← Chapters

အခန်း (၇၁-၇၂)

Vol. 5 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 5 Ch. 71-72

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -71

အခန်း ၇၁ ။ အချိန်ကိုက်ရွာသောမိုး

နန်းတော်ပြင်ပမှသတင်းများသည် လျင်မြန်စွာပင် အရိပ်အယောင်ပေါ်လာခဲ့သည်။ ယဲ့ယွင်သည် မိခင်ဖြစ်သူ ပေးပို့လိုက်သော စာကိုဖတ်ကြည့်ပြီးနောက် အကြမ်းဖျင်း နားလည်လိုက်သည်။

"အကြောင်းမရှိဘဲ ကြင်နာပြနေတာက လိမ်ညာလှည့်စားချင်လို့ မဟုတ်ရင် ခိုးချင်ဝှက်ချင်လို့ပဲ ဖြစ်ရမယ်" ယဲ့ယွင်က အေးစက်စက်ပြုံးကာပြောလိုက်သည်။

နန်ကျစ်သည် ခေါင်းကုတ်လိုက်မိပြီး နားမလည်နိုင် ဖြစ်သွားရသည်။ "ဒီစာထဲမှာ ဘာရေးထားလို့ သခင်မလေးက အခုလိုပြောရတာလဲ"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မီးပုံးပွဲတော်မိသားစုညစာစားပွဲမှာ မယ်တော်ကြီးက ထူးထူးခြားခြား ကြင်နာပြနေတာလေ။ အဲ့တာကိုလူတွေကို သံသယဝင်နေကြတာ။ ဒါနဲ့ ငါလည်းအမေကို နန်းတော်ပြင်ပကအကြောင်း စုံစမ်းခိုင်းလိုက်တာ။ တကယ်ပဲ နောက်ကွယ်မှာ ကိစ္စတချို့ ရှိနေတာလေ။”

ယဲ့ယွင်သည် ပြောရင်းဆိုရင်းဖြင့် စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်သည်။ နန်ကျစ်သည် စာရွက်စများကို အလျင်အမြန် လှည်းကျင်းကာ မီးသွေးခွက်ထဲသို့ ပစ်ထည့်ပြီး မီးရှို့လိုက်လေသည်။

"နွေဦးစာမေးပွဲ နီးကပ်လာပေမယ့် ဒီနှစ်အတွက် စာမေးပွဲစစ်ဆေးမယ့် အရာရှိချုပ်ကို မရွေးချယ်ရသေးဘူး။ ချန်မိသားစုက ဒီနေရာကို လိုချင်နေတာ သေချာပေါက်ပဲ။”

စာမေးပွဲစစ်ဆေးသူအရာရှိချုပ်ဖြစ်ခွင့်ရခြင်းသည် အလွန်အကျိုးအမြတ်များသော ကိစ္စတစ်ခု ဖြစ်သည်။

အရာရှိချုပ်နေရာကို အတည်ပြုလိုက်သည်နှင့် နာမည်ကျော်ကြားလိုသော စာဖြေသူအများအပြား လာရောက်ဂါရဝပြုကြမည်မှာ မလွဲဧကန်ပင်။ တံစိုးလက်ဆောင် မည်မျှရရှိမည်ကို မဆိုထားနှင့် အကယ်၍ တစ်စုံတစ်ယောက်သည် ထိပ်တန်းစာရင်းဝင် အောင်မြင်သွားပါက ထိုသူသည် အရာရှိချုပ်ကို ကျေးဇူးတင်ရှိပေလိမ့်မည်။

ဤသို့ဖြင့် အပြန်အလှန် ရင်းနှီးလာကြပြီး အနည်းငယ်မြှောက်စားပေးလိုက်ရုံဖြင့် လူငယ်အရာရှိသစ်တစ်စုကို အလွယ်တကူ စည်းရုံးနိုင်ပေလိမ့်မည်။

ဟွေယွဲ့က သံသယဖြင့် မေးလိုက်သည်။

"ဒါပေမဲ့ အမှုထမ်းရေးရာဌာနက အမတ်ကြီးရွှီက အရှင်မင်းကြီးနဲ့ ဒီကိစ္စကို ဆွေးနွေးထားတာ မဟုတ်လား။ အမှုထမ်းရေးရာဌာနကပဲ ဒီကိစ္စတွေကို စီမံခန့်ခွဲလေ့ရှိတော့ အမတ်ကြီးရွှီကိုပဲရွေးမယ်လို့ ထင်ရတာပဲ"

ယခုရက်ပိုင်းတွင် ယဲ့ယွင်သည် နန်းတွင်းနိုင်ငံရေးအခြေအနေများကို နားလည်ရန် မကြာခဏ နည်းလမ်းရှာကြံလေ့ရှိပြီး အများအားဖြင့် အစေခံမိန်းကလေးများမှတစ်ဆင့် ပြင်ပနှင့် ဆက်သွယ်ကာ စုံစမ်းလေ့ရှိသည်။ ထို့ကြောင့် ဟွေယွဲ့နှင့် နန်ကျစ်တို့သည်လည်း အတော်အတန် နားလည်နေကြပြီဖြစ်သည်။

ယဲ့ယွင်က ပြုံးလိုက်သည်။

"အမတ်ကြီးရွှီက အရင်တုန်းကအရှင်မင်းကြီးရဲ့ စာသင်ဖော်ဖြစ်ခဲ့တယ်။ ဒီနှစ်မှ အသက် ၂၆ နှစ်ပဲ ရှိသေးတယ်။ တကယ် အရည်အချင်းရှိပေမယ့် ငယ်ရွယ်လွန်းသေးတယ်။ နွေဦးစာမေးပွဲက ကိစ္စကြီးတစ်ခုဖြစ်လို့ သူ့ကို တာဝန်ပေးရင် လူတွေက လက်ခံမှာ မဟုတ်ဘူး။ အရင်အမှုထမ်းရေးရာဌာန အမတ်ကြီးက ပုန်ကန်မှုတစ်ခုမှာ ပါဝင်ပတ်သက်ပြီး ရာထူးဖြုတ်ခံလိုက်ရလို့သာ အရှင်မင်းကြီး နန်းတက်လာတဲ့အချိန်မှာ အမတ်ကြီးရွှီကို အစွမ်းကုန် မြှောက်စားခဲ့တာ။ မဟုတ်ရင် နန်ချီတိုင်းပြည်မှာ ဒီလောက်ငယ်ရွယ်တဲ့ အမတ်ကြီး ဘယ်ရှိပါ့မလဲ"

အခြားဌာနကြီး ငါးခုမှ အမတ်ကြီးများ၏ အသက်အရွယ်နှင့် ယှဉ်ကြည့်လျှင် အမတ်ကြီးရွှီ၏ အသက်သည် သားအဖအရွယ်လောက်ပင် ကွာခြားနေသည်။

ထိုစဉ်က ရွှီကျန်းပိုင်ကို အမှုထမ်းရေးရာဌာန အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်က နန်းတွင်း၌ ကန့်ကွက်သူ အများအပြားရှိခဲ့သည်။ သို့သော် ထိုအချိန်က နင်ချန်သည် နန်းတက်စဖြစ်ပြီး စိတ်ဓာတ်ပြင်းထန်ကာ ဇွတ်တရွတ်နိုင်လှသဖြင့် ထိုကိစ္စကို အတင်းအဓမ္မ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ယခုအချိန်သာဆိုလျှင် နင်ချန်သည် ယခင်ကလောက် စိတ်လိုက်မာန်ပါ လုပ်မည်မဟုတ်သလို ယခုကဲ့သို့ ရာထူးကြီးကြီးမားမားကိုခန့်အပ်ဖြစ်မည် မဟုတ်ပေ။

သို့သော်လည်း ထိုစဉ်က နင်ချန်သည် အများ၏ဝေဖန်မှုများကို လစ်လျူရှုကာ အမှုထမ်းရေးရာဌာနကို မိမိလက်ထဲသို့ ဆွဲယူထားနိုင်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ သို့မဟုတ်ပါက အင်အားကြီးမားသော မိသားစုကြီးအချို့၏ ချုပ်ကိုင်မှုကို ခံရကာ လှုပ်ရှားရခက်ခဲပေလိမ့်မည်။

ယခုလက်ရှိတွင် ရွှီကျန်းပိုင်၏အင်အားမှာ နည်းပါးနေသေးသော်လည်း သူသည် တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။ အချိန်တစ်ခုပေးလိုက်လျှင် သေချာပေါက် အသုံးဝင်လာမည့်သူ ဖြစ်သည်။

"အဲဒီလိုဆိုရင် ယင်းကော်ကုန်းကလည်း ဂုဏ်သိက္ခာကြီးမားပြီး နန်းတွင်းမှာ ထောက်ခံသူတွေ အများကြီးရှိတယ်။ မယ်တော်ကြီးကလည်း နန်းတော်ထဲမှာ အလိုလိုက်အကြိုက်ဆောင်နေတော့ ဒီရာထူးကို ချန်မိသားစုကပဲ ရသွားမှာကို စိုးရိမ်ရတယ်" နန်ကျစ်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

နန်းတွင်းအမျိုးသမီးများ နိုင်ငံရေးကို ဝင်မစွက်ဖက်ရဟူသောစကားကို အစပိုင်းတွင် လူတိုင်း သတိထားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ယဲ့ယွင်က နိုင်ငံရေးအခြေအနေများကို ပိုမိုအာရုံစိုက်လာသည်နှင့်အမျှအစေခံနှစ်ဦးသည်လည်း ကျင့်သားရနေပြီဖြစ်ကာ ပွင့်ပွင့်လင်းလင်းပင် ဆွေးနွေးရဲလာကြသည်။

"ချန်မိသားစုက တကယ်ပဲ သင့်တော်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုလုပ်နိုင်တာ ချန်မိသားစုတစ်ခုတည်းရှိတာ မဟုတ်ဘူး။ အဓိကက အရှင်မင်းကြီး ဘယ်လို တွေးလဲဆိုတာပဲ"

ယဲ့ယွင်သည် ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ထိုင်လိုက်ကာ လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်၏။

နန်ချီတိုင်းပြည်တွင် အရည်အချင်းရှိသူများ ဘယ်သောအခါမှ မရှားပါးခဲ့ပေ။ ယခုအချိန်တွင် မည်သူ့ကို အသုံးပြုလျှင် နင်ချန်အတွက် အကျိုးအရှိဆုံး ဖြစ်မည်ကိုသာ ကြည့်ရမည် ဖြစ်သည်။

အကယ်၍ ထိုက်ဖူ (အိမ်ရှေ့စံဆရာ) ကျန်းမာရေး ကောင်းနေသေးလျှင် ဤမျှ ခေါင်းခဲစရာ လိုမည် မဟုတ်ပေ။ သို့သော် ထိုက်ဖူသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး လွန်ခဲ့သောနှစ် ဆောင်းရာသီက ဖျားနာခဲ့ရာ ယခုထိတိုင် ပြန်မကောင်းသေးပေ။ သက်တမ်း ကုန်ဆုံးရန် သိပ်မလိုတော့ဟု ထင်ရသည်။

ယခုလက်ရှိ နင်ချန်၏အကြီးမားဆုံးအခက်အခဲမှာ အသုံးပြုနိုင်မည့်သင့်တော်သည်လူမရှိခြင်းပင် ဖြစ်သည်။ နန်ချီတိုင်းပြည်တွင် ပညာတတ်များ ပေါများသော်လည်း ဧကရာဇ်ဘက်တော်သား အစစ်အမှန်မှာ လက်ချိုးရေ၍ပင် ရနိုင်၏။

မျိုးနွယ်ကြီးများသည် အာဏာကြီးမားကြရာ အထက်တန်းလွှာများကို ဖားယားရုံဖြင့် ရာထူးတိုးကာ ချမ်းသာနိုင်သည့် ခေတ်တွင် မည်သူက အပင်ပန်းခံ၍ နိုင်ငံရေးစွမ်းဆောင်ရည် ကောင်းအောင် ကြိုးစားပြီး အရှင်မင်းကြီး မြှောက်စားသည်ကို စောင့်နေကြမှာလဲ။

လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ယဲ့ယွင် ထရပ်လိုက်သည်။

"ငါ့ကို အဝတ်အစား လဲပေး။ ကျိုချန်နန်းဆောင်ကို မသွားတာကြာပြီ။ စားဖိုဆောင်ကို အားဖြည့်ဟင်းရည်တစ်ခွက် လုပ်ခိုင်းလိုက်။ အရှင်မင်းကြီးကို သွားတွေ့မယ်"

ဤအချိန်တွင် 'အချိန်ကိုက်ရွာသောမိုး' (လိုအပ်နေချိန် ကူညီပေးသူ) လုပ်ရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်အရေးပင်ဖြစ်သည်။

အရှင်မင်းကြီးသည် ဒီနည်းလမ်းကို စဉ်းစားမိပြီးသား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မျက်နှာသွားပြ၍ ရပေသည်။ ယဲ့ယွင်၏ ခံယူချက်ထဲတွင် အခွင့်အရေးဆိုသည်မှာ ကိုယ့်ဆီ အလိုလိုရောက်လာသည်အထိ ထိုင်စောင့်နေ၍ မရပေ။

......

ထိုသို့ဖြင့် နာရီဝက်ခန့် အကြာတွင် ယဲ့ယွင်သည် ကျိုချန်နန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

ယွမ်ကျိုသည် အတွင်းသို့ ဝင်ရောက်လျှောက်တင်ပေးပြီး မကြာမီ သူမကို ဝင်ခွင့်ပြုလိုက်သည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ချန်းချဲ့အရှင်မင်းကြီးအတွက် ဟင်းရည်လုပ်ခိုင်းပြီး ယူလာခဲ့ပါတယ်။ အရှင်မင်းကြီးက ဒီရက်ပိုင်းပိန်သွားသလိုပဲ။ အားရှိအောင် သောက်သင့်တယ်နော်" ယဲ့ယွင်က ပြောရင်းဖြင့် ခြင်းတောင်းကို ကိုင်ကာ ရှေ့သို့ တိုးသွားလိုက်သည်။

နင်ချန်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့ သူမသည် ငန်းဝါရောင် ရင်ဖုံးအင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး တိမ်လိပ်ပုံပန်းထိုးကာ နှင်းဖြူရောင် အနားကွပ်ထားသည်။ ဆံပင်ကို ယွမ်ပေါင်ပုံစံ ထုံးဖွဲ့ထားပြီး နှစ်သစ်ကူးမတိုင်မီကမှ ရရှိထားသော လိပ်ပြာပုံ ပုလဲပန်းခက်ကို ထိုးစိုက်ထား၏။ နားတွင် ပုလဲနှစ်လုံး ဆွဲထားပြီး နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်ပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။

နွေဦးရာသီသို့ မရောက်သေးသော်လည်း ယဲ့ယွင်၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် နွေးထွေးပြီး သက်တောင့်သက်သာ ရှိစေသည်။ ကျွမ်းကျင်​နေသည့် လှုပ်ရှားမှုများအတိုင်း နင်ချန်က လက်လှမ်းကာ သူမကို ဆွဲယူလိုက်သည်။

"ဒီအထည်က မနှစ်က ကျန်းပေးထားတာ မဟုတ်လား။ မင်း ဝတ်လိုက်တော့ တကယ်ကိုအလကား မဖြစ်တော့ဘူးပဲ"

ယဲ့ယွင်က နှုတ်ခမ်းဆူလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"အရှင်မင်းကြီးကလေ ချန်းချဲ့ဝတ်ထားတာ လှရင်လှတယ်ပေါ့ ဟွန့် ချီးကျူးဖို့ကို ဝန်လေးနေသေးတယ်"

"အဓိပ္ပာယ်က အတူတူပဲ မဟုတ်ဘူးလား"

နင်ချန်က နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"ကျန်းရဲ့ ဘဏ္ဍာတိုက်ထဲမှာ အထည်ကောင်းတွေ အများကြီး ရှိသေးတယ်။ အသစ်ဆက်သလာတဲ့ ရှုကျင်းပိုးထည်အရောင်တွေက တော်တော်လှတယ်။ ခဏနေကျရင် မင်းကြိုက်တာ ရွေးယူသွားလိုက်"

"အဲဒါဆိုရင် အရှင်မင်းကြီးကို ကျေးဇူးတင်ရတော့မှာပဲ။ အလည်ရောက်လာတာအလကား မဖြစ်တော့ဘူးပေါ့" ယဲ့ယွင်က မျက်လုံးလေးမှေးကာ ပြုံးလျက် ပြောလိုက်သည်။

သူမသည် လက်ကိုရုန်းထွက်လိုက်ပြီး ဟင်းရည်ကို ကိုယ်တိုင်ခပ်ထည့်ပေးလိုက်သည်။

နင်ချန်သည် ဟင်းရည်ခွက်ကို ယူကာ နှစ်ငုံခန့် သောက်လိုက်သည်။ ယခုထိ ရာသီဥတု အေးနေသေးသဖြင့် ပူပူနွေးနွေးလေး သောက်လိုက်ရသည်မှာ တကယ်ပင် နေလို့ကောင်းလှ၏။

"အရှင်မင်းကြီးက အစီရင်ခံစာတွေကို ဖတ်နေတုန်းလား။ တစ်နေ့လုံး နားချိန်လည်း မရှိဘူး"

ယဲ့ယွင်သည် စားပွဲပေါ်သို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ မကြည့်သင့်သည်များကို စောစောစီးစီးကပင် သိမ်းဆည်းပြီး ဖြစ်ပေလိမ့်မည်။

"နွေဦးစာမေးပွဲလည်း နီးနေပြီ။ပြီးတော့အရှင်မင်းကြီးက မြောက်ဘက်ကို ခရီးထွက်ရဦးမယ်။ နှစ်လလောက် ကြာမှာဆိုတော့ ပြန်ရောက်ရင် နိုင်ငံရေးကိစ္စတွေ ပုံနေတော့မှာပဲ။ တွေးကြည့်ရင်တောင် စိတ်မကောင်းစရာပဲ"

ဟင်းရည်တစ်ခွက် ကုန်သွားသောအခါ နင်ချန်၏ပင်ပန်းနွမ်းနယ်မှုများ အနည်းငယ် ပြေပျောက်သွားသည်။ သူက မျက်ခုံးပင့်လိုက်ပြီး "မင်းက ကျန်းကို သနားနေတာလား။ ကျန်းထင်တာတော့ မင်းက နေ့တိုင်း စားဖို့သောက်ဖို့နဲ့ အိပ်ဖို့လောက်ပဲ တွေးနေတာပါ"

"အရှင်မင်းကြီးကတော့ လျှောက်ပြောနေပြန်ပြီ" ယဲ့ယွင်က မကျေမနပ်ဖြင့် လက်ကိုင်ပုဝါလေးကို ခါလိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။ "ချန်းချဲ့ရဲ့စိတ်ထဲမှာ အရှင်မင်းကြီးပဲ ရှိတာပါနော်"

နင်ချန်သည် ဟက်ကနဲရယ်မောလိုက်ပြီးသူမ၏လက်ကို ဆွဲယူလိုက်သည်။ ယဲ့ယွင်သည် ကိုယ်ကိုလှည့်ကာ သူ့ပေါင်ပေါ်သို့ ဝင်ထိုင်လိုက်လေသည်။

"အရှင်မင်းကြီး မြောက်ဘက်ကို ခရီးထွက်မယ့်ရက် သတ်မှတ်ပြီးပြီလား။ ချန်းချဲ့လည်း အပ်ချုပ်ဌာနကို အဝတ်အစားတွေ ပိုချုပ်ခိုင်းထားရအောင်လေ။ ဒါမှ နန်းတော်အပြင်ရောက်ရင် အရှင်မင်းကြီး မျက်နှာမငယ်ရအောင်လို့လေ"

"လက်ရှိမပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေသေးလို့ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ နက္ခတ်တာရာဌာနက ကြည့်နေတုန်းပဲ" နင်ချန်သည် သူမကို ဖက်ထားရသဖြင့် စိတ်လှုပ်ရှားလာကာ သူမ၏ နူးညံ့သော လက်ကလေးများကို ပွတ်သပ် ကစားနေမိသည်။

ယဲ့ယွင်သည် အရိုးမရှိသကဲ့သို့ နင်ချန်၏ပခုံးပေါ်တွင် မှီတွယ်လိုက်ပြီး မျက်လုံးကို တစ်ဝက်မှိတ်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"နွေဦးစာမေးပွဲကိစ္စကြောင့်ဖြစ်မယ်ထင်

တယ်။ အရှင်မင်းကြီးက အခုလိုနေ့တိုင်း ပင်ပန်းခံနေရတာ၊ အစားကောင်းကောင်း စားပါဦးနော်။ မဟုတ်ရင် ခန္ဓာကိုယ်က ဘယ်ခံနိုင်ပါ့မလဲ။ တကယ်လို့များ ဒီချန်းချဲ့သာ ယောက်ျားလေးဖြစ်ခဲ့ရင်အရှင်မင်းကြီးအတွက် အကြံဉာဏ်တွေ ပေးနိုင်မှာပဲ"

ထိုစကားကို ကြားသောအခါ နင်ချန်၏လက်လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူသည် မျက်လွှာကို အနည်းငယ်ချကာ တိုးတိုးလေး ပြောလိုက်သည်။

"ယောက်ျားလေး မဟုတ်ရင်လည်း မင်းဘေးက ကျန်းအတွက် အခက်အခဲတွေကို မျှဝေပေးနိုင်ပါတယ်။ ကျန်းမှာ ကိစ္စတစ်ခုရှိလို့ မင်း ဘယ်လိုသဘောရလဲ နားထောင်ချင်တယ်"

"ဘာကိစ္စလဲ" ယဲ့ယွင်သည် ယုန်ကလေးတစ်ကောင်နှယ် ထထိုင်လိုက်ပြီး နင်ချန်ကို သတိထားကာ ကြည့်လိုက်သည်။

"နန်းတွင်းအမျိုးသမီးတွေက နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူးလေ။ အရှင်မင်းကြီး ဒီချန်းချဲ့ကို တွင်းတူးပြီးချောက်ချမလို့လား"

နင်ချန်၏ နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး သူမကို ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းလိုက်ကာ ညှို့ယူဖမ်းစားသကဲ့သို့ ပြောလိုက်သည်။

"ဒီနေ့ မင်း ကြိုက်သလောက် ပြောခွင့်ရှိတယ်။ အပြစ်မယူဘူး။ နွေဦးစာမေးပွဲအတွက် အရာရှိချုပ် နေရာကို ဆုံးဖြတ်လို့ မရသေးဘူး ဖြစ်နေတယ်။ မင်းအမြင်အရ ကျန်း ဘယ်သူ့ကို ခန့်သင့်တယ် ထင်လဲ"

နှစ်ဦးသား မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။ နင်ချန်၏မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်အချို့ ပါဝင်နေ၏။

ယဲ့ယွင်၏ ဉာဏ်ရည်ထက်မြက်မှုကို သူ အနည်းငယ် သိထားသည်။ ယနေ့ စိတ်ဝင်စားလာသဖြင့် သူ့ရင်ခွင်ထဲမှ မိန်းမပျိုလေး မည်သို့ ပြောလာမည်ကို သူ တကယ်ပင် နားထောင်ချင်နေမိသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -72

အခန်း ၇၂ ။ ဟယ်မိသားစု

ယဲ့ယွင်သည်လည်း သူ့ကို ကြည့်လိုက်ပြီး အချိန်အတော်ကြာမှ သတိထား၍ ပြောလိုက်သည်။

"အရှင်မင်းကြီး... တကယ်လို့များ ဒီချန်းချဲ့ပြောတာ မှားသွားရင် အပြစ်မယူရဘူးနော်"

ထင်ထားသည့်အတိုင်းပင် နင်ချန် သိလိုက်သည်မှာ ဤမိန်းမပျိုလေးသည် စည်းကမ်းများကို အလွန်အမင်း ဖက်တွယ်ထားတတ်သည့် လူစားမျိုး မဟုတ်ကြောင်းပင်။

သူသည် တကယ်ပင် နားထောင်ချင်နေခြင်း ဖြစ်ပေသည်။ အခြားသူသာဆိုလျှင် ပြောရဲမည် မဟုတ်သော်လည်း ယဲ့ယွင်က ပြောရဲသည်။ ထို့ကြောင့် ပို၍ဆန်းသစ်သည်ဟု ခံစားရပြီး သူမ၏အမြင်ကို ပို၍ နားထောင်ချင်လာမိသည်။

"လောလောဆယ် နန်းတွင်းက စာပေပညာရှင်တွေထဲမှာ ဂုဏ်သတင်းအကြီးဆုံးက ချန်၊ ယောင်၊ ရှဲ့နဲ့ ဝူ မိသားစုတွေပဲ။ ဒါပေမဲ့ အလယ်က နှစ်ယောက်က အခွန်ဌာနနဲ့ ဆောက်လုပ်ရေးဌာနက အမတ်ကြီးတွေ ဖြစ်နေတော့ အမှုထမ်းရေးရာဌာနကို ဝင်ပါဖို့ မသင့်တော်ဘူး။ ဒါဆိုရင် ချန်မိသားစုနဲ့ ဝူမိသားစုပဲ ကျန်တော့တယ်။ အရှင်မင်းကြီးက ချန်မိသားစုကို မသုံးချင်တာ သေချာတယ်။ ဝူမိသားစုကကျတော့ အဆင့် ၃ အရာရှိလောက်ပဲရှိသေးတော့ အဆင့် ၁ အရာရှိကြီးတွေကိုကျော်ပြီး ခန့်ဖို့ မကောင်းဘူး။ ဒီလိုတွက်ကြည့်လိုက်ရင် အရှင်မင်းကြီးဆီမှာ သုံးစရာလူ မရှိဘူး ဖြစ်နေတာပေါ့"

ယဲ့ယွင်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တမင်သက်သက် ပြောလိုက်သည်။

"ယင်းကော်ကုန်းက ကျန်းရဲ့ ဦးရီးတော်လေ။ မင်း ဘယ်လိုပြောလိုက်တာလဲ။ ကျန်း သူ့ကို မသုံးဘူးဆိုတာ သေချာလို့လား" နင်ချန်သည် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး ပို၍ စိတ်ဝင်စားလာသည်။

သူ့ရှေ့မှ မိန်းကလေးသည် အသုံးဝင်သော အကြောင်းအရာအချို့ကို တကယ် ပြောပြနိုင်လိမ့်မည်ဟု သူ့ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။

"အိုက်ယား အရှင်မင်းကြီးက လူဆိုးကြီးပဲ။ အဲဒီစကားတွေကို ချန်းချဲ့က ဘယ်လိုလုပ် ပြောရဲမှာလဲ။ အရှင်မင်းကြီးစိတ်ထဲမှာ ရှင်းနေပြီးသားပဲကို" ယဲ့ယွင်သည် နင်ချန်၏ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး မျက်နှာလွှဲကာ မာနခဲလေးလုပ်ပြလိုက်သည်။

နင်ချန်သည် စိတ်ထဲတွင် သဘောကျသွားပြီး ရင်ခွင်ထဲမှ မိန်းမပျိုကို တည့်မတ်

အောင် ပြန်ဆွဲလိုက်သည်။

"ကောင်းပြီ ကောင်းပြီ... ဆက်ပြောပါဦး။ ကျန်း ဆုံးအောင် နားထောင်ပါ့မယ်"

ယဲ့ယွင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ ဆက်ပြောလေသည်။

"အမှုထမ်းရေးရာအမတ်ကြီး ရွှီက ငယ်လွန်းတော့ လူတွေက မလေးစားကြဘူး။ ဒါပေမဲ့ သူ့ဆရာက ပညာရှင်ကြီးဟယ် လေ။ ပညာရှင်ကြီးဟယ်က အခု ဟုန်ဝမ်ခန်းမမှာ စာအုပ်ပြုစုတာလောက်ပဲ လုပ်ပြီး နိုင်ငံရေးကို မလုပ်တော့ပေမယ့် သူက ဖခင်လက်ထက်ကတည်းက အဆင့် ၁ ပညာရှင်ကြီး ဖြစ်ခဲ့တာ။ ဒီဂုဏ်ပုဒ်နဲ့ဆိုရင် နွေဦးစာမေးပွဲ အရာရှိချုပ်နေရာနဲ့ ဘယ်လိုပဲကြည့်ကြည့် ထိုက်တန်ပါတယ်"

ထို့နောက် ခေတ္တရပ်နားပြီး ဆက်ပြောပြန်သည်။ "ပြီးတော့ ပညာရှင်ကြီးဟယ်ရဲ့ ချွေးမက အရှင်မင်းကြီးရဲ့ အစ်မအရင်း မင်းသမီးကျားဟယ် လေ။ မင်းသမီးရဲ့ကြင်ရာတော် ဟယ်ရှင်းယန့်ကလည်း အရည်အချင်းရှိတယ်လို့ ကြားတယ်။ သားအဖနှစ်ယောက် ပူးပေါင်းပြီး အမတ်ကြီးရွှီပါ ပါလာမယ်ဆိုရင် လုံလောက်ပြီလို့ ဒီချန်းချဲ့ ထင်တယ်"

"မင်းသမီးကျားဟယ်က အိမ်ထောင်ပြုပြီး အပြင်ရောက်နေပေမယ့် သူ့နောက်ကွယ်မှာ အားကိုးစရာဆိုလို့ အရှင်မင်းကြီး တစ်ယောက်တည်း ရှိတော့တာ။ မင်းသမီးက ဉာဏ်ကောင်းတော့ သူ့ကြင်ရာတော်ကို အရှင်မင်းကြီးအတွက် အစွမ်းကုန် အလုပ်လုပ်ပေးဖို့ပြောမှာ သေချာပါတယ်"

ဤစကားများသည် လိုရင်းကို ထိမိစေရုံသာ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ယွင်သည် ထပ်ပြီး များများစာစားမပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ အကျိုးအမြတ်အမျိုးမျိုးကို ရှင်းလင်းစွာ ပြောပြပြီးပြီဖြစ်သည်။

တကယ်တမ်း ပြောရလျှင် နင်ချန်သည် ပညာရှင်ကြီးဟယ်ကို လုံးဝ သတိမရခဲ့မိပေ။

ဤနှစ်များအတွင်း ပညာရှင်ကြီးဟယ်သည် စာပေပြုစုခြင်းကိုသာ တာဝန်ယူခဲ့ပြီး နန်းညီလာခံသို့ တက်ရောက်ခဲသည်။ သူ့သားအကြီးဆုံးဖြစ်သူ သမက်တော် ဟယ်ရှင်းယန့်သည်လည်း နေထိုင်မှု ရိုးရှင်းသူဖြစ်ရာ နင်ချန်သည် သားအဖနှစ်ယောက်ကို မေ့လျော့လုနီးပါး ဖြစ်ခဲ့သည်။

ဟယ်မိသားစုမှ သားအဖနှစ်ယောက်သည် တကယ်ပင် စစ်မှန်သော ပညာအရည်အချင်း ရှိသူများ ဖြစ်ကြသည်။ မဟုတ်ပါက ခမည်းတော်သည် သမီးအကြီးဆုံးကို ဟယ်မိသားစုသို့ ပေးစားခဲ့မည် မဟုတ်ပေ။

"အရှင်မင်းကြီးက ဘာလို့ ဘာမှပြန်မပြောတာလဲ။ အရှင်မင်းကြီး ကတိပေးထားတယ်နော်။ ဒီချန်းချဲ့ပြောတာမှားရင်တောင် အပြစ်မယူဘူးဆိုတာလေ"

နင်ချန် စကားပြန်မပြောသည်ကို မြင်သောအခါ ယဲ့ယွင်သည် ရုန်းကန်ပြီး ထရပ်ရန် ပြင်လိုက်သည်။

နင်ချန်သည် သူမကို ဖိချထားလိုက်ပြီး ပို၍တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ့ဖီးနစ်မျက်လုံးများတွင် အရောင်များတောက်ပနေ၏။

"မင်းသာ သတိမပေးခဲ့ရင် ကျန်း ဟယ်ရှင်းယန့်လို လူတော်ကို ဆုံးရှုံးရတော့မလို့ပဲ။ ဘာဆုလာဘ် လိုချင်လဲ။ ကြိုက်တာပြော... ကျန်းအကုန်ပေးမယ်။"

ဒီတစ်ကြိမ်တွင် သင့်တော်သောသူကိုသာ စဉ်းစားမမိခဲ့လျှင် နင်ချန်၏မူလရည်ရွယ်ချက်မှာ ယင်းကော်ကုန်းကို အရာရှိချုပ်ခန့်အပ်ပြီး ရွှီကျန်းပိုင်ကို ဘေးမှကူညီစေရန်ဖြစ်သည်။ သို့မှသာ အနည်းနှင့်အများ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့သော် ယခု ပညာရှင်ကြီးဟယ် ရှိလာပြီဖြစ်ရာ အကြောင်းပြချက် ခိုင်လုံစွာဖြင့် လူအများကို ယုံကြည်လက်ခံစေနိုင်ပြီး ချန်မိသားစုသည်လည်း အခွင့်ကောင်း မယူနိုင်တော့ပေ။

ယဲ့ယွင်သည် နှုတ်ခမ်းကို ကွေးညွတ်အောင် ပြုံးလိုက်ပြီး နင်ချန်၏လည်ပင်းကို လှမ်းဖက်လိုက်သည်။

"ဒီချန်းချဲ့က သိပ်လိုချင်တာရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးကို တောင်းဆိုချင်တာ တစ်ခုတော့ ရှိတယ်"

"ဘာကိစ္စလဲ"

"ဒီတစ်ခေါက် မြောက်ဘက်ကို သွားရင် မြင်းလှည်း စီးရမှာပဲ။ ချန်းချဲ့ရဲ့ မြင်းလှည်းကို နည်းနည်းလောက် ပိုကျယ်အောင် လုပ်ပေးပါလား။ လမ်းမှာ သက်သောင့်သက်သာနဲ့နေလို့ထိုင်လို့ ကောင်းအောင်လို့ပါ"

ဤကိစ္စသည် ကိစ္စသေးလေးသာ ဖြစ်သဖြင့် နင်ချန်သည် မငြင်းဘဲ ချက်ချင်းပင် စီစဉ်ပေးလိုက်သည်။

ထိုမျှနှင့် မလုံလောက်သေးဟု ခံစားရသဖြင့် အဆင်တန်ဆာများ၊ လက်ဝတ်ရတနာများနှင့် အထည်အလိပ် အများအပြားကိုပါ ထပ်ဆောင်း ချီးမြှင့်လိုက်လေသည်။

ထိုညတွင် ယဲ့ယွင်သည် အလိုအလျောက်ပင် အိပ်ဆောင်၌ ဝင်ရောက်ပြုစုခွင့်ရရှိခဲ့သည်။ ဤအချက်က နောက်ကွယ်မှ ကိုယ်လုပ်တော် မည်မျှကို အံကြိတ်စေခဲ့သည် မသိပေ။

သေသေချာချာ တွက်ကြည့်လျှင် ပထမလအတွင်း အရှင်မင်းကြီးသည် မောင်းမဆောင်သို့ သိပ်မလာခဲ့ပေ။ ယခုအချိန်အထိ ယဲ့ယွင်သည် အများဆုံး ပြုစုခွင့်ရထားပြီး သုံးကြိမ်တိုင်တိုင်ရှိနေပြီ ဖြစ်သည်။

ထိပ်ဆုံးရောက်နေပြီဖြစ်သည့်အတွက် ပစ်မှတ်ထားခံရခြင်းမှာ မလွဲဧကန်ပင်။

.....

နောက်တစ်နေ့ ဖုန်းရှီးနန်းဆောင်၌ ယန်ရှို့ယီသည် အချင်းချင်း ရန်တိုက်ပေးရန် ဝန်မလေးဘဲ ယဲ့ယွင်နှင့် အခြားသူများကို တမင်ယှဉ်ပြောလေသည်။

"ပုံမှန်ဆိုရင်တော့ ယိမိန်ရန်က အချစ်တော်လေ။ အခုတော့ မင်မိန်ရန်က ကျော်တက်သွားနိုင်တဲ့ပုံရတယ်။ ဖန်းချိုက်ရန်နဲ့ ချန်ဝမ်ရုန်တို့ဆို အရှင်မင်းကြီးကို မတွေ့ရတာတောင် ကြာနေပြီ။ မင်မိန်ရန်ရေ... ညီမတော်နဲ့ အတူဝင်လာကြတာပဲဟာ၊ သူတို့ကိုလည်း နည်းနည်းပါးပါး ကူညီပေးပါဦး။ အရှင်မင်းကြီး မျက်နှာကိုတောင် မမြင်ရဘဲ ဖြစ်မနေကြအောင်လို့လေ"

"ဒီစကားကတော့ တစ်ဖက်သတ် ဆန်လွန်းပါတယ်။ မင်မိန်ရန်က တခြားလူသစ်တွေနဲ့အတူ နန်းတွင်းထဲ ဝင်လာတယ်ဆိုပေမယ့် ဘယ်နေရာမှာ တူလို့လဲ။ ဒီနေ့လို အချစ်ခံရဖို့ဆိုတာ မလွယ်ပါဘူး" ရှူးဖေးက ဝင်ထောက်လိုက်သည်။

စကားထဲတွင်ပါဝင်သောအဓိပ္ပာယ်မှာ ပြောစရာပင် မလိုလောက်အောင် ရှင်းလင်းလှသည်။

မိဖုရားခေါင်ကြီးသည် မျက်မှောင်ကြုတ်လိုက်၏။ "နန်းတွင်းထဲ ဝင်လာမှတော့ အတူတူပါပဲ။ လျှောက်မပြောကြနဲ့"

ပါးစပ်ကသာ ပြောလိုက်သော်လည်း မိဖုရားခေါင်ကြီးသည် တားဆီးလိုစိတ် မရှိပေ။

အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်း ယဲ့ယွင် အချစ်ခံနေရသည်ကို ကြည့်ရသည်မှာ သူမလည်း မျက်စိစပါးမွေးစူးနေသောကြောင့်ဖြစ်သည်။

"ရှူးဖေး၊ ရှို့ယီ၊ မမတ််ို့စကားပြောရင် ဘာလို့ ကွေ့ဝိုက်နေကြတာလဲ။ ဒီချန်းချဲ့က အရင်ခမည်းတော်ရဲ့ အမိန့်တော်နဲ့ ခန့်အပ်ခံရတဲ့ အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်အဖြစ်ကနေ ရောက်လာတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ချန်းချဲ့က သားသမီးလည်း မရသေးဘူး၊ တိုင်းပြည်အတွက်လည်း ဘာမှ မစွမ်းဆောင်နိုင်သေးဘူး။ နန်းတွင်းထဲဝင်ပြီး အရှင်မင်းကြီးကိုပြုစုခွင့်ရတာ ထူးခြားတာမှမဟုတ်တာ။ အရင်ခမည်းတော်ရဲ့ ကျေးဇူးတော်ကြောင့် ဝမ်ရုန် ရာထူးရတုန်းကတည်းက ဒီချန်းချဲ့ ကျေနပ်နေခဲ့တာပါ။ ချန်းချဲ့က လောဘမကြီးပါဘူး။ မတွေးသင့်တာကို ဘယ်တော့မှ မျှော်မှန်းမနေသလို စိတ်လည်း မပူပါဘူး။ ရောင့်ရဲနိုင်မှ စိတ်ချမ်းသာပြီး အသက်ရှည်မှာလေ။ ရှူးဖေးနဲ့ ရှို့ယီတို့လည်း စိတ်ပူတာ လျှော့ပြီး ရောင့်ရဲတတ်ရင်ကောင်းမယ်"

ယဲ့ယွင်သည် ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်ပြီး သူမ၏ အေးဆေးတည်ငြိမ်သောပုံစံမှာ ဤကိစ္စကို လုံးဝ ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။

သူမတို့သည် ကိုယ်လုပ်တော်ဘဝမှ နန်းတွင်းထဲ ဝင်ရောက်လာသော်လည်း ရာထူးမမြင့်သည့်အချက်ကို ကိုင်ပြီးလှောင်ပြောင်ချင်နေကြခြင်း မဟုတ်လား။ ကံဆိုးသည်မှာ ယဲ့ယွင်က ဂရုမစိုက်ခြင်းပင်။

ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ ပြောနေကြမည့်အစား သူမက ဒီနေ့ပဲ အကုန်ဖွင့်ပြောလိုက်ပြီး သူမ ဂရုမစိုက်ကြောင်း၊ စိတ်မဝင်စားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် သူတစ်ပါး ပြောလာမည့် စကားများက အဓိပ္ပာယ်မရှိတော့ပေ။

ထင်ထားသည့်အတိုင်းပင် ရှူးဖေးနှင့် ယန်ရှို့ယီတို့သည် မျက်နှာပျက်သွားရပြီး ပြန်အပြောခံလိုက်ရသဖြင့် မျက်နှာထားများ မကောင်းကြတော့ပေ။

ယောင်ရှန်းက တိုးတိုးလေး ရယ်မောလိုက်သည်။ "မင်မိန်ရန်က ပွင့်လင်းသားပဲ။ ဒီချန်းချဲ့သာဆိုရင်တော့ မျက်နှာပူပြီး ရှက်နေမိမှာ။ ဒါပေမဲ့လည်း နန်းတွင်းထဲ ရောက်နေမှတော့ အတူတူပါပဲလေ"

"ဘယ်လိုလဲ... ရှင်က မျက်နှာပါးပြီး ကျွန်မက မျက်နှာပြောင်တိုက်နေတယ်လို့ ပြောချင်တာလား" ယဲ့ယွင်က သူမကို အားမနာတမ်း စိုက်ကြည့်လိုက်သည်။ "ကိုယ့်လိပ်ပြာကိုယ်လုံရင် ဘာလို့ ရှက်နေရမှာလဲ။ ကျွန်မကတော့ ရှင်နဲ့ မတူချင်ပါဘူး။ ပွင့်ပွင့်လင်းလင်း လုပ်လို့ရတဲ့ကိစ္စကို ဘာလို့ ဖုံးကွယ်ထားရမှာလဲ။ မသိတဲ့သူတွေက ရှင့်ကို မကောင်းတာတွေ လုပ်ထားလို့ လူမသိသူမသိ ဖုံးကွယ်နေတယ်လို့ ထင်ကုန်ကြပါဦးမယ်"

ယဲ့ယွင်သည် မည်သို့ပင်ဖြစ်စေ ပါးစပ်သရမ်းလေ့ရှိသော်လည်း လူအများရှေ့တွင် ယောင်ရှန်းကို ပြန်ပက်သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က နှစ်ဦးသား ဆက်ဆံရေး ကောင်းမွန်သည့်ပုံ ပေါက်ခဲ့သေးသည်။

"မင်မိန်ရန် ဒီချန်းချဲ့ကို အထင်လွဲနေပြီ။ ဒီချန်းချဲ့က စည်းကမ်းကို အမြဲလိုက်နာတဲ့သူပါ။ မလုပ်သင့်တာကို ဘယ်တော့မှ မလုပ်ရဲပါဘူး" ယောင်ရှန်း အံကြိတ်လိုက်သည်။

သို့သော် အချိန်အခါ မသင့်သေးသဖြင့် မည်သို့ပင်ဖြစ်စေ သည်းခံရမည်။ တန်ပြန်တိုက်ခိုက်ရမည့်အချိန် မဟုတ်သေးပေ။

ယဲ့ယွင်က ထိုသို့ဒဲ့တိုးကြီး တိုက်ခိုက်လိုက်ရာ ကျန်လူများလည်း ရှေ့မတိုးရဲကြတော့ပေ။ မိဖုရားခေါင်ကြီးသည် ကြည့်ရသည်မှာ ပျင်းစရာကောင်းလာသဖြင့် လူစုခွဲခိုင်းလိုက်တော့သည်။

သို့သော် ယန်ပေါင်လင်ကိုမူ တစ်ယောက်တည်း ချန်ထားရစ်ခဲ့၏။

ကျောက်ကျယ်ယွီသည် မကျေမနပ်ဖြစ်နေပြီး ထိုနှစ်ယောက် အတွင်းဆောင်ထဲ ဝင်သွားသည်ကို ကြည့်ကာ လက်ထဲမှပဝါကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေသည်။

ကြည့်ရသည်မှာ မိဖုရားခေါင်ကြီးသည် သူမကို တကယ်လက်လွှတ်လိုက်ပြီဖြစ်ပုံရသည်။ ယခုရက်ပိုင်းအတွင်း ကောင်းသမျှ အရာအားလုံးကို ယန်မျိုးနွယ်ကိုသာ ဦးစားပေးနေသည်။

နန်းတော်ပြင်ပသို့ လိုက်ပါခွင့်တွင်လည်း သူမ မပါဝင်ခဲ့သလို၊ ရရှိခဲ့သောနှစ်သစ်ကူး လက်ဆောင် လက်ဝတ်ရတနာနှင့် အထည်အလိပ်များသည်လည်း ယန်မျိုးနွယ်လောက် မကောင်းပေ။ ဒီအတိုင်းသာဆိုလျှင် ဘယ်လိုလုပ် ဖြစ်တော့မည်နည်း။

ကျိုဖင်ရာထူးနှင့် တစ်ဆင့်သာ ကွာခြားတော့သည့်အချိန်တွင် မိဖုရားခေါင်

ကြီး၏ပံ့ပိုးမှု မပါဘဲ ဖင်အဆင့်က်ု တက်ရောက်နိုင်ရန် သူမအတွက် အလွန်ခက်ခဲပေလိမ့်မည်။ ကြည့်ရသည်မှာ တစ်ခုခုလုပ်ဆောင်ပြမှသာ မိဖုရားခေါင်ကြီးသည် သူမကို ပြန်လည်အလေးထားလာပေတော့မည်။

***

All Chapters