← Chapters

အခန်း (၂၈၅)

Vol. 26 Ch. 285

အခန်း (၂၈၅)

Vol. 26 Ch. 285

📝အပိုင်း - ၂၈၅

ဘာသာပြန် - Na Gar🐉

"အမှန်အတိုင်း ပြောရရင်..."

ချန်ဆန်းရှီက ပြောလိုက်သည် "အစ်ကိုကြီးကလွဲရင် တခြားသူတွေက အခြေအနေ သိပ်မကောင်းကြဘူး။ ဒါကြောင့် ကျွန်တော်က အစ်ကိုကြီးကိုပဲ အားကိုးရတော့မှာပါ"

"..."

ဝမ်ကျိီသည် သူ၏ဓားကို ကိုင်ထားရင်း စကားပြောရန် ပြင်လိုက်သော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။

သူသည် အရင်တုန်းက ငွေရှစ်ပြား ကိစ္စကို ပြောချင်နေခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ထိုငွေကို အလကားယူရန် မရည်ရွယ်ခဲ့ပေ။ ထိုစဉ်က ထျန်းယွမ် သိုင်းပညာခန်းမမှ လူများသည် ချန်ဆန်းရှီကို ဒုက္ခပေးရန် ကြံစည်နေကြကြောင်း သူ သိထားသည်။ ဝမ်ကျိီသည် ငွေကို ယူလိုက်စဉ်က အသက်ရှူကျင့်စဉ်ကိုသင်ပေးရန် အစီအစဉ် မရှိသော်လည်း ချန်ဆန်းရှီ၏ အသက်ကို တစ်ကြိမ် ကယ်တင်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။ ငွေရှစ်ပြားနှင့် အသက်တစ်ချောင်း လဲရသည်မှာ တန်သည်ဟု သူ ယူဆခဲ့သည်။

သူသည် လောဘကြီးသူ ဖြစ်နိုင်သော်လည်း တစ်ပါးသူ၏ အသက်ကို ဘယ်တုန်းကမှ မထိခိုက်စေခဲ့ပါ။ သူ အဓိက လိုချင်သည်မှာ သိုင်းပညာခန်းမမှ ငွေများသာ ဖြစ်သည်။ သို့သော် အချို့သော ကိစ္စများသည် အချိန်တန်သွားသောအခါ ရှင်းပြနေရန် မလိုတော့ပေ။

ချန်ဆန်းရှီသည်လည်း သူ့အပေါ်တွင် မည်သည့် ရန်ငြိုးမှ ထားပုံမရပါ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝမ်ကျိီသည် တံခါးကို တွန်းဖွင့်ကာ ထွက်ခွာသွားတော့သည်။

"..."

ချန်ဆန်းရှီသည် ထရပ်ကာ လေ့ကျင့်ရေးကွင်းသို့ ပြန်သွားပြီး သူ၏ သိုင်းပညာများကို ဆက်လက် လေ့ကျင့်နေခဲ့သည်။

ညနေခင်းတွင်...

သူသည် ပစ္စည်းများကို သိမ်းဆည်းပြီး ရှောင်ရှင်းကို ခေါ်ကာ အိမ်ပြန်ရန် ပြင်ဆင်နေစဉ် မြင်းခွာသံများ တဒုန်းဒုန်းနှင့် ချဉ်းကပ်လာသည်။

ကြည့်လိုက်သောအခါ အစ်ကိုကြီးလူကျီဖြစ်နေသည်။ သူသည် မီးခိုးရောင် သန်းနေပြီး မီးတောက်များထဲမှ ထွက်လာသကဲ့သို့ နီရဲနေသည့် မြင်းတစ်ကောင်ကို စီးလာခြင်း ဖြစ်သည်။

"ဟေး—"

"ညီလေး"

"မင်းဆီကို ပို့ဖို့ အမိန့်စာ အခုလေးတင် ရလိုက်တယ်"

သူသည် မြင်းကို ရပ်လိုက်ပြီး "စစ်ဘက်ဆိုင်ရာဌာနက မင်းကို လူအယောက် နှစ်ဆယ် ရွေးချယ်ပြီး လိုင် ပြည်နယ်ကို သွားဖို့ အမိန့်ပေးလိုက်ပြီ။ အဲဒီမှာ တန်ချင်းကို တိုက်ခိုက်မယ့် အရှေ့ပိုင်းစစ်ဆင်ရေးမှာ ပါဝင်ရမယ်"

"အရှေ့ပိုင်းစစ်ဆင်ရေး ဟုတ်လား"

ချန်ဆန်းရှီက ဇဝေဇဝါဖြင့် မေးလိုက်သည် "လူအယောက် နှစ်ဆယ်ပဲလား"

"ခရီးက ဝေးတယ်လေ၊ လူအများကြီးဆိုရင် နှောင့်နှေးနိုင်တယ်။ မင်း တောင်ဘက်ကို ဆင်းသွားပြီးတာနဲ့ ရေလမ်းကနေ တိုက်ရိုက်သွားရမယ်။ အဲဒါမှ အရှေ့ပိုင်းဒေသကို အမြန်ဆုံး ရောက်မှာ" ဟု လူကျိီက လေးနက်စွာ ပြောသည် "ဧကရာဇ်မင်းက မင်းအတွက် အနက်ရောင်သံချပ်ကာတပ်ဖွဲ့သုံးထောင်ကို ပြင်ဆင်ပေးထားပြီးသားပါ။ မင်း ရောက်သွားတာနဲ့ အဲဒီတပ်ဖွဲ့က မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိမှာ ဖြစ်တယ်"

"အနက်ရောင်သံချပ်ကာတပ်ဖွဲ့"

ချန်ဆန်းရှီ ထိုတပ်အကြောင်း ကြားဖူးသည်။ ၎င်းတို့သည် ဧကရာဇ်

မင်း၏ကိုယ်ပိုင်တပ်ဖွဲ့များထဲတွင် အထက်မြက်ဆုံး အထူးတပ်ဖွဲ့များ ဖြစ်ကြသည်။ စစ်သည်တိုင်းသည် နက်မှောင်သော သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး မြင်းများမှာလည်း အဆင့်မြင့် စစ်မြင်းများ ဖြစ်ကြသည်။

"ပြီးတော့..."

လူကျိီက ဆက်ပြောသည် "စတုတ္ထအစ်ကိုကလည်း အဲဒီမှာ မင်းကို စောင့်နေလိမ့်မယ်။ မင်းရဲ့ ပစ္စည်းတွေကို အမြန်ပြင်ဆင်ပြီး ထွက်ခွာဖို့ ပြင်လိုက်တော့။ ငါ သိသလောက်တော့ ဒါဟာ မင်းအတွက် ပိုမြင့်တဲ့ ရာထူးနဲ့ ဆုလာဘ်တွေ ရအောင် ဧကရာဇ်မင်းကြီးက အထူး စီစဉ်ပေးလိုက်တဲ့ အခွင့်အရေးပဲ"

ချန်ဆန်းရှီက မေးလိုက်သည် "အရှေ့ပိုင်း စစ်မျက်နှာရဲ့ အခြေအနေကို အစ်ကိုကြီး သိပါသလား"

"အားလုံး အဆင်ပြေနေပါတယ်"

လူကျိီက အတည်ပေါက် ပြန်ဖြေသည်"ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူးဆိုရင် တစ်နှစ်အတွင်းမှာ ငါတို့ ပြည်နယ် သုံးခုကို ပြန်သိမ်းနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ဧကရာဇ်မင်းကြီးက ဇီဝေတောင်မှာ အခမ်းအနား ကျင်းပပြီး ကျောင်းတော်ဟောင်းနေရာမှာ အောင်ပွဲရသူတွေကို ဆုလာဘ်တွေ ချီးမြှင့်လိမ့်မယ်..."

"ဟေ့ကောင်... မင်း ဘာလုပ်နေတာလဲ"

စကားပြောနေစဉ်အတွင်း...

လူကျိီ၏ မီးတောက်မြင်းသည် ရှောင်ရှင်းနားသို့ အသာအယာ တိုးကပ်သွားရာ... ရှောင်ရှင်းက သူ့ကို ချက်ချင်းပင် ကန်ထုတ်လိုက်ပြီး မာန်ပါပါနှင့် ခေါင်းလွှဲကာ လှည့်ပင်မကြည့်တော့ပေ။ မီးတောက်မြင်းသည် ဝမ်းနည်းသလို၊ ဒေါသထွက်သလို အော်ဟစ်ကာ ထပ်မံ ချဉ်းကပ်ရန် ကြိုးစားနေပြန်သည်။

"ဖတ်—"

လူကျိီက သူ့မြင်းခေါင်းကို တစ်ချက် ပုတ်လိုက်သည်"မင်း သေချင်နေတာလား"

ချန်ဆန်းရှီ : "..."

လူကျိီက အနည်းငယ် အားနာစွာဖြင့်"ဒီကောင်က ပုံမှန်ဆို ဒီလို မဟုတ်ပါဘူး၊ ရယ်စရာ ဖြစ်သွားရင် တောင်းပန်ပါတယ် ညီလေးရာ။ ဘာပဲဖြစ်ဖြစ် အိမ်ပြန်ပြီး ကောင်းကောင်း ပြင်ဆင်ထားလိုက်။ နောက်သုံးရက်နေရင် မင်းတို့အဖွဲ့ လျန်ကျိုးကနေ ထွက်ခွာရလိမ့်မယ်"

ချန်ဆန်းရှီက လက်သီးစုပ်နှုတ်ဆက်လိုက်သည် "အခုလို သတင်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုကြီး"

လူကျိီကခေါင်းညိတ်ပြပြီး မြင်းကို နှင်ကာ ထွက်ခွာသွားတော့သည်။

"ငါ ပြန်လာပြီးနားတာ နှစ်လပဲ ရှိသေးတယ်..."

ချန်ဆန်းရှီပင်လျှင် အနည်းငယ် မောပန်းသလို ခံစားလိုက်ရသည်။ သို့သော် ဤကဲ့သို့ ရှုပ်ထွေးသော ခေတ်ကာလတွင် မည်သူက မမောပန်းဘဲ နေပါ့မည်နည်း။ သူသည် မိမိကိုယ်ကို ကံကောင်းသူဟု မှတ်ယူထားသည်။

"သွားရအောင် ရှောင်ရှင်း.. ဒီတစ်ခါတော့ မင်း ဦးဆောင်ရမယ့် မြင်းတပ်က သုံးထောင်တောင် ရှိတယ်နော်"

ချန်ဆန်းရှီက မြင်း၏ လည်ဆံမွှေးကို အသာအယာ သပ်ပေးလိုက်ရင်း "လူတိုင်းက ငါ့ကို စွမ်းဆောင်ချက်တွေ အများကြီး လုပ်နိုင်တယ်လို့ ပြောကြပေမဲ့ တကယ်တမ်းမှာတော့ စစ်တိုက်တိုင်း မင်းက မရှိမဖြစ် အရေးပါတဲ့သူပါ။ ငါ့ကို ကပ်စေးနှဲတယ်လို့ ထင်နေလားအဲဒီလိုတော့ မလုပ်ပါနဲ့၊ ငါကိုယ်တိုင်လည်း ဆေးတွေ လိုအပ်နေလို့ပါ။ ဒါပေမဲ့ စောင့်ကြည့်နေလိုက်၊ မင်းသာ နောက်တစ်ကြိမ် စွမ်းဆောင်နိုင်ရင် သေချာပေါက် ဆုလာဘ် ရစေရမယ်"

သူတို့နှစ်ဦး စကားပြောရင်း ဘုရင်ခံအိမ်တော် ရှေ့သို့ ရောက်လာကြသည်။

"ဖေဖေ~"

ချန်ယွမ်ရှီးသည် အိမ်ဖော်တစ်ဦး၏ စောင့်ရှောက်မှုဖြင့် သူမ၏ ဖခင်ကို စောင့်နေသည်။

"လာပါ ယွမ်ရှီး"

ချန်ဆန်းရှီသည် သမီးလေးကို မြင်းပေါ်သို့ ချီတင်လိုက်ပြီး လမ်းတွင် သကြားလုံးအချို့ ဝယ်ပေးလိုက်သည်။

သူသည် မကြာသေးမီက ဘုရင်ခံအိမ်တော်သို့ အထူးတလည် သွားခဲ့သေးသည်။ သို့သော် ယွမ်ရှီးကိုယ်တိုင်ပင်လျှင် သူမ အရင်က တွေ့ခဲ့သော လူငယ်လေးကို ရှာမတွေ့တော့ဘဲ ထိုလူငယ်မှာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

"သူတို့ နောက်တစ်ခါ လာပြန်ပြီ..."

ချန်ဆန်းရှီ သတိထားမိလိုက်သည်။

ဘုရင်ခံအိမ်တော်မှ ထွက်လာပြီး မကြာမီမှာပင် စီယွင်ဘူရားကျောင်းမှ တာအိုဘုန်းကြီး နှစ်ပါးသည် အဝေးမှ နောက်ယောင်ခံ လိုက်လာပြန်သည်။

သူသည် ချန်အိမ်တော် ရှေ့တွင် ခေတ္တရပ်ကာ "သမီး အရင် အိမ်ထဲဝင်နှင့်တော့။ ဆောင်းရာသီ ရောက်တော့မှာဆိုတော့ ဖေဖေ တောင်ပေါ်သွားပြီး ကျားတစ်ကောင်လောက် ရှာလိုက်ဦးမယ်။ သမီးနဲ့ သမီးမောင်လေးအတွက် စောင်လုပ်ပေးဖို့လေ" ဟု ပြောလိုက်သည်။

"သခင်မလေးကို ကျွန်မတို့ဆီ ပေးပါ"

စီချင်က ချန်ယွမ်ရှီးကို လာရောက် ခေါ်ဆောင်သွားသည်။

ထို့နောက် ချန်ဆန်းရှီသည် မြင်းကို နှင်ကာ မြို့ပြင်သို့ ထွက်လာခဲ့သည်။

ထိုလူနှစ်ယောက်သည် မဟာသွေးကြောအဆင့်လောက်သာ ရှိကြသည်။ သူကိုယ်တိုင်လည်း ဤအဆင့်သို့ ရောက်ပြီးကတည်းက မည်သူနှင့်မျှ လက်ရည်မစမ်းရသေးပေ။

ဒါဟာ ထိုနှစ်ယောက်အပေါ်တွင် သူ၏ မြားအတတ်ကို စမ်းသပ်ရန် အခွင့်ကောင်းပင်။

ဒါ့အပြင် တစ်ယောက်ကိုတော့ အသက်ရှင်လျက် ဖမ်းထားသင့်သည်။ တကယ်လို့ သူတို့ဟာ မိစ္စာဂိုဏ်းက ဆိုရင် သူတို့ ဘာတွေ ကြံစည်နေသလဲဆိုတာ သိနိုင်ဖို့ ဖြစ်သည်။

"ဒုန်း... ဒုန်း..."

"ဖြောင်း—"

မြင်းခွာသံများနှင့်အတူ ရုတ်တရက် ပြင်းထန်သော လေးကြိုးသံကြီး တစ်ခု ထွက်ပေါ်လာသည်။

ခြေလှမ်း နှစ်ရာခန့် အကွာတွင်...

နောက်ယောင်ခံ လိုက်လာသည့် တာအိုဘုန်းကြီးသည် တစ်ဖက်လူက ဘယ်အချိန်မှာ လေးကို ထုတ်လိုက်မှန်းပင် မသိလိုက်ပေ။ သူ သတိထားမိလိုက်ချိန်တွင် မြားသည် သူ၏ နှလုံးသားဆီသို့ ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။

သူသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင်တော့ ဒီကလေးကတော့ ရယ်စရာပဲဟု တွေးကာ လက်ဝါးဖြင့် မြားကို ပုတ်ထုတ်ရန် ကြိုးစားလိုက်သည်။

အဆင့်မြင့် သိုင်းပညာရှင်တွေ ရှေ့မှာ မြားတွေက ဘာအသုံးကျမှာလဲဟု သူ ထင်မှတ်ထားသည်။

သို့သော်လည်း ၂၀ ရာခိုင်နှုန်းသော ခွန်အားများ ထည့်သွင်းထားသည့် တာအိုဘုန်းကြီး၏ လက်ဝါးသည် မြားထိပ်နှင့် ထိတွေ့လိုက်သည့် ခဏမှာပင် သူ့မျက်နှာပေါ်၌ အံ့ဩတုန်လှုပ်မှုများ ပြည့်သွားတော့သည်။

ဒါက... ဒါက ဘယ်လို ခွန်အားမျိုးလဲ..

ဒါဟာ စစ်မှန်သော နဂါးခွန်အားပဲ..

မြားတစ်စင်းက... ဒီလောက် ခွန်အားမျိုး ရှိနေတာလား..

"ဘုန်း"

ဘာမှ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ကြီးမားသော ခွန်အားများ ပါဝင်သည့် မြားထိပ်သည် တာအိုဘုန်းကြီး၏ လက်ဝါးကို ဖောက်ထွက်သွားပြီး၊ သူ၏ ခန္ဓာကိုယ်ကိုပါ ဖောက်ထွင်းကာ နှလုံးသားကို ကြွေမွစေခဲ့သည်။ ထို့နောက် ဆယ်ကိုက်ကျော်အထိ ဆက်လက် ပျံသန်းသွားပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျကာ တွင်းကြီးတစ်ခု ဖြစ်သွားစေတော့သည်။

မြားတစ်စင်း... အသက်တစ်ချောင်း..။

All Chapters