အခန်း (၂၈၂)
Vol. 26 Ch. 282
📝အပိုင်း - ၂၈၂
ဘာသာပြန် - Na Gar🐉
"ကျွန်တော်မျိုး နားလည်ပါပြီ၊ ဒါဟာ ကျောက်တိုင်ထက်က ဓားသွားလို ထက်မြက်မှုကို စမ်းသပ်တာပဲ"
ရွီဝမ်ချိုင်သည် သူ၏ ငှက်မွှေးယပ်တောင်ကို ကိုင်ကာ လက်သီးစုပ်
အရိုအသေပေးလိုက်သည်"ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်၊ ဧကရာဇ်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးမခံပါဘူး"
"ဒါဆိုရင် ပညာရှင်ရွီ... ကောင်းကောင်း ပြင်ဆင်ထားလိုက်ပါဦး။ အချိန်ကျတာနဲ့ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်။ ဒါ့အပြင် ခင်ဗျားက ပညာရှင်တစ်ယောက်ဖြစ်လို့ စစ်တိုက်တဲ့အခါ ကိုယ်ရံတော်တွေ ရှိဖို့က အရမ်း အရေးကြီးတယ်။ ဗိုလ်ချုပ်ဖန် (ဖန်ချင်းယွမ်) တောင်မှ သူ့ဘေးမှာ နက်နဲပုံရိပ်အဆင့် ဒုတိယဗိုလ်ချုပ်တစ်ယောက်ကို အကူအညီအနေနဲ့ ထားရသေးတာပဲ။ ဒီကိုယ်ရံတော် နှစ်ယောက်ကတော့—"
မိန်းမစိုးဟောက်သည် ဓားလွယ်ကာ တံခါးဝတွင် ရပ်နေသည့် ကိုယ်ရံတော်များကို ညွှန်ပြလိုက်သည် "သူတို့ကို တော်ဝင်တပ်မတော်ထဲကနေ အထူးရွေးချယ်ထားတာပါ။ နှစ်ယောက်လုံးက မဟာသွေးကြောအဆင့် ရှိတဲ့ လက်ထောက်ဗိုလ်ချုပ်တွေ ဖြစ်ကြပြီး အခုကစလို့ ပညာရှင်ရွီရဲ့ ကိုယ်ပိုင် အစောင့်အရှောက်တွေ ဖြစ်လာပါလိမ့်မယ်"
"ကျွန်တော်မျိုးတို့ ပညာရှင်ရွီကို အရိုအသေပေးပါတယ်"
ကိုယ်ရံတော် နှစ်ဦးသည် ရှေ့သို့ တိုးလာပြီး ရိုသေစွာ နှုတ်ဆက်ကြသည်။
"ငါ့မှာ ကိုင်တွယ်စရာ အစိုးရကိစ္စတွေ ကျန်သေးလို့ ခဏပဲ နေနိုင်တော့မယ်။ ပညာရှင်ရွီရဲ့ ဘေးကင်းရေးကိုတော့ မင်းတို့ လက်ထဲမှာပဲ အပ်ခဲ့မယ်"
မိန်းမစိုးဟောက်သည် ညွှန်ကြားချက်များ ပေးပြီးနောက် အိမ်တော်မှ ထွက်ခွာသွားလေသည်။
ရွီဝမ်ချိုင်သည် ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ သူ၏ ယပ်တောင်ကို အသာအယာ ခတ်ရင်း၊ တံခါးဝတွင် ရိုသေစွာ ရပ်နေသည့် ကိုယ်ရံတော် နှစ်ဦးကို ကြည့်ကာ အတွေးထဲ နစ်ဝင်နေတော့သည်။
"ဒုန်း"
တံခါးကို ပြင်းထန်စွာ ကန်ဖွင့်လိုက်သံနှင့်အတူ...
ကျူထုံသည် ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် လမ်းလျှောက်ဝင်လာသည် "ဟီးဟီး... မင်းလို ကောင်လေးကတော့ တကယ်ပဲ အောင်မြင်သွားပြီပေါ့လေ"
"ဟုတ်တယ်ဟေ့"
"တတိယတန်းစားကြီးကွ"
ကျန်တဲ့သူတွေကလည်း စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာကြသည် "မင်းကတော့ တကယ့်ကို ကံထူးရှင်ကြီးပဲ"
"သူတို့က မင်းကို 'ဝူလုံ' လို့တောင် ဘွဲ့ပေးလိုက်သေးတယ်။ ဘာတွေ ဖြစ်နေတာလဲ"
"အဖိုးကြီးရွီ.. ငါတို့ကို မြန်မြန်ပြောပြစမ်းပါဦး"
"..."
ရွီဝမ်ချိုင်က ဖြည်းညှင်းစွာ စတင်ပြောဆိုလိုက်သည် "ငါ့ကို ပညာရှင်ရွီ လို့ ခေါ်ပါ၊ ဒါမှမဟုတ် ပညာရှင်ဝူလုံလို့ ခေါ်ကြပါ"
လူတိုင်း မှင်တက်သွားကြသည်။ သို့သော်လည်း သူက နောက်ပြောင်နေသည်ဟုသာ ထင်ကာ အတည်မယူကြပေ။
"ဟေ့ လူအိုကြီး... မင်းကတော့ တကယ့်ကို အမြင့်ကြီး ရောက်သွားတာပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်... အခုတော့ မင်း ငါတို့ကို ထမင်းနပ်ကြီးတစ်နပ် ကျွေးရမယ်နော်"
"..."
"ဗိုလ်ချုပ်တို့"
ရွီဝမ်ချိုင်သည် ကိုယ်ရံတော်များထံ လမ်းလျှောက်သွားသည်။ သူ စကားမပြောရသေးမီမှာပင် ကိုယ်ရံတော်များက ငွေစများကို ကမ်းပေးလိုက်ကြရာ၊ သူက လက်သီးစုပ်နှုတ်ဆက်လိုက်သည် "ကျေးဇူးတင်ပါတယ်။ ကျွန်တော် ယူ ပြည်နယ်မှာ ရာထူးလက်ခံပြီးတာနဲ့ ပြန်ဆပ်ပါ့မယ်။ ကျူးတပ်မှူး၊ ဗိုလ်ချုပ်ကျောက်... သွားကြရအောင်၊ ဒီနေ့ ဟင်္သာစံအိမ် မှာ ငါ ကျွေးမယ်"
"မင်းကတော့ တကယ်ကို ဟန်ပန်တွေ ပါလှချေလား။ သီးသန့် ဘာရာထူးတွေများ ရထားလို့လဲ"
"ဟုတ်ပ၊ သူ့ကိုယ်သူ ကျေနပ်နေတဲ့ ပုံကိုလည်း ကြည့်ဦး။ တတိယတန်းစား ဆိုတာကတော့ တကယ်ကို ရာထူးကြီးပါပဲ"
"သွားကြစို့၊ သွားကြစို့... ဒီနေ့တော့ ဒီလူအိုကြီးဆီကနေ အဝစားပွဲကြီး တစ်ခုတော့ ရအောင် နှိုက်ရမယ်"
...
ဟင်္သာစံအိမ် အတွင်း၌။
စားသောက်ပွဲကြီးကို ခမ်းနားစွာ ခင်းကျင်းထားသည်။
သို့သော်လည်း လူတိုင်း၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသည်။
အမိန့်တော်ကို လက်ခံရရှိပြီးကတည်းက ရွီဝမ်ချိုင်သည် တခြားလူတစ်ယောက် ဖြစ်သွားသလို သူတို့ ခံစားနေရသည်။ သူတို့ကြားတွင် ထူထဲသော တံတိုင်းကြီးတစ်ခု ခြားလိုက်သလိုပင်။ စကားပြောရခြင်းနှင့် ဝိုင်သောက်ရခြင်းတို့မှာ အရင်လို မပျော်ရွှင်တော့ပေ။
သူတို့၏ သောက်စားလိုစိတ်မှာ တဖြည်းဖြည်း လျော့နည်းလာသည်။ နောက်ဆုံးတွင်တော့ အဆင်မပြေဘဲ လမ်းခွဲရမည့် အခြေအနေသို့ ရောက်လာတော့သည်။
အဆုံးသတ်တွင်...
ရွီဝမ်ချိုင်သည် သူ၏ ခွက်ကို မြှောက်ကာ ကြေညာလိုက်သည် "မိတ်ဆွေတို့... ကျွန်တော်တို့ စစ်တပ်ထဲမှာ အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ပူးပေါင်းဆောင်ရွက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ စစ်မြေပြင်မှာလည်း ကျွန်တော့်အပေါ် ဂရုစိုက်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ဘယ်စားသောက်ပွဲမှ မပြီးဆုံးဘဲ မနေပါဘူး။ ဒီတစ်ခွက် သောက်ပြီးရင်တော့ ကျွန်တော် ယူပြည်နယ်က ရာထူးကို သွားယူရတော့မှာပါ။ အခုကစလို့ ကျွန်တော်တို့ အချင်းချင်း တွေ့ဆုံရတာတွေက ပိုပြီး နည်းပါးသွားပါလိမ့်မယ်"
သူ၏ စကားလုံးများမှာ ယဉ်ကျေးသိမ်မွေ့သယောင် ရှိသော်လည်း...
အသိဉာဏ်ရှိသူ မည်သူမဆို ထိုစကားများထဲမှ အစိမ်းသက်သက် ဖြစ်သွားမှုကို ခံစားမိကြသည်။
ဘာသာပြန်ရမည်ဆိုလျှင်... သူတို့သည် ကောင်းကင်တစ်ခုတည်းအောက်မှာ လမ်းခွဲလိုက်ကြပြီ ညီအစ်ကိုတွေအဖြစ်ကနေ လုပ်ဖော်ကိုင်ဖက်တွေ သက်သက်အဖြစ် ပြောင်းလဲသွားပြီး၊ အတိတ်က အဆက်အသွယ်တွေကို ဖြတ်တောက်ပစ်လိုက်သည့် အချက်ပြမှုပင် ဖြစ်သည်။
"ဝုန်း"
ဒါကို ကြားလိုက်ရချိန်မှာ ဖန်းယုံ က စားပွဲကို ရိုက်ကာ ထရပ်လိုက်သည် "အဖိုးကြီးရွီ... မင်း တကယ် ပြောနေတာလား"
"မင်းကိုယ်မင်း တကယ်ပဲ အရာရှိကြီး တစ်ယောက်လို့ ထင်နေတာလား"
"အမိန့်တော် ရထားတာ နာရီပိုင်းပဲ ရှိသေးတယ်၊ မင်းရဲ့ အမူအရာက ပြောင်းလဲသွားပြီလား ဘယ်သူ့ကို ပြချင်နေတာလဲ"
"မင်းက ဘာသိလို့လဲသူက ယူပြည်နယ်ကို ပြောင်းရမှာလေ၊ ဘယ်လောက်တောင် ရာထူးကြီးသွားမလဲ ဘယ်သူသိမှာလဲ။ သူက ဗိုလ်ချုပ်ချန်ရဲ့ လက်အောက်မှာ ဆက်နေစရာ လိုသေးလို့လား"
"မင်း ဆိုလိုတာက သူက ဆန်းရှီ နဲ့ ဆက်မပတ်သက်တော့ဘဲ ကိုယ်ပိုင် အာဏာကိုပဲ တည်ဆောက်ချင်တော့တာလား"
ကျူထုံကတော့ နောက်ဆုံးမှ နားလည်သွားသည်။
"ဒါမဟုတ်ရင် သူ ပြောတာက ဘာကို ဆိုလိုတယ် ထင်လို့လဲ"
"သူ့မှာ ရည်မှန်းချက်တွေ ရှိနေတာကို ငါ မြင်နေတာ ကြာပါပြီ။ ညဖက်တွေမှာ ဒါရှန်မြေပုံ တစ်ခုလုံးကို ကြည့်ပြီး လွတ်လွတ်လပ်လပ် ကွပ်ကဲချင်တဲ့ အိပ်မက်တွေ မက်နေတာ မဟုတ်လား"
"မင်း တပ်မှူးကြီး လုပ်ချင်တယ်ဆိုရင်လည်း ငါတို့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ ငါတို့နဲ့ အဆက်အသွယ် ဖြတ်စရာ လိုလို့လားဘာလဲ... ငါတို့က မင်းကို အရှက်ရစေလို့လား"
"စကားတွေကို ကွေ့ပတ်ပြောနေတာ... တကယ်ကို ရွံစရာပဲ"
"သွားကြစို့၊ သွားကြစို့"
"သူ့ကျွေးတာကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ငွေတွေကို သူ့ဆီမှာပဲ ထားခဲ့လိုက်"
လူတိုင်းက သူတို့ ခါးကြားက ငွေစတွေကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်တင်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပါတော့သည်။
"ရာထူးတက်တော့ အောက်ခြေလွတ်တဲ့ကောင်၊ စက်ဆုပ်စရာပဲ"
ကျူထုံသည် သူ၏ ခံစားချက်ကို ဖော်ပြရန် စကားလုံးအချို့ကို နောက်ဆုံးမှ ရှာတွေ့သွားပြီး၊ မြေပြင်သို့ တံထွေးတစ်ချက် ထွေးကာ သူ၏ တူကို ဆွဲ၍ ထွက်သွားလေသည်။
စားပွဲတွင် ဝမ်ကျိီနှင့် ရွီဝမ်ချိုင် နှစ်ဦးတည်းသာ ကျန်တော့သည်။
ရွီဝမ်ချိုင်သည် စားပွဲပေါ်တွင် ပြန့်ကျဲနေသော ငွေစများနှင့် ကျန်ရစ်သော အစားအသောက်များကို စိုက်ကြည့်ရင်း အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေသည်။
ဝမ်ကျိီက ထရပ်လိုက်သည်။ လက်ထဲတွင် ဓားကို ကိုင်ထားကာ သူ၏ အသံမှာ အေးဆေးတည်ငြိမ်နေသည် "ငါလည်း သွားတော့မယ်၊ ဆန်းရှီ ကို မင်း ဘာများ မှာချင်သေးလဲ"
"ဗိုလ်ချုပ်ချန် ဆီကို ဒီစာလေးကို ပေးပေးဖို့ အစ်ကိုဝမ်ကို ဒုက္ခပေးပါရစေ"
ရွီဝမ်ချိုင်သည် တခြားလူတွေ ဝိုင်သောက်နေစဉ်အတွင်း ဘေးခန်းမှာ သူ ရေးထားခဲ့သော စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။
"ကောင်းပြီ၊ သွားတော့မယ်"
ဝမ်ကျိီက နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
...
စစ်တပ်မြို့တော်။ လေ့ကျင့်ရေးကွင်းငယ်လေး။
ချန်ဆန်းရှီသည် အရင်အတိုင်းပင် လှံပညာကို ကြိုးစားပမ်းစား လေ့ကျင့်နေဆဲ ဖြစ်သည်။
ရတနာဆေးဝါးများနှင့် ဝိညာဉစပါးတို့၏ အထောက်အပံ့ဖြင့် သူ၏ ကျွမ်းကျင်မှုမှာ တဖြည်းဖြည်း မြင့်တက်လာသည်။
မဟာသွေးကြောအဆင့်တွင် အဆင့်လေးဆင့် ရှိပြီး တစ်ဆင့်ချင်းစီမှာ မတူညီတဲ့ အသုံးဝင်မှုတွေ ရှိပါတယ်။
'အခြေခံအဆင့်' ကို ထုံချောင်လို့လည်း ခေါ်ပါတယ်။
ထုံချောင် အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ သွေးချီကနေ သန့်စင်လိုက်တဲ့ အစွမ်းတွေက ခန္ဓာကိုယ်အတွင်းမှာ စီးဆင်းနိုင်လာပါတယ်။ ဒါဟာ သွေးကြောတွေနဲ့ ခန္ဓာကိုယ်ကို သန်မာစေသလို အံ့ဩစရာကောင်းတဲ့ ပေါက်ကွဲအားကိုလည်း ဆောင်ကြဉ်းပေးပါတယ်။ အဲဒီအချိန်ကစလို့ သိုင်းပညာရှင်တွေဟာ ကြွက်သားအားကိုတင် မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းမှာ ငြိမ်သက်နေတဲ့ သွေးကြောတွေရဲ့ အစွမ်းကိုပါ အားကိုးလာနိုင်တာ ဖြစ်ပါတယ်။
'ကျွမ်းကျင်အဆင့်'ကိုတော့ 'သွေးကြောဖွင့်ခြင်း'လို့ ခေါ်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ အဓိက သွေးကြော ၁၂ ခုနဲ့ ထူးခြားတဲ့ သွေးကြော ၈ ခု၊ စုစုပေါင်း အဓိက သွေးကြော ၂၀ ရှိပြီး တခြား သွေးကြောငယ်လေးတွေ အများကြီး ရှိပါတယ်။ အဓိက သွေးကြော ၁၂ ခုကို ဖွင့်နိုင်တာဟာ သွေးကြောဖွင့်ခြင်း အောင်မြင်တာ ဖြစ်ပါတယ်။
သွေးကြောတွေ ပွင့်သွားပြီးတဲ့နောက်မှာ အင်အားတွေကို အဲဒီ သွေးကြော ၁၂ ခုထဲမှာ သိုလှောင်ထားနိုင်ပါတယ်။ ဘယ်လောက်အထိ သိုလှောင်နိုင်လဲဆိုတာကတော့ သွေးကြောတွေ ဘယ်လောက်အထိ ကျယ်ပြန့်သလဲနဲ့ သွေးကြောငယ်လေးတွေ ဘယ်နှစ်ခု ပွင့်သွားသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။