အခန်း (၇၅-၇၆)
Vol. 5 Ch. 75-76
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -75
အခန်း ၇၅ ။ မြေခွေးမလေး
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
နောက်ကျောဘက်မှ အသံကြားရသဖြင့် နင်ချန် လှည့်ကြည့်လိုက်ရာ ယိမိန်ရန်က ရှက်သွေးဖြာလျက် ဂါရဝပြုနေသည်ကို တွေ့လိုက်ရသည်။
"ထပါ။ မိုးချုပ်နေပြီဆိုတော့ စောစောစီးစီး အနားယူသင့်တယ်။ မနက်ဖြန် ခရီးဆက်ရဦးမှာ"
ယိမိန်ရန်သည် ခြေလှမ်းအနည်းငယ် တိုးကပ်လာပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဒီချန်းချဲ့က မြင်းလှည်းပေါ်မှာ အိပ်ခဲ့တော့ အခု မအိပ်ချင်သေးပါဘူး။ အရှင်မင်းကြီး လမ်းလျှောက်မလို့ မဟုတ်လား။ ဒီချန်းချဲ့ အဖော်လုပ်ပေးပါမယ်"
ညအချိန်ဖြစ်သဖြင့် နင်ချန်မျက်မှောင်ကြုတ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ရပေ။ အချိန်အတော်ကြာမှ သူ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ အတူတူ လမ်းလျှောက်ကြတာပေါ့"
ယိမိန်ရန်သည် ဝမ်းသာအားရဖြင့် ချက်ချင်း လိုက်ပါသွားလေသည်။
နောက်မှ လိုက်ပါလာသော သူမ၏အစေခံမလေး ယွင်ရှို့သည်လည်း ပျော်ရွှင်နေပြီး နန်ကျစ်ကို ကျော်ဖြတ်သွားချိန်တွင် မေးငေါ့ပြလိုက်သေးသည်။
နန်ကျစ်က ဒေါသထွက်သွားသော်လည်း ဟွေယွဲ့က အလျင်အမြန် ဆွဲထားလိုက်သည်။
"ထိပ်ဆုံးရောက်တဲ့ ငှက်က အရင်ဆုံး ပစ်ခံရတာပဲ။ သူက ပထမနေရာကို လိုချင်နေမှတော့ နောက်ကွယ်က မနာလိုမှုတွေ၊ လုပ်ကြံမှုတွေကို ခံနိုင်ရည် ရှိရမှာပေါ့"
ထိုသို့ ဖျောင်းဖျလိုက်မှသာ နန်ကျစ်သည် ခြေဆောင့်ကာ တဲထဲသို့ ပြန်ဝင်သွားတော့သည်။
.....
နောက်တစ်နေ့ နံနက်စောစောတွင် ခရီးဆက်ကြပြန်သည်။
ယဲ့ယွင်သည် အမှောင်ထဲတွင် အိပ်ရာဝင်ခဲ့ပြီး အမှောင်ထဲတွင် ပြန်ထခဲ့ရသော်လည်း ဤတစ်ကြိမ်တွင် အိပ်ရေးဝသဖြင့် သိပ်မဆိုးလှပေ။
မြင်းလှည်းပေါ် တက်မည့်အချိန်တွင် ယိမိန်ရန်က သူမကို အောင်နိုင်သူအပြုံးဖြင့် ကြည့်လိုက်သဖြင့် ယဲ့ယွင် နားမလည်နိုင်ဖြစ်သွားသည်။
မြင်းလှည်းပေါ်တွင် ထိုင်ပြီးမှသာ နန်ကျစ်က ယမန်နေ့ညက အဖြစ်အပျက်ကို အသေးစိတ် ပြောပြလေသည်။
"ဟွန်း... ငါအိပ်ပျော်နေတုန်း လာပြီး ကြားဖြတ်တာပေါ့လေ" ယဲ့ယွင်က မျက်လုံးကို မှေးစင်းလိုက်သည်။
"အိပ်ဆောင် ဝင်တာလည်း မဟုတ်ဘဲနဲ့ စခန်းထဲမှာ လမ်းလျှောက်ရုံလောက်ကိုများ ဒီလောက်တောင် ဂုဏ်ယူနေရသလား။"
"မိန်ရန် စိတ်မဆိုးပါနဲ့။ သူက အခွင့်အရေးရတုန်းလေး ကောက်စားလိုက်တာပါ" နန်ကျစ်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
ယဲ့ယွင်သည် ခေါင်းအုံးပေါ်သို့ မှီချလိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ငါ ဘာလို့ စိတ်ဆိုးရမှာလဲ။ သူက အသားစလေး နည်းနည်းရတာနဲ့ ဒီလောက် ပျော်နေတာ။ ခဏနေကျရင် အသားတုံးကြီး စားရတာ ဘယ်လိုလဲဆိုတာ သိအောင် လုပ်ပေးလိုက်မယ်"
နောက်ပြောင်နေတာလား။ သူမ အိမ်ရှေ့အထိ လာပြီး လူလုသွားတာကို ဒီတိုင်း ငြိမ်ခံနေရမှာလား။
သူမ အိပ်ပျော်သွားသည် ဆိုသော်လည်း အရှင်မင်းကြီးက သူမကို လာရှာခြင်း ဖြစ်သည်။ ဝူမျိုးရိုး(ယိမိန်ရန်)က ကြားဖြတ်ခေါ်သွားခြင်းသည် သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
အထူးသဖြင့် ဒီမနက် အောင်နိုင်သူအပြုံးဖြင့် ကြည့်သွားပုံက တကယ်ကို ပညာပေးချင်စရာ ကောင်းလှသည်။
.......
ထို့ကြောင့် နေ့လယ်စာ စားရန် ရပ်နားချိန်တွင် ယဲ့ယွင်သည် နင်ချန်၏မြင်းလှည်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဤခရီးစဉ်တွင် ရာထူးအကြီးဆုံးဖြစ်သော ရှူးဖေးက သူမကို မြင်သည်နှင့် ချက်ချင်း တားဆီးလေသည်။
"မင်မိန်ရန် ဘာလုပ်မလို့လဲ။ ကိုယ့်မြင်းလှည်းပေါ်မှာ ကိုယ်ငြိမ်ငြိမ်မနေဘဲ အရှင်မင်းကြီး အနားယူတာကို လာနှောင့်ယှက်နေတယ်"
ယဲ့ယွင်၏မျက်နှာထားသည် တည်ငြိမ်နေပြီး အရိုအသေပြုလိုက်သည်။
"ဒီချန်းချဲ့က ပျန့်ကျိုးကို ရောက်ရင် အဘိုးကို သွားတွေ့ခွင့်ပြုဖို့ အရှင်မင်းကြီးဆီ လာလျှောက်တင်တာပါ။ ဒီကိစ္စက ကြိုတင် လျှောက်ထားဖို့ လိုတယ်လေ။ ရှူးဖေးလည်း ယွီကျိုးရောက်ရင် မိသားစုဝင်တွေကို တွေ့မှာပဲ မဟုတ်လား။ ဒါ စည်းကမ်းပဲလေ"
"ဒီစကားတွေကို ငါကပဲ ကိုယ်စား လျှောက်တင်ပေးလိုက်မယ်။ မင်းကတော့ အရှင်မင်းကြီးရှေ့ သွားရှုပ်မနေနဲ့တော့" ရှူးဖေးက အေးစက်စွာ ရယ်မောလိုက်သည်။
"မနေ့ညက အရှင်မင်းကြီးက ယိမိန်ရန်နဲ့ အတူရှိနေတာဆိုတော့ မင်း မနာလိုဖြစ်ပြီး တမင် လာတာမလား။ ငါ သတိပေးလိုက်မယ်။ အရှင်မင်းကြီးက မနာလိုဝန်တိုပြီး မျက်နှာလိုမျက်နှာရလုပ်တတ်တဲ့ မိန်းမတွေကို အမုန်းဆုံးပဲ"
"မိဖုရားခေါင်ကြီးတောင်မှ ဒီချန်းချဲ့ကို အရှင်မင်းကြီးနဲ့ မတွေ့ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။ နန်းတော်ပြင်ပ ရောက်တာနဲ့ စည်းကမ်းတွေ ပြောင်းကုန်ပြီလား။ ကောင်းပါပြီလေ... ရှူးဖေးကို ဒုက္ခမပေးချင်ပါဘူး။ ဒီချန်းချဲ့ရဲ့အစ်ကိုကိုခေါ်ပြီး အရှင်မင်းကြီးဆီ လျှောက်တင်ခိုင်းလိုက်ပါ့မယ်"
ယဲ့ယွင်က သူမကို မကြောက်ပေ။ ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်ရန် ပြင်လိုက်သည်။
ရှူးဖေးက တားဆီးနေသဖြင့် သူမ အတင်းဝင်၍မရသော်လည်း ယဲ့ကျယ်သည် နယ်စားမင်းဖြစ်သဖြင့် အရှင်မင်းကြီးကို ဝင်တွေ့ရာတွင် အတားအဆီး ရှိမည်မဟုတ်ပေ။
သို့သော် ယဲ့ကျယ် ဝင်တွေ့ပြီး ဘာတွေလျှောက်တင်မည်ဆိုသည်ကိုတော့ ရှူးဖေး ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
"ရပ်လိုက်!" ရှူးဖေးသည် ထိုမျှလောက်ထိ မတုံးအပေ။ အံကြိတ်ကာ လှမ်းတားလိုက်သည်။ "မင်း တွေ့ချင်မှတော့ မြန်မြန်သွားတွေ့လိုက်။ အရှင်မင်းကြီး နေ့လယ်စာ စားတာကို မနှောင့်နှေးစေနဲ့"
ယဲ့ယွင်သည် နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး ယခင်အတိုင်း တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ဒါဆိုရင် ကျေးဇူးတင်ပါတယ် ရှူးဖေး"
ပြောပြီးသည်နှင့် သူမသည် ရှူးဖေးနှင့် အပေါင်းအပါများကို ကွင်းရှောင်ကာ ဧကရာဇ်၏ မြင်းလှည်းဆီသို့ လျှောက်သွားလိုက်သည်။
ဘေးကပ်လျက်တွင် ကျင်ဖေး၏မြင်းလှည်းရှိနေပြီး အရာအားလုံးကို အတိုင်းသား ကြားနေရသည်။
ထန်ရှန်းက သရော်လိုက်သည်။ "ရှူးဖေးက တဖြည်းဖြည်းနဲ့ အသုံးမကျတော့ဘူးပဲ။ မင်မိန်ရန်နဲ့ ယှဉ်လိုက်တာ စကားနှစ်ခွန်း၊ သုံးခွန်းလောက်နဲ့ ရှုံးသွားတယ်"
ကျင်းဖေးသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး မျက်လုံးများတွင် အပြုံးရိပ် သန်းနေသည်။ "ဒီယဲ့မျိုးရိုးကို အရင်က လျှော့တွက်မိတာပဲ။ နောက်ကျရင် ရှူးဖေး သူ့ကို နိုင်မှာ မဟုတ်တော့ဘူး။ ငါလည်း သူနဲ့ မိတ်ဖွဲ့ထားရင် ကောင်းမယ်"
"ကျွန်တော်မျိုးမ နားလည်ပါပြီ" ထန်ရှန်းက ပြန်ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ ပြောစမှတ်ပြုခံနေရသော ယဲ့ယွင်သည် ဧကရာဇ်၏ရင်ခွင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မနေ့ညက အရှင်မင်းကြီး ရောက်လာတာတောင် ဒီချန်းချဲ့ကို တစ်ချက်လေးမှ မကြည့်သွားဘူး။ တကယ်ပဲ ဝမ်းနည်းစရာ ကောင်းလိုက်တာ" မြေခွေးမလေးက ချွဲနွဲ့စွာ ပြောလိုက်သည်။
နင်ချန်သည် သူမ၏အသံကို သည်းမခံနိုင်သဖြင့် ပါးကို ဆွဲညှစ်လိုက်ပြီး စကားရပ်သွားအောင် လုပ်လိုက်သည်။
"မင်းကသာ အသည်းနှလုံး မရှိတဲ့ကောင်မလေး။ ကိုယ့်ဘာသာ စောစောစီးစီး အိပ်ပျော်သွားပြီး ကျန်းကို အလကား လာခိုင်းတယ်။ အခုကြ ကျန်းကို ပြန်အပြစ်တင်နေသေးတယ်ပေါ့"
"အွန်း... အွန်း... အရှင်မင်းကြီးက... အွန်း... တခြားလူနောက် ပါသွားတာလေ"
ပါးကို ဆွဲညှစ်ခံထားရသဖြင့် ယဲ့ယွင်၏ စကားသံများ ဗလုံးဗထွေး ဖြစ်နေသည်။ မျက်လုံးဝိုင်းလေးများဖြင့် သနားစဖွယ် ကြည့်နေပုံမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။
နင်ချန်သည် သူမကို ကြည့်ပြီး ရယ်ချင်လာသဖြင့် လက်ကို လွှတ်ပေးလိုက်ပြီး မျက်နှာလွှဲလိုက်သည်။ ယဲ့ယွင်သည် လက်မှလွတ်သည်နှင့် ရုတ်တရက် လက်နှစ်ဖက်ဖြင့် နင်ချန်၏မျက်နှာကို အုပ်ကိုင်လိုက်ပြီး သူမဘက်သို့ လှည့်လာစေသည်။
စောစောက ပြုံးနေသော်လည်း ယခုအခါ ကြောင်အမ်းပြီး အံ့ဩသွားသည်။
နှစ်ဦးသား မျက်လုံးချင်း ဆုံမိကြသည်။ တစ်ယောက်က ဆော့ကစားတတ်သော မြေခွေးမလေးနှင့် တူပြီး ကျန်တစ်ယောက်က အပြစ်ကင်းစင်သော လူငယ်လေးနှင့် တူနေသည်။
"ရိုင်းလိုက်တာ" နင်ချန်က တိုးတိုးလေး ဟိန်းဟောက်လိုက်ပြီး ဆိုးသွမ်းသော လက်ကလေးများကို ချက်ချင်း ဖမ်းချုပ်လိုက်သော်လည်း နားရွက်ဖျားလေးများ နီရဲပူနွေးလာသည်။
မည်သူမျှ မမြင်နိုင်သော နေရာတွင် သူ့နှလုံးခုန်သံများ မြန်ဆန်နေ၏။
အဟောက်ခံလိုက်ရသော်လည်း ယဲ့ယွင် မလန့်သွားပေ။ တကယ်သာ မုန်းတီးပါက သူမကို ရင်ခွင်ထဲ ထိုင်ခွင့်ပြုထားမည် မဟုတ်ပေ။
ထို့ကြောင့် ချက်ချင်းပင် နူးညံ့စွာ မှီတွယ်လိုက်သည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့ မှားသွားပါတယ်။ ချန်းချဲ့ကို မောင်းမထုတ်ပါနဲ့နော်။ နေ့လယ်စာ အတူတူ စားခွင့်ပြုပါဦး။ မနေ့ကတည်းက ချန်းချဲ့ ကောင်းကောင်း မစားရသေးလို့ပါ"
ဤကဲ့သို့ လျင်မြန်စွာ အလျှော့ပေးပြီး ချွဲနွဲ့လိုက်မှုကြောင့် နင်ချန်သည် တကယ်ပင် စိတ်ပြေသွားလေသည်။
နောက်ဆုံးတွင် ယဲ့ယွင်သည် ဧကရာဇ်၏ မြင်းလှည်းပေါ်၌ နေ့လယ်စာအတူစားခွင့်ရရှိသွားသည်။
စားသောက်ပြီးစီး၍ ခရီးဆက်ရန် ပြင်ဆင်ကြသော်လည်း မိုးဖွဲလေးများ ကျလာသဖြင့် ပြန်မသွားစေတော့ဘဲ ဧကရာဇ်၏မြင်းလှည်းပေါ်၌ပင် ဆက်လက်လိုက်ပါစေသည်။
နင်ချန်သည်လည်း ပြီးခဲ့သည့် နှစ်ရက်တာ ကောင်းမွန်စွာ မနားရသဖြင့် ယဲ့ယွင်ကိုဖက်တွယ်ကာ ဆိုဖာပေါ်သို့ ဆွဲခေါ်သွား၍လျင်မြန်စွာပင် အိပ်ပျော်သွားလေသည်။
ဧကရာဇ်၏ မြင်းလှည်းသည် ကျယ်ဝန်းသဖြင့် နှစ်ယောက်သား သက်တောင့်သက်သာ အိပ်စက်နိုင်သည်။
ထိုသို့ဖြင့် နှစ်နာရီနီးပါး အိပ်ပျော်သွားကြသည်။
နင်ချန်သည်အရင်နိုးလာခဲ့ပြီး ရင်ခွင်ထဲမှ လူသားလေးသည် အိပ်ပျော်နေရင်း ပူအိုက်လာသဖြင့် ထောင့်တစ်နေရာသို့ လိမ့်ဆင်းသွားပြီး မြင်းလှည်းနံရံကို ကပ်ထားသည်။
လိုက်ကာကို မကြည့်လိုက်ရာ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သည်။ မိုးမှာ တစိမ့်စိမ့် ရွာသွန်းနေဆဲပင်။
"အရှင်မင်းကြီး" ယွမ်ကျိုက အသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "ဒီည မြို့ပြင်က အိမ်တော်ဟောင်းတစ်ခုမှာ တည်းခိုလို့ ရပါတယ်။ အရင်မင်းဆက်က နယ်စားတစ်ယောက်ရဲ့ အိမ်တော်ပါ။ အခုတော့ လူမနေတော့ပါဘူး။ ကျွန်တော်မျိုး လူလွှတ်ပြီး ရှင်းလင်းခိုင်းထားပါပြီ"
"အင်း... မင်းပဲ စီစဉ်လိုက်ပါ။ အမျိုးသမီးတွေအတွက် သေချာစီစဉ်ပေးပါ" နင်ချန်က ခေါင်းညိတ်လိုက်သည်။
လမ်းခရီးတစ်လျှောက်တွင် တည်းခိုစရာနေရာအချို့ရှိသဖြင့် အမြဲတမ်း တဲထိုးအိပ်စရာ မလိုပေ။ နောက်ထပ် သုံးရက်ကြာလျှင် ပျန့်ကျိုးသို့ရောက်ရှိမည်ဖြစ်ပြီး ထိုနေရာတွင် ယာယီနန်းတော်ရှိသည်။
ယွမ်ကျို လိုက်ကာချပြီး ထွက်သွားသောအခါ အတွင်းဘက်တွင် ယဲ့ယွင် နိုးလာသည်။
အိပ်မှုန်စမှုန် မျက်လုံးများဖြင့် ကြည့်နေပြီး အိပ်ပျော်နေစဉ် လူးလိမ့်ထားသဖြင့် အဝတ်အစားများ ဖရိုဖရဲ ဖြစ်ကာ ရင်သားလေးကိုပင် အနည်းငယ် မြင်နေရသည်။ ဆံနွယ်များ ပခုံးပေါ်သို့ ပြန့်ကျဲနေပြီး မျက်ခုံးတန်းလေးများ တွန့်ချိုးကာ ဆိုဖာခေါင်းရင်းကို လက်ဖြင့်ထောက်လျက် အရိုးမရှိသကဲ့သို့ နူးညံ့ပျော့ပျောင်းစွာ မှီတွယ်ထားသည်။
နင်ချန် လှည့်ကြည့်လိုက်သောအခါ သူမက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။ "အရှင်မင်းကြီး"
ဤပုံစံသည် သမိုင်းစာအုပ်များထဲတွင်ပါရှိသော တိုင်းပြည်ဖျက်သည့် မိဖုရားများနှင့် တူနေပေသည်။
နင်ချန်၏ရင်ထဲတွင် တားဆီး၍မရသော ရင်ခုန်သံများ ဖြစ်ပေါ်လာပြီး ခေါင်းထဲတွင် စကားတစ်ခွန်း ပေါ်လာသည်။
"တကယ့် မြေခွေးမလေးပဲ"
စိတ်ထဲရှိသည့်အတိုင်း တိုးတိုးလေး ရေရွတ်လိုက်မိသော်လည်း ကိုယ်ခန္ဓာကမူ အလိုအလျောက် တိုးကပ်သွားပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်မိသည်။
ဇာတ်လမ်းတို
(ယဲ့ယွင် - ဒီမြေခွေးမလေးက အရှင်မင်းကြီးကို မြှူဆွယ်ဖို့ စိစဉ်ထားတာလေ)
(နင်ချန် - ကောင်းတာပေါ့ ကောင်းတာပေါ့)
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -76
အခန်း ၇၆ ။ ပြဿနာတက်ခြင်း
တည်းခိုမည့်နေရာသို့ရောက်သောအခါ မိုးသည်းထန်စွာ ရွာသွန်းနေပြီဖြစ်သည်။
မြင်းလှည်းကို အိမ်တော်တံခါးဝ၌သာ ရပ်တန့်နိုင်သဖြင့် လူတိုင်း လမ်းဆင်းလျှောက်ရမည် ဖြစ်သည်။
လေတိုက် မိုးရွာပြီး ညဘက်လည်းဖြစ်ကာ ဒုတိယလအတွင်းဖြစ်သဖြင့် အလွန်အေးစက်နေသည်။ ဤသည်မှာ အရေးကြီးဆုံး မဟုတ်ပေ။ အရေးကြီးသည်မှာ ဤကဲ့သို့ ရာသီဥတုတွင် လူတိုင်း စိတ်မရှည် ဖြစ်နေကြခြင်းပင်။
ယဲ့ယွင်သည် ဧကရာဇ်၏မြင်းလှည်းပေါ်မှ ဆင်းလာသည်။ နင်ချန်က သူမကို ခေါ်ထားသဖြင့် ညဘက်တွင် တစ်ယောက်တည်း အိပ်ရမည် မဟုတ်တော့ပေ။
ရှူးဖေးသည် ထိုမြင်ကွင်းကိုကြည့်ပြီး ရင်ထဲတွင် အလွန်နာကျင် ခံစားနေရသည်။
ထိုညတွင်တကယ်ပင် ပြဿနာတစ်ခု ဖြစ်ပွားခဲ့သည်။
အိမ်တော်တံခါးမှ အိမ်ရှေ့ခြံဝင်းအထိ အစေခံများက ထီးမိုးပေးထားသော်လည်း မိုးသည်းလွန်းသဖြင့် စိုရွှဲကုန်ကြသည်။ ယဲ့ယွင်၏ စကတ်အနားစသည် ရေစိုနေပြီဖြစ်သည်။
အိမ်ရှေ့ခြံဝင်းသို့ ရောက်သည်နှင့် ရေနွေးယူခိုင်းပြီး နင်ချန်နှင့် သီးခြားစီ ရေချိုးလိုက်ကြသည်။ သူမ၏ပစ္စည်းများသည် ဤနေရာသို့ ယူမလာခဲ့ဘဲ နောက်ဘက်ခြံဝင်း၌ ထားရှိသဖြင့် ဟွေယွဲ့က ပြန်သွားယူရသည်။
ထိုအချိန်တွင် လူတိုင်း ညစာအတွက် ပြင်ဆင်နေကြသည်။ ဟွေယွဲ့သည် အလျင်စလို သွားနေရင်း လမ်းကလည်း ရေစိုပြီး ချောနေသဖြင့် ရှူးဖေးအတွက် ညစာ လာယူသော အစေခံမလေးနှင့် ဝင်တိုက်မိလေသည်။
အစေခံမလေး လက်ထဲမှ ကြွေအိုးသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ကွဲကြေကာ ဟင်းရည်များ ဖိတ်စင်ကုန်သည်။
ဟွေယွဲ့လည်း အခြေအနေ မကောင်းလှပေ။ ခြေချော်ပြီး လဲကျသွားရာ ခေါင်းနောက်စေ့နှင့် မြေကြီး ရိုက်မိလုနီးပါး ဖြစ်သွားသည်။
"သတ္တိရှိလှချည်လား။ ရှူးဖေးရဲ့ညစာကို တမင် ဖျက်ဆီးရဲတယ်ပေါ့" လျိုယင်းသည် ထိုနေရာ၌ ပါလာပြီး အော်ဟစ်လိုက်သည်။
"ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးပါ အစ်မ။ ကျွန်မ စားဖိုဆောင်ကို သွားပြီး နောက်တစ်အိုး ပြန်ယူပေးပါ့မယ်"
ဟွေယွဲ့သည် နာကျင်မှုကြောင့် မျက်လုံးများ ပြာဝေနေသော်လည်း အမြန်ထပြီး တောင်းပန်လိုက်သည်။
ထိုအချိန်ကျမှ လျိုယင်းသည် မည်သူမှန်း သေချာမြင်သွားသည်။ မျက်ဝန်းများ အေးစက်သွားပြီး ပို၍ အရှိန်တင်လိုက်သည်။ ဟွေယွဲ့ ကောင်းကောင်း မရပ်နိုင်သေးခင်မှာပင် ပါးရိုက်လိုက်လေသည်။
"နင်က အောက်တန်းစားပဲ။ မင်မိန်ရန်က အချစ်တော်မို့ နင်တို့တွေပါ ဘဝင်မြင့်နေကြတာလား။ ရှူးဖေးကိုတောင် စော်ကားရဲတယ်ပေါ့။ ဒီနေ့ ဒီဟင်းရည်က တစ်အိုးပဲ ရှိတာ။ ရှူးဖေးကို ဘယ်လို ဖြေရှင်းပေးရမလဲ မသိဘူး။ နင်ပဲ လိုက်ခဲ့ပြီး ရှင်းပြလိုက်တော့"
ပြောပြီးသည်နှင့် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ သူမနှင့်ပါလာသော မိန်းမစိုးနှစ်ယောက်နှင့် အစေခံမလေးတစ်ယောက်တို့သည် ရှေ့တိုးလာပြီး ဟွေယွဲ့ကို ဖမ်းချုပ်ကာ ရှူးဖေး၏ အဆောင်သို့ တရွတ်တိုက် ဆွဲခေါ်သွားကြသည်။
သူတို့ ထွက်သွားပြီးနောက် ထောင့်တစ်နေရာမှ အစေခံမလေးတစ်ယောက် ထွက်လာသည်။ သူမသည် ကျိုးပေါင်လင်၏ အစေခံမလေး ချင်းအာ ဖြစ်ပြီး ညစာလာယူခြင်း ဖြစ်သည်။
အဖြစ်အပျက်ကို မြင်လိုက်ရသဖြင့် နောက်ပြန်လှည့် ပြေးတော့သည်။
"မင်းပြောတာ တကယ်လား" ကျိုးပေါင်လင် အံ့အားသင့်စွာ မတ်တတ်ထရပ်လိုက်သည်။
ချင်းအာက ခေါင်းညိတ်သည်။ "ကျွန်တော်မျိုးမ ကြည့်ရသလောက်တော့ ဟွေယွဲ့ သေလောက်အောင် မဟုတ်ရင်တောင် အရေခွံကွာတော့မယ်။ ရှူးဖေးက ဒီနေ့ မျက်နှာမကောင်းဘူး။ မင်မိန်ရန်ကလည်း အချစ်တော် ဖြစ်နေတော့..."
လျိုယင်းက အခွင့်ကောင်းယူပြီး ဟွေယွဲ့ကို ဖမ်းခေါ်သွားကာ သူ့သခင်မ စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။
"မင်း အိမ်ရှေ့ခြံဝင်းကို အမြန်သွားပြီး နောက်ဖေးမှာ ပြဿနာတက်နေတယ်လို့ မင်မိန်ရန်ကို သွားပြောလိုက်။ တစ်ယောက်ယောက် မေးရင်လည်း အမှန်အတိုင်း ပြောပြလိုက်" ကျိုးပေါင်လင်က ညွှန်ကြားလိုက်သည်။
ပြီးနောက် ချင်းအာကို ငွေစအချို့ ပေးလိုက်ပြီး အမြန် လွှတ်လိုက်သည်။
ယခုအချိန်တွင် ယဲ့ယွင်သည် အချစ်တော်ဖြစ်နေသဖြင့် အရှင်မင်းကြီးအနားမှ လူများသည် ပါးနပ်ကြရာ သတင်းပို့သည်ကို တားမြစ်မည် မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ချင်းအာသည် နန်ကျစ်နှင့် အလွယ်တကူ တွေ့ဆုံနိုင်ခဲ့သည်။
မိုးရွာလမ်းချောပြီး နေရာစိမ်းဖြစ်နေ၍ ဟွေယွဲ့ ပြန်ရောက်ရန် ကြာနေသည်ဟု ထင်ထားသော်လည်း ရှူးဖေး၏လူများ ဖမ်းခေါ်သွားခြင်း ဖြစ်နေသည်။
နန်ကျစ်သည် စိတ်ပူသွားပြီး အတွင်းမှ သခင်နှစ်ပါး ညစာ စားနေပြီဖြစ်သော်လည်း ဂရုမစိုက်နိုင်တော့ဘဲ အထဲဝင်ကာ အကျိုးအကြောင်း ပြောပြလိုက်သည်။
"အရှင်မင်းကြီး... ဟွေယွဲ့က ကျွန်မ ငယ်ငယ်လေးကတည်းက မွေးစားထားတဲ့ အစေခံပါ။ ပုံမှန်ဆိုရင် တည်ငြိမ်ပါတယ်။ အခုလို ရှူးဖေးကို စော်ကားမိတယ်ဆိုတာ မတော်တဆ ဖြစ်မှာပါ။ ရှူးဖေးဆီကို သွားပြီး ကိုယ်တိုင်တောင်းပန်ခွင့်ပြုပါ"
ယဲ့ယွင်၏မျက်ဝန်းများ အေးစက်သွားပြီး မတ်တတ်ထကာ ပြောလိုက်သည်။
နင်ချန်သည်လည်း နန်းတော်ထဲတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဤကဲ့သို့ ပရိယာယ်များကို ရင်းနှီးပြီးသား ဖြစ်သည်။ လက်ရှိအခြေအနေကို အနည်းငယ်စဉ်းစားလိုက်ရုံဖြင့် နားလည်သွားသည်။
ထို့ကြောင့် "အရမ်း စိတ်မပူပါနဲ့။ ကျန်းပါ လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။
အရှင်မင်းကြီး လှုပ်ရှားသည်နှင့် အိမ်တော်တစ်ခုလုံး သိသွားကြသည်။ လာရောက် ကြည့်ရှုခြင်း မရှိသော်လည်း သတင်းကို စောင့်မျှော်နေကြသည်။
......
ယောင်ရှန်းသည် ညစာစားနေရင်း သတင်းကြားသဖြင့် အေးစက်စက် ပြုံးလိုက်သည်။
"ရှူးဖေးဆိုတဲ့ ဉာဏ်နည်းတဲ့မိန်းမက သူ့အစေခံတွေလည်း အတူတူပဲကိုး"
"ဟုတ်ပါတယ်၊ မင်မိန်ရန်က အချစ်တော် ဖြစ်နေချိန်မှာ သူ့အစေခံကို ဗြောင်ကျကျ နှိပ်စက်တာက မင်မိန်ရန်ကို မကျေနပ်တာ၊ အရှင်မင်းကြီးကို မကျေနပ်တာနဲ့ အတူတူပါပဲ" ကျီကျူးက သရော်လိုက်သည်။
ယောင်ရှန်းက မျက်လွှာချလိုက်သည်။ "သူတို့ချင်း ပြဿနာတက်ပါစေ။ ငါ့ခေါင်းပေါ် မလာရင် ပြီးရော"
ဒီနေ့ ရှူးဖေး တကယ် တစ်ခုခုလုပ်ခဲ့လျှင် ပြဿနာက ပုံမှန်အတိုင်းပြီးဆုံးသွားမှာ မဟုတ်တော့ပေ။
ယဲ့ယွင် ရောက်သွားသောအခါ တံခါးဝကတည်းက ဟွေယွဲ့၏အော်သံကို ကြားနေရသည်။ အသက်ရှူရပ်တန့်သွားသလို ခံစားလိုက်ရပြီး မိုးရွာနေသည်ကို ဂရုမစိုက်ဘဲ အထဲသို့ ပြေးဝင်သွားလိုက်သည်။
အတွင်းတွင် ဟွေယွဲ့ကို မိန်းမစိုးနှစ်ယောက်က ချုပ်ထားပြီး မိုးထဲတွင် ရပ်နေတာကို တွေ့ခဲ့ရသည်။ အစေခံမလေးတစ်ယောက်က စာအုပ်ဖြင့် သူမ၏မျက်နှာကို ထပ်ခါထပ်ခါရိုက်နှက်နေခဲ့သည်။
"နင်က နားမလည်မှတော့ စာများများ ဖတ်ခိုင်းရမယ်။ ဒါမှ နင့်သခင်မဆီက မြှူဆွယ်တဲ့ နည်းလမ်းတွေကို အကုန် မတတ်မြောက်သွားမှာ"
ရှူးဖေးသည် အခန်းထဲတွင် ထိုင်နေပြီး တံခါးကို ဖွင့်ကာ အပြင်ဘက်မှ ပါးရိုက်နေသည်ကို ကြည့်နေသည်။
အမှောင်ထုကြောင့် ယဲ့ယွင် အနီးသို့ ရောက်လာမှသာ မြင်လိုက်ရသည်။
"ရပ်လိုက်!"
ရိုက်နေသော အစေခံမလေးသည် ယဲ့ယွင်ကို မြင်သောအခါ လက်ရပ်သွားသည်။ သူမ လက်ထဲမှ စာအုပ်မှာ စုတ်ပြတ်နေပြီဖြစ်သည်။
ရှူးဖေးသည် မတ်တတ်ထရပ်လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လာကာ ယဲ့ယွင်ကို အထက်စီးမှ ကြည့်လိုက်သည်။
"မင်မိန်ရန်ပါလား... မင်းရဲ့ အစေခံက စည်းကမ်းမရှိဘူး။ ဒီလို သတိလက်လွတ် နိုင်တာ ဘယ်လိုလုပ် သခင်ကို ပြုစုနိုင်မှာလဲ။ ဒီနေ့ ပန်းကုန်းရဲ့ ဟင်းရည်အိုးကို ခွဲတယ်။ မနက်ဖြန် ဘာပြဿနာ ရှာဦးမလဲ မသိဘူး။ မင်းအစား ပန်းကုန်းကကောင်းကောင်း ဆုံးမပေးနေတာ။ ဆက်ရိုက်!"
"ရှင် လုပ်ရဲတယ်ပေါ့"
ယဲ့ယွင်သည် ဒေါသအလိပ်လိုက် ထွက်နေပြီး ရှေ့တိုးကာ အစေခံမလေးလက်ထဲမှ စာအုပ်ကို လုယူပြီး လွှတ်ပစ်လိုက်သည်။ ထို့နောက် ဟွေယွဲ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"မိန်ရန်..." ဟွေယွဲ့က တိုးတိုးလေး ခေါ်လိုက်သည်။
သူမ၏မျက်နှာသည် ရိုက်နှက်ခံထားရသဖြင့် သွေးများဖြင့် ရဲနေပြီး နှုတ်ခမ်းထောင့်များ ကွဲအက်နေသည်။ မိုးရေများက မျက်နှာပေါ် ကျရောက်ပြီး သွေးများနှင့်ရောကာ လည်ပင်းတလျှောက် စီးကျနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ရှူးဖေးက မျက်ခုံးပင့်လိုက်သည်။ "လာကြစမ်း... မင်မိန်ရန်ကို ဆွဲဖယ်လိုက်။ အစေခံကို ဆုံးမတာ ဘယ်လိုလုပ် သဘောထား ပျော့ပျောင်းလို့ ရမလဲ"
"ရပ်လိုက်ကြစမ်း!"
ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ရှူးဖေး၏မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားပြီး အလျင်အမြန်ပင် စကတ်ကိုမကာ ဆင်းလာခဲ့သည်။
အရှင်မင်းကြီးက ယဲ့ယွင်၏အစေခံအတွက် ဒီနေရာထိ ဘယ်လိုလုပ် လိုက်လာရတာလဲ။ လာမယ်ဆိုရင်လည်း အတူတူလာသင့်တာပေါ့။ အခုကျမှ ဘာလို့ ရောက်လာတာလဲ။
ရှူးဖေး စိတ်လှုပ်ရှားလာသည်။ သူမသည် အပြင်ပန်းသာ မာကျောသော်လည်း အတွင်းစိတ်က ပျော့ညံ့သူဖြစ်သည်။
နင်ချန် နောက်ကျရခြင်းမှာ ယဲ့ယွင်က စိတ်လောပြီး ပြေးသွားသဖြင့် သူက နောက်မှ လိုက်လာရသောကြောင့် ဖြစ်သည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ဒီလောက် မိုးချုပ်နေပြီ။ အရှင်မင်းကြီး ဘာလို့ ဒီထိ ရောက်လာရတာလဲ။ တစ်နေ့လုံး ပင်ပန်းလာတာ ကောင်းကောင်း အနားယူသင့်ပါတယ်" ရှူးဖေးက တုန်လှုပ်စွာ ပြောလိုက်သည်။
နင်ချန်က သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ "ကျန်းက တကယ် ပင်ပန်းနေတယ်။ ဒါပေမဲ့ ရှူးဖေးကတော့ မပင်ပန်းတဲ့ပုံပဲ။ မင်မိန်ရန်အစား အစေခံကို ဆုံးမပေးဖို့တောင် စိတ်အားထက်သန်နေတယ်"
"အရှင်မင်းကြီး... ဟို... ဟိုလေ... ဒီအစေခံက အရင်ဆုံး ချန်းချဲ့ရဲ့ ညစာကို မှောက်ချတယ်။ ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ ဒီချန်းချဲ့ ဒေါသထွက်သွားပြီး ဒီလိုလူမျိုး မင်မိန်ရန်နားမှာ တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ တွေးမိတာနဲ့ နည်းနည်းပါးပါး ဆုံးမပေးလိုက်တာပါ"
ရှူးဖေးက အလျင်အမြန် ဆင်ခြေပေးသည်။ သူမ၏လက်ဖဝါးများတွင် ချွေးအေးများ ပြန်နေပြီး စောစောက မာနထောင်လွှားမှုများ ပျောက်ဆုံးသွားလေပြီ။
"ဒါကြောင့် ရှူးဖေးက ဒီချန်းချဲ့ရဲ့ အနီးကပ်အစေခံကို မိုးရေထဲမှာ ချုပ်ထားပြီး စာအုပ်နဲ့ ပါးရိုက်တာပေါ့လေ" ယဲ့ယွင်၏အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
ဟွေယွဲ့ကို နန်ကျစ်ထံ လွှဲပေးလိုက်ပြီး သူမသည် မိုးရေထဲ လျှောက်ကာ ရှူးဖေးရှေ့သို့ ရောက်လာသည်။ သူမ၏မျက်ဝန်းထဲမှ အေးစက်မှုသည် ကြောက်ခမန်းလိလိပင်။
"ဟွေယွဲ့က ရှူးဖေးကို ဘယ်လို ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့လဲဆိုတာ ဒီချန်းချဲ့ သိချင်တယ်။ ဒီလောက် ရက်ရက်စက်စက် လုပ်ရလောက်အောင် ဘာတွေများ ပြောခဲ့လို့လဲ။ နန်ချီဟာ သနားကြင်နာမှု၊ တရားမျှတမှုနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်ပါ။ ရှူးဖေးရဲ့လုပ်ရပ်အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် ဒီချန်းချဲ့ မကျေနပ်နိုင်ပါဘူး"
***