အခန်း (၅၃-၅၄)
Vol. 4 Ch. 53-54
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-53
အခန်း ၅၃ ။ မင် (အလင်း)
"မင်းက တို့ခိုင်းစေခဲ့တာလို့ ပြောမှတော့၊ တို့မင်းကို ဘယ်လို ခိုင်းစေခဲ့လဲဆိုတာ သေသေချာချာ ပြောစမ်း။"
ယဲ့ယွင်သည် ထိုအဘွားကြီးသည် လွန်ခဲ့သော နှစ်ရက်က သူမအား 'ဝမ်ရှင်းလန်' (သစ်ခွ) ပန်း လာပေးသော မားမား ဖြစ်သည်ကို မှတ်မိသွားပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ယဲ့ယွင်သည်လူကို အေးစက်စွာ စိုက်ကြည့်နေလျက် အကြည့်များမှာ ဓားသွားကဲ့သို့ ထက်မြက်နေပေသည်။
ယဲ့ယွင့်၏ စူးရှလှသောအကြည့်များကြောင့်အဘွားကြီးသည် တစ်ချက်တွန့်ဆုတ်သွားပြီး၊ တုန်ယင်သော အသံဖြင့် ဖွင့်ဟလိုက်၏။
"အဲ့ဒီနေ့က ကျွန်တော်မျိုးမ ယဲ့မိန်ရန်ဆီ ပန်းသွားပို့တော့ ယဲ့မိန်ရန်က ကျွန်တော်မျိုးမကို ငွေအိတ်တစ်လုံး ပေးပါတယ်။ အတွင်းထဲမှာက ငွေစတစ်ရာတန် ငွေစက္ကူပါ။ ကျွန်တော်မျိုးမက ပန်းဥယျာဉ်ကဖြစ်ပြီးမကြာခဏ နန်းတော်အပြင်ထွက်ပြီး ပစ္စည်းသစ်တွေ ဝယ်ရလေ့ရှိတယ်။ သူက ကျွန်တော်မျိုးမကို 'ကတိုး' ရှာပြီး ပြန်ယူလာဖို့ နည်းလမ်းရှာခိုင်းတယ်။ အရည်ဖျော်ပြီး စုတ်တံနဲ့ ပန်းအိုးအပြင်ဘက်မှာ သုတ်ခိုင်းတယ်။ ပြီးတော့ အိမ်ထဲမှာ မွေးမြူဖို့ သင့်တော်တဲ့ ပန်းမျိုးစေ့ကို ရွေးထည့်ပြီး၊ ယိဝမ်ရုန်ဆီကို ပို့ခိုင်းတယ်။ ပြီးတော့ဒီကိစ္စကို ဘယ်သူမှမသိဘူး၊ သေချာပေါက် အဖမ်းခံရမှာ မဟုတ်ဘူးလို့ ဖျောင်းဖျပါတယ်။ ကိစ္စ အောင်မြင်သွားတာနဲ့ ကျွန်တော်မျိုးမကို နန်းတော်အပြင်ထွက်ပြီး အနားယူဖို့ နည်းလမ်း ရှာပေးမယ့်အပြင် ကျွန်တော်မျိုးမ မိသားစုအားလုံး အသက်ဘေးကင်းဖို့လည်း အာမခံတယ်တဲ့။"
"ကောင်းပြီ၊ ဒါဆို မင်း ပြောကြည့်၊ အဲ့ဒီနေ့က မင်းကို ဆုငွေ ပေးတာ ဘယ်သူလဲ။ ဒီနေ့ ငါ့ရဲ့ ဒီအစေခံမလေး နှစ်ယောက်လုံး ဒီမှာ ရှိတယ်။ မင်း မှတ်မိအောင် ကြည့်စမ်း။"
ယဲ့ယွင်သည် ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး၊ ဟွေယွဲ့နှင့် နန်ကျစ်တို့အား ရှေ့သို့ တိုးလာစေ၏။
ထိုမားမားသည် မျက်လုံးများကို မှေးမှိတ်၍ ခဏမျှ ကြည့်လိုက်ပြီး နန်ကျစ်ကို လက်ညှိုးထိုးကာ ဖွင့်ဟလိုက်သည်။
"သူပဲ။"
"ပေါက်ကရတွေ၊ အဲ့ဒီနေ့က မိန်ရန် နေမကောင်းလို့၊ ကျွန်မက စားဖိုဆောင်ငယ်ထဲမှာ ဆေးကျိုနေတာ။ ရှင့်ကို လုံးဝတောင် မမြင်ဖူးဘူး။" နန်ကျစ်သည် ပြင်းထန်သော လေသံဖြင့် ဆို၏။
"ဒါ၊ ဒါဆို သူပဲ၊ သေချာပေါက် မမှားနိုင်ဘူး။"
အဘွားကြီးသည် အဟောက်ခံလိုက်ရသဖြင့် စိတ်ထဲတွင် လန့်သွားပြီး လူမှာ ရှုပ်ထွေးသွားကာ၊ ဟွေယွဲ့ကို ထပ်မံလက်ညှိုးထိုးလိုက်၏။
ဟွေယွဲ့သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ "ကျွန်မ ကြည့်ရတာ ရှင် မျက်စိကန်းနေပြီ ထင်တယ်။ ကျွန်မက မိန်ရန် ကို အမြဲတမ်း ထိန်းကူပေးနေတာ။ ဘယ်တုန်းက ရှင့်ကို ဆုငွေပေးဖို့ ပါးစပ်ဟဖူးလို့လဲ။”
အဘွားကြီးသည် တုန်လှုပ်လာပြီး၊ မျက်နှာမှာ မျက်မမြင်အတိုင်း ဖြူဖျော့သွားသည်။
"ကျွန်တော်မျိုးမက အသက်ကြီးနေပြီမို့ မှားသွား မေ့သွားတာလည်း ရှိနိုင်တာပေါ့။ ဒါပေမဲ့ အဲ့ဒီ ငွေအိတ်ကတော့ မှားစရာ မရှိဘူး၊ ယဲ့မိန်ရန်ရဲ့ ငွေအိတ် အစစ်ပါ။"
"ဒီလောက် အရေးကြီးတဲ့ ကိစ္စကိုတောင် မင်းက မေ့သွားနိုင်တယ့်ဆိုတော့ တော်တော် အသုံးမကျတာပဲ။ မင်ကိုယုံပြီးခိုင်းတဲ့သူက တုံးနေသလားပဲ။" ဝမ်ကျယ်ယွီက စကားဝင်ပြောလိုက်၏။
ရှူးဖေးသည် မထိန်းနိုင်ဘဲ ဝင်ရှည်လိုက်ပြန်သည်။
"အနောက်ဆာင်ကနန်းတွင်းသူတွေအကုန် ဆံထုံး ပုံစံတူ၊ နန်းတွင်းဝတ်စုံ ပုံစံတူ ဝတ်ထားကြတာ။ ပန်ကုန်းတောင် ဂါရဝပြုချိန် အကြိမ်များစွာ တွေ့ဖူးတာတောင် ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ဘူး။ ဒီအဘွားကြီးက ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ။ စကားသုံးလေးခွန်းကလည်း သက်သေအဖြစ် ဘယ်လိုလုံလောက်မှာလဲ။”
"ဒီချန်းချဲ့က မေးခွန်း မေးနေတုန်းပဲရှိပါသေးတယ်။ အခုမှ အစပဲ ရှိသေးတာကို ရှူးဖေး မယ်မယ်ကဒီလောက်အလျင်စလိုဖြစ်နေတာ၊ ကြည့်ရတာချန်းချဲ့အပေါ် အပြစ်ပုံချဖို့ မစောင့်နိုင်တော့ဘူးထင်တယ်။ ဒါမှမဟုတ် မယ်မယ်အခုလို အဘွားကြီးဘက်ကကူပြောပေးနေတာ မဟုတ်မှလွဲရောချန်းချဲ့ကို မယ်မယ်ကပဲ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။" ယဲ့ယွင်သည် ထက်မြက်သော အကြည့်များဖြင့် မကြောက်မရွံ လေသံမာမာဖြင့် ပြောလိုက်လေသည်။
ရှူးဖေးသည် အသက်ရှူ မှားသွားသည်။
" ယဲ့ယွင် နင် လူကို သွေးရူးသွေးတန်း မစွပ်စွဲနဲ့။"
"တော်တော့။" နင်ချန်သည် သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။
" ယန်ရှီ (ရှူးဖေး၏ မျိုးရိုး)၊ မင်း နောက်ထပ် စကားထပ်များနေမယ်ဆိုရင် ကျန်း ရှေ့ကနေ ထွက်သွား။"
မျိုးရိုးအမည်ကို တိုက်ရိုက် အခေါ်ခံလိုက်ရသော ရှူးဖေးသည် အတော်ပင်ကြောက်လန့်သွားပြီး၊ မျက်နှာ တောင့်တင်းလျက် နောက်သို့ဆုတ်သွားခဲ့၏။
နင်ချန်၏ လှုပ်ရှားမှုကြောင့်၊ မူလက ဝင်ရောက် စကားပြောချင်နေသော ကိုယ်လုပ်တော်များအားလုံး စိတ်ကို ရုပ်သိမ်းလိုက်ကြပြီး မိမိတို့ဆီဒေါသ လာရောက်ထိမှန်မည်ကိုသာ စိုးရိမ်နေကြ၏။
ထိုအချိန်တွင် ယဲ့ယွင်သည် အဘွားကြီးဘက်သို့ နောက်တစ်ကြိမ် လှည့်လိုက်သည်။
"ဒါဆို တို့ ဒုတိယ မေးခွန်းကို ထပ်မေးမယ်။ မင်းက အဲ့ 'ကတိုး' ကို အပြင်ကနေ ယူလာတယ်လို့ ပြောတယ်နော်။ အဲ့ပစ္စည်းက ဘယ်နေရာမှာမဆိုရှိတာမဟုတ်ဘူး။ဆေးဆိုင်ကြီးတွေ၊ အမွှေးအကြိုင်ဆိုင်တွေ ဒါမှမဟုတ် မှောင်ခိုဈေးကွက်ထဲမှာပဲ တွေ့ရတာများတယ်။ ပြီးတော့ မြို့တော်မှာ အဲ့လိုနေရာမျိုးကလက်ချိုး ရေလိုတောင်ရတယ်။ ပြောစမ်း၊ အဲ့ပစ္စည်းတွေကို ဘယ်ကနေရလာတာလဲ၊ ဘယ်လောက်ဝယ်ခဲ့တာလဲ၊ ငွေ ဘယ်လောက် သုံးခဲ့လဲ။"
အဘွားကြီးသည် ယဲ့ယွင်၏ ပုစိတိုက်မေးမြန်းမှုကြောင်ါ စိတ်လှုပ်ရှားလာပြီး၊ မပီမသဖြင့် စကားပင်မပြောနိုင်ဖြစ်သွား၏။
"ဘာလဲ၊ မေ့သွားပြန်ပြီလား။" ယဲ့ယွင်သည် အေးစက်စွာ ရယ်မောလိုက်သည်။
"ဒါမှမဟုတ် ဒီပစ္စည်းကို တခြားတစ်
ယောက်ကို ဝယ်ခိုင်းခဲ့တာလား။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်မျိုးမက လူကြုံ ဝယ်ခိုင်းလိုက်တာ။ ဘယ်နေရာမှာ သူသွားဝယ်ခဲ့တာလဲတော့ မသိဘူး၊ ကျွန်တော်မျိုးမက လူကြုံကို ငွေ၁၀စပေးပြီး ဝယ်ခိုင်းလိုက်တာ။ ငွေ အများကြီး သုံးခဲ့ရတယ်..."
အဘွားကြီးသည် ပြောလိုက်ပြီးမှ သူမကိုယ်သူမ ထောင်ချောက်ထဲသို့ ဝင်ရောက်သွားမှန်း သိလိုက်ရပြီး နောင်တရလွန်း၍ လျှာကိုက်ပစ်ချင်စိတ် ပေါက်သွား၏။
သို့သော် ယဲ့ယွင်သည် သူမအား အခွင့်အရေး အနည်းငယ်မျှ မပေးဘဲ၊ ထပ်မံ၍ အတင်းအကျပ် မေးလိုက်သည်။
"ဘယ်သူ့ကို လူကြုံခိုင်းခဲ့တာလဲ။ မျိုးရိုးနာမည် ဘယ်သူလဲ၊ သူက ဒီပစ္စည်းကို ဘယ်နေရာမှာ သွားဝယ်ခဲ့တာလဲ။ မင်းက အဲ့တာကိုအကြောင်းစုံ မပြောနိုင်ဘူးဆိုရင်၊ ဒါမှမဟုတ် ပြောတာက စစ်ဆေးတွေ့ရှိတာနဲ့ မတူဘူးဆိုရင်၊ မင်းလိုအဘွားကြီးအတွက် မကောင်းဘူးနော် သေချာ စဉ်းစားဦး။"
"ယဲ့မိန်ရန်၊ မိန်ရန် ဝန်ခံလိုက်ပါတော့၊ ကျွန်တော်မျိုးမကို သေအောင် တွန်းပို့ရင်တောင် မိန်ရန်က တော်ဝင်မျိုးဆက်ကို ကြံစည်ခဲ့တဲ့ အမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။"
အဖြေ မပေးနိုင်သော အဘွားကြီးသည် ရုတ်တရက် အားကုန်သုံး၍ ရုန်းကန်လိုက်ပြီး သူမအား ထိန်းချုပ်ထားသော မိန်းမစိုးနှစ်ဦး၏လက်မှ လွတ်မြောက်သွားကာ ယဲ့ယွင်၏ကိုယ်ပေါ်သို့ ဦးခေါင်းဖြင့် ဝင်တိုက်လေသည်။
ယဲ့ယွင်သည် ရှောင်တိမ်းချိန် မရလိုက်ဘဲ လဲကျသွားရာ၊ နေရာတစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားပြီး၊ ထိုအဘွားကြီးသည်လည်း လျင်မြန်စွာ ပြန်ထကာ နောက်ဘက်မှ တိုင်လုံးဆီသို့ ပြေး၍ဝင်တိုက်လေသည်။
ဟွေယွဲ့သည် မျက်စိလျှင်မြန်သူဖြစ်သဖြင့် အသက်ကို ပဓာနမထားဘဲ လူကို လျင်
ပြန်စွာ ဖမ်းယူပွေ့ဖက်လိုက်ရာ၊ နှစ်ဦးသား အတူတကွ မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ အကြိမ်အနည်းငယ် လိမ့်သွားကြသည်။ နောက်ဘက်မှ မိန်းမစိုး နှစ်ဦးသည် အလျင်အမြန် ရှေ့တိုးလာကာ အဘွားကြီးကို နောက်တစ်ကြိမ် ပြန်လည်ဖိချုပ်ထားလိုက်၏။
ကိစ္စများ ဒီအခြေအနေသို့ ရောက်ရှိလာသောအခါ၊ နေရာတွင်ရှိနေသောလူတိုင်းသည် ယဲ့ယွင်ချောက်ချခံရမှန်း သိရှိလိုက်ကြပြီဖြစ်၏၊ အဘွားကြီး၏ ရှေ့စကားနောက်စကား မညီဘဲ၊ ပြောဆိုမှုများမှာ အပေါက်အဖာများစွာဖြင့်သေချာပေါက် ကြံစည်စွပ်စွဲခံရခြင်းဖြစ်သည်။
"ဒီယုတ်မာတဲ့ အစေခံကို ခုချက်ချင်းဆွဲခေါ်သွားစမ်း။ တော်ဝင်မျိုးဆက်ကို ကြံစည်တဲ့အမှု ကိုယ်လုပ်တော်ကို အပြစ်ပုံချပြီး စွပ်စွဲတဲ့အမှု၊ အဲ့အပြစ်တွေနဲ့တင်သေဒဏ်ပေးလို့ရနေပြီ၊ ကျန်းအတွက် ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး ကောင်းကောင်း စစ်ဆေးမေးမြန်း။”
နင်ချန်သည် ခပ်တိုးတိုး မာန်မဲလိုက်ရာ မျက်ဝန်းအိမ်များမှာ ကြောက်မက်ဖွယ်ရာ နက်မှောင်နေ၏။
ယွမ်ကျိုသည် အမိန့်ကိုလက်ခံလိုက်ပြီးနောက်အဘွားကြီး လျှာကိုက် သေကြောင်းကြံခြင်းမှ ကာကွယ်ရန်၊ သူမ၏မေးရိုးကိုပင် ဖြုတ်ချလိုက်ပြီးမှ လူကို ဆွဲထုတ်သွားလေသည်။
ချက်ချင်းလက်ငင်းပင် အတွင်းဆောင်သည်တိတ်ဆိတ်သွား၏။ ယဲ့ယွင်သည် ခုနက အတိုက်ခံလိုက်ရသည်မှာ ပြင်းထန်လွန်းသဖြင့် နန်ကျစ်နှင့် ဟွေယွဲ့တို့က တစ်ဖက်တစ်ချက်စီမှ ထိန်းတွဲထားရပြီး အနည်းငယ်မူးဝေနေခဲ့သည်။
မိဖုရားခေါင်ကြီးသည် အလျင်အမြန် ပြောလိုက်သည်။
"မြန်မြန် ယဲ့မိန်ရန်ကိုကူညီပေးလိုက်ကြ၊ ဒီတစ်ခါ မတရား စွပ်စွဲခံလိုက်ရတာအတွက် ပန်းကုန်းမင်းကို နစ်နာစေမိပြီ။"
"နစ်နာတယ်လို့ ခေါင်းစဉ်တပ်ဖို့ မခံယူဝံ့ပါဘူး။ ဒီချန်းချဲ့က မကျေမနပ် ဖြစ်တာပါ။ ချန်းချဲ့က မောက်မာပြီးဘဝင်မြင့်နေတယ်လို့မယ်မယ်တို့ အားလုံးထင်ရင်မှန်ပါတယ်။ ဒါပေမဲ့ ချန်းချဲ့က အပြစ်မရှိပဲစေ့လောက်တောင်မရှိတဲ့ သန္ဒေသားကို သတ်ပစ်ရလောက်တဲ့အထိ မိုက်မဲတဲ့ လူစားမျိုး မဟုတ်ပါဘူး။ အမှန်တော့ ချန်းချဲ့ဒီနန်းတော်ထဲ ဝင်လာတာ လပိုင်းလေးပဲ ရှိသေးတယ်။ ရှေ့တုန်းကလည်းတစ်ခါ၊ အခုလည်းတစ်ခါ တော်ဝင်မျိုးဆက်တစ်ခုခုဖြစ်တိုင်း ကြံစည်တဲ့သူက လူတွေအားလုံးထဲမှာမှဒီချန်းချဲ့ပဲ အမြဲအပြစ်တွေကိုခေါင်းခံရတယ်။ အနောက်ဆောင်က မယ်မယ်တို့အားလုံး ကျွန်မ ယဲ့ယွင်မှာ အဖေ မရှိတော့တာနဲ့ ပျော့ညံ့ပြီး အနိုင်ကျင့်လို့လွယ်တယ်လို့ ထင်နေကြတာလား။ အဲ့တာကြောင့်တစ်ခုခုဆိုတိုင်း ချန်းချဲ့ကိုပဲစစ်ဆေးပြီး ချန်းချဲ့ကိုပဲ သံသယဝင်နေကြတာလား။”
ယဲ့ယွင်သည် နေမကောင်းနေ၍ ထိခိုက်
ခံစားလွယ်နေပြီး ရင်ထဲတွင်မျိုသိပ်ထားခဲ့ရသော နာကျဉ်းမှုများကို မမျိုသိပ်ထားနိုင်တော့ပေ။ ထို့အပြင် ဆုံးပါးသွားသောဖခင်ဖြစ်သူအကြောင်းတွေးမိလိုက်တာနှင့် အမှန်တကယ်ပင် မတရားခံရသောခံစားချက်များလှိမ့်တက်လာပြီး မျက်ဝန်းထဲတွင် မျက်ရည်များကို အားတင်း ထိန်းထားလျက် နင်ချန်ကို တည့်တည့်မတ်မတ် စိုက်ကြည့်နေ၏။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့ရဲ့ဖခင်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့တယ်။ ချန်းချဲ့အဖေရဲ့ ဦးနှောက်ထဲမှာ တစ်သက်လုံး တိုင်းပြည်ကိုသစ္စာရှိဖို့နဲ့ ပြည်သူတွေကိုဆင်းရဲဒုက္ခကနေလွတ်ကင်းဖို့ပဲ အမြဲတွေးနေခဲ့တာ။ ချန်းချဲ့က အဖေဖြစ်သူရဲ့ ခြေဖျားကိုတောင် မမီနိုင်ဘူး ဆိုပေမဲ့ အခုချိန်ထိ အဖေဖြစ်သူရဲ့ ဆုံးမစကားတွေကိုတော့ ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ ဒီနေ့ ဒီအချိန် ချန်းချဲ့ကို လူတစ်ယောက်က ဓားနဲ့ လည်ပင်းကို ထောက်ထားရင်တောင် ကောင်းကင်ဘုံကို ထိခိုက်စေမယ့် ကိစ္စ၊ အရှင်မင်းကြီးကို ထိခိုက်စေမယ့် ကိစ္စမျိုးကို လုံးဝ လုပ်ဆောင်မှာ မဟုတ်ပါဘူး။"
"ယဲ့မိန်ရန် ဒီတစ်ခါ ကျန်း မှားတာပါ။ မင်းအပေါ်မှာ ကျန်းနောက်တစ်ခါသံသယမရှိခဲ့သင့်ဘူး။ မင်း…..နစ်နာသွားရပြီ။"
နင်ချန်၏အသံသည် နိမ့်ကျနေပြီး၊ မျက်လုံးထဲမှခံစားချက်များမှာ အလွန်ရှုပ်ထွေးနေသည်။ အပြစ်ရှိသလို ခံစားချက် အနည်းငယ် ရှိနေပြီး၊ အခြားသောခံစားချက်များစွာ ရောထွေးနေကော လူကို ခန့်မှန်းရခက်စေ၏။
" ယဲ့မိန်ရန် လူက ပွင့်လင်းဖြောင့်မတ်တယ်။ ရုပ်ရည်ကလည်း ချောမောလှပတယ်။ နေဝင်ဆည်းဆာလို တောက်ပပြီး ကျောက်စိမ်းလို ကြည်လင်တယ်။ ကျန်း မင်းကို 'မင်' (明 - အလင်း) ဆိုတဲ့ ဘွဲ့အမည်ကို ချီးမြှင့်လိုက်မယ်။"
ယဲ့ယွင်သည် ထိုစကားကြောင့် ပျော်ရွှင်ခြင်းမရှိခဲ့ပေ။ မျက်လွှာကို အနည်းငယ် ချလိုက်ရာ ထိန်းထားရသောမျက်ရည်ကြည်တစ်စက်ကျဆင်းလာပြီး၊ ဖြူဖွေးနူးညံ့သော မေးစေ့ကို ဖြတ်သန်းကာမြေပြင်ပေါ်သို့ ကျသွားခဲ့သည်၊
ထိုမြင်ကွင်းမှာ နင်ချန်၏မျက်လုံးထဲတွင် အနှေးပြကွက်ကဲ့သို့ မြင်တွေ့ခဲ့ရပြီး၊ သူ့၏ နှလုံးသားကို မူမမှန်စွာနာကျင်
တင်းကျပ်သွားစေပြီး၊ အင်္ကျီလက်ထဲမှ လက်သည်လည်း မထိန်းနိုင်ဘဲ အနည်းငယ် ပို၍ ဖိညှစ်မိသွား၏။
မိဖုရားခေါင်ကြီးသည် ဧကရာဇ်ကိုစောင့်ကြည့်နေ၍ မျက်ဝန်းထဲမှ ထူးခြားသော အရောင်ကို ဖုံးကွယ်လိုက်ပြီး၊ အလျင်အမြန် ပြုံးလျက် အခြေအနေကို ဝင်ထိန်းသည်။
" 'မင်' (အလင်း) ဆိုတဲ့ ဘွဲ့အမည်က တကယ်ကို ကောင်းတဲ့နာမည်ပါပဲ။"
"ဟုတ်သားပဲ၊ 'မင်မိန်ရန်' ကို ဂုဏ်ယူပါတယ်။" ဝမ်ကျယ်ယွီသည်လည်းသူမ၏ဝမ်းဗိုက်ကို ထိန်းထားရင်း ပြုံးလျက် ဆို၏။
"ဒီချန်းချဲ့ အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။"
ယဲ့ယွင်သည် ခေါင်းငုံ့ထားလျက် ကိုယ်ကိုညွှတ်ကာ အရိုအသေပေးလိုက်ရာ၊ ဒဏ်ရာရနေသော ကြောင်ကလေးတစ်ကောင်နှင့် တူလျက်၊ အသံသည်လည်း အားအင်
ကုန်ခန်းနေကော ပျော်ရွှင်ခြင်းအရိပ်
ယောင်မရှိခဲ့ပေ။
ကိစ္စတစ်ခုပြီးဆုံးသွားပြီးနောက် လူတိုင်း စိတ်သက်သာရာရသွားသည့် အချိန်မှာပင် ကျင်းဖေး သည် ရုတ်တရက် စကားစလာလေ၏။
"ယီဝမ်ရုန်က ကိုယ်ဝန် နှစ်လနီးပါးရှိပြီလို့လည်းပြောတယ်။ ဘယ်လိုနမော်နမဲ့နိုင်
လွန်းလို့ နည်းနည်းလေးတောင် ကိုယ့်ကိုကိုယ်မသိလိုက်ရတာလဲ။ ရုတ်တရက် ဒီလိုကိစ္စမျိုး ဖြစ်သွားတော့ တကယ်ပဲ ဂုဏ်ပြုစကား မဆိုရသေးခင် ကံကောင်းခြင်းတွေ ပျောက်ဆုံးသွားတာပဲ။ ဒီ 'ထုံရှီ' (ယိဝမ်ရုန်) က တော်တော်လေး ပေါ့ဆလွန်းတာပဲ။ မိဖုရားခေါင်ကြီးကို သိအောင် ပြောပြထားပြီး သေချာလေး ဂရုစိုက်ထားရင် ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာနိုင်မှာလဲ။"
ဤစကား ထွက်လာသည်နှင့် မိဖုရားခေါင်ကြီး၏မျက်နှာထားသည် သိပ်မကောင်းတော့ပေ။ မောင်းမဆောင်မှ အမျိုးသမီးများဧကရာဇ်နှင့် အတူတကွ ညအိပ်ခြင်းနှင့် ဓမ္မတာလာသည့် အချိန်များကို သေသေချာချာ မှတ်တမ်းတင်ထား၍ လစဉ် မိဖုရားခေါင်ကြီးထံသို့ စစ်ဆေးရန် ပေးအပ်ရ၏။ သို့သော် ယိဝမ်ရုန်၏ကိစ္စကိုမူ မည်သူမျှမသိရှိလိုက်ခြင်းမှာ မိဖုရားခေါင်ကြီး၏ တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်၏။
"အရှင်မင်းကြီး၊ ဒီကိစ္စက ချန်းချဲ့မှာ တကယ်ပဲ တာဝန် ရှိပါတယ်။ အရှင်မင်းကြီးကို ချန်းချဲ့ အပြစ်ကို ပြန်လည်ကုစားခွင့် အခွင့်အရေးတစ်ခု ပေးသနားဖို့ မျှော်လင့်ပါတယ်။ ဒီချန်းချဲ့က ကိစ္စကိုရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းပြီးတရားခံ အစစ်အမှန်ကို ရှာဖွေပြီး ယိဝမ်ရုန်ကို ဖြေရှင်းချက်တစ်ခုပေးနိုင်ဖို့ အခွင့်အရေးပေးဖို့တောင်းဆိုပါတယ်။" မိဖုရားခေါင်ကြီးသည် ချက်ချင်း ထရပ်လိုက်၍ သွယ်ဝိုက်တောင်းပန်လိုက်ပေသည်။
နင်ချန်သည် သူမကို တစ်ချက် ကြည့်
လိုက်သည်။ ယခုဖြစ်သွားသောကိစ္စအပေါ်တွင် တကယ်ပင် မိဖုရားခေါင်ကြီးအပေါ် အနည်းငယ် စိတ်ပျက်သွားခဲ့၏။ မည်သို့ပင်ဖြစ်စေ ယိဝမ်ရုန်သည် အရေးကြီးသော လူတစ်ယောက် ဖြစ်ပြီး၊ သူမ ကလေး ဆုံးရှုံးသွားရာ၊ ဝူမိသားစုကို ဖြေရှင်းချက်တစ်ခု မပေးပါက ပြောဆိုရန် ခက်ခဲလှ၏။
"ဒါဆို ဒီကိစ္စကို မင်းကိုပဲ အပ်လိုက်ပြီ။ နောက်ထပ် ဘာအမှားအယွင်းမှ မဖြစ်စေနဲ့တော့။"
"ဒီချန်းချဲ့ အမိန့်တော်ကို နာခံပါတယ်။"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-54
အခန်း ၅၄ ။ မသက်မသာဖြစ်ခြင်း
လူတိုင်း ဖုန်းရှီးနန်းဆောင် မှ ထွက်ခွာခဲ့ကြ၏။
ယဲ့ယွင်သည် မူလကတည်းက နေမကောင်းဖြစ်နေရာ အားတင်း၍ စိတ်ကိုတည်ငြိမ်အောင် ထားပြီး ဖိအားများလွန်းလှသောအခြေအနေတစ်ရပ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် ထပ်မံအကောက်ကြံ အတိုက်ခံလိုက်ရသေးရာ အဝေးကြီးမလျှောက်ရသေးမီမှာပင် မျက်စိထဲတွင် မှောင်မည်းသွားပြီး သတိလစ်လဲကျသွားခဲ့ပေသည်။
"မိန်ရန်၊ မိန်ရန် ဘယ်လိုဖြစ်တာလဲ။" အစေခံမလေး နှစ်ဦးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ရှေ့ဘက်မှ ဝမ်ကျယ်ယွီသည် အဝေးကြီး မရောက်သေးသဖြင့် အလျင်အမြန် သူမ၏ဘေးမှ အမှုထမ်း နှစ်ဦးအားလည်း သွားရောက်ကူညီ ထူမပေးရန် ခေါ်လိုက်၏။
"ဘယ်လိုဖြစ်တာလဲ။"
လှုပ်ရှားသံများကို ကြားသောအခါ နင်ချန်သည် ဟွေ့အန်းအား သွားကြည့်ရန် စေလွှတ်လိုက်ရာ၊ ယဲ့ယွင် လဲကျသတိလစ်သွားသည်ကို မြင်သည်နှင့် ဟွေ့အန်းသည် အလွန်ထိတ်လန့်သွားပြီး အလျင်အမြန် ပြန်ပြေး၍ သတင်းပို့လေသည်။
မကြာမီတွင် နင်ချန်သည် ရောက်ရှိလာခဲ့ပြီး ဖြူဖျော့နေသောမျက်နှာလေးဖြင့် မိန်းမငယ်လေးအား ကြည့်ရင်း၊ ယခင်နေ့များကဲ့သို့ အသက်ဝင်လှသောမိန်းမပျိုလေးပျောက်ဆုံးနေသည်ကိုတွေ့ရသောအခါ၊ ချက်ချင်းပင် စိတ်ထဲတွင် မသက်မသာခံစားလိုက်ရသည်။
မည်သည့်အရာကိုမှတွေးမနေပဲ နင်ချန်သည် ယဲ့ယွင်အား တစ်ချက်တည်း ပွေ့ချီလိုက်ပြီး ယွီရှို့အဆောင်ရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
နောက်ဘက်တွင် အဝေးကြီး မရောက်သေးသော ကိုယ်လုပ်တော် အနည်းငယ်တို့သည် နင်ချန်၏ အလျင်စလိုနိုင်သောမြင်ကွင်းကိုမျက်မြင် တွေ့မြင်လိုက်ကြရာ အလွန်ပင် ခံစားချက်မကောင်းကြတော့ပေ။
"ယန်ရှိုးရီက အဲ့မှာ ဘာကို စောင့်နေသေးတာလဲ။ နောင်ကျရင် မင်းလည်း တစ်ခါလောက် သတိလစ်လဲကျပြလိုက်လေ။ အရှင်မင်းကြီးကလည်း ယဲ့ယွင်လိုပဲ မင်းကိုလည်းပွေ့ချီပြီး ဟန်လုရွှမ်(ယန်ရှိုးရီ၏အဆောင်)ကို ပြန်ပို့မပေးလောက်လို့ ဘယ်သူပြောနိုင်မှာမို့လဲ။"
ကျင်းဖေး၏ဝေါယာဉ် ဖြတ်သန်းသွားစဉ်၊ အမြင့်မှနေ၍ သူမအား ကြည့်လျက်ဆို၏။ ယန်ရှိုးရီ ပါးစပ် မဖွင့်မီမှာပင်၊ ရုတ်တရက် လှောင်ရယ်သံတစ်ချက် ပြုလိုက်သည်။
"အိုး၊ ပန်ကုန်း မေ့သွားတယ်။ အခုက အတိတ်ကလို မဟုတ်တော့ဘူး။ ယန်ရှိုးရီမှာ ဒီအခွင့်အရေး မရှိတော့ဘူး ထင်တယ်။ သွားစို့၊ ပန်ကုန်းကတော့ ဒီနေရာမှာ အဲ့ဒီ နေ့ခင်းကြောင်တောင် အိပ်မက်တွေ မမက်နေဘူး၊ ရှက်ဖို့ကောင်းလွန်းတယ်။”
ယန်ရှိုးရီသည် ထိုဝေါယာဉ် ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲမှ နာကျင်လာခဲ့၏။
ယိချွမ်းသည် အလျင်အမြန် ဖျောင်းဖျသည်။
"မယ်မယ် စိတ်မဆိုးပါနဲ့၊ ကျင်းဖေးက
ကလေးမွေးစားတဲ့ကိစ္စ လွဲချော်သွားလို့တမင်တကာ မယ်မယ့်ကို လာပြီး စကားနဲ့စနောက်တာပါ။ တကယ်လို့ မယ်မယ်က တကယ် ဒေါသထွက်သွားခဲ့ရင် အဲ့ဒါက သူ့ဆန္ဒအတိုင်း ဖြစ်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မယ်မယ့်မှာ အခု မျှော်လင့်စရာ ရှိနေပြီ။ သူကတော့ ဘာတစ်ခုမှ မရလိုက်ဘူးလေ။"
"ဟမ့်၊ ကိုယ့်ဗိုက်ထဲ ခြောက်လသားရောက်နေတဲ့ ကလေးကိုတောင် မကာကွယ်နိုင်တာကို လာပြီးမာန်တက်ပြနေတယ်။ သူကမှ အရည်အချင်းလည်းမရှိကံကောင်းခြင်းလည်းမရှိတဲ့သူမျိုးပဲ။”
ယန်ရှိုးရီသည် အေးစက်စွာ နှာမှုတ်လိုက်၏။ ခေါင်းလှည့်ကာ သန်းရော့အား ထပ်မံ မှာကြားလိုက်သည်။
"နင် ရှချိုက်ရန်ကို သွားခေါ်လိုက်။ ဟန်လုရွှမ်ကို လာခိုင်း၊ ပန်ကုန်း သူ့ကို ပြောစရာ စကား ရှိသေးတယ်။"
ယခု ယိဝမ်ရုန်၏ အကြောင်းပြချက်မရှိ ကိုယ်ဝန်ပျက်ကျသည့်ကိစ္စ ထွက်ပေါ်လာသဖြင့် သူမသည်လည်း သတိမထားဘဲ မနေနိုင်တော့ပေ။ ရှချိုက်ရန်မှာ အရေးမကြီးသော်လည်း၊ ရှချိုက်ရန်၏ဝမ်းထဲမှကလေးမှာမူ သူမအား ပေးအပ်မွေးမြူစေရန်ဖြစ်ရာ၊ အနည်းငယ်တော့ ကြည့်ရှုစောင့်ရှောက်ခြင်းလုပ်ရမည်ဖြစ်သည်။
ထိုအချိန် ယွီရှို့အဆောင်ထဲတွင်၊ နင်ချန်သည် သမားတော်ကြီးအား ခေါ်ယူ၍ သွေးခုန်နှုန်း စမ်းသပ်စေ၏။ သမားတော်ကြီးပြောကြားသည်မှာ အအေးမိခြင်းမှာ မူလကတည်းက ပြင်းထန်ပြီး၊ နာမကျန်းဖြစ်နေစဉ်တွင် စိတ်အင်အား၊ လူအင်အားအကုန် သုံးစွဲလိုက်ရသည့်အတွက် စိတ်နှလုံး မတည်မငြိမ် ဖြစ်သည့်အပြင်၊ တစ်ကြိမ် ချော်လဲကျခဲ့ပြီး၊ တိုက်မိသည်မှာလည်း မပေါ့ပါးသည့်အပြင် အားပါလှသဖြင့် ခန္ဓာကိုယ်က ဒဏ်မျိုးစုံကို လက်မခံနိုင်တော့ပဲသတိလစ်သွားရခြင်း ဖြစ်ကြောင်းထောက်ပြခဲ့သည်။
သို့သော် ကံကောင်းသည်မှာ ယဲ့ယွင်၏ ခန္ဓာကိုယ်အခြေခံမှာ မဆိုးလှဘဲ၊ ဆေး အနည်းငယ် သောက်သုံးပြီး၊ လဝက်ခန့် အနားယူလိုက်ပါက ကောင်းမွန်သွားမည်ဖြစ်ကြောင်းပါ လျှောက်တင်ခဲ့သည်။
ကံဆိုးသည်မှာ ယဲ့ယွင်၏ ခါးနှင့် လက်မောင်းများတွင် အညိုအမည်းစွဲ ဒဏ်ရာ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။ သူမသည် မူလကတည်းက အသားအရေ နုပြီး ဖြူသူဖြစ်သဖြင့် အညိုမဲစွဲနေသည်များကို ကြည့်ရသည်မှာအလွန် ပြင်းထန်
သကဲ့သို့ ထင်ရ၏။
ယခင်ကဲ့သို့ ပြန်ဖြစ်ရန်သမားတော်ကြီးက နေ့စဉ် ဆေးလိမ်းကျံပြီး တစ်လကျော်ခန့် အနားယူမှသာရမည်ဟု ပြောလေသည်။
" ယွမ်ကျို၊ ဒီနှစ်က အေးတာ နည်းနည်း စောသလိုပဲ။ မင်း နန်းတွင်းရေးရာဌာနကို 'ငွေမျှင်' မီးသွေး တစ်တောင်း လာပို့ခိုင်းလိုက်။ မင်မိန်ရန် (ယဲ့ယွင်) က အအေးမိနေတာ။ အခန်းက မနွေးထွေးရင် နာလန်ထဖို့ မကောင်းဘူး။ စားဖိုဆောင်ဘက်ကိုလည်း ထပ်မှာထားလိုက်၊ ဒီရက်ပိုင်း အစားအသောက်ကို အထူးတလည်ယဲ့ယွင်တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့။”
နင်ချန်သည် မှာကြားလိုက်ပြီး၊ ခေတ္တမျှ စဉ်းစားကာ နန်ကျစ်နှင့် ဟွေယွဲ့တို့ဘက်သို့ လှည့်၍ ဆိုလိုက်၏
"မင်းတို့ သခင်မအတွက် လိုအပ်တာ တစ်ခုခု ရှိရင် လူလွှတ်ပြီး ယွမ်ကျိုကို လာပြောခိုင်းလိုက်။ မင်းတို့သခင်မရဲ့ရောဂါကိုသေသေချာချာ ပျောက်ကင်းအောင် ပြုစုရမယ်။"
သမားတော်ကြီးဘက်တွင်လည်း ပြောစရာများရှိရာ၊ ဆေးကောင်းများကို မဖြစ်မနေ အသုံးပြုရန် မှာကြားပြီး၊ ဆောင်းရာသီသည် မူလကတည်းက နာလန်ထရန် မကောင်းမွန်ဘဲ၊ တရုတ်ဆေးဝါး၏ အာနိသင်ပြသည်မှာ နှေးကွေးသဖြင့် ပို၍ စိတ်ရှည်ရမည် ဖြစ်ကြောင်း ထပ်မံမှာကြားခဲ့ပေသည်။ အားလုံးစီစဉ်ပြီးစီးသွားပြီးနောက်နင်ချန်သည် နာရီဝက်ခန့် ထိုင်နေသော်လည်း ယဲ့ယွင် နိုးထလာမည့် အရိပ်အယောင် မတွေ့ခဲ့ရပေ။
ထိုအချိန်တွင် ယိဝမ်ရုန် နိုးထလာပြီဖြစ်ကြောင်း လူ လာရောက် သတင်းပို့သဖြင့် နင်ချန်သည် ထရပ်ကာ ယိဝမ်ရုန်ထံသို့ ဦးစွာ သွားကြည့်လေသည်။
...
ယင်ယန့်အဆောင်
ယိဝမ်ရုန်သည် နှစ်ကြိမ်တိုင်အောင် ငိုကြွေးခဲ့ပြီး ဖြစ်ရာ၊ မျက်လုံးနှစ်ဖက်မှာ မီးပုံးကဲ့သို့ ဖောင်းကားနေပြီး၊ မျက်ဝန်းများမှာသွေးကြောများဖြင့် ပြည့်နှက်နေ၏။
သူမသည် ကိုယ်ဝန်ပျက်ကျခါစ ဖြစ်သဖြင့်၊ ချီနှင့် သွေး နှစ်မျိုးလုံး ဆုံးရှုံးကာ၊ မျက်နှာနှင့် နှုတ်ခမ်းများတွင် သွေးရောင် လုံးဝမရှိသလောက်ဖြစ်နေပြီး အလွန်ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ထင်ရ၏။
နင်ချန် လာရောက်သည်ဟု ကြားသောအခါ၊ ယိဝမ်ရုန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ စောင်ကို လှန်ဖယ်လိုက်ပြီး၊ ဆံပင်များ ဖရိုဖရဲဖြင့် ပါးလွှာသော ညဝတ်အိပ်ယာဝတ်စုံကို ဝတ်ဆင်လျက် ခြေဗလာဖြင့် ပြေးထွက်လာကာ နင်ချန်၏ရင်ခွင်ထဲသို့ တစ်ချက်တည်း ပစ်ဝင်လိုက်၏။
"အရှင်မင်းကြီး အရှင်မင်းကြီး ဒီချန်းချဲ့အတွက် တရားမျှတမှုကို ရှာဖွေပေးပါဦး အရှင်မင်းကြီး၊ ဒီချန်းချဲ့ရဲ့ ကလေး... ဟင့်...ဟင့်... ဒီချန်းချဲ့ရဲ့ ကလေး မရှိတော့ဘူး... ဟင့်...ဟင့်..."
နင်ချန်သည် လက်လှမ်းကာ သူမ၏ကျောပြင်ကို ဖွဖွ ပုတ်ပေးပြီး၊ ခပ်တိုးတိုး နှစ်သိမ့်လိုက်သည်။
"ကလေးက မရှိတော့ဘူး၊ ဒါပေမဲ့ မင်းက ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရဦးမယ်။ အခုလို ဆောင်းရာသီမှာ ဘယ်လိုလုပ်ပြီးအအေးမိခံလို့ ဖြစ်မှာလဲ။ ကျန်းသေချာပေါက် မင်းအတွက် တရားမျှတမှုကို ရှာဖွေပေးမှာပါ။"
ဤအချိန်တွင် အတွင်းဘက်မှ ယွင်ရှီး နှင့် ယွင်ရှို့ အစေခံမလေး နှစ်ဦး ထွက်လာခဲ့ရာ၊ နင်ချန်သည် သူတို့အား ယိဝမ်ရုန်ကို ဦးစွာ ခုတင်ပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားရန် အချက်ပြလိုက်၏။
အစေခံမလေး နှစ်ဦးသည် မိမိတို့၏ သခင်မ ယခုအချိန်တွင် အပြင်အဆင် မသပ်ရပ်သည်ကို သိရှိသဖြင့်အလျင်အမြန်ပင် တစ်ဦးက ရေနွေးယူလာ၍ မျက်နှာသုတ်ပေးပြီး၊ တစ်ဦးက လက်ဖက်ရည် ငှဲ့၍ လည်ချောင်း စိုစွတ်စေရာ၊ ထိုအခါမှ ယိဝမ်ရုန်သည် အနည်းငယ် ပြန်လည်ကောင်းမွန်လာသကဲ့သို့ ထင်ရ၏။
"အရှင်မင်းကြီး၊ ချန်းချဲ့ အခန်းထဲက ချိုးဟိုင်ထန်ပန်းကို လူတစ်ယောက်က မကောင်းကြံသွားတယ်။ အစေခံမလေးတွေ ပြောတဲ့ စကားအရယဲ့မိန်ရန်နဲ့ ပတ်သက်
ဆက်နွှယ်မှု ရှိတယ် ထင်တယ်..."
ယိဝမ်ရုန်သည် နင်ချန်အား စမ်းသပ်သည့်အနေဖြင့် ဆိုလိုက်၏။
အမှန်တော့ သူမ နိုးထလာသည့် အချိန်ကတည်းက ဖုန်းရှီးနန်းဆောင်မှ ကိစ္စများကို ကြားသိခဲ့ပြီး ဖြစ်၏။
ယဲ့ယွင်က 'မင်' ဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည့်အပြင် ယဲ့ယွင် သတိလစ်လဲကျသွား၍ ဧကရာဇ်၏ပွေ့ချီခြင်းကိုခံရကာ ကိုယ်တိုင်ယွီရှို့အဆောင်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့်ကိစ္စများ အပါအဝင် ဖြစ်၏။
သူမ၏စိတ်ထဲတွင် မုန်းတီးနေ၏။ ဘာကြောင့် သူမက အကြောင်းပြချက်မရှိဘဲ ကလေး ဆုံးရှုံးသွားရပြီး၊ ယဲ့ယွင်ကမူ ဘွဲ့အမည်ရရှိသည့်အပြင် ဧကရာဇ်ကိုယ်တိုင်ကလည်း သူမကိုပင် ဂရုမစိုက်ဘဲ ယဲ့ယွင်ထံသို့ ဦးစွာ သွားရောက် အဖော်ပြုနေရတာလဲ။
သူမ ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် ကိစ္စမဟုတ်သည့်တိုင်၊ ယခုကိစ္စအတွက် တာဝန်ခံနိုင်မည့် အခြားသူ မရှိသဖြင့် သူမသည် မုန်းတီးမှု အားလုံးကို ယဲ့ယွင်၏အပေါ်သို့သာ တိုက်ရိုက်ပုံချလိုက်
တော့သည်။ ထို့ကြောင့် မလွှဲမရှောင်သာ တမင်တကာ ထည့်သွင်းပြောဆိုလိုက်ပြီး၊ နင်ချန်အား ဂုန်းတိုက်လိုက်၏။
"ဒီကိစ္စက တစ်ယောက်ယောက်က သူ့အပေါ် အပြစ်ပုံချ ကြံစည်တာပါ။ မိဖုရားခေါင်ကြီးက လူလွှတ်ပြီး သေချာ စုံစမ်းစစ်ဆေးခိုင်းထားတယ်။ မင်းကို ကျန်းသေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးမှာပါ။"
နင်ချန်သည် နူးညံ့သော အသံဖြင့် ဆိုလိုက်၏။
နင်ချန်ကိုယ်တိုင် ယဲ့ယွင်အား ကာကွယ် ပြောဆိုနေသည်ကို မြင်သောအခါ ယိဝမ်ရုန် သည် စိတ်ထဲတွင် ကြိုတင် စဉ်းစားထားသော စကားများ မည်မျှပင် ရှိစေကာမူ မျိုသိပ်ထားလိုက်ရ၏။
ယဲ့ယွင်အပေါ် ချောက်မချနိုင်မှတော့ အနည်းဆုံး ကိုယ့်အတွက် အကျိုးကျေးဇူး အချို့ကို ကြံစည်ရမည် ဖြစ်ရာ ယိဝမ်ရုန်သည် မျက်လွှာချလိုက်ပြီး မျက်ရည် အစက်အနည်းငယ် ကျဆင်းလာ၏။
"ဒီချန်းချဲ့မှာ ကံကောင်းခြင်း မရှိလို့ ကလေးကို မစောင့်ရှောက်နိုင်ခဲ့ပါဘူး။
အရင်က ကိုယ်ဝန်သုံးလရောက်ပြီး တည်ငြိမ်သွားရင် နှစ်သစ်ကူးတဲ့ အချိန်ကျမှ အရှင်မင်းကြီးကို အသိပေးမလို့ ကြံရွယ်ထားတာပါ။ မထင်မှတ်ဘဲ နောက်ဆုံးတော့ ချန်းချဲ့က တော်ဝင်
မျိုးဆက်ကို ပေါ့ဆပြီးမစောင့်ရှောက်နိုင်ခဲ့လို့ အခုလိုလူယုတ်မာရဲ့တိတ်တဆိတ် ကြံစည်ခြင်းကို ခံလိုက်ရတာပါ။ အရှင်မင်းကြီး ဒီချန်းချဲ့ကို အပြစ်ပေးတော်မူပါ။"
နင်ချန်သည် မသိမသာ မျက်မှောင်ကြုတ်လိုက်၏၊ ဤကိစ္စတွင် သူ့စိတ်ထဲတွင် အမှန်ပင် ယိဝမ်ရုန်ကို အနည်းငယ် အပြစ်တင်ခဲ့သည်။ ယခင်အိမ်တော်တွင် နေထိုင်စဉ်က ကျင်းဖေး၊ လင်ကျယ်ယွီ နှစ်ဦး ကိုယ်ဝန် ပျက်ကျခဲ့ဖူးသည်မှာမှန်သော်လည်း၊ မင်းသမီးကြီး ဘေးကင်းစွာ မွေးဖွားပြီးနောက် နန်းတော်ထဲ ဝင်ရောက်လာသောအခါ၊ ဝမ်ဖေး၊ ဝမ်ကျယ်ယွီ၊ ရှချိုက်ရန် တို့အားလုံး ကောင်းကောင်းမွန်မွန်ရှိနေကြသည်ဖြစ်သည်။
ယိဝမ်ရုန်၏ကိုယ်ဝန်တစ်ခုတည်းသာ ပျက်စီးသွားခဲ့၏။ ထို့အပြင် သူနှင့် မိဖုရားခေါင်ကြီး နှစ်ဦးလုံး ယိဝမ်ရုန် ကိုယ်ဝန်ရှိသည်ကို မသိရှိလိုက်သည့် အခြေအနေတွင် ပျက်စီးသွားခဲ့ခြင်း ဖြစ်၏။ မလွှဲမရှောင်သာ အပြစ်ပြောရလျှင် ယီဝမ်ရုန်ကိုသာ ပြောရမည်ဖြစ်သည်။အကယ်၍ အစောကြီးကတည်းက ထုတ်ဖော် ပြောကြားခဲ့ပါက ကိုယ်ဝန် ပျက်ကျမည် မဟုတ်ပင်။
"မင်းက ငယ်ပါသေးတယ်။ ကလေးက ထပ်ပြီး ရနိုင်မှာပါ။ အခုလောလောဆယ် ကျန်းမာရေး ကောင်းအောင် ပြန်လုပ်တာက အရေးအကြီးဆုံးပဲ။ ဒီတစ်လ မင်း မိဖုရားခေါင်ကြီးဆီ ဂါရဝပြု သွားစရာ မလိုတော့ဘူး။ ကောင်းကောင်း အနားယူနေ၊ ကျန်း မင်းကို မကြာခဏ လာကြည့်မယ်။" နင်ချန်က နှစ်သိမ့်လိုက်၏။
ယိဝမ်ရုန်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း၊ စိတ်ထဲတွင် အလျင်လိုစွာ စောင့်ဆိုင်းနေ၏။ မူလက သူမသည် အကြောင်းပြချက်မရှိဘဲ ကလေး ဆုံးရှုံးသွားရာ၊ ဧကရာဇ်က မည်သို့ပင်ဖြစ်စေ သူမအား ရာထူးတိုးမြှင့်ပေးမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ဧကရာဇ်တွင် ရည်ရွယ်ချက်ရှိပုံ မရပေ။ နင်ချန်သည်လည်း သူမအား ရာထူးတိုးမြှင့်ပေးရန် အကြံအစည် အမှန်ပင် မရှိခဲ့ပေ၊ ဤကိစ္စတွင် ယိဝမ်ရုန်အပေါ်၌ မကျေမနပ်ဖြစ်သောစိတ်သာ ရှိနေ၏။
နောက်ဆုံးတွင် သူမအား နာရီဝက်ကျော်ခန့် အဖော်ပြုပေးပြီး၊ သူမ၏စိတ်အခြေအနေလည်း မကောင်းမွန်သည်ကို မြင်သဖြင့် ဆေးဖက်ဝင်အပင်များ အစရှိသည်တို့ကို တစ်ပုံတစ်ပင် ချီးမြှင့်ပြီးနောက် ထွက်ခွာသွားလေသည်။ ယနေ့ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသဖြင့်၊ နင်ချန်သည်လည်း အလွန် ပင်ပန်းနေခဲ့ပြီး လျှောက်တင်လွှာများကို မစစ်ဆေးချင်တော့ဘဲ နောက်ဆုံးတွင် စဉ်းစားပြီး ဝမ်ဖေး၏နန်းဆောင်သို့ သွားရောက်ခဲ့၏။
ဝမ်ဖေးသည် ဉာဏ်ကောင်းသူတစ်ဦး ဖြစ်ရာ ဧကရာဇ် ကြွလာသည်ကို မြင်ပြီး မျက်နှာရိပ်မျက်နှာကဲကို ကြည့်သည်နှင့် သူ့စိတ်ထဲတွင် မပျော်မရွှင် ဖြစ်နေသည်ကို သိရှိလိုက်ပေသည်။
ထို့ကြောင့် ဘာကိုမှ မမေးမြန်းဘဲ၊ အတူတူ အရေးမကြီးသော စကားများသာပြောဆိုရင်း နင်ချန်အား သူမ ပုံမှန်ပြုလုပ်လေ့ရှိသော လက်ပဝါ၊ ငွေအိတ် အစရှိသော ပစ္စည်းများကို ကြည့်ရှုစေ၏။ ဝမ်ဖေးနှင့်စကားပြောဆိုရသည်မှာ နင်ချန်အား အတော်ပင် သက်သောင့်သက်သာ ဖြစ်စေခဲ့ပြီး၊ နောက်ဆုံးတွင် ညစာ သုံးဆောင်ပြီးနောက် ဘေးနန်းဆောင်ထဲတွင် အိပ်စက်လျက်၊ နှစ်ဦးသား သီးသန့် အနားယူခဲ့ကြ၏။
***