အခန်း (၅၅-၅၆)
Vol. 4 Ch. 55-56
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-55
အခန်း ၅၅ ။ တံခါးပိတ် ငြင်းပယ်ခြင်း
ကောင်းမွန်စွာအိပ်စက်အနားယူခဲ့သော ယဲ့ယွင်သည် နောက်တစ်နေ့ နေ့လယ်ခင်းအထိ အိပ်ပျော်သွားခဲ့ပြီး၊ နိုးထလာသည့်အခါ လူက အတော်ပင် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသော်လည်း အရင်လိုအားအင် များပျောက်ဆုံးနေခဲ့သည်။
လှည့်၍ဆက်လှဲရန် ကြံရွယ်လိုက်စဉ်၊ ခါးမှ အလွန်နာကျင်လာခဲ့ပြန်သည်။ ထိုအခါမှ ယမန်နေ့က ပြင်းထန်စွာ အတိုက်ခံလိုက်ရသည်ကို သတိရသွားခဲ့သည်။
"ဟွေယွဲ့။" ယဲ့ယွင်သည် အသံကွဲခြောက်ခြောက်ဖြင့် တစ်ချက်ခေါ်လိုက်၏။
"မိန်ရန် နိုးလာပြီလား။ ကျွန်တော်မျိုးမက လုကျီ ပါ။ အစ်မဟွေယွဲ့နဲ့ အစ်မနန်ကျစ်တို့က အလှည့်ကျ အကြာကြီး စောင့်ဆိုင်းခဲ့ပြီး၊ အခု အောက်ဆင်းအနားယူဖို့သွားပါတယ်။ ကျွန်တော်မျိုးမ မိန်ရန်ကို ထဖို့ ပြင်ဆင်ပေးရမလား။"
အပြင်ဘက်မှ ဒုတိယတန်းမှနန်းတွင်းသူ၏အသံ ထွက်ပေါ်လာသည်နှင့်ယဲ့ယွင်က ပြန်ပြောလိုက်သည်။
လုကျီသည် ထိုအခါမှ အခန်းထဲသို့ ဝင်ရောက်လာ၏။ ပုံမှန်အားဖြင့် ဒုတိယတန်းမှ အစေခံအနည်းငယ်မှာ အနီးကပ် ပြုစုခွင့်မရှိသလောက်ရှားသည်။ ယဲ့ယွင် အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်သဖြင့် သတိကြီးစွာဖြင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။
ဝတ်ဆင်ဆေးကြောသန့်စင်ပေးပြီးနောက်၊ လုကျီသည်ထပ်ပြောလိုက်သည်။
"မိန်ရန် က ခုမှ နိုးလာတာဆိုတော့ ကျွန်တော်မျိုးမ သမားတော်ကြီးကို လာကြည့်ဖို့ ပင့်ခေါ်လိုက်ပါဦးမယ်။ ဒီအချိန်က ဆေးသောက်ရမယ့် အချိန်လည်း နီးနေပါပြီ။ လုမေ့က ကိုယ်တိုင် ဆေးကျိုနေပါတယ်။ ကျွန်တော်မျိုးမ အစ်မဟွေယွဲ့ ဒါမှမဟုတ် အစ်မနန်ကျစ်ကိုလာပြီး အဖော်ပြုဖို့ ခေါ်လိုက်ရမလား။"
"မလိုတော့ပါဘူး၊ သူတို့ နှစ်ယောက်ကို အနားယူခိုင်းလိုက်ပါ။ လုဟယ်ကို ငါ့ကို ဆံပင် ဖြီးသင်ပေးဖို့ လာခိုင်းလိုက်။"
ယဲ့ယွင်သည် လက်ကာပြလိုက်ပြီး အဆုံးတွင် ထပ်မံ၍၊ "ငါ မှတ်မိတာ မနေ့က ဟွေယွဲ့လည်း ချော်လဲကျသွားတယ်။ ဘာဖြစ်သွားသေးလဲ။ မင်း ခဏနေရင် သမားတော်ရှန်ကို သူ့ကိုပါ ကြည့်ပေးဖို့ခေါ်ခဲ့ဦး။"
လုကျီသည် အမိန့်နာခံလိုက်ပြီး အပြင်ထွက်၍ လုဟယ်ကို ဝင်လာရန် လူလဲလိုက်ကာ သူမကိုယ်တိုင် တော်ဝင်
သမားတော်ဌာနသို့ လူ သွားရှာလေသည်။
ယဲ့ယွင်သည် ယခုအခါတွင် မျက်နှာသာရနေသော ကိုယ်လုပ်တော်သစ်တစ်ဦးဟု သတ်မှတ်နိုင်သဖြင့် တော်ဝင်သမားတော်ဌာနမှ လာရောက်သူမှာ နာမည်ကျော်ကြားသော သမားတော်ကြီးတစ်ဦးဖြစ်ပြီးသမားတော်ရှန်ကိုပါ ခေါ်လာရန် မှာကြားထားသဖြင့် ရှန်ဖိန်ကျစ်သည်လည်း လိုက်ပါလာခဲ့၏။
ကြည့်ရှုပြီးနောက် သမားတော်ကြီးက ယဲ့ယွင်တွင် ကြီးကြီးမားမား ပြဿနာ မရှိသော်လည်း ရောဂါအရှင်းပျောက်ကင်းရန်အချိန်ယူဖို့လိုအပ်သည့်အတွက်
သေသေချာချာ အနားယူရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။
"သမားတော်ကြီးကို ပင်ပန်းစေမိပါပြီ။လက်ဖက်ရည်ဖိုးလေး လက်ခံပေးပါဦး၊ ဒါက ကျွန်မရဲ့ဝဋ်တရားအနည်းငယ်ပါ။ဒါပေမဲ့ သမားတော်ရှန်ကို ခဏလောက်နေခဲ့ဖို့ အနှောင့်အယှက် ပေးပါရစေ။ ကျွန်မရဲ့ အစေခံမလေးက မနေ့က ဒဏ်ရာ ရသွားလို့ သူ့ကို ကြည့်ပေးဖို့တောင်းဆိုချင်လို့ပါ။”
ယဲ့ယွင်သည် ပြုံးလျက်ဆိုရာ၊ လုကျီသည် ချက်ချင်းပင်အသက်ကြီးသော သမားတော်ကြီးထံသို့ ငွေအိတ်တစ်လုံးကို ထိုးပေးလိုက်၏။
"ဒါဆို မိန်ရန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး နှုတ်ဆက်ခွင့် ပြုပါဦး။" အသက်ကြီးသော သမားတော်ကြီးသည် အလွန်အလိုက်သိ၏။
အပြင်သို့ ထွက်သွားပြီးငွေအိတ်ကို ဖွင့်ကြည့်လိုက်ရာ၊ အတွင်းထဲတွင် ငွေစ ၂၀ ရှိနေ၏။ ယွီရှို့အဆောင်မှမိန်ရန်၏ ရက်ရောမှုအကြောင်းကို ပုံမှန်ကြားသိနေခဲ့ရသော်လည်း၊ ယနေ့ မိမိကိုယ်တိုင် ကြုံတွေ့လိုက်ရမှ အမှန်ပင် ချမ်းသာကြွယ်ဝလှသည်ကို သိရှိသွားလေသည်။
ရှန်ဖိန်ကျစ်သည် ဟွေယွဲ့အတွက် သွေးကြောလည်ပတ်ကောင်းမွန်စေသောလိမ်းဆေး အချို့ကို ပေးခဲ့ပြီးနောက်၊ ပြန်လည်လျှောက်တင်ရန် ပြန်လာခဲ့သည်။ သူ့အားနေခဲ့စေမှတော့ သေချာပေါက် ကိစ္စရှိမည်ဟု တွေးမိလေသည်။
ယဲ့ယွင်သည်လည်း တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ဆိုလိုက်ပြီး၊ သူ့အား ပျားရည်လုံး နှစ်လုံး ပေးလိုက်၏။
"ကျွန်မအခု ငယ်ရွယ်သေးတယ်၊ ရာထူးကလည်း နိမ့်သေးတာကြောင့် လောလောဆယ် ကလေး မလိုချင်သေးဘူး။ နန်းတော် မဝင်
ခင်အမေက လူရှာပြီးကိုယ်ဝန်တားဖို့ ဒီဆေးလုံးလေးတွေ လုပ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ သမားတော်က အခုခြေဦးတည့်ရာလှည့်လည်သွားနေတယ်လို့ကြားပြီးထပ်ရှာလို့ မတွေ့တော့ဘူး။ ကျွန်မဆီမှာ နှစ်လုံးပဲ ကျန်တော့တယ်။ သမားတော်ရှန် ယူသွားပြီး ကြည့်ပေးပါဦး။ တူညီတာမျိုး ဖော်ဆပ်လို့ရနိုင်မလားလို့။ ကိုယ်ဝန်လည်း တားနိုင်ပြီး၊ ကျန်းမာရေးကိုလည်း သိပ်မထိခိုက်စေတဲ့ဟာမျိုးပေါ့။"
ရှန်ဖိန်ကျစ်သည် ဆေးလုံးများကို ယူ၍ ဦးစွာ အနံ့ခံကြည့်လိုက်ရာ၊ မျက်ဝန်းထဲတွင် လေးစားသော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွား၏။
"ဒီဆေးလုံးက တော်တော်လေး ပညာသားပါတယ်။ ကျွန်တော်မျိုး သေချာ လေ့လာဖို့ ရက်အနည်းငယ်လောက် လိုအပ်မယ် ထင်ပါတယ်။ အခုကြည့်ရုံနဲ့တင် အတွင်းထဲမှာ တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်အပင်တွေ မနည်းမနော ပါဝင်နေတာကို တွေ့ရတယ်။ကျွန်တော်မျိုး သေချာပေါက် မိန်ရန်ရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။"
"ဒါဆို သမားတော်ရှန်ကို ပင်ပန်းစေမိပါပြီ။"
ယဲ့ယွင်သည် လက်ကာပြလိုက်ပြီး၊ လူလွှတ်၍ ဗီရိုထဲမှ အပေါ်ဆုံးအလွှာရှိ နန်မုသစ်သားသေတ္တာလေးကို ယူဆောင်လာစေပြီးနောက် ဖွင့်လိုက်ရာ၊ အတွင်းထဲတွင် ရွှေရွက်လေးများ ရှိနေ၏၊ ၎င်းထဲမှတစ်ရွက်ကိုယူ၍ ရှန်ဖိန်ကျစ်ထံသို့ ထိုးပေးလိုက်၏။
"ခန့်မှန်းရသလောက် ဒီထဲမှာ ကုန်ကျစရိတ် မနည်းလောက်ဘူး။ သမားတော်ရှန်ကိုလည်း အိတ်စိုက် မဖြစ်စေနိုင်ပါဘူး။"
"မိန်ရန်က ယဉ်ကျေးလွန်းနေပါပြီ။" ရှန်ဖိန်ကျစ်သည်လည်း ပွင့်လင်းစွာပင်လက်ခံလိုက်၏။
အမှန်တကယ်တွင် သမားတော်ကြီးများ၏ အိမ်တော်များမှာ ငွေ မလိုအပ်ကြပေ။ နန်းတော်အပြင်ဘက်တွင် ယေဘုယျအားဖြင့် ဆေးခန်း ဖွင့်လှစ်ထားခြင်း သို့မဟုတ် ဆေးဆိုင်ကိုယ်စီရှိကြ၏၊ သို့သော်ငွေကို လက်ခံလိုက်ခြင်းသည် ယဲ့ယွင်၏စိတ်ကို အေးချမ်းစေရန်လည်း ဖြစ်ပေသည်။
ရှန်ဖိန်ကျစ်ကို ပို့ဆောင်ပြီးနောက်၊ ဟွေယွဲ့နှင့် နန်ကျစ်တို့သည်လည်း ပြင်ဆင်ပြီးစီးသဖြင့် အခန်းထဲသို့ ဝင်ရောက် အမှုထမ်းကြ၏။
ယဲ့ယွင်သည် နာမကျန်းဖြစ်နေသဖြင့် အသားငါးကို မထိချင်သောကြောင့်စားဖိုဆောင်မှ ဆန်ပြုတ်ကြည်ကိုသာပို့ဆောင်လာပြီး အရသာ ရှင်းလင်းသော ဟင်းလျာငယ် အနည်းငယ်နှင့် တွဲဖက်သုံးဆောင်နိုင်ရန်ပြင်ဆင်ပေးခဲ့သည်။
သူမသည် ပန်းကန်လုံးငယ်တစ်လုံးမျှသာ စားသုံးပြီးနောက် တူကို ချထားလိုက်၏။
" မိန်ရန် ခဏ လှဲလိုက်ပါဦးလား။" နန်ကျစ်က ခပ်တိုးတိုး ဆို၏။
ယဲ့ယွင်က ခေါင်းခါလိုက်သည်။
"မလိုတော့ပါဘူး၊ တစ်နေ့လုံး လှဲနေရတာ လူက စိတ်အခြေအနေပါမကောင်းတော့ဘူး။ ခဏ ထိုင်လိုက်ဦးမယ်၊ ငါ့ရဲ့ဆေးပန်းချီတွေယူလာခဲ့။ ငါ ပန်းချီ ဆွဲချင်လာပြီ။"
အမွှေးတိုင် နှစ်တိုင်ခန့် မကြာမီမှာပင်၊ ပိုင်ရှုသည် ဧကရာဇ် ကြွလာပြီ ဖြစ်ကြောင်း သတင်းပို့လေသည်။
"မတွေ့ဘူး။" ယဲ့ယွင်သည် ခပ်ဖျော့ဖျော့ ပြောလိုက်သည်။ "ပြောလိုက်၊ ငါ နေမကောင်းလို့၊ ရုပ်ရည် ပျက်ယွင်းနေတယ်။ အရှင်မင်းကြီးကို မမြင်စေချင်ဘူးလို့။"
ပိုင်ရှုသည် ခဏမျှ ကြောင်ငေးသွားသော်လည်း၊ ရဲတင်းစွာဖြင့် အပြင်ထွက်၍ စကား ပို့ဆောင်ရလေသည်။
နင်ချန်သည် ခြံဝင်းထဲသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့ပြီး ဖြစ်ရာ ပင်မအိမ်တော်နှင့် တံခါးတစ်ချပ်သာ ခြားတော့သည်။ သို့သော် အပြင်ဘက်တွင် တားဆီးခြင်း ခံလိုက်ရ၏။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမတို့ မိန်ရန်က ပြောပါတယ်၊ နေမကောင်းလို့ ရုပ်ရည် ပျက်ယွင်းနေတာကြောင့်အရှင်မင်းကြီးကို မမြင်စေဝံ့ပါဘူးတဲ့။ ဒါကြောင့် ဒီနေ့ အရှင်မင်းကြီးကို မတွေ့တော့ဘူးတဲ့။"
ပိုင်ရှု သည် ကြောက်ရွံ့နေသော်လည်း အဆုံးတွင်မူ ယဲ့ယွင်၏အမှာအတိုင်းပြောရန်ကြိုးစားခဲ့ပေသည်။
"ဘာ။" နင်ချန်သည် ခဏတာနားမလည်ဖြစ်သွားပြီး နောက်တစ်ကြိမ်မေးမြန်းပြီးနောက် စိတ်ထဲတွင် ရှုပ်ထွေးသွား၏။
ယွမ်ကျိုသည် နောက်ဘက်တွင် လိုက်ပါလာခဲ့ရာ အံ့ဩလွန်း၍ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။ စိတ်ထဲတွင်တောင် မင်မိန်ရန်၏သတ္တိကောင်းမှုကို ချီးကျူးပေသည်။ ဧကရာဇ်ကိုတောင် တံခါးပိတ် ငြင်းပယ်ဖို့ အကြောင်းပြချက်တွေတောင် သုံးနေပါလား...
သို့သော်လည်း အကြောင်းပြချက်မှာအနည်းငယ်ခိုင်လုံ၍ ဧကရာဇ်အား သနားကြင်နာမှု၊ အပြစ်ရှိသလို ခံစားချက် အနည်းငယ် ဖြစ်ပေါ်စေနိုင်၏။
အမှန်ပင်နင်ချန်သည် တံခါးဝတွင် ခဏမျှ ရပ်တန့်နေပြီးနောက် နောက်ဆုံးတွင်မူ ဝင်မသွားခဲ့ပေ။
"မင်းတို့ သခင်မကို ပြောလိုက်၊ ကောင်းကောင်း အနားယူပြီး ကျန်းမာအောင်နေလို့ ကျန်း အချိန်ရမှ ထပ်လာခဲ့မယ်။"
နင်ချန်ကို ပို့ဆောင်ပြီးနောက်၊ ပိုင်ရှုမှာမူ ကြောက်လန့်၍ သေမတတ်ပင် ဖြစ်သွားသည်။ ဤသို့သော ဧကရာဇ်အား ငြင်းပယ်သည့်ကိစ္စမျိုးကို တစ်ခါမျှ မပြုလုပ်ဖူးခဲ့ပေ။ ထိုခံစားချက်မှာ အမှန်ပင် မိမိ၏ဦးခေါင်းကို ခါးပတ်တွင် ချိတ်ဆွဲထားရသကဲ့သို့ ရှိ၏။
"မင်းလုပ်တာ ကောင်းတယ်၊ တွေ့ခွင့်မပြုဘူးဆိုမှတော့ ဘယ်သူ့မှ အရှင်မင်းကြီးကို ဝင်ခွင့်မပေးနဲ့။ ဒီနန်းတော်က အရှင်မင်းကြီးအုပ်စိုးတာ မှန်တယ်။ ဒါပေမဲ့ ယွီရှို့အဆောင်ကတော့ ငါ အုပ်စိုးရမယ်။"
ယဲ့ယွင်၏မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ချက် ရှိနေပြီး အလွန် စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် ပိုင်ရှုအား ငွေ၅စ ဆုချလိုက်၏။ အခြားအနီးကပ်အမှုထမ်းနေသော အစေခံအနည်းငယ်မှာလည်းဉာဏ်ကောင်းကြသဖြင့် တွေ့မြင်ရသည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်ကြ၏။
ဤသို့ဖြင့် နောက်ထပ် နှစ်ရက် ကြာသောအခါ နင်ချန် ထပ်မံ ရောက်ရှိလာသော်လည်း လုကျီ ၏ တားဆီးခြင်းကို အပြင်ဘက်တွင် ခံလိုက်ရပြန်၏။ ဤတစ်ကြိမ်သည်လည်း ယခင်တစ်ကြိမ်နှင့် အတူတူပင် ပြောဆို၏။
နင်ချန်၏စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသော်လည်း၊ အနည်းငယ်တော့ အရိပ်အကဲကို ခန့်မှန်းမိသွား၏။ ထိုနေ့က ဖုန်းရှီးနန်းဆောင်တွင် ယဲ့ယွင်သည် အမှန်ပင် မသေးငယ်လှသော နစ်နာမှုကို ခံခဲ့ရသည်။ ခန့်မှန်းရသည်မှာ စိတ်ကောက်နေခြင်း ဖြစ်ပေမည်။
ယခုကဲ့သို့ တံခါးအပြင်ဘက်မှငြင်းပယ်
ခြင်းကိုခံစားရသောအခါ ခံစားချက်သည် သဘာဝအတိုင်း မကောင်းမွန်လှဘဲ၊ ဧကရာဇ်အနေဖြင့်မျက်နှာအနည်းငယ် ပျက်ရသော်လည်း၊ နင်ချန်၏စိတ်ထဲမှာမူ ထူးခြားဆန်းသစ်သလို ခံစားလိုက်ရပြီး၊ ကလေးတစ်ယောက်ကို ချော့မော့နေရသကဲ့သို့ ခံစားချက်မျိုး ရှိနေ၏။
ထို့ကြောင့် လူကို မတွေ့ဆုံခဲ့ရသော်လည်းနင်ချန်သည် ယွီရှို့အဆောင်သည် ထိုနေ့တွင်ပင် ဆုလာဘ် အမြောက်အမြားကို ချီးမြှင်ခဲ့သည်။ အထည်အလိပ်များ၊ လက်
ဝတ်ရတနာများကိုပါ မနည်းမနော ပေးအပ်ခဲ့၏။
သေချာပေါက် ယိဝမ်ရုန်သည်လည်း ရရှိခဲ့၏။
သို့သော် မတူညီပေ။ ယဲ့ယွင်သည် အစောကြီးကတည်းက ဘွဲ့အမည် ရရှိထားပြီး ဖြစ်၍ ယခု ဧကရာဇ်ကို တွေ့ခွင့် မပြုသော်လည်း ဆုလာဘ်များပါ ရရှိခဲ့ရာ၊ ယိဝမ်ရုန်နှင့် နှိုင်းယှဉ်ကြည့်ပါက လူတိုင်းမြင်နိုင်ပေသည်။
ယင်ယန့်အဆောင်ထဲတွင်အစေခံများသည် ယိဝမ်ရုန် အား ယွီရှို့အဆောင်တွင်လည်း ဆုလာဘ်များရရှိကြောင်း မပြောရဲကြပေ။မိမိသခင်မဖြစ်သူ စိတ်လှုပ်ရှားပြီ မီးတွင်းထဲတွင် ရောဂါ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
.....
ဝေ့ရွယ်ဆောင် (ယောင်ရှန်း၏ နန်းဆောင်)
ဖန်းချိုက်ရန်သည် စာလုံးများ လေ့ကျင့်ရေးသားနေစဉ် အပြင်ဘက်မှ သတင်းကို ကြားသောအခါ၊ လက်ထဲမှ စုတ်တံသည် ခေတ္တမျှ ရပ်တန့်သွားပြီး၊ မျက်နှာထက်တွင် အပြုံးရိပ်အနည်းငယ်ပေါ်လာ၏။
"ငါက ယဲ့ယွင်ကို အထင်သေးမိသွားတာပဲ။ တကယ်ပဲတဖြည်းဖြည်း တက်လာနိုင်တဲ့ အရည်အချင်းရှိတာပဲ။”
"သူ့အစ်ကိုက လွန်ခဲ့တဲ့ရက်တွေက ဂုဏ်ပြုခံထားရတာမို့ အရှင်မင်းကြီးက နည်းနည်းပါးပါး ဂရုစိုက်တာဖြစ်မှာပေါ့။" ကျစ်ကျူက ဆို၏။
ဖန်းချိုက်ရန်သည် ငြင်းဆိုဖွယ်မရှိဘဲ၊ အခြား စကားကိုသာ မေးလိုက်သည်။ "မိဖုရားခေါင်ကြီး စုံစမ်းနေတဲ့အမှုက အခြေအနေဘယ်လိုလဲ။"
ချီဝမ်က ပြန်လည် ဖြေကြားသည်။
"ကြားတာတော့ တိုးတက်မှုနည်းနည်းပဲ ရှိတယ်တဲ့။ ဒါပေမဲ့ အရင်အတိုင်းပါပဲ သဲလွန်စတွေက တရားခံမပေါ်ပါဘူး။”
"သနားစရာ ယိဝမ်ရုန်။ နန်းတော်ထဲ ဝင်လာတာနဲ့ မျက်နှာသာအပြည့်အဝ ရရှိတယ်။ ပြီးတော့ခက်ခက်ခဲခဲ ကလေးရတော့လည်း ခဏလေးအတွင်းမရှိတော့ဘူး။ မင်းတို့ ပြောကြည့်၊ ယိဝမ်ရုန်ရဲ့ မိခင်အိမ်တော်က တဖြည်းဖြည်း တိုးတက်လာနေတဲ့အပြင်အရှင်မင်းကြီးရဲ့ အလေးထားမှုကိုလည်း ရရထားသေးတယ်။ သူကသာ မင်းသားလေးတစ်ပါး မွေးဖွားလိုက်ရင် မိဖုရားခေါင်ကြီး ညဘက်မှာ အိပ်ပျော်နိုင်ပါ့မလား။"
ဖန်းချိုက်ရန်သည် အေးစက်စွာ ရယ်မောလိုက်၏။
ကျစ်ကျူသည် ဦးစွာ အရိပ်အကဲကို သဘောပေါက်သွားပြီး၊ သူမလည်း ရယ်မောလိုက်၏။
"ဟုတ်တာပေါ့၊ ဒီယိဝမ်ရုန်ရဲ့မိသားစုက အရပ်ဘက်အရာရှိ လူသစ်လူကောင်း၊ အဲ့ဒီ မင်မိန်ရန်ရဲ့ အစ်ကိုကလည်း စစ်ဘက်အရာရှိ လူသစ်လူကောင်း၊ ဒီနှစ်ယောက်သာ ကိစ္စတစ်ခုခု ဖြစ်သွားရင် ခန့်မှန်းရသလောက် မိဖုရားခေါင်ကြီးက အကျေနပ်ဆုံး ဖြစ်မှာပဲ။"
"မိုင်ထောင်ချီတဲ့ တာတမံကြီးက ပုရွက်ဆိတ် အပေါက်ငယ်လေးကနေ ပျက်စီးသွားတတ်တာ။ ဒီ ဇနီးမောင်နှံကြားက သံသယဆိုတာလည်း ဖြည်းဖြည်းချင်း စုပုံလာတာပဲ။"
ဖန်းချိုက်ရန်သည် စုတ်တံကို ရပ်တန့်လိုက်ရာ စက္ကူဖြူပေါ်တွင် စုတ်ချက် အားကောင်းသော စကားလုံး လေးလုံး ထင်ကျန်ရစ်ခဲ့သည်၊ 'ထောင်ကွမ်းယန်ဟွေ့' (အရည်အချင်းများကို ဖုံးကွယ်၍ အချိန်ကို စောင့်ဆိုင်းခြင်း)။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-56
အခန်း ၅၆ ။ ရန်သူက အမှောင်ထဲမှာ၊ ငါက အလင်းထဲမှာ
နောက်တစ်နေ့ ဖုန်းရှီးနန်းဆောင်တွင် ကိုယ်လုပ်တော်များသည် ထူးခြားစွာတိတ်ဆိတ်နေကြသည်။
နန်းတော်ထဲတွင် ယိဝမ်ရုန်၏ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို ပြင်းထန်စွာ စုံစမ်းစစ်ဆေးနေသဖြင့် လူတိုင်း သတိကြီးစွာ ထားကြရာ ရှားရှားပါးပါး ရန်ဖြစ်ငြင်းခုံခြင်း မရှိကြပေ။
မယ်တော်ကြီးသည် ယခင်အတိုင်းပင် ခစားဝင်ရောက်ရန်လက်မခံသေးပေ။ ယခင်က အမှန်တကယ် ဒေါသထွက်ခဲ့၍ အကြောင်းပြချက်ပေးကာရှောင်ဖယ်ခဲ့သော်လည်း နောက်ပိုင်းတွင်အအေးလှိုင်းကြောင့် အအေးမိသွားပြန်ရာ အမှန်တကယ် နေမကောင်းဖြစ်နေခဲ့သည်။
ချန်ဝမ်ရုန်မှာမူ အတော်ပင် စေတနာ ထားလျက်၊ နေ့ရောညပါ ခုတင်ဘေးတွင် ပြုစုစောင့်ရှောက်လျက်ရှိပြီး ယခင်ကချန်ဝမ်ရုန် မျက်နှာသာ မရရှိသည့်အတွက် မယ်တော်ကြီး၏မကျေမနပ်ဖြစ်နေသောစိတ်များပင် အတော်များများပြေပျောက်သွားခဲ့သည်။
ဝမ်ဖေးသည် လမစေ့မီ တစ်လပင် မလိုတော့သဖြင့် မိဖုရားခေါင်ကြီးသည် တစ်ဖက်မှ မီးဖွားခြင်း ကိစ္စများကို စီစဉ်ရင်း၊ တစ်ဖက်မှ နှစ်သစ်ကူးည နန်းတွင်းစားသောက်ပွဲကို အသည်းအသန် ပြင်ဆင်နေရသည်။ ယိဝမ်ရုန်၏ ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကိုလည်း စုံစမ်းစစ်ဆေးရသေးသည့်အတွက် အလုပ်များလွန်း၍ အတော်ပင် ပင်ပန်းနွမ်းနယ်နေ၏။
ယနေ့မှာပင် စည်းမျဉ်းစည်းကမ်းအတ်ိုင်းဂါရဝပြု၍လူစုခွဲပြီးခါစချိန်တွင် ပြစ်ဒဏ်စီရင်ရေးဌာန၏ အကြီးအကဲမိန်းမစိုး ဟယ်သာ့ဟိုင်သည် အလျင်စလို ဖုန်းရှီးနန်းဆောင်သို့ ရောက်ရှိလာ၏။
"မိဖုရားခေါင်ကြီး မကောင်းတော့ပါဘူး။ အဲ့ဒီ အမှု ကျူးလွန်တဲ့ အဘွားကြီးကို လူတစ်ယောက်က အဆိပ်ခတ် သတ်သွားပါပြီ။"
ဟယ်သာ့ဟိုင်သည် ဝင်ရောက်လာသည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး၊ ခေါင်းတစ်ခုလုံး ချွေးများ ပြည့်နှက်နေသည်မှာ အလွန်အလျင်စလိုပြေးလွှားလာ၍ ပူလောင်ခြင်းလား သို့မဟုတ်ကြောက်လန့်၍ ထွက်လာခြင်းလား မသိနိုင်ပေ။
"ဘာပြောတယ်။" မိဖုရားခေါင်ကြီးသည် အလွန် အံ့အားသင့်သွားသည်။
" ပြစ်ဒဏ်စီရင်ရေးဌာနလို နေရာမျိုးကို၊ မင်းက ဘယ်လိုတောင်ပေါ့ဆလို့ မျက်စိအောက်မှာ အဆိပ်ခပ်နိုင်သွားတာလဲ။"
"ကျွန်တော်မျိုး၊ ကျွန်တော်မျိုးက လူလွှတ်ပြီး သေသေချာချာ စောင့်ကြည့်ခိုင်းထားပါတယ်။ ဒါပေမဲ့ ဒီနေ့ အဲ့ဒီအဘွားကြီးက မနက်ခင်း ဆန်ပြုတ်တစ်ခွက် သောက်လိုက်ပြီးတော့ လက်ဖက်ရည်တစ်ခွက်ကြာတဲ့ အချိန်လေးအတွင်းမှာပဲ နှုတ်ခမ်းကနေ သွေးတွေ ယိုစီးကျလာတာ၊ သမားတော်ကြီးကို ခေါ်လိုက်ပေမဲ့လည်း မကယ်တင်နိုင်ခဲ့ပါဘူး။"
ဟယ်သာ့ဟိုင်သည် ငိုမဲ့မဲ့မျက်နှာဖြင့် ဆို၏။ အမှုကိုစစ်ဆေးရန်ဖြစ်သဖြင့် ထိုအဘွားကြီးကို အငတ်ထားကာ သေစေ၍ မဖြစ်သောကြောင့် တစ်နေ့မနက်တစ်ကြိမ် ညတစ်ကြိမ် ဆန်ပြုတ် နှစ်ခွက် ပို့ဆောင်ပေးခဲ့သည်။ သို့သော် အဆိပ်ပါသွားသည်ကို သတိမထားမိလိုက်ပဲ အဆုံးတွင် ယခုကဲ့သို့ဖြစ်သွားခဲ့လေသည်။
မိဖုရားခေါင်ကြီး၏မျက်ခွံများသည် တဆတ်ဆတ် လှုပ်ရှားသွားပြီး၊ စိတ်ထဲတွင် ယူကြုံးမရစွာ ဒေါသများထွက်လာသည်။
သက်သေခံ သေဆုံးသွားပါက အမှုကိုဆက်လက်စုံစမ်းစစ်ဆေးရန်နည်းမရှိတော့ပေ။
တိုက်ဆိုင်စွာပင် ယခုအခေါက်တွင် သူမကိုယ်တိုင် အမှုစစ်ဆေးရန် တောင်းဆိုခဲ့ပြီး၊ ဧကရာဇ်ကလည်း သေချာပေါက် အဖြေတစ်ခုပေးရန် မိန့်ကြားထားခဲ့၏။ သို့သော်သက်သေခံကသေဆုံးသွားသည့်အတွက် အခြားသူများကပိုလို့ပင် သူမ လက်စဖျောက်လိုက်သည်ဟု ထင်မှတ်သွားကြမည်မှာ အမှန်ပေ။
မည်သို့ပင်ဖြစ်စေ ဤအချိန်အတောအတွင်း မိဖုရားခေါင်ကြီး၏လူများသာလျှင် ထိုအဘွားကြီးနှင့် ထိတွေ့ခဲ့ကြခြင်းဖြစ်သည်။
"မင်း ပန်ကုန်းနဲ့အတူ အရှင်မင်းကြီးကို သွားတွေ့ရမယ်။" မိဖုရားခေါင်ကြီးသည် ခေါင်းကိုက်သွားသော်လည်း ကျိုချန်နန်းဆောင်သို့ သတင်း မပို့ဘဲ မဝံ့ရဲပေ။
......
ကျိုချန်နန်းဆောင်
နင်ချန်သည် ဟယ်သာ့ဟိုင်၏ ပြောဆိုချက်ကို ကြားပြီးနောက်၊ ချက်ချင်းပင် လက်ဖက်ရည်ခွက်တစ်လုံးကို ပစ်ပေါက်လိုက်၏။ ဟယ်သာ့ဟိုင်၏နဖူးကို ကွက်တိထိမှန်သွားပြီး၊ ချက်ချင်းပင် သွေးများ ထွက်ပေါ်လာသော်လည်း ဟယ်သာ့ဟိုင်သည်လည်း မရှောင်ရဲဘဲ၊ အံတင်းတင်းကြိတ်ကာ အပြစ်မှ လွှတ်ပေးရန် တောင်းပန်နေ၏။
ယနေ့ နန်းတွင်း စည်းဝေးပွဲတွင် ယိဝမ်ရုန်၏ဖခင်သည် ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် သူ့အား တော်ဝင်မျိုးဆက်ကိုကြံစည်သူ တရားခံအစစ်အမှန်ကို မဖြစ်မနေ ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ယခုတွင်မူ ဤအချိန်အတောအတွင် လူသေဆုံးသွားခဲ့ပြီဖြစ်သည်။ သက်သေခံကို မထိန်းသိန်းနိုင်ခြင်းသည် သူ့အား အခက်တွေ့အောင်လုပ်ခြင်း မဟုတ်ပါလား။
"အရှင်မင်းကြီး၊ ဒီကိစ္စက ချန်းချဲ့ရဲ့ အမှားပါ။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။ ဒါပေမဲ့ အရှင်မင်းကြီး ဒီချန်းချဲ့ကို ယုံကြည်ပေးဖို့ တောင်းပန်ပါတယ်။ တကယ်လို့ ချန်းချဲ့က နောက်ကွယ်က တရားခံ အစစ်အမှန်ဆိုရင်၊ လုံးဝ ကိုယ်တိုင် အမှုစစ်ဆေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။ အဲ့ဒီ အဘွားကြီးကိုလည်း အဆိပ်ခတ်
သတ်မှာ မဟုတ်ပါဘူး။ အခုလိုလုပ်တာက၊ အရမ်းကို သိသာထင်ရှားလွန်းနေမှာပါ။ ဒီချန်းချဲ့ ထင်တာကတော့ သေချာပေါက် နောက်ကွယ်က လူက စစ်ဆေးတွေ့ရှိမှာကို ကြောက်လို့… ကြောက်လို့ ဒါကြောင့် လက်ဦးမှုယူပြီး လူသတ်လိုက်တာဖြစ်မယ်လို့ ထင်ပါတယ်။”
မိဖုရားခေါင်ကြီးသည် ဒူးထောက်ချလိုက်ပြီး၊ သူမကိုယ်သူမအတွက် စကားအနည်းငယ်ဖြင့်ခုခံ ချေပလိုက်၏။
သူမသည် ဒေါသထွက်၍ သေမတတ်ပင် ဖြစ်နေသော်လည်း လက်စဖျောက်လိုက်သူသည် သဲလွန်စဖြတ်တောက်ရန် အတွက်သာမက ခန့်မှန်းရသလောက် သူမအပေါ်သို့ ယခုကဲ့သို့ ချောက်ချရန် သဘောလည်း ပါဝင်ပေမည်။
နင်ချန်သည် သူ့လက်ပေါ်မှ လက်စွပ်ကို လှည့်ပတ်နေပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ မိဖုရားခေါင်ကြီးကို ထူမပေးလိုက်၏။
"မင်း စိတ်ချပါ၊ ကျန်း မင်းကို သံသယ ဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စကို ဟယ်သာ့ဟိုင်က တာဝန် ပျက်ကွက်တာဆိုတော့ သူ့အပြစ်နဲ့သူသေဒဏ်ပေးလိုက်။"
"အရှင်မင်းကြီး။ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ။ အရှင်မင်းကြီး၊ အရှင်မင်းကြီး အသက် ချမ်းသာပေးပါ။ ကျွန်တော်မျိုး... အ...အ..." ဟယ်သာ့ဟိုင်
သည် ငိုယိုအော်ဟစ်တော့သည်။
ယွမ်ကျိုသည် သူ့အား စကားပြောခွင့် မပေးဘဲ၊ အင်္ကျီလက်ထဲမှ လက်ကိုင်ပုဝါကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ဆို့ထည့်လိုက်ပြီး၊ တံခါးဝတွင် စောင့်ဆိုင်းနေသော မိန်းမစိုး နှစ်ဦးအား ဆွဲထုတ်သွားရန် အချက်ပြလိုက်၏။
မိဖုရားခေါင်ကြီးသည်လည်း တုန်လှုပ်သွားပြီး လက်ကိုဆုပ်ကိုင်လျက် တင်းမာစွာဖြင့်၊
"အရှင်မင်းကြီး၊ ဒါဆို ဒီကိစ္စ..."
"ပြစ်ဒဏ်စီရင်ရေးဌာနရဲ့ အကြီးအကဲ မိန်းမစိုး ဟယ်သာ့ဟိုင်က တော်ဝင်မျိုးဆက်ကို ကြံစည်သူရဲ့ လာဘ်ထိုးခြင်းကို ခံရတယ်။ အကျဉ်းသားကို အဆိပ်ခတ်သတ်ဖြတ်ပြီးနောက်မှ အတွေ့ခံတယ်။ အပြစ်ကို ကြောက်ရွံ့ပြီး မိမိကိုယ်မိမိ သေကြောင်းကြံသွားတယ်။ သဲလွန်စ ပြတ်တောက်သွားတာကြောင့် နောက်ကွယ်က လူကို ရှာဖွေနိုင်ခြင်း မရှိတော့ဘူး၊ ယိဝမ်ရုန်က မျိုးဆက်ဆုံးရှုံးတဲ့ နာကျင်မှုကိုခံစားရတဲ့အတွက်၊ မိန်ရန်အဆင့်ကို တိုးမြှင့်ပေးလိုက်။"
နင်ချန်၏မျက်ဝန်းအိမ်များမှာ ကြောက်မက်ဖွယ်ရာ နက်မှောင်နေပြီး အသံမှာ အေးစက်နေရာ၊ မိဖုရားခေါင်ကြီးအား မထိန်းနိုင်ဘဲ ကြောက်လန့်သွားစေ၏။
"မိဖုရားခေါင်ကြီး ဒီနှစ်မကုန်ခင်အတွင်း နောက်ထပ် ကျန်း မောင်းမဆောင်ထဲမှာ ဒီလိုမျိုး ကိစ္စတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ဝမ်ဖေးက မီးဖွားခါနီးပြီ၊ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် မင်း ကိုယ့်ဘာသာကိုယ် ကြည့်ကျက် လုပ်တော့။"
"ဒီချန်းချဲ့ သေချာပေါက် ဝမ်ဖေးရဲ့ကိုယ်ဝန်ကို သေသေချာချာ စောင့်ကြည့်ပါ့မယ်။ ဝမ်ကျယ်ယွီ၊ ရှချိုက်ရန်တို့လည်း ပါပါတယ်။ တော်ဝင်မျိုးဆက်ကို ထိခိုက်
ဆုံးရှုံးအောင် လုံးဝ ထပ်ပြီးမပေါ့ဆရဲတော့ပါဘူး။" မိဖုရားခေါင်ကြီး၏အသံသည် အနည်းငယ် တုန်ယင်နေ၏။
ငယ်ရွယ်စဉ်ကတည်းက ဇနီးမောင်နှံ ဖြစ်ခဲ့သော်လည်း၊ နန်းတော်ထဲ ဝင်ရောက်ပြီးနောက် နင်ချန်၏ကိုယ်ပေါ်မှ ဧကရာဇ်၏ဂုဏ်သိက္ခာသည် ပို၍ပို၍ ထင်ရှားလာခဲ့ပြီး၊ နန်းမတက်မီ အိမ်တော်တွင် နေထိုင်စဉ်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့ပေ။ ယခု သူမသည်လည်း အနည်းငယ် ကြောက်ရွံ့လာခဲ့ပြီ ဖြစ်၏။
ကျိုချန်နန်းဆောင် မှ ထွက်လာပြီးနောက် အပြန်လမ်းတွင် လေအေးများတိုက်ခက်လာရာ မိဖုရားခေါင်ကြီးသည် မထိန်းနိုင်ဘဲ ချမ်းတုန်သွား၏။ ဤအချိန်ကျမှ သူမ သတိပြုမိလိုက်သည်မှာ ဆောင်းရာသီကြီးတွင် သူမ၏ကျောတစ်ပြင်လုံး ချွေးအေးများ ထွက်နေခဲ့လေသည်။
သူမ ထွက်ခွာသွားပြီးနောက်၊ နင်ချန်သည် နောက်ထပ် အမိန့်တော်တစ်ရပ်ကို ထပ်မံထုတ်ပြန်ခဲ့သည်။
ယိဝမ်ရုန်၏ အစ်ကို ဝူရိဖိန်အား ရာထူး တစ်ဆင့် တိုးမြှင့်ပေးခဲ့ပြီး၊ ဝူမိသားစုသည်လည်း ဆုလာဘ်များစွာ ရရှိခဲ့သည်။ ၎င်းမှာ ယိဝမ်ရုန် ကြံစည်ခံရခြင်းအတွက် နှစ်သိမ့်မှုအဖြစ် ဖြစ်၏။ ဝူမိသားစုသည် သဘာဝအတိုင်း ကျေနပ်သွားပြီး၊ တစ်လကျော်မျှသာရှိသေးသော ကိုယ်ဝန်တစ်ခုဖြင့် ဤမျှလောက် များပြားသောအကျိုးကျေးဇူးများကို လဲလှယ်ရရှိခဲ့ရာ သူတို့သည်လည်း အလိုက်တသိ ထပ်မံ၍ ပြဿနာမရှာတော့ပေ။
သို့သော် ယခုကိစ္စအပေါ်တွင် နင်ချန်သည် အနည်းငယ်တော့ မိဖုရားခေါင်ကြီးကို သံသယ ဝင်မိခဲ့၏။
'မီးအိမ်အောက်တွင် အမှောင်ဆုံး' ဟု ဆိုကြသည့်အတိုင်း၊ မိဖုရားခေါင်ကြီးသည် မည်သို့ပင်ဖြစ်စေ နန်းမတက်မီ အိမ်တော်တွင်နေထိုင်စဉ်ကပင် အခြားကိုယ်လုပ်တော်များ၏ မျိုးဆက်များအပေါ်၌ လက်လွန်ခဲ့ဖူးလေသည်။
ယခု ယိဝမ်ရုန်နှင့် ယဲ့ယွင် နှစ်ဦးလုံးမှာမျိုးရိုးနောက်ခံမညံ့သည်အပြင်မျက်နှာသာပေးမှုလည်း ရှိနေရာ မြားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းသည် သေချာပေါက် ကောင်းမွန်သော ကြံစည်မှု ဖြစ်သည်။
သို့သော် လက်ရှိတွင် သက်သေအထောက်အထား မရှိဘဲ၊ ပေါ့ပေါ့ဆဆ ပြုလုပ်၍ မဖြစ်ပေ။
မိဖုရားခေါင်ကြီးသည် မည်သို့ပင်ဖြစ်စေ အနောက်ဆောင်၏အုပ်ချုပ်သူဖြစ်ရာ နင်ချန်က သူမအား မျက်နှာသာ အပြည့်အဝ ပေးမှသာလျှင်၊ မောင်းမဆောင်မှ ကိုယ်လုပ်တော်များအား နာခံစေနိုင်ပြီး၊ မငြိမ်မသက်မှုများ မဖြစ်ပေါ်စေရန် တားဆီးနိုင်မည် ဖြစ်သည်။
ထို့အပြင် ပြစ်ဒဏ်စီရင်ရေးဌာနထဲတွင် လက်စွမ်းပြနိုင်သူမှာ မိဖုရားခေါင်ကြီး တစ်ဦးတည်းသာ လုပ်ဆောင်နိုင်သည်ဟုလည်း မဆိုနိုင်ပေ။ မောင်းမဆောင်မှ အဆင့်မြင့်သူ အနည်းငယ်ဖြစ်သော ရှူးဖေး၊ ဝမ်ဖေး၊ ကျင်းဖေး၊ ယန်ရှိုးရီ၊ မယ်တော်ကြီး သို့မဟုတ် ထိုက်ကွေ့ဖေး ပင်လျှင် နန်းတော်ထဲ ဝင်ရောက်ခဲ့သော နှစ်များအတွင်း မျက်စိ နားများအဖြစ် လူများစွာကို ခန့်အပ်ထားရန် လုံလောက်လှ၏။
........
လက်ရှိသို့ ပြန်လာရလျှင် ထိုကိစ္စ ပျံ့နှံ့လာသည့်အခါ ဖန်းချိုက်ရန်သည် ချီအန်းနန်းဆောင်ထဲတွင် ထိုက်ကွေ့ဖေးနှင့်အတူ လက်ဖက်ရည် သောက်သုံးနေခဲ့၏။
"မျက်စိအောက်မှာတင် ဒီလိုကိစ္စမျိုး ဖြစ်သွားတာ ကြည့်ရတာ၊ ရှဲ့ရှီ (မိဖုရားခေါင်ကြီး) ကလည်း သိပ်ပြီး အသုံးမကျပါဘူး။" ထိုက်ကွေ့ဖေးသည် လှောင်ပြောင်လျက် ဆို၏။
ဖန်းချိုက်ရန်၏ မျက်နှာထားမှာ ဖျော့တော့နေသည်။
"နောက်ကွယ်ကလူက တကယ်ပဲ ဘယ်သူဖြစ်လောက်မလဲ။ ဒီလောက် သပ်သပ်ရပ်
ရပ်လက်စသတ်သွားတာ။ ဧကရာဇ်က အပြစ်မပေးခဲ့ဘူးဆိုရင်တောင် မိဖုရားခေါင်ကြီးက ဘယ်လိုပဲဖြစ်ဖြစ် လူတွေရဲ့ သံသယ အနည်းနဲ့အများတော့ ဝင်ခံရမှာပဲ။"
ထိုက်ကွေ့ဖေးသည် ပြုံးလိုက်သည်။
"ကြည့်ရတာ မောင်းမဆောင်ထဲမှာ အရည်အချင်းရှိတဲ့သူတွေ ရှိနေသေးတာပဲ။" ခေတ္တမျှ ရပ်တန့်ပြီးမှ သက်ပြင်းချကာ၊ ဖန်းချိုက်ရန်၏လက်ကို ဆွဲယူလိုက်သည်။
"မင်းကတော့ကွယ်၊ ရုပ်ရည်၊ နည်းလမ်း၊ အရည်အချင်း၊ အရာရာ ပြည့်စုံနေတာ။ ဘယ်လိုဖြစ်လို့ ဧကရာဇ်က မင်းအပေါ်မှာ မအေးမစက် မပူမနွေး ဖြစ်နေရတာလဲ။"
"ဖြစ်နိုင်တာက၊ အချိန်အခါက မတန်သေးလို့ နေမှာပေါ့။" ဖန်းချိုက်ရန်သည် မျက်လွှာချလိုက်သည်။
"အရှင်မင်းကြီးက ယောင်မိသားစုအပေါ်မှာ အနည်းငယ် အမြင်စောင်းနေတုန်းလို့ထင်ပါတယ်။ နန်းတော်ထဲ ဝင်ခါစတုန်းက မိန်ဝမ်ရုန်က ဟိုခုန်ဒီခုန်လုပ်နေတာ။ မယ်တော်ကြီးရဲ့ ထောက်ပံ့မှု ရှိနေတာတောင် ကောင်းကျိုး မရခဲ့ဘူးလေ။ တူမတော် တွေးမိတာက ဖြည်းဖြည်းချင်း တည်ငြိမ်
အေးဆေးတဲ့ပုံစံကိုပြနေမှ အချိန် ကြာလာရင် အရှင်မင်းကြီးရဲ့စိတ်ထဲမှာ မှတ်မိသွားမှာပါ။"
ထိုက်ကွေ့ဖေးသည် ခေါင်းညိတ်လိုက်သည်။ "မင်းက အမြဲတမ်း တည်ငြိမ်တယ်။ စိတ်ထဲမှာ အစီအစဉ် ရှိနေမှတော့ အိုက်ကျားလည်း စကားများများ မပြောတော့ဘူး။"
ဖန်းချိုက်ရန်သည် ပြုံးလိုက်ပြီး၊ ထရပ်ကာ ထိုက်ကွေ့ဖေး၏ပခုံးကို နှိပ်နယ်ပေးရာ ထိုက်ကွေ့ဖေးအား သူမအပေါ် ပို၍ပင်ကျေနပ်သွားစေ၏။
မျက်နှာသာ လုယူသည့် ကိစ္စအတွက် သူမတွင် ကိုယ်ပိုင်အစီအစဉ်များရှိပြီး သားဖြစ်သည်။ အချိန်ကို တွက်ချက်ကြည့်လျှင် သူမ စောင့်ဆိုင်းနေသော အခွင့်အရေးသည်လည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်၏။ ယခင်ဘဝက သူမသည် ဤကိစ္စကို အားကိုး၍ တစ်ချက်တည်း ကျိုဖင် အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီး၊ နင်ချန်၏နှလုံးသားထဲတွင် နေရာတစ်နေရာကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမျှ ကောင်းမွန်သော အခွင့်အရေးကို ယခုဘဝတွင်လည်းသူမ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ။ ထို့အပြင် ပို၍ သေသေချာချာ ကြိုတင် ပြင်ဆင်ထားပြီး၊ သူမအတွက် ပို၍ များပြားသော အကျိုးကျေးဇူးများရရှိစေရန် ပြုလုပ်ရမည် ဖြစ်သည်။
လူ သေဆုံးသွားသည်နှင့်အမျှ၊ ယိဝမ်ရုန်၏ ကိုယ်ဝန်ပျက်ကျသည့် ကိစ္စသည်လည်း ပြီးဆုံးသွားသကဲ့သို့ ဖြစ်၏။ ဤရက်ပိုင်း ယဲ့ယွင်သည် နာမကျန်းဖြစ်၍ အနားယူနေသည်မှာ မှန်သော်လည်း၊ စိတ်ထဲတွင်မူ ထိုကိစ္စထဲမှ ထူးဆန်းမှုများကို မနည်းမနော တွေးတောနေမိ၏။ သူမ၏အမြင်တွင်၊ မိဖုရားခေါင်ကြီးကို သံသယရှိသည် မှန်သော်လည်း အကယ်၍ သူမသာ ဖြစ်ပါက ထိုအဘွားကြီးကို တိုက်ရိုက် သတ်ဖြတ်ခြင်းထက်၊ အပြစ်ခံမည့် လူတစ်ယောက်ကို ဖြစ်သလို ဆွဲထုတ်လိုက်ခြင်းက ပို၍ ယုံကြည်လက်ခံနိုင်ဖွယ် ရှိပေမည်။ ယခင်တစ်ကြိမ်က လီမိန်ရန်က အပြစ်ပုံချခံခဲ့ရပြီး၊ ဤတစ်ကြိမ်တွင် သင့်တော်သော အစားထိုးခံရသူ မရှိသဖြင့် အဖြေတစ်ခု ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
ရန်သူက အမှောင်ထဲတွင် ရှိပြီး၊ ကိုယ်ကအလင်းထဲတွင် ရှိနေသော ခံစားချက်သည် ယဲ့ယွင်အား အလွန် မသက်မသာဖြစ်စေ၏။
***