် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ ယခု ဖြစ်ခဲ့သော ကိစ္စတွင် မှားသူမှာ သူဖြစ်ကြောင်း သိရာ ပိုင်ဟောက်ကို ရှောင်သင့်သည်ဟု ခံစားနေရသည်။ သို့သော်ရှောင်ရှားခြင်းဖြင့် အခြေအနေကို ပြေလည်စေမည် မဟုတ်ရာ သူက မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာကို လုပ်ယူလိုက်ကာ ပလ္လင်ပေါ်တွင် ထိုင်စောင့်နေလိုက်သည်။
ပိုင်ရှောင်ချန်းသည် သရဲကြီးရုပ်တုဆီသို့ အမြန်ဆုံး အရှိန်နှုန်းဖြင့် ပျံသန်းလာပြီး နောက်မှ မြို့စား သေမင်းအော်သံက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်ပါလာသည်။ တော်ဝင်နန်းတော်သို့ ရောက်လျှင် မြို့စားသေမင်းအော်သံသည် ပိုင်ရှောင်ချန်းကို လက်ချင်းယှက်ကာ နှုတ်ဆက်လိုက်ပြီး နောက်ဆက်တွဲ ပါလာမည့် စိတ်ညစ်စရာ အဖြစ်များတွင် ပါဝင်ရန် စိတ်မဝင်စားဘဲ သူ၏ နေအိမ်သို့ အမြန် ပြန်တော့သည်။
" ဒီပိုင်ဟောက်က သတ္တိတော့ အရှိသား။ ဒါပေမဲ့ အရှင်မင်းမြတ်ရဲ့ အမိန့်ကြောင့်သာ ဒီလိုဟာမျိုးကို လုပ်တာပဲ ဖြစ်ရမယ်။ အရှင်မင်းမြတ်က ဘာတွေများ တွေးနေပါလိမ့်။ မြေရိုင်းဒေသက တော်ဝင်မျိုးနွယ်စု၊ အထက်တန်းလွှာတွေအားလုံးကို တကယ်ကြီး ဆန့်ကျင်တော့မှာလား။"
မြို့စား သေမင်းအော်သံ က ဖြစ်ပျက်နေသည်များကို လိုက်တွေးရန် ဥာဏ်မမှီသောကြောင့် သက်ပြင်းချလိုက်သည်။
မြို့စား သေမင်းအော်သံ ထွက်သွားသည်တွင် ပိုင်ရှောင်ချန်းသည် ပင်မဝင်ပေါက်သို့ အပြေးအလွှား သွားလေသည်။ ထိုအချိန်တွင် သူသည် အလွန် ဒေါသထွက်နေဆဲပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ သူက အလွန်ထူးချွန်ထက်မြက်သူတစ်ယောက်သာ မဟုတ်ခဲ့လျှင် ဝိညာဥ်ရေနွေးအိုးသို့သွားခဲ့သည့် သူ၏ ခရီးမှာ သေမင်းဆီသို့ သွားရာလမ်း ဖြစ်နေမည်ဖြစ်သည်။
ဤသို့ ဖြစ်ရသည့် အကြောင်းအရင်းမှာလည်း သရဲကြီးဘုရင်က သူ့ကို မလှိမ့်တပတ်လုပ်သွားခြင်းကြောင့် ဖြစ်သည်။
သူက အံကြိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို မျိုသိပ်ကာ စိတ်ထဲတွင် အေးစက်စက်နှာမှုတ်၍ နန်းတော်၏ ပင်မခန်းမဆောင်ထဲသို့ လျှောက်ဝင်လာသည်။
အကြီးအကျယ်ထိခိုက်ဒဏ်ရာရထားသည့်အသွင်ဖြစ်အောင် ကြိုးစားလျက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" ကျွန်တော်မျိုး ပိုင်ဟောက် နှုတ်ခွန်းဆက်သပါတယ်၊ အရှင်မင်းမြတ်။"
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို မြင်သည်နှင့် သူ၏ ပလ္လင်မှ ထကာ ပြောလိုက်သည်။
" ေဩာ် ဟောက်အာ၊ မင်း ပြန်ရောက်လာပြီပဲ။ ဒီတစ်ခါတော့ မင်းက ချီးကျူးစရာကောင်းတဲ့ လုပ်ရပ်မျိုးကို တကယ်ကြီး လုပ်ခဲ့တာပဲ "
သူသည် ယခင်ကကဲ့သို့ တည်ကြည်သည့်ပုံ မဟုတ်တော့ဘဲ ကြင်နာသည့် အပြုံးနှင့်ပင် ပြုံးပြနေပေသည်။ သူ၏ မျက်လုံးထဲမှ ချီးမွမ်းခြင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပိုင်ရှောင်ချန်းကို မြင်ရသည်မှာ အမှန်တကယ် ဝမ်းသာ ကျေနပ်သည့်ပုံ ပေါ်နေသည်။
ဟောက်အာဟု ခေါ်ဆိုခြင်းမှာလည်း ယခုအကြိမ်က ပထမဆုံး အကြိမ်ဖြစ်သည်...
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်သွားပြီး တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဥ် သရဲကြီးဘုရင်က ဂရုမစိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက ပလ္လင်ထက်မှ အောက်သို့ ဆင်းလာပြီး ဂရုမထားသည့် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ လုံးဝ မဒဏ်ရာမရခဲ့ပါလား။ ဟောက်အာ၊ ဒီတစ်ခါ မင်းက ငါ့အတွက် ကိစ္စအကြီးကြီးကို စွမ်းဆောင်ပေးလိုက်တာပဲ။ သားရေ၊ ငါတို့နှစ်ယောက်အတွက် ဝိညာဥ်စားသောက်ပွဲကြီး ကျင်းပဖို့ အမိန့်ပေးပြီးသွားပြီ။ အခု မင်းလိုချင်တာ ဘာလဲဆိုတာပဲ ပြော။ ငါ တတ်နိုင်တဲ့ဟာဆို အကုန် ဖြည့်ဆည်းပေးမယ်ကွာ "
သို့သော် ထိုသို့ပြောခြင်းက ပိုင်ရှောင်ချန်းကို ပိုပြီး ဒေါသထွက်စေသည်။ အသံကို မြှင့်ကာ သူက ပြောလိုက်သည်။
" ကျွန်တော်မျိုး လက်ဆောင် မလိုချင်ပါဘူး။ အရှင်မင်းကြီး သိတော်မူတဲ့အတိုင်း အဲဒီလူတွေကဗျာ ကျွန်တော်မျိုးကို တကယ်ကြီး အနိုင်ကျင့်ကြတာ။ အရှင်မင်းကြီးတော့ မမြင်ရလို့ မသိဘူး။ သူတို့အားလံုးပေါင်းြပီး အနိုင်ကျင့်လိုက်ကြတာ ကျွန်တော်မျိုးကို သတ်ဖို့အထိပါပဲ။ ကျွန်တော်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့လို့ ကြံမိကြံရာ လုပ်ခဲ့ရပါတယ်။ တချို့ အရေးကြီး ပုဂ္ဂိုလ်တွေကို ကျွန်တော်မျိုး အပြစ်လုပ်ခဲ့မိပေမဲ့ အဲဒါတွေအားလုံးက အရှင်မင်းကြီး အတွက်ပါပဲ "
လူပေါင်း တစ်ရာကျော်ခန့် ပိုင်ဟောက်နောက်သို့ လိုက်နေသည့် အခြေအနေမျိုးတွင် အချို့ကို ဒဏ်ရာရစေပြီး အချို့ကို သေစေသည်အထိ မလုပ်ဘဲ အသက်ရှင်အောင် နေရန်မှာ ခက်ခဲကြောင်း သရဲကြီးဘုရင်က ကောင်းစွာ နားလည်ပြီးဖြစ်သည်။ သို့တိုင်အောင် သရဲကြီးဘုရင်သည် ရုတ်တရက် ပေါ်ပေါက်လာသော ကိစ္စမှန်သမျှကို ဖြေရှင်းရန် ယုံကြည်ချက်ရှိနေသည်။
“ အဲဒီအတွက်တော့ စိတ်မပူပါနဲ့။ မင်းလုပ်ပေးတဲ့ အားလုံးက ငါ့အတွက်ပဲ။ စိတ်မပူနဲ့၊ မင်းအပေါ် မကောင်းတဲ့ ကိစ္စမျိုး ကျရောက်လာမှာကို ငါ အဖြစ်မခံပါဘူး။ "
ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် ထိခိုက်နာကျင်နေသည့် အမူအရာ ရှိနေဆဲဖြစ်သော်လည်း စိတ်ထဲမှ သူ့ကိုယ်သူ သဘောကျ ကျေနပ်နေပြီဖြစ်သည်။
“ သရဲကြီးဘုရင်၊ အို၊ သရဲကြီးဘုရင်ရေ၊ ခင်ဗျားကြီးက ကျုပ်ကို အရင်ရောင်းစားထားမှတော့ ကျုပ်က ပြန်ပြီးကွက်ကျော်ရိုက်တဲ့အတွက်လည်း ကျုပ်ကို အပြစ်မတင်လေနဲ့။ “
ပိုင်ရှောင်ချန်းက တစ်ခုခုထပ်ပြောရန် ပြင်နေစဥ် သရဲကြီးဘုရင်၏အိတ်ထဲမှ တဝီဝီမြည်သံထွက်လာသည်။
"သူတို့ မင်းနောက် လိုက်လာတာ မြန်လှချေလား။" သရဲကြီးဘုရင်၏ မျက်လုံးများသည် တလက်လက်တောက်နေပြီး ဖျော့တော့သော အပြုံးနှင့် သူ့အိတ်ထဲမှ သတင်းပို့ ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။ ဝိညာဥ်ရေနွေးအိုး ထဲတွင် ပိုင်ရှောင်ချန်းက မည်သို့ လုပ်ခဲ့သည်ဖြစ်စေ၊ အချိန်ကြာရှည်စွာ လျှို့ဝှက်မထားနိုင်သည်ကို သူ သိထားပြီးဖြစ်သည်။ ထို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအတွက် သူ ပြင်ဆင်ပြီးသား ဖြစ်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာထဲသို့ နတ်ဘုရားအာရုံကို ထည့်သွင်းကာ ဖွင့်လိုက်သည်။
အလွန် အေးဆေး တည်ငြိမ်သော အသံဖြင့် သူက ပြောလိုက်သည်။
" သောက ကင်းဝေးကိုးသွယ် ဘု--"
သို့သော် သူ့စကားဆုံးအောင် မပြောရသေးမီ သောကကင်းဝေးကိုးသွယ်ဘုရင်၏ ဒေါသတကြီးအော်သံသည် နန်းတော်ခန်းမဆောင်ထဲတွင် မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာသည်။
" အရှက်မရှိဘူးလား၊ သရဲကြီးဘုရင် "
သောကကင်းဝေးကိုးသွယ်ဘုရင်သည် သရဲဘုရင်သစ်သီးအကြောင်း ပြောနေသည်ဟု ယူဆကာ သရဲကြီးဘုရင်သည် လည်ချောင်းတစ်ချက်ရှင်းကာ ပြောလိုက်သည်။
" သောကကင်းဝေးကိုးသွယ်ဘုရင်၊ ရှင်းပြပါရ--"
အခြား စကားလုံးများ ထပ်မပြောလိုက်ရဘဲ သောကကင်းဝေးကိုးသွယ်ဘုရင်သည် မိုးကြိုးပစ်ခတ်သည့်အလား ဟိန်းထွက်နေသည့် အသံမျိုးဖြင့် ပြန်ပြောလေသည်။
"မင်း အဲဒီအသီးကို ဘယ်လိုရသွားလဲဆိုတာ ငါလုံးဝ သောက်ဂရုမစိုက်ဘူးကွ။ ငါတို့ကလည်း မင်းကို အကွက်ချ ကြံစည်ခဲ့တာပဲ။ ဒီတော့ မင်းက ပြန်တိုက်တာကို ငါတို့မှာ ပြောပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ကွာ ကိုယ့်ဂုဏ်သိက္ခါကိုမှ မထောက်၊ ငါ့သား ကျိုးဟုန်ကို ဒီလိုမျိုး လုပ်ရတယ်လို့ကွာ။ နားထောင်စမ်း၊ သရဲကြီးဘုရင်၊ သောကကင်းဝေးကိုးသွယ်မြို့နဲ့ သရဲကြီးမြို့ကြားက ရန်ငြိုးက ဘယ်တော့မှ ပြေမှာ မဟုတ်ဘူးဟေ့ "
ထို့နောက် သောကကင်းဝေးကိုးသွယ်ဘုရင်သည် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
သရဲကြီးဘုရင်၏ မျက်လုံးများ ပြူးထွက်သွားသည်။ ယခုလေးတင် ပိုင်ရှောင်ချန်း ပြောလိုက်သော စကားများကို ပြန်တွေးမိကာ သူက လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ကျိုးဟုန်နဲ့ တိုက်ခိုက်ခဲ့တာလား။ သူ သေသွားပြီလား "
မခံမရပ်နိုင်ဖြစ်နေသည့် ပုံစံဖြင့် ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။
" ဟုတ်တယ်၊ အဲဒီ အနိုင်ကျင့်လွန်းတဲ့ကောင်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ ဟမ့်၊ ဒါပေမဲ့ သူ့ရဲ့ သနားစရာအသက်ကလေးကိုတော့ နှုတ်မယူခဲ့ပါဘူးဘုရား "
စိတ်သက်သာရာရပီး သက်ပြင်းတစ်ချက်ချကာ သရဲကြီးဘုရင်က ပြောလိုက်သည်။
" မသေရင် ရပြီ "
ယခုအချိန်တွင် သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်မှာ အမှန်တကယ်ပင် ပြောင်မြောက်လှသောကြောင့် သဘောမကျဘဲ မနေနိုင်အောင် ရှိသည်။ လူအများကြီးက နောက်မှ လိုက်နေကြသည့်ကြားမှပင် ကျိုးဟုန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သေးသည်။ စကားဆက်ပြောမည့်ဆဲဆဲတွင် သူ၏ ကျောက်စိမ်းပေလွှာသည် နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။ ဤတစ်ကြိမ်တွင် ယခင်တစ်ကြိမ်ထက်ပင်ပို၍ ပြင်းထန်စွာ တုန်ခါပြီး ဒေါသထွက်နေသည့် အသံများကိုပါ ကြားနေရလေသည်။ အားလုံးမဟုတ်သည့်တိုင် အသံအများစုသည် စစ်ပွဲဆင်နွှဲရန်ပင် ဆန္ဒရှိနေသည့် အသံမျိုး ဖြစ်သည်။
" သရဲကြီးဘုရင်၊ ငါ့သားက အမြဲတမ်း ခေါင်းမာပြီး ဆိုးတာကွ။ အခုကတော့ သူ့ဒုက္ခသူ ရှာသွားခဲ့တာပါကွာ။ ငါကိုယ်တိုင် မင်းဆီကို ကျေးဇူးတင်စကား လာပြောပါ့မယ် "
"စစ်အောင်ဘုရင်လား "
အခြား ကောင်းကင်ဘုရင်သုံးပါးထဲတွင် သူအကြောက်ဆုံးမှာ စစ်အောင်ဘုရင်ဖြစ်ပြီး သရဲကြီးဘုရင်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ထို့ကြောင့် သူသည် ကြားလိုက်ရသော စကားကြောင့် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး မည်သည့် အရာများ ဖြစ်ပျက်နေသည်ကိုပင် ပို၍ ဝေခွဲမရဖြစ်သွားသည်။ ရင်တဒိတ်ဒိတ်ခုန်ကာ ရုတ်တရက် အလွန် ဆိုးဝါးသော ခံစားချက် ရလိုက်ပြီး ပိုင်ရှောင်ချန်းကို နောက်တစ်ခါ ကြည့်လိုက်ပြန်သည်။
"စစ်အောင်ဘုရင်ငယ်လေးနဲ့ရော တိုက်ခဲ့သေးတာလား။ သူလည်း မသေပါဘူးနော်။"
"ဪ၊ သူလား။" ပိုင်ရှောင်ချန်းက မနှစ်မြို့ဟန်ဖြင့် လက်ကို ခါလိုက်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
" မဟုတ်ပါဘူး။ သူ မသေပါဘူး။ အဲဒီကောင်ကတော့ တကယ်ကို မတုန်မလှုပ်နဲ့ဗျာ "
သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာဖြစ်လာသော်လည်း မည်သို့မျှ မလုပ်နိုင်လိုက်ဘဲ သူ၏ ကျောက်စိမ်းပေလွှာမှာ ထပ်မံ တုန်ခါသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ သောကကင်းဝေးကိုးသွယ်ဘုရင်ထက်ပင် ပို၍ဒေါသထွက်နေပုံပေါ်သည့် ဝိညာဥ်ခရီးဘုရင်ဖြစ်သည်။
" မင်းရဲ့ တိတ်တိတ်ပုန်းသမီးက ဗဟိုဧကရာဇ်မြို့မှာရှိေနတာမလား၊ သရဲကြီးဘုရင်။ ဘယ်သူမှ မသိလည်း ငါသိတယ်ကွ။ အေး၊ ငါဘယ်လိုဆက်လုပ်ရမတုံး သိပြီ။ သောက်အဘိုးကြီး ငါလည်း မင်းလိုပဲ လုပ်မယ်။ ကိုယ့်မျက်နှာကိုယ်မထောက် ကိုယ့်ထက်ငယ်ပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတယ်လို့ကွာ "
အသံသည် ခန်းမထဲတွင် ဟိန်းထွက်သွားသည်တွင် သရဲကြီးဘုရင်သည် အမောတကောဖြစ်လာသည်။ အရာအားလုံးသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားပြီး သူ့ကို လုံးဝ အသိစိတ်လွတ်သွားစေသည်။
ပိုင်ရှောင်ချန်းကို ကြည့်ကာ တူညီသော မေးခွန်းကို မေးရန် ပြင်နေစဥ်မှာပင် ပိုင်ရှောင်ချန်းက အရင် ဦးအောင် ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ဘုရား၊ ရွှီရှန်က မသေပါဘူး။"
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို ကြည့်နေစဥ်မှာပင် သူ၏ ဆိုးဝါးသော ခန့်မှန်းချက်များမှာ ပို၍ ပြင်းထန်လာသည်။ သို့ဖြစ်သည့်တိုင် တစ်ခွန်းမျှ မပြောနိုင်ဘဲ သူ့လက်ထဲမှ ကျောက်စမ်မ်းပေလွှာသည် ထပ်ခါထပ်ခါ တုန်ခါလာတော့သည်။ အချို့မှာ ခါးသီးစွာဖြင့်၊ အချို့မှာ အသနားခံနေကာ အချို့က ဒေါသထွက်နေဟန်ဖြင့် မရေမတွက်နိုင်သော သတင်းစကားများ ဝင်လာလေသည်။
သရဲကြီးဘုရင်မှာ ခေါင်းများ ချာချာလည်သွားတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသော်ငြား လက်ရှိ အဖြစ်အပျက် အလှည့်အပြောင်းများသည် သူ့ကို အံ့ဩမင်သက်ကာ ချာချာလည်သွားစေသည်။ သတင်းစကားပေးပို့နေသူအများစုသည် ကျင့်ကြံခြင်းအခြေခံအရ သူနှင့် အဆင့်တူ မဟုတ်ကြသော်လည်း အရေအတွက်က များပြားလွန်းနေသည်။ ဗဟိုဧကရာဇ်နယ်မြေရှိ တော်ဝင်မျိုးနွယ်၊ မင်းမျိုးမင်းနွယ်အားလုံးနီးပါးသည် သူ့ကို တစ်ခုခုလုပ်တော့မည့်ပုံ ပေါ်နေသည်။
သူနှင့် အဆင့်တူဖြစ်သော အခြား ကောင်းကင်ဘုရင်သုံးပါး ပါဝင်နေသည့် အချက်ကိုပင် ထည့်မစဥ်းစားရသေးပေ။
အင်ပါယာမျိုးနွယ်စုမှပင် ဒုတိယမင်းသား ပျောက်ဆုံးနေသည်ဟု သူ့ကို သတင်းစကား ပေးပို့ထားသည်။ သရဲကြီးဘုရင်သည် ဖြစ်ပျက်နေသည့်အရာများကြောင့် ကြက်သေသေကာ စကားပင် မပြောနိုင်တော့ချေ။ နောက်ဆုံးတွင် သူသည် ပိုင်ရှောင်ချန်းကို ကြည့်ကာ အားလျော့စွာဖြင့် မေးလိုက်သည်။
" ဝိညာဥ်ရေနွေးအိုး ထဲမှာ မင်း ဘ-ဘာ...ဘာတွေများ လုပ်လိုက်တာတံုး "