← Chapters

ရှင်သန်ဖို့ ကြိုးစားနေသူ

Vol. 4 Ch. 232

ရှင်သန်ဖို့ ကြိုးစားနေသူ

Vol. 4 Ch. 232

အမှောင်ထုနဲ့တစ်သားတည်းဖြစ်နေတဲ့ နက်ဆန်က ချက်ချင်းဆိုသလိုပဲ ရူဘီရှေ့ပေါ်လာခဲ့တယ်။ သူ့လက်ထဲမှာ လက်နက်မရှိသလို အတောင်ပံကိုလည်း အသုံးပြုမထားဘူး။ လျင်မြန်မှုဆိုတာထက် အမှောင်ထုကို အသုံးပြုပြီးနေရာခုန်ကူးနေသလိုပဲ။

မဟုတ်ဘူး... အမှောင်ထုရှိတဲ့နေရာတိုင်းက နက်ဆန်ဖြစ်သွားခဲ့တာပါ။

“မဖြစ်နိုင်တာ....” ရူဘီက မျက်လုံးပြူးသွားပြီး ဘေဘီလုံဂိတ်တံခါးကြီးကို ဆင့်ခေါ်လိုက်ပါတယ်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အမှောင်ထုရှိတဲ့ နေရာတိုင်းမှာ နက်ဆန်ရဲ့ပုံရိပ်ကိုမြင်နေရပြီး တုနှိုင်းမဲ့ တစ်ပြိုင်နက်တည်းတည်ရှိနေတဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ။

“ရူဘီ... ငါတို့ဒီကနေ ဖောက်ထွက်ကြမယ်။” အခြေအနေ မဟန်လောက်တော့မှန်းသတိထားမိတဲ့ လီချင်းချင်းက မိစ္ဆာသုံးပါးပုံစံကိုထိန်းသိမ်းထားရင်း ပြေးထွက်သွားလိုက်တယ်။ ရူဘီကလက်ကိုမြှောက်ပြီး တားခဲ့ပေမဲ့ မမီတော့ပါဘူး။

“ချင်းချင်း.. တံတိုင်းထဲက မထွက်နဲ့....”

ဒါပေမဲ့ စက္ကန့်ဝက်မပြည့်ခင်မှာပဲ လီချင်းချင်းက အမှောင်ထုထဲကိုနစ်မြုပ်သွားခဲ့တယ်။ ယခင်ကလည်း နက်ဆန်ဟာအမှောင်နတ်ဘုရားခန္ဓာကိုယ်ကိုသုံးပြီး ရန်သူတွေကိုချုပ်နှောင်နိုင်တယ်။

ဒါပေမဲ့ဒီတစ်ခါမှာတော့ ရန်သူဟာချုပ်နှောင်ခံရခြင်း မဟုတ်ဘဲနဲ့ ပင်လယ်ကြီးထဲကို ကျဆင်းသွားခဲ့တဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ရေပွက်တစ်ခုလောက် ထွက်ပေါ်လာပြီးနောက် လုံးဝ ပျောက်ဆုံးသွားတော့တယ်။ ချုပ်နှောင်ထား ခြင်းမဟုတ်ဘဲ ဝါးမျိုခံလိုက်ရသလိုပေါ့။

“ချင်းချင်း....” ရူဘီက စိုးရိမ်စိတ်နဲ့အတူ ရှေ့တက်တယ်။ နေရာတိုင်းမှာနက်ဆန်ကို မြင်နေရတဲ့အတွက်ကြောင့် လက်ထဲကသေနတ်နဲ့ ကျည်ကုန်တဲ့အထိပစ်ခတ်ဖို့ဆုံးဖြတ်လိုက်ပြီ။

ဒိုင်း... ဒိုင်း... ဒိုင်း....

သေနတ်ကျည်ဆန်ခြောက်ခုက အဆုံးမဲ့နက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲကို နစ်ဝင်သွားပေမဲ့ ဧရာမ ဆင်ရိုင်းကြီးတစ်ကောင်ကို အပ်နဲ့ပေါက်သတ်သလို ခံစားချက်မျိုးကိုသာရလိုက်ပြီး ရူဘီရဲ့နှလုံးသားထဲမှာ ခဲဆွဲထားသလိုလေးလံလာခဲ့ပြီ။

“ငါတို့က ဖြစ်တည်မှုခြင်းတောင် တူကြသေးရဲ့လား။”

နက်ဆန်ရဲ့လက်ရှိစွမ်းအားက ရူဘီသိထားတဲ့ လူသားတစ်ယောက်တတ်နိုင်တာထက် ကျော်လွန်တယ်။ နတ်တစ်ပိုင်းတစ်ယောက်ဟာ နတ်ဘုရားခန္ဓာကိုယ်ကိုအသုံးပြုနိုင်ပေမဲ့ လူသားခန္ဓာကိုယ်လည်းရှိနေသေးတယ်။ လူသားခန္ဓာကိုယ်က အဲဒီနတ်တစ်ပိုင်းရဲ့လုပ်နိုင်စွမ်း အများစုကိုကန့်သတ်ထားလိုက်တယ်။

ဒါပေမဲ့ မျက်နှာဖုံးတပ်ထားတဲ့ နက်ဆန်ကတော့ သူ့လူသားခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်နဲ့ လုံးဝပေါင်းစပ်စေခဲ့ပြီး ကိုယ်တိုင်အမှောင်ထုထဲမှာ ပျော်ဝင်နိုင်ခဲ့တယ်။

“ဒဏ္ဍာရီထဲက ညခြုံလွှာအစစ်ဆိုတာ ဒါမျိုးလား”

တိုက်ပွဲကိုကြည့်နေတဲ့ အရိုးစုကြီးနှစ်ခုဟာလည်းပဲ တိုက်ပွဲကိုဂရုတစိုက် ကြည့်ရှုလာကြပါပြီ။ အထူးသဖြင့် အရိုးနီဘိုးဘေးပေါ့။

“ဒီအမှောင်ထုက သန့်စင်လွန်းတယ်... ဒီကလေးက မျက်နှာဖုံးကို ပြီးပြည့်စုံတဲ့အဆင့်ထိ သုံးနိုင်သွားတာ။ မင်းရဲ့ဒိုင်းမလေးတော့ ရှုံးတော့မှာ....”

အရိုးနီကြီးက ရွှေရောင်အရိုးခြောက်ကြီးကိုကြည့်ပြီး လှောင်ပြောင်ရယ်မောလို့။ သေပြီးတဲ့နောက်မှာ ဒီအရိုးစုကြီးနှစ်ခုက ဘယ်ကိုမှမသွားနိုင်ဘဲ ဒီနေရာမှာ ပိတ်မိနေခဲ့တာမလို့ တစ်ဦးကိုယ်တစ်ဦး မုန်းတီးနေခဲ့ ကြတယ်မဟုတ်လား။

“ချင်းချင်း... အထဲကိုပြန်ဝင်လာခဲ့.... အပြင်မှ အန္တရာယ်များတယ်။”

ရူဘီက အသံကုန်အော်ဟစ်နေပေမဲ့ လီချင်းချင်းရဲ့ အရိပ်အယောင်ကိုတောင်မတွေ့ရဘူး။ အဲဲဒီအစား အမှောင်ထုကသာ ပိုမိုအားကောင်းလာပြီး ရွှေရောင် တံတိုင်းကြီးက စတင်အားနည်းလာခဲ့တယ်။

“သူရှုံးနိမ့်သွားပြီ....” ခဏနေတော့ အမှောင်ထုထဲက နက်ဆန်ရဲ့စကားသံထွက်ပေါ်လာပြီး မိန်းကလေး တစ်ယောက်ရဲ့နုနယ်တဲ့ခန္ဓာကိုယ်က ရူဘီရဲ့ဘေးနား ပြုတ်ကျလာတယ်။

လီချင်းချင်းရဲ့မိစ္ဆာပုံစံက ပျောက်သွားပြီး မျက်လုံးတွေပွင့်နေပေမဲ့ အသိစိတ်မရှိတော့ဘူး။ ရူဘီက လီချင်းချင်းနားမှာဒူးထောက်ထိုင်ချလိုက်ပြီး မျက်နှာကိုလက်နဲ့ထိတွေ့လိုက်ပေမဲ့ လီချင်းချင်းဆီက ဘာတုံ့ပြန်မှုမှမရှိဘူး။

“နင်သူ့ကို ဘာလုပ်လိုက်တာလဲ။” ရူဘီရဲ့လက်တွေက တဆတ်ဆတ်တုန်ယင်နေတယ်။ ဒိုင်းကိုခံစစ်မှာပဲ အာရုံစိုက်ထားရတဲ့အတွက် ပြန်တိုက်ဖို့မျှော်လင့်ချက် မရှိဖြစ်နေပေမဲ့ နက်ဆန်ကိိုမုန်းတီးတဲ့စိတ်တွေက ပိုမိုကြီးထွားလာခဲ့တယ်။

“ သူ့ဖြစ်တည်မှုကိုသူ မေ့သွားတာ” နက်ဆန်က ထပ်ပြီးပြောလိုက်တယ်။

“အခုအချိန် ငါ့အရိပ်ထဲမှာ ဆားဗီးရပ်ရှိ​နေရင်တောင် သူ့ကိုယ်သူမေ့သွားလိမ့်မယ်။” သူ့လေသံက တကယ့် အမှန်တရားကို ပြောနေသလိုမျိုး။

တစ်ဖက်မှာလည်း အမှောင်ထုက ရွှေတံတိုင်းကြီးကို တိုက်စားနေတာ ပိုမြန်လာပြီ။ မကြာခင်မှာပဲ ရူဘီရဲ့တစ်ဝိုက်မှာသာ ရွှေရောင်အလင်းတွေ ကျန်ရစ်တော့တယ်။

“တောင်းပန်ပါတယ်... ငါသာနင့်ကို ခေါ်မလာခဲ့ရင်” ရူဘီက လီချင်းချင်းရဲ့ခန္ဓာကိုယ်ကို တင်းတင်း ဖက်ထားပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ မျှော်လင့်ချက်မဲ့ခြင်းဆိုတာကို ပထမဆုံးအကြိမ် ခံစားမိတာပဲ။

အမှောင်ထုကအားကောင်းလာတာနဲ့အမျှ ရူဘီဟာ သူ့မှတ်ဉာဏ်တွေကို စတင်ဆုံးရှုံးလာခဲ့တယ်။ ဒိုင်းကို အသုံးပြုရမယ့်နည်းတွေမေ့လာပြီး အသက်တမျှ အရေးကြီးတဲ့ဒိုင်းကိုတောင် ပစ်ချလိုက်မိတယ်။

အဲဒီနောက်တော့ အမှောင်ထုက သူ့ကို လုံးဝဝါးမျိုသွားပြီး ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိတဲ့အထိ၊ ကိုယ့်ခန္ဓာကိုယ်ကိုတောင် မခံစားနိုင်တော့တဲ့အထိ အသိစိတ်ကင်းမဲ့ သွားပါတော့တယ်။

...

“ထတော့....”

“အိပ်မနေနဲ့တော့....”

တစ်ယောက်ယောက်ရဲ့ခေါ်သံကြောင့် ရူဘီက မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ သူ့လက်ထဲမှာ လီချင်းချင်းရဲ့နွေးထွေးတဲ့ခန္ဓာကိုယ်လေး ရှိနေဆဲပဲ။ အေးစက်တဲ့အမှောင်ထုကတော့ ရှိမနေတော့ဘဲ သူ့ရှေ့မှာ ရွှေရောင်မျက်နှာဖုံးဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်သာ ရပ်နေလေရဲ့။

“မင်းတို့ရှုံးသွားပြီ၊ ဒီနေရာကနေ ထွက်သွားကြ”

နက်ဆန်က တုံးတိပဲပြောလိုက်တယ်။ သူ့လက်ထဲမှာ အနက်ရောင်ဆေဘာဓားရှိနေပြီး မျက်နှာသေနဲ့ အိမ်စေကတော့ နောက်မှာရပ်နေတယ်။ ကျောမှာလည်း အတောင်ပံခြောက်ဖက်။

ရူဘီကတော့ နားမလည်နိုင်စွာနဲ့မေးလိုက်တယ်။

“ဘာလို့လဲ....”

နက်ဆန်ကတော့ နားလည်ရခက်တဲ့အမူအရာနဲ့ မိန်းကလေးနှစ်ယောက်ကို စိုက်ကြည့်နေခဲ့တယ်။ ရူဘီကတော့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တာပေါ့။

“ကျွန်မနိုင်ခဲ့ရင် ရှင်ကိုအသက်ချမ်းသာပေးမှာ မဟုတ်ဘူးနော်။”

ရူဘီရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ ဖြစ်လာမယ့် ကပ်ဘေးကြီးမှာ အသက်ရှင်ကျန်ဖို့ပါ။ အမှောင်ကြယ် ဖြစ်တဲ့နက်ဆန်ကိုသတ်လိုက်ရင် ကြယ်နှစ်ပါးစစ်ပွဲလဲ ဖြစ်လာမှာမဟုတ်တော့ဘူး။ ပီးယပ်ရဲ့အကြံလည်း ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် ရူဘီသာနိုင်ရင် နက်ဆန်အသက်ရှင်စရာအကြောင်းမရှိဘူး။

“ဟေး... မင်းနဲ့ငါ့ကြားမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးတွေ ရှိမနေဘူးလေ။ ဒီအတိုင်း ဘက်မတူတဲ့သူတွေမလို့ တိုက်ခိုက်ခဲ့ကြရုံပဲ။”

နက်ဆန်က ရူဘီကို လက်ကမ်းပေးခဲ့တယ်။ ရူဘီက တုန်ယင်နေတဲ့နှုတ်ခမ်းတွေနဲ့ နက်ဆန်ကို ကြည့်နေခဲ့တယ်။ အချိန်ကြာလာလေလေ ဒီလူက နားလည်ရခက်လာလေပဲ။

ရူဘီပြန်သတိရလာတယ်။ နက်ဆန်က ရော့ဝဲလ်နဲ့အတူ ရိုမြူလက်ချက်ကျောင်းကိုဝင်တိုက်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ အခုလည်း သူ့ကို သတ်ဖြတ်ဖို့ငြင်းဆန်နေပြန်ပြီ။

“ဘာလို့လဲ... ကျွန်မက ရှင်သတ်ဖို့မထိုက်တန်တဲ့သူ၊ ပြိုင်ဘက်ဖို့သတ်မှတ်ဖို့ အရည်အချင်းမပြည့်ဝတဲ့ သူမလို့လား။”

ရူဘီက ပြောရင်းဆိုရင်းနဲ့ဒေါသသံပါလာတယ်။ နက်ဆန်က ခေါင်းခါလိုက်ရင်း သူ့ကိုငြင်းဆန်နေတဲ့ မိန်းကလေးဆီကမ်းထားတဲ့လက်ကို ရှေ့ကို ပိုတိုးတယ်။

“ငါ့မျက်လုံးထဲမှာ မင်းကပြိုင်ဘက်မဟုတ်ဘူး။ အသက်ရှင်ဖို့အတွက် ကြိုးစားနေတဲ့ နောက်ထပ် လူသားတစ်ယောက်ပါပဲ။”

ဒီစကားကြောင့် ရူဘီရယ်မောလိုက်တယ်။ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်သလဲ။ ဒီလူသားက ကျောင်းခြောက်ကျောင်းရဲ့ အရက်စက်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အမှောင်ကျောင်းတော်ရဲ့အယ်ဒါ ဘယ်လိုဖြစ်လာရတာလဲ။ ရူဘီစိတ်ရှုပ်သွားပေမဲ့ နက်ဆန်ရဲ့လက်ကို လှမ်းယူလိုက်ပြီ။

“ရှင်က တကယ့်ကို မိုက်မဲတဲ့သူပဲ။ ဒီဆုံးဖြတ်ချက်ကို ရှင်နောင်တမရဖို့ မျှော်လင့်ရတာပဲ။”

ရူဘီက သတိပြန်မရသေးတဲ့ လီချင်းချင်းကို မင်းသမီးလေးလိုပွေ့ချီထားတယ်။ သူကနက်ဆန်ကို ကျောခိုင်းထားပြီး ထွက်ပြေးဖို့အသင့်ဖြစ်နေပါပြီ။

“ဒါပေမဲ့... ကျွန်မက အကြွေးတင်ရတာမကြိုက်ဘူး။ အခွင့်ကြုံတဲ့အခါ ပြန်ပေးဆပ်ရသေးတာပေါ့။”

ရူဘီက နက်ဆန်ကိုအသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးပြလိုက်ပြီး ချောက်ကမ်းပါးအပေါ်ကိုစပြေးတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ကြေက်စရာကောင်းတဲ့ အရှိန်အဝါကြီးနှစ်ခုက ချောက်ကမ်းပါးထဲမှာ ပေါက်ကွဲထွက်လာခဲ့တယ်။

“လက်ရှိညအရှင်... မင်းက ငါတို့ရဲ့ဆန္ဒကို မလေးစားတာလား။ ဒီနေရာကနေ အနိုင်ရတဲ့သူပဲထွက်သွားရမယ်လို့ ပြောခဲ့ပြီးပြီ။”

“ရန်သူကိုတောင် မသတ်ရက်တဲ့ မပြတ်သားတဲ့ မင်းလိုကောင်မျိုးက ငါ့ရာထူးကို ယူထားဖို့ မထိုက်တန်ဘူး။”

နက်ဆန်ကတော့ သူနဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အရိုးစုကြီးနှစ်ခုကိုကြည့်လိုက်တယ်။ ဒီလူတွေ အသက်ရှိစဥ်တုန်းက စံမီတဲ့ရှေးအယ်ဒါတွေ ဖြစ်ခဲ့တယ်ဆိုပေမဲ့ သူ့မှာယုံကြည်ချက်ရှိနေတယ်။

“နှစ်တွေကြာခဲ့ပြီဆိုတော့ ခင်ဗျားတို့ရဲ့စွမ်းအားတွေ ကျဆင်းလာနေပြီပဲ။ ဒီအရှင်က ခင်ဗျားတို့ကို ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ကူညီပေးမယ်။”

နက်ဆန်က ဓားကိုဝေ့ယမ်းပြီး အတောင်ပံကိုခတ်ကာ အရိုးစုနှစ်ခု​ဆီကို ပြေးသွားလိုက်တယ်။ တစ်ဖက် အရိုးစုတွေကလည်း တိုက်ခိုက်ဖို့ပြင်ဆင်တယ်။ ချောက်ကမ်းပါးထဲက တစ္ဆေထောင်ချီဟာ သွေးနီရောင်အရိုးစုရဲ့ထိန်းချုပ်မှုနဲ့အတူ နက်ဆန်ဆီ ပြေးလာနေပြီး အလင်းစွမ်းအင်တွေနဲ့ဖွဲ့စည်းထားတဲ့ တောင်တန်းပုံရိပ်ကြီးကတော့ နက်ဆန်ပေါ်ကိုပြုတ်ကျ လာနေပါပြီ။

“မော်လီ... ငါ့အတွက် လမ်းရှင်းပေး။”

“အမိန့်အတိုင်း ဖြစ်စေရပါမယ် သခင်။”

မော်လီက ကိုယ်ကိုလှည့်လိုက်တယ်။ ကြိုးတပ်တံစဥ် သံကြိုးတွေကရှည်ထွက်လာပြီး ချောက်ကမ်းပါးထဲမှာ မြွေတစ်ကောင်အလားလှုပ်ရှားနေတယ်။ တံစဥ် အသွားက ဧရာမတောင်တန်းပုံရိပ်ကြီးကို တိုက်ရိုက်ပိတ်ဆို့လိုက်ပြီးတဲ့နောက် ဖုတ်ကောင်ဘုရင်မဆီက ကြော်မက်ဖွယ်ကောင်းတဲ့အငွေ့အသက်တွေ စတင်ထွက်ပေါ်လာတော့တယ်။

“လမ်းဖယ်ကြစမ်း....”

ဝုန်း....

အော်သံတစ်ခုနဲ့တင် အငြိုးကြီးတစ္ဆေတွေဟာ အနီရောင်အရိုးစုရဲ့တစ္ဆေတစ်ရာလမ်းလျှောက်ခြင်း မန္တန်ကနေ လွတ်မြောက်ကုန်ပြီး ကြောက်လန့်တကြား ထွက်ပြေးကုန်တယ်။ မျက်နှာဖုံးဝတ်နက်ဆန်ကြောင့် မော်လီရဲ့ကြောက်ရွံမှုစွမ်းအားက အားကောင်းလာတာ အသေအချာပဲ။

“ ပျောက်ကွယ်သွားလိုက်တော့....”

အမှောင်ထုနဲ့တစ်သားတည်းဖြစ်နေတဲ့ နက်ဆန်က အရိုးစုနှစ်ခုလုံးကို အမှောင်ထုကြီးထဲ ပိတ်လှောင်ထားလိုက်တယ်။

“ငါတို့ဘယ်ရောက်နေတာလဲ....”

“ငါ့စစ်တပ်ကြီးရော....”

“အမေ... အမေဘယ်မှာလဲ....”

အရိုးစုကြီးတွေရဲ့ဖြစ်တည်မှုနဲ့အသိဉာဏ်တွေ ခတ္တမှေးမှိန်သွားချိန်မှာတော့ နက်ဆန်ဟာမညှာတမ်း တစ္ဆေဘုရင်ဓားနဲ့ပိုင်းချလိုက်တော့တယ်။

....

“မင်းသမီးလေး... တကယ်လို့ ဆက်ပြီး ခေါင်းမာနေရင် ဒီလူတစ်ယောက်ချင်းစီကို မင်းသမီးလေးရှေ့မှာတင် ကျွန်မသတ်မှာနော်။”

အီလက်ထရာက ရှားလော့ခ်ရဲ့လည်မျိုကို ဖမ်းချုပ်ပြီး မြေကြီးနဲ့ခြေထောက်လွတ်တဲ့အထိ လေပေါ်မြှောက်ထားတယ်။ သူ့လက်သည်းတွေက ရှားလော့ခ်ရဲ့လည်ပင်းထဲ ခပ်တိမ်တိမ် နစ်ဝင်နေပြီး သွေးတွေ စီးကျနေတယ်။ ရှားလော့ခ်ရဲ့မျက်နှာက ပြာနှမ်းနေပြီဖြစ်ပြီး အချိန်မရွေးသေသွားနိုင်တယ်။

အယ်မာနဲ့ဒေါ်ရသီတို့ရဲ့အ​ခြေအနေကလည်း ထူးမခြားနားပါ။ အဆိပ်မိထားတဲ့အတွက်ကြောင့် မလှုပ်ရှားနိုင်ဖြစ်နေပြီး ဘန်နီက သူတို့ကို စောင့်ကြည့်နေတယ်။

“ဟမ်....” ရုတ်တရက် ချောက်ထဲကနေ မိန်းကလေး နှစ်ယောက်ပြေးထွက်လာတဲ့အတွက် အီလက်ထရာ နားမလည်နိုင်အောင်ဖြစ်သွားတယ်။ ဒါပေမဲ့ ခဏနေတော့ သူပြုံးလိုက်ပြီး...

“ကြည့်ရတာ ညအရှင်အစား ဘုရားကျောင်းက အနိုင်ရသွားပုံပဲ။”

ဘုန်း....

ဒါပေမဲ့ အီလက်ထရာစကားမဆုံးသေးခင်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ အနက်ရောင် ဓားအလင်းကြီးတစ်ခုက ချောက်ထဲကနေ ထွက်လာရော။

“စစ်မှန်တဲ့ အယ်ဒါအဆင့်လား... ငါ့ခန့်မှန်းချက်ကို ကျော်လွန်သွားတာပဲ။”

အီလက်ထရာက မျက်လုံးကိုမှေးလိုက်ပြီး ရှားလော့ခ်ကို ပစ်ချလိုက်တယ်။ လေကျောင်းတော် အယ်ဒါက လည်ပင်းကိုလက်နဲ့ဖိထားရင်း အသက်ကို လုရှုနေရတယ်။ အီလက်ထရာကတော့ မိုနီကာကိုရော တခြားသူတွေကိုပါ ဂရုမစိုက်တော့ဘဲ ချောက်ထဲက ထွက်လာတဲ့ တတိယမြောက်လူသားကို ကြည့်လိုက်ပါပြီ။

ညကောင်းကင်ကြီးတစ်ခုလုံးထင်ဟပ်နေတဲ့ မျက်လုံးတွေ၊​ ရွှေရောင်မျက်နှာဖုံး၊ ညခြုံလွှာနဲ့ အမှောင်ထုနဲ့တစ်သားတည်းဖြစ်နေတဲ့သူ။ လက်ထဲမှာ ဆေဘာဓားကိုင်ထားပြီး အတောင်သုံးစုံရှိသူကိုပေါ့။

“အီလက်ထရာ.... မင်းလုပ်ရပ်တွေအတွက် အပြစ်ပေးခံရမယ့်အချိန်ရောက်ပြီ....”

အဲဒီလူငယ်က အီလက်ထရာကိုစေ့စေ့ကြည့်လိုက်ပြီး အမိန့်တစ်ခုကို ရေရွတ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ သနားညှာတာမှုအရိပ်အယောင် နည်းနည်းလေးမှ ရှိမနေတော့ဘူး။

All Chapters