← Chapters

အံ့ဩမှင်သက်သွားသော သရဲကြီးဘုရင်

Vol. 8 Ch. 706

အံ့ဩမှင်သက်သွားသော သရဲကြီးဘုရင်

Vol. 8 Ch. 706

" အမ်၊ ကျွန်တော်မျိုး ဘာမှ မလုပ်ခဲ့ပါဘူး "

ပိုင်ရှောင်ချန်းက အပြစ်ကင်းသည့် ပုံဖမ်းကာ ပြောလိုက်သည်။ စိတ်ထဲတွင် သူ့ကိုယ်သူ အလွန်အားရကျေနပ်ကာ ပျော်မဆုံးဖြစ်နေသည်။ သရဲကြီးဘုရင်က သူ့ကို လှည့်စားခဲ့သည်။ ထို့ကြောင့် သူက ပြန်လည် လှည့်စားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်တွင် သရဲကြီးဘုရင် အံ့ဩတကြီး ဖြစ်လေ၊ သူ့အတွက် လှည့်စားရသည်မှာ တန်လေ ဖြစ်နေတော့သည်။

" ကျွန်တော်မျိုး အရှင့်အပေါ်မှာ အရာအားလုံး ပုံအပ်ထားပြီး ဘယ်လောက်တောင် သစ္စာရှိတယ်ဆိုတာကို အရှင် သိပါတယ်။ အရှင်မင်းမြတ်၊ ကျွန်တော်မျိုးက အမြဲတမ်း အရှင့်အတွက် စိတ်ပူပေးခဲ့တာပါ။ ဒီနှစ်တွေမှာ အရှင်က ကျွန်တော်မျိုးကို ကောင်းကောင်း ဆက်ဆံပေးခဲ့တော့ ကျွန်တော်မျိုးအနေနဲ့ အခက်အခဲဒုက္ခတွေကို သက်စွန့်ဆံဖျား ကျော်ဖြတ်ပြီး ငရဲတံခါးဝကို သွားရမယ်ဆိုရင်တောင် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်မနေဘဲ သွေးချွေးရင်းကာ ပေးဆပ်မယ်လို့ သန္နိဋ္ဌာန်ချထားတာပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ်ထားတဲ့ မေတ္တာကရုဏာတွေကြောင့် သူတို့အားလုံးကို ကျွန်တော်မျိုး အောင်နိုင်ခဲ့ပါတယ်ဘုရား "

သူသည် စကားလုံးများကို သိသာစေရန် ရင်ဘတ်ကို ပုတ်လိုက်ရာ သူ့အသွင်က သရဲကြီး ဘုရင်အတွက်ဆိုလျှင် သေဆိုသေ၊ ရှင်ဆိုရှင်ကာ သေခြင်းတရားကို မျက်တောင်ပင် မခတ်ဘဲ ရင်ဆိုင်မည့် ပုံစံဖြစ်နေတော့သည်။

" မင်း...မင်း သူတို့အားလုံးကို 'အောင်နိုင်ခဲ့တယ်' ဟုတ်လား "

သရဲကြီး ဘုရင်သည် မူးမေ့သွားတော့မတတ် ခံစားနေရသည်။ ယခု စကားပြောနေသည့် အချိန်တိုအတွင်းမှာပင် သူ၏ သတင်းပို့ ကျောက်စိမ်းပေလွှာထဲသို့ သတင်းစကားများ ဒါဇင်ချီ၍ ဝင်လာနေသည်။

ပိုင်ရှောင်ချန်းက အလွန်အားရကျေနပ်နေစွာဖြင့် ကျယ်လောင်စွာ စကားဆက်လိုက်သည်။

" မှန်ပါတယ်ဘုရား၊ ကျွန်တော်မျိုး တစ်ယောက်မကျန် အကုန်လုံးကို အနိုင်ရခဲ့တာပါဘုရား။ တခြား နတ်ဘုရားတစ်ပိုင်းအဆင့် ကောင်းကင်ဘုရင်သုံးပါးက အရှင်မင်းမြတ်ကို ခြိမ်းခြောက်ဖို့ ကြံစည်နေကြတယ်မလား။ အရှင်မင်းကြီးရဲ့သစ်သီးကို လုယူဖို့ လူတွေ လွှတ်ပြီးတော့တောင် ကြိုးစားကြသေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်မျိုးက သူတို့ရဲ့ သားသမီးတွေ၊ လက်ရွေးစင်တွေ အားလုံးကို ပြန်ပေးဆွဲပြီး အရှင်မင်းကြီးအတွက် ဒီကို ခေါ်လာခဲ့ပါတယ်။ အခု အရှင်မင်းကြီး သူတို့ကို အကျဉ်းချထားလို့ ရပါပြီ။ ”

"ကဲ၊ ကဲ၊ အရှင်မင်းကြီးကို အားလုံးနဲ့ မိတ်ဆက်ပေးရဦးမယ်။ စစ်အောင်မြို့က စစ်အောင်ဘုရင်ငယ်လေးနဲ့ စကြတာပေါ့။"

သူက ပို၍ စိတ်လှုပ်ရှားလာကာ သူ၏ ထည့်စရာအိတ်ကို ပုတ်၍ အံ့အားသင့်နေသော စစ်အောင် ဘုရင်ငယ်လေးကို ထုတ်လိုက်သည်။

ယခုအချိန်တွင် စစ်အောင်ဘုရင်ငယ်လေးသည် အရိုးနှင့် အရေသာသာ ကျန်ရှိပြီး သက်စောင့်အားမှာလည်း ဆိုးရွားစွာ ပျက်စီးနေသည်။ သူက သေလုမျောပါးဖြစ်နေဟန်တူ၏။

" ဒါကတော့ သောကကင်းဝေးကိုးသွယ်မြို့က မင်းသား ကျိုးဟုန်၊။"

ထို့နောက် ကျိုးဟုန်ကို ဆွဲထုတ်လိုက်သည်...။

"အိုး၊ ဒီတစ်ယောက်က၊ နေပါဦး၊ သူ့ကို ဘယ်လို ခေါ်ကြတာပါလိမ့်။ ဪ၊ ဟုတ်ပြီ။ နတ်ဝံပုလွေလေး "

" ဒါကတော့ လီထျန်ရှန် "

" ပြီးတော့ ဒီမှာ မြောင်လင်းအာ။ သူက တော်တော်လေး လှတယ်ဘုရား။ ဒေါ်လေးချန်းနဲ့ယှဉ်ရင် သူလေးကအရှင်မင်းကြီးအတွက် တကယ် ပိုပြီး သင့်တော်ပါတယ် "

ထို့နောက် သူက သရဲကြီးဘုရင်ကို "ငါအကုန်သိတယ်"ဟု အဓိပ္ပါယ်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

"ဟုတ်သားပဲ။ ဝိညာဉ်ခရီးမြို့က မင်းသမီး ရွှီရှန်လည်း ရှိသေးတယ်။ ဒီကောင်မလေးက နည်းနည်း ရူးနေတာ။ သနားစရာကောင်းလိုက်တာဗျာ။"

"ဪ၊ ဒီကောင်။ သူက တကယ်တော့ တော်တော်ထူးခြားတယ်လို့ ကျွန်တော်မျိုးထင်တယ်။ သူ့ကို လူတွေက ဒုတိယမင်းသားလို့ ခေါ်နေတာ ကြားခဲ့တယ်။ ကျွန်တော်မျိုးအထင်သူက ရာထူး အတော်မြင့်တဲ့သူနေမှာ။ အရှင်မင်းကြီး သူ့ကို ကောင်းကောင်း အသုံးချဖို့ သေချာပေါက်လိုပါတယ်။ သူ့ကို ပြန်ပေးဆွဲဖို့ ကျွန်တော်မျိုးအများကြီး ထုတ်သုံးလိုက်ရတယ် "

ပိုင်ရှောင်ချန်းသည် တက်ကြွစွာဖြင့် သူ၏အိတ်ထဲမှ တစ်ယောက်ပြီး တစ်ယောက်ဆွဲထုတ်ကာ အားလုံးကို စိတ်ရှည်လက်ရှည်ဖြင့် သရဲကြီးဘုရင်ကို မိတ်ဆက်ပေးနေလေသည်။ မကြာမီမှာပင် သရဲကြီးဘုရင်သည် သူ၏ နန်းတော်ခန်းမဆောင်ထဲ၌ လူတစ်ရာကျော်ဖြင့် ပြည့်သွားသည်ကို ကြည့်နေရင်း အံ့အားသင့်လျက်ရှိသည်။

သူတို့အားလုံးနီးနီး ပိန်လှီနေကြပြီး အချို့မှာ အလွန် အားနည်းနေသဖြင့် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရသည်။

"ဒီလူတွေ အားလုံးကို ဖမ်းဆီးပြီး ဒီကို ခေါ်လာခဲ့တာဟာ အရှင်မင်းကြီး အတွက်ပါပဲ "

ပိုင်ရှောင်ချန်းသည် အရှင့်အတွက် အရိုးကြေကြေ၊ အရေခန်းခန်း ကြိုးစားရန် အသင့်ဖြစ်နေသည့် ပုံစံဖြင့် လက်နှစ်ဖက်ဆုပ်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။

သရဲကြီးဘုရင်သည် မရေမတွက်နိုင်သော မိုးကြိုးသွားများက ပစ်ခတ်နေသည့်အလား ခံစားနေရသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် စိတ်စွမ်းအင်တို့ကြောင့် တခဏမျှ မူးမိုက်သွားပြီးနောက် သတိပြန်လည်လာသည်။ ထိုအချိန်တွင် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားပြီး မည်သည့်အတွက်ကြောင့် ကျောက်စိမ်းပေလွှာမှတစ်ဆင့် သတင်းစကားများ အများအပြား ရရှိနေသည်ကိုလည်း နားလည်သွားသည်။ သူသည် အိပ်မက်ဆိုးတစ်ခု မက်နေသည်ဟုလည်း ခံစားရလေသည်။

သူ၏ ရှုပ်ထွေးလှသော အစီအစဉ်များ၊ အကွက်ချခြင်းများ အားလုံးထဲတွင် သူထည့်မတွက်မိသည့် အချက်တစ်ချက်မှာ ပိုင်ရှောင်ချန်းသည် အမှန်တကယ်တွင် မည်မျှ အစွမ်းထက်သည်ဟူသော အချက်ဖြစ်သည်။ သူသည် အလွန်တရာ သန်စွမ်းလှသည်မှာ ဤလူအားလုံးကို ပြန်ပေးဆွဲနိုင်ခဲ့သည်အထိ ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် လက်ရွေးစင်အားလုံးကို တည်ကြည်စွာ ထုတ်ပြနေသည့် မြင်ကွင်းသည် သရဲကြီးဘုရင်၏ နှလုံးသားထဲတွင် ခါးသက်သော ရယ်သံများ ဖြစ်လာစေပြီး သူ့မျက်နှာတွန့်ခေါက်သွားတော့သည်။

"ငါ ဒီပိုင်ဟောက်ကို လျှော့တွက်ခဲ့တာပဲ။"

သူ တွေးလိုက်သည်။

"အစက သူ့အဖေသူ ပြန်ပေးဆွဲတယ်။ နောက် သူ ငါ့ကို ပြန်ပေးဆွဲတယ်။ သူက ပြန်ပေးဆွဲရတာကို စွဲလမ်းနေပြီ နေမှာ။ တစ်ချီတည်းနဲ့ လူတစ်ရာကျော်ကို ပြန်ပေးဆွဲခဲ့တာ ယုံတောင် မယုံနိုင်ဘူး။"

"ဒီကောင်စုတ်က စိတ်ခုနေတာ အသေအချာပဲ။ ငါက သူ့ကို မလှိမ့်တပတ်လုပ်တယ်လို့ ယုံကြည်နေတာ။ အဲ့ဒါကြောင့် ဒီနည်းကို သုံးပြီး ငါ့ကို ပြန်လှည့်တာပဲ။ နောက်ပြီးတော့ သူက တစ်ယောက်မှလည်း မသတ်ခဲ့ဘူး။ ဘယ်လိုပဲကြည့်ကြည့်၊ ဒါက တကယ့်ကို ချီးကျူးရမယ့် လုပ်ရပ်ပဲ "

သူ၏ နှလုံးသားမှာ တဒိတ်ဒိတ်ခုန်နေပြီး ခေါင်းခဲစရာ ကိစ္စရပ်ကြီး လာနေသည်ကို ခံစားနေရသည်။ ဤကိစ္စသည် အလွန် အရေးကြီးပြီး၊ ပိုင်ရှောင်ချန်းသည် သူ့ကို ပြဿနာများ ဖြစ်စေရန် တမင်တကာ လုပ်သည်မှာ ထင်ရှားနေသည်။

ကျန်အခြေအနေများတွင် ဤကိစ္စသည် အရေးမပါသည်မှာ ဖြစ်နိုင်သည်။ သို့သော် သရဲကြီးဘုရင်သည် ဝိညာဉ်ရေနွေးအိုး နှင့်ပတ်သက်သည့် စည်းမျဉ်းများကို ဖောက်ဖျက်ခဲ့ပြီး ဖြစ်သည်။ သူသည် ပြဿနာများဖြစ်ပေါ်လာမည်ကို ကြိုတင်ဟန့်တားရန် အရာရာကို မသိသာစေဘဲ၊ အေးအေးဆေးဆေး ပြီးသွားစေလိုသည်။ ဤကဲ့သို့သော အရာမျိုးသည် မမျှော်လင့်ဘဲ ဖြစ်သွားလိမ့်မည်ဟု ဘယ်သောအခါမျှ မတွေးခဲ့ဖူးပေ...။

ကောင်းကင်ဘုရင်သုံးပါး၊ အင်ပါယာမျိုးနွယ်များ၊မင်းမျိုးမင်းနွယ်အများအပြားသည် ဤအခွင့်အရေးကို အသုံးချကာ သူ့ကို သေချာပေါက် ပြဿနာရှာကြတော့မည် ဖြစ်သည်။ ထို့အပြင် သူသည် အလွန် အန္တရာယ်များသော အခြေအနေတွင် ရောက်နေသည်။ ဖမ်းဆီးထားသူအားလုံးကို အသာတကြည် သွားခွင့်ပြုလိုက်လျှင် ခန့်ညားကြီးမြတ်လှသော သရဲကြီးဘုရင်သည် အမှန်တွင် ကြောက်တတ်သည်ဟု အဓိပ္ပါယ်သက်ရောက်သွားပေမည်။ သို့သော် ဖမ်းဆီးထားသူများကို မလွှတ်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိပြီး ကောင်းကင်ဘုရင် လေးပါးထဲမှ တစ်ပါးဖြစ်သော်လည်း မြေရိုင်းဒေသတစ်ခုလုံးကို တစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်ပေ။

အလွန်တရာ စိတ်ညစ်ညူးဖွယ်ကောင်းလှသော်လည်း ယခုအချိန်တွင် သူတတ်နိုင်သည့် အရာမရှိပေ။ အခြေခံအားဖြင့် ဤကိစ္စတွင် မှားခဲ့သူမှာ သူဖြစ်နေသည်။ သူက ပိုင်ရှောင်ချန်းကို လှည့်စားခဲ့သူဖြစ်ပြီး ပိုင်ရှောင်ချန်းသေသွားလျှင်ပင် သေချာပေါက် အောင်မြင်စေရန် အစီအစဉ်များ ချထားပြီးဖြစ်သည်။

ပိုင်ရှောင်ချန်း သေဆုံးသွားလျှင်ပင် ကိစ္စက ကြီးသွားမည်မဟုတ်ပေ။ သို့သော် သူသည် အသက်ရှင်လျက် ရှိနေကာ ပုံမှန်အားဖြင့် သရဲကြီးဘုရင်သည် ရက်စက်တတ်သည် မှန်သော်လည်း သူတို့ အတူရှိခဲ့ကြသည့် သမိုင်းကို ပြန်စဉ်းစားကြည့်လျှင် သူသည် နတ်ဘုရားတစ်ပိုင်းဘုရင်တစ်ပါး ဖြစ်နေပြီး သူ့အား အစာကျွေးခဲ့သည့် လက်ကို ကိုက်လျှင် သူ၏ ကျော်ကြားမှုမှာ ပြန်ပြင်၍ မရနိုင်အောင်ပျက်စီးသွားလိမ့်မည်။

အရေးအကြီးဆုံးမှာ၊ ပိုင်ရှောင်ချန်းသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မသတ်ခဲ့ပေ။ ပါးနပ်ပြီး အညှာတာကင်းမဲ့သည့် အကွက်ချမှုကြောင့် သရဲကြီးဘုရင်မှာ မလူးသာ၊ မလွန့်သာ အခြေအနေသို့ရောက်နေသည်။ အခြားလက်ရွေးစင်များကို သတ်ခဲ့လျှင်လည်း ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူပေမည်။ သရဲကြီးဘုရင်သည် အပြစ်အားလုံးကို ပိုင်ရှောင်ချန်းအပေါ် လွှဲချနိုင်သည်။ သို့ရာတွင် ပိုင်ရှောင်ချန်းသည် အားလုံးကို သူ့ဆီသို့ အသက်ရှင်လျက် ခေါ်ဆောင်လာခဲ့သည်။ သရဲကြီးဘုရင်က မည်သည့် လုပ်ရပ်ကို လုပ်သည်ဖြစ်စေ၊ အလွန် ခက်ခဲသည့် အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။

"ဒီပိုင်ဟောက်က တကယ့်ကို သနားညှာတာမှု မရှိတာပဲ။"

သရဲကြီးဘုရင်သည် ခန်းမထဲမှ ပိန်လှီနေသည့် လက်ရွေးစင် လူအုပ်ကြီးကို ကြည့်လိုက်ရာ သူတို့၏ သက်စောင့်အားများ မည်မျှ ပျက်စီးနေကြောင်း သတိထားမိသွားသည်။ ဤသည်မှာ သရဲကြီးဘုရင်အနေဖြင့် ဖမ်းဆီးထားသူအားလုံးကို အသာတကြည် လွှတ်မပေးလိုက်စေရန် ပိုင်ရှောင်ချန်း သုံးထားသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိသာလှသည်။

" ငါတော့ အများကြီး ကုန်တော့မှာပဲ "

သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ တွေးလိုက်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းကို ခါးသီးသော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းသည် အကွက်ကျစွာ လှုပ်ရှားသွားသည်ကို ဝန်ခံရမည်ဖြစ်သည်။ အားလုံးကို တည်ငြိမ်သွားစေရန် ပေးရမည့် တန်ဖိုးကို စဥွ်းစားလိုက်လျှင် စိတ်ဓါတ်ကျလွန်းသဖြင့် သူ၏ ကိုယ်တွင်း အင်္ဂါများပါ နာကျင်လာရသည်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် အလွန် စိတ်လှုပ်ရှားလျက် ရှိသည်။ သရဲကြီးဘုရင်ကို လှည့်စားသည့် ဤကိစ္စသည် ခြုံခို တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ ပေါ်တင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သရဲကြီးဘုရင်ကို သည်းခံနိုင်စွမ်းကုန်သည်အထိတွန်းအား မပေးမိစေရန် အထူး ဂရုစိုက်ရမည်ဖြစ်သည်။ သရဲကြီးဘုရင်သည် ခါးသက်စွာ သက်ပြင်းချနေသည်ကို တွေ့ရသောအခါ ပိုင်ရှောင်ချန်းသည် သူ၏ လက်စားချေမှုမှာ အောင်မြင်ပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ မျက်တောင် တဖျပ်ဖျပ်ခတ်ပြီးနောက် ပြောလိုက်သည်။

" အခုတော့ ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်ဘုရား။ ဝိညာဉ်စားသောက်ပွဲ အချိန်ကျရင်တော့ ကျွန်တော်မျိုး ပြန်လာခဲ့ပါ့မယ်၊ အရှင်မင်းကြီး။"

သရဲကြီးဘုရင်သည် သူ့ကို စူးစူးရဲရဲ ပြန်ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဘာဝိညာဉ်စားသောက်ပွဲတုန်း။ ဘာဝိညာဉ်စားသောက်ပွဲမှ မရှိဘူး။ ဒီကနေ ထွက်သွားစမ်း။"

"ကပ်စေးကလည်း နည်းလိုက်တာ..."

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ထို့နောက် သူက ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကို အနည်းငယ် ပွတ်ပြီးနောက် တွန့်ဆုတ်၊ တွန့်ဆုတ်ဖြင့် တော်ဝင်နန်းတော်ထဲမှ လှည့်ထွက်သွားလေသည်။ အပြင်သို့ ရောက်သည်နှင့် သူ့မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် တောက်ပလာပြီး သူ့အိမ်ဆီသို့ အလင်းတန်းအသွင်ဖြင့် ပျံသန်းသွားလေသည်။

အိမ်သို့ ပြန်ရောက်သည်နှင့် သီးခြားကျင့်ကြံခန်းထဲသို့ ဝင်ကာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ အသက်ကို ပြင်းပြင်းရှူ၍ သူ၏အိတ်ကို ကြည့်လိုက်သည်။

ဤအိတ်ထဲတွင် ဘုရင်မင်းမြတ်ကို လွှဲမပေးခဲ့သော လူတစ်ယောက် ရှိနေသေးသည်။ ထိုသူမှာ အခြားမဟုတ်... ချင်းမေ့ယွမ်ပင် ဖြစ်သည်။

"ချင်းမေ့ယွမ်က ငါဘယ်သူလဲဆိုတာ သိသွားဖို့ အခွင့်အရေးကတော့ ၅၀/၅၀ပဲ ထင်တယ်။ ဒါဆို ငါဘာလုပ်ရမှာပါလိမ့် "

သရဲကြီးဘုရင်ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သောကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ကြည်နူးသည့် ခံစားချက်များ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားလေသည်။

သူမကိုအိတ်ထဲမှ ထုတ်၍ ဤကိစ္စကို ဖွင့်ပြောရန် တွေးကြည့်သော်လည်း ဤသို့ ပြောခြင်းသည် မှန်သည်ဟု သေချာပေါက် ပြော၍မရပေ။ မည်သို့ပင်ဖြစ်စေ သူ၏ သရုပ်အမှန်ကို ချင်းမေ့ယွမ်မသိသေးသည်မှာလည်း ဖြစ်နိုင်ချေရှိသည်။ ထိုသို့ဖြစ်ရာ သူက ချင်းမေ့ယွမ်နှင့် ပွင့်ပွင်းလင်းလင်း ဆွေးနွေးရန် ကြိုးစားလိုက်လျှင် သူ၏ သရုပ်မှန် ပေါ်ပေါက်သွားရန် ပို၍ အခွင့်အလမ်းများနေသည်။

သို့တိုင်အောင် သူမကို အိတ်ထဲမှ မထုတ်ဘဲ ထားလိုက်လျှင်လည်း မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။ သူ မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။

" အား၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ခေါင်းထဲကထုတ်ပြီး တရားထိုင်ဦးမှပါ။ "

ထိုကိစ္စကို ရင်ထဲတွင် သိမ်းထားလိုက်ပြီး ဝိညာဉ်ရေနွေးအိုး ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်စဉ်းစားနေမိစဉ် သူ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်လာသည်။

"ငါ့ကောင်းကင်တာအို ယင်ယန်ဝိညာဉ်က တကယ် အံ့ဩစရာကောင်းလောက်ကို အကျိုးသက်ရောက်မှုရှိတာပဲ။ ဓာတ်ကြီးငါးပါးက ထောက်ပံ့ပေးထားတော့ ငါနဲ့ အဆင့်တူတဲ့ ဘယ်ကျင့်ကြံသူကိုမဆို ချေမှုန်းနိုင်တယ် "

" ငါ့ကောင်းကင်တာအို ယင်ယန်ဝိညာဉ်သာ မရှိခဲ့ရင် အဲဒီလူတွေအားလုံးကို ပြန်ပေးဆွဲဖို့ တကယ်မလွယ်ဘူး "

သူက ရယ်သံကို ထိန်းချုပ်ရန် နှုတ်ခမ်းများ တင်းတင်း စေ့၍ သူ၏ ယင်ယန်ဝိညာဉ်မှ ထွက်ပေါ်လာသော ၅ရောင်ခြယ်အလင်းကို စစ်ဆေးလိုက်ရာ သူ၏ စိတ်အားထက်သန်မှုများ ပိုမို ပြင်းထန်လာတော့သည်။

"ဟားဟားဟား၊ ငါက ခုတည်းက အရမ်း သန်မာနေပြီ "

ဤအခိုက်အတန့်တွင်မူ သူ၏ ကောင်းကင်တာအို ယင်ယန်ဝိညာဉ် ဖြစ်ပေါ်လာစေရန် အားထုတ်ခဲ့သမျှသည် ထိုက်တန်သည်ဟု ယခင်ထက်ပို၍ ခံစားနေရသည်။

ထို့နောက် ဝိညာဉ်ရေနွေးအိုး ထဲမှ အဖြစ်အပျက်များကို ပြန်တွေးမိသွားပြီး ကျင့်ကြံသူအများအပြား၏ သက်စောင့်အားများကို စုပ်ယူရန် ထာဝရထီးအား အသုံးပြုပုံများကိုပါ တွေးမိသွားသည်။ ရွှီရှန်၏ သက်စောင့်အားကို မစုပ်ယူခဲ့သော်လည်း သူ့ကို ဖမ်းပေးခဲ့သော တစ်ဒါဇင်ခန့်ရှိမည့် လက်ရွေးစင်များကိုမူ မသိမသာ စုပ်ယူခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ ထာဝရအရိုးများသည် ရောစပ်အရိုး၏အဆင့်ရှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

" အဆင့်ရှစ် "

တခြားရှုထောင့်မှ ကြည့်လျှင် သူ၏ ထာဝရအရိုးကျင့်ကြံခြင်းသည် နှေးနေသည်ဟု ထင်ရသော်လည်း ထာဝရကျမ်းမှ အခြားအပိုင်းများနှင့်စာလျှင် မြန်ဆန်စွာ တိုးတက်လျက်ရှိသည်။ ထို့ပြင် သူ့ကို မယုံကြည်နိုင်လောက်အောင်ပင် ရှေ့သို့ တွန်းပို့ပေးလျက်ရှိသည်။

" အဆင့်ကိုးကို ရောက်တာနဲ့ ငါရဲ့ ထာဝရဧကရာဇ်လက်သီးက နှစ်ဆ အားပြင်းသွားတော့မယ် "

"ကျင့်ကြံခြင်း တိုးတက်တာထက် ဝိညာဉ်ရေနွေးအိုး ထဲမှာ ရခဲ့တဲ့ အရေးကြီးဆုံးအရာက...ငါ့တပည့်ပဲ။ ငါ… ပိုင်ဟောက်ရဲ့ ဝိညာဉ်ကို ရခဲ့ပြီ။ "

သူ့မျက်လုံးများ တလက်လက်စူးရှတောက်ပလျက် သူ၏အိတ်ထဲရှိ ဝိညာဉ်သိုလှောင်စေတီထဲသို့ ကြည့်လိုက်သည်။ အထဲတွင်ကား အထီးကျန် အမုန်းဝိညာဉ်...ပိုင်ဟောက်ရှိနေသည်။

သူ့မျက်လုံးများမှာ မြောက်မြားစွာသော အမှတ်တရအဖြစ်အပျက်များနှင့် တလက်လက်တောက်ပနေပြီး သူ ရေရွတ်လိုက်သည်။

" ငါ့တပည့်၊ မင်းရဲ့အသိဥာဏ်ပြန်သွင်းဖို့ အချိန်ကျပြီ "

All Chapters