အခန်း (၇၃-၇၄)
Vol. 5 Ch. 73-74
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -73
အခန်း ၇၃ ။ ကိုယ်လုပ်တော်သား
အရှေ့ဆောင်တွင်ဖြစ်စေ၊ မောင်းမဆောင်တွင်ဖြစ်စေ မည်သို့ပင် လှုပ်ရှားမှုများ ရှိနေပါစေ၊ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရမည်သာ ဖြစ်သည်။
ပထမလ၏ လကုန်တွင် နန်ချီ၏ နွေဦးစာမေးပွဲအတွက် စာမေးပွဲစစ်ဆေးသူ အရာရှိချုပ်ရာထူးကို နောက်ဆုံး၌ အတည်ပြုလိုက်ပြီဖြစ်ရာ ထိုသူမှာ ပညာရှင်ကြီးဟယ်ပင် ဖြစ်သည်။
ဟယ်မိသားစုသည် နှစ်ပေါင်းရာနှင့်ချီ၍ စာပေပညာ ထွန်းကားသောမိသားစုဖြစ်ပြီး ပညာရှင်ကြီးဟယ်ကိုယ်တိုင်ကလည်း ခမည်းတော်လက်ထက်ကတည်းက အဆင့် ၁ ပညာရှင်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငြိမ်သက်နေခဲ့သော်လည်း သူ့သြဇာအာဏာမှာ ကြီးမားနေဆဲပင်။
သူ့ကို ခန့်အပ်လိုက်ခြင်းသည် နန်းတွင်းအရာရှိများအတွက် မမျှော်လင့်ထားသော ကိစ္စဖြစ်သော်လည်း ကန့်ကွက်စကားဆိုနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
သို့သော်လည်း ချန်မိသားစုကို လုံးဝ မျက်နှာပျက်အောင် လုပ်၍မရပေ။ ထို့ကြောင့် ဘေးမှ ကူညီပေးမည့်သူများထဲတွင် သမက်တော် ဟယ်ရှင်းယန့်နှင့် အမှုထမ်းရေးရာဌာန အမတ်ကြီး ရွှီကျန်းပိုင်တို့အပြင် နင်ချန်၏ဝမ်းကွဲအစ်ကိုဖြစ်သူ ယင်းကော်ကုန်း၏သားအကြီးဆုံးလည်း ပါဝင်လေသည်။
ထင်ထားသည့်အတိုင်းပင် ဟယ်မိသားစုသည် အံ့အားသင့်ရုံသာမက စိတ်လှုပ်ရှားဝမ်းသာနေကြသည်။
ဟယ်မိသားစုမှ သားအဖနှစ်ယောက်စလုံးသည် အရည်အချင်းရှိသူများ ဖြစ်ကြသော်လည်း မင်းသမီးနှင့် လက်ထပ်ထားသောကြောင့်သာ အရည်အချင်းများကို ဖုံးကွယ်ထားခဲ့ရခြင်း ဖြစ်သည်။
သမိုင်းတစ်လျှောက် မင်းဆက်အသီးသီးတွင် မင်းသမီးနှင့်လက်ထပ်ထားသော သမက်တော်များသည် တော်ဝင်မိသားစုကိုမှီခိုပြီး အာဏာကြီးထွားလာမည်ကို စိုးရိမ်သဖြင့် အရေးကြီးသော ရာထူးများကို ပေးအပ်လေ့ မရှိကြပေ။
ထို့ပြင် သမက်တော် တစ်ဦးတည်းသာမက ဟယ်မိသားစု တစ်ခုလုံးသည်လည်း သတိထား နေထိုင်ရသည်။ ထို့ကြောင့် ပညာရှင်ကြီးဟယ်သည် စာပေပြုစုခြင်းဟူသော အလုပ်ကိုသာ ရွေးချယ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ယခု နင်ချန်သည် ဤအမိန့်ကို ထုတ်ပြန်လိုက်ခြင်းမှာ ဟယ်မိသားစုကို ပြန်လည်အသုံးပြုတော့မည်ဟူသော သဘောပင်။
သမက်တော်ကို အလေးထားခြင်း ရှိ၊ မရှိ ဆိုသည်မှာ တိကျသော ဥပဒေပြဋ္ဌာန်းချက် မရှိဘဲ ဧကရာဇ်၏ဆုံးဖြတ်ချက်အပေါ်သာ မူတည်သည်။
နင်ချန်သည် ငယ်ရွယ်သူဖြစ်ပြီး ဟယ်မိသားစုကို အသုံးပြုရန် သတ္တိနှင့်အမြော်အမြင်ရှိသည်။ ထို့ပြင် လက်ရှိအခြေအနေအရ ဟယ်မိသားစုမှ သားအဖနှစ်ယောက်ကို ခန့်အပ်ခြင်းသည် အခက်အခဲများစွာကို ဖြေရှင်းနိုင်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သော ကိစ္စဖြစ်သည်။
.....
ဟယ်အိမ်တော်
နင်ကျင်းနှင့် ခင်ပွန်းဖြစ်သူတို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်သဖြင့် မင်းသမီးအိမ်တော် ရှိသော်လည်း သွားမနေဘဲ ဟယ်အိမ်တော်၌သာ နေထိုင်ကြသည်။
"ဖူရန်... ဒီနေ့ အရှင်မင်းကြီး အမိန့်ထုတ်လိုက်ပြီ။ အဖေ့ကို နွေဦးစာမေးပွဲအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ကိုယ်လည်း ပါဝင်ခွင့်ရတယ်။ ဒီရက်ပိုင်းတော့ အလုပ်တွေ ရှုပ်တော့မယ် ထင်တယ်" ဟယ်ရှင်းယန့်၏မျက်နှာတွင် အပြုံးနှင့်ပီတိများဖုံးကွယ်၍မရနိုင်အောင် ဖြစ်နေသည်။
သူသည် ငယ်ရွယ်ပြီး အရည်အချင်းရှိသူဖြစ်ကာ ရည်မှန်းချက်ကြီးမားသူဖြစ်သဖြင့် တိုင်းပြည်အတွက် အမှုထမ်းလိုစိတ် ပြင်းပြနေသူဖြစ်သည်။
နင်ကျင်းသည် အစပိုင်းတွင် ကြောင်အမ်းသွားသော်လည်း နောက်ပိုင်းတွင် ပြုံးလိုက်သည်။
"ကျန့်ဖူ(ခင်ပွန်း) ဒီလိုအခွင့်အရေး ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီနှစ်တွေမှာ ကျန့်ဖူနဲ့အဖေ့ကို နှောင့်နှေးစေခဲ့တာ ကျွန်မ အပြစ်တွေပါ။ အခု အရှင်မင်းကြီးက ကျန့်ဖူအရည်အချင်းကို မြင်သွားပြီဆိုတော့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတာ အလကားမဖြစ်တော့ဘူးပေါ့"
"မဟုတ်တာကွာ... မင်းကို ဇနီးအဖြစ် ရထားတာ ကိုယ့်အတွက် ကံအကောင်းဆုံးပဲ" ဟယ်ရှင်းယန့်သည် နင်ကျင်းကို ဖက်လိုက်သည်။ "မင်းက ကိုယ့်အတွက် သားတစ်ယောက်၊ သမီးတစ်ယောက် မွေးပေးခဲ့တာပဲ။ ဒီဘဝအတွက် ပြည့်စုံနေပါပြီ"
နင်ကျင်း၏ စိတ်နှလုံးသည် နူးညံ့ပျော့ပျောင်းသွားပြီး ခင်ပွန်းသည်ကို ပြန်လည်ဖက်တွယ်လိုက်သည်။
နောက်ဆုံးတွင် သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "တကယ်ဆို ကျွန်မလို အိမ်ရှင်မတစ်ယောက်က ဒီစကားမျိုး မပြောသင့်ပေမယ့် သတိပေးချင်လို့ပါ။ အရှင်မင်းကြီးက အခုလို အလေးထားတာက ကျွန်မတို့ ဟယ်မိသားစုကတခြားမိသားစုတွေနဲ့ မပတ်သက်လို့ပဲ။ ကျန့်ဖူ သတိထားနော်။ အရှင်မင်းကြီးက ယုံကြည်ပြီး တာဝန်ပေးမှတော့ အရှင်မင်းကြီးအတွက်ပဲ အလုပ်လုပ်ပေးရမယ်။ ဟိုမိသားစုတွေလို လမ်းမှားမလိုက်မိစေနဲ့။ ခဏတာ ကောင်းစားပေမယ့် ရေရှည်မှာ ပြောလို့ရတာ မဟုတ်ဘူး"
ဟယ်ရှင်းယန့်သည် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်ဝန်းများ ကြည်လင်တောက်ပနေသည်။
"ဖူရန် စိတ်ချပါ။ တကယ်လို့သာ ကိုယ်နဲ့ အဖေက စည်းစိမ်ဥစ္စာ မက်မောတဲ့လူတွေဆိုရင် မင်းကို လက်ထပ်ခွင့် တောင်းခဲ့မှာ မဟုတ်ပါဘူး"
ထိုစကားကို ကြားသောအခါ နင်
ကျင်း၏မျက်နှာလေး နီရဲသွားလေသည်။
(T/N - ရှားရှားပါးပါးယောကျာ်းကောင်းလေးတစ်ယောက်တွေ့ ၊ နောက်ထပ်ယောကျာ်းကောင်းလေးကတော့ ယဲ့ယွင်ရဲ့အကိုဖြစ်သူ အက်မင့်လောင်ကုန်းပါနော်)
သူမ၏လက်ထပ်ပွဲသည် ခမည်းတော် စီစဉ်ပေးခဲ့ခြင်း မဟုတ်ဘဲ ပညာရှင်ကြီးဟယ်က သားဖြစ်သူအတွက် တောင်းရမ်းပေးခဲ့ခြင်း ဖြစ်သည်။
မူလက ခမည်းတော်သည် သဘောမတူလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟယ်မိသားစုသည် အသုံးဝင်သောမိသားစုဖြစ်ပြီး မင်းသမီးနှင့် လက်ထပ်လိုက်ပါက အရေးကြီးသောနေရာများတွင် အသုံးပြုရန် ခက်ခဲသွားမည် ဖြစ်သောကြောင့်ပင်။ သို့သော် ဟယ်ရှင်းယန့်က ဇွတ်တောင်းဆိုသဖြင့် ပညာရှင်ကြီးဟယ်က သားဖြစ်သူအတွက် ခွင့်တောင်းပေးခဲ့ခြင်းဖြစ်သည်။
နင်ကျင်းအပေါ် ဟယ်ရှင်းယန့်ထားရှိသော မေတ္တာသည် စစ်မှန်သည်။ မဟုတ်ပါက သူ၏ အနာဂတ်လမ်းကြောင်းကို စွန့်လွှတ်ရဲမည် မဟုတ်ပေ။
အတိုချုပ်ပြောရလျှင် လက်ရှိအချိန်တွင် အရာအားလုံး အဆင်ပြေချောမွေ့နေသည်။
ဟယ်မိသားစုသည်အမတ်ကြီးကို ထမ်းဆောင်နိုင်ရုံသာမက သူနှင့် နင်ကျင်း၏ ဆက်ဆံရေးကြောင့် နင်ချန်အပေါ် သစ္စာစောင့်သိကြမည်ဖြစ်သည်။ ဤသည်မှာ တကယ်ပင် ကောင်းမွန်သော ခြေလှမ်းတစ်ခုဖြစ်သည်။
သို့သော် ယင်းကော်ကုန်းအတွက်မူ ဤကိစ္စသည် သိပ်ဘဝင်ကျစရာ မဟုတ်ပေ။
သူ့သားအရင်းသည် အရည်အချင်း မရှိသဖြင့် ပါဝင်ခွင့်ရလျှင်တောင် အသုံးဝင်မည် မဟုတ်ပေ။
ဤအချိန်တွင် အိမ်နောက်ဖေး၌ အချစ်တော် ဖြစ်နေသော ကိုယ်လုပ်တော်စူးသည် အခွင့်ကောင်း ယူလာလေသည်။
စူးရှီသည် နည်းလမ်းကြွယ်ဝသူ ဖြစ်ပြီး ယင်းကော်ကုန်းအတွက် ဒုတိယသားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားပေးထားသည်။ သမီးဖြစ်သူမှာ ယခုနှစ် ၁၃ နှစ် ရှိပြီဖြစ်သည်။
သားကြီးသည် အရည်အချင်း ညံ့ဖျင်းသော်လည်း ကိုယ်လုပ်တော်သားမှာမူ ထူးခြားစွာ ဉာဏ်ကောင်းသူ ဖြစ်သည်။
ထို့ကြောင့် ယင်းကော်ကုန်းသည် စူးရှီကို နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ခြင်း ဖြစ်သည်။
"ဒုတိယသခင်လေးကို သွားပြောလိုက်။ ဒီနွေဦးစာမေးပွဲမှာ မဖြစ်မနေ အောင်မြင်ရမယ်လို့။ ငါတို့ ချန်မိသားစုက နောက်ထပ် သုံးနှစ် ထပ်မစောင့်နိုင်တော့ဘူး" ယင်းကော်ကုန်း၏အသံမှာ လေးနက်နေသည်။
အရှင်မင်းကြီးသည် တဖြည်းဖြည်း ရင့်ကျက်လာပြီဖြစ်ပြီး သူသည်လည်း အသက်ကြီးလာပြီဖြစ်ရာ တစ်နေ့တွင် အနားယူရမည်သာ ဖြစ်သည်။ သားကြီးသည် အသုံးမကျသဖြင့်ကိုယ်လုပ်တော်၏သားကိုသာ ပြုစုပျိုးထောင်ရတော့မည်။
ချန်မိသားစုသည် ဆက်ခံသူ မရှိဘဲ နေ၍မဖြစ်ပေ။ အကယ်၍ ကိုယ်လုပ်တော်သားသည် ဤတစ်ကြိမ်တွင် စာမေးပွဲအောင်မြင်ပြီး အရာရှိ မဖြစ်လာပါက နောက်တစ်ကြိမ် ဆောင်းဦးစာမေးပွဲအထိ သုံးနှစ် ထပ်စောင့်ရမည်။
သုံးနှစ်ကြာလျှင် အရှင်မင်းကြီး၏ အင်အား ပိုမိုကြီးထွားလာမည်ဖြစ်ပြီး ထိုအချိန်တွင် ချန်မိသားစုသည် ခြေကုပ်ယူနိုင်စွမ်း မရှိတော့ဘဲ အာဏာလက်လွတ် ဆုံးရှုံးရပေလိမ့်မည်။
တစ်သက်လုံး ကြိုးစားအားထုတ်ခဲ့ရပြီးမှ ရရှိလာသော အဆင့်အတန်းကို စွန့်လွှတ်ပြီး သာမန် သူဌေးကြီးအဖြစ် နေထိုင်ရမည်ကို သူ မည်သို့ ကျေနပ်နိုင်ပါ့မလဲ။
.....
ချန်မိသားစု၏ ဒုတိယသခင်လေး ချန်ရှန်ယိ သတင်းရရှိချိန်တွင် ကိုယ်လုပ်တော်စူး၏ အဆောင်၌ ညီမဖြစ်သူ ချန်စုကျစ်နှင့်အတူ နေ့လယ်စာ စားနေချိန် ဖြစ်သည်။
သတင်းလာပို့သူ ပြန်သွားသောအခါ ကိုယ်လုပ်တော်စူးသည် ပြုံးလိုက်သည်။
"တွေ့လား... အခွင့်အရေး ရောက်လာပြီ။ သူက အမွေခံသားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဖေက သားကို အလေးထားပြီး တစ်နေ့ကျရင် ရာထူးရပြီး ကိုယ်ပိုင်အိမ်နဲ့နေရတဲ့အချိန်ကျရင် ဒီအိမ်တော်ထဲမှာ သူတို့မျက်နှာကို ကြည့်စရာ မလိုတော့ဘူး"
ပြောရင်းဆိုရင်း သားနှင့်သမီးကို ဟင်းထည့်ပေးလိုက်သည်။
"ယင်းကော်ကုန်းအိမ်တော်က ဂုဏ်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အမေတို့ မမက်မောဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှသာ သခင်မကြီးနဲ့ သားကြီးရဲ့ ချုပ်ကိုင်မှုအောက်က လွတ်မြောက်နိုင်မှာ။ ရှောင်ယိ... သားရဲ့ အရည်အချင်းကို အမေ သိတယ်။ သားသာ ကောင်းကောင်းနေရင် ညီမလေးလည်း ကောင်းမွန်တဲ့ အိမ်ထောင်ဖက်ရလာမှာ"
ကိုယ်လုပ်တော်စူးသည် အလွန်ဉာဏ်ကောင်းသော အမျိုးသမီး ဖြစ်သည်။ မိသားစုကြီးတစ်ခုတွင် တရားဝင် ဇနီးသည်နှင့် တရားဝင် သားကြီးတို့၏အရေးပါမှုကို သူမ ကောင်းစွာ သိသည်။
သူမ၏သားသည် အိမ်တော်၌ အကျိုးအမြတ် မရနိုင်မှတော့ လုံးဝ မမျှော်လင့်ဘဲ ကိုယ့်ဘာသာ ကြိုးစားကြီးပြင်းပြီး အချိန်တန်လျှင် ဤနေရာမှ ထွက်ခွာသွားရန်သာ ရှိသည်။
ထိုအချိန်ကျမှသာ တကယ့်လွတ်လပ်မှုကို ရရှိမည်ဖြစ်သည်။ ယင်းကော်ကုန်းအိမ်တော်မှ မထွက်ခွာသမျှ ကာလပတ်လုံး ကိုယ်လုပ်တော်သားဟူသော အဆင့်အတန်းသည် သူမ၏သားကို အမြဲတမ်း ဖိနှိပ်ထားပေလိမ့်မည်။
"အမေ စိတ်ချပါ... သား အမေ့မျှော်လင့်ချက် မပျက်စေရပါဘူး" ချန်ရှန်ယိက လေးနက်စွာ ပြောလိုက်သည်။
ဤနှစ်များအတွင်း သူ ဉာဏ်ကောင်းလွန်းသဖြင့် အိမ်ကြီးရှင်မ၏ တိတ်တဆိတ် ဖိနှိပ်မှုကို မကြာခဏ ခံခဲ့ရသည်။ သို့သော် ဖခင်အသိအမှတ်ပြုခြင်းခံရစေရန် သူ၏အရည်အချင်းများကို အကုန်လုံး ဖုံးကွယ်ထား၍ မရခဲ့ပေ။ သူ့ဘဝသည်ည်း မလွယ်ကူခဲ့ပါ။
ယခု နောက်ဆုံးတွင် အခွင့်အရေးရလာပြီဖြစ်ရာ သူ လက်လွတ်ခံမည် မဟုတ်ပေ။
ယင်းကော်ကုန်းသည် သူ အစွမ်းကုန် ပျိုးထောင်ပေးလိုက်သော ကိုယ်လုပ်တော်သားသည် နောက်ဆုံးတွင် ချန်မိသားစု၏အရာရာကို ဆက်ခံမည့်သူ မဟုတ်ကြောင်း တစ်ခါမှ မတွေးခဲ့မိပေ။
....
လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာပြီး နွေဦးစာမေးပွဲ အရာရှိချုပ်ကို ရွေးချယ်ပြီးနောက် နန်းတော်ပြင်ပမှ သတင်းတစ်ခု ရောက်ရှိလာသည်။ ချူမိသားစုမှ သခင်လေးနှစ်ယောက် မြို့တော်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
သူတို့သည် ယဲ့အိမ်တော်တွင် တည်းခိုကြမည် ဖြစ်သည်။ ယဲ့ကျယ်သည် မြို့တော်မှ မထွက်ခွာသေးသဖြင့် ဝမ်းကွဲညီအစ်ကိုများ အဖော်ရကြသည်။
ချူမိသားစု နေထိုင်ရာ ပြန်ကျိုးနှင့် မြို့တော်သည် နီးကပ်သဖြင့် မြင်းလှည်းဖြင့် ငါးရက်၊ ခြောက်ရက်ခန့်သာ ကြာမြင့်သည်။ တစ်လကျော် ကြိုတင်ရောက်ရှိလာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
တတ်နိုင်သော မိသားစုများသည် ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ကြိုတင် လာရောက်လေ့ရှိသည်။
ဤတစ်ခေါက် မြို့တော်သို့ လာရောက်ရာတွင် အနောက်ဘက်ဒေသမှ ရရှိသော ကျောက်မျက်ရတနာများနှင့် အထည်အလိပ်များ၊ ဆန်းပြားသော ပစ္စည်းလေးများ ပါဝင်ပြီး ယဲ့ယွင်ထံသို့လည်း ပေးပို့လိုက်သည်။
ယဲ့ယွင်က လက်ဆောင်ပြန်ပေးရာတွင် မင်တောင့်နှစ်တောင့်နှင့် စုတ်တံနှစ်စုံ၊ ထို့ပြင် ဖိနပ်နှစ်ရံနှင့် ဒူးကာနှစ်စုံ ပါဝင်သည်။
နွေဦးစာမေးပွဲ ဖြေဆိုရန် စာဖြေခန်းထဲတွင် သုံးရက်၊ သုံးညတိတိ နေရမည်ဖြစ်ပြီး ယခုအချိန်သည် ညဘက်၌ အေးသဖြင့် ဤပစ္စည်းများသည် အသုံးဝင်ပေလိမ့်မည်။
ပထမပစ္စည်းနှစ်မျိုးသည် တရားဝင် လက်ဆောင်ပြန်ခြင်းဖြစ်သော်လည်း နောက်ပစ္စည်းနှစ်မျိုးသည် ရင်းနှီးမှုကို ပြသခြင်း ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် နန်းတော်ပြင်ပမှ ချူမိသားစု သခင်လေးနှစ်ယောက်သည် ပစ္စည်းများ ရရှိသောအခါ အလွန်ကျေနပ်သွားကြသည်။
လူတစ်ယောက်သည် ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံနေသောအခါ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုမိုအလေးထားလာတတ်သည်။ ယဲ့ယွင်သည် လူကို ကိုင်တွယ်တတ်သူ ဖြစ်သည်။
သို့သော်လည်း ဟန်ဆောင်နေခြင်း သက်သက်မဟုတ်ပေ။ ချူမိသားစုက သူမအပေါ် ကောင်းမွန်ခဲ့သဖြင့် သံယောဇဉ် ရှိပေသည်။ ထို့ကြောင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက်ခြင်းသာ ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -74
အခန်း ၇၄ ။ ခရီးထွက်ခြင်း
ဒုတိယလ၏ ၈ ရက်နေ့၊ မနက် ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဧကရာဇ်သည် မြောက်ဘက်သို့ တိုင်းခန်းလှည့်လည်ရန်အတွက် ခရီးစတင်ထွက်ခွာခဲ့ပြီး အရာရှိများက ဒူးထောက်၍ နှုတ်ဆက်ကြသည်။
ဤခရီးစဉ်တွင် တော်ဝင်အစောင့်တပ်မှူး လုချင်းယွင်က လုံခြုံရေးတာဝန်ယူပြီး 'သစ္စာတရားနှင့် ရဲစွမ်းသတ္တိရှိသောအမတ်မင်း' (ယဲ့ကျယ်) သည်လည်း လိုက်ပါစောင့်ရှောက်မည်ဖြစ်သည်။ သူတို့သည် ကျားစခ်ဒေသသို့ရောက်ရှိပြီးမှ လင်ကျိုးသို့ပြန်၍ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
...
ဧကရာဇ် ခရီးထွက်ခွာရာတွင် အခမ်းအနားများစွာရှိသဖြင့် ယဲ့ယွင်သည် အိပ်ရာဝင်ပြီး နှစ်နာရီခန့်အကြာ၌ ပြန်ထကာပြင်ဆင်ရသောကြောင့် အလွန်အိပ်ချင်နေ၏။
မနက် ၄ နာရီခန့် ရောက်သောအခါမှသာ မြင်းလှည်းပေါ်သို့ ရောက်ရှိခဲ့သည်။
နင်ချန်သည် သူမကို မလိမ်ညာခဲ့ပေ။ ယခင်က လင်းရှီးဥယျာဉ်သို့သွားစဉ်ကစီးခဲ့သော မြင်းလှည်းနှင့်နှိုင်းယှဉ်လျှင် ဤမြင်းလှည်းသည် အလွန်ကျယ်ဝန်းပြီး သူမ လှဲအိပ်ရန် လုံလောက်ပေသည်။
သူမ ရာထူးတိုးသွားသော်လည်း ဤစည်းကမ်းသတ်မှတ်ချက်သည် ပုံမှန်ထက် ပိုနေသည်။ မြင်းလှည်းသည် 'မိန်ရန်' အဆင့်အတွက် မဟုတ်ဘဲ ကျိုဖင်အဆင့်၏ အောက်ဆုံးဖြစ်သော 'ရှိုးရုန်' အဆင့်အတွက် သတ်မှတ်ထားသော မြင်းလှည်းမျိုးဖြစ်သည်။
သို့သော်လည်း သူမကို အထူးတလည် ဦးစားပေးသည်ဟု မထင်ရစေရန် ရှေ့မှ လင်ကျယ်ယွီသည်လည်း သူမနှင့်ဆင်တူသော မြင်းလှည်းကို အသုံးပြုထားပြီး အပြင်ပန်း အနည်းငယ်သာ ကွာခြားသည်။
ယိမိန်ရန်သည် မြင်းလှည်းပေါ်တက်သောအခါ ယဲ့ယွင်၏မြင်းလှည်းကို အကြိမ်ကြိမ် ကြည့်လိုက်သည်။
အပြင်အဆင် တူညီသော်လည်း ယဲ့ယွင်၏မြင်းလှည်းသည် သိသိသာသာ ပိုကြီးနေသဖြင့် စိတ်ထဲတွင် မနာလိုဖြစ်လာသည်။
ဤအရာများကို မိဖုရားခေါင်ကြီးက စီစဉ်ပေးခြင်းဖြစ်သော်လည်း မိဖုရားခေါင်ကြီးသည် ကိုယ်လုပ်တော်များကို ဤမျှမြှောက်စားမည် မဟုတ်ပေ။ ထို့ကြောင့်အရှင်မင်းကြီး၏အလိုဆန္ဒသာ ဖြစ်ပေလိမ့်မည်။
သူမ ဆုံးရှုံးလိုက်ရသော ကလေးကို ပြန်တွေးမိပြီး ယိမိန်ရန်၏စိတ်ထဲတွင် အမုန်းတရားများ ပြည့်နှက်လာသည်။ စိတ်ခံစားချက်များကို အနိုင်နိုင်ထိန်းချုပ်ကာ အစေခံမလေး၏လက်ကို ကိုင်ပြီး မြင်းလှည်းပေါ် တက်လိုက်ရသည်။
ယိမိန်ရန် သတိထားမိသော အရာများကို အခြားသူများလည်း သတိထားမိကြပြီး မနာလိုဖြစ်သူ မည်မျှရှိမည်ကို မသိနိုင်ပေ။
ယဲ့ယွင်သည် ထိုအရာများကို ဂရုမစိုက်ဘဲ သူမ သက်တောင့်သက်သာဖြစ်ရန်သာ အရေးကြီးသည်ဟု ယူဆသည်။
မြင်းလှည်းပေါ်ရောက်သည်နှင့် ခေါင်းပေါ်မှ အဆင်တန်ဆာများကို ချက်ချင်း ဖြုတ်ချပြီး စောင်ပုံထဲသို့ ဝင်အိပ်လိုက်တော့သည်။
ဤခရီးဝေးအတွက် အားကိုးရသော အစေခံများဖြစ်သည့် ဟွေယွဲ့နှင့် နန်ကျစ်ကို ခေါ်ဆောင်လာခဲ့သည်။ နန်းတော်ထဲတွင် ပိုင်ကျူး ဦးဆောင်ကာ လုဟယ်၊ လုကျီနှင့် လုမေ့တို့ ရှိနေခဲ့သည်။ သူတို့အတွက်လည်း အတွေ့အကြုံသစ်ရရှိစေရန်ဖြစ်သည်။
ခရီးတွင်ရန်အတွက် မနက်စာစားချိန်တွင် ရပ်နားခြင်း မရှိပေ။ နောက်မှလိုက်ပါလာသော စားဖိုဆောင်မြင်းလှည်းက အစောကြီးကတည်းက ပြင်ဆင်ထားပြီး သက်ဆိုင်ရာ သခင်မများ၏ မြင်းလှည်းပေါ်သို့ ပို့ဆောင်ပေးသည်။
ယဲ့ယွင်အတွက် ဖက်ထုပ်ပေါင်းတစ်ပွဲ၊ နှမ်းမုန့်တစ်ပန်းကန်၊ အရံဟင်း နှစ်မျိုးနှင့် ကြက်သားဆန်ပြုတ်တစ်အိုး ရရှိသည်။
ပုံမှန်အချိန်များနှင့်ယှဉ်လျှင် ရိုးရှင်းသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ဤမျှလောက်ဆိုလျှင် အတော်လေး ပြည့်စုံနေပြီ ဖြစ်သည်။
ဟွေယွဲ့က သူမကို နှိုးလိုက်သော်လည်း ယဲ့ယွင်သည် အိပ်ချင်လွန်းသဖြင့် စားချင်စိတ် မရှိပေ။ ကြက်သားဆန်ပြုတ်တစ်ပန်းကန်နှင့် ဖက်ထုပ် နှစ်ခု၊ သုံးခု စားပြီးနောက် ပြန်အိပ်လိုက်သည်။
"အေးသွားရင် စားမကောင်းတော့ဘူး။ နင်တို့နှစ်ယောက် ခွဲစားလိုက်ကြ။ လမ်းခရီးက ပင်ပန်းမှာဆိုတော့ အားရှိအောင်စားထားကြ"
"ဟုတ်ကဲ့ပါ၊ မိန်ရန် အိပ်ပါတော့။ နေ့လယ်လောက်မှ နားမယ် ထင်တယ်" နန်ကျစ်က သူမကို စောင်ခြုံပေးလိုက်သည်။
အစေခံမလေးနှစ်ယောက်သည် ကျန်သော အစားအစာများကို စားလိုက်ကြသည်။ ပမာဏ များပြားသဖြင့် နှစ်ယောက်စလုံး ဗိုက်ဝသွားကြသည်။
ရာထူးနိမ့်သော အခြားသူများမှာမူ ကံမကောင်းကြပေ။
ချန်ဝမ်ရုန်သည် မယ်တော်ကြီး၏တူမဖြစ်ခြင်းနှင့် ရာထူးအဆင့်အတန်းကြောင့် အစားအသောက် မဆိုးလှပေ။ ယောင်ရှန်းသည်လည်း အနည်းငယ် မျက်နှာသာပေးခံရသဖြင့် ဆန်ပြုတ်တစ်အိုးနှင့် ဖက်ထုပ်တစ်ပွဲရရှိပြီး ပူပူနွေးနွေး ဖြစ်နေသေးသည်။
သို့သော် ယန်ရှို့ယီက အတင်းထည့်ပေးလိုက်သော လီဝမ်ရုန်မှာမူ နွေးရုံရှိသော ဆန်ပြုတ်တစ်အိုးနှင့် ကြက်ဥနှစ်လုံးသာ ရသည်။ ယန်ပေါင်လင်နှင့် ကျိုးပေါင်လင်တို့ထံ မနက်စာ ရောက်သောအခါ ယဲ့ယွင်၏အစေခံများ စားသောက်ပြီးချိန် ဖြစ်နေပြီ။ အစားအစာများမှာ အေးစက်နေပြီး ဆန်ပြုတ်တစ်အိုးနှင့် အချဉ်ဖတ် နှစ်မျိုးသာ ပါဝင်သည်။
နေ့လယ်စာ မည်သည့်အချိန် စားရမည် မသိသဖြင့် ဖြစ်သလိုစားထားလိုက်ရသည်။
ကံကောင်းသည်မှာ မြင်းလှည်းပေါ်၌ ရေနွေးရှိသဖြင့် ရေနွေးစိမ်လိုက်သောအခါ အနည်းငယ် နွေးသွားသည်။
နေ့လယ်စာသည် ပုံမှန်ထက် နောက်ကျပြီး နေ့လယ် ၂ နာရီခန့်မှ ရပ်နားကြသည်။
အဓိကအကြောင်းအရင်းမှာ စခန်းချရန် နေရာရှာရ ခက်ခဲသောကြောင့် ဖြစ်သည်။
ယခုအချိန်မှသာ မြင်းလှည်းပေါ်မှဆင်းကာ လှုပ်ရှားခွင့်ရကြသည်။
"မင်မိန်ရန်က လမ်းတစ်လျှောက်လုံး အိပ်လာတာလား။ ကြည့်ရတာ စိတ်မကြည်တဲ့ပုံပဲ" ယိမိန်ရန်က မလိုလားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ယဲ့ယွင်သည် လည်ပင်းကို လှည့်လိုက်ပြီး သူမကို ခပ်ဖျော့ဖျော့ ကြည့်လိုက်သည်။ "ကျွန်မက စိတ်သဘောထား ကြီးတယ်လေ။ လျှောက်တွေးပြီး စိတ်ပူနေတတ်တဲ့သူ မဟုတ်တော့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နိုင်တာပေါ့။ ဒါနဲ့ ယိမိန်ရန်က ဒီလောက်အစောကြီး ထထားတာ မအိပ်ချင်ဘူးလား"
"အိပ်ချင်တာပေါ့" ယိမိန်ရန် အံကြိတ်လိုက်သည်။ မအိပ်ချင်ဘူးဟု ပြောလိုက်လျှင် သူမသည် တစ်နေ့ကုန် လျှောက်တွေးပြီး စိတ်ပူတတ်သူဟု ဝန်ခံရာရောက်သွားမည်။
သူမ တစ်ခုခု ဆက်ပြောချင်သော်လည်း ယဲ့ယွင်သည် ကိုယ်ကိုလှည့်ကာ မြင်းလှည်းပေါ်သို့ ပြန်တက်သွားသဖြင့် ပြောခွင့်မရလိုက်ပေ။
အိပ်ရာထကာစမို့ စိတ်မကြည်မလင် ဖြစ်နေချိန်တွင် ယိမိန်ရန်က လာရှုပ်နေသဖြင့် သူမ တစ်ခုခု လုပ်မိမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။
"ဒီယိမိန်ရန်က တကယ်ပဲ အမှတ်မရှိဘူး။ လာပြီး ရန်စနေရဲသေးတယ်" ဟွေယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
နန်ကျစ်သည် လင်းရှီးဥယျာဉ်သို့ မလိုက်ခဲ့သဖြင့် ငါးသတ်သည့်ကိစ္စကို မသိသောကြောင့် နားမလည် ဖြစ်နေသည်။ ဟွေယွဲ့က ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
နန်ကျစ်၏မျက်နှာထား မကောင်းတော့ပေ။ ယခုခေတ် အမျိုးသမီးများသည် ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်ဖူးခဲသည်။
"ယိမိန်ရန်က မေ့တတ်တာနေမှာပါ။ နောက်တစ်ခါခံရရင် မှတ်သွားမှာပေါ့"
ယဲ့ယွင်က အေးစက်စက် ပြုံးလိုက်သည်။ "သူက မုန်းစရာလူ ရှာမရလို့ သူ့ကလေး ပျက်ကျတာကို ငါ့ခေါင်းပေါ် လာပုံချနေတာ။ ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်းပေးနေမှာ မဟုတ်ဘူး။ သူ အလုပ်ရှုပ်သွားအောင် တစ်ခုခု ရှာပေးလိုက်ရမယ်။ ဟိုကိစ္စကို သူ့ဆီ သတင်းရောက်အောင် လုပ်လိုက်"
ချုံယန်ပွဲတော်တွင် အရှင်မင်းကြီးရှေ့၌ အရှက်ကွဲခဲ့ရခြင်းသည် ယိမိန်ရန်၏ဘဝတစ်လျှောက်လုံး နာကျင်စရာ ဖြစ်သည်။ ဖန်းချိုက်ရန်၏အစေခံမလေးက စားဖိုဆောင်ကို ရွှေတုံးပေးသည်ကို ပိုင်ကျူး တွေ့ခဲ့သည်။ အတွင်းရေး ဘာပဲဖြစ်ဖြစ် ယိမိန်ရန် သံသယဝင်သွားအောင် လုပ်ပေးလိုက်ရုံပင်။
သို့မှသာလျှင် ယိမိန်ရန်တစ်နေ့ကုန် မိမိကိုစိုက်ကြည့်နေခြင်းမှ လျော့နည်းသွားမည်ဖြစ်သည်။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ။
နေ့လယ်စာ စားပြီးနောက် ယာဉ်တန်းသည် မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသည်။
ညနေပိုင်းတွင် သတင်းရရှိသည်မှာ ညစာစားချိန် နောက်ကျမည်ဟု ဆိုသည်။ အကြောင်းမှာ တဲထိုးရန် နေရာလွတ် မရှိသေးသဖြင့် ရှေ့ဆက်သွားရဦးမည် ဖြစ်သောကြောင့်ပင်။
ပုံမှန် ညစာစားချိန် ရောက်သောအခါ မုန့်အချို့နှင့် ဂျုံပြားများ လာပို့ကြသည်။
"လမ်းခရီးမှာ မီးဖိုသုံးရတာ အဆင်မပြေလို့ ဂျုံပြားပဲ လုပ်လို့ရတယ်။ မိန်ရန် သည်းခံပြီး စားပေးပါ။ နောက်နှစ်နာရီလောက်ဆိုရင် ရောက်ပါတော့မယ်"
မုန့်လာပို့သော မိန်းမစိုးလေးသည် အလွန်ယဉ်ကျေးသည်။ ယဲ့ယွင်က လက်တစ်ဖက် ဝှေ့ယမ်းကာ ဆုငွေ ချီးမြှင့်လိုက်ရာ သူသည် ပါးစပ်နားရွက်တပ်မတတ် ပြုံးသွားလေသည်။
အစားအစာများမှာ ပုံမှန်လောက် မကောင်းမွန်သော်လည်း ပမာဏ များပြားသည်။ ဂျုံပြားတစ်ချပ်သည် မျက်နှာလောက်ရှိပြီး ငါးချပ် ပေးသည်။ မုန့် သုံးမျိုး ပါဝင်ပြီး အချိုရော အငန်ပါ ပါရှိသည်။ ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးလျှင် မဆိုးလှပေ။
သခင်များ၏ညစာပင်စောင့်ရလျှင် အစေခံများအတွက်ဆိုလျှင် ပိုဝေးပြီ။
ထို့ကြောင့် ဤတစ်နပ်ကိုလည်း ယဲ့ယွင်သည် ဟွေယွဲ့၊ နန်ကျစ်တို့နှင့် အတူတူ စားလိုက်သည်။
"အပြင်က မြင်းလှည်းမောင်းတဲ့သူကိုလည်း ဂျုံပြားတစ်ချပ် သွားပေးလိုက်ပါ။ ငါတို့က ထိုင်လိုက်လာရတာ။ သူက မောင်းရတာဆိုတော့ ပိုပင်ပန်းမှာ" ယဲ့ယွင်က ဆိုဖာပေါ်မှီလျက် ပြောလိုက်သည်။
ဟွေယွဲ့ ခေါင်းညိတ်လိုက်ပြီး ဂျုံပြားတစ်ချပ်ယူကာ လိုက်ကာကို မ၍ အပြင်သို့ ထွက်သွားသည်။
ဂျုံပြားတစ်ချပ်တည်းနှင့် ဗိုက်မဝနိုင်သော်လည်း မြင်းလှည်းမောင်းသူ မိန်းမစိုးမှာ အလွန်ကျေးဇူးတင်နေရှာသည်။
တဲထိုးမည့်နေရာသို့ ရောက်သောအခါ မိုးချုပ်နေပြီဖြစ်သည်။
ကံကောင်းသည်မှာ အစောင့်တပ်သားများက ကြိုတင်သွားရောက်ပြီး တဲများကို ထိုးထားပြီးဖြစ်ရာ စခန်းသို့ ရောက်သည်နှင့် နာရီဝက်ခန့်အကြာတွင် ဝင်ရောက်နားခိုနိုင်ခဲ့သည်။
အတော်လေး ရိုးရှင်းပြီး အတွင်းဘက် မြေကြီးပေါ်တွင် ကော်ဇောထူကြီး ခင်းထားသည်။ ကုတင်သေးတစ်လုံး၊ ထိုင်ခုံနှစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိသည်။
မြင်းလှည်းပေါ်တွင် အိပ်နိုင်သော်လည်း ယခုခေတ် လမ်းများသည် ခေတ်မီလမ်းများကဲ့သို့ မဟုတ်ဘဲ အစိုးရလမ်းမကြီး ဖြစ်နေလျှင်တောင် လှုပ်ခါနေသဖြင့် တစ်နေ့ကုန် စီးလာရသည်မှာ ပင်ပန်းလှသည်။
အားတင်းပြီး ညစာစားကာ မျက်နှာသစ်၊ ခြေဆေးပြီးသည်နှင့် ယဲ့ယွင်သည်စောင်ပုံထဲ ဝင်အိပ်လိုက်တော့သည်။
သို့သော် မထင်မှတ်ဘဲ ထိုညတွင် နင်ချန် ရောက်လာခဲ့သည်။ တောက်ပနေသော နဂါးဝတ်ရုံကြီး လျှောက်လာသည်ကို မြင်သောအခါ ဟွေယွဲ့နှင့် နန်ကျစ်တို့ ထိတ်လန့်သွားပြီး အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ မိန်ရန်က ဒီနေ့ ပင်ပန်းလို့ အိပ်ပျော်သွားပါပြီ။ ကျွန်တော်မျိုးမ သွားနှိုးလိုက်ပါမယ်"
နင်ချန်သည် အတွင်းဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လိုက်ကာ ကာထားသဖြင့် ဘာမှ မမြင်ရပေ။
"ထားလိုက်တော့။ သူ့ကို ပေးအိပ်လိုက်။ ကျန်းက ညစာစားပြီး လမ်းလျှောက်ထွက်လာတာ"
ပြောပြီးသည်နှင့် နင်ချန် လှည့်ထွက်သွားခဲ့သည်။ သို့သော် ဘေးကပ်လျက်တဲမှာ ယိမိန်ရန်၏ တဲဖြစ်ရာ အပြင်ဘက်မှ အသံကြားသည်နှင့် အလျင်အမြန် ထွက်လာလေသည်။
***