အခန်း (၂၈၆)
Vol. 26 Ch. 286
📝အပိုင်း - ၂၈၆
ဘာသာပြန် - Na Gar🐉
ကျန်ရှိနေသော နောက်ထပ် တာအိုဘုန်းကြီးတစ်ပါးသည် မျက်လုံးများ အပြူးသားဖြင့် သူ၏အဖော်ဖြစ်သူ ရှေ့တည့်တည့်တွင် လဲကျသေဆုံးသွားသည်ကို ကြည့်နေမိသည်။ သူ၏ မျက်ဆန်းများမှာ တုန်ယင်နေပြီးမှ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။
သူတို့သည် ပြင်ဆင်ထားခြင်း မရှိခဲ့သော်ငြားလည်း...
သူတို့ကိုယ်တိုင်က မဟာသွေးကြောအဆင့်ကျွမ်းကျင်သူများ မဟုတ်ပါလား။
ဘယ်လိုလုပ်ပြီး သာမန် လေးနဲ့မြား လက်နက်အောက်မှာ ဒီလောက်လွယ်
လွယ် သေဆုံးသွားရတာလဲ။
ဒီလူပစ်လိုက်တဲ့ လေးနဲ့မြားက ဘာလို့ ဒီလောက်ပြင်းထန်တဲ့ အင်အားမျိုး ပါနေရတာလဲ၊ ဒါကို ဘယ်လိုပစ္စည်းတွေနဲ့ လုပ်ထားတာလဲ။
"ဝူး——"
ဒီတစ်ကြိမ်မှာတော့ မြားက သူ့ဆီကို ဦးတည်လာနေပါပြီ။
တာအိုဘုန်းကြီးသည် နောက်ထပ် ပေါ့ဆရဲခြင်း မရှိတော့ဘဲ သူ၏ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ၊ စွမ်းအားများကို ဓားအတွင်းသို့ စီးဆင်းစေပြီး လာနေသောမြားကို ခုတ်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ သူသည် ပင်လယ်ထဲမှ နဂါးတစ်ကောင်ကို ခုတ်လိုက်ရသလို ခံစားလိုက်ရပြီး ထိတ်လန့်ဖွယ်ရာ ရိုက်ခတ်မှုကြောင့် တုန်လှုပ်သွားကာ ဓားသွားမှာ ဘေးသို့လွင့်ထွက်သွားပြီး သူကိုယ်တိုင်လည်း နောက်သို့ အကြိမ်ကြိမ် ယိုင်လဲသွားတော့သည်။ သစ်ပင်ကြီးတစ်ပင်ကို အားပြုပြီး မနည်းပြန်ရပ်လိုက်ရသော်လည်း နောက်ထပ်မြားတစ်စင်းက နောက်ကနေ ကပ်လျက် ပါလာပြန်သည်။
သူ့မှာ အသက်ရှူဖို့တောင် အချိန်မရခင်မှာပဲ ဒီမြားကို ထပ်ပြီး ရင်ဆိုင်ရပြန်သည်။
ဒီတစ်ကြိမ်မှာတော့...
လေးနဲ့မြားထဲမှာ ပါလာတဲ့ ခွန်အားက အရင်ထက်တောင် ပိုပြီး ပြင်းထန်နေသေးသည်။
ဒါဟာ မြားတစ်စင်းကို ကာကွယ်နေရတာ မဟုတ်ဘဲ သိုင်းပညာရှင်တစ်
ယောက်နဲ့ တိုက်ခိုက်နေရသလိုမျိုး ခံစားချက်ပါပဲ။
ဒါတင်မကဘူး၊ ဘယ်လိုအားနည်းချက်မှမရှိတဲ့ သိုင်းပညာရှင်မျိုးနဲ့ တိုက်နေရသလိုပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သူက မြားကို နှစ်ပိုင်းပိုင်းအောင် ခုတ်နိုင်ခဲ့ရင်တောင် ဘာမှမထူးခြားလို့ပါ။
ဒီလောက်ဝေးတဲ့ အကွာအဝေးကနေ သူဟာ မြားပစ်တဲ့သူရဲ့ အသားကိုတောင် မခြစ်နိုင်ပါဘူး။
"ဝှစ်.."
တတိယမြောက်မြားက လေထဲကို ထိုးဖောက်ဝင်ရောက်လာပြန်သည်။
တာအိုဘုန်းကြီးလက်ထဲက ဓားပျော့လေးဟာ ပြင်းထန်တဲ့ ဖိအားကို ခံနေရသလို "ဂျောက် ဂျောက်" အသံတွေနဲ့အတူ လိမ်တွန့်ပြီး ပုံပျက်သွားတော့သည်။ မြားထိပ်ကတော့ တားဆီးလို့မရဘဲ သူ၏ ပေါင်ကို ထိုးဖောက်ဝင်ရောက်သွားကာ တစ်ဖက်သို့ ပွင့်ထွက်သွားပြီး ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားစေသည်။
"အား..."
သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထွက်ပြေးရန်အတွက် သွေးပေါက်ကွဲမှု အခြေအနေကို အသက်သွင်းလိုက်သည်။ သို့သော် သူ အာရုံလွတ်သွားသည့် ခဏမှာပင် ဖြူဖွေးနေသောမြင်းက သူ့နောက်ကို မှီလာခဲ့သည်။
ချန်ဆန်းရှီသည် လှံရှည်ကိုပင် မသုံးဘဲ သူ၏လက်ထဲမှ သံမဏိအမြုတေလေးကိုသာ လက်နက်အဖြစ် အသုံးပြုပြီး တာအိုဘုန်းကြီး၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ပါးစပ်မှ သွေးမြူများ ကောင်းကင်သို့ ပန်းထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သူ၏ သွေးပေါက်ကွဲမှုအခြေအနေမှာ ပျက်ပြားသွားကာ မြေပြင်ပေါ်တွင် မနည်းလူးလိမ့်နေရပြီး ပြန်မထနိုင်တော့ပေ။
'ဒီလူနှစ်ယောက်ရဲ့ ခွန်အားက တကယ်ပဲ အားနည်းလွန်းတာပဲ'
သူကမြင်းပေါ်မှဆင်းကာ အရင်ဦးဆုံး သာမန်မြားများကို သုံးပြီး တာအိုဘုန်းကြီး၏ ခြေလက်များကို မြေကြီးပေါ်တွင် မြဲမြံအောင် စိုက်ထားလိုက်သည်။ ထို့နောက် အနားသို့ချဉ်းကပ်ကာ စစ်ဆေးမေးမြန်းလိုက်သည် "မင်းတို့က ဘယ်သူတွေလဲ"
"ငါက စီယွင်ဘုရားကျောင်း က တာအိုဘုန်းကြီးတစ်ပါးပါ"
"ဖြောင်း"
ချန်ဆန်းရှီက ပြင်းထန်သော ပါးရိုက်ချက်တစ်ချက် ကျွေးလိုက်ရာ သူ၏သွားများ ထက်ဝက်ခန့် လွင့်ထွက်သွားသည်။ ထို့နောက် သူ၏ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရာ ဝရဇိန်လက်နက်တစ်ခုကို အမြန်တွေ့လိုက်ရသည် "မိစ္စာဂိုဏ်းလား"
"ချန်ဆန်းရှီ... မင်း လွတ်မှာမဟုတ်ဘူး"
"ဆွန်ဒူရှန်လည်း လွတ်မှာမဟုတ်ဘူး"
"မင်းတို့ လျန်ကျိုးက လူတစ်ယောက်မှ လွတ်မှာမဟုတ်ဘူး"
"အား"
မိစ္စာဂိုဏ်းသားသည် ဆက်တိုက် ကျိန်ဆဲပြောဆိုနေပြီးမှ ရုတ်တရက် သေဆုံးသွားတော့သည်။
သူ၏ပါးစပ်ကို ဖြဲကြည့်လိုက်သောအခါ ချန်ဆန်းရှီသည် အတွင်း၌ ဝှက်ထားသော အဆိပ်အိတ်ကို တွေ့လိုက်ရသည်။
'ဒီမိစ္စာဂိုဏ်းသားတွေက အကုန်လုံး ဒီလောက်တောင် အားမာန်ပြင်းကြတာလား'
'ဘယ်သူမှ လွတ်မှာမဟုတ်ဘူး' ဆိုတဲ့ ကြောက်စရာကောင်းတဲ့ စကားတွေ... သူတို့ ဘာတွေ ကြံစည်နေကြတာလဲ..
သေချာတာတစ်ခုကတော့ မိစ္စာဂိုဏ်းသားတွေဟာ သူ ဝိညာဉ်အားဖြည့်
ဆေးရည်ထဲက လျှို့ဝှက်ချက်ကို သိသွားလို့ သူ့နောက်ကို လိုက်လာတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူဟာ ဆေးထဲမှာ ဘာတွေ ထည့်ထားလဲဆိုတာ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် ကျိုးမင်ကျီနဲ့ တခြားလူတွေ သေဆုံးပြီးကတည်းက တရားဟောပွဲတွေလည်း ရပ်ဆိုင်းသွားခဲ့ပါပြီ။
ဒါပေမဲ့ ဒီဂိုဏ်းက သေဆုံးတဲ့ တပည့်ဦးရေကတော့ ပိုပြီး များပြားလာနေဆဲပါပဲ။
သူတို့ရဲ့ သွေးတွေ...
ချန်ဆန်းရှီသည် ဝရဇိန်လက်နက်ကို ကိုင်ပြီး ကစားနေမိသည် "ဒါကို ဘာအတွက် သုံးတာလဲ"
သူ၏ အာရုံခံစားမှုအရ ဒါဟာ လော့ထျန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီတွေနဲ့ ပတ်သက်နေမယ်လို့ ထင်ရပါတယ်။
တကယ်လို့ အဲဒီလိုသာဆိုရင်...
လျန်ကျိုးမြို့ထဲမှာ မိစ္စာဂိုဏ်းရဲ့ တကယ့်ဆရာကြီးတွေ ပုန်းအောင်းနေကြပြီး အပြင်ကို ထွက်မလာကြသေးတာပဲ ဖြစ်ပါလိမ့်မယ်။
ပုံမှန်မဟုတ်တဲ့ အရာတွေ ရှိနေတဲ့နေရာမှာ လှည့်စားမှုတွေလည်း ရှိနေမှာပဲ။
လျန်ကျိုးက "လှည့်စားမှု" တွေဟာ လော့ထျန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတာပါ။
ကံမကောင်းတာက သူ အခုထိ အထဲကို မဝင်နိုင်သေးတာပါပဲ။
နက်နဲပုံရိပ်အဆင့်။
စစ်ပွဲတစ်ခုဟာ အနည်းဆုံး တစ်နှစ်၊ တစ်နှစ်ခွဲလောက် ကြာနိုင်ပါတယ်။ သူ အရှေ့ပိုင်းဒေသကနေ ပြန်လာတဲ့အချိန်မှာ နက်နဲပုံရိပ်အဆင့် မရောက်
ရင်တောင် မဟာသွေးကြောအဆင့် ရဲ့ ကြီးမားသော အောင်မြင်မှု့အဆင့်ကို ရောက်နေလောက်ပြီ ဖြစ်လို့ နောက်ဆုံး တောင်တန်းနှစ်ခုအထိ ရောက်အောင် သွားနိုင်မှာ ဖြစ်ပါတယ်။
ချန်ဆန်းရှီသည် မြားများကို လိုက်လံကောက်ယူလိုက်ပြီး နောက်ထပ်မိစ္စာဂိုဏ်းသားရဲ့ အလောင်းပေါ်ကနေ ရုပ်ဖျက်အတတ် လို့ရေးထားတဲ့ စာအုပ်ငယ်လေးတစ်အုပ်ကို တွေ့လိုက်ရသည်။
သူ အကြမ်းဖျင်း ဖတ်ကြည့်လိုက်သောအခါ အစပိုင်း အဆင့်တွေက မခက်ခဲလှဘဲ ပစ္စည်းအချို့ကို သုံးပြီး ရုပ်ပြောင်းရုံသာ ဖြစ်သော်လည်း၊ ပိုပြီး မြင့်တဲ့အဆင့်တွေကို လေ့ကျင့်မယ်ဆိုရင် အရိုးတွေကို ကျုံ့နိုင်တာနဲ့ ကျင့်စဉ်ရဲ့ အငွေ့အသက်တွေကိုပါ ဖုံးကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။
လူတစ်ယောက်မှာ ကျွမ်းကျင်မှုတွေ များများရှိတာ မမှားပါဘူး။ သူ ပြန်ရောက်ရင် ဒါကို စမ်းကြည့်ရပါမယ်။
ထိုနေရာကို ရှင်းလင်းပြီးနောက်...
ချန်ဆန်းရှီသည် အလောင်းများကို လော့ထျန်းတောင်တန်းထဲသို့ သယ်ဆောင်သွားကာ ဝံပုလွေတွေ စားသောက်တာကို မျက်မြင်စောင့်ကြည့်လိုက်သည်။ ထို့နောက် ကျားတစ်ကောင်ကို ဖမ်းကာ တောင်အောက်သို့ သယ်ဆောင်လာပြီး ညမမှောင်ခင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ညစာစားပွဲတွင်...
သူသည် နောက်ထပ် စစ်ထွက်ရတော့မည့်အကြောင်း ပြောပြလိုက်သည်။
"မင်း ပြန်ထွက်သွားဦးမှာလား"
"မင်း ပြန်လာတာ ဘယ်လောက်တောင် ရှိသေးလို့လဲ"
"ဖေဖေက စစ်တိုက်ဖို့ ထပ်သွားဦးမှာလား"
"..."
"စစ်သားတစ်ယောက်ရဲ့ ဘဝက ကိုယ်ပိုင်မဟုတ်ပါဘူး"
ချန်ဆန်းရှီက လက်သီးစုပ်ပြောလိုက်သည် "စီနီယာအစ်မကိုး... ကျွန်တော် ဒီတစ်ခါ ထွက်သွားရင် ဘယ်တော့ပြန်လာမလဲ မသိဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦး"
"စိတ်မပူပါနဲ့"
ရုန်ယန်ချိုးက မုန့်တစ်ခုကို ယူစားရင်း "ငါ ယန်ပြည်နယ်ကို ပြန်သွားရရင်တောင် သူတို့ကို ဘုရင်ခံအိမ်တော်ကို ခေါ်သွားပေးမယ်။ အဲဒီမှာဆိုရင် ပိုပြီး ဘေးကင်းတာပေါ့"
ဘုရင်ခံအိမ်တော်မှာဆိုရင် သေချာပေါက် အဆင့်မြင့် ကျွမ်းကျင်သူတွေရဲ့ အကာအကွယ် ရှိနေမှာပါ။
ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည် "ဟုတ်ကဲ့၊ အဲဒါ ကောင်းပါတယ်"
"ဒါနဲ့..."
ရုန်ယန်ချိုးက မျက်ခုံးပင့်ကာ မေးလိုက်သည် "ဒီတစ်ခါ အရှေ့ပိုင်းဒေသရဲ့ အခြေအနေကို မင်း နားလည်ရဲ့လား"
"အကြမ်းဖျင်းတော့ သိပါတယ်။ ဗိုလ်ချုပ်မုန်က တကယ့်ကို အစွမ်းထက်တယ်၊ တိုက်ပွဲကလည်း အောင်မြင်နေပါတယ်။ စိုးရိမ်ရတာတစ်ခုကတော့ ပြည်နယ်သုံးခုကို ပြန်သိမ်းဖို့အတွက် လူအင်အားက နည်းနည်း နည်းနေသေးတာပဲ"
ချန်ဆန်းရှီသည် ဝိုင်ခွက်နှင့် ထမင်းပန်းကန်များကို မြေပုံအဖြစ် အသုံးပြုပြီး ရှင်းပြလိုက်သည် "ဒါရှန်ရွှေပြည်ကြီးရဲ့ အဓိက ပြဿနာကတော့ အမွှေးအမျှင်တစ်ခုကို ဆွဲလိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခတ်သွားနိုင်တာပါပဲ။ လောလောဆယ်မှာ အနောက်ရှီနိုင်ငံက နာလန်မထူနိုင်သေးပေမဲ့ နန်ရွှီနိုင်ငံနဲ့ မြက်ခင်းပြင် လူရိုင်းတွေကတော့ ငါတို့ကို အကဲခတ်နေကြတုန်းပဲ။
အထူးသဖြင့် နန်ရွှီပေါ့၊ သူတို့က ဒုံချင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ။ ဒီစစ်ပွဲသာ ဆက်ဖြစ်နေမယ်ဆိုရင် နန်ရွှီက စစ်ကူတွေ ပို့လာဖို့ များတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရှေ့ဘက်နယ်စပ် ပြည်နယ်သုံးခုသာ ဆုံးရှုံးသွားရင် နောင်တစ်ချိန်မှာ ဒါရှန်ရွှေပြည်ကြီးက နန်ရွှီကို အထက်စီးကနေ ကြည့်
နိုင်သွားလိမ့်မယ်။ နှုတ်ခမ်းမရှိရင် သွားတွေ အေးရလိမ့်မယ်ဆိုတဲ့ အမှန်တရားကို သူတို့ နားမလည်ဘဲ မနေပါဘူး။
တကယ်လို့ အရှေ့ပိုင်းစစ်မျက်နှာကို စစ်သည်တွေထပ်ပြီး ပို့နေရမယ်ဆိုရင် တောင်ဘက်နဲ့ မြောက်ဘက်တွေမှာလည်း စစ်မီးတွေ ပြန်တောက်လာနိုင်တယ်"