အခန်း (၆၅-၆၆)
Vol. 5 Ch. 65-66
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-65
အခန်း ၆၅ ။ ဖိနှိပ်ခြင်း
မိဖုရားခေါင်ကြီးသည် နန်းတော်ထဲတွင် မျက်စိနားများစွာရှိရာ သဘာဝအတိုင်းပင် ခဏလေးအတွင်းမှာပင် ကိစ္စ၏အကြောင်းစုံကို သိရှိသွားလေသည်။
အမှန်တော့ ယဲ့ယွင် မလာခဲ့လျှင်ပင် သူမသည် ဤအခွင့်အရေးကို အသုံးချ၍ ရှူးဖေးအား ကောင်းကောင်း ဖိနှိပ်ရန် ပြင်ဆင်ထားခဲ့၏။ မထင်မှတ်ထားသည်မှာ ယဲ့ယွင်က ဧကရာဇ်ထံသို့ သွားမရှာဘဲ သူမထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤသို့သော အပြုအမူသည် မိဖုရားခေါင်ကြီး၏စိတ်ထဲတွင် အနည်းငယ် ပို၍ ကျေနပ်သွားစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိဖုရားခေါင်ကြီးသည် မောင်းမဆောင်၏အုပ်ချုပ်သူဖြစ်ပြီး အမြဲတစေ သူမကို ကျော်လွန်၍ ဧကရာဇ်ထံသို့ သွားရောက် တိုင်ကြားခြင်းသည် သူမအား ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ပေသည်။
ယဲ့ယွင်မှာမူ အခြားသော အတွေးအကြံ ရှိနေခဲ့၏။
ဧကရာဇ်သည် ဤကိစ္စကို သေချာပေါက် လျစ်လျူရှုမည် မဟုတ်ပေ။ သို့သော်ခန့်မှန်းရသလောက် မင်းသမီးကြီး၏မျက်နှာကို ထောက်ထား၍ မနာမကျင် ဆူပူကြိမ်းမောင်းစကားအနည်းငယ် ဆိုရုံဖြင့်သာပြီးသွားမည်ဖြစ်သည်။
သို့သော် မိဖုရားခေါင်ကြီးမှာမတူညီပေ။ ရှူးဖေးသည် မိဖုရားခေါင်ကြီးမျက်လုံးထဲတွင် ဆူးငြောင့်အဖြစ် သတ်မှတ်ထားသည်မှာ တစ်ရက် နှစ်ရက်မျှ မဟုတ်တော့ပေ။
ဝမ်သယ့်ဖေးက ပထမမင်းသားကို ဖွားမြင်ပြီးနောက် မိဖုရားခေါင်ကြီးအား ပို၍ ကြောက်ရွံ့လာစေသည်မှန်သော်လည်း ကံမကောင်းစွာပင် ပထမဆုံးကလေး မွေးဖွားခဲ့သူမှာ ရှူးဖေးဖြစ်သည်။ သူမသည် ဤကိစ္စတွင် မိဖုရားခေါင်ကြီးအားလုပ်ပိုင်ခွင့်ပေးလိုက်ခြင်းသည် မိဖုရားခေါင်ကြီးသည် ရှုဖေးကိုတစ်သက်လုံး မုန်းတီးခဲ့သောအခွင့်အရေးကို လက်စားချေနိုင်ပေမည်။
ထို့ကြောင့် မိဖုရားခေါင်ကြီးက ဤကိစ္စကို ဝင်ရောက်ဖြေရှင်းပါက သေချာပေါက် ဆူပူကြိမ်းမောင်းရုံမျှဖြင့် ရိုးရှင်းမည် မဟုတ်တော့ပေ။ နန်းတွင်းစည်းကမ်းများကို ကူးရေးခိုင်းသည့် အပြစ်ဒဏ် ဖြစ်လျှင်ပင် စကားအနည်းငယ် ဆိုရုံမျှထက် ပို၍ဒေါသပြေစေနိုင်၏။
ဤအချိန်အတောအတွင်းယဲ့ယွင်သဘောပေါက်လာခဲ့သည်မှာ နင်ချန်သည် သူ့တရားဝင်ဇနီးကို လေးစားသဖြင့် မိဖုရားခေါင်ကြီးကသာ အမှားမလုပ်မိသရွေ့ အလွန်အကျွံမဖြစ်သရွေ့ သူသည် မိဖုရားခေါင်ကြီး၏မျက်နှာကို ပယ်ချမည် မဟုတ်ပေ။
"ဒါက ဘယ်လိုဖြစ်တာလဲ၊ မင်း အရင်ဆုံး ထပြီး စကားပြောပါ။ ကောင်းကောင်းရှိနေတာကို ဘာလို့ ဒူးထောက်နေရတာလဲ။"
မိဖုရားခေါင်ကြီးသည် အတွင်းခန်းဆောင်မှ ထွက်လာခဲ့ပြီး လေသံထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ တင်းမားမားအား သူမကို ထူမပေးရန် ညွှန်ကြားလိုက်၏။
ယဲ့ယွင်သည် မူလကတည်းက တိုင်ကြားရန် လာခဲ့ခြင်း ဖြစ်သဖြင့် တမင်တကာ ဖုံးကွယ်မထားဘဲ ထရပ်လိုက်သည်နှင့် မိဖုရားခေါင်ကြီးကို မော့ကြည့်လိုက်ရာ မျက်ဝန်းတစ်စုံမှ မျက်ရည်များ လိမ့်ဆင်းလာခဲ့၏။
"ဘယ်သူ နင့်ကို ရိုက်တာလဲ။"
မိဖုရားခေါင်ကြီးသည် အံ့အားသင့်သွားပြီး နောက်ဆုံးတွင် မျက်နှာထား တင်းမာသွားသည်။
"ဧကရာဇ်ကိုယ်လုပ်တော်ရဲ့ ရုပ်ရည်ကိုဘယ်လိုလုပ်အလွယ်တကူ ဖျက်ဆီးလို့ရမှာလဲ။ အမှားကျူးလွန်ခဲ့ရင်တောင် လက်ကို ရိုက်သင့်တာ မျက်နှာကို မရိုက်သင့်ဘူး။ မင်းရဲ့မျက်နှာပေါ်ကအရာကြီးကို ကြည့်ပါဦး။ ပန်ကုန်း ကြည့်တာတောင် ရင်နာတယ်။ မြန်မြန်ပြောစမ်း တကယ်တမ်း ဘာကိစ္စဖြစ်ခဲ့တာလဲ။"
"မိဖုရားခေါင်ကြီးကို ပြန်လျှောက်ပါတယ်။ ခုနက ရှူးဖေးမယ်မယ်က ဒီချန်းချဲ့ကို တော်ဝင်ဥယျာဉ်မှာ ပန်းသစ်တော်ပန်း ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အရိုအသေပေး နှုတ်ဆက်တဲ့အချိန်မှာ ခန့်မှန်းရသလောက် ရှူးဖေးက စကားပြောတာကိုပဲအာရုံစိုက်နေပြီး ချန်းချဲ့ကိုထဖို့ ပြောဖို့မေ့သွားပုံရတယ်။ ဒီချန်းချဲ့လည်း ကိုယ့်ဘာသာကိုယ် ထရပ်လိုက်တာ။ ဒီလိုနဲ့ ရှူးဖေး မယ်မယ်က ချန်းချဲ့ကို စိတ်ဆိုးသွားပြီး ချန်းချဲ့က အောက်ကလူက အထက်ကို ကျူးလွန်တယ်။ နန်းတွင်းစည်းကမ်းကို ချိုးဖောက်တယ်လို့ပြောပြီး စကားတစ်ခွန်းမှ မပြောဘဲ ပါး ရိုက်လိုက်တာပါ။ နောက်ဆုံးတော့ ချန်းချဲ့ကို တော်ဝင်ဥယျာဉ်မှာ နာရီပေါင်း နှစ်နာရီ ဒူးထောက်ဖို့ အမိန့်ပေးခဲ့ပါသေးတယ်။"
ယဲ့ယွင်သည် မျက်ရည်များ ကျဆင်းလာသဖြင့် လက်ပဝါကိုကောက်ယူ၍ သုတ်လိုက်ပြီးမှ ဆက်လက် ပြောဆို၏။
"မယ်မယ်ကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ ကိုယ်လုပ်တော်ရဲ့ရုပ်ရည်ကို အလွယ်တကူ ဖျက်ဆီးလို့ မဖြစ်ဘူးလို့။ ရှူးဖေးမယ်မယ်ရဲ့ ပါးတစ်ချက်က ချန်းချဲ့ နစ်နာပါတယ်။ အမှားရှိခဲ့ရင်တောင် ပါးကို မရိုက်သင့်ပါဘူး။ နန်းတော်ထဲမှာ အနီးကပ်ပြုစုစောင့်ရှောက်ရတဲ့ အစေခံတွေကိုတောင် သခင်ကြည့်ရတာ စိတ်မကောင်း ဖြစ်မှာစိုးလို့ မျက်နှာကို အလွယ်တကူ မရိုက်ကြပါဘူး။ ဒီချန်းချဲ့က ဘယ်လိုပဲဖြစ်ဖြစ် တရားဝင် ကိုယ်လုပ်တော်တစ်ယောက်ပါ။ တကယ်လို့ အဆင့်မြင့်တဲ့သူက တကယ်ပဲ ဒီလိုမျက်နှာကို ရိုက်လို့ ရတယ်ဆိုရင် ဒါဆိုချန်းချဲ့က အရင်မှားခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ မရဘူးဆိုရင်တော့ မယ်မယ် ဒီချန်းချဲ့အတွက် တရားမျှတမှုကို ရှာဖွေပေးပါဦး။"
စကားဆုံးသည်နှင့် နောက်တစ်ကြိမ် ဒူးထောက်ရန် ပြင်လိုက်ရာ တင်းမားမားသည် မျက်စိလျှင်လက်လျှင် ဖြစ်သဖြင့် အလျင်အမြန် ယဲ့ယွင်အား ထိန်းထားလိုက်၏။
"မင်း အရင်ဆုံး မငိုနဲ့ဦး။ ပန်ကုန်းက မင်းအတွက် တရားမျှတမှုကို ရှာဖွေပေးမှာပါ။ ဒါပေမဲ့ ဒီကိစ္စကလည်း မင်းရဲ့ တစ်ဖက်တည်းသော စကားကိုပဲ နားထောင်လို့ မဖြစ်ဘူး။ စုချင်၊،မင်းကိုယ်တိုင် ချန်ချွမ်းနန်းဆောင် (ရှူးဖေး၏နန်းဆောင်) ကို တစ်
ခေါက်သွား။ ရှူးဖေးကို လာဖို့ ပင့်ခေါ်လိုက်။"
မိဖုရားခေါင်ကြီးသည် လက်ကာပြလိုက်ပြီး လူလွှတ်၍ ကုလားထိုင်တစ်လုံး ယူဆောင်လာစေကာ ယဲ့ယွင်အား ဦးစွာထိုင်စေ၏။
ယဲ့ယွင်က သဘောမတူဘဲ "ပါးရိုက်တဲ့ကိစ္စက အဆုံးအဖြတ် မကျသေးဘူးဆိုပေမဲ့ ဒီချန်းချဲ့က ဘယ်လိုပဲဖြစ်ဖြစ် ရှူးဖေးမယ်မယ်ကို စိတ်ဆိုးအောင် လုပ်မိခဲ့တယ်။ မယ်မယ်က ချန်းချဲ့ကို တော်ဝင်ဥယျာဉ်မှာ နှစ်နာရီ ဒူးထောက်ဖို့ အမိန့်ပေးခဲ့တယ်။ ဒီချန်းချဲ့ အရင်သွားပြီး ဒူးထောက်လိုက်ပါဦးမယ်။ မိဖုရားခေါင်ကြီးရဲ့ အဆုံးအဖြတ်ကို စောင့်နေပါ့မယ်။"
၎င်းသည် သေချာပေါက် သူမ၏မူလရည်ရွယ်ချက် မဟုတ်ပေ။ သို့သော် အမူအရာကိုမူ ကြည့်ကောင်းအောင် ပြုလုပ်ရမည် မဟုတ်ပါလား။ မဟုတ်လျှင် စုံစမ်းစစ်ဆေးလာပါက သူမတွင်လည်း အမှားအယွင်း ရှိနေသေး၏။
သို့သော် မိဖုရားခေါင်ကြီးသည် သူမအား သွားခွင့်မပြုဘဲ ကိစ္စကို ဦးစွာဖြေရှင်းပြီးမှ နောက်ထပ် စီစဉ်မှုများ ပြုလုပ်မည်ဟုသာ ဆိုခဲ့သည်။
ရှူးဖေးသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ကျန်းပေါင်လင်သည်လည်း လိုက်ပါလာရာ မျက်နှာထားမှာ သိပ်မကောင်းလှပေ။ စိတ်ထဲတွင် ရှူးဖေး၏မိုက်မဲမှုကို တိတ်တဆိတ် မုန်းတီးနေမိ၏။
ဒူးထောက်အပြစ်ပေးခံရရုံသာဆိုလျှင် ယဲ့ယွင်ကလည်း လက်ခံလောက်မည်ဟု ထင်ရသည်။ သို့သော် တမင်တကာ လက်ပါကာ ပါးတစ်ချက် ရိုက်လိုက်သည်။ ယဲ့ယွင်၏စိတ်အရ အဆုံးသတ် မလှပမည်ကို စိုးရိမ်ရ၏။အကယ်၍ဧကရာဇ်၏ရှေ့မှောက်တွင်ဆိုလျှင် မင်းသမီးကြီး၏မျက်နှာကို ထောက်ထား၍ ဘာမှဖြစ်မည် မဟုတ်သော်လည်း မိဖုရားခေါင်ကြီး၏လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်ရာ အခြေအနေကောင်းနိုင်ပါဦးမလား။
" ရှူးဖေး၊ မင်းကလည်း အရှင်မင်းကြီးရဲ့ဘေးနားက လူဟောင်းတစ်ယောက်ပဲ။ နန်းတော်ထဲမှာ ဘာစည်းကမ်းတွေရှိလဲ မင်း နားမလည်ဘူးလား။" မိဖုရားခေါင်ကြီးသည် ရောက်ရောက်ချင်းပင် မျက်နှာကို မထောက်မညှာ ဆိုလိုက်။
" မင်မိန်ရန်ရဲ့မျက်နှာကို ကြည့်ဦး။ ဒီလောက်နုတဲ့ အရေပြားကို။ အမှားရှိခဲ့ရင်တောင် မျက်နှာကို ရိုက်လို့ မဖြစ်ဘူးလေ။"
လူတိုင်း လှမ်းကြည့်လိုက်ရာ ယဲ့ယွင်၏ ဖြူဖွေးသော မျက်နှာပေါ်တွင် လက်ငါးချောင်းရာ အထင်အရှား အနည်းငယ် နီရဲရောင်ရမ်းနေသည်ကို တွေ့လိုက်ရ၏။
" မင်မိန်ရန်လို အောက်ကလူကအထက်ကို ကျူးလွန်ပြီး ဒီချန်းချဲ့ကို မလေးစားဘူး။ ဒီချန်းချဲ့က ခဏတာ ဒေါသထွက်သွားပြီး ဒါကြောင့် စိတ်လိုက်မာန်ပါ ဖြစ်သွားတာပါ။ ဒါပေမဲ့ မင်မိန်ရန် ကို အပြစ်မပေးဘူးဆိုရင် နောင်ကျ နန်းတော်ထဲမှာ လူတိုင်း အတုခိုးကြရင် ပရမ်းပတာတွေ ဖြစ်ကုန်မှာ မဟုတ်လား။" ရှူးဖေးက ဆို၏။
မိဖုရားခေါင်ကြီးသည် သူမကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် သံသယ ဝင်သွားသည် ဒါဟာ ရှူးဖေး၏စိတ်ဖြင့် ပြောဆိုနိုင်သော စကားများ မဟုတ်ပေ။
မိမိကိုယ်မိမိ ခဏတာ ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားသည်ဟုသာ ဆိုလိုက်ရာ ၎င်းက ယဲ့ယွင်မှာ မိမိအပြစ်နှင့် မိမိ ခံရသည်ဟု ထင်ရစေပြီး မောင်းမဆောင်စည်းကမ်းများကိုလည်း ထုတ်သုံးလာသေးသည်။ ဤသို့နောက်ဆုတ်ခြင်းဖြင့် ရှေ့တိုးသည့် နည်းလမ်းမှာ ထင်ရှားစွာပင် ရှူးဖေး စဉ်းစား ထုတ်ဖော်နိုင်သည့်အရာ မဟုတ်ပေ။ အကြည့်သည် ဘေးမှ ကျန်းပေါင်လင်၏ကိုယ်ပေါ်သို့ ကျရောက်သွားရာ မိဖုရားခေါင်ကြီး၏မျက်ဝန်းအိမ်များ နက်မှောင်သွားပြီး စိတ်ထဲတွင် သဘောပေါက်သွားလေသည်။
သို့ဖြင့် လေသံကို လျှော့ချလိုက်ပြီး ဆိုလိုက်၏။
“မင်းက မင်းသမီးကြီးရဲ့ မွေးမိခင်ဖြစ်တဲ့မပြင် ဧကရာဇ်အိမ်ရှေ့စံဘဝကတည်းကချဲ့ဖေး၊ နန်းတော်ထဲ ဝင်တော့လည်း ကိုယ်လုပ်တော်တွေရဲ့ ထိပ်ဆုံးရာထူးကိုရထားတယ်။ သဘာဝအတိုင်း မြင့်မြတ်တယ်။ ဒါပေမဲ့ မင်မိန်ရန်က နန်းတော်ထဲ အသစ်ဝင်လာတာစည်းကမ်း လစ်ဟင်းတဲ့ နေရာတွေ ရှိတာကို ရှောင်လွှဲလို့ မရဘူးလေ။ မင်းလည်း အမြဲတမ်း အရမ်းတွက်ချက်မနေနဲ့။"
ဤလေသံ အမူအရာသည် ရှူးဖေး အား နားထောင်ရသည်မှာ မိဖုရားခေါင်ကြီးက အားနည်းဟန်ပြ၍ ဖျောင်းဖျနေသကဲ့သို့ရှိရာ စိတ်ထဲတွင် ကျေနပ်သွားလေ၏။ ယဲ့ယွင်အား တစ်ချက် ကြည့်လိုက်ပြီး မေးကို အနည်းငယ်မော့လျက် အေးစက်စွာ နှာမှုတ်လိုက်၏။
"မိဖုရားခေါင်ကြီးရဲ့စကားကိုတော့ ဒီချန်းချဲ့ သဘောမတူတော့ဘူး။ နန်းတွင်းစည်းကမ်းတွေက တင်းကျပ်တယ် တကယ်လို့ အချိန်တိုင်း စည်းကမ်းကို မစောင့်ထိန်းနိုင်ရင်အမှားကြီး ကျူးလွန်မိတာကို ရှောင်လွှဲလို့ မရဘူး။ မယ်မယ်က စိတ်ပျော့တယ်။ ဒီချန်းချဲ့ကတော့ မယ်မယ့်ကိုယ်စား ဒီနားမလည်တဲ့သူတွေကို အရေခွံ တင်းအောင် ဆွဲပေးရမယ်။ လူတွေကို မောင်းမဆောင်က ရှုပ်ထွေးနေတယ်လို့ အပြောမခံရအောင်လို့ပါ။"
သူမ ဤစကားကို ပြောထွက်လိုက်သည်နှင့် ကျန်းပေါင်လင်၏မျက်ဝန်းထဲတွင် သံမဏိမဖြစ်သော သံကို မကျေမနပ်ဖြစ်သွားသော ဒေါသရိပ်တစ်ချက် ဖြတ်ပြေးသွား၏။
မိဖုရားခေါင်ကြီးသည် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်၏။ အမှန်ပင် ထိုတစ်လက်မရလျှင် တစ်တောင် လိုချင်သော စိတ်ဓာတ်အတိုင်းပင် စကားသုံးလေးခွန်းဖြင့်ပင် စမ်းသပ် သိရှိလိုက်ရ၏။
ဤအချိန်တွင် ယဲ့ယွင်သည် အချိန်ကိုက် မီးလောင်ရာ လေပင့်ပေးလိုက်သည်။
"တကယ်လို့ နန်းတွင်းစည်းကမ်းကို ပြောရမယ်ဆိုရင် ရှူးဖေးမယ်မယ်က ဖုန်းရှီးနန်းဆောင်ကို ဂါရဝပြုဖို့ မကြာခဏ မလာဘူး။ အခေါက်တိုင်း မင်းသမီးကြီးကို ပြုစုစောင့်ရှောက်နေရလို့ အချိန်မအားဘူးလို့ ပြောတယ်။ မဟုတ်မှလွဲရော အဲ့ဒီမားမားတွေ၊ နန်းတွင်းသူတွေက အားလုံး သေနေကြလို့ မယ်မယ်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေရတာတော့ မဟုတ်ဘူး မဟုတ်လား။ တကယ်လို့ မဟုတ်ဘူးဆိုရင် ဒါဆို ဒီချန်းချဲ့က ခန့်မှန်းလို့ရမလား။ ရှူးဖေးမယ်မယ်က မိဖုရားခေါင်ကြီးကို ဂါရဝပြုဖို့ လာချင်စိတ် မရှိတာများလား။ ဒါက ကြီးမားတဲ့ သစ္စာဖောက်မှုပဲ။"
"နင် ပန်ကုန်းကို သွေးရူးသွေးတန်း မစွပ်စွဲနဲ့။"
ရှူးဖေးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း အကြည့်မှာမူ အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ ယဲ့ယွင်၏ခန့်မှန်းချက်မှာ အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိခဲ့ပေ။
ရှူးဖေးသည် လည်ပင်းကို မော့လျက်
"နင်က ကလေး မမွေးဖူးသေးဘဲ၊ ဘယ်လိုလုပ် ကလေး မွေးမြူရတဲ့ ပင်ပန်းဆင်းရဲမှုကို သိမှာလဲ။ ပန်ကုန်းမှာ မိခင်တစ်ယောက်ရဲ့စေတနာ နှလုံးသား ရှိတယ်။ မင်းသမီးကို စိတ်ပူပန်တာ ဧကရာဇ်တောင်မှ တားဆီးမှာ မဟုတ်ဘူး။ နင်က ဒီလောက် ပါးစပ် သွက်လက်ထက်မြက်ပြီး ပန်ကုန်းကို အသရေဖျက်ဖို့ ကြံစည်နေတာ ဒီနေ့ ပန်ကုန်း က နင့်ရဲ့ပါးစပ်ကို အတင်းဖွင့်ပြီး ဘယ်ကနေပေါက်ဖွားလာလဲဆိုတာ ကြည့်ရသေးတာပေါ့။"
"ပါးစပ် ပိတ်စမ်း။" မိဖုရားခေါင်ကြီးသည် စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မျက်နှာထက်တွင် ဒေါသရိပ်များ ထင်ရှားလာ၏။
လက်ညှိုးထိုးလျက် အောက်ဘက်သို့ ညွှန်လိုက်ပြီး
"တော်လိုက်တဲ့ ရှူးဖေးပဲ။
ကိုယ်လုပ်တော်ရဲ့ ရုပ်ရည်ကို တမင်တကာ ဖျက်ဆီးတယ်။ ရှုဖေးတစ်ပါးရဲ့ကိုယ်ကျင့်တရားမရှိဘူး။ ပါးစပ်ကလည်း ပန်ကုန်း ကိုယ်စား နန်းဆောင်ခြောက်ခုက လူတွေကို ဆုံးမပေးမယ်လို့ အဆက်မပြတ် ပြောနေတာ။ ဒီ 'မိဖုရားခေါင်ကြီး' နေရာကို မျက်စိကျနေတာလား။ မင်းက ဧကရာဇ်ရဲ့ သမီးဦးကို မွေးဖွားခဲ့တယ်။ ပန်ကုန်းက မင်းအကျိုးပြုခဲ့တယ်လို့ သဘောထားပြီးအရေးမယူခဲ့တာ။ ဒါပေမဲ့ အဲ့တာကမင်းကို စိတ်ကြီးဝင်နိုင်အောင် မွေးမြူလိုက်သလို ဖြစ်သွားပြီး ဂါရဝပြုမလာတာကိုတောင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို သဘောထားနေတယ်။ ကောင်းပြီ မင်းက ဧကရာဇ်တောင်မှ တားဆီးမှာ မဟုတ်ဘူးလို့ ပြောမှတော့ ဒီမောင်းမဆောင်ကို မင်း ရှူးဖေးကိုပဲ အုပ်ချုပ်ဖို့ လွှဲပေးလိုက်တာက ပိုကောင်းမယ်။"
"တင်းမားမား၊ အခုချက်ချင်း ပန်ကုန်းရဲ့ တော်ဝင်တံဆိပ်တော်ကိုယူပြီး ကျိုချန်နန်းဆောင် ကို သွားပို့လိုက်။ ဒီမောင်းမဆောင်ကို ရှူးဖေးကပဲ အဓိက လုပ်ပိုင်ခွင့်ရှိနေမှတော့ ပန်ကုန်းကပဲ အရည်အချင်းရှိတဲ့သူအတွက်နေရာဖယ်ပေးလိုက်တော့မယ်။"
ကိစ္စရပ်များ ဤအခြေအနေသို့ရောက်လာသောအခါ ရှူးဖေးသည်လည်းထိတ်လန့်သွား၏။ သူမ မည်မျှပင် ဉာဏ်မကောင်းစေကာမူဤသို့ဧကရာဇ်၏ရှေ့မှောက်သို့ ရောက်အောင် ပြဿနာရှာ၍ မဖြစ်သည်ကို သိလေသည်။
ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး
"မိဖုရားခေါင်ကြီး အမျက်ပြေတော်မူပါ။ ဒီချန်းချဲ့က အပြောမတတ်လို့ ခဏတာ စကားမှားသွားတာပါ။ မယ်မယ် အပြစ်မယူပါနဲ့။ မယ်မယ်က တရားဝင် ဇနီးကြီးပါ။ ဒီချန်းချဲ့က လုံးဝ မလေးစားတဲ့ စိတ်မျိုး မရှိရဲပါဘူး။ မယ်မယ့်ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့မျက်နှာကိုထောက်ထားပြီး ဒီချန်းချဲ့ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ။"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-66
အခန်း ၆၆ ။ အငြိုးအတေးထားခြင်း
ရှူးဖေး ဒူးထောက်လိုက်သည်နှင့် ကျန်းပေါင်လင်သည်လည်း လိုက်ပါ ဒူးထောက်လိုက်ရာ ယဲ့ယွင်မှာမူ တစ်ယောက်တည်း မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့လေသည်။
ကျန်းပေါင်လင်သည် စိတ်ထဲမှယဲ့ယွင်ကိုမုန်းတီးနေသော်လည်း ဤအချိန်တွင် သူမစကားဝင်ပြောရန် နည်းလမ်း မရှိတော့ပေ။ ယခုအချိန်တွင်ဝင်၍စကားရှာလိုက်ပါက မီးလောင်ရာ လေပင့်သလို ဖြစ်သွားပေလိမ့်မည်။
သူမသည် လာရာလမ်းတစ်လျှောက်လုံးတွင် ပြောသင့်သည်များကို ပြောကြားခဲ့ပြီး ဖြစ်သော်လည်း ရှူးဖေးမှာမူ မိဖုရားခေါင်ကြီးနှင့် ယဲ့ယွင်တို့ပူးပေါင်း၍ စကားအနည်းငယ်ဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ခြင်းကို ခံလိုက်ရ၏။ အမှန်ပင် မိုက်မဲလှသည်။ ဧကရာဇ်၏သမီးဦးကို မွေးဖွားခဲ့ပြီးသော်လည်း ယခုကဲ့သို့ရှူဖေးအခြေအနေမျိုးအထိသာ ဖြစ်နေသည်မှာ အံ့ဩစရာ မရှိပေ။
မိဖုရားခေါင်ကြီးသည် အလွန်အမင်း ဒေါသထွက်သွားဟန်ဖြင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ခဏတာမျှ စိတ်ကို ငြိမ်သက်အောင် ထားပြီးမှသာ ထပ်ပြောလိုက်လေသည်။
"တော်ပြီ မင်းရဲ့ စိတ်ဓာတ်ကိုသာပန်ကုန်းအတွက် ကောင်းကောင်း ပြင်လိုက်။ အမြဲတမ်း ဒီလို ပါးစပ်မထိန်းနိုင်ဖြစ်နေရင် မင်းသမီးကြီးကို ဘယ်လိုလုပ် ကောင်းကောင်း သင်ကြားနိုင်မှာလဲ။ ဒီတစ်ခါတော့ ပန်ကုန်းမင်းကို ခွင့်လွှတ်လိုက်မယ်။ နန်းတွင်းစည်းကမ်း အကြိမ် သုံးဆယ် ကူးရေးဖို့ အပြစ်ပေးတယ်။ နောက်ပြီး လစဉ် လစာငွေ တစ်လစာ ထပ်
လျော့မယ်။”
ရှူးဖေးသည် ထိုအခါမှသာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမသည် ပုံမှန်အားဖြင့် အပြင်ပန်းတွင် သန်မာဟန်ဆောင်သော်လည်း အတွင်းတွင် အနှစ်မရှိသော စက္ကူကျားတစ်ကောင် ဖြစ်သည်။ ထို့ကြောင့်ပင် သူမ၏မျိုးရိုးသည် မိဖုရားခေါင်ကြီးထက် မညံ့ဖျင်းဘဲ သမီးဦးကိုလည်း မွေးဖွားခဲ့ပြီးသော်လည်း မိဖုရားခေါင်ကြီးကို မဖိနှိပ်နိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်လေသည်။
အကယ်၍သာ ရှူးဖေးသည် နည်းလမ်းရှိပြီး အကြံအစည် ရှိသူတစ်ဦး ဖြစ်ခဲ့ပါလျှင် မိဖုရားခေါင်ကြီးသည် ယခုကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိနေမည် မဟုတ်ပေ။
သို့သော် ရှူးဖေး တစ်ဦးတည်းကိုသာ အပြစ်ပေးရုံဖြင့် မလုံလောက်ပေ။ တရားမျှတမှုရှိစေရန် ယဲ့ယွင်ကိုလည်း အပြစ်မပေးဘဲ မနေနိုင်ပေ။ သူမ ပါးရိုက်ခံခဲ့ရသည့်အချက်ကို ထောက်ထား၍ ပြင်းထန်စွာ အပြစ်ပေး၍ မဖြစ်သဖြင့် နန်းတွင်းစည်းကမ်း ဆယ်ကြိမ် ကူးရေးရန်နှင့် လစဉ် လစာငွေ တစ်လစာ ထပ်လျော့လိုက်၏။
အမိန့်ကို နာခံနေသောယဲ့ယွင်သည် ကျန်းပေါင်လင်အား အထိအခိုက်မရှိ ပြန်သွားသည်ကိုလက်ပိုက် ကြည့်နေဖို့စိတ်ကူးမရှိပေ။ ထို့ကြောင့်သွယ်ဝိုက်သော နည်းလမ်းဖြင့် အပ်ချုပ်ဆောင်မှကိစ္စကို မိဖုရားခေါင်ကြီးအား ပြောကြားလိုက်လေသည်။
ဤသို့ဖြင့်ယနေ့ ပြဿနာရှာမှုတွင် ကျန်းပေါင်လင်သည်လည်း အစေခံကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ဟူသော အမည်နာမကိုရရှိသွားပြီးလစဉ်ငွေ တစ်လစာလျော့ခြင်းကို ခံလိုက်ရ၏။
များပြားသည်ဟု မဆိုနိုင်သော်လည်း လက်ထဲတွင် မူလကတည်းက ကျပ်တည်းနေသော ကျန်းပေါင်လင်အတွက်မူ ဤသည်မှာ အရေခွံဆွဲခွာခံရသကဲ့သို့ပင်။ နှစ်သစ်ကူးတွင် အစကတည်းက နေရာတိုင်း၌ ဆုချီးမြှင့်ရန် လိုအပ်ရာ သူမ၏ငွေမှာ လုံလောက်မှု ရှိမနေခဲ့ပေ။
ယခု တစ်လစာထပ်မံ အဖြတ်ခံလိုက်ရသဖြင့် ပြောစရာ မလိုအောင်ပင် နေထိုင်ရသည်မှာ ပို၍ ခက်ခဲသွားတော့မည်ဖြစ်သည်။
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ရှူးဖေးသည် စိတ်ထဲတွင် ဒေါသထွက်နေသဖြင့် ကျန်းပေါင်လင်ကို ပစ်ထားခဲ့ပြီး ဝေါယာဉ် စီးနင်း၍ ထွက်ခွာသွားလေသည်။ ကျန်းပေါင်လင်သည်အနည်းငယ်
ကသိကအောက် ဖြစ်သွားသည်။
လိုက်သွားရန်လည်း မကောင်းသဖြင့် မိမိဘာသာ လမ်းလျှောက်ရုံသာ ရှိတော့၏။ သို့သော် စည်းကမ်းအရ အဆင့်မြင့်သူ၏ရှေ့ဘက်သို့ သွားရောက်၍ မဖြစ်သဖြင့် ယဲ့ယွင်၏နောက်မှ လိုက်ပါရမည်ဖြစ်ရာ အလွန်ပင် ညှဉ်းပန်းနှိပ်စက်ခံရသကဲ့သို့ ရှိ၏။
ယဲ့ယွင်၏ခြေလှမ်းများမှာ အလွန်နှေးကွေးနေပြီး တမင်တကာ သူမအားပညာပြချင်သကဲ့သို့ ခံစားနေရသည်။
ဤသို့ဖြင့် အမွှေးတိုင် တစ်တိုင်ခန့် ကြာအောင် လျှောက်ပြီးနောက် ရှေ့ဘက်မှ လမ်းဆုံတစ်ခုတွင် နှစ်ဦးသား လမ်းခွဲရတော့မည့်အချိန် ယဲ့ယွင်သည်ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
" ကျန်းပေါင်လင်က သီချင်းဆိုတဲ့နေရာမှာတစ်ဖက်ကမ်းခတ်လို့ကြားဖူးတယ်။ တို့တွေးကြည့်ရမယ်ဆို မင်းကဇာတ်သီချင်းလည်း ဆိုတတ်မှာပဲ။ တို့က ဇာတ်ပွဲ ကြည့်ရတာကို သဘောကျပေမဲ့ ဇာတ်သီချင်း ဆိုရတာကိုကြ မကြိုက်ဘူးလေ။ အဲ့တာကြောင့်တို့မကြိုက်တာကို လူတစ်ယောက်က အတင်းအကျပ်ဆွဲခေါ်ပြီးစင်ပေါ် တင်
လိုက်ရင်တော့ တို့ရဲ့အကျင့်စရိုက်နဲ့အဲ့တစ်ယောက်က လွယ်လွယ်ကူကူလွှတ်ပေးမှာက်ိုမဟုတ်ဘူး။ ဒီနေ့ ဒီစကားကို ကျန်းပေါင်လင် မှတ်ထားပေးပါ။ တို့ဒုတိယအကြိမ် ထပ်မပြောချင်ဘူး။"
နောက်မှလူသည် ခဏမျှ ကြောင်ငေးသွားပြီး နူးညံ့စွာ ပြန်ပြောလိုက်၏။
" မင်မိန်ရန်က အရင်တစ်ခါ အပ်ချုပ်
ဆောင်က ကိစ္စကိုအခဲမကျေသေးတာလား။အဲ့တာဆိုရင်တော့ဒီချန်းချဲ့ရဲ့အစေခံကိုကောင်းမွန်စွာမသင်ကြားပေးနိုင်တဲ့အမှားပါ။ ဒါပေမဲ့ဒီနေ့ မိဖုရားခေါင်ကြီးက ချန်းချဲ့ကို အပြစ်ပေးပြီးပါပြီ။ မိန်ရန်ကပဲ မျက်နှာသာပေးပြီး ဒီချန်းချဲ့ကို ငဲ့ညှာပေးပါအုံး။”
စကားဆုံးသည်နှင့် ငိုသံပါလာခဲ့သောကြောင့် လှည့်ကြည့်လိုက်ရာ အမှန်ပင် ကျန်းပေါင်လင်သည် မျက်ရည်များ ဝေ့သီဝဲလျက် ငိုတော့မလိုဖြစ်နေပြီး ယခင်အတိုင်းပင် ကြာပန်းဖြူလေးပုံစံပြုမူလျက်ရှိ၏။
ယဲ့ယွင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။
"နင့်ရဲ့ ဒီပုံစံကို အရှင်မင်းကြီးကိုပဲ ဟန်ဆောင် ပြလိုက်တော့။ ကျန်းပေါင်လင်၊ မှတ်ထား၊ ငါကအမြဲတမ်းစိတ်သဘောထား ကျဉ်းမြောင်းတဲ့အပြင် အငြိုးအတေး အကြီးဆုံးပဲ။ ငါကနင့်ထက်အပေါ်မှာရှိနေသရွေ့ ငါ့ကိုပြဿနာရှာဖို့မစဉ်းစားနဲ့။ အကြိမ်ကြိမ်အခါခါ ငါ့ကို လာပြီး စိတ်ဆိုးအောင် လုပ်နေတာရဲ့အကျိုးဆက်ကိုလည်း သိသင့်တယ်။"
ဤစကားတစ်ခွန်းကို ချန်ထားခဲ့ပြီး ယဲ့ယွင်သည် လှည့်ထွက်သွားခဲ့ရာ ကျန်းပေါင်
လင် တစ်ဦးတည်းနောက်ဘက်တွင် အံကြိတ်လျက် ကျန်ရစ်ခဲ့သည်။
" ပေါင်လင် (ကျန်းပေါင်လင်)၊ ကျွန်မတို့တွေ နောင်ကျရင် ဘယ်လို လုပ်ကြမလဲ မင်မိန်ရန် သူက..."
ရွှမ်းထောင်၏စကား မဆုံးမီမှာပင် ကျန်းပေါင်လင်၏မျက်စောင်းထိုးခြင်းကို ခံလိုက်ရ၏။ "နင်လည်း သူ့ကို ဘာကိစ္စအဲ့လောက် ကြောက်နေတာလဲ။ ပြန်မယ်။"
ယဲ့ယွင်က ဘာမိုလို့လဲ။ အဖေမရှိတော့တဲ့ မိဘမဲ့ မိန်းမတစ်ယောက်ပဲကို ဟမ့် သူ့အဖေက စစ်သေနာပတိချုပ်ဆိုလည်းဘာအရေးလဲ။ လက်ရှိမှာလူကမြေကြီးထဲအရိုးဆွေးနေပြီကို ဂုဏ်ပြုခံထားရတာလေးနဲ့မောက်မာချင်နေသေးတယ်။
အချိန် ကြာလာသည်နှင့် အေးချမ်းသာယာသောခေတ်ကြီးတွင် ဘယ်သူကများ စစ်ပွဲတွင်အောင်မြင်ခဲ့သော စစ်သူကြီးတွေကို သတိရနေဦးမှာလဲ။ ဖခင်၏ထောက်ပံ့မှု မရှိဘဲ ယဲ့မိသားစု၏တစ်ဦးတည်းသောသားကရော ဘယ်လိုလုပ်လွယ်လွယ်ကူကူ ဂုဏ်ဆောင်နိုင်မှာတဲ့လဲ။
ယဲ့ယွင်၏နောက်ကွယ်တွင် သူ့အမေ၏ ထောက်ပံ့မှု မရှိသ၍ သူမသည် မျက်နှာသာပေးမှုကို အားကိုး၍ ယဲ့ယွင်အား မကျော်လွှားနိုင်ဟု မယုံကြည်ပေ။
ယဲ့ယွင် နင်ကငါ့ကို အငြိုးအတေး ထားတယ်ပေါ့လေ။ ငါက ပိုလို့တောင်နင့်ထပ်
အငြိုးအတေးထားတတ်တယ်။
နှစ်မကူးမီပြဿနာတစ်ရပ် ဖြစ်ပွါးခဲ့ပြီး မိဖုရားခေါင်ကြီး ဝင်ရောက် လက်စွမ်းပြ၍ ကိုယ်လုပ်တော် သုံးဦးကို ဆုံးမလိုက်သဖြင့် မောင်းမဆောင်ထဲတွင်လည်း အတော်ပင် တည်ငြိမ်သွားခဲ့ပြီး နှစ်သစ်ကူးသည်အထိ အလွန် အေးချမ်းသာယာခဲ့၏။
.......
ယခုနှစ်၏ နှစ်သစ်ကူးည နန်းတွင်းစားပွဲသဘင်သည် ယခင်အတိုင်းပင် စည်ကားလျက်ရှိ၏။ အကြောင်းမှာတော့ နင်ချန်၏ ညီတော် နှစ်ဦးစလုံးမှာ နန်းပလ္လင်ကို စိတ်ဝင်စားသူများ မဟုတ်သဖြင့် အတူတကွ စုဝေး၍ အရက်သောက်ကြရာ အမှန်တကယ်ပင် ရင်းနှီးပြီး စည်ကားလှ၏။ မယ်တော်ကြီးနှင့် ထိုက်ကွေ့ဖေးတို့သည် အချင်းချင်း မနှစ်သက်ကြသော်လည်း လူအများ၏ရှေ့မှောက်တွင်မူ ညီအမအချင်းချင်းပနှံ့သင့်နေသောအမူအရာကို ထိန်းသိမ်းထားနိုင်ကြ၏။
ယခုနှစ် နှစ်ကုန်ပိုင်းတွင် မင်းသားဖိန် (နင်ဟောက်) အိမ်တော်မှ ကိုယ်လုပ်တော် ကျောက်ရှီ သည် သမီးတစ်ဦးကို ထပ်မံ မွေးဖွားခဲ့ရာ ယခုအခါတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသွားပြီဖြစ်ပြီး အတော်ပင် မျက်နှာသာ ရရှိလျက် ရှိ၏။ ကလေး မွေးဖွားခါစဖြစ်သဖြင့်နန်းတော်
စားပွဲသဘင် တက်ရောက်ရန်အဆင်မပြေသောကြောင့် နှစ်သစ်ကူးည စားပွဲသဘင်
တွင် မင်းသားဖိန်၏တရားဝင်ဇနီးဖန်းရှီက လေးနှစ်အရွယ် သမီးနှင့် ကျောက်ရှီ၏ နှစ်နှစ်ခွဲအရွယ် သားကို ခေါ်ဆောင်လာခဲ့ပြီး အခြား အစေခံမတစ်ဦးမှ မွေးဖွားသော သားမှာမူ တစ်နှစ်ခွဲမျှသာရှိသေးသဖြင့် မခေါ်ဆောင်ခဲ့ပေ။
ယဲ့ယွင်သည် ဖန်းရှီ၏မျက်နှာထား သိပ်မကောင်းသည်ကို ကြည့်ရင်း စိတ်ထဲမှ မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။ အမှန်ပင် မိန်းမများစွာရှိသောနေရာတွင် တိုက်ခိုက်မှုများမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
တစ်ချိန်တည်းမှာပင် ဤနှစ်သစ်ကူးည နန်းတွင်းစားပွဲသဘင်တွင် နင်ချန်သည် နောက်ဆုံးတွင် ညီတော် မင်းသားခန်အတွက် လက်ထပ်ပွဲကို အမိန့်တော် ချမှတ်ပေးခဲ့၏။
ယခင်က ပြောဆိုထားသည့်အတိုင်းပင် ကျန်းနင်မှ ရွှီရှီကို တရားဝမ်ဇနီး ဝမ်ဖေးအဖြစ် ရှဲ့မိသားစု၏ ပဉ္စမသခင်မလေးကိုချဲ့ဖေး(ကိုယ်လုပ်တော်)အဖြစ် လာမည့်နှစ် ငါးလပိုင်းတွင် လက်ထပ်ပွဲကြီး ကျင်းပပြီး နောက်ရက်ကောင်းရက်မြတ်ရွေးချယ်၍ ချဲ့ဖေးကို အိမ်တော်သို့ ပို့ဆောင်မည်ဖြစ်သည်။
ယဲ့ယွင်သည် ရွှီရှီအတွက် စိတ်ထဲမှ တိတ်တဆိတ် သနားမိသွားသည်။ မိဖုရားခေါင်ကြီးမျိုးရိုးတစ်ဦးက ချဲ့ဖေးအဖြစ်ရှိနေသဖြင့် နောင်တွင် စိတ်ညစ်ညူးစရာများ မနည်းမနော ကြုံတွေ့ရမည်ကို စိုးရိမ်ရပေသည်။ ကံကောင်းသည်မှာ ရှဲ့မိသားစု၏ ပဉ္စမသခင်မလေးသည် မျိုးရိုးဝမ်းကွဲ (ပင်မမျိုးနွယ်မှမဟုတ်) ဖြစ်သော်လည်းအိမ်တော်သို့ တရားဝင်ဇနီးအဖြစ်အရင် ဝင်ရောက်ရခြင်းပင်ဖြစ်သည်။
နင်ရွေ့သည် နောင်တော်ဖြစ်သူနင်ချန်၏စီစဉ်မှုအပေါ် သဘောထားကွဲလွဲမှု မရှိပေ။ သူသည် အမှန်တကယ်တွင် သတင်းကို စောစီးစွာရရှိထားပြီး တိတ်တဆိတ် လူလွှတ်၍ ရွှီရှီကို သွားရောက်ကြည့်ရှုခိုင်းခဲ့ပြီး ဖြစ်သည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ကျက်သရေ ရှိသူတစ်ဦးဖြစ်ရာ သူ စိတ်တိုင်းကျလေသည်။ ယခုအချိန်တွင် လူအများစုမှာ မိမိတို့ နှစ်သက်သော တရားဝင်ဇနီးတစ်ဦးကိုသာ ရှာဖွေလိုကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တရားဝင်ဇနီးနှင့် မယားငယ်တို့မှာ မတူညီဘဲ မိမိနှင့်အတူ (လေးစားသမှုဖြင့်) လက်တွဲဖော် ဖြစ်မည့်သူဖြစ်သည်။
နှစ်သစ်ကူးညကို ကျော်လွန်ပြီးနောက် ဒုတိယနေ့၊ နှစ်သစ်ကူးပထမရက်တွင် အမတ်မင်းများ နန်းတော်သို့ ဝင်ရောက်၍ နှစ်ကူးဂါရဝပြုကြ၏။ ယဲ့ယွင်သည် ယခင်တစ်ကြိမ် ကျိုချန်နန်းဆောင်၏ဘေးနန်းဆောင်တွင် မိသားစုဝင်များကို တွေ့ဆုံခဲ့သည်မှ လဝက်မျှသာကြာမြင့်သေးသော်လည်း ယခု ထပ်မံ တွေ့ဆုံရသဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရှိနေခဲ့၏။
ယဲ့ကျယ်သည် မောင်းမဆောင်ထဲသို့ ဝင်ရောက်၍ မဖြစ်သဖြင့် လာရောက်သူများမှာ သခင်မချူ နှင့် သခင်မယန်တို့ပင် ဖြစ်သည်။
"အမေအခုတွေးတာတော့ သမီးကငယ်သေးတယ်။ ဒါက ဧကရာဇ်ကိုသစ္စာဖောက်တဲ့စကားဆိုပေမယ့် အမေကတော့ အမေတစ်ယောက်အနေနဲ့ ကိုယ့်
သမီးလေးကို ကောင်းစေချင်တယ်။ ဒါကြောင့် လောလောဆယ် ကိုယ်ဝန်မရအောင်ရှောင်ရှားထားလိုက်ဦး။ ဒါမျိုးက အလျင်လိုစရာမလိုဘူး။ အမေတို့အချိန်ယူလို့ရပါတယ်။”
သခင်မချူသည် သမီးဖြစ်သူ၏လက်ကို ဆွဲကိုင်လျက် ခပ်တိုးတိုး ဆိုလိုက်၏။ ဤစကားကို သခင်မယန်အား တမင်တကာ ရှောင်၍ပြောဆိုခြင်း မဟုတ်တာကြောင့် နှစ်ဦးသား သဘောထား တူညီကြသည်။
ယဲ့ယွင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "အမေနဲ့ သမီးနဲ့ အတွေးတူသွားပြီ။ အမေပြောတာမှန်ပါတယ်။ သမီးဧကရာဇ်ရဲ့ကလေးကို မွေးဖို့အချိန်မကျသေးဘူး။ တစ်အချက်က သမီးက အခုမှခြေကုပ်ယူနေရတုန်းပဲရှိသေးတာ။ နှစ်
အချက်က သမီးရဲ့ခန္ဓာကိုယ်က အရမ်း နုနယ်သေးတယ်။ ကလေးမွေးတာ သမီးအတွက်ရော ကလေးအတွက်ရော မကောင်းဘူး။ အမေ စိတ်ချပါ၊ သမီး အရာအားလုံးကိုနားလည်ပါတယ်။"
မူလက သမီးဖြစ်သူ နားမထောင်မည်ကို စိုးရိမ်နေခဲ့သော်လည်း ယခု သခင်မချူသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီ ဖြစ်၏။ သူမသည် အပြင်လူတစ်ဦးအနေဖြင့် ရှင်းရှင်းလင်းလင်း တွေးတောနိုင်သေးသော်လည်း သမီးဖြစ်သူ နန်းတော်ထဲတွင် မျက်စိလည်လမ်းမှားပြီး စိတ်ရှုပ်ထွေးသွားမည်ကိုသာ စိုးရိမ်မိ၏။
.....
နောက်ဆက်တွဲအဖြစ် နှစ်သစ်ကူး၏ ဒုတိယရက်မှ စတင်၍ တော်ဝင်
မိသားစု၏မိသားစု စုဝေးပွဲဖြစ်၏။
ယနေ့တွင် ယဲ့ယွင်သည်အိမ်ထောင်ကျပြီးသောမင်းသမီးဖြစ်သူကျားဟယ်မင်းသမီးနင်ကျင်းကိုပထမဆုံးအကြိမ်တွေ့ခဲ့ရသည်။ နင်ချန်၏ အစ်မတော် သယ်ထိုက်ဖေးမှ ဖွားမြင်ခဲ့သောဒုတိယမင်းသမီးနင်လင်ကိုလည်းရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်
ရ၏။ တည်ကြည်အေးဆေးပြီး တက်ကြွလန်းဆန်းသော နင်ကျင်းနှင့် နင်လင်မှာဆန့်ကျင့်ဘက်ဖြစ်သည်။ ဒုတိယမင်းသမီးသည် အရွယ်ရောက်ပြီးဖြစ်ရာ ခန့်မှန်းရသလောက် ကြင်ရာတော်လောင်းကို ကြည့်ရှုနေလောက်ပြီ ဖြစ်သည်။ ဒုတိယမင်းသမီးလေးကိုဘယ်အိမ်တော်က သခင်လေးကံထူးသွားမည်ကိုစောင့်ကြည့်ရပေမည်။ နှစ်သစ်ကူး၏ ဒုတိယရက်သည် အခြေခံအားဖြင့် မိသားစုဝင်သီးသန့်သာပွဲတော်တည်ခင်းခြင်း ဖြစ်သည်။
ထို့နောက်တွင် မိသားစုစားပွဲသဘင်သည် နှစ်သစ်ကူး၏ပဉ္စမရက်အထိ ဆက်လက် ခင်းကျင်းခဲ့ပြီး ဆဋ္ဌမရက်မှ စတင်၍ နောက်ဆုံးတွင် နန်းတော်ထဲသို့အလည်ဝင်ရောက်သူ မရှိတော့ပေ။ လူတိုင်းသည် ပင်ပန်းလွန်း၍ အသက်တစ်ဝက် ထွက်သွားသကဲ့သို့ ဖြစ်နေကြ၏။ နေ့စဉ် စားပွဲသဘင် တက်ရောက်ရပြီး ဟန်ဆောင်နေရသည်မှာ အလွန် ပင်ပန်းလှပေသည်။
နှစ်သစ်ကူးဆယ်ရက်မြောက်နေ့တွင်မူ နင်ချန်သည် ယွီရှို့အဆောင်သို့ ရောက်ရှိလာခဲ့လေသည်။
***