အခန်း (၂၈၃)
Vol. 26 Ch. 283
📝အပိုင်း - ၂၈၃
ဘာသာပြန် - Na Gar🐉
ဟွာကျင်းသိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားဟာ သွေးချီကို လောင်ကျွမ်းစေမှုအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတာ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးစွမ်းရည်က သွေးချီသက်သက်ထက် အဆပေါင်းများစွာ သာလွန်ပေမဲ့ သွေးချီကုန်ဆုံးမှုကလည်း အလွန်တရာ မြင့်မားလှပါတယ်။ အကြမ်းဖျင်းအားဖြင့် အတွင်းအားသန့်စင်ခြင်းအဆင့်ထက် သုံးဆမက ပိုပြီး ကုန်ဆုံးစေတာပါ။
သွေးချီတွေ လုံးဝခန်းခြောက်သွားပြီဆိုရင် ခွန်အားကို ဆက်ပြီး မထုတ်ဖော်နိုင်တော့ပါဘူး။ ဒါကြောင့် စစ်မြေပြင်က ဟွာကျင်းပညာရှင် အများစုဟာ အသက်လုတိုက်ရမယ့် အချိန်မျိုးကလွဲလို့ သူတို့ရဲ့ အစစ်အမှန် ခွန်အားကို အလွယ်တကူ မသုံးကြပါဘူး။ အဲဒီအစား တန်းတူရန်သူနဲ့ မတွေ့မချင်း သာမန်သွေးချီနဲ့ပဲ ရန်သူတွေကို သတ်ဖြတ်လေ့ ရှိကြပါတယ်။
ဒါပေမဲ့ ချန်ဆန်းရှီ ကတော့ အကန့်အသတ်မရှိတဲ့ ခံနိုင်ရည်စွမ်းအား ရှိနေတာကြောင့် ဒီလိုကိစ္စမျိုးကို ဘယ်တုန်းကမှ စိုးရိမ်စရာ မလိုခဲ့ပါဘူး။
ဒါပေမဲ့ မဟာသွေးကြောအဆင့်ကို ရောက်သွားတဲ့ သိုင်းပညာရှင်တွေအတွက်ကတော့ အခြေအနေက တစ်မျိုး ပြောင်းလဲသွားပါတယ်။ သူတို့ဟာ အဓိက သွေးကြော ၁၂ ခုထဲမှာ ခွန်အားတွေကို အလုံအလောက် သိုလှောင်ထားနိုင်တာကြောင့် တစ်ခါတည်းနဲ့ အကြာကြီး တိုက်ခိုက်နိုင်ပြီး စစ်မြေပြင်မှာ လူပေါင်းများစွာကို သတ်ဖြတ်ပြီးမှသာ အင်အားကုန်ခမ်းသွားမှာ ဖြစ်ပါတယ်။
အသေးစားအောင်မြင်မှု့မဟာသွေးကြောအဆင့်ဆိုတာကတော့ ခွန်အားတွေကို သွေးကြောတွေထဲမှာ စနစ်တကျ လည်ပတ်စေတတ်အောင် သင်ယူတာဖြစ်ပြီး၊ သွေးကြောငယ် ၂၄ ခုကို ထပ်မံဖွင့်လှစ်ကာ ခွန်အားရဲ့ သိပ်သည်းဆနဲ့ သန့်စင်မှုကို ပိုမိုမြှင့်တင်တာ ဖြစ်ပါတယ်။
အဲဒီနောက် ကြီးမားသော အောင်မြင်မှု့အဆင့်ကို ရောက်ဖို့ဆိုရင်တော့ ထူးခြားတဲ့ သွေးကြော ၈ ခုကို ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။
ဒီအဆင့်ကို ရောက်သွားရင်တော့ ခွန်အားကို ထုတ်ဖော်ဖို့ သွေးချီကို သုံးစရာ မလိုတော့ဘဲ ထူးခြားတဲ့ သွေးကြော ၈ ခုကနေ အင်အားတွေကို အဆက်မပြတ် ထုတ်ပေးနိုင်တော့မှာပါ။ ခံနိုင်ရည်နဲ့ ခွန်အား ဘယ်လောက်ရှိမလဲဆိုတာကတော့ အရင်က တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ် ဘယ်လောက်ခိုင်မာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကို ခန္ဓာကိုယ်ရဲ့ ပါရမီလို့လည်း ခေါ်နိုင်ပါတယ်။
မဟာသွေးကြောအဆင့်က စလို့...
သိုင်းပညာရှင်တွေဟာ ကြွက်သားအားသက်သက်ကိုတင် မဟုတ်ဘဲ နက်နဲဆန်းကြယ်တဲ့ စွမ်းအားတွေဆီကို အမှန်တကယ် စတင်ခြေလှမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
"ဝူး—"
ချန်ဆန်းရှီသည် လှံရှည်ကို ဝှေ့ယမ်းလိုက်သောအခါ သူ့ခြေဖဝါးအောက်ခြေမှစ၍ တစ်စုံတစ်ခု တက်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းက ယန္တရားတွေ တစ်ခုပြီးတစ်ခု ပွင့်သွားသလိုပါပဲ ဒါဟာ လူ့ခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ် တွေ ဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ အပ်စိုက်မှတ် ၇၂၀ ဟာ တစ်ခုချင်းစီ ပွင့်သွားတာ မဟုတ်ပါဘူး။
အဲဒီအစား နေ့စဉ်ဘဝမှာ အမြဲတမ်း ပွတ်တိုက်သန့်စင်နေရတာဖြစ်ပြီး အတားအဆီးကို ကျော်ဖြတ်နိုင်တဲ့ အချိန်မှာတော့ အားလုံးဟာ တစ်ပြိုင်နက်တည်း ပွင့်သွားတာ ဖြစ်ပါတယ်။ အပ်စိုက်မှတ်တစ်ခုချင်းစီ ပွင့်သွားတိုင်းမှာလည်း နှလုံးသားကို ဓားနဲ့မွှန်းသလို ပြင်းထန်တဲ့ နာကျင်မှုကို အကြိမ်ပေါင်း ၇၂၀ တိုင်တိုင် ခံစားရတာ ဖြစ်ပါတယ်။
နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်အားလုံး ပွင့်သွားပြီး အင်အားစုများသည် အဓိက သွေးကြော ၁၂ ခုအတွင်းသို့ တိုးဝင်စီးဆင်းသွားပါတော့သည်။
တကယ်လို့...
အရင်တုန်းက သိုင်းပညာရှင်တွေဟာ ခွန်အားကို လက်နက်တစ်ခုလို ကိုင်တွယ်အသုံးပြုခဲ့ကြတာ ဆိုရင်...
အခုအချိန်ကစပြီး ခွန်အားနဲ့ သိုင်းပညာရှင်ဟာ တစ်သားတည်း ဖြစ်သွားပါပြီ။
သိုင်းပညာရှင် ကိုယ်တိုင်က လက်နက်တစ်ခု ဖြစ်လာတာပါ။
"နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ"
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ - မဟာသွေးကြောအဆင့် (အခြေခံအဆင့်)]
[တိုးတက်မှု့ - ၀/၅၀၀]
[စွမ်းဆောင်ရည် - ခွန်အားသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်း၊ ခန္ဓာကိုယ်သည် လက်နက်နှင့် ပေါင်းစပ်ခြင်း၊ သုံးခုစလုံး တစ်သားတည်းဖြစ်ကာ ဖောက်ထွင်း၍မရသော အကာအကွယ်ဖြစ်လာခြင်း]
ဖောက်ထွင်း၍မရသော အကာအကွယ်..
တစ်ဖက်လူက သာလွန်လွန်းတဲ့ ခွန်အားနဲ့ တိုက်ခိုက်တာမျိုး မဟုတ်ရင် နည်းစနစ်ပိုင်းအရတော့ ဘယ်လို အားနည်းချက်မှ ရှိတော့မှာ မဟုတ်ပါဘူး။
ချန်ဆန်းရှီက လှံကို မြေကြီးထဲ စိုက်လိုက်ရင်း "မဟာသွေးကြောအဆင့်ကို ရောက်ပြီဆိုတော့မှ ငါက လက်ထောက်ဗိုလ်ချုပ် ဆိုတဲ့ ရာထူးနဲ့ တကယ်ပဲ ထိုက်တန်သွားပြီ" ဟု ရေရွတ်လိုက်သည်
အထူးတပ်စခန်း တစ်ခုရဲ့ လက်ထောက်ဗိုလ်ချုပ် ရာထူးဟာ မဟာသွေးကြောအဆင့်နဲ့ ညီမျှတာဖြစ်လို့ အခုမှပဲ သူဟာ ရာထူးနဲ့ အဆင့်ချင်း ကိုက်ညီသွားတာ ဖြစ်ပါတယ်။
သူသည် မျက်လုံးကိုမှိတ်ကာ မဟာသွေးကြောအဆင့်၏ ခံစားချက်ကို သေသေချာချာ ခံစားကြည့်လိုက်သည်။ အရောင်အဆင်းမရှိ၊ ပုံသဏ္ဌာန်မရှိသော ခွန်အားများသည် သူ့အတွင်း၌ စီးဆင်းနေပြီး သွေးကြောထဲရှိ ခရမ်းရောင်ဝိညာဥ်ချီကိုလည်း နှောင့်ယှက်ခြင်း မရှိပေ။
လူ့သွေးကြောတွေဆိုတာ သဘာဝအတိုင်း ရှိနေတာပါ။
ဝိညာဉ်အမြုတေရှိသူတိုင်းဟာ သဘာဝရဲ့ ဝိညာဉ်စွမ်းအင်တွေကို သွေးကြောထဲကို စုပ်ယူနိုင်ကြပေမဲ့၊ ခွန်အားတွေကို သွေးကြောထဲ ထည့်သွင်းဖို့အတွက်ကတော့ သိုင်းပညာကို နေ့စဉ်ရက်ဆက် ကြိုးစားအားထုတ်မှသာ ရနိုင်တာ ဖြစ်ပါတယ်။
တစ်ခုက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ကို အားကိုးတာပါ။
နောက်တစ်ခုကတော့ သာမန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်တာပါ။
ဒါဟာ သိုင်းပညာရဲ့ လမ်းစဉ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လှံကို ကောက်ကိုင်ပြီးနောက် ချန်ဆန်းရှီသည် ဆေးဝါးခန်းသို့ သွားကာ ဆေးဖော်စပ်ခြင်းကို လေ့ကျင့်ပြန်သည်။ သူသည် စွမ်းအားသန့်စင်ဆေးရည် ဖော်စပ်နည်းကို အလွန်ကျွမ်းကျင်နေပြီဖြစ်ရာ ကြိုးစားမှုတိုင်းဟာ လက်ရှိအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီး ဦးနှောက်က စဉ်းစားနေစရာပင် မလိုတော့ဘဲ ကြွက်သားတွေရဲ့ မှတ်ဉာဏ်နဲ့တင် ဖော်စပ်နိုင်နေပြီ ဖြစ်သည်။
"ဝူး—"
မကြာမီမှာပင် အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တွေအတွက် တိုးတက်စေမယ့် မဟာအားဖြည့်ဆေးတစ်သုတ်ကို ဖော်စပ်ပြီးစီးသွားသည်။ ဆေးနံ့များသည် ဆေးအိုးထဲမှ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ပျံ့နှံ့သွားလေသည်။
[စွမ်းရည် - ဆေးပညာ - လူသားအဆင့် (အသေးစား အောင်မြင်မှု့)]
[တိုးတက်မှု့ - ၀/၂၀၀၀]
[စွမ်းဆောင်ရည် - ဆေးဖော်စပ်မှု့ မဟာဆရာ]
[ဆေးဖော်စပ်မှု့ မဟာဆရာ- ဖော်စပ်ထားသော ဆေးတွင် အဆိပ်အတောက် ကြွင်းကျန်မှု ဆယ်ပုံတစ်ပုံသာ ရှိခြင်း]
ဆယ်ပုံတစ်ပုံ..
ချန်ဆန်းရှီ ဖော်စပ်လိုက်တဲ့ ဆေးမှာ အဆိပ်အတောက် ကြွင်းကျန်မှု ဆယ်ပုံတစ်ပုံပဲ ပါဝင်တာကြောင့် ပထမတန်းစား အဆင့်ကို ကျော်လွန်ပြီး ကျွမ်းကျင်မှု့နယ်ပယ်ထဲကို ခြေလှမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ ဘာကို ဆိုလိုတာလဲဆိုရင်...
အရင်က အဆိပ်အတောက် ကြွင်းကျန်မှုတွေကြောင့် သုံးရက်မှ ဆေးတစ်ခွက်ပဲ သောက်နိုင်တဲ့ သိုင်းပညာရှင်တွေဟာ အခုဆိုရင် တစ်နေ့ကို နှစ်ခွက်ကနေ သုံးခွက်အထိ သောက်နိုင်ပြီဖြစ်လို့ ကျင့်စဉ်တိုးတက်မှုနှုန်းက သိသိသာသာ မြန်ဆန်လာတော့မှာ ဖြစ်ပါတယ်။
"အရှင်"
ကျောက်ကန်ဆေးလာယူရင်း တစ်ခုခု မှားနေတာကို ချက်ချင်း သတိထားမိလိုက်သည် "အရှင်... အရှင်ဖော်စပ်ထားတဲ့ ဆေးက ကျန်တဲ့ ဆေးဆရာတွေ ဖော်ပေးတာထက် ပိုပြီး အစွမ်းထက်နေသလိုပဲ၊ အဆိပ်အတောက် ကြွင်းကျန်တာလည်း ပိုနည်းသွားသလိုပဲဗျ"
"ဘာမှ အံ့ဩမနေနဲ့၊ အရိုးဖွဲ့စည်းခြင်းအဆင့် အထက်မှာ ရှိတဲ့သူတွေကိုပါ အကုန်ခေါ်လိုက်၊ ငါ သူတို့အတွက်ပါ ဆေးတွေ ပြင်ထားတယ်"
"ဟုတ်ကဲ့ပါ"
မကြာမီမှာပင်...
လူတစ်ဒါဇင်ခန့် အခန်းထဲမှာ စုမိသွားကြပြီး ဆေးကို သောက်ပြီးနောက်မှာတော့ သူတို့ရဲ့ မျက်နှာတွေဟာ မယုံနိုင်လောက်အောင် ဖြစ်သွားကြပါတယ်။
ဒါဟာ သာမန် အားဖြည့်ဆေး ဆိုပေမဲ့လည်း အကျိုးသက်ရောက်မှုကတော့ စကားနဲ့ ဖော်ပြလို့ မရအောင် ကောင်းမွန်လှပါတယ်။
"ဒီနေ့ကစပြီး မင်းတို့အားလုံး ကျင့်ကြံမှုကိုပဲ အာရုံစိုက်ကြပါ"
ချန်ဆန်းရှီက ညွှန်ကြားလိုက်သည် "ငါက လူတစ်ယောက်ချင်းစီရဲ့ အစာခြေနိုင်စွမ်း အမြင့်ဆုံးအဆင့်အတိုင်း ဆေးကို ဖော်စပ်ပေးမယ်။ တကယ်လို့ မင်းတို့ရဲ့ ရိက္ခာဝေစုက မလုံလောက်ရင် ဆေးဖိုးတွေကို ငါကိုယ်တိုင် စိုက်ထုတ်ပေးမယ်။ တစ်လအတွင်းမှာ မင်းတို့ထဲက ငါးယောက်ကို အတွင်းအားသန့်စင်ခြင်းအဆင့် ရောက်စေချင်တယ်။ ခြောက်လအတွင်းမှာတော့ အနည်းဆုံး တစ်ယောက်က ဟွာကျင်းအဆင့်ကို ရောက်ရမယ် မင်းတို့ လုပ်နိုင်မလား"
"စိတ်ချပါ အရှင်"
လျူကျင်းခွိုင် က အာမခံလိုက်သည် "ဒီဆေးတွေသာ ရှိမယ်ဆိုရင် ကျွန်တော် အလွန်ဆုံး နောက်ထပ် နှစ်ပတ်အတွင်း အတွင်းအားသန့်စင်ခြင်းအဆင့်ကို သေချာပေါက် ရောက်အောင် လုပ်ပါ့မယ်"
"ကျွန်တော်လည်း လုပ်နိုင်ပါတယ်"
"ကျွန်တော်လည်း ရောက်တော့မှာပါ"
သူတို့အများစုဟာ အရိုးဖွဲ့စည်းခြင်းပြီးပြည့်စုံသောအဆင့်ကို ရောက်နေကြသူတွေပါ။
"ကျေးဇူးတင်ပါတယ် အရှင်"
လူတိုင်းက ဒူးတစ်ဖက်ထောက်ကာ ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားတွေကို ဆိုကြပါတယ်။
ဒီလူတွေဟာ...
တကယ်တော့ ဘာမှမဟုတ်တဲ့ အောက်ခြေလူတန်းစားတွေ ဖြစ်ခဲ့ကြပေမဲ့ အခုချိန်အထိတော့ အတူတူ ရပ်တည်နေနိုင်ခဲ့ကြပါတယ်။ ဘယ်လို အထက်လူကြီးကများ သူကိုယ်တိုင် ဆေးဖော်ပေးပြီး လက်အောက်ငယ်သားတွေအတွက် ဆေးဖိုးတွေပါ စိုက်ထုတ်ပေးမှာလဲ။
"ဒါနဲ့... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာရွီဝမ်ချိုင် ကို မတွေ့မိပါလား"
ချန်ဆန်းရှီသည် မဟာသွေးကြောအဆင့်ကို ရောက်ဖို့ အလုပ်ရှုပ်နေသဖြင့် အခြေအနေကို မမေးမြန်းဖြစ်ခဲ့ပေ။